အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃) ရုတ်တရက် ပေါ်လာသော ခွန်အားကြီးမားသည့် လူစွမ်းကောင်း
ဟဲရှန့်၏ ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရသောအခါ ထိုချန်ဟူလူမျိုး မြင်းစီးသူရဲမှာ အတော်လေး ကျေနပ်သွားပုံရ၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ညာဘက်လက်မောင်းမှ ခွန်အားကို ရုတ်တရက် စုစည်းကာ အစေခံအိုကြီး၏ ရုပ်အလောင်းကို သူ၏ သံလှံဖြင့် ပင့်မြှောက်လိုက်သည်။
ထို့နောက် နောက်ထပ်တစ်ချက် လွှဲယမ်းကာ ပေါင်တစ်ရာကျော် အလေးချိန်ရှိသော ရုပ်အလောင်းကြီးကို ဟဲရှန့်ထံသို့ အရှိန်ပြင်းစွာဖြင့် ပစ်ပေါက်လိုက်တော့သည်။
ထိုသို့ပစ်ပေါက်လိုက်ခြင်းမှာ ချန်ဟူ မြင်းစီးသူရဲအတွက် အမှိုက်တစ်စကို လွှင့်ပစ်လိုက်သကဲ့သို့ပင်ဖြစ်၏။
သို့သော်လည်း ရုတ်တရက် သတိပြန်ဝင်လာသော ဟဲရှန့်မှာ စဉ်းစားချိန်ပင် မရလိုက်ချေ။ လေထဲတွင် လွင့်ပျံလာသော ရုပ်အလောင်းကို ရင်ဆိုင်ရချိန်တွင် သူက အဖိုးတန်ရတနာတစ်ခုကို ဖမ်းယူသကဲ့သို့ အစေခံအိုကြီး၏ ရုပ်အလောင်းကို ဖမ်းရန် သူ့လက်နှစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်သည်။
သို့သော် ပေါင်တစ်ရာကျော် အလေးချိန်ရှိသော ရုပ်အလောင်းကို ချန်ဟူ မြင်းစီးသူရဲက ကျောက်တုံးကြီး တစ်တုံးအလား ပစ်ပေါက်လိုက်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုရုပ်အလောင်းက သူ့ကို မြေပြင်ပေါ်သို့ တစ်မုဟုတ်ချင်း ဖိချလိုက်ပြီး သူ၏ ရင်ဘတ်ကို နာကျင်စွာ အောင့်သွားစေခဲ့၏။
ချန်ဟူလူမျိုးက မောက်မာစွာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။ ထိုလှောင်ပြောင်နေသော အမူအရာကြောင့် ဟဲရှန့်၏ ဦးနှောက်ထဲသို့ သွေးများ ဆောင့်တက်သွားပြီး သူ၏ မျက်လုံးများမှာ တစ်ခဏအတွင်း နီရဲသွားတော့၏။ သူက ကမန်းကတန်း ထရပ်လိုက်ပြီး အစေခံအိုကြီး၏ ရုပ်အလောင်းကို ဘေးသို့ ဂရုတစိုက် ချထားကာ ချန်ဟူ မြင်းစီးသူရဲကို အော်ဟစ်လိုက်သည်။
"ခွေးမသား... ဒါ့အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်..."
ပုံမှန်အားဖြင့် ဟဲရှန့်သည် အေးအေးဆေးဆေး နေတတ်သူတစ်ဦးဖြစ်၏။ အကယ်၍ ထွက်ပေါက်တစ်ခုရှိနေသေးပါက သူသည် ဖြည်းညင်းစွာ နောက်ဆုတ်လေ့ရှိသည်။ သို့သော် လွတ်မြောက်ရန် လမ်းမရှိတော့ဟု သူ ခံစားရပါက သူသည် ချက်ချင်းပင် အသေခံ တိုက်ခိုက်မည့်သူတစ်ဦး ဖြစ်လာတတ်၏။ ထိုအခိုက်အတန့်တွင် သူ ထုတ်လွှတ်လိုက်မည့် စွမ်းအင်မှာ ပုံမှန်အားဖြင့် ရုပ်ရည်ကြမ်းတမ်းသူများထက်ပင် ပို၍ ကြောက်စရာကောင်းနေလိမ့်မည် ဖြစ်သည်။
ဤစရိုက်လက္ခဏာကို စိတ်လိုက်မာပါလုပ်တတ်ခြင်း သို့မဟုတ် သွေးဆူလွယ်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့မှောက်ရှိ မြင်ကွင်းက ဟဲရှန့်ကို ပေါက်ကွဲထွက်တော့မည့်အလား ခံစားရစေပြီး ရင်ဘတ်ထဲရှိ ပြင်းထန်လှသော ဒေါသမီးများကို သွေးများဖြင့် ဆေးကြောပစ်ချင်စိတ် ပေါ်လာစေခဲ့၏။
သို့သော်လည်း ဟဲရှန့်၏ အသေခံ ပြေးဝင်လာမှုကို ရင်ဆိုင်ရချိန်တွင် မြင်းပေါ်ရှိ ချန်ဟူ မြင်းစီးသူရဲမှာ လုံးဝ ဂရုမစိုက်ချေ။
သူက မြင်းခေါင်းကို အနည်းငယ် စောင်းကာ မှန်ကန်သော ထောင့်ချိုးကို ရှာလိုက်ပြီးနောက် သူ၏ သံလှံကို လွှဲယမ်းလိုက်၏။ ပြင်းထန်သော လေခွင်းသံတစ်ခုက ဟဲရှန့်၏ နားနားမှ ဖြတ်ပြေးသွားသည်။ သူ၏ ခါးနှင့် ဝမ်းဗိုက်ကို သံလှံဖြင့် အပြင်းအထန် ရိုက်နှက်ခံလိုက်ရပြီး အဓိကခန်းမဆောင်ရှိ ကြေးဝါတိုင်ကြီး တစ်တိုင်ကို ဘောလုံးတစ်လုံးကဲ့သို့ ဝင်ဆောင့်ကာ လဲကျသွားတော့၏။
ပြန်လည်ထရပ်လိုက်ချိန်တွင် ဟဲရှန့်မှာ ရှေ့သို့ မပြေးနိုင်မီမှာပင် ရင်ဘတ်ထဲ၌ မွန်းကျပ်သော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူ မထိန်းနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သွေးများ ဆုံးရှုံးသွားသည်နှင့် သူ့တစ်ကိုယ်လုံးမှာ ရုတ်တရက် အားနည်းသွားတော့သည်။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်မှ အဆင်မပြေမှုနှင့် နာကျင်မှုများက တစ်မုဟုတ်ချင်း ဝင်ရောက်လာပြီး ကြေးဝါတိုင်ကို ဆောင့်မိသော ဦးခေါင်းမှ မူးဝေမှုများလည်း ပါဝင်လာခဲ့၏။
ဦးခေါင်းနောက်ဘက်ကို စမ်းကြည့်လိုက်ရာ အဖုကြီးတစ်ခုထွက်နေကြောင်း ဟဲရှန့် သိလိုက်သည်။ သူ၏ အမြင်အာရုံမှာ အနက်ရောင်ဆံပင်များဖြင့် ရုတ်တရက် ဖုံးကွယ်သွား၏။ အစောက နောက်ဘက် ရေကန်ဥယျာဉ်တွင် သူ၏ ဆံထိုးများကို လွှင့်ပစ်ခဲ့ပြီး ယခု ရိုက်ခတ်မှုကြောင့် သူ၏ ဆံပင်များမှာ သဘာဝအတိုင်း ပြေကျလာခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် နှုတ်ခမ်းထောင့်၌ သွေးများပေကျံနေပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များဖြင့် ဟဲရှန့်မှာ ငရဲပြည်မှ ဆိုးသွမ်းသော တစ္ဆေတစ်ကောင်အလား ဖြစ်နေ၏။ သူသည် အလွန်အမင်း သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသော်လည်း သူ့အသက်ကို ပေးရမည်ဆိုလျှင်တောင်မှ ထို ယုတ်မာလှသော ချန်ဟူ ခွေးမသားကို မြင်းပေါ်မှ ဆွဲချမည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
ခုနက အစေခံအိုကြီးကို ချန်ဟူမြင်းစီးသူရဲက အလွယ်တကူ သတ်ဖြတ်ခဲ့သော်လည်း သူ့ကို ထိုကဲ့သို့ အလွယ်တကူ သတ်နိုင်ပါလျက်နှင့် အဘယ်ကြောင့် တွန့်ဆုတ်နေခဲ့ရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေ၏။
"ဘာလို့လဲဆိုတော့ ငါက မင်းတို့ ခွေးကောင်တွေကို သေတဲ့အထိ ဖြည်းဖြည်းချင်း ကစားချင်လို့ပဲ။ မင်းတို့ရဲ့ အစေခံတွေ အားလုံးကိုသတ်ပြီး မင်းတို့ ပစ္စည်းတွေ အားလုံးကို မင်းတို့ မျက်စိရှေ့မှာတင် လုယူပြမယ်..."
မြင်းပေါ်ရှိ ချန်ဟူမြင်းစီးသူရဲက ဟဲရှန့်၏ ဇဝေဇဝါဖြစ်မှုကို မြင်သွားသကဲ့သို့ မောက်မာစွာ ပြောလိုက်ပြီး သူ့သံလှံဖြင့် ဟဲရှန့်ကို ချိန်ရွယ်လိုက်၏။ ထိုအခိုက်တွင် ဟဲရှန့်ကို စိုက်ကြည့်နေသော သူ၏ အကြည့်မှာ တောကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
ဟဲရှန့်က ယခုမှ နားလည်သွားတော့သည်။ သူသည် ပိုးသားဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အဖြူရောင် ဝမ်းနည်းခြင်း အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း တန်ဖိုးကြီးမားသော အထည်အလိပ်က သူသည် သခင်ဖြစ်ကြောင်းကို ပြသနေဆဲပင်ဖြစါ၏ ဤချန်ဟူလူမျိုးမှာ ဟန်နယ်မြေများတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သူ ဖြစ်ရမည်။
သူသည် ဟန်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရုံသာမက ဟန်ဓလေ့ထုံးစံများကိုလည်း နားလည်ထား၏။ သူ အခုလေးတင် ပြောသွားသောစကားများအရ သူ ဤသို့လုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ် လုံးဝမဟုတ်ကြောင်း ထင်ရှားပေသည်။
ငြိမ်းချမ်းသော ခေတ်ကာလမှ လာခဲ့ပြီး လူငယ်ဘဝက အုပ်စုဖွဲ့ ရန်ပွဲ အနည်းငယ်တွင်သာ ပါဝင်ဖူးခဲ့သူ တစ်ဦးအနေဖြင့် ရေတွက်မရနိုင်သော စစ်ပွဲများကို ဖြတ်သန်းကာ အလောင်းကောင်များ၊ သွေးပင်လယ်များကြားမှ ရှင်သန်လာခဲ့သည့် အတွေ့အကြုံရင့် စစ်သားတစ်ဦးကို ယှဉ်နိုင်မည်မဟုတ်ကြောင်း ဟဲရှန့် သိထား၏။
သို့သော်လည်း သူ့ဒေါသများက အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ဟဲရှန့်သည် အမှန်တကယ်ပင် တည်ငြိမ်လာခဲ့ပြီး ဤချန်ဟူ ခွေးမသားကို မည်သို့သတ်ရမည်နည်း ဆိုသည်ကို ဂရုတစိုက် စဉ်းစားလာခဲ့သည်။
ထိုအချိန်ကျမှသာ အဓိကခန်းမဆောင် အပြင်ဘက်ရှိ ဆူညံနေသောအခြေအနေများကို သူ တဖြည်းဖြည်း သတိထားမိလာသည်။ ဤချန်ဟူမြင်းစီးသူရဲမှာ အဖွဲ့အစည်းနှင့် လာသော စစ်သားတစ်ဦးဖြစ်ကြောင်း ထင်ရှား၏။ သူ တစ်ယောက်တည်း ဤအိမ်တော်ကို ဘယ်လိုလုပ် ဖောက်ထွင်းဝင်ရောက်နိုင်မည်နည်း။
ထို့နောက် ချန်ဟူမြင်းစီးသူရဲက လေချွန်သံ တစ်ချက် ပေးလိုက်သည်ကို ဟဲရှန့် မြင်လိုက်ရသည်။ မြင်းဝင်တိုက်ခံရပြီးနောက် အနည်းငယ် ဟနေသော ပင်မတံခါးကြီးမှာ ရုတ်တရက် အပိုင်းပိုင်း ကွဲထွက်သွားတော့၏။ မြင်းသုံးလေးကောင်ခန့်က အဓိကခန်းမဆောင်အတွင်းသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။
လွင့်စင်လာသော သစ်သားစများကြားမှ ရက်စက်ကြမ်းကြုတ်လှသော မြင်းတပ်များ ဝင်ရောက်လာသည့် မြင်ကွင်းကြောင့် ဟဲရှန့်၏ နှလုံးသားမှာ တစ်ခဏမျှ ရပ်တန့်သွားရတော့သည်။
ယခုတော့ ဤလူများကို သူ သတ်နိုင်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်တော့ချေ။
သို့သော် ထိုအခိုက်အတန့်တွင်ပင် ဟဲရှန့်၏ ရင်ဘတ်ထဲရှိ ဒေါသမီးများက ပိုမို ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့၏။ ကြေးဝါတိုင်ကို မှီထားရင်းနှင့် ကျိုးပဲ့နေသော သစ်သားတံခါးပေါက်မှတစ်ဆင့် အရှေ့ဘက် ခြံဝင်းကို သူ မြင်တွေ့နေရသည်။ ထိုနေရာတွင် ချန်ဟူမြင်းစီးသူရဲ ဒါဇင်နှင့်ချီ၍ အိမ်တော်မှ အစေခံများကို မောင်းထုတ်ရန်နှင့် စော်ကားရန် သူတို့၏ ကျာပွတ်များကို ရိုင်းစိုင်းစွာ အသုံးပြုနေကြ၏။
လှပသော အစေခံမိန်းကလေး အချို့မှာ သူတို့၏ အဓိကပစ်မှတ်များဖြစ်နေသည်။ ဖြူဖျော့နေသော မိန်းကလေးများကို ဖြတ်ကျော်သွားတိုင်း သူတို့က လေချွန်သံများ ပေးကာ မိန်းကလေးများ၏ အဝတ်အစားများကို ရက်စက်စွာ ဆွဲဖြဲပစ်နေကြ၏။
အတွေ့အကြုံနည်းပါးသော ချန်ဟူအချို့မှာ မြင်းပေါ်မှဆင်းကာ ရွာတစ်ရွာကို ဝင်ရောက်လာသည့် မိစ္ဆာများကဲ့သို့ လုယက်နေကြပြီး ခြံဝင်းအတွင်းမှ ပစ္စည်းများကို မြင်းနောက်ရှိ အိတ်များထဲသို့ ထည့်သွင်းနေကြသည်။ နယ်စပ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး ဟန် မင်းဆက်၏ မြို့တော်လောယန်၏ ကြီးပွားချမ်းသာမှုကို တစ်ခါမှ မမြင်ဖူးခဲ့သော ဤလူများသည် ခြံဝင်းအတွင်းရှိ သေသပ်လှပစွာ ထွင်းထုထားသော အလှဆင် ကျောက်တုံးများကိုပင် ချမ်းသာမပေးကြချေ။
အဓိကခန်းမဆောင်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသော လူများမှာ ပို၍ပင် ကမောက်ကမ ဖြစ်နေကြ၏။ သူတို့က စားပွဲပုလေးများပေါ်ရှိ စုတ်တံ၊ မင်၊ စက္ကူနှင့် မင်အိုးများမှစ၍ လိုက်ကာများနှင့် အလှဆင်ပစ္စည်းများအထိ အရာအားလုံးကို လုယက်ယူငင်နေကြသည်။
ချမ်းသာသော အိမ်များကို လုယက်ရာတွင် အချိန်ကြာမြင့်စွာ အသားကျနေပြီဖြစ်သော ချန်ဟူအချို့မှာ အဓိကခန်းမဆောင်ကို ဖြတ်ကျော်ကာ ဆန်ရေစပါးနှင့် လက်ဝတ်ရတနာများ သိမ်းဆည်းထားရာ နောက်ဘက် အိမ်တော်ဆီသို့ ပြေးသွားကြပြီ ဖြစ်၏။
ဤသည်မှာ ဤချန်ဟူခွေးမသားများအတွက် ပျော်ပွဲရွှင်ပွဲတစ်ခုပင်ဖြစ်၏။
မကြာမီတွင် ဤချန်ဟူများသည် အိမ်တော်အတွင်းရှိ အရာအားလုံးကို လုယက်ပြီးနောက် အစေခံများနှင့် မိန်းမငယ်များကို ရိုင်းစိုင်းစွာ အနိုင်ကျင့်ရုံဖြင့် ကျေနပ်တော့မည်မဟုတ်ဘဲ သူအပါအဝင် အိမ်တော်ရှိ လူအားလုံးကို သတ်ဖြတ်ပစ်မည့် နောက်တစ်ဆင့်သို့ ကူးပြောင်းသွားမည်ကို ဟဲရှန့် သိနေသည်။
ယာယီအားဖြင့် ချမ်းသာပေးခံရနိုင်သူများမှာ လှပသောအစေခံမိန်းကလေးများသာဖြစ်၏။ သို့သော် သူတို့၏ နောက်ဆက်တွဲ ကံကြမ္မာမှာ အသက်ရှင်လျက် သေဆုံးခြင်းပင် ဖြစ်ပေလိမ့်မည်။
အချိန်သိပ်မကျန်တော့ချေ။
ထိုအခိုက်တွင် ဤချန်ဟူမြင်းစီးသူရဲများ၏ ခေါင်းဆောင်ကိုလည်း ဟဲရှန့် မြင်လိုက်ရသည်။
ခြံဝင်းအတွင်း၌ တောက်ပသော ကြေးခွံပုံ သံချပ်ကာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးရပ်နေပြီး သူ၏ ပတ်လည်တွင် ကိုယ်ရံတော်များစွာက ဝိုင်းရံကာကွယ်ပေးထား၏။ လူငယ်၏ ရုပ်ရည်မှာ မဆိုးလှသော်လည်း သူ၏ မျက်နှာပေါ်ရှိ မောက်မာသော ရိုင်းစိုင်းမှုနှင့် သွေးဆာနေသော ရက်စက်မှုတို့ကြောင့် ဟဲရှန့်မှာ သူ့ကို အလွန် ရွံရှာမိပြီး ခုနက အစေခံအိုကြီးကို သတ်သွားသည့် ချန်ဟူမြင်းစီးသူရဲထက်ပင် ပို၍သေသင့်သည်ဟု ယူဆမိသည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာအားလုံး၏ တာဝန်ခံမှာ ဤမောက်မာလှသော လူငယ်ပင် ဖြစ်ကြောင်း ထင်ရှား၏။
လူငယ်က ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။ ထို ချန်ဟူမြင်းစီးသူရဲများက လူသတ်၊ မီးရှို့၊ လုယက်နေကြသည်ကို သူက ကြည့်နေပြီး တားဆီးမည့်အစား ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကောင်လေးတို့... အပြည့်အဝ ပျော်ရွှင်လိုက်ကြစမ်း။ ဟဲမိသားစုရဲ့ ကျဆုံးမှုက ဒီနေ့ပဲ။ ဒီနေ့ကစပြီး ငါတို့ တုံမိသားစုက ဒီဟန်မင်းဆက်ကို အုပ်ချုပ်ရမယ်..."
"ဒီကောင်က တုံကျိုးရဲ့ လူတွေထဲက တစ်ယောက်ပဲလား..."
လူငယ်၏ အော်သံကို ကြားလိုက်ရသောအခါ ဟဲရှန့်မှာ ခါးသီးစွာ မကြည့်ဘဲ မနေနိုင်တော့ချေ။ ကြည့်ရသည်မှာ တုံကျိုး သည် ဟဲမိသားစုကို တကယ် ပစ်မှတ်ထားနေပုံရ၏။ သို့သော် ဟဲမိသားစုကို ဤလောက် ဗြောင်ကျကျ အမြစ်ဖြတ်ပစ်ခြင်းဖြင့် သူ့ကိုယ်သူ ကမ္ဘာလောက၏ ပြစ်တင်ရှုတ်ချမှုကို ခံရမည်ကို တုံကျိုး မကြောက်ဘူးလား ဆိုသည်ကို သူ မစဉ်းစားမိဘူးလား။
ထင်သည့်အတိုင်းပင် ဤအချိန်က တုံကျိုးသည် နိုင်ငံရေးအရ လုံးဝကို အာဏာရူးတစ်ယောက်ဖြစ်နေ၏။
ဟဲကျင်းသည် လူများကို စီမံခန့်ခွဲရာတွင် ညံ့ဖျင်းပြီး သူ သေဆုံးပြီးနောက်တွင် သစ္စာရှိသော လက်အောက်ငယ်သားမရှိခဲ့သဖြင့် ဟန်မင်းဆက်နှောင်းပိုင်း၏ ဟာသတစ်ခု ဖြစ်နေခဲ့သော်လည်း သူသည် စစ်သေနာပတိချုပ်ကြီး ဖြစ်နေဆဲဖြစ်ပြီး ဟန်မင်းဆက်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့၏။
သူသည် နန်းတွင်း၌ ဂုဏ်သတင်း အတိုင်းအတာတစ်ခုအထိ စုဆောင်းနိုင်ခဲ့သည်။ အကယ်၍ ပညာတတ် အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ လက်အောက်ငယ်သားများက တုံကျိုးသည် ဟဲမိသားစုကို ဤသို့ဆက်ဆံခဲ့ကြောင်း သိရှိသွားပါက ၎င်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြု၍ သူ့ကို အစုလိုက်အပြုံလိုက် တိုက်ခိုက်ကြမည်မှာ သေချာပေသည်။
သို့သော်လည်း ဤအရာများ တစ်ခုမှ ဟဲရှန့်နှင့် မသက်ဆိုင်ချေ။ သူ ဤလောက်ထိ စဉ်းစားနေရခြင်းမှာ သူ၏လက်ရှိ အခက်အခဲကို ရင်ဆိုင်ရာတွင် သူ လုံးဝ ကူကယ်ရာမဲ့ ဖြစ်နေသောကြောင့်ပင်ဖြစ်၏။
"အခက်အခဲ..."
ဤအချက်ကို တွေးမိသည်နှင့် ဟဲရှန့်က တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွား၏။
"ငါ မကြာခင် အခက်အခဲတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ တရားသူကြီးစွေ့က အရင်က ပြောခဲ့တယ်။ ပြီးတော့ အစမ်းသုံးစနစ်ကလည်း သတိပေးချက်တစ်ခု ပေးခဲ့တယ်။ ဒါဆိုရင် ခုနက ဖြစ်ခဲ့တာတွေ အားလုံးက အိပ်မက်မဟုတ်ဘူးပေါ့..."
"ဒါဆိုရင် စနစ်က အကြံပြုထားတဲ့ သင့်တော်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်သူများလဲ။ သူက လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့ ငါ့ကို တကယ်ကူညီပေးမှာလား..."
ဤအခိုက်အတန့်တွင် မျှော်လင့်ချက် ကင်းမဲ့နေပြီး နာကျင်၊ ဒေါသထွက်ကာ မကျေမချမ်းဖြစ်နေသော ဟဲရှန့်သည် အောက်ဘုံမှအစွမ်းထက်ပုဂ္ဂိုလ်များကိုဆင့်ခေါ်ခြင်းစနစ်အပေါ် သူ၏ မျှော်လင့်ချက်များကို အပြည့်အဝ ပုံအပ်လိုက်တော့သည်။
ထိုစဉ်မှာပင် ခြံဝင်းအတွင်း၌ နောက်ထပ် အပြောင်းအလဲတစ်ခုကို သူ ရုတ်တရက် မြင်လိုက်ရ၏။
ကောက်ကွေးနေသော မုတ်ဆိတ်မွေးများနှင့် ခွန်အားကြီးမားလှသော လူတစ်ယောက်သည် တံခါးဝတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ခြံဝင်းအတွင်းရှိ မိစ္ဆာများကဲ့သို့ ကမောက်ကမ ဖြစ်နေမှုကို မြင်လိုက်ရသောအခါ ထိုလူ၏ မျက်လုံးများက ဒေါသကြောင့် ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ မုတ်ဆိတ်မွေးများ ထောင်ထသွား၏။
"နေ့ခင်းကြောင်တောင် နေရောင်အောက်မှာ မင်းတို့ခွေးသူခိုးတွေက ဒီလိုရမ်းကားရဲတယ် ဟုတ်လား..."
ထိုသို့ပြောပြီးသည်နှင့် ထိုလူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လူသတ်နေသော ထိုသံချပ်ကာမြင်းတပ် များအလယ်သို့ ရုတ်တရက် ပြေးဝင်သွားတော့သည်။
အခန်း (၄) လူစွမ်းကောင်း၏ နတ်ဘုရားအလား စွမ်းရည်
"လူစွမ်းကောင်းကြီး... သတိထားပါ။ သူတို့က နယ်စပ်ကို ကျော်လွန်ပြီး တိုက်ပွဲဝင်ဖူးတဲ့ ရက်စက်တဲ့ စစ်သားတွေပဲ။ သူတို့က အသက်ကိုတောင် ဂရုမစိုက်တဲ့ အရိုင်းအစိုင်းတွေ..."
ဝက်ဝံတစ်ကောင်ကဲ့သို့ ကြီးမားလှသော လူကြီးသည် ချန်ဟူမြင်းတပ်များကြားသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ ဟဲရှန့်မှာ သတိပေးစကား မအော်ဘဲ မနေနိုင်တော့ချေ။
သို့သော် ဤစကားကို ကြားလိုက်ရသောအခါ လူကြီးက သူရဲကောင်းဆန်ဆန် ရယ်မောလိုက်ပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်၏။
"သခင်လေး... စိတ်မပူပါနဲ့ ခွေးသူခိုးဒါဇင် အနည်းငယ်လောက်က ကျွန်တော့်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ သူတို့က အသက်ကိုတောင် ဂရုမစိုက်ဘူးဆိုတော့ ကျွန်တော်က သူတို့ကို တကယ်သေခိုင်းလိုက်မယ်လေ..."
ခြံဝင်းအတွင်းရှိ မြင်းတပ်ဗိုလ်ချုပ်ငယ်လေးမှာ ရုတ်တရက် လှည့်ကြည့်လာ၏။ လူစွမ်းကောင်းကြီး၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကို သူလည်း ကျိန်းသေပေါက် ကြားလိုက်ရသည်။ သို့သော် ဟဲရှန့်၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များနှင့် မတူဘဲ ဗိုလ်ချုပ်ငယ်လေး၏ မျက်လုံးများတွင်မူ မထီမဲ့မြင်ပြုမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့သာ အဓိက ပါဝင်နေ၏။
"နာမည်မရှိတဲ့ သာမန်အရပ်သားလေးတစ်ယောက်ကများ သူ့ကိုယ်သူ လှည့်လည်သွားလာနေတဲ့ သူရဲကောင်းလို့ခေါ်ပြီး မကောင်းမှုကို အပြစ်ပေးပြီး ကောင်းမှုပြုတဲ့ တရားမျှတတဲ့ လုပ်ရပ်တွေကို အတုခိုးရဲတယ် ဟုတ်လား။ မင်းတို့နှစ်ယောက် သွားပြီး သူ့ကို သတ်လိုက်စမ်း..."
ဟန်မင်းဆက် နှစ်ဆက်ကတည်းက 'လှည့်လည်သွားလာနေသော သူရဲကောင်း' ဟူသော အလေ့အထမှာ ထွန်းကားခဲ့ပြီး မူးမတ်များမှစ၍ သာမန်အရပ်သားများအထိ လူအများအပြားမှာ ဤကဲ့သို့သော အပြုအမူမျိုးတွင် ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် အရှေ့ဟန်မင်းဆက် နှောင်းပိုင်းသို့ ရောက်သောအခါ လှည့်လည်သွားလာနေသော သူရဲကောင်းများ၏ လွှမ်းမိုးမှုမှာ ပို၍ပင် ပြန့်နှံ့လာခဲ့၏။
ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ နွေဦးနှင့် ဆောင်းဦးကာလမှ ဆင်းသက်လာသော တရုတ်ပြည်၏ ရှေးဟောင်းသူရဲကောင်းဝါဒ အမွေအနှစ်ကြောင့် ဖြစ်သည့်အပြင် အရှေ့ဟန်မင်းဆက် နှောင်းပိုင်းတွင် ဧကရာဇ်အာဏာကျဆင်းလာခြင်းကြောင့်လည်း ဖြစ်သည်။
မိဖုရား၏ ဆွေမျိုးများနှင့် မိန်းမစိုးများက အလှည့်ကျ အာဏာရယူခဲ့ကြပြီး သူတို့၏ တပည့်များ၊ ယခင် လက်အောက်ငယ်သားများနှင့် ဆွေမျိုးများမှာ ကျေးလက်ခရိုင်များတွင် ဥပဒေမဲ့ ရမ်းကားခဲ့ကြ၏။ နန်းတော်မှာ ၎င်းတို့ကို အပြစ်ပေးရန် အစွမ်းအစမရှိတော့သဖြင့် အချို့မှာ ဥပဒေအထက်တွင် နေရာယူကာ အသက်ကို ပဓာနမထားဘဲ အန္တရာယ်များကို ရင်ဆိုင်ခဲ့ကြရသည်။
ဟန်မင်းဆက်နှောင်းပိုင်းနှင့် သုံးပြည်ထောင်ခေတ်သို့ ရောက်သောအခါ လှည့်လည်သွားလာနေသော သူရဲကောင်းများနှင့် လူစွမ်းကောင်းများမှာ နေရာတိုင်းတွင်ရှိနေခဲ့၏။
ရင်းနှီးကျွမ်းဝင်သော ပုဂ္ဂိုလ်များထဲတွင် နောင်အခါ အရှေ့ဝူ၏ စစ်သေနာပတိချုပ်ကြီး ဖြစ်လာမည့် ကန်းနင် ၊ ချောင်ဝေ့၏ 'အားလိုင်' ဖြစ်သော တျန်ဝေ့ နှင့် တစ်ချိန်က မတရားမှုကို ပပျောက်စေရန် ဓားကို အသုံးပြုခဲ့သော ရှစုတို့ ပါဝင်သည်။ ချောင်ဖီ၏ 'မြင်းဖြူ' ကဗျာတွင်ပင် နိုင်ငံတော်အတွက် စစ်မြေပြင်ကို ဖြတ်ကျော်ကာ မြင်းစီး၍ တိုက်ပွဲဝင်ခဲ့သော လှည့်လည်သွားလာနေသည့် သူရဲကောင်းတစ်ဦးကို ဖော်ပြချီးမွမ်းရန် အလွန်လှပတင့်တယ်သော စကားလုံးများကို အသုံးပြုခဲ့၏။
သို့သော် လှည့်လည်သွားလာနေသော သူရဲကောင်းများ၏ အလေ့အထမှာ ခေတ်စားနေသော်လည်း သစ္စာတရားနှင့် တရားမျှတမှုကို အမှန်တကယ် စောင့်ထိန်းသူမှာ အများကြီးမရှိခဲ့ပေ။
အများစုမှာ ဒေသခံလူမိုက်များနှင့် အချောင်သမားများသာဖြစ်ပြီး သူတို့သည် လှည့်လည်သွားလာနေသော သူရဲကောင်းများဟူသော အမည်ခံကာ ထင်သလို ရမ်းကားရန် အရှက်မရှိဘဲ ဂိုဏ်းများကဲ့သို့ စုရုံးကာ သာမန်ပြည်သူလူထု ကို ဖိနှိပ်ခဲ့ကြသည်။
ထို့ကြောင့် သာမန်ပြည်သူလူထုမှာ လှည့်လည်သွားလာနေသော သူရဲကောင်းများအပေါ် မျှော်လင့်ချက်ရှိသလို စိတ်ပျက်မှုများလည်းရှိခဲ့ရာ စိတ်ပျက်မှုက မျှော်လင့်ချက်ထက် များစွာပိုနေခဲ့၏။
အင်အားကြီးမားသော မျိုးနွယ်စုများနှင့် ရက်စက်ကြမ်းကြုတ်သော စစ်ဗိုလ်ချုပ်များ အတွက်မူ လှည့်လည်သွားလာနေသော သူရဲကောင်းများဟု ခေါ်သော အုပ်စုအပေါ် မထီမဲ့မြင်ပြုမှုမှလွဲ၍ အခြားမရှိခဲ့ချေ။
ယခုပြေးဝင်လာသော ခွန်အားကြီးမားသည့် လူကြီးမှာ ထူးခြားပြီး ခမ်းနားသော အရှိန်အဝါ ရှိသော်လည်း စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်နက်မပါဘဲ တစ်ယောက်တည်း ဖြစ်နေ၏။ ထို့ကြောင့် မြင်းတပ်ဗိုလ်ချုပ်ငယ်လေးက သူ့ကို ထိုသွေးဆူလွယ်ပြီး အသက်ကို ပဓာနမထားသော လှည့်လည်သွားလာနေသည့် သူရဲကောင်းများထဲမှတစ်ဦးအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။
သူ့အမြင်တွင် ဤကဲ့သို့သော လမ်းဘေး လှည့်လည်သွားလာနေသည့် သူရဲကောင်းမျိုးကို ရင်ဆိုင်ရန် ရက်စက်ကြမ်းကြုတ်သော စစ်သားနှစ်ဦး လွှတ်လိုက်ခြင်းကပင် အထင်ကြီးလွန်းရာ ကျနေပြီဖြစ်၏။
ဗိုလ်ချုပ်ငယ်လေး၏ လေသံထဲမှ မထီမဲ့မြင်ပြုမှုကို သန်မာထွားကြိုင်းသောလူကြီးက ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း သူက စကားပြောကာ အချိန်မဖြုန်းတော့ချေ။ သူ့ခြေဖဝါးများမှ ခွန်အားကို ရုတ်တရက် စုစည်းလိုက်ပြီး သူ့ထံ ပြေးဝင်လာသော ပထမဆုံး ချန်ဟူမြင်းစီးသူရဲဆီသို့ သူခန္ဓာကိုယ်မှာ မြှားတစ်စင်းအလား ပြေးထွက်သွားတော့သည်။
ထိုအခိုက်တွင် ဟဲရှန့်မှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်၏။ သူသည် မြင်းတပ်များနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံ သိပ်မရှိသော်လည်း ဤကဲ့သို့ အသက်ကို ပဓာနမထားဘဲ ပြေးဝင်သွားခြင်းမှာ သေကြောင်းကြံစည်ခြင်း သက်သက်သာ ဖြစ်ကြောင်း သူ သိနေသည်။
ချန်ဟူမြင်းများမှာ အမြန်ဆုံးအရှိန်သို့ မရောက်သေးသော်လည်း မြင်းစီးသူရဲများမှာ အပေါ်မှနေ၍ အုပ်မိုးကြည့်နိုင်သဖြင့် ပြိုင်ဘက်၏ လှုပ်ရှားမှုတိုင်းကို မြင်တွေ့နိုင်၏။ ပြိုင်ဘက်မှာ သူတို့၏ ထောင်ချောက်ထဲသို့ ပြေးဝင်လာရန်သာ လိုအပ်ပြီး လျင်မြန်သော လှံချက် တစ်ချက်ဖြင့် ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ အလွယ်တကူ လှဲချနိုင်ပေသည်။
သို့သော် နောက်ဆက်တွဲမြင်ကွင်းက ဟဲရှန့်ကို ကြက်သေ သေသွားစေခဲ့၏။ ၎င်းက ရှေးခေတ်ကာလက ခွန်အားကြီးမားသော စစ်ဗိုလ်ချုပ်များနှင့် ထူးခြားသော ပုဂ္ဂိုလ်များ၏ စတိုင်လ်ကို သူ့ကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိသွားစေခဲ့သည်။
သူထင်ထားသည့်အတိုင်းပင် မြင်းပေါ်မှ ချန်ဟူမြင်းစီးသူရဲမှာ အရှိန်လျှော့လိုက်ပြီး လူစွမ်းကောင်းကြီးကို လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်ကို သူ မြင်လိုက်ရ၏။ သို့သော် လှံထိပ်ဖျားမှာ လူစွမ်းကောင်းကြီး၏ ကျယ်ပြန့်ပြီး တောင့်တင်းသော ရင်ဘတ်ကို ဖောက်ဝင်တော့မည့် ဆဲဆဲတွင် လူစွမ်းကောင်းကြီးက သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်လိုက်ပြီး ထိုရက်စက်သော လှံချက်ကို တိကျစွာ ရှောင်တိမ်းလိုက်သည်။
သို့သော် ဤသည်မှာ သေဘေးမှ တစ်ကြိမ်သာ ရှောင်တိမ်းနိုင်ခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မြင်းစီးသူရဲမှာ ရှေ့သို့ အရှိန်ပြင်းစွာ ပြေးဝင်လာခြင်းဖြစ်သည်။ လူစွမ်းကောင်းကြီးသည် လှံချက်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အရပ်ရှည်သော စစ်မြင်းကြီးနှင့် ဝင်တိုက်မိမည့် အန္တရာယ်မှမူ မရှောင်လွှဲနိုင်ခဲ့ချေ။
ယခင်ဘဝက အသက်ရှင်နေထိုင်ခဲ့သော ဟဲရှန့်သည် အရပ်ရှည်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်မြင်းကြီးတစ်ကောင် ပြေးဝင်လာသည့် အရှိန်အဟုန်ကို မစဉ်းစားနိုင်ခဲ့ပေ။ ဤသည်မှာ သူ၏ မသိနားမလည်မှုကြောင့်သာ အရင်က မြင်းစီးသူရဲတစ်ဦးဆီသို့ အသက်ကို ပဓာနမထားဘဲ ပြေးဝင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူသာ မြင်းတပ်များနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံ ရှိခဲ့မည်ဆိုပါက စစ်မြင်းတစ်ကောင်မှာ အမြန်ဆုံးအရှိန်ဖြင့် မပြေးလာလျှင်တောင်မှ ၎င်း၏ ဖျက်ဆီးနိုင်စွမ်းကို လျှော့တွက်၍ မရနိုင်ကြောင်း သိရှိပေလိမ့်မည်။
သူ၏ ယခင်ဘဝက အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားတစ်စီးပင်လျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုးကို လူတစ်ယောက်အား ပေးစွမ်းနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် စစ်မြင်းဆိုသည်မှာ သက်ရှိသတ္တဝါတစ်ကောင်ဖြစ်ပြီး စစ်မြေပြင်တွင် လက်နက်တစ်ခုအဖြစ် အသုံးပြုရန် လေ့ကျင့်ပေးထားသော သက်ရှိသတ္တဝါ တစ်ကောင် ဖြစ်သောကြောင့်ပင်ဖြစ်၏။
ဤအခြေအနေမျိုးတွင် စစ်မြင်းတစ်ကောင်သည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ရန်သူကို ဝင်တိုက်ရုံသက်သက် လုံးဝ လုပ်ဆောင်မည်မဟုတ်ဘဲ သူ့ရှေ့ခြေထောက်များကို အမြင့်သို့ မြှောက်ကာ ရန်သူကို မညှာမတာ ကန်ကျောက်ပေလိမ့်မည်။ ထိုသံခွာများဖြင့် အပြင်းအထန် အရိုက်ခံရသော ရန်သူမှာ မြင်း၏ အဆက်မပြတ် ဒေါသတကြီး ကန်ကျောက်မှုအောက်တွင် ကျိန်းသေပေါက် နင်းခြေသတ်ဖြတ်ခံရပေလိမ့်မည်။
အမှန်တကယ်ပင် ချန်ဟူမြင်းစီးသူရဲမှာ လှံချက် လွဲချော်သွားပြီးနောက် မြင်း၏ ဇက်ကြိုးကို ချက်ချင်း ဆွဲလိုက်ပြီး လူစွမ်းကောင်းကြီးကို နင်းခြေရန် မြင်းကို ကြိုးကိုင်လိုက်၏။
ရိုင်းစိုင်းလှသော အနောက်လျန် စစ်မြင်းကြီးမှာ ဇက်ကြိုး၏ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ဒေါသထွက်သွားတော့သည်။ ၎င်းက မြင်းဟီသံတစ်ချက် ပေးလိုက်ပြီး ရှေ့ခြေထောက်များကို အမြင့်သို့ မြှောက်လိုက်၏။ ထိုအခိုက်တွင် အဓိကခန်းမဆောင်မှ ကြည့်နေသော ဟဲရှန့်မှာ ချွေးစေးများ ပြန်လာပြီး ကြောက်လန့်တကြား ထပ်မံ အော်ဟစ်လိုက်သည်။
"လူစွမ်းကောင်းကြီး... သတိထား..."
သို့သော်လည်း လူစွမ်းကောင်းကြီးမှာ ဤမြင်ကွင်းကို မျှော်လင့်ထားပြီးသား ဖြစ်သကဲ့သို့ လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။ ရိုင်းစိုင်းလှသော မြင်းကြီးကို ရင်ဆိုင်ရချိန်တွင် သူ့ခြေလှမ်းများက ထပ်မံရွေ့လျားသွားပြီး မြင်း၏ တောင့်တင်းသော ရှေ့ခြေထောက်များဖြင့် နင်းခြေခံရမည့် အန္တရာယ်မှ သီသီလေး ရှောင်တိမ်းသွား၏။ ထို့နောက် လူစွမ်းကောင်းကြီးက "တော်တော်ကောင်းတဲ့သားရဲ..." ဟု ဟိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံအဆုံးတွင် သူက သူ၏ တုတ်ခိုင်သော လက်သီးကို မြှောက်ကာ လေးလံသော အမြောက်ဆန်ကြီး တစ်လုံးအလား မြင်း၏ လည်ပင်းကို အားကုန် လွှဲပစ်လိုက်တော့သည်။
“ဟီး... ဟီး... ဟီး…”
အရပ်ရှည်ပြီး ခမ်းနားလှသော စစ်မြင်းကြီးမှာ ဤပြင်းထန်လှသော လက်သီးချက်ကို ခံလိုက်ရပြီးနောက် စူးရှသော မြင်းဟီသံကြီးကို ချက်ချင်း ထုတ်လွှတ်လိုက်၏။ သူ့တစ်ကိုယ်လုံးမှာ ဤရက်စက်ပြီး အားပါလှသော လက်သီးချက်ကြောင့် မြေပြင်ပေါ်သို့ ရုတ်တရက် လန်ကျသွားတော့သည်။ သူ၏ ကျောပေါ်ရှိ မြင်းစီးသူရဲမှာလည်း အထိတ်တလန့်ဖြစ်သွားပြီး တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မြင်း၏ အောက်တွင် ပိမိသွားကာ သွေးများအန်ထုတ်လိုက်ရ၏။
ဤတိုက်ခိုက်မှုက လူစွမ်းကောင်းကြီးအပေါ်သို့ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။ လူစွမ်းကောင်းကြီး၏ ဝင်ရောက်လာမှုမှာ ခမ်းနားထည်ဝါသည်မှာ မှန်သော်လည်း စစ်မြေပြင်တွင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို အသားကျနေပြီဖြစ်သော ဤ မောက်မာပြီး ရက်စက်ကြမ်းကြုတ်သည့် စစ်သားများမှာ တစ်ခဏမျှသာ အံ့အားသင့်သွားပြီးနောက် သူ့ကို လျစ်လျူရှုထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဤလူစွမ်းကောင်းကြီးက ဤမျှ ကြီးမားလှသော နတ်ဘုရားအလား ခွန်အားကို ပြသလိုက်သောအခါ သူတို့၏ အကြည့်များက ပြောင်းလဲသွား၏။ ယခုအခါ သူတို့၏ မျက်လုံးများတွင် သတိထားမှု အနည်းငယ်၊ ဒေါသထွက်မှု အနည်းငယ်နှင့် အဆုံးအစမဲ့သော စိတ်လှုပ်ရှားမှုနှင့် သွေးဆာမှုတို့ ပါဝင်လာခဲ့သည်။
"အားလုံး အတူတူသွားကြ။ ကိုယ့်နေရာကိုယ် မသိတဲ့ ဒီလူမိုက်ကို အသားစဉ်းကော ဖြစ်သွားအောင် ခုတ်ပစ်လိုက်စမ်း..."
မြင်းတပ်ဗိုလ်ချုပ်ငယ်လေး၏ ချောမောသော မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက ဒေါသတကြီးဖြင့် ထပ်မံအမိန့်ပေးလိုက်၏။
အမှန်တကယ်တော့ သူ့အမိန့်မပါလျှင်ပင် ခုနကမှ လှပသောအစေခံမိန်းကလေးများကို အနိုင်ကျင့်ကာ ရတနာများကို လုယက်နေခဲ့ကြသော ချန်ဟူမြင်းစီးသူရဲများမှာ သူတို့ လုပ်နေသည့် အလုပ်များကို အလိုအလျောက် စွန့်လွှတ်လိုက်ကြ၏။ သူတို့က အရွယ်အစား အမျိုးမျိုးရှိသော မြင်းတပ်ဖွဲ့စည်းပုံများကို ဖွဲ့စည်းလိုက်ပြီး လူစွမ်းကောင်းကြီးဆီသို့ ပြေးဝင်သွားကြတော့သည်။
ထိုတစ်ခဏအတွင်း သူတို့၏ စည်းစနစ်ကျပြီး လျင်မြန်သော လှုပ်ရှားမှုများအရ ဤချန်ဟူ များသည် အလွန်ဆိုးသွမ်းကြသော်လည်း သူတို့မှာ စစ်မြေပြင်မှ အထက်တန်းစား စစ်သည်များ အမှန်တကယ် ဖြစ်ကြောင်း ထင်ရှားပေသည်။
ကံဆိုးစွာဖြင့် လူစွမ်းကောင်းကြီးမှာ အလွန် သိသာစွာပင် ပို၍ အင်အားကြီးမားနေ၏။
လူစွမ်းကောင်းကြီး၏ အရှေ့သို့ ပြေးဝင်လာသော ချန်ဟူမြင်းတပ်နှစ်ဦးက ရက်စက်သော တိုက်ခိုက်မှုတစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်လိုက်ကြသည်။ ဝမ်းနည်းစရာမှာ လူစွမ်းကောင်းကြီးက ဤတစ်ကြိမ်တွင် သူတို့ကို မြင်းများ ကြိုးကိုင်ရန် အခွင့်အရေးပင် မပေးခဲ့ချေ။
နောက်သို့ ရုတ်တရက် တစ်လှမ်းဆုတ်လိုက်ပြီး သူက သံလှံနှစ်ချောင်းကို သူ၏ ဂျိုင်းအောက်တွင် ခိုင်မြဲစွာ ညှပ်ထားလိုက်၏။ ကျားတစ်ကောင်ကဲ့သို့သော နောက်ထပ် ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ ချန်ဟူမြင်းစီးသူရဲနှစ်ဦးမှာ သူ၏ ဆွဲချခြင်းကို ခံလိုက်ရပြီး မြင်းပေါ်မှ တစ်မုဟုတ်ချင်း ပြုတ်ကျသွားတော့သည်။
ထိုသို့ဆွဲချပြီးသည်နှင့် တစ်ပြိုင်နက် လူစွမ်းကောင်းကြီးက လှည့်ပတ်လိုက်ပြီး လူများရော လှံများကိုပါ ဆယ်ဂဏန်းခန့်ရှိသော ပြေးဝင်လာသည့် မြင်းစီးသူရဲများ၏ ဖွဲ့စည်းပုံထဲသို့ ပစ်ပေါက်လိုက်၏။ ချက်ချင်းဆိုသလိုပင် ခြံဝင်းအတွင်းရှိ မြင်းတပ်များမှာ ဖရိုဖရဲ လဲကျသွားကြတော့သည်။
လူစွမ်းကောင်းကြီးက အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်အလား ဖရိုဖရဲဖြစ်နေသော ရန်သူ့တပ်ဖွဲ့များကြားသို့ ပြေးဝင်သွား၏။
သူ၏ သံမဏိ လက်သီးများမှာ သံတူကြီးများကဲ့သို့ဖြစ်နေပြီး သူ၏ကြေးနီရောင် ခြေထောက်များမှာ သံတုတ်ကြီးများကဲ့သို့ ဖြစ်နေသည်။
ခုခံရန် ရဲဝံ့သော မည်သည့် ချန်ဟူမြင်းတပ်မဆို လူစွမ်းကောင်းကြီး၏ နတ်ဘုရားအလား စွမ်းရည်ရှေ့တွင် စက္ကူများကဲ့သို့သာ ဖြစ်နေ၏။ သူတို့မှာ သွေးများအန်ပြီး သတိလစ်သွားသည်အထိ လက်သီးဖြင့် ထိုးခံရခြင်း သို့မဟုတ် သူ၏ ခြေကန်ချက်ဖြင့် ကိုက်အနည်းငယ် အကွာသို့ လွင့်စင်သွားခြင်း ခံရတော့သည်။
ဤမြင်ကွင်းကြောင့် အဓိကခန်းမဆောင် အတွင်းရှိ ဟဲရှန့်မှာ သူ့ကိုယ်သူ အပြင်းအထန် မဆိတ်ဘဲ မနေနိုင်တော့ချေ။ အစစ်အမှန် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်မိ၏။
"ဘုရားရေ... အရှေ့ဟန်မင်းဆက် နှောင်းပိုင်းကို ကူးပြောင်းလာတာမှန်း ငါ သေချာမသိခဲ့ဘူးဆိုရင် အရှေ့တိုင်း ကပ္ပတိန်အမေရိကဇာတ်ကား ရိုက်နေတယ်လို့တောင် ငါ ထင်မိမှာပဲ။ ဒီသန်မာတဲ့လူက လူရောဟုတ်ရဲ့လား..."
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်နီးပါးအတွင်း လူစွမ်းကောင်းကြီးက ပြေးဝင်လာသော ချန်ဟူမြင်းတပ်များကို ဖြေရှင်းလိုက်၏။ ချန်ဟူမြင်းစီးသူရဲ အယောက်ငါးဆယ်ခန့် ရှိမည်ဟု ဟဲရှန့် ရေတွက်ထားခဲ့သည်။
သို့သော် ဤလူစွမ်းကောင်းကြီး၏ အရှေ့တွင်မူ တစ်ယောက်စီတိုင်းမှာ အရိုက်ခံရုံသာ တတ်နိုင်သော သဲအိတ်များကဲ့သို့ ဖြစ်နေ၏။ လူစွမ်းကောင်းကြီး၏ အထွတ်အထိပ် သိုင်းပညာနှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတို့က သူ့ကို သိုးအုပ်ထဲရောက်နေသော ကျားတစ်ကောင်အလား ဖြစ်စေခဲ့ပြီး အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ အနိုင်ရရှိသွားစေခဲ့သည်။
ဤအချိန်တွင် ခြံဝင်းတစ်ခုလုံး၌ လူစွမ်းကောင်းကြီး၏ ရိုက်နှက်မှုကို ခံလိုက်ရပြီး ပြန်မထနိုင်တော့သော စစ်သားများမှလွဲ၍ အဝေးသို့ ထွက်ပြေးသွားကြသော သနားစရာ စစ်မြင်းများသာ ကျန်ရှိတော့၏။ ထို့နောက် လွန်ခဲ့သော အခိုက်အတန့်လေးကမှ ထိတ်လန့်တကြား အော်ငိုနေခဲ့ကြသော လှပသည့် အစေခံမိန်းကလေးများမှာ ယခုအခါ သူတို့၏ မျက်လုံးများတွင် ကြယ်လေးများ လင်းလက်နေပြီး ဤ အသက်ကယ်တင်ရှင် လူစွမ်းကောင်းကြီးနှင့် ချက်ချင်းပင် လက်ထပ်ချင်နေကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဟဲရှန့်မှာ မနာလိုဖြစ်ရန် လုံးဝ သဘောမထားချေ။ မည်သို့ပင်ဆိုစေကာမူ ဤအခိုက်အတန့်တွင် အကယ်၍ သူသာ မိန်းမတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် ဤသို့ပြိုင်ဘက်ကင်း သူရဲကောင်းမျိုးနှင့် မျောက်ကလေး တစ်အုပ်လောက် မွေးချင်စိတ်ကို သူကိုယ်တိုင်ပင် တားဆီးနိုင်မည် မဟုတ်ကြောင်း ခံစားမိသောကြောင့်ပင်ဖြစ်၏။
နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ငရဲပြည်မှ မိစ္ဆာနတ်ဘုရားတစ်ပါးအလား လမ်းလျှောက်လာသော လူစွမ်းကောင်းကြီးက အံ့အားသင့်မှုကြောင့် မျက်နှာဖြူဖျော့နေသော မြင်းတပ်ဗိုလ်ချုပ်ငယ်လေးဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသောအခါ ဗိုလ်ချုပ်ငယ်လေးမှာ ကြောက်လန့်လွန်း၍ အရူးတစ်ယောက်လို ဖြစ်သွားပုံရ၏။
သူက မြင်းကို နောက်သို့ ဆက်တိုက် ဆုတ်ခိုင်းနေပြီး ဟန်ဆောင်ရဲရင့်မှုဖြင့် အော်ဟစ်လိုက်သည်။
“မင်းလို အောက်တန်းစား အရပ်သားလေးက ဘာလုပ်ချင်တာလဲ။ ငါ ဘယ်သူလဲဆိုတာ မင်း သိလား..."
ခွန်အားကြီးမားလှသော လူကြီးက အဆက်မပြတ် လှောင်ရယ် ရယ်မောလိုက်ပြီး သူ့ခြေလှမ်းများမှာ တစ်စက္ကန့်လေးမျှပင် တုံ့ဆိုင်းမသွားချေ။
"ငါ သိစရာအကြောင်းမရှိသလို သိဖို့လည်း ဂရုမစိုက်ဘူး..."
သို့သော်လည်း ထရပ်ပြီး ခြံဝင်းဆီသို့ လမ်းလျှောက်လာနေပြီဖြစ်သော ဟဲရှန့်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြားဖြင့် ထပ်မံ အော်ဟစ်လိုက်၏။
"လူစွမ်းကောင်းကြီး... သတိထား..."
ထိုအခိုက်အတန့်မှာပင် သတိလစ်ဟန်ဆောင်နေသော လူစွမ်းကောင်းကြီး၏ နောက်ကွယ်ရှိ ချန်ဟူမြင်းစီးသူရဲတစ်ဦးက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ ခါးမှ ကွင်းတပ်ဓားကောက်ကြီးကို ဆွဲထုတ်ကာ လူစွမ်းကောင်းကြီးဆီသို့ ခုန်အုပ်လိုက်တော့သည်။
ထို့အပြင် မြင်းတပ်ဗိုလ်ချုပ်ငယ်လေး၏ ထိတ်လန့်ကြောက်ရွံ့မှုများမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ရူးသွပ်ကာ တွန့်လိမ်နေသော မျက်နှာတစ်ခုဖြင့် အစားထိုး ဝင်ရောက်လာ၏။ သူက သူ၏ လှံရှည်ကို ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်သည်။
"ရဲရင့်ပေမယ့် ဦးနှောက်မရှိတဲ့ အရူး... သေလိုက်စမ်း..."