အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃) ခန်းမဆောင်အတွင်းမှ စစ်ဗျူဟာရှင်နှစ်ဦး
"ဟဲရှန့်... မင်းက ငါနဲ့ငါ့ဦးလေး ကြားမှာ ရန်တိုက်ပေးတယ်။ တစ်နေ့ကျရင် မင်းရဲ့ အသားတွေကို ငါ အရှင်လတ်လတ် စားပြမယ်ကွ..."
ခွေးသေတစ်ကောင်အလား အပြင်သို့ ဆွဲထုတ်ခံရချိန်တွင် တုံဟွမ်မှာ နောက်ဆုံးအချိန်အထိ ခေါင်းမာနေဆဲဖြစ်ရာ ဟဲရှန့်မှာ သူ့ကို မချီးကျူးဘဲ မနေနိုင်အောင်ပင်ဖြစ်သွားရ၏။
သို့သော် ဟဲရှန့်က ဂရုမစိုက်ချေ။ လောယန်တွင် တစ်သက်လုံးနေထိုင်ပြီး အမြဲတမ်း ကြောက်ရွံ့မှုများဖြင့် အသက်ရှင်သွားရန် သူ့တွင် ရည်ရွယ်ချက် မရှိပေ။ ယခု တုံဟွမ်ကို စော်ကားလိုက်ခြင်းမှာ ကိစ္စသေးသေးလေး တစ်ခုသာဖြစ်၏။ သူသည် ဟန်ကူးတောင်ကြားလမ်း၏ အရှေ့ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားချိန်တွင် ဤဖြစ်ရပ်အကြောင်းကို ကြွားဝါနိုင်ပြီး တုံကျိုးကို လှည့်စားနိုင်ခဲ့သည့် ကြီးမားသော ဂုဏ်သတင်းတစ်ခုအဖြစ် အသုံးပြုနိုင်ပေသေးသည်။
ကိစ္စများပြီးဆုံးသွားပြီဖြစ်၍ လက်ခါပြီး အိမ်ပြန်နိုင်ပြီဟု ဟဲရှန့် ထင်မှတ်လိုက်ချိန်မှာပင် ဘေးမှနေ၍ မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်နေခဲ့သော အရောင်ရင့်ရင့် ဝတ်ရုံဝတ်ထားသည့် ပညာရှင်က ရုတ်တရက် ထပ်မံ စကားပြောလာခဲ့၏။
"စစ်ခုံး... ကျွန်တော်ရဲ့ နှိမ့်ချရတဲ့အမြင်အရဆိုရင် ဟဲမိသားစုရဲ့ ဒီမျိုးဆက်ဟာ ကျားပေါက်လေး တစ်ကောင်လိုပါပဲ။ အသိပညာရော ဖြောင့်မတ်တည်ကြည်မှုရော နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပြီး တကယ့်ကို တိုင်းပြည်ရဲ့ မဏ္ဍိုင်တစ်ခုပါပဲ။ ဒီလို အရည်အချင်းရှိတဲ့ ပုလဲတစ်လုံးကို ဖုန်တက်ခံထားရအောင် စစ်ခုံးက ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..."
“ရူ…”
“လီရူ ... လီဝမ်ယု …”
“မင်းရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်ကို ဆဲတယ်ကွ။ လီရူ ... ခွေးကောင်... မင်းက ဘာလို့ ငါ့ကို အရင်ကူညီပြီးမှ ဒုက္ခပြန်ပေးဖို့ ကြိုးစားရတာလဲ။ တုံကျိုးကို ငါ့အတွက် တရားဝင်ရာထူးတစ်ခု ထောက်ခံပေးခိုင်းတာဟာ ငါ့ကို တုံကျိုးရဲ့ နှာခေါင်းအောက် တည့်တည့်မှာ သွားထားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား*
*ဒါဆိုရင် ငါက ဘယ်လိုလုပ် ထွက်ပြေးရတော့မလဲ…*
ခန်းမဆောင်ထိပ်သို့ ပြန်ရောက်နေပြီဖြစ်သော တုံကျိုး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့သွား၏။ သို့သော် ဟဲရှန့်ကို ရင်ဆိုင်ရချိန်တွင် သူ၏ဟန်ပန်မှာ ရုတ်တရက် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။ သူ့မျက်လုံးများတွင် ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်၏။
"ဟဲကျီယွမ်.. မင်းက ငါ့ဆီမှာ အညံ့ခံဖို့ ဆန္ဒရှိလား..."
(ဟဲကျီယွမ်ဆိုတာက ဟဲရှန့်ရဲ့ အရွယ်ရောက်အခမ်းအနားမှာပေးတဲ့ ဂုဏ်ပြုနာမည်ပါ။ မိတ်ဆွေချင်းဆိုလျှင် ဂုဏ်ပြုသည့်သဘောပါပြီး၊ ရန်သူချင်ဆိုလျှင် ကျိန်ဆဲသည့်သဘောပါသည်။ ဟန်မင်းဆက်အပါအဝင် အခြားမင်းဆက်တွေမှာလည်း ဒီထုံးတမ်းကရှိပါတယ်။ ယောင်္ကျားလေး အသက်(၂၀)ပြည့်လျှင် အရွယ်ရောက်အခမ်းအနားလုပ်ပါတယ်။)
ဤမေးခွန်းကို သွယ်ဝိုက်၍ မေးခြင်း မဟုတ်ဘဲ တိုက်ရိုက်နှင့် ပြတ်သားစွာ မေးလိုက်ခြင်း ဖြစ်၏။ တုံဟွမ်နှင့် ဖြစ်ပွားခဲ့သော ဟာသဇာတ်လမ်းအပြီးတွင် ဟဲရှန့်အပေါ် သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
*ငါက မင်းမေဂျီးတော် ဘိုးဘေးတွေဆီမှာပဲ သွားပြီး အညံ့ခံလိုက်မယ်။ မင်းလို ဖက်တီးကြီးက ငါ့ရဲ့စေ့စပ်ထားတဲ့ မိန်းမမှ မဟုတ်တာ... 'ကျွန်တော် ဆန္ဒရှိပါတယ်' လို့ ပြောခိုင်းရအောင် မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ…*
ဤအခိုက်အတန့်တွင် ဟဲရှန့်၏ ရင်ထဲ၌ မြင်းကောင်ရေ တစ်သောင်းခန့် ပြေးလွှားသွားသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် တုံကျိုး၏ အသံထဲရှိ အဆိပ်ပြင်းသောလေသံကို သူ ရှင်းလင်းစွာ ကြားလိုက်ရသောအခါ ဆုတ်ခွာရန် နေရာ လုံးဝမရှိတော့ကြောင်း သူ သိလိုက်သည်။ သူက ဝမ်းသာဟန်ဆောင်ကာ လက်အုပ်ချီ၍ ပြောလိုက်ရ၏။
"တူတော်က ဆန္ဒရှိပါတယ်... ဒါပေမဲ့..."
ဟဲရှန့် စကားမဆုံးမီမှာပင် တုံကျိုးက စိတ်မရှည်စွာ လက်ဝှေ့ယမ်းကာ သူ့ကို ဖြတ်ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင်လည်း နန်းတွင်းကို အသနားခံစာတင်ပြီး မင်းကို နန်းတွင်းအရာရှိရာထူးအတွက် ထောက်ခံပေးမယ်..."
နန်းတွင်းအရာရှိဆိုသည်မှာ ဧကရာဇ်မင်းမြတ်၏ အနီးကပ်အစေခံအဖြစ် တာဝန်ထမ်းဆောင်ရသော လန်အရာရှိ အမျိုးအစားတစ်ခုဖြစ်၏။ ၎င်း၏ အဆင့်မှာ စပါး ၆၀၀ တန်နှင့် ညီမျှသည်။ ၎င်း၏ တာဝန်များတွင် ရထားလုံးများ၊ မြင်းတပ်များနှင့် တံခါးများကို စီမံခန့်ခွဲခြင်း ပါဝင်ပြီး ဧကရာဇ်မင်းမြတ်၏ အစောင့်အကြပ်နှင့် အခြံအရံအဖြစ် တာဝန်ထမ်းဆောင်ရသည်။ ဤကဲ့သို့သော ရာထူးမှာ အထူးသဖြင့် ဟဲရှန့်အတွက် အလွန်မြင့်မားခြင်းမရှိသလို အလွန်နိမ့်ကျခြင်းလည်း မရှိချေ။ သူ့အတွက် ဤသည်မှာ အမှန်တကယ်ပင် တုံကျိုး၏ ရာထူးတိုးပေးမှုနှင့် ပြုစုပျိုးထောင်ပေးမှု ဖြစ်ပေသည်။
ဟဲကျင်း အသက်ရှင်စဉ်က သူသည် သားသတ်သမားဘဝမှ နန်းတွင်းကို လွှမ်းမိုးနိုင်သော အင်အားကြီးမားသည့် စစ်သေနာပတိချုပ်ကြီးတစ်ဦးအဖြစ်သို့ တက်လှမ်းလာခဲ့သူဖြစ်၏။ ထို့ကြောင့် သူသည် အမြဲတမ်း စိုးရိမ်ပူပန်နေပြီး သတိကြီးစွာနှင့် မထင်မရှား နေထိုင်လေ့ရှိသည်။ သူသည် ဟဲရှန့်အပေါ်တွင်လည်း အလွန်တင်းကျပ်ပြီး စစ်သေနာပတိချုပ်ရုံးတွင် စပါး၃၀၀ တန် သာရရှိသော အရာရှိငယ်တစ်ဦးအဖြစ်သာ တာဝန်ထမ်းဆောင်ခွင့် ပြုခဲ့သည်။
ယနေ့ တုံကျိုးက ဟဲရှန့်အား အဆင့် ၃၀၀ တန် အရာရှိငယ်တစ်ဦးမှ အဆင့် ၆၀၀ တန် နှင့် ညီမျှသော နန်းတွင်းအရာရှိအဖြစ်သို့ ရာထူးတိုးပေးလိုက်၏။ ဤသည်မှာ အရည်အချင်းရှိသူများကို ဂုဏ်ပြုခြင်းဖြစ်ပြီး ကြီးမားလှသော သဘောထားကြီးမှုနှင့် အမြော်အမြင်ကို ပြသနေခြင်း အမှန်တကယ်ပင် ဖြစ်ပေသည်။
သို့သော် ဤအခိုက်အတန့်တွင် ခေါင်းငုံ့ထားသော ဟဲရှန့်၏ မျက်နှာအမူအရာမှာ အလွန်တရာ မှိုင်းညို့နေ၏။
အကယ်၍ ဟဲရှန့်သာ သမိုင်းထဲက ဟဲရှန့်အစစ် ဖြစ်ခဲ့မည်ဆိုပါက သူသည် တုံကျိုး၏ ကြီးမားလှသော သဘောထားကြီးမှုကို အမှန်တကယ် လေးစားပြီး သဘောကျသွားမည်ဖြစ်၏။ သို့သော် ရေတွက်မရနိုင်သော နောင်ခေတ် ရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများ၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရသော ကူးပြောင်းလာသူ ဟဲရှန့်ကမူ တုံကျိုး၏ ရာထူးတိုးပေးမှု နောက်ကွယ်မှ အဆိပ်ပြင်းသော သဘာဝကို တစ်ချက်တည်းဖြင့် မြင်သွားခဲ့သည်။
နန်းတွင်းတွင် နန်းတွင်းအရာရှိတစ်ဦးဖြစ်လာသည်နှင့် သူ၏ လှုပ်ရှားမှုတိုင်းမှာ တုံကျိုး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်၏။ စစ်လီပြည်နယ်မှ ထွက်ပြေးမည့် သူ၏အစီအစဉ်မှာ ပူဖောင်းတစ်ခုအလား လုံးဝ ပျောက်ကွယ်သွားမည်သာမက သူသည် အမြီးကုတ်ကာ အချိန်တိုင်း လိမ္မာရေးခြားရှိစွာ နေထိုင်ရတော့မည်ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ လက်ရှိ နန်းတွင်းအရာရှိများ၏ တိုက်ရိုက် အထက်လူကြီးဖြစ်သော နန်းတွင်းအရာရှိချုပ်မှာ မည်သူ ဖြစ်သနည်း။
ဟဲရှန့်က သူ့ဘေးရှိ တည်ငြိမ်နေသော အရောင်ရင့်ရင့် ဝတ်ရုံဝတ်ထားသည့် လီရူကို သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး လေးနက်သော သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ချေ။ ဟုတ်ပေသည်။ လက်ရှိ နန်းတွင်းအရာရှိချုပ်မှာ အခြားသူမဟုတ်ဘဲ တုံကျိုး၏ ယုံကြည်စိတ်ချရသော စစ်ဗျူဟာမှူး လီရူပင်ဖြစ်၏။
(နန်းတွင်းအရာရှိချုပ်ရာထူးကို နန်းတွင်းရေးရာနှင့် လုံခြုံရေးဆိုင်ရာအရာရှိချုပ်လို့လည်းခေါ်ပါတယ်)
ဤကမောက်ကမခေတ်သို့ အခုလေးတင် ရောက်ရှိလာသော သူလို အတွေ့အကြုံမရှိသေးသူ တစ်ယောက်အနေဖြင့် ဟန်မင်းဆက်နှောင်းပိုင်း သုံးပြည်ထောင်ခေတ်တွင် ပထမဆုံးပေါ်ထွက်လာသော ဤအဓိက စစ်ဗျူဟာမှူးကြီးကို ဉာဏ်ရည်ခြင်း ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ သေလမ်းရှာနေခြင်း သက်သက်သာဖြစ်သည်။
ဤအခိုက်အတန့်ရောက်မှသာ ဟဲရှန့်က အပြည့်အဝ နားလည်သွားတော့၏။ ယနေ့ တုံကျိုးက သူ့ကို ဆင့်ခေါ်ခြင်းမှာ ဤအခိုက်အတန့်အတွက်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ့ကို အာဏာမရှိသော နာမည်ခံရာထူးတစ်ခု ပေးပြီး လီရူ၏ စောင့်ကြည့်မှု အောက်တည့်တည့်တွင် ထားရှိရန်ဖြစ်၏။ ဤနည်းဖြင့် တုံကျိုးသည် အရည်အချင်းရှိသူများကို ရာထူးတိုးပေးသည်ဟူသော ဂုဏ်သတင်းကို ရရှိရုံသာမက ဟဲမိသားစုနှင့် ဆက်နွယ်နေသော စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ကိုယ်ပိုင်တပ်ဖွဲ့များကိုလည်း တရားဝင်ပြန်လည်ဖွဲ့စည်းကာ သိမ်းပိုက်နိုင်မည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဟဲရှန့်မှာ ထပ်မံ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သမိုင်းတွင် နာမည်ကျန်ရစ်ခဲ့သူများမှာ တကယ်ကို ဆီကုန်သက်သာသည့် မီးခွက်တစ်လုံးများ (သာမန်လူများ) မဟုတ်ကြပါတကား။
ကံကောင်းထောက်မစွာဖြင့် စစ်ခုန်းအိမ်တော်သို့ မဝင်ရောက်မီကပင် ဟဲရှန့်သည် ‘မီးခွက်ကိုမှုတ်ပြီး မီးစာကို ချိုးဖျက်ရန်’ ပြည့်စုံသော ပြင်ဆင်မှုများကို လုပ်ဆောင်ထားပြီးဖြစ်၏။
တုံကျိုး၏ အပြစ်အနာအဆာ ကင်းလှသော အဆိပ်ပြင်းသည့် အကြံအစည်ကို ရင်ဆိုင်ရချိန်တွင် သူက မြေပြင်ပေါ်၌ ချက်ချင်း ဝပ်တွားလိုက်ပြီး ရိုးသားပြီး စိတ်အားထက်သန်သော ကျေးဇူးတင်စကားဖြင့် အော်ဟစ်လိုက်သည်။
"စစ်ခုံးရဲ့ ကျေးဇူးတော်အတွက် ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်။ ယနေ့ ကျေးဇူးတရားအတွက် ကျွန်တော်ဟဲရှန့်က မီးနဲ့ရေကို ဖြတ်ပြီး ခွေး ဒါမှမဟုတ် မြင်း တစ်ကောင်လို သစ္စာရှိရှိ အမှုထမ်းကာ ပြန်လည်ပေးဆပ်ပါ့မယ်..."
ဤစကားကို ကြားလိုက်ရသောအခါ တုံကျိုး၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အောင်ပွဲခံသည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ ဟဲရှန့်အား ထရပ်စေရန်နှင့် အားပေးစကားများပြောရန် သူ့လက်ကို ဝှေ့ယမ်းတော့မည့် ဆဲဆဲတွင် ဟဲရှန့်က သူ၏ ခေါင်းကို ထပ်မံမော့လိုက်ပြီး စိတ်ပျက်အားငယ်မှု၊ ဝေခွဲမရဖြစ်မှုနှင့် သည်းမခံနိုင်လောက်အောင် နာကျင်မှုများ ပြည့်နှက်နေသော မျက်နှာတစ်ခုကို ပြသလိုက်သည်။
“ဒါပေမဲ့ စစ်ခုံးရဲ့ နက်ရှိုင်းလှတဲ့ ကျေးဇူးတရားကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်မခံနိုင်ပါဘူး..."
တုံကျိုး၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း အေးခဲသွားပြီးနောက် ထိန်းချုပ်၍မရသော ရူးသွပ်သည့် သတ်ဖြတ်လိုစိတ်များ ဝင်ရောက်လာ၏။ သူက စားပွဲကို ရိုက်ကာ မတ်တတ်ရပ်လိုက်သည်။
"ဟဲရှန့်... ငါက မင်းကို မသတ်ရဲဘူးလို့ မင်း ထင်နေတာလား..."
ဤအချိန်တွင် ဟဲရှန့်အပေါ် တုံကျိုး၏ နောက်ဆုံးကျန်ရှိနေသော သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားပြီဖြစ်ပြီး သူ၏ သတ်ဖြတ်လိုစိတ်မှာလည်း ဖုံးကွယ်မထားနိုင်တော့ချေ။ သို့သော် ဟဲရှန့်မှာ ကြောက်ရွံ့ပြီး အလောတကြီး ဖြစ်နေသည့် အမူအရာဖြင့် သူ၏ ခေါင်းကို မြေပြင်နှင့် ထိလုနီးပါး ဦးညွှတ်လျက် ရှိနေသေး၏။
“စစ်ခုံး... ကျွန်တော့်ရဲ့ ပြစ်မှုကို ခွင့်လွှတ်ပေးပါ။ ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ အကြိမ်တစ်ထောင်မက ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ဖခင်က ဆုံးပါးသွားခဲ့ပြီဖြစ်လို့ သူ့အတွက် ဝမ်းနည်းပူဆွေးရမယ့် ကာလကို ကျွန်တော် စောင့်ထိန်းရပါမယ်။ သည်ကာလအတွင်းမှာ နန်းတွင်းရာထူးတစ်ခုကို ကျွန်တော် လက်ခံလို့ မရပါဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တုံကျိုးမှာ ဒေါသကြောင့် ချက်ချင်း အသက်ရှူကျပ်သွားပြီး လေပေါက်သွားသော ပူဖောင်းတစ်ခုအလား သူ့ထိုင်ခုံပေါ်သို့ ပြန်လည် ကျဆင်းသွားတော့၏။ ဘေးပတ်လည်တွင် ထိုင်နေကြသူများပင်လျှင် စကားမပြောနိုင်အောင် ဖြစ်သွားကြပြီး ဟဲရှန့်တွင် ဤကဲ့သို့သော အဆုံးအဖြတ်ပေးနိုင်မည့် ဖဲချပ်တစ်ခု ရှိနေသေးမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
တရုတ်ပြည်သည် 'ဘိုးဘေးများ၏ အစဉ်အလာများ' ကို အလွန်တန်ဖိုးထားသော နိုင်ငံတစ်ခု ဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော်ကို မိဘကို ရိုသေခြင်းနှင့် ဓလေ့ထုံးတမ်းများဖြင့် အုပ်ချုပ်ခဲ့သော ဟန်မင်းဆက်ကာလတွင် ပို၍ပင် မှန်ကန်ပေသည်။ အရာအားလုံးကို နန်းတွင်းဥပဒေများ သို့မဟုတ် ယခင်မင်းဆက်များမှ အစဉ်အလာများအတိုင်း လိုက်နာရမည် ဖြစ်၏။
ဤအစဉ်အလာများကို လိုက်နာစောင့်ထိန်းမှု၏ လွှမ်းမိုးမှုကို လျစ်လျူရှု၍ မရနိုင်ချေ။ နောက်ပိုင်းတွင် တုံကျိုးသည် အကြွင်းမဲ့အာဏာကို ကိုင်စွဲထားပြီး ဧကရာဇ်၏ ဩဇာအာဏာကို ခြေဖဝါးအောက်တွင် နင်းခြေနိုင်ခဲ့ချိန်တွင်ပင် ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူတိုင်းက အသိအမှတ်ပြု လက်ခံထားသော ဤအစဉ်အလာကို မစိန်ခေါ်ရဲခဲ့ချေ။
ထို့အပြင် ဖခင်သေဆုံးချိန်တွင် သားဖြစ်သူက ဝမ်းနည်းပူဆွေးမှုကာလကို စောင့်ထိန်းရမည့် အစဉ်အလာမှာ နိုင်ငံတော်ကို သက်ရောက်မှုရှိစေသော ဓလေ့ထုံးတမ်း စနစ်၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်၏။ ထို့ကြောင့် ဝမ်းနည်းပူဆွေးရမည့် ကာလကြောင့် နန်းတွင်းရာထူးတစ်ခုကို လက်မခံနိုင်ကြောင်း ဟဲရှန့်က ပြောလိုက်သောအခါ တုံကျိုးတွင် ၎င်းကို ငြင်းပယ်ရန်ဆင်ခြေ လုံးဝ မရှိသလောက် ဖြစ်သွားခဲ့သည်။
တစ်ခဏအတွင်း ဟဲရှန့်မှာ ထက်မြက်သော လက်ဝှေ့သမားတစ်ဦးအလား တုံကျိုးအား ရွေးချယ်စရာ လမ်းစွန်းသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွား၏။ မတည်ငြိမ်သော အချက်တစ်ခုဖြစ်သည့် ဟဲရှန့်၏ တည်ရှိမှုကို ဆက်လက် သည်းခံမည်လား၊ သို့မဟုတ် မြေပုံအဆုံးရှိ ဓားမြှောင်ကို ထုတ်ပြပြီး ပြဿနာကို တစ်ကြိမ်တည်းနှင့် အပြီးအပြတ် ဖြေရှင်းပစ်မည်လား ဆိုသည်ပင်။
ထို့ကြောင့် သဘောပေါက်သွားပြီးနောက် တုံကျိုး၏ ကျဉ်းမြောင်းသော မျက်လုံးများထဲရှိ အကြည့်များမှာ သတ်ဖြတ်ခြင်းနှင့် အလျှော့ပေးခြင်း ကြားရှိ ပဋိပက္ခများဖြင့် တဖြည်းဖြည်း တောက်ပလာခဲ့၏။ ခန်းမဆောင်ကြီး တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး အနာဂတ်တွင် သစ္စာဖောက်သူရဲကောင်းဖြစ်လာမည့် ချောင်ချောင်ပင်လျှင် ဤအခိုက်အတန့်၌ အလွန်တည်ကြည်လေးနက်သော မျက်နှာအမူအရာ ဖြစ်နေသည်။
တိတ်ဆိတ်နေသော ဟဲရှန့်၏ နားထင်များပေါ်တွင်မူ ချွေးစေးလေးများ စတင်စီးကျလာနေပြီဖြစ်၏။ ဤတစ်ကြိမ်တွင် သူသည် အလွန်ကြီးမားသော လောင်းကြေးတစ်ခုကို ထပ်လိုက်မိပြီဖြစ်ကြောင်း သူ သိနေသည်။ သမိုင်းတွင် ရက်စက်ကြမ်းကြုတ်သော တုံကျိုးအား ရွေးချယ်စရာများကို အေးဆေးစွာ ချိန်ဆစေခြင်းမှာ တုံကျိုး၏ ရက်စက်မှုကို ထုတ်ဖော်ပြသရန် တွန်းအားပေးနေခြင်းနှင့် အတူတူနီးပါးပင် ဖြစ်၏။
ထင်သည့်အတိုင်းပင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်အကြာတွင် တုံကျိုးသည် သူ့ရင်ထဲရှိ ရက်စက်ကြမ်းကြုတ်သော ဒေါသများကို နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ချေ။ သူ၏ မျက်လုံးများမှာ အေးစက်သွားပြီး ဒေါသများဖြင့် ပြည့်နှက်သွား၏။ သူက ရှေ့သို့ ကိုင်းလာပြီး သူ၏ပါးလွှာပြီး အေးစက်သော နှုတ်ခမ်းများမှာ တွန့်ကွေးကာ ဟဲရှန့်အား ကွပ်မျက်ရန် အမိန့်ကို ထုတ်ပြန်တော့မည့် ဆဲဆဲတွင်ပင်…
ဤအရေးကြီးသော အခိုက်အတန့်တွင် ခန်းမဆောင်အတွင်း၌ အသံတစ်ခုက အေးဆေးသာယာစွာ လွင့်ပျံလာခဲ့၏။
"စစ်ခုံး... သခင်လေးဟဲရဲ့ မိဘကို ရိုသေမှုနဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်နာစောင့်ထိန်းမှုက သဘာဝကျကျ ချီးကျူးသင့်ပါတယ်။ ဒါပေမဲ့ ဟန်နန်းတွင်းဟာ ကြီးမားတဲ့ ကမောက်ကမ ဖြစ်မှုတွေအပြီးမှာ အခုမှ တည်ငြိမ်စ ပြုလာတာပါ။ နိုင်ငံတော်အတွင်းမှာ ဓားပြတွေက နေရာတိုင်းမှာ ထကြွနေပါတယ်။ ဒါဟာ တကယ့်ကို နိုင်ငံတော်ရဲ့ အကျပ်အတည်း ကာလပါပဲ။ ခုလို အချိန်မျိုးမှာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ ပံ့ပိုးပေးဖို့ သခင်လေးဟဲလို မိဘကို ရိုသေပြီး ဖြောင့်မတ်တည်ကြည်တဲ့ လူတွေကို ကျွန်တော်တို့ အတိအကျ လိုအပ်နေပါတယ်..."
ဟဲရှန့်မှာ အသံလာရာဆီသို့ မကြည့်ဘဲ မနေနိုင်တော့ချေ။ ခန်းမဆောင်၏ ထောင့်တစ်နေရာတွင် ဒူးထောက်နေသော အသက်လေးဆယ်ခန့်အရွယ် လူတစ်ယောက်ကို သူ မြင်လိုက်ရ၏။ ဟန်မင်းဆက်ကာလတွင် ဤကဲ့သို့သော အသက်အရွယ်ကို သက်ကြီးရွယ်အို တစ်ဦးဟုပင် သတ်မှတ်နိုင်ပေသည်။ သို့သော် ဤလူတွင် ကျဲပါးသော မုတ်ဆိတ်မွေး ရှိသော်လည်း သူသည် ဦးထုပ်မြင့်မြင့်ကို ဆောင်းထားပြီး ဓားရှည်ကို ကိုင်ဆောင်ထားကာ ခေါင်းလောင်း တစ်လုံးအလား ငြိမ်သက်စွာထိုင်နေပြီး မသေမျိုးတစ်ဦး၏ ကျက်သရေမျိုးကို ပိုင်ဆိုင်ထား၏။
သူ၏ ပိန်ပါးသော မျက်နှာပေါ်တွင် တစ်ဝက်ပွင့်ပြီး တစ်ဝက်ပိတ်နေသော မျက်လုံးတစ်စုံက ထက်မြက်သော အလင်းရောင်ဖြင့် တောက်ပနေသည်။ သူက လှည့်၍ ဟဲရှန့်ကို လှမ်းကြည့်လိုက်သောအခါ သူ့အကြည့်များမှာ ရှေးဟောင်း ရေကန်တစ်ခုအလား တည်ငြိမ်နေ၏။
တုံကျိုး၏ ထွက်ပေါ်လာတော့မည့် သတ်ဖြတ်လိုစိတ်မှာ ဤလူ၏ စကားများကြောင့် ရပ်တန့်သွားခဲ့သည်။ သူက ခေါင်းကို လှည့်ကာ သိသာထင်ရှားသော မကျေမနပ်ဖြစ်မှုဖြင့် မေးလိုက်၏။
"ဝမ်ဟယ်... မင်းရဲ့ ဒီစကားက ဘာကို ဆိုလိုချင်တာလဲ..."
*ဝမ်ဟယ် ... ကျားဝမ်ဟယ် ... ကျားရှ ... ဤခေတ်ကာလ၏ ထိပ်တန်းအကျဆုံး လိမ္မာပါးနပ်သော ပူးပေါင်းကြံစည်သူများထဲမှ တစ်ဦး…*
အခန်း (၁၄) ဖျက်စီးရေးကို အားပေးသည့် အဆိပ်ပြင်းသော အကြံအစည်
ကျားရှ၏ အရွယ်ရောက်အမည်မှာ ဝမ်ဟယ် (ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု) ဖြစ်သော်လည်း သူ၏လုပ်ရပ်များမှာ 'သဟဇာတဖြစ်မှု' သို့မဟုတ် 'ငြိမ်းချမ်းရေး' နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိချေ။
သမိုင်းတွင် တုံကျိုး ကွပ်မျက်ခံရပြီးနောက် ရှန်းခရိုင်နှင့် ဟွာကျန်းတို့တွင် အဝေး၌ တပ်စွဲထားသော သောင်းနှင့်ချီသည့် အနောက်လျန် သံချပ်ကာမြင်းတပ်များမှာ ထိတ်လန့်တကြား ဖြစ်သွားခဲ့ကြသည်။ ထိုအခါ ပြိုင်ဘက်ကင်း စစ်ဗျူဟာရှင်ကြီး ကျားရှ၏ စကားတစ်ခွန်းတည်းက အရှေ့ဟန်အင်ပါယာ၏ မြို့တော်ဖြစ်သော ချန်အန်း၏ မြို့ရိုးများအပေါ်သို့ အမှောင်ရိပ် တစ်ခုကို ချက်ချင်း ကျရောက်သွားစေခဲ့၏။ လီကျွယ် ၊ ကောစစ် နှင့် အခြားသူများက သောင်းနှင့်ချီသော အနောက်လျန် သံချပ်ကာမြင်းတပ်များကို ဦးဆောင်ကာ ရုတ်တရက် ပုန်ကန်ခဲ့ကြသဖြင့် အရှေ့ဟန်မင်းဆက်မှာ နောက်ထပ် အသက်ပင် မှန်အောင် ပြန်မရှူနိုင်ခဲ့တော့ချေ။
စစ်ဗျူဟာတစ်ခုတည်းက နိုင်ငံတစ်နိုင်ငံကို အန္တရာယ်ကျရောက်စေနိုင်ပြီး စကားအနည်းငယ်က တိုင်းပြည်တစ်ခုကို ကမောက်ကမ ဖြစ်သွားစေနိုင်သည်။ ဤသည်မှာ ကျားရှကို အတိအကျ ဖော်ပြနေခြင်းပင်ဖြစ်၏။
ပုံမှန်အားဖြင့် အမြဲတမ်း မထင်မရှား နေတတ်သော ကျားရှသည် အဘယ်ကြောင့် ယခု ရုတ်တရက် စကားပြောလာရသနည်းဆိုသည်ကို ဟဲရှန့် နားမလည်ခဲ့ချေ။ သို့သော် ကျားရှသာ သူ့ကို အန္တရာယ်ပြုလိုစိတ်ရှိနေပါက သူ့စကား အနည်းငယ်မျှဖြင့်ပင် ဟဲရှန့်၏ အလောင်းကို ရှာမရနိုင်အောင် ဖြစ်သွားစေရန် အလုံအလောက် သေချာနေပြီ ဖြစ်ကြောင်းကိုမူ သူ သိထား၏။
ဟဲရှန့် မမျှော်လင့်ထားခဲ့သောအရာမှာ သူနှင့် လုံးဝ သူစိမ်းဖြစ်ပြီး ဟဲမိသားစုနှင့် မည်သည့် ပတ်သက်မှုမျှမရှိသော ဤကျားရှပင်လျှင် တုံကျိုး၏ ဒေါသတကြီး မေးမြန်းမှုကို ကြားလိုက်ရသောအခါ တည်ငြိမ်စွာ ပြန်လည် ဖြေကြားခဲ့ခြင်းပင်ဖြစ်သည်။
“စစ်ခုန်း... ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့မရဘူး ဆိုပေမယ့် ပြောင်းလွယ်ပြင်လွယ် လုပ်လို့ရတဲ့ နေရာတော့ ရှိနေပါသေးတယ်။ ရှေးခေတ်ကတည်းက စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ မိဘကိုရိုသေမှု (ဝမ်းနည်းပူဆွေးမှု ကာလ)ကို ရှောင်လွှဲလို့မရဘူးဆိုတဲ့စကား ရှိပါတယ်။ သခင်လေးဟဲကို အရပ်ဘက်ရာထူးတစ်ခုအတွက် စစ်ခုန်းက ထောက်ခံပေးဖို့ မသင့်တော်တာ မှန်ပေမယ့် အကယ်၍ စစ်ဘက်ဆိုင်ရာ ရာထူးတစ်ခုအတွက် ထောက်ခံပေးမယ်ဆိုရင်တော့ အထူးခွင့်ပြုချက်တစ်ခုကို အသုံးပြုနိုင်ပါတယ်..."
ကျားရှက စကားပြောပြီးသည်နှင့် ဓလေ့ထုံးတမ်းများကို ကောင်းစွာ သိရှိနားလည်သော ခန်းမဆောင်အတွင်းရှိ လူတိုင်းက နားလည်သွားကြ၏။ ကျားရှသည် အသိပညာ ကြွယ်ဝရုံသာမက အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်တတ်သူတစ်ဦးဖြစ်ကြောင်း သူတို့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
ဝမ်းနည်းပူဆွေးမှုကာလကို စောင့်ထိန်းရသည့် ဓလေ့မှာ ဟန်မင်းဆက်မှ စတင်ခဲ့သော်လည်း မင်နှင့် ချင်မင်းဆက်များလောက် တင်းကျပ်ခြင်း မရှိသေးချေ။ များသောအားဖြင့် အနက်ရှိုင်းဆုံး ဝမ်းနည်းပူဆွေးမှုကာလမှာ ရက်တစ်ရာသာ ကြာမြင့်လေ့ရှိသည်။ စစ်ဘက်ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍မူ စစ်ဗိုလ်ချုပ် တစ်ဦးအား ဝမ်းနည်းပူဆွေးရန်အတွက် ရာထူးမှ အနားယူခိုင်းခြင်းမှာ ပို၍ပင် ရှားပါးလှ၏။
ထို့ကြောင့် တုံကျိုးသာ ဟဲရှန့်အား စစ်ဘက်ဆိုင်ရာ ရာထူးတစ်ခုအတွက် ထောက်ခံပေးရန် ဆန္ဒရှိပါက ပြဿနာတစ်ခုလုံးမှာ အားစိုက်ထုတ်စရာမလိုဘဲ ပြေလည်သွားမည် ဖြစ်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ဟဲရှန့်ကို နောက်ထပ် တစ်ချက်မျှပင် မကြည့်ချင်တော့သော တုံကျိုးက စိတ်မရှည်စွာ ပြောလိုက်၏။
"ဒါဆိုရင်လည်း ဒီအဘိုးကြီးက ဟဲရှန့်ကို ယာယီစစ်ဦးစီးအရာရှိရာထူးအတွက် ထောက်ခံပေးမယ်..."
ဤတစ်ကြိမ်တွင် တုံကျိုးသည် ဟဲရှန့်၏ သဘောထားကို မေးမြန်းခြင်းဟူသော အဓိပ္ပာယ်မရှိသည့် လုပ်ထုံးလုပ်နည်းကိုပင် ဂရုမစိုက်တော့ချေ။ ခြိမ်းခြောက်နေသော အသံနိမ့်နိမ့် နှင့် လွှမ်းမိုးလိုသော ဟန်ပန်ဖြင့် သူ၏ ဆိုလိုရင်းကို ဟဲရှန့်အား အပြည့်အဝ ရှင်းလင်းစွာ ဖော်ပြလိုက်၏။
*ပေးတဲ့ ရာထူးကို ယူမလား... ဒါမှမဟုတ် သေမလား..*
ဤအခိုက်အတန့်တွင် တုံကျိုးထံမှ ထွက်ပေါ်လာသော ဖုံးကွယ်မထားသည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရပြီး သူ၏ စောစောက လုပ်ရပ်များမှာ မည်မျှ အန္တရာယ်များပြီး မိုက်မဲခဲ့ကြောင်း ဟဲရှန့် သဘောပေါက်သွားတော့၏။ မည်သို့ပင်ဆိုစေကာမူ တုံကျိုးသည် အနောက်မြောက်ဒေသမှ ဝံပုလွေတစ်ကောင် ဖြစ်ပြီး နန်းတွင်းတွင် နိုင်ငံရေးကစားပွဲများ ကစားနေသော မြေခွေးတစ်ကောင် မဟုတ်ပေ။
ဝံပုလွေနှင့် မြေခွေးကြားက အကြီးမားဆုံး ကွာခြားချက်မှာ ဝံပုလွေတစ်ကောင်သည် သူ၏ ပန်းတိုင်ကိုရောက်ရှိရန် သူ၏ လမ်းကြောင်းပေါ်ရှိ မည်သည့် အတားအဆီးကိုမဆို ဖျက်ဆီးပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ခြင်းပင်ဖြစ်၏။ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရန်အတွက် သူတို့၌ ပြတ်သားမှု လုံးဝ မကင်းမဲ့ချေ။ ဤတစ်ကြိမ်တွင် ပြိုင်ဘက်ကင်း စစ်ဗျူဟာရှင်ကြီး ကျားရှသာ ကူညီရန် လက်မကမ်းပေးခဲ့ပါက ဟဲရှန့်မှာ အမှန်တကယ်ပင် သေလမ်း တစ်လမ်းတည်းသာ ကျန်ရှိတော့မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ဤအချက်ကို နားလည်သွားပြီးနောက် ဟဲရှန့်မှာ မလိုအပ်သော စကားတစ်ခွန်းကိုမျှ ထပ်မံ မပြောရဲတော့ချေ။ သူက ချက်ချင်း အရိုအသေပေးကာ ပြောလိုက်၏။
"စစ်ခုန်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ဒီလက်အောက်ငယ်သားက ကျေးဇူးတင်ပါတယ်..."
"ဒီကိစ္စပြီးသွားပြီဆိုတော့ မင်း ထွက်သွားလို့ရပြီ..."
တုံကျိုးက ဟဲရှန့်ကို အမှိုက်တစ်စအလား နှင်ထုတ်သည့်အနေဖြင့် သူ၏ အင်္ကျီလက်မောင်းကြီးကို ဝှေ့ယမ်းလိုက်၏။ ၎င်းက ဟဲရှန့်အပေါ် သူ၏ကျန်ရှိနေသေးသော ဒေါသများ မပြေသေးကြောင်း ပြသနေသည်။
ဟဲရှန့်က ချက်ချင်း အရိုအသေပေးကာ ထွက်ခွာလာခဲ့ပြီး ဤအန္တရာယ်များလှသော ခန်းမဆောင် အတွင်း၌ နောက်ထပ် တစ်စက္ကန့်မျှပင် မနေရဲတော့ချေ။
ကံကောင်းထောက်မစွာဖြင့် ပင်မတံခါးသို့ ရောက်သောအခါ ကိုယ်ရံတော်တစ်စုက သေလုမျောပါး အရိုက်ခံထားရသော တုံဟွမ်ကို သယ်ဆောင်လာသည်ကို သူ အမှတ်မထင် တွေ့လိုက်ရ၏။ ဟဲရှန့်ကို တုံဟွမ် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ရုတ်တရက် သွေးရောင်များဖြင့် နီရဲလာတော့သည်။ သူ၏ အကြည့်များမှာ အရိုင်းအစိုင်းဆန်ဆန် ရက်စက်ကြမ်းကြုတ်သွားပြီး အော်ဟစ်လိုက်၏။
"ဟဲရှန့်... မင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပြီး အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်မယ်..."
မူလက တုံဟွမ်ကို လျစ်လျူရှုရန် ရည်ရွယ်ထားသော်လည်း ဤစကားများကို ကြားလိုက်ရသောအခါ ဟဲရှန့်က ရပ်တန့်သွား၏။ သူက သူ၏ အရပ်အမောင်းမှနေ၍ တုံဟွမ်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ အကြည့်များမှာ ဖော်ပြ၍မရနိုင်အောင် ထူးဆန်းနေပြီး သူ၏ အသံမှာလည်း ထိုနည်းတူစွာ ကြောက်စရာကောင်းနေ၏။
"တုံဟွမ်... အခုချိန်မှာ စစ်ခုန်းရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဘယ်သူမဆို ငါ့ကို သတ်လို့ရတယ်... မင်းကလွဲရင်ပေါ့..."
ဟဲရှန့်၏ အဆိပ်ပြင်းသော မျက်နှာအမူအရာကြောင့် ကြောက်လန့်သွား၍လော၊ သို့မဟုတ် စစ်ဘက်ဆိုင်ရာ ကြိမ်ဒဏ်အချက် သုံးဆယ်ကြောင့် ဇဝေဇဝါ ဖြစ်နေ၍လော မသိ တုံဟွမ်မှာ ရှားရှားပါးပါး ဒေါသတကြီး ပြန်လည် မတုံ့ပြန်ခဲ့ချေ။ ထို့အစား သူက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"ဘာလို့လဲ..."
"ဘာလို့လဲဆိုတော့ မင်းနဲ့ငါ ရန်သူတွေ ဖြစ်နေတယ်ဆိုတာ လူတိုင်းသိလို့လေ။ ပြီးတော့ စစ်ခုန်းက အခုလေးတင် ငါ့ကိုယာယီစစ်ဦးစီးအရာရှိရာထူးအတွက် ထောက်ခံပေးလိုက်တယ်..."
ထိုသို့ပြောပြီးနောက် တုံဟွမ် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ ဟဲရှန့်က လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
"သူက မင်းကို မသတ်ရုံတင်မကဘူး ယာယီစစ်ဦးစီးအရာရှိရာထူးအဖြစ်တောင် ထောက်ခံပေးလိုက်တယ် ဟုတ်လား။ မဖြစ်နိုင်ဘူး..."
(ရာထူးအဆင့်အရ တုံဟွမ်ရဲ့ရာထူးက ပိုကြီးပါတယ်။)
တုံဟွမ်က ဆက်လက်အော်ဟစ်နေသော်လည်း ထွက်သွားပြီဖြစ်သော ဟဲရှန့်ကမူ သူ့ကို အရေးမစိုက်တော့ချေ။ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော ဟဲရှန့်မှာ အရူးတစ်ယောက်နှင့် အချိန်ဖြုန်းရန် စိတ်မကူးတော့ပေ။
ဟဲရှန့် အိမ်သို့ အပြန်လမ်းတွင် ရှိနေချိန်၌ စစ်ခုန်းအိမ်တော်၏ ခန်းမဆောင်အတွင်း၌ ကြောက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခု ကျရောက်နေကြောင်းကိုမူ သူ ဘယ်တော့မှ သိရှိနိုင်မည် မဟုတ်ချေ။ တုံကျိုးသည် အသက်ကို ပြင်းပြင်း ဆက်တိုက်ရှူနေပြီး သူ၏ရင်ဘတ်မှာ နိမ့်ချီမြင့်ချီဖြစ်နေကာ နောက်ဆုံးတွင် သူ ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။ သူ့ ရှေ့ရှိ စားပွဲပေါ်မှ အရာအားလုံးကို အကြမ်းပတမ်း ဖယ်ရှားပစ်လိုက်၏။
"မဖြစ်ဘူး... ဒီအရေးမပါတဲ့ ကောင်လေးက ဒီအအဘိုးကြီးရှေ့မှာ ပါးနပ်ချင်ယောင် ဆောင်ရဲတယ်ပေါ့လေ။ ငါ့ရင်ထဲက ဒီအမုန်းတရားတွေကို ဘယ်လိုမှ မျိုသိပ်မထားနိုင်ဘူကွ..."
ဤမြင်ကွင်းကိုကြည့်ရင်း ထိုနေရာရှိ လူအားလုံးမှာ နောက်တစ်ကြိမ် သေလုမတတ် တိတ်ဆိတ်သွားကြပြန်သည်။ အနီးရှိ စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးက လျင်မြန်စွာ တုံ့ပြန်လျက် ရှေ့သို့ ချက်ချင်း ထွက်လာကာ ပြောလိုက်၏။
"စစ်ခုန်း... အမိန့်သာပေးပါ...။ ဒီလက်အောက်ခံဗိုလ်ချုပ်က အဲဒီကောင်လေးရဲ့ ခေါင်းကို သေချာပေါက် ယူဆောင်လာခဲ့ပါ့မယ်..."
ခန်းမဆောင်အတွင်း ကျန်ရစ်နေခဲ့သော ချောင်ချောင်မှာ ဤစကားကို ကြားလိုက်ရသဖြင့် သူ့ကို တားဆီးရန် အလောတကြီး ရှေ့ထွက်လာခဲ့၏။
"စစ်ခုန်း... လုံးဝ မလုပ်သင့်ပါဘူး။ နိုင်ငံတော်ကို အုပ်ချုပ်ရာမှာ အမြဲတမ်း အချို့သော မူဝါဒတွေကို လိုက်နာရပြီး ကိုယ့်စကားကိုကိုယ် ပြန်ရုပ်သိမ်းလို့ မရပါဘူး..."
“ဒီအဘိုးကြီး သိပါတယ်..."
တုံကျိုးက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး သူ့ရှေ့ရှိ စားပွဲကို မှောက်လှန်ပစ်လိုက်ကာ ရှေ့ထွက်လာသော အရာရှိကို အော်ငေါက်လိုက်၏။
"နောက်ဆုတ်စမ်း... မင်းတို့ သိတာဆိုလို့ တိုက်ဖို့ခိုက်ဖို့နဲ့ သတ်ဖို့ဖြတ်ဖို့ပဲရှိတယ်... အဲဒါက နန်းတွင်းကို ကောင်းကောင်း အုပ်ချုပ်နိုင်မှာတဲ့လား..."
ဟိုဘက်ဒီဘက် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် တုံကျိုးမှာ နောက်ဆုံးတွင် တည်ငြိမ်သွားပြီး ခန်းမဆောင်ထိပ်ရှိ သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။ အောက်တွင်ရှိသော လူများကို သူ၏ မောက်မာသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် လီရူဘက်သို့ လှည့်ကာ မေးလိုက်၏။
"ဝမ်ယု ... အဲ့ဟဲရှန့်အပေါ် မင်းရဲ့ အကဲဖြတ်ချက်က ဘယ်လိုလဲ..."
"အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပဲ... မသွေးရသေးတဲ့ ကျောက်စိမ်းတစ်တုံးပေါ့... ဒါပေမဲ့ သူ့စိတ်က ကောက်ကျစ်စဉ်းလဲပြီး ဆုတ်သင့်၊ တက်သင့်တာကိုမသိဘူး။ စစ်ခုန်းက သူ့ကို ကိုယ့်ရဲ့ အတောင်ပံအောက် ရောက်အောင် ခေါ်ထားပြီးပြီဆိုမှတော့ အခြေအနေတွေ ဘယ်လိုတိုးတက်လာမလဲ ဆိုတာကို ရိုးရိုးလေးပဲ စောင့်ကြည့်တာ အကောင်းဆုံးပါပဲ..."
တစ်ခဏမျှ စဉ်းစားပြီးနောက် လီရူက ဤအကဲဖြတ်ချက်ကို ပေးလိုက်သည်။
ထို့နောက် တစ်ခုခုကို သတိရသွားသည့်အလား သူက ဆက်ပြောလိုက်၏။
“စစ်ခုံး... အဲ့လူငယ်လေးက အတော်လေး အရေးပါပါတယ်။ ကျွန်တော်တို့က ခြိမ်းခြောက်မှု သက်သက်အပေါ်မှာပဲ မှီခိုနေလို့ မရဘူး။ သူက အခုယာယီစစ်ဦးစီးဖြစ်နေပြီဆိုမှတော့ သူ့ကို လက်ထောက်စစ်ရေးအရာရှိအဖြစ် နောက်ထပ် ခြေတစ်လှမ်း ရာထူးတိုးပေးလိုက်ပြီး လောလောဆယ် သူ့အထက်မှာ ဗိုလ်ချုပ်ကြီး ဒါမှမဟုတ် တပ်မှူးကြီးကို မခန့်ဘဲ ထားလိုက်တာက ပိုမကောင်းဘူးလား။ သူ့ကို စွမ်းဆောင်ရည် ပြခွင့်ပေးလိုက်ပါ။ အဲ့လိုနည်းနဲ့ အမှန်တရား ပေါ်ပေါက်လာတဲ့အခါ စစ်ခုံးအနေနဲ့ သူ့ကို ဆက်ထားမလား၊ ဒါမှမဟုတ် စွန့်ပစ်မလား ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင်တာပေါ့..."
(သမိုင်းအရ လက်ထောက်စစ်ရေးအရာရှိသည် ဗိုလ်ချုပ်ကြီး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိပြီး ဗိုလ်ချုပ်ကြီး၏အမိန့်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ဖို့နှင့် စစ်တပ်အတွင်းက အုပ်ချုပ်ရေးကိစ္စများကို စီမံခန့်ခွဲရသူဖြစ်သည်)
အနီးတွင်ရပ်နေသော ချောင်ချောင်သည် လီရူ၏ စကားများကို ကြားလိုက်ရပြီး မှတ်သားထားလိုက်၏။ သူ့လို ပါးနပ်သူ တစ်ယောက်အနေဖြင့် လီရူ၏ အကြံအစည် နောက်ကွယ်မှ အဆိပ်ပြင်းသော သဘာဝကို မြင်နေပြီးဖြစ်သည်။ အပြင်ပန်းတွင် လီရူက ဟဲရှန့်ကို ရာထူးတိုးပေးနေသော်လည်း တုံကျိုး၏ ဝံပုလွေနှင့် ကျားများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့များ၏ စောင့်ကြည့်မှုအောက်သို့ ဟဲရှန့်ကို တိုက်ရိုက် တွန်းပို့နေခြင်းလည်းဖြစ်၏။
စစ်တပ်များကို အချိန်အတန်ကြာ ကွပ်ကဲခဲ့ဖူးသော ချောင်ချောင်သည် စစ်တပ်ဖွဲ့အသီးသီးကြားရှိ လျှို့ဝှက်သော ပဋိပက္ခများ၊ ပြိုင်ဆိုင်မှုများနှင့် ရက်စက်သော အားပြိုင်မှုများမှာ နန်းတွင်းထက် လုံးဝ မလျော့နည်းကြောင်း သဘာဝကျကျ သိထားသည်။ ယခင်စစ်သေနာပတိချုပ်ကြီး ၏သားဟူသော နာမည်ခံသက်သက်ကိုသာ ပိုင်ဆိုင်ထားသည့် ဟဲရှန့်မှာ ပညာရှင်တစ်ဦးမျှသာ ဖြစ်၏။ ဝံပုလွေအုပ်ကြားတွင် သူ လုံးဝ ရှင်သန်နိုင်မည် မဟုတ်ချေ။ သူ့ကို ပြန်လည်တိုက်ခိုက်ရန် တွန်းအားပေးခံရပြီး မသင့်လျော်သော လှုပ်ရှားမှုတစ်ခုခုကိုလုပ်မိသည်နှင့် တုံကျိုး၏ စကားတစ်ခွန်းတည်းဖြင့် သူ့ကို ရှင်းပစ်နိုင်ပေသည်။
လီရူ၏ အကြံအစည်မှာ ပျက်စီးရေးကို အားပေးသည့် အဆိပ်အပြင်းဆုံး အမျိုးအစား ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ချောင်ချောင်က ဟဲရှန့်ကိုယ်စား ဝင်ရောက်စွက်ဖက်ရန် ချက်ချင်း ဆန္ဒရှိသွား၏။ သို့သော် သူ စကားမပြောနိုင်မီမှာပင် အထက်တွင် ထိုင်နေသော တုံကျိုးသည် လီရူ၏ အကြံအစည် မည်မျှပါးနပ်ကြောင်းကို နားလည်သွားခဲ့ပြီဖြစ်သည်။ သူက ရင်ထဲမှလှိုက်၍ ရယ်မောလိုက်၏။
"ဝမ်ယု ... မင်းရဲ့ ဉာဏ်ပညာနဲ့ စစ်ဗျူဟာတွေက တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ။ ဝမ်ယု အကြံပြုတဲ့အတိုင်း ငါတို့ လုပ်ကြမယ်။ ဒီအဘိုးကြီး က သူ့ကို လက်ထောက်စစ်ရေးတပ်မှူးရာထူးအတွက် ထောက်ခံပေးပြီး သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်တွေက ဘာလဲဆိုတာ ကြည့်ကြတာပေါ့..."
"စစ်ခုံးရဲ့ ဉာဏ်ပညာက ကြီးမားလှပါတယ်..."
အောက်ဘက်မှ ချီးကျူးသံများ ထွက်ပေါ်လာ၏။ ကိစ္စများမှာ ပြန်လည် ပြင်ဆင်၍မရနိုင်တော့ကြောင်း သိလိုက်ရသော ချောင်ချောင်မှာ ဟန်ဆောင် ချီးကျူးမှုများတွင်သာ ပါဝင်နိုင်တော့ပြီး စကားအနည်းငယ်ကိုသာ ရေရွတ်လိုက်နိုင်သည်။
ချက်ချင်းဆိုသလိုပင် အစေခံများက စားပွဲအသစ်တစ်လုံးကို ယူဆောင်လာကြ၏။ တုံကျိုးသည် ယခင်က တည်ငြိမ်အေးဆေးသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး သူ့လက်ကို ဝှေ့ယမ်းကာ အစိုးရကိစ္စရပ်များကို ဆက်လက် ကိုင်တွယ်ဖြေရှင်းတော့သည်။
"ဖုန်းရှန် အမိန့်နာခံ အဲဒီကျန်းလျောင်ဆိုတဲ့ကောင်ကို ဒီကို ခေါ်လာဖို့ အမိန့်ပေးလိုက်။ သူက အဲဒီဟဲရှန့် ထက် အခြေအနေကို ပိုနားလည်သလား ကြည့်ရအောင်..."
ခန်းမဆောင်အတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိများမှာ နောက်တစ်ကြိမ် မတ်မတ်ထိုင်လိုက်ကြ၏။ လေထုမှာ ဟဲရှန့် ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်က အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
သို့သော် ယခု လမ်းမပေါ်တွင် လမ်းလျှောက်နေသော ဟဲရှန့်မှာ ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်လာခဲ့ရခြင်းအတွက် မည်သည့် ဝမ်းသာမှုမျှ မခံစားရချေ။ စစ်ခုန်းအိမ်တော်မှ ထွက်လာပြီးနောက် သူ အနားယူလိုက်သည်နှင့်တစ်ပြိုင်နက် နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှု လှိုင်းတံပိုးတစ်ခုက သူ့အပေါ်သို့ ရိုက်ခတ်လာတော့၏။
ခန်းမဆောင်အတွင်းရှိ အချိန်မှာ တိုတောင်းပြီး ပဋိပက္ခမှာ စကားပြောဆိုမှု သက်သက်သာ ဖြစ်သော်လည်း အမှန်တကယ်တွင်မူ မျက်တောင်တစ်ခတ်အတွင်း သေစေနိုင်လောက်သော အန္တရာယ်များ နေရာတိုင်းတွင် ပုန်းအောင်းနေခဲ့ပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အားလုံးကို ကုန်ခန်းသွားစေခဲ့သည်။
ထို့ကြောင့် ဟဲရှန့်က လမ်းလျှောက်နေစဉ် သူ့ခေါင်းမှာ လေးလံပြီး ဇဝေဇဝါ ဖြစ်နေ၏။ ရုတ်တရက် ထိုအေးစက်စက် စက်ရုပ်သံက သူ့စိတ်ထဲတွင် မြည်ဟည်းလာခဲ့သည်။
“ဟန်မင်းဆက်နှောင်းပိုင်းနှင့် သုံးပြည်ထောင်ခေတ်၏ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် တုံကျိုး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ဂုဏ်သတင်းအမှတ် ၁၀၀၀ တိုးလာပါသည်... စုစုပေါင်း ဂုဏ်သတင်းအမှတ် - ၁၅၀၀…”
"ဟမ်... ဘာတွေဖြစ်နေတာလဲ..."
ဤရုတ်တရက် ဝင်လာသော မက်ဆေ့ချ်ကြောင့် အံ့အားသင့်သွားပြီး ဟဲရှန့်၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ပေါ်လာ၏။
“အဲဒီတုံကျိုးဆိုတဲ့ကောင်က ဘယ်ရှုထောင့်ကကြည့်ကြည့် အမတ်ချောင်ထက်ညံ့တယ် မဟုတ်ဘူးလား။ သူတို့နှစ်ယောက်စလုံးက ငါ့ကို အာရုံစိုက်ခဲ့တာပဲလေ။ အဲ့ဒါဆို အဲဒီဖက်တီးတုံက ဘာလို့ အမတ်ချောင်ထက် ဂုဏ်သတင်းအမှတ် ဆယ်ဆတောင် ပိုပေးရတာလဲ..."
ဤမေးခွန်းမှာ မူလက ဟဲရှန့် သူ့ကိုယ်သူ ပြောနေခြင်းသာဖြစ်သည်။ သူ့ခေါင်းထဲရှိ စနစ် ဟုခေါ်သောအရာက ရှင်းပြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သို့သော် အံ့အားသင့်စရာကောင်းစွာပင် သူ့ခေါင်းထဲရှိ အသံက အမှန်တကယ် ပြန်လည် ဖြေကြားလာခဲ့၏။
“ဂုဏ်သတင်းအမှတ်တွေရဲ့ အရင်းအမြစ်က သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ အာဏာနဲ့ အဆင့်အတန်းအပေါ် သဘာဝကျကျ မူတည်ပါတယ်။ လက်ရှိမှာ တုံကျိုးက လောယန်မှာ ကြီးမားတဲ့အာဏာကို ကိုင်စွဲထားတဲ့အတွက် သူ့ရဲ့ အာရုံစိုက်မှုက ချောင်ချောင်ထက်ပိုပြီး တန်ဖိုးရှိတာ သဘာဝပါပဲ…”
ဟဲရှန့်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် နားလည်လာတော့၏။
"အင်း... ကြွားချင်တယ်ဆိုရင် အာဏာနဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ လူတွေရှေ့မှာ ကြွားရမှာပေါ့..."