← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇) မင်းက ချောင်ချောင် မဟုတ်ဘူးလား

စကားသံအဆုံးမှာပင် ဟဲရှန့်မှာ သူ ပြောလိုက်မိသည့်အတွက် ချက်ချင်း နောင်တရသွားတော့၏။

ရှေးခေတ်ဆိုသည်မှာ လူတစ်ယောက်တွင် မိသားစုအမည်၊ ကိုယ်ပိုင်အမည်၊ အခြားအမည် နှင့် တစ်ခါတစ်ရံ ကလောင်အမည်ပင် ရှိတတ်သော ခေတ်ကာလဖြစ်ပြီး ယခုခေတ်နှင့် လုံးဝ မတူညီချေ။

လူတစ်ယောက်ကို သူ၏ ကိုယ်ပိုင်အမည်ဖြင့် တိုက်ရိုက်ခေါ်ဆိုခြင်းမှာ မလေးစားရာကျပြီး တုံကျိုး ကို 'ဖက်တီးတုံ' ဟု အော်ခေါ်လိုက်ခြင်းမှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။ စော်ကားသော စကားလုံးများ ရှားပါးလှသော ခေတ်ကာလတစ်ခုတွင် ဤကဲ့သို့ ခေါ်ဆိုခြင်းမှာ လမ်းပေါ်တွင် ဆဲဆိုနေခြင်းနှင့် အတူတူပင်ဖြစ်ပြီး တုံကျိုး နှင့် အသေအလဲ ရန်ငြိုးဖွဲ့လိုက်ကြောင်း ဗြောင်ကျကျ ကြေညာလိုက်ခြင်းပင်ဖြစ်၏။

သူဗြုန်းစားကြီး ပြောလိုက်မိသော စကားများမှာ သိပ်မကျယ်လောင်ဘူးဟု ဟဲရှန့် ယုံကြည်ထားသည်။ သို့သော် မည်မျှပင် တိုးတိုးလေး ပြောသည်ဖြစ်စေ သူ့အနားသို့ ရောက်ရှိနေပြီဖြစ်သော မြင်းတပ်ဗိုလ်မှူးကမူ ကျိန်းသေပေါက် ကြားလိုက်ရ၏။

ဤအချက်က အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေသည်။

အကယ်၍ ရောက်လာသော သူသည် တုံကျိုး၏ သစ္စာခံ အပြည့်အဝဖြစ်နေပါက နောက်တစ်စက္ကန့်တွင် ဟဲရှန့်မှာ နှစ်ပိုင်း ပိုင်းခံရရန် ကျိန်းသေပေါက် သေချာနေ၏။

သို့သော်လည်း ဟဲရှန့်နှင့် ထိုမြင်းတပ်ဗိုလ်မှူး တို့ အမှတ်မထင် မျက်လုံးချင်း ဆုံမိသွားသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဟဲရှန့်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုက ပိုများနေပြီး မြင်းတပ်ဗိုလ်မှူး၏ မျက်နှာပေါ်တွင်မူ ဇဝေဇဝါဖြစ်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုက ပိုများနေခြင်းပင် ဖြစ်၏။

ရောက်ရှိလာသော မြင်းတပ်ဗိုလ်မှူးမှာ ရုပ်ရည်အားဖြင့် သာမန်မျှသာဖြစ်ပြီး သံချပ်ကာအပြည့် ဝတ်ဆင်ထားသော်လည်း သူ၏ အရပ်အမောင်းမှာ သိပ်ပြီး ထင်ပေါ်နေခြင်းမရှိဟု ဆိုနိုင်သည်။ ကြွားဝါလွန်းပြီး တောက်ပနေသော တုံဟွမ်နှင့် နှိုင်းယှဉ်ပါက သူ၏ ဝတ်စားဆင်ယင်မှုမှာ အတော်လေး ရိုးရှင်းနေဆဲပင်ဖြစ်၏။

ဤအခိုက်အတန့်တွင် သူသည် ညာဘက်လက်ဖြင့် လှံရှည်တစ်လက်ကို ပြောင်းပြန်ကိုင်ထားပြီး ဘယ်ဘက်လက်က မြင်းဇက်ကြိုးကို ဆုပ်ကိုင်ထားကာ ဟဲရှန့် အခုလေးတင် ပြောလိုက်သောစကားကို လုံးဝ မသိလိုက်သယောင် ဟန်ဆောင်နေသည်။

သို့သော် သူ၏ အလွန်ဉာဏ်ကောင်းပြီး တက်ကြွသော မျက်လုံးအစုံမှာမူ ဟဲရှန့်ကို ထူးဆန်းသော အာရုံစိုက်မှုဖြင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။

ထိုအခါ ဟဲရှန့်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပိုသွားပြီး သူ၏ ပါးစပ်မှာ ဟောင်းလောင်း ပွင့်နေကာ ပြန်ပိတ်၍မရအောင် ဖြစ်နေတော့သည်။ သူ၏ ညာဘက်လက်ကလည်း မြင်းတပ်ဗိုလ်မှူးကို အတော်လေး ရိုင်းစိုင်းစွာ လက်ညှိုးထိုးလျက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"ခင်ဗျား... ခင်ဗျားက..."

"သခင်လေး... အတိတ်က အကြောင်းတွေ သိပ်မပြောပါနဲ့။ ချောင်ချောင်ဖြစ်တဲ့ ကျွန်တော်က အခု နန်းတော်ရဲ့ရှောင်ချီ မြင်းတပ်ဗိုလ်မှူးဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ တရားဝင်တာဝန်တွေကို မျက်နှာလိုက်မှု ကင်းကင်းနဲ့ ထမ်းဆောင်ရပါမယ်... အများကြီး လျှောက်မတွေးပါနဲ့..."

ဟဲရှန့်က သူတို့အချင်းချင်း သိကျွမ်းကြောင်း ထုတ်ဖော်ပြောဆိုတော့မည်ကို မြင်လိုက်ရသဖြင့် မြင်းပေါ်မှ သူရဲကောင်းက ပြတ်သားသော ဟန့်တားမှုဖြင့် သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

အတော်လေး ဉာဏ်ကောင်းသော သူတစ်ဦးဖြစ်သည့် ဟဲရှန့်မှာ ဤစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် လေသံကို ပြောင်းလဲလိုက်၏။ သူက ပြင်းထန်သော ဒေါသများဖြင့် မကျေမနပ်ဖြစ်နေသော အမူအရာကို ဖန်တီးကာ အော်ဟစ်လိုက်သည်။

"ချောင်ချောင်... မင်းလို အရှက်မရှိတဲ့ လူယုတ်မာ။ငါတို့ မိသားစုရဲ့ ကျောက်ဟွမ်ဖေးတျန်ကို အခုချက်ချင်း ပြန်ပေးစမ်း..."

ဟဲရှန့်၏ အော်ဟစ်သံက ထိုနေရာရှိ လူအားလုံး၏ အကြည့်များကို ချောင်ချောင်၏ မြင်းဆီသို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။ ထိုအခါမှသာ ချောင်ချောင်မှာ ရုပ်ရည်အားဖြင့် သာမန်မျှသာ ဖြစ်သော်လည်း သူစီးနင်းထားသော စစ်မြင်းမှာမူ အလွန် ထူးခြားပြောင်မြောက်လှကြောင်း လူတိုင်း သတိထားမိသွားကြ၏။

ထိုစစ်မြင်းကြီးမှာ တစ်ကိုယ်လုံး အဖြူရောင်စစ်စစ်ဖြစ်ပြီး သူ၏ပုံစံမှာ အရပ်ရှည်ကာ ခမ်းနားထည်ဝါလှသည်။ သူ၏ ရှည်လျားပြီး သန်မာသော ခြေလက်များက ကျက်သရေရှိစွာ လှုပ်ရှားနေသဖြင့် သူ၏ ချောမွေ့ပြီး တက်ကြွလှသော အရေပြားမှာ ဆောင်းရာသီမှ နှင်းများအလား စီးဆင်းနေသကဲ့သို့ ဖြစ်နေ၏။ နေရောင်အောက်တွင် တောက်ပနေသော သူ၏ လည်ဆံမွေးများမှာ ပိုးမျှင်သောင်းနှင့်ချီ၍ လွင့်ပျံနေသကဲ့သို့ဖြစ်နေပြီး သူ၏ မာနကြီးသော မျက်လုံးများက ထိုနေရာရှိ လူတိုင်းကို အထင်သေးစွာ ငုံ့ကြည့်နေပုံရသည်။

အထင်ရှားဆုံးမှာ စစ်မြင်းကြီး၏ သံခွာ လေးဖက်ပေါ်ရှိ အဝါရောင် လျှပ်စီးကြောင်းပုံ အမှတ်အသားများပင်ဖြစ်၏။ ဤ ရှင်းလင်းသော အမှတ်အသားက မြင်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို မလွဲမသွေ ဖော်ပြနေသည်။

“ကျောက်ဟွမ်ဖေးတျန်…”

ဤမြင်းကြီးမှ ချောင်ချောင်၏ လက်အောက်သို့ ရောက်ရှိသွားရခြင်းမှာ ဟဲကျင်းက လက်ဆောင်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဟဲရှန့်၏ နာမည်ခံဖခင်ဖြစ်သော ဟဲကျင်းမှာ နောက်ခံနိမ့်ကျပြီး ဉာဏ်ပညာ နည်းပါးသော်လည်း စည်းကမ်းကြီးပြီး တိကျသေချာကာ ပြည်သူ့ဝန်ဆောင်မှုတွင် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး ယခင် စစ်သေနာပတိချုပ်ကြီးများကဲ့သို့ ဖြုန်းတီးလွန်ကဲမှုမျိုးမရှိဘဲ နေထိုင်ခဲ့ကြောင်း ပြောရမည်ဖြစ်၏။

အထူးသဖြင့် အရည်အချင်းရှိသူများကို အသုံးပြုရာတွင် သူသည် ရဲရဲဝံ့ဝံ့ ရာထူးတိုးပေးပြီး ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့ရာ တကယ်ကို ကြင်နာသနားတတ်သော သူတစ်ဦးဖြစ်သည်။

ယခင်က အဝါရောင်ခေါင်းပေါင်း ပုန်ကန်မှု ဖြစ်ပွားစဉ်က ချောင်မိသားစုသည် ချောင်ချောင်အား မြင်းတပ်ဗိုလ်မှူးရာထူးရရှိစေရန် ကြိုးပမ်းခဲ့ပြီး ဟွမ်ဖူစုန့်ကို ကူညီရန် စစ်လီဒေသမှ ဒေသခံ ပြည်သူ့စစ်များကို ဦးဆောင်စေခဲ့၏။ တူထင်တွင် စစ်သားများ စုဆောင်းကာ အမိန့်ပေးနေစဉ် စစ်သေနာပတိချုပ်ကြီး ဟဲကျင်းသည် ချောင်ချောင်မှာ ရှေ့တန်းစစ်မျက်နှာသို့ သွားရောက် တိုက်ပွဲဝင်မည်ကို ကြားသိရသောအခါ သူ၏ ကိုယ်ပိုင်စစ်မြင်းဖြစ်သော ကျောက်ဟွမ်ဖေးတျန်ကို ထုတ်ယူကာ ချောင်ချောင်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ထိုအချိန်မှစ၍ ဟဲကျင်းသည် ချောင်ချောင်နှင့် ပတ်သက်မှုတစ်ခု တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ နောက်ပိုင်းတွင် ယွမ်ရှောက်၏ အစီအစဉ်အရ မိန်းမစိုးများကို ဖိအားပေးရန် အရပ်ရပ်မှ စစ်တပ်များကို ဆင့်ခေါ်ခဲ့ချိန်၌ ချောင်ချောင်က ဟဲကျင်းအား အလေးအနက် အကြံပေးခဲ့ဖူး၏။

“မိန်းမစိုးရာထူးဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တာပါ။ ဒါပေမဲ့ အုပ်စိုးသူတွေအနေနဲ့ သူတို့ကို အလွန်အကျွံ အာဏာနဲ့ မျက်နှာသာပေးမှုတွေ မလုပ်သင့်ဘူး။ အဲ့လိုကြောင့် ခုလိုအခြေအနေမျိုး ရောက်လာအောင် လုပ်မိတာပဲ။ သူတို့ရဲ့ ပြစ်မှုတွေကို အပြစ်ပေးဖို့ ခေါင်းဆောင်တွေကို သတ်ပစ်ရုံနဲ့ လုံလောက်ပါတယ်။ ထောင်မှူး တစ်ယောက်တည်းနဲ့တင် ရနိုင်ပါတယ်။ ဘာလို့ ပြင်ပက စစ်တပ်တွေကို ခေါ်ဖို့ အလုပ်ရှုပ်ခံနေရတာလဲ။ အကယ်၍ သူတို့ကို အမြစ်ပြတ် သုတ်သင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် ဒီကိစ္စက သေချာပေါက် ပေါက်ကြားသွားလိမ့်မယ်။ ခင်ဗျား ကျရှုံးလိမ့်မယ်လို့ ကျွန်တော် ကြိုမြင်နေတယ်..."

ချောင်ချောင်၏ နောင်တရမှုနှင့် အရေးတကြီး ပြောဆိုမှုများအရ သူသည် ဟဲကျင်း၏ မိုက်မဲသောလုပ်ရပ်ကို အလွန်အမင်း မကျေမနပ်ဖြစ်ခဲ့သော်လည်း ရင်ထဲမှ နက်နက်ရှိုင်းရှိုင်း နောင်တရမှုက ပိုများနေကြောင်း မြင်တွေ့နိုင်ပေသည်။

ထို့အပြင် တုံဟွမ်သည် စစ်သေနာပတိချုပ်ကြီးအိမ်တော်တွင် အချိန်အတော်ကြာ ပြဿနာရှာနေခဲ့သော်လည်း ဟဲကျင်း၏ ယခင် လက်အောက်ငယ်သားများထံမှ မည်သည့် တုံ့ပြန်မှုမျှမရှိဘဲ ချောင်ချောင် တစ်ဦးတည်းသာ ပေါ်လာခြင်းကို ကြည့်ခြင်းအားဖြင့် သူသည် ဟဲရှန့်ကို ကယ်တင်ရန် အပြေးအလွှားရောက်ရှိလာခြင်း ဖြစ်ကြောင်း ထင်ရှား၏။

ဤအခိုက်အတန့်တွင် ချောင်ချောင်သည် ဟဲရှန့်၏ မဟာမိတ် အပြည့်အဝဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သမိုင်းတွင်လည်း ဤအတိုင်းပင်ဖြစ်ခဲ့၏။

ဟဲမိသားစု လုံးဝ အာဏာလက်မဲ့ ဖြစ်သွားပြီးနောက် တုံကျိုး၏ ဖိနှိပ်မှုကြောင့် လောယန်တွင် မထင်မရှား ဖြစ်သွားခဲ့ကြသည်။ တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်သည့် သွေးသားမှာ ဟဲရှန့်၏ ဇနီးဖြစ်သူ သခင်မယင်၏ ဝမ်းဗိုက်ထဲမှ ဖခင်သေဆုံးပြီးနောက်မှ မွေးဖွားလာမည့် ကလေးငယ်သာဖြစ်၏။

အားနွဲ့သော အမျိုးသမီးတစ်ဦးဖြစ်သည့် သခင်မယင်သာ အသက်ရှင်ကျန်ရစ်ပြီး ဟဲယန်ကို မွေးဖွားနိုင်ခဲ့ခြင်းမှာ ချောင်ချောင်၏ အကာအကွယ်ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

အင်း... ချောင်ချောင်သည် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်သော သခင်မယင်ကို သူ၏ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဟဲယန်၏ နာမည်ခံ ပထွေးပင် ဖြစ်လာခဲ့သေးသည်။

*နေပါဦး... တစ်ခုခုတော့ မှားနေသလိုပဲ…*

*ငါ့မိန်းမရော ဘယ်မှာလဲ…*

ယခုမှသာ ဟဲရှန့်မှာ ထိတ်လန့်သွားတော့၏။ ချောင်ချောင်ကို မြင်လိုက်ရမှသာ သူ ကူးပြောင်းလာကတည်းက သူ၏ ဇနီးဖြစ်သူ သခင်မယင်ကို တစ်ခါမှ မမြင်ဖူးသေးကြောင်း သူ ရုတ်တရက် သတိရသွားသည်။ ထိုမျှမက ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များအရ သူသည် အိမ်ထောင်ပင် မကျသေးကြောင်း သိလိုက်ရ၏။

*ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ…*

*ငါ့ကို ဒီနေရာကို ပို့ပေးလိုက်တဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက စိတ်မနှံ့လို့ ဇနီးမယား အများကြီးယူလို့ရတဲ့ ဒီလို ခေတ်ကာလမျိုးမှာတောင် ငါ့ကို လူပျိုသိုး ဘဝနဲ့ အဆုံးသတ်ဖို့ စီရင်လိုက်တာလား။ ဒါမှမဟုတ် သူက သနားကြင်နာတတ်လို့ ကူးပြောင်းပြီးပြီးချင်း ဖခင်တစ်ယောက် ဖြစ်လာရမယ့် အနေရခက်မှုကနေ ငါ့ကို ကယ်တင်ပေးလိုက်တာလား*

မည်သို့ပင်ဆိုစေကာမူ ဤခန္ဓာကိုယ်သည် ဟဲရှန့်၏ ခန္ဓာကိုယ် ဖြစ်သော်လည်း သခင်မယင်၏ ဝမ်းဗိုက်ထဲရှိ ဟဲယန်ကို သူ၏ သွေးသားအရင်းအဖြစ် လုံးဝ သတ်မှတ်၍ မရနိုင်ချေ။ ထို့အပြင် ကူးပြောင်းပြီးပြီးချင်း ဖခင်တစ်ယောက် ဖြစ်လာရခြင်းကလည်း အတော်လေး ထူးဆန်းနေမည်ဖြစ်သည်။

*သေချာပြန်စဉ်းစားကြည့်ရင် ဒါက သိပ်မဆိုးလှဘူး မဟုတ်လား…*

ဟဲရှန့်က သူ့ခေါင်းကို ကုတ်လိုက်ပြီး သူ့ရှေ့မှောက်ရှိ အရာအားလုံးမှာ အနည်းငယ် ကမောက်ကမ ဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ အန္တရာယ်က မပြီးဆုံးသေးဘဲ သူက လျှောက်တွေးနေမိသေးသည်။ သူ၏ စိတ်က တကယ့်ကို အဝေးကြီး ရောက်သွားခဲ့ပြီ ဖြစ်၏။

"သခင်လေး... ချောင်ချောင်ဖြစ်တဲ့ ကျွန်တော်က တရားဝင်ကိစ္စနဲ့ လာတာလို့ ပြောပြီးပြီနော်။ ဒီမှာ ပြဿနာတွေထပ်မရှာပါနဲ့တော့..."

ချောင်ချောင်၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုနှင့် သံသယဖြစ်မှုတို့က ပိုမို နက်ရှိုင်းလာသော်လည်း လျင်မြန်စွာ တုံ့ပြန်လျက် သူက ဒေါသထွက်ဟန်ကို ထပ်မံ ဖန်တီးလိုက်ပြီး သူ၏လှံရှည်ဖြင့် ဟဲရှန့်ကို အနည်းငယ် ချိန်ရွယ်လိုက်၏။

သေချာတာပေါ့... ချောင်ချောင်က ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ချောင်ချောင်နှင့် ဟဲမိသားစုကြားက ဆက်ဆံရေးကို သိထားသော ဟဲရှန့်က မကြောက်ရွံ့ရုံသာမက အနားတွင်ရပ်ကာ အမြဲတမ်းအသင့်ဖြစ်နေသော အမည်မသိ သူရဲကောင်းပင်လျှင် ချောင်ချောင်ထံမှ သတ်ဖြတ်လိုစိတ် တစ်စက်လေးမျှ မခံစားရသဖြင့် ကြွက်သားတစ်မျှင်လေးမျှပင် မလှုပ်ရှားခဲ့ချေ။

သို့သော် တုံဟွမ်က ထိုသို့ မမြင်ခဲ့ပေ။ သူ၏ နောက်ကွယ်မှ စစ်ကူများ ရောက်လာပြီဟု မြင်လိုက်ရသဖြင့် သူသည် ချက်ချင်းပင် တစ်ဖန် မောက်မာဝင့်ကြွားလာပြန်၏။ မတ်တတ်ရပ်ကာ သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ဟဲရှန့်ကို ချိန်ရွယ်လျက် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ အော်ဟစ်လိုက်သည်။

"ဟဲရှန့်... မင်း အခု ကြောက်သွားပြီ မဟုတ်လား။ ငါ့ဦးလေးက မင်းကို ဆင့်ခေါ်တယ်ဆိုတာ မင်းတို့ ဟဲမိသားစုကို အမြစ်ပြတ်သုတ်သင်ဖို့ ရည်ရွယ်ထားလို့ပဲ..."

လောလောဆယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဇဝေဇဝါဖြစ်နေသော ဟဲရှန့်မှာ သေလမ်းရှာနေသော ဤလူမိုက်တုံဟွမ်ကို မြင်လိုက်ရသောအခါ အမည်မသိ သူရဲကောင်းကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ချက်ချင်း ပေးလိုက်၏။

အမည်မသိသူရဲကောင်းမှာ အမှန်တကယ်ပင် ထက်မြက်ပြီး ရဲရင့်သော အလွန်ကောင်းမွန်သည့် ကိုယ်ရံတော်တစ်ဦး ဖြစ်သည်။ တုံဟွမ်က သူ၏ တိုက်ခိုက်မှု အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူက ချက်ချင်း ရှေ့သို့တိုးကာ သူ့ကို ဖမ်းဆုပ်လိုက်၏။ တုံဟွမ်မှာ ဓားကို လွှဲယမ်းရန် အချိန်ပင် မရလိုက်ဘဲ အမည်မသိ သူရဲကောင်းက သူ၏ လက်မောင်းကို လိမ်ချိုးကာ ခြေထောက်အောက်တွင် ဖိထားလိုက်တော့သည်။

ယခုအခါ အင်အားကြီးမားသော ကျောထောက်နောက်ခံရရှိထားပြီဖြစ်၍ ပိုမို ရဲတင်းလာသော ဟဲရှန့်သည် ရှေ့သို့ တိုးလာပြီး ဒူးတစ်ဖက်ထောက်နေရသော တုံဟွမ်ကို နှစ်ချက်ကန်လိုက်ကာ ကန်ရင်းနှင့် ကျိန်ဆဲလိုက်၏။

"ဝက်ဦးနှောက်နဲ့ လူမိုက်။ မင်းရဲ့ ခေါင်းကို သုံးစမ်း။ အကယ်၍ ဖက်တီးတုံ... အဲ... အမတ်ကြီးတုံက ငါတို့ ဟဲမိသားစုကို တကယ် အမြစ်ပြတ်သုတ်သင်ချင်တယ်ဆိုရင် ငါ့ကို ဆင့်ခေါ်ဖို့ဗိုလ်မှူးချောင်ကို လွှတ်ပါ့မလား။ ငါ့ကို တိတ်တဆိတ် ရှင်းပစ်ဖို့ အစားထိုးခံရမယ့်လူ တစ်ယောက်ကို လျှို့ဝှက်စွာရှာမှာပေါ့။ အဲဒီအစား အမတ်ကြီးတုံရဲ့ တူဖြစ်တဲ့ မင်းက ဗြောင်ကျကျ စစ်တပ်ကို ဦးဆောင်ပြီး စစ်သေနာပတိချုပ်ကြီးအိမ်တော်မှာ ရမ်းကားနေတယ်။ မင်းက လုံးဝ အသုံးမကျတဲ့အပြင် ပြဿနာတွေကိုပဲ ပိုဆိုးအောင် လုပ်နေတာပဲ..."

ဟဲရှန့်မှာ ဤအခိုက်အတန့်တွင် ဒေါသထွက်နေသလို ရူးသွပ်နေပြီး သူ ပေးလိုက်သော ကန်ချက်နှစ်ချက်မှာလည်း လုံးဝ သက်ညှာမှုမရှိခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် တုံဟွမ်ကိုသတ်ရန် အသင့်ဖြစ်နေခဲ့သော်လည်း ထို ကျိန်ဆဲခံရမည့် ငရဲပြည်စနစ်က ခွင့်မပြုခဲ့ပေ။

ယခု ချောင်ချောင်ရောက်လာပြီဖြစ်ရာ သူ့အတွက် အခွင့်အရေးက ပို၍ပင် မရှိတော့ချေ။ မျိုသိပ်ထားရသော စိတ်ပျက်မှုများဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေချိန်တွင် တုံဟွမ်က သူ၏ အိမ်တံခါးဝသို့ ကိုယ်တိုင်လာရောက် ပို့ဆောင်ပေးခဲ့၏။ ဟဲရှန့်မှာ တုံဟွမ်၏ ဘိုးဘေးဆယ့်ရှစ်ဆက်ကို တကယ် ကျေးဇူးတင်ရပေမည်။

သို့သော်လည်း ဘေးတွင် ကြောင်အမ်းအမ်း ဖြစ်နေသော ချောင်ချောင်မှာ ယခုအခါ အနေရခက်သွား၏။ ဟဲရှန့်က တုံဟွမ်ကို ရိုက်နှက်နေသည်ကိုကြည့်ရင်း ချောင်ချောင် တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ သူ့နောက်မှ လိုက်ပါလာသော အထက်တန်းစား စစ်သားများက ချက်ချင်း တိုက်ခိုက်ရေး အနေအထားများကို ယူလိုက်ကြသည်။ ရှေ့ဆုံးမှ ဒူးလေးသမားများက သူတို့၏ ထက်မြက်သော ဒူးလေးများကိုပင် မြှောက်ကာ ဟဲရှန့်ကို ချိန်ရွယ်လိုက်ကြ၏။

ဒူးလေးများ မောင်းတင်လိုက်သော အသံက နောက်ဆုံးတွင် ချောင်ချောင်ကို သတိဝင်လာစေခဲ့သည်။ သူက အလောတကြီး မလုပ်ရန် သူ၏ စစ်သားများကို အချက်ပြသည့်အနေဖြင့် သူ့လက်ကို ချက်ချင်း ပြတ်သားစွာ မြှောက်လိုက်၏။

ထို့နောက် သူက လူကောင်းအဖြစ် ဟန်ဆောင်ရန် ကျောက်ဟွမ်ဖေးတျန်ကို ရှေ့သို့တွန်းပို့လိုက်ပြီး သူ့လှံကို ဟဲရှန့်နှင့် တုံဟွမ်ကြားတွင် ချထားကာ အော်ဟစ်လိုက်သည်။

“သခင်လေး... ဒီလူက သခင်ကြီးတုံရဲ့တူပါ။ စစ်ခုန်းအပေါ် မကျေနပ်မှုတွေ ရှိနေတာလား..."

*မကျေနပ်ရုံတင်မကဘူး... အဲဒီဖက်တီး သေနာကောင်ကို ငါ အသေသတ်ပစ်ချင်တာ…*

ဟဲရှန့်က စိတ်ထဲမှ ရူးသွပ်စွာ အော်ဟစ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင်မူ ဖြောင့်မတ်တည်ကြည်သော ဒေါသများဖြင့် ပြည့်နှက်နေသည့် အမူအရာကို ဖန်တီးထား၏။ စကားမပြောမီ တုံဟွမ်ကို နောက်ထပ်တစ်ချက် ကန်ရန်ပင် သူက အခွင့်အရေး ယူလိုက်သေးသည်။

"ဗိုလ်မှူးချောင်က အထင်လွဲနေတာပဲ။ သခင်ကြီးတုံက လောယန်ရဲ့ ပြည်တွင်း ပဋိပက္ခတွေကို ငြိမ်းချမ်းစေခဲ့ပြီး ဟန်မင်းဆက်ရဲ့ ကျေးဇူးရှင်တစ်ဦးပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ဖခင်ကလည်း ဒီအကြောင်းကို ငရဲပြည်ကနေသိရင် သေချာပေါက် ကျေနပ်နေမှာပါ။ ကျွန်တော် မုန်းတီးတာက အခြေအနေအရပ်ရပ်ကို နားမလည်ဘဲ စစ်ခုန်းရဲ့ ဂုဏ်သတင်းကို ညစ်နွမ်းစေတဲ့ ဒီလို လူမိုက်တွေကိုပဲ။ ဒီလို လူယုတ်မာတွေကို သင်ခန်းစာမပေးရင် သူတို့ကဘယ်တော့မှ မှတ်မှာမဟုတ်ဘူး..."

ယခုအခါ ချောင်ချောင်၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုက ပိုမိုထူထဲလာတော့၏။ သူသည် ဟဲရှန့်ကို အရင်က သေချာပေါက် တွေ့ဖူးခဲ့သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ဟဲရှန့်သည် အမြဲတမ်း သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာသော ပညာတတ် ပုံစံမျိုး ဖြစ်ခဲ့ပြီး သူ့ဖခင် ဩဇာအာဏာ ကြီးထွားလာပြီးနောက် လက်ရှိ ပညာတတ်များကဲ့သို့ သိမ်မွေ့ပြီး အားနည်းနေစေရန် ပညာသင်ကြားပေးခံရသော ဟန်မင်းဆက်၏ စံပြအရာရှိသားတစ်ဦးဖြစ်၏။

သို့သော် သူ့ရှေ့မှောက်ရှိ ဤဟဲရှန့်မှာ ကြမ်းတမ်းရုံသာမက စကားပြောရာ၌ အလွန် အဆိပ်ပြင်းလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

အထူးသဖြင့် ချောင်ချောင်ရောက်ရှိလာမှု တစ်ခုတည်းအပေါ် အခြေခံ၍ တုံကျိုးသည် ဟဲမိသားစုကို ဗြောင်ကျကျ အမြစ်ပြတ် သုတ်သင်မည် မဟုတ်ကြောင်း သူ၏ ကောက်ချက်ချမှုက အတွေ့အကြုံရင့်ပြီး တွက်ချက်တတ်သော နိုင်ငံရေးသမား တစ်ဦး၏ ထက်မြက်သောအမြင်ကို ပြသနေ၏။

ဤအခိုက်အတန့်တွင် ဤဟဲရှန့်ကို မှန်းဆ၍မရနိုင်အောင် ပိုပိုပြီး ဖြစ်လာသည်ဟု သူ ခံစားလိုက်ရတော့သည်။

အခန်း (၈) တုံကျိုးက ဘာကိုလိုချင်နေတာလဲ

"ဗိုလ်မှူးတုံကို ဒီနေရာကနေ အခုချက်ချင်း ခေါ်သွားကြစမ်း..."

ချောင်ချောင်၏ အစစ်အမှန် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ မသိရသေးသော်လည်း သူ၏ ဗြောင်ကျကျ ဘက်လိုက်မှုကမူ ထင်ရှားလှပေသည်။ ဟဲရှန့်သည် တုံဟွမ်ကို သေချာပေါက် ရိုက်နှက်ပြီးသွားသည့် အချိန်အထိ သူ စောင့်ဆိုင်းနေခဲ့ပြီးမှသာ မြေပြင်ပေါ်တွင် လဲကျကာ ညည်းညူနေကြသော ချန်ဟူမြင်းတပ်များကို အော်ငေါက်လိုက်ခြင်း ဖြစ်၏။

ချက်ချင်းဆိုသလိုပင် ဒဏ်ရာရဟန်ဆောင်ကာ ညည်းညူနေခဲ့ကြသော ခြံဝင်းအတွင်း ပြန့်ကျဲနေသည့် ချန်ဟူစစ်သားများမှာ အသိစိတ် ပြန်လည်ဝင်ရောက်လာကြသည်။ သူတို့က နာကျင်မှုကို အံကြိတ်ခံကာ တုံဟွမ်ကို ကူညီရန် ကမန်းကတန်း ထရပ်လိုက်ကြ၏။ ယခုအချိန်တွင်မူ အခြေအနေများမှာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီဖြစ်ကြောင်း ဟဲရှန့် သိလိုက်သည်။

သူက အမည်မသိလူစွမ်းကောင်းကြီးကို အကြည့်တစ်ချက် ပို့လိုက်ရာ လူစွမ်းကောင်းကြီးက နောက်ဆုံးတွင် တုံဟွမ် ကို လွှတ်ပေးလိုက်ပြီး တုံဟွမ်အား ပင်မတံခါးဆီသို့ လွင့်စင်သွားစေမည့် ကန်ချက်တစ်ချက်ကို ပေးလိုက်၏။

"ထွက်သွားစမ်း... မင်းကို နောက်တစ်ခါ ထပ်တွေ့ရင် နောက်တစ်ခါ ထပ်ရိုက်မယ်..."

"မင်းတို့ အောက်တန်းစား အမှိုက်တွေ။ မင်းတို့လို အသိပညာမရှိဘဲ ရမ်းကားတဲ့ လူမိုက်တွေ။ ငါ တုံဟွမ်က မင်းတို့ကို အပိုင်းပိုင်း ဆွဲဖြဲပြီး ငါ့ရဲ့အမုန်းတရားတွေကို ဖြေဖျောက်ပြမယ်..."

သနားစရာကောင်းသော တုံဟွမ်မှာ အပြင်းအထန် အရိုက်ခံထားရသဖြင့် သူ၏ စကားများမှာ ဗလုံးဗထွေးဖြစ်နေ၏။ သို့သော်လည်း စစ်ဘက်ဆိုင်ရာမိသားစုမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် သူသည် မျက်နှာအပျက်မခံနိုင်ချေ။ မထွက်ခွာမီ သူက နောက်ဆုံး ခြိမ်းခြောက်မှုတစ်ခုကို မပြောဘဲ မနေနိုင်ခဲ့ပေ။

ဟဲရှန့်၏ ဒေါသများက ထောင်းခနဲ ထွက်ပေါ်လာ၏။ သူက တုံဟွမ်အား ပစ်ပေါက်ရန် သူ့ဖိနပ်ကို ချက်ချင်း ချွတ်ရန် ပြင်လိုက်သည်။ ဤအချိန်ရောက်မှသာ တုံဟွမ်သည် ဤလူမှာ ကိုင်တွယ်ရန် ခက်ခဲသော သူတစ်ဦးဖြစ်ကြောင်း နောက်ဆုံးတွင် သတိရသွားပုံရ၏။ ကြောက်လန့်တကြားဖြင့် သူက ခေါင်းကို အုပ်ကာ ချန်ဟူမြင်းတပ်များ၏ အလောတကြီး စောင့်ရှောက်မှုဖြင့် အန္တရာယ်များလှသော နေရာမှ အရှက်တကွဲ ထွက်ပြေးသွားတော့သည်။

သို့သော် သူ့ပုံရိပ်မှာ လမ်းမပေါ်သို့ ရောက်ရှိသွားချိန်တွင်ပင် သူက အရှက်မရှိဘဲ အော်ဟစ်သွားခဲ့သေး၏။

"ဟဲရှန့်... ငါ့ဦးလေးနဲ့ မင်း တွေ့ရမယ့်နေ့ဟာ မင်း မြေမြှုပ်စရာနေရာမရှိဘဲ သေရမယ့်နေ့ပဲ..."

"တောက်... တကယ် အသုံးမကျတဲ့ အမှိုက်ကောင်။ တိုက်ပွဲမှာ မနိုင်တော့ လူကြီးတွေဆီ သွားတိုင်တယ်။ အဲဒီလို အရည်အချင်းမျိုးနဲ့များ မင်းက လူလုံးထွက်ပြရဲသေးတယ်ပေါ့လေ..."

ဟဲရှန့်က သူ့ဖိနပ်ကို ဖြည်းညင်းစွာ ပြန်စွပ်လိုက်ပြီး တုံဟွမ်ကဲ့သို့သော လမ်းဘေး လူမိုက်လေးတစ်ယောက်ကို လုံးဝ အထင်သေးစွာ ပြောလိုက်၏။

အခြေအနေများ နောက်ဆုံးတွင် ငြိမ်သက်သွားသည်ကို မြင်လိုက်ရသောအခါ ချောင်ချောင်၏ မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။ သူက ရုတ်တရက် လက်ကိုဝှေ့ယမ်းကာ သူ့နောက်ကွယ်ရှိ စစ်သားများကို အမိန့်ပေးလိုက်၏။

"မင်းတို့အားလုံး ဆုတ်ခွာကြ... ငါ့အမိန့်မပါဘဲ ဘယ်သူမှ မဝင်လာခဲ့နဲ့..."

စစ်သားများအားလုံး စစ်သေနာပတိချုပ်ကြီးအိမ်တော်မှ ထွက်ခွာသွားပြီးနောက် ချောင်ချောင်သည် ကျောက်ဟွမ်ဖေးတျန်ပေါ်မှ ဆင်းလာခဲ့ပြီး အမှန်တကယ် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ဟဲရှန့်အား စကားပြောလိုက်သည်။

"သခင်လေး... လက်ရှိအခြေအနေအရဆိုရင် ဟဲမိသားစုက အလွန်ကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်..."

"အလွန်ကြီးမားတဲ့အန္တရာယ်ဆိုတာထက် ပိုပါတယ်။ ဒါက မှောက်ကျသွားတဲ့ ငှက်သိုက် တစ်ခုနဲ့ တူနေပြီ။ ဘယ်ဥကများ အကောင်းပကတိ ကျန်နိုင်ဦးမှာလဲ..."

ပြင်ပလူများမရှိတော့သဖြင့် ဟဲရှန့်သည် ချောင်ချောင်နှင့် တရားဝင် စကားပြောဆိုမှုများကို ဘေးဖယ်ထားလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

“တုံကျိုးက ခွေးရူးတစ်ကောင်ပဲ။ လောယန်ကို သူဝင်ရောက်လာတာဟာ ဟန်မင်းဆက်အတွက် ကမောက်ကမဖြစ်မှုရဲ့ အစပါပဲ။ ကျုပ်တို့ ဟဲမိသားစုဟာ ဟန်မင်းဆက်ရဲ့ မိဖုရားရဲ့ဆွေမျိုးတွေအနေနဲ့ တစ်ချိန်က အလွန်ကြီးမားတဲ့ အာဏာကို ကိုင်စွဲထားခဲ့တယ်။ အကယ်၍ တုံကျိုးက စစ်ဘက်အာဏာကို သိမ်းပိုက်ချင်တယ်ဆိုရင် သူက ဟဲမိသားစုကို အရင်ဆုံး ပစ်မှတ်ထားမှာ အသေအချာပါပဲ..."

ဟဲရှန့်၏ ဖြတ်ပြောမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤစကားများကို ကြားလိုက်ရသောအခါ ချောင်ချောင်မှာ သက်သာရာရမှု အနည်းငယ်ကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

“သခင်လေး... ဒီလို ထိုးထွင်းသိမြင်မှုမျိုးနဲ့ဆိုရင် သခင်လေးဟာ တကယ်ကို စစ်ဘက်ဆိုင်ရာမိသားစုက ဆင်းသက်လာသူ တစ်ယောက်ဆိုတာပေါ်လွင်နေပါပြီ။ စစ်သေနာပတိချုပ်ကြီးက ကျွန်တော့်ရဲ့ အကြံပေးချက်ကို နားမထောင်ဘဲ တုံကျိုးကို မြို့တော်ထဲဝင်ခွင့်ပြုခဲ့တာ တကယ့်ကို နှမြောစရာကောင်းပါတယ်... ဟင်း..."

အနာဂတ်စစ်ဗျူဟာရှင်ကြီး ချောင်ချောင်ထံမှ သက်ပြင်းချသံကို ကြားလိုက်ရသောအခါ ဟဲရှန့်၏ ရင်ထဲတွင် ပို၍ပင် လေးလံလာခဲ့၏။ အမှန်တကယ်တော့ တုံကျိုးသည် သူ့ကို ဆင့်ခေါ်ရန် ချောင်ချောင်အား စေလွှတ်လိုက်ခြင်းက သူ့ကို ရိုးရိုးရှင်းရှင်း ချက်ချင်း ကွပ်မျက်မည်မဟုတ်ကြောင်း ဆိုလိုပေသည်။ သို့သော် ၎င်းက သူ၏ အနာဂတ်နေ့ရက်များမှာ လွယ်ကူလိမ့်မည်ဟု မဆိုလိုချေ။ ဆန့်ကျင်ဘက်အနေဖြင့် တုံကျိုး၏ ခွဲခြားသိမြင်နိုင်စွမ်းကပင် ဟဲရှန့်ကို ပို၍ ခေါင်းကိုက်စေခဲ့၏။

ပထမအချက်အနေဖြင့် လောယန်ကို အခုလေးတင် ထိန်းချုပ်လိုက်သော အင်အားကြီးမားသည့် နိုင်ငံရေးအုပ်စုသစ် ဖြစ်သည့် တုံကျိုးအတွက် ဟဲရှန့်သည် ယခင် အစိုးရအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အပြင် ဖိနှိပ်ရမည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ၎င်းသည် သွေးမထွက်ဘဲ သတ်ဖြတ်နိုင်သော ဖိနှိပ်မှုမျိုး ဖြစ်ရမည်။

ထို့အပြင် ဟဲရှန့်သည် သူ့ကို တွေ့ချင်နေသည့် တုံကျိုး၏ အစစ်အမှန် ရည်ရွယ်ချက်ကို အပြည့်အဝ မခွဲခြားနိုင်သေးချေ။ တုံကျိုးသည် ဤတွေ့ဆုံမှုအတွင်း သူ့ကို သတ်ဖြတ်မည် မဟုတ်သော်လည်း စိတ်ပြောင်းလွယ်ပြီး သွေးဆာနေသော ဤသားသတ်သမား လူသတ်သမားတုံ၏ ဂုဏ်သတင်းမှာ အလကားရလာခြင်း ဖြစ်ပါမည်လော။

အကယ်၍ ဤတွေ့ဆုံမှုအတွင်း တုံကျိုးက သူသည် မည်သည့်တန်ဖိုးမျှမရှိဟု ယူဆသွားပါက တုံကျိုးသည် ဟဲမိသားစုကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ အမြစ်ပြတ်သုတ်သင်ရန် သဘာဝကျကျ ဆက်လက် လုပ်ဆောင်ပေလိမ့်မည်။

မိမိ၏ ကိုယ်ပိုင်အသက်ကို တုံကျိုး၏ စရိုက်လက္ခဏာပေါ်တွင် အလောင်းအစား လုပ်ခြင်းမှာ ဟဲရှန့်က လုံးဝမလုပ်ရဲသော လောင်းကြေးတစ်ခုဖြစ်၏။

ထိုမျှမက တုံကျိုးနှင့် မတွေ့ဆုံမီမှာပင် တုံဟွမ်နှင့် ဖြစ်ပွားခဲ့သော ဤရှုပ်ထွေးမှုကြီး ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ တုံဟွမ်သည် တုံကျိုး၏ တူဖြစ်၏။ သူသည် သူ့ဦးလေးထံသို့ ကျိန်းသေပေါက် သွားရောက် တိုင်ကြားပေလိမ့်မည်။ အကယ်၍ တုံကျိုးမှာ ဒေါသထွက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေပါက ဟဲရှန့်အား ချက်ချင်း ကွပ်မျက်ရန် အမိန့်ပေးခြင်းမှာ လုံးဝ ဖြစ်နိုင်ခြေရှိပေသည်။

ဤအချက်ကို တွေးမိသည်နှင့် အချိန်မှာ အလွန်အရေးကြီးနေပြီဖြစ်ကြောင်း ဟဲရှန့် ရုတ်တရက် သဘောပေါက်သွား၏။ တုံဟွမ် မတိုင်ကြားမီ သူက တုံကျိုးကိုအရင် တွေ့ရမည်ဖြစ်သည်။ သို့မဟုတ် အနည်းဆုံးတော့ တုံဟွမ် တိုင်ကြားပြီးပြီးချင်း ချက်ချင်းတွေ့ရမည်ဖြစ်သည်။

သူ့ရင်ထဲတွင် ဗြောင်းဆန်နေသော်လည်း ဟဲရှန့်သည် သူ၏ တည်ငြိမ်မှုကို မဆုံးရှုံးခဲ့ချေ။ ဤအချိန်တွင် တုံကျိုး၏ ရည်ရွယ်ချက်များကိုပင် သူ နားမလည်သေးပေ။ သူ့ကိုတွေ့ရန် နကန်းတလုံးပြေးသွားခြင်းက အချည်းနှီး ဖြစ်ရုံသာမက ကျာအးသိုက်ထဲသို့ ဝင်သွားသော သိုးငယ်တစ်ကောင်ကဲ့သို့ ဖြစ်သွားနိုင်ချေ အလွန်များလှပေသည်။

*တည်ငြိမ်ရမယ်... ငါ အရင်ဆုံး တည်ငြိမ်ဖို့ လိုတယ်…*

ချောင်ချောင်၏ မျက်စိရှေ့မှာပင် ဟဲရှန့်က သူ၏တည်ငြိမ်မှုကို ပြန်လည်ရယူရန် ကြိုးစားလျက် သူ့ပါးပြင်များကို အားပြင်းပြင်းဖြင့် စတင်ရိုက်ပုတ်တော့၏။ သို့သော် သူ လှည့်ကြည့်လိုက်ပြီး ချောင်ချောင်၏ အလွန်ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါ အတွေးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။

"အစ်ကိုမုန့်သဲ... အခု ကျုပ်ထွက်ပြေးဖို့ နောက်ကျသွားပြီလို့ ထင်လား..."

အမှန်တကယ်ပင် သူသည် တုံဟွမ်ကို မသတ်ခဲ့သော်လည်း သူ၏ ထွက်ပြေးမည့် အစီအစဉ်မှာမူ ထိခိုက်မှု မရှိသေးချေ။ ပုရွက်ဆိတ်များပင် အသက်ရှင်လိုကြပြီး တိရစ္ဆာန်များသည် အန္တရာယ် အရိပ်အယောင် ပြသည်နှင့် ထွက်ပြေးကြသည်။ ၎င်းမှာ ဇီဝဗေဒဆိုင်ရာ ဗီဇပင်ဖြစ်၏။ ဤကိစ္စနှင့် ပတ်သက်၍ ဟဲရှန့်မှာ မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှ မခံစားရချေ။

စနစ်က သူတစ်ယောက်တည်း စစ်လီပြည်နယ်မှ လွတ်မြောက်နိုင်ခြေမှာ သုညဖြစ်ကြောင်း ပြသခဲ့သော်လည်း ပြဿနာမှာ သူ့ဘေးတွင် ချောင်ချောင် ရှိနေကြောင်းကို စနစ်က မသိရှိခြင်းပင် ဖြစ်သည်။

သုံးပြည်ထောင်ခေတ်သမိုင်းတွင် ခရီးဝေး အပြေးချန်ပီယံမှာ သံသယဖြစ်ဖွယ်မရှိ လျိုပေ့ပင်ဖြစ်၏။ သို့သော် သခင်ကြီးချောင်မှာလည်း ဤနယ်ပယ်တွင် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။ သမိုင်းတွင် တုံကျိုးထံမှ ခွဲထွက်ကာ စစ်လီပြည်နယ်မှ သူ၏ဇာတိမြို့သို့ တစ်လျှောက်လုံး ထွက်ပြေးခဲ့သူမှာ သူပင် ဖြစ်သည်။

ဤသို့ထွက်ပြေးစဉ်အတွင်း လွီပိုင်ရှီ၏ မိသားစုတစ်ခုလုံးကို အမှားအယွင်းဖြင့် သတ်ဖြတ်ခဲ့ပြီး 'ကမ္ဘာလောကက ငါ့ကို သစ္စာဖောက်တာကိုခံရမယ့်အစား ငါကပဲ ကမ္ဘာလောကကို သစ္စာဖောက်လိုက်မယ်' ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် စကားကို ချန်ရစ်ခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ဟဲရှန့်က ချောင်ချောင်အား မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့်ကြည့်ကာ သူက သူရဲကောင်းဆန်ဆန် ရင်ဘတ်ကိုထုပြီး ဤအရာအားလုံးမှာ ကိစ္စသေးသေးလေးသာ ဖြစ်ကြောင်း အာမခံလိမ့်မည်ဟု မျှော်လင့်နေချိန်တွင် ချောင်ချောင်က သူ့ကို ထူးဆန်းသော အကြည့်တစ်ချက် ထပ်မံ ပေးလိုက်၏။ ထို့နောက် ဖြည်းညင်းစွာ သက်ပြင်းချလျက် သူက ပြောလိုက်သည်။

"ဟဲကျီယွမ်(ဟဲရှန့်ရဲ့အိမ်နာမည်) သခင်လေးဟာ စစ်သေနာပတိချုပ်ကြီးရဲ့ မျိုးဆက်ဖြစ်ပြီး တုံကျိုးရဲ့ မျက်မုန်းကျိုးတာ ခံနေရတဲ့သူပဲ။ သစ်ပင်ရှည်ရင် လေတိုက်ခံရတာပေါ့။ သူက သခင်လေးကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်မထားဘဲ နေပါ့မလား..."

ဟဲရှန့်က ဝမ်းနည်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ချောင်ချောင်၏ အချက်ကို အပြည့်အဝ သဘောတူလိုက်၏။ သမိုင်းတွင် တုံကျိုး၏ လွှမ်းမိုးမှုနယ်ပယ်မှ အောင်မြင်စွာ လွတ်မြောက်ခဲ့သူများမှာ အမျိုးအစား နှစ်မျိုးသာရှိသည်။

ပထမအမျိုးအစားမှာ ယွမ်ရှောက်နှင့် ယွမ်ရှုညီအစ်ကိုများကဲ့သို့သော သူများဖြစ်သည်။ သူတို့သည် နိုင်ငံတစ်ဝှမ်းတွင် တပည့်များနှင့် ယခင် လက်အောက်ငယ်သားများ ပြန့်နှံ့နေသော အင်အားကြီးမားသည့် အထက်တန်းလွှာ မိသားစုများမှ အဖွဲ့ဝင်များဖြစ်ကြပြီး စစ်လီဒေသတွင် သူတို့၏ ခြေလှမ်းများကပင် မြေကြီးကို တုန်လှုပ်သွားစေနိုင်သော ပုဂ္ဂိုလ်များဖြစ်ကြ၏။ ဤ ကျောထောက်နောက်ခံကြောင့်ပင် ယွမ်ရှောက်သည် တုံကျိုးကို ဆန့်ကျင်ရန် ယုံကြည်မှုရရှိခဲ့ပြီးနောက် ဟဲပေဒေသသို့ ဘေးကင်းစွာ ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအမျိုးအစားမှာ ချောင်ချောင်ကဲ့သို့သော လူများဖြစ်၏။ သူတို့သည် တုံကျိုးကို အညံ့ခံဟန်ဆောင်ကာ တုံကျိုးသည် ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေပြီး သတိလက်လွတ်ဖြစ်နေချိန်တွင် စစ်လီပြည်နယ်မှ ရုတ်တရက် အရှိန်ပြင်းစွာဖြင့် ထွက်ပြေးကြခြင်း ဖြစ်သည်။ ဤနည်းလမ်းတွင် ချောင်ချောင်၏ ပါးနပ်သော လှည့်စားမှုပါဝင်သည်မှာ သဘာဝကျသော်လည်း ပို၍ ကြီးမားသော အကြောင်းရင်းမှာ တုံကျိုးသည် ချောင်ချောင်အား သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်ခဲ့ခြင်းကြောင့်ပင်ဖြစ်၏။

သို့သော် သူ ဟဲရှန့်မှာမူ အမှန်တကယ် သနားစရာကောင်းသော အနေအထားတွင် ရှိနေ၏။

ပထမအချက်အနေဖြင့် ဟဲမိသားစုမှာ ရုတ်တရက် ကြီးပွားလာသော မိသားစု တစ်ခုမျှသာ ဖြစ်ပြီး ယခုအခါ ပြိုလဲသွားကာ နောက်လိုက်များလည်း လူစုကွဲသွားကြပြီ ဖြစ်သည်။ သို့သော်လည်း ဟဲမိသားစုသည် တစ်ချိန်က အလွန်ကြီးမားသော စစ်အာဏာကို ကိုင်စွဲထားခဲ့ပြီး စစ်တပ်ကို ထိန်းချုပ်ထားခဲ့၏။ ဤအချက်က တုံကျိုးကို မျက်လုံးနှစ်လုံးစလုံးဖြင့် ဟဲရှန့်အား စိုက်ကြည့်နေစေရန် ဆန္ဒရှိစေခဲ့သည်။ ဟဲရှန့် သူ့အိမ်တော်မှ အပြင်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တုံကျိုးထံသို့ သတင်းပို့ချက် ရောက်ရှိသွားမည်မှာ သေချာသလောက်ပင် ဖြစ်၏။

အမှန်တကယ်တော့ ယနေ့ တုံဟွမ်က စစ်သေနာပတိချုပ်ကြီးအိမ်တော်တွင် ကမောက်ကမဖြစ်အောင် လုပ်ခဲ့သည့် ဖြစ်ရပ်တွင် ဤအချက်များ ပါဝင်နေနိုင်ခြေ ရှိပေသည်။ သို့မဟုတ်ပါက လောယန်ရှိ ယုံဟယ်လမ်းကြား နှင့်ပုကွမ်လမ်းကြားတို့မှ ချမ်းသာပြီး ခမ်းနားလှသော အိမ်တော်များ၊ ချန်ဟူမြင်းတပ်များ လုယက်ရန် ပို၍ ချမ်းသာသော ပစ်မှတ်များ ရှိနေပါလျက်နှင့် တုံဟွမ်သည် စစ်သေနာပတိချုပ်ကြီးအိမ်တော်သို့ အဘယ်ကြောင့် အထူးတလည် ရွေးချယ်လာခဲ့မည်နည်း။

သမိုင်းကိုပြောင်းလဲပြီး မုန်တိုင်းများ ဖန်တီးရန် ကံကြမ္မာပါလာသော ကူးပြောင်းသူ တစ်ဦးအနေဖြင့် အလွန်အင်အားကြီးမားလှသော တုံကျိုးကို ချက်ချင်း ထိပ်တိုက်ရင်ဆိုင်သင့်သည်ဟု ခိုင်မာစွာ ယုံကြည်ခြင်းဟူသော အတွေးနှင့် ပတ်သက်၍မူ ဟဲရှန့် စဉ်းစားကြည့်လိုက်၏။ ထိုအရာက ရဲရင့်မှု သို့မဟုတ် ယုံကြည်မှု မဟုတ်ဘဲ မိုက်မဲမှုသာဖြစ်သည်။

ထွက်ပြေးရန် မဖြစ်နိုင်တော့သဖြင့် ကျန်ရှိနေသော တစ်ခုတည်းသော ဗျူဟာမှာ 'တည်ငြိမ်မှသာ ငါတို့ နိုင်မယ်'။ ဆိုလိုသည်မှာ ဟဲရှန့်အနေဖြင့် တုံကျိုး၏ စောင့်ကြည့်မှုအောက်တွင် ယာယီဆက်နေရမည်ဖြစ်ပြီး ထို့အပြင် တုံကျိုးအား သူသည် အလွန်တန်ဖိုးရှိကြောင်း ယုံကြည်လာစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

နောက်ဆုံးတွင် ထိုတန်ဖိုးမှာ ဟဲရှန့်က သူ့တူကို ရိုက်နှက်ခဲ့သည့်အချက်ကို တုံကျိုး သည်းခံနိုင်လောက်အောင် ကြီးမားရမည် ဖြစ်၏။

*ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒါက အဖြေမရှိတဲ့ ငရဲဘုံရဲ့ ရွေးချယ်စရာ မေးခွန်းကြီးပဲ…*

သို့သော် ထိုမျှကြီးမားလှသော တန်ဖိုးကို ပေးစွမ်းရန် လိုအပ်ကြောင်း တွေးမိလိုက်သည်နှင့် ဟဲရှန့်မှာ သူ၏ ဆံပင်အပြည့်ရှိသော ခေါင်းကို အားပြင်းပြင်းဖြင့် ဆွဲဆုပ်ကာ ရူးသွားမည့်သူအလား မဖြစ်ဘဲ မနေနိုင်တော့ချေ။

အနီးတွင် ရပ်နေသော အမည်မသိလူစွမ်းကောင်းကြီး နှင့်ချောင်ချောင်တို့မှာ သနားကရုဏာ သက်သွားပြီး နှစ်သိမ့်စကားများ ပြောရန် ပြင်လိုက်ကြ၏။ သို့သော် မည်သူမျှ စကားမပြောနိုင်မီ ဟဲရှန့်က သူ၏ ရူးသွပ်သော လှုပ်ရှားမှုများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ချောင်ချောင် ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"အစ်ကိုမုန့်သဲ... ကျုပ်ကို ပြောပြပါဦး... တုံကျိုး အခုလောလောဆယ် အလိုအပ်ဆုံး အရာကဘာလဲ..."

ဤမေးခွန်းက ချောင်ချောင်ကို တုံ့ဆိုင်းသွားစေခဲ့၏။

သူသည် ပြိုင်ဘက်ကင်းသော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသော်လည်း လွန်ခဲ့သော ရက်များအတွင်း သူ့စိတ်ထဲတွင် ဟန်မင်းဆက်၏ ရှင်သန်ရပ်တည်ရေး၊ ပြည်သူလူထု၏ ဆင်းရဲဒုက္ခများ၊ နန်းတွင်း လျှို့ဝှက်ကြံစည်မှုများနှင့် ချောင်မိသားစု၏ လုံခြုံရေးတို့အတွက် စိုးရိမ်ပူပန်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူပုန်တုံကျိုး၏ ရှုထောင့်မှနေ၍ ပြဿနာကို ကြည့်ရှုရန် ဟဲရှန့်က ရုတ်တရက် မေးလာသောအခါ သူမှာ တစ်ခဏမျှ တုံ့ပြန်နိုင်ခြင်း မရှိဖြစ်သွားခဲ့၏။

သို့သော် သခင်ကြီးချောင်မှာ မည်သို့ပင်ဆိုစေကာမူ အမတ်တစ်ဦးပင်ဖြစ်သည်။ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူက တွန့်ဆုတ်စွာဖြင့် စတင်ပြောဆိုလိုက်၏။

"အကယ်၍ ကျွန်တော်တို့က နယ်စပ်စစ်သည်တော် တုံကျိုးရဲ့ မျက်လုံးတွေကနေကြည့်မယ်ဆိုရင် သူ အခုလောလောဆယ် အလိုအပ်ဆုံးအရာက စစ်ဘက်အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားဖို့ မဟုတ်ဘူးလား..."

"အတိအကျပဲ... စစ်အာဏာကိုသာ ခိုင်မြဲစွာ ဆုပ်ကိုင်ထားတယ်ဆိုတာက တည်ငြိမ်မှုပဲ..."

ဟဲရှန့်၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင်

အနည်းငယ် ရှင်းလင်းသွားပြီး ထူထပ်သော မြူခိုးများကြားမှ အလင်းတန်း

တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။

"တည်ငြိမ်မှုက အရာအားလုံးထက် အရေးကြီးတယ်။ ပြီးတော့ တရားဝင် နည်းလမ်းတွေနဲ့ ရရှိလာတဲ့ တည်ငြိမ်မှုဟာ ခြိမ်းခြောက်တာတွေ၊ လာဘ်ပေးလာဘ်ယူ လုပ်တာတွေကနေရလာတဲ့ တည်ငြိမ်မှုထက် အများကြီး ပိုပြီး ယုံကြည်စိတ်ချရတယ်..."

All Chapters