အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) မြင်းမစီးတတ်သော လက်ထောက်စစ်ရေးအရာရှိ
နံနက်ခင်း နေမင်းသည် ကြီးမားပြီး သိမ်မွေ့သောလက်တစ်ဖက်အလား လောယန်၏ ကောင်းကင်ယံကို ဖုံးလွှမ်းထားသော အမှောင်ထုကုလားကာကို တဖြည်းဖြည်း ရုပ်သိမ်းလျက် ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ သမိုင်းကြောင်းအရ ကြွယ်ဝသော ဟန်မင်းဆက်၏ ခမ်းနားထည်ဝါသော ဗိသုကာလက်ရာများမှာ တောက်ပသော နေရောင်အောက်တွင် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
ယခုအခါ ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီ ဖြစ်၏။ နံနက်ခင်းနေရောင်ခြည်က နေသာသည့်နေ့တစ်နေ့ဖြစ်သော်လည်း အပူဒဏ်မှာမူ ပျောက်ကွယ်သွားပြီဖြစ်ရာ တကယ်ကို တစ်နှစ်တာ၏ အကောင်းဆုံး အချိန်ကာလပင်ဖြစ်သည်။
သို့သော်လည်း ကုတင်ဘေးတွင်မူ ဟဲရှန့်သည် ခေါင်းကို ငုံ့ချထားပြီး သူ့တစ်ကိုယ်လုံးတွင် ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သူ၏ မျက်နှာမှာ အလွန်အမင်း သနားစရာကောင်းသော ပုံစံပေါက်နေ၏။
မနေ့က ဖက်တီးတုံ၏လက်ဖြင့် သေဘေးမှသီသီလေး လွတ်မြောက်လာခဲ့ပြီးနောက် သူ့စိတ်များက နောက်ဆုံးတွင် ပြေလျော့သွားကာ ကလေးငယ်တစ်ဦးအလား စိတ်လက်ပေါ့ပါးစွာ အိပ်စက်ခွင့် ရရှိသွားခဲ့သည်။
* အင်း... ခဏလောက် အိပ်လိုက်၊ ပြီးတော့ မထိန်းနိုင်ဘဲ ငိုလိုက်၊ ပြီးတော့ ပြန်အိပ်လိုက်၊ ပြီးတော့ ပြန်ငိုလိုက်နဲ့ အဲဒီလိုမျိုးပေါ့…*
မနေ့က ဖြစ်ရပ်များအပြီးတွင် ဤကမောက်ကမခေတ်၏ အကြိုကာလရှိ ရေခဲတောင်၏ ထိပ်စွန်းလေးကို သူ နောက်ဆုံးတော့ မြင်တွေ့ခဲ့ရပြီဖြစ်၏။ ပို၍ ကြောက်စရာကောင်းသည်မှာ ဤသမိုင်းဝင် ပုဂ္ဂိုလ်များအားလုံးမှာ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော သူများချည်းသာဖြစ်ကြောင်း သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခြင်းပင် ဖြစ်သည်။
မောက်မာပြီး လွှမ်းမိုးလိုကာ ခန့်မှန်း၍မရသော တုံကျိုး၊ အေးစက်ပြီး သတိကြီးကာ စကားနည်းပြီး ကောက်ကျစ်စဉ်းလဲသော လီရူ၊ ထို့အပြင် စကားတစ်ခွန်းတည်းဖြင့် အသက်ကယ်နိုင်သလို သေတွင်းသို့လည်း ပို့ဆောင်နိုင်သော ကျားရှ။ ကူးပြောင်းလာသူတစ်ဦးအနေဖြင့် သူ၏ ကြိုတင်သိမြင်နိုင်စွမ်းမှာ ဤလူများရှေ့တွင် အသုံးမဝင်သလောက်ပင်ဖြစ်၏။
အမှန်တကယ်တော့ ဟဲရှန့်သည် မနေ့က အခက်အခဲများ ကြုံတွေ့နေရစဉ်အတွင်း တွေးကြည့်၍ ရနိုင်သောနှင့် တွေးကြည့်၍ မရနိုင်သော ဇာတ်ကွက်တိုင်းအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ တုံကျိုးနှင့် လီရူတို့၏ တစ်ဆင့်ပြီးတစ်ဆင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရချိန်တွင် အကွက်တိုင်းကို သူ ပြန်လည်တုံ့ပြန်နိုင်ခဲ့၏။ သို့သော် နောက်ဆုံးတွင် ကျားရှသာ အကြောင်းပြချက်မရှိဘဲ တစ်ခဏမျှ ကရုဏာ မပြခဲ့ပါက သူသည် ကွပ်မျက်ခံလိုက်ရပြီ ဖြစ်ပြီး ယနေ့နေရောင်ကို မြင်တွေ့ရတော့မည် မဟုတ်ချေ။
ထို့အပြင် သူ အသက်ရှင်နေသေးသော်လည်း ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။
သူ့ကို ယာယီစစ်ဦးစီးအရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း သိလိုက်ရချိန်တွင် သူသည် တုံကျိုး၏လက်ထဲမှ ကစားစရာတစ်ခု ဖြစ်သွားပြီကြောင်း သူ သိလိုက်သည်။ လောယန်မြို့မှ ထွက်ပြေးရန် လောလောဆယ် မဖြစ်နိုင်တော့သလို အနည်းငယ် အမှားအယွင်း ဖြစ်သွားပါကလည်း တုံကျိုးသည် သူ့ကို ပုရွက်ဆိတ်တစ်ကောင်အလား ဖိချေပစ်နိုင်မည် ဖြစ်၏။
တစ်ညလုံး စဉ်းစားပြီးနောက် လောလောဆယ်တွင် သူ ခေါင်းငုံ့နေရမည်ဟု ဟဲရှန့် ကောက်ချက်ချလိုက်သည်။ ဤကာလအတွင်း တုံဟွမ်က သူ့ကို ပြဿနာ မရှာသရွေ့၊ ကွမ်တုန်းဒေသမှ စစ်ဘုရင်များ ထကြွလာပြီး တုံကျိုးမှာ ဂရုမစိုက်နိုင်လောက်အောင် အလုပ်များသွားမည့်အချိန်ဖြစ်သော နှစ်ဝက်ခန့်အထိ သူ သည်းခံနိုင်ပါက ကူးပြောင်းလာသူတစ်ဦး၏ ပုံမှန်စနစ်ကို ဖွင့်လှစ်ရန် အခွင့်အရေးတစ်ခု သူ နောက်ဆုံးတော့ ရရှိလာနိုင်ပေသည်။
သူ့ခေါင်းထဲရှိ အောက်ဘုံမှပုဂ္ဂိုလ်များကို ဆင့်ခေါ်ခြင်းစနစ်ဆိုသောအရာနှင့် ပတ်သက်၍မူ သူသည် တစ်ညလုံး သဘာဝကျကျ လေ့လာခဲ့ပြီးဖြစ်၏။ ကံဆိုးစွာဖြင့် ကောက်ချက်ချရမည်ဆိုပါက လောလောဆယ်တွင် ၎င်းမှာ လုံးဝ အသုံးမဝင်ချေ။
စနစ်၏ ရှင်းပြချက်အရ ၎င်း၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ နှစ်ပေါင်းငါးထောင်သမိုင်းကြောင်းတစ်လျှောက်မှ နာမည်ကျော် စစ်ဗိုလ်ချုပ်များနှင့် စစ်ဗျူဟာရှင်များကို ဟဲရှန့်၏ ဘေးသို့ ဆင့်ခေါ်ပေးရန် ဖြစ်သည်။ ဤသို့ ဆင့်ခေါ်ရာတွင် ယာယီနှင့် အမြဲတမ်းဟူ၍ ပုံစံနှစ်မျိုး ရှိ၏။ ယခင်က ဝူမင်ကို ဆင့်ခေါ်ခဲ့သကဲ့သို့ ယာယီဆင့်ခေါ်ခြင်းမှာ တာဝန်ပြီးဆုံးသွားပြီးနောက် ထိုသူသည် ငရဲပြည်သို့ ပြန်သွားရမည် ဖြစ်သည်။ အမြဲတမ်းဆင့်ခေါ်ခြင်း တစ်ခုတည်းကသာ ၎င်းတို့ကို ဤခေတ်ကာလတွင် ဆက်လက် နေထိုင်ခွင့် ပြုနိုင်မည်ဖြစ်၏။
ကုန်ကျစရိတ်မှာ သဘာဝကျကျပင် ဤခေတ်ကာလတွင် ဟဲရှန့်ရရှိထားသော ဂုဏ်သတင်းအမှတ်များပင် ဖြစ်သည်။ ထို့ကြောင့် လက်ထဲတွင် ဂုဏ်သတင်းအမှတ် ၁၅၀၀ ရရှိထားပြီးဖြစ်ရာ ဟဲရှန့်က ဝူမင်ကို အမြဲတမ်းဆင့်ခေါ်ရန် စိတ်အားထက်သန်စွာ ကြိုးစားကြည့်ခဲ့၏။ စနစ်၏ တုံ့ပြန်မှုမှာ အမှတ် ၁၅၀၀ က ဝူမင်၏လေလည်သံကိုသာ ဟဲရှန့်၏ ဘေးတွင် အမြဲတမ်း ကျန်ရှိနေစေခွင့် ပြုမည်ဟူ၍ ဖြစ်သည်။
"ဒါဆို ငါက ယာယီအကူအညီတွေကိုပဲ ခေါ်လို့ရတာပေါ့။ အဲဒီစျေးနှုန်းက သက်သာပေမယ့် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေတွေအတွက်ပဲ သုံးလို့ရမယ်..."
ကူကယ်ရာမဲ့စွာဖြင့် သူ့မျက်နှာကို နှစ်ချက်ခန့် ပုတ်လိုက်ပြီးနောက် ဟဲရှန့်က ယနေ့ ဤကမောက်ကမခေတ်ကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်လျက် သူ့ကိုယ်သူ အားတင်းလိုက်၏။
ယနေ့ ညီလာခံသို့ တုံကျိုး သေချာပေါက် တက်ရောက်မည်ကို သူ သိထားသည်။ နေ့လယ်ခန့် ညီလာခံပြီးဆုံးချိန်တွင် ယာယီစစ်ဦးစီးအရာရှိတစ်ဦးအနေဖြင့် သူသည် အနောက်ဘက်ဥယျာဉ်သို့ သွားရောက် သတင်းပို့ရမည်ဖြစ်၏။
သို့သော် နေမင်းကြီး ကောင်းကင်ယံတွင် မြင့်တက်လာချိန်၌ လှပသော နေသာသည့်နေ့လေးကို ဟဲရှန့် ကြည့်နေစဉ် ရုတ်တရက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ဘာ... ဘယ်သူက ကျုပ်ကို လက်ထောက်စစ်ရေးအရာရှိ ပြန်လုပ်လိုက်တာလဲ။ ပြီးတော့ ကျုပ်အထက်မှာ ကာကွယ်ပေးမယ့် ဗိုလ်မှူးကြီး ဒါမှမဟုတ် တပ်မှူးကြီးလည်း မရှိဘူးတဲ့လား..."
လက်ထောက်စစ်ရေးအရာရှိ၏ ခါးတံဆိပ်နှင့် အမိန့်စာကို ကိုင်ဆောင်ထားရင်း ဟဲရှန့်မှာ မည်သည့် ဝမ်းသာမှုမျှ မပြသခဲ့ချေ။ ထို့အစား သူ့ရှေ့ရှိလူကို အလွန်မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် သူ မေးလိုက်သည်။ သူသည် လူမိုက်တစ်ယောက်မဟုတ်ပေ။ အကယ်၍ ချောင်ချောင်က အန္တရာယ်ကို မြင်နိုင်ပါက ချောင်ချောင်ထက်ပင် သူ့ကိုယ်ပိုင်အသက်ကို ပို၍ ဂရုစိုက်သော သူသည်လည်း သဘာဝကျကျ မြင်တွေ့နိုင်ပေသည်။
"ဒါက နန်းတွင်းအရာရှိချုပ် သခင်လီရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကြောင့်ပါ။ သခင်လေးဟဲမှာ မကျေနပ်တာများ ရှိလို့လား..."
ခါးတံဆိပ်နှင့် အမိန့်စာကို လာပို့သော ပညာရှိက ဟဲရှန့်ကို အကဲခတ်လိုသော စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် သူ၏ မျက်ခွံများကိုပင့်ကာ လှမ်းကြည့်လိုက်၏။
"အဲ့ဒါက တကယ့်ကို..."
ဟဲရှန့်၏ မျက်နှာအမူအရာမှာ ပို၍ပင် နာကျင်လာပြီး သူ့ဒေါသများကို မနည်း ထိန်းချုပ်ထားရသည်။ သို့သော် ထိုလူက ဟဲရှန့်ထံမှ တုံကျိုးအပေါ် အစစ်အမှန် မကျေနပ်ချက်များကို ကြားရတော့မည်ဟု ထင်မှတ်လိုက်ချိန်မှာပင် ဟဲရှန့်က သူ၏ လေသံကို ရုတ်တရက် ပြောင်းလဲလိုက်၏။
"ဒါက တကယ့်ကို ကောင်းလွန်းပါတယ်။ သခင်လီက ကျုပ်ကို သည်လောက်တောင် အထင်ကြီးပေးတော့ ကျုပ်က ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး..."
တုံကျိုး၏ လက်အောက်ခံတစ်ဦးရှေ့တွင် တုံကျိုးနှင့် သူ၏ လူများအကြောင်းကို အပုပ်ချပြောဆိုရလောက်အောင် ဟဲရှန့် မမိုက်မဲချေ။ သူ့စကားများက တစ်မျိုး ပြောနေသော်လည်း ဤအခိုက်အတန့်တွင် သူ့ ရင်ထဲ၌ သွေးအန်လုမတတ်ဖြစ်နေ၏။
*လီရူ.. ငါ မင်းကို မုန်းတယ်*
ရောက်လာသောသူမှာ ဤမျှ ငယ်ရွယ်သူတစ်ဦးက ဤလောက်တောင် ဖုံးကွယ်ရာတွင် ကျွမ်းကျင်လိမ့်မည်ဟု ရှင်းလင်းစွာ မမျှော်လင့်ထားခဲ့ချေ။ တစ်ခဏအတွင်း သူ့မျက်လုံးများထဲရှိ သံသယဖြစ်မှုမှာ ပိုမို ကြီးမားလာခဲ့၏။
"သခင်လေးဟဲက.. သခင်လီကို တကယ်ပဲ မနာကြည်းဘူးလား။ လက်ထောက်စစ်ရေးအရာရှိရာထူးက ယာယီစစ်ဦးစီးအရာရှိထက် အဆင့်တစ်ဝက် ပိုမြင့်တယ်ဆိုပေမယ့် စစ်သားတွေကို လေ့ကျင့်ပေးတာ၊ ကွပ်ကဲတာ၊ တိုက်ပွဲဝင်တာတွေက ဘယ်သူမဆို လုပ်နိုင်တဲ့ အလုပ်မျိုး မဟုတ်ဘူးဆိုတာ မင်း သိရမယ်။ ဒါ့အပြင် တပ်ဖွဲ့တွေကြားက အတွင်းရေး ပဋိပက္ခတွေနဲ့ ပြိုင်ဆိုင်မှုတွေဆိုတာ ရှောင်လွှဲလို့ မရဘူးလေ။ အကယ်၍ အမှားအယွင်းတစ်ခုခု ဖြစ်လာခဲ့ရင် စစ်ခုန်းက မျက်နှာလိုက်မှု ကင်းကင်းနဲ့ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်..."
"ခင်ဗျားက ဘာလို့ ဒီလိုစကားမျိုး ပြောရတာလဲ..."
ယခုအခါ ဟဲရှန့်မှာ တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ရိုးသားစွာ ပြန်လည် ဖြေကြားလိုက်၏။
"စစ်ခုန်းနဲ့ သခင်လီ ကျုပ်အပေါ် ဒီလောက် ကြီးမားတဲ့ ကျေးဇူးပြုခဲ့တာ ဒါက ကျုပ်ရဲ့ ကံကောင်းမှုပဲ။ အဲ့လို ကျေးဇူးတရားနဲ့ ယုံကြည်မှုမျိုးအတွက် စစ်ခုန်းနဲ သခင်လီတို့ကို ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးနိုင်ဖို့ ကျုပ်က အစွမ်းကုန် ကြိုးစားသွားမှာပါ။ အခက်အခဲကို ကြောက်ပြီး ကျုပ်က ဘယ်လိုလုပ် နောက်ဆုတ်ရဲမှာလဲ..."
"အင်း... ဒါဆိုရင်လည်း ကောင်းပါပြီ..."
ရောက်လာသော သူက ဟဲရှန့်၏ ဆုံးဖြတ်ချက် ပြတ်သားနေသော မျက်နှာကို ကြည့်လိုက်ပြီး ဤအရူးကြောင့် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားပုံရ၏။
သို့သော် သူ ပြန်ရန် ပြင်လိုက်ချိန်မှာပင် ဟဲရှန့်က သူ၏ အင်္ကျီလက်ကို ထပ်မံ ဖမ်းဆွဲလိုက်ပြီး အရိုအသေပေးကာ မေးလိုက်သည်။
"ခင်ဗျားရဲ့ နာမည်ကို သိခွင့်ပြုပါ..."
ထိုလူမှာ ဤမေးခွန်းကို ရှင်းလင်းစွာ မမျှော်လင့်ထားခဲ့ချေ။ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူက ပြန်လည် အရိုအသေပေးလိုက်၏။
"ကျွန်တော်က စစ်ခုန်းအိမ်တော်ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် နှိမ့်ချစွာ တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်က လုံရှီးခရိုင်က ထျန်းယီပါ..."
(သမိုင်းအရ- အတွင်းရေးမှူးချုပ်ရာထူးသည် အမတ်ကြီးသုံးဦး သို့မဟုတ် ပြည်နယ်ဘုရင်ခံတို့၏ လက်အောက် နံပါတ်နှစ် အာဏာရှိသူဖြစ်သည်)
"မင်္ဂလာပါ အတွင်းရေးမှူးချုပ်ထျန်း ... ဒီနေ့ ခင်ဗျားကို ဒုက္ခပေးမိပြီ။ တစ်နေ့ကျရင် ခင်ဗျားကို ဂုဏ်ပြုတဲ့အနေနဲ့ စားတော်ပွဲတစ်ခု သေချာပေါက် ကျင်းပပေးပါ့မယ်..."
ဟဲရှန့်က ဆက်ပြောလိုက်၏။
“ပြီးတော့ သခင်လီကိုလည်း ကျုပ်က အလွန့်အလွနါ ကျေးဇူးတင်ကြောင်း ပြောပြပေးပါဦး..."
"ဒုက္ခမများပါဘူး... ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ..."
ယခုအခါ ထျန်းယီမှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားတော့၏။ အစောက ဟဲရှန့်၏ မျက်နှာအမူအရာအရ ဟဲရှန့်သည် လီရူ ကို မုန်းတီးနေသည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယခု ဟဲရှန့်က သူရော လီရူ ကိုပါ စားတော်ပွဲတစ်ခုသို့ ဖိတ်ကြားနေသဖြင့် ဟဲရှန့်၏ အစစ်အမှန် ရည်ရွယ်ချက်များကို ထျန်းယီ မသေချာတော့ချေ။
"အဲ့ဒါက သင့်တော်ပါတယ်... သင့်တော်ပါတယ်..."
ထျန်းယီမှာ ဆက်နေရန် ရည်ရွယ်ချက် မရှိတော့ကြောင်း မြင်တွေ့ရသဖြင့် ဟဲရှန့်က သူ့ကို လိုက်ပို့ရန် အခွင့်အရေး ယူလိုက်၏။ သို့သော် ပင်မတံခါးဝသို့ ရောက်သောအခါ လမ်းမပေါ်ရှိ လူများအားလုံး၏ မျက်စိရှေ့တွင် ဟဲရှန့်က ထျန်းယီကို နောက်တစ်ကြိမ် လေးနက်စွာ အရိုအသေပေးလိုက်သည်။
"ဖိတ်စာကို သေချာပေါက် ပို့ပေးလိုက်ပါ့မယ်။ အတွင်းရေးမှူးချုပ်ထျန်း နဲ့ သခင်လီတို့ ကျုပ်ဆီ လာရောက်ချီးမြှင့်ပေးဖို့ ရိုးသားစွာ မျှော်လင့်ပါတယ်..."
ထျန်းယီသည် လမ်းမပေါ်ရှိ သာမန် ပြည်သူလူထုများနှင့်အတူ ဟဲရှန့်အား ဇဝေဇဝါဖြစ်ပြီး အနည်းငယ် အံ့အားသင့်နေသော အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် သူ၏ ရထားလုံးပေါ်သို့ တက်ကာ ထွက်ခွာသွားတော့၏။ သူ၏ အိမ်တော်အတွင်းသို့ ပြန်ရောက်သောအခါ ဟဲရှန့်မှာ မပြုံးဘဲ မနေနိုင်တော့ချေ။ ထျန်းယီ ဤသူသည် တုံကျိုး သေဆုံးပြီးနောက် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် တုံကျိုး၏ အလောင်းပေါ်သို့ ခုန်ချခဲ့သည့်လူဖြစ်သည်။
*ရိုးသားပြီး သစ္စာရှိတဲ့ လူတစ်ယောက်မို့ မိတ်ဆွေဖွဲ့ဖို့ တန်ပါတယ်…*
ထို့နောက် ဟဲရှန့်က သူ့ရှေ့ရှိ စခရင်ပေါ်မှ ဂုဏ်သတင်းအမှတ် ၁၆၀၀ကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။
“သခင်ချောင်.. ခင်ဗျားတော့ တကယ် ကြိုးစားပြီး ပိုမြင့်တဲ့နေရာကို တက်လှမ်းဖို့ လိုနေပြီ။ ဒီထျန်းယီရဲ့ အာရုံစိုက်မှု တစ်ခုတည်းကတင် ခင်ဗျားဆီက ရတာနဲ့ တူညီနေပြီ..."
"အစေခံ... ငါ့မြင်းကိုယူခဲ့စမ်း။ ဒီတပ်မှူးက သူ့ရာထူးကို သွားယူတော့မယ်..."
ခါးတံဆိပ်( ခါးတွင်ချိတ်ရသည့် တံဆိပ်ပြား)နှင့် အမိန့်စာကို ကိုင်ဆောင်ထားပြီဖြစ်ရာ သူသည် စစ်သားများစုဆောင်းရန် အနောက်ဘက်ဥယျာဉ်သို့ သဘာဝကျကျ သွားရောက် သတင်းပို့ရမည်ဖြစ်၏။ ကိစ္စများမှာ ဆုံးဖြတ်ပြီးသွားပြီဖြစ်ရာ ဟဲရှန့်မှာ ကြိုးစားလျှင်ပင် ရှောင်လွှဲ၍ မရနိုင်တော့ချေ။
သို့သော် ရှေ့သို့ ထွက်လာသော အစေခံမှာ ဟဲရှန့်၏ အမိန့်ကို ကြားလိုက်ရသောအခါ တွန့်ဆုတ်သွား၏။
"သခင်လေး... မြင်းကို တကယ် ယူလာပေးရမှာ သေချာလို့လား..."
"အင်း..."
ဤမေးခွန်းကြောင့် ဟဲရှန့်၏ မျက်နှာမှာ နီရဲသွားတော့သည်။ ပြုတ်ကျထားသဖြင့် နာကျင်နေသော သူ့လက်မောင်းကို သူ မပွတ်ဘဲ မနေနိုင်တော့ဘဲ သူ၏ မျက်နှာအမူအရာမှာလည်း ဖော်ပြ၍မရနိုင်အောင် ဝမ်းနည်းကာ မကျေမနပ်ဖြစ်လာပြန်၏။
အမှန်တကယ်ပင် သူ့တစ်ကိုယ်လုံး ပြည့်နှက်နေသော ပွန်းပဲ့ဒဏ်ရာများမှာ မနေ့က မြင်းပေါ်မှ ပြုတ်ကျထားခြင်းကြောင့် ဖြစ်သည်။
မနေ့က စစ်ခုန်းအိမ်တော်မှ ပြန်ရောက်လာပြီးနောက် မြင်းပင် မစီးတတ်သဖြင့် ရှက်ရွံ့နေသော ဟဲရှန့်သည် ခြံဝင်းအတွင်း၌ မြင်းစီးခြင်းကို ချက်ချင်း စတင်လေ့ကျင့်ခဲ့၏။ ကံဆိုးစွာဖြင့် သူရော မူလ ဟဲရှန့်ပါ စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦး ဖြစ်လာရန် မည်သည့်အလားအလာမျှ မရှိပုံရပေ။ မြင်းပေါ်မှ အကြိမ်ကြိမ် ပြုတ်ကျသည့်အပြင် အရပ်ရှည်ပြီး သန်မာသော စစ်မြင်းတစ်ကောင်ကို မြင်သည်နှင့် တုန်ယင်နေတတ်သည့် အကျင့်တစ်ခုကိုပါ သူ ရရှိသွားခဲ့သည်။
"မြင်းကို ယူလာခဲ့ရမှာပါ။ မြင်းမစီးတဲ့တပ်မှူးကို မင်း မြင်ဖူးလို့လား... သွား... ငါ့အတွက် အဲဒီပြိုင်ဘက်ကင်းပြီး အပြစ်အနာအဆာကင်းတဲ့၊ အရပ်ရှည်ပြီး သန်မာတဲ့ စစ်မြင်းကို ယူလာခဲ့စမ်း..."
ဟဲရှန့်က ဩဇာညောင်းစွာ လက်ညှိုးထိုးပြလိုက်ပြီး ခမ်းနားထည်ဝါသော ပုံစံပေါက်နေ၏။
အစေခံမှာ အိမ်တော်အတွင်းရှိ ခမ်းနားထည်ဝါပြီး ခွန်အားကြီးမားသော ဖာဂါနာမြင်းကို ချက်ချင်း သတိရသွားသည်။ သို့သော် ဟဲရှန့်၏ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်သောအခါ သူ ချွေးစေးများ ပြန်လာခဲ့၏။ ဟဲရှန့်က မြင်းဇောင်းဘေးရှိ ခြံထဲက မြည်းတစ်ကောင်ကို လက်ညှိုးထိုးပြနေခြင်းဖြစ်သည်။
"ဟဲဆန်း... ဒီသခင်လေးက အဲဒီ စစ်မြင်းကောင်းနဲ့ လုံးဝ လိုက်ဖက်တယ်လို့ မင်း မထင်ဘူးလား..."
“ဟုတ်ပါတယ်..."
သနားစရာကောင်းသော အစေခံဟဲဆန်းမှာ အရင်ဆုံး ခေါင်းညိတ်လိုက်ပြီးနောက် လျင်မြန်စွာ ခေါင်းယမ်းလိုက်၏။
သို့သော် ဟဲရှန့်က ဂရုမစိုက်ချေ။ နောက်ဆုံးတွင် သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရုံသာရှိသည်။
"သနားစရာကောင်းတဲ့ ငါလေး။ အခုချိန်မှာ ငါက အဲဒီမြည်းလောက်တောင် အခြေအနေ မကောင်းဘူး။ အနည်းဆုံးတော့ အဲဒါက ချက်ချင်း သေရမယ့် အန္တရာယ်နဲ့ မရင်ဆိုင်ရဘူးလေ..."
အခန်း (၁၆) လမ်းမကြီးပေါ်မှ ဆူပူအုံကြွမှု
မွန်းလွဲပိုင်းသို့ရောက်သောအခါ လောယန်မြို့ တစ်မြို့လုံးမှာ အတော်လေး စည်ကားလာတော့၏။ ဟန်မင်းဆက်တွင် 'ဈေးများကို မွန်းတည့်ချိန်တွင် ဖွင့်ပြီး နေဝင်ချိန်တွင် ပိတ်သည်' ဟူသော စည်းမျဉ်းကို လိုက်နာနေဆဲဖြစ်သဖြင့် မြို့ထဲရှိ သာမန်ပြည်သူလူထုများမှာ ၎င်းတို့၏ လိုအပ်သော သို့မဟုတ် မလိုအပ်သော အရောင်းအဝယ်များကို တိုတောင်းလှသည့် မွန်းလွဲပိုင်း အချိန်အတွင်း၌သာ လုပ်ဆောင်နိုင်ကြသည်။
သို့သော် ယနေ့တွင်မူ ပင်မလမ်းမကြီးပေါ်၌ ထူးဆန်းသော လူတစ်ယောက် ပေါ်လာသဖြင့် ဖြတ်သွားဖြတ်လာ သာမန်ပြည်သူလူထု များမှာ စောင်းငဲ့ကြည့်သွားကြ၏။ လမ်းပေါ်ရှိ ရဲတင်းသော ကလေးအချို့ပင်လျှင် ထိုလူ၏ နောက်သို့ တစ်ဟုန်ထိုး ပြေးလိုက်သွားကြပြီးမှ သူတို့၏ မိဘများက အော်ငေါက်ကာ ပြန်ခေါ်ကြရသည်။
ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အတော်လေး ချောမောသော ရုပ်ရည်ရှိသည့် လူငယ်လေးသည် ရိုးရှင်းသော ဝမ်းနည်းခြင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး မြည်းတစ်ကောင်ကို စီးနင်းလာသောကြောင့်ပင်ဖြစ်၏။
သေချာသည်မှာ မြည်းစီးတာက သိပ်ပြီး ထူးဆန်းလှတာ မဟုတ်ပေ။. အဓိကကတော့ သူ၏စီးနင်းပုံက တခြားလူတွေနှင့် လုံးဝကို ကွာခြားနေလို့ဖြစ်သည်။
တခြားလူတွေက ပုံမှန်အတိုင်း စီးပြီး မြည်းကို သယ်ဆောင်ခိုင်းကြပေမယ့် သူကတော့ မြည်းကို ပြောင်းပြန် စီးနေလေသည်။ တခြားလူတွေက မြည်းကို လမ်းလျှောက်ဖို့ ဒါမှမဟုတ် ကွေ့ဖို့ သူတို့၏ ခြေထောက်တွေနဲ့ မြည်းဗိုက်ကိုကန်ပြီး တိုက်တွန်းကြပေမယ့် သူကတော့ မြည်း၏အရှေ့မှာ အစိမ်းရောင်နေကြာပင်တစ်ပင်ကို တွဲလောင်းချထားသည်။
သူက လမ်းကို နောက်ပြန်လှည့်ကြည့်လိုက်၊ ပြီးတော့ သနားစရာ မြည်းလေးကို လမ်းညွှန်ဖို့ သူ့လက်ထဲက နေကြာပင်လေးကို ဝှေ့ယမ်းပြလိုက် လုပ်နေ၏။
ဤကဲ့သို့ ထူးခြားသော အပြုအမူက သဘာဝကျကျပင် လောယန်မှ ယောက်ျားများကို တိတ်ဆိတ်သွားစေပြီး မိန်းမများကို ရယ်မောသွားစေခဲ့၏။ ဤကဲ့သို့ ထူးခြားသော လူဆိုသည်မှာလည်း ဟဲရှန့်သာ ဖြစ်နိုင်ပေသည်။
ဤတစ်ကြိမ် အနောက်ဘက်ဥယျာဉ်သို့ ဝင်ရောက်ရာတွင် သူ့၌ အချိန် အလုံအလောက်ရှိနေသဖြင့် ချောင်ချောင်က သူ၏တင်ပါးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားမတတ် လှုပ်ခါခဲ့သည့် ပြီးခဲ့သည့် အကြိမ်ကလို အလျင်စလို မလုပ်ချင်တော့ချေ။ သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင့်ရှစ်ရာက ဟန်မင်းဆက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သမိုင်းကြောင်း ကြွယ်ဝသော လောယန်မြို့ကို လှည့်လည်ကြည့်ရှုနိုင်ပြီ ဖြစ်ရာ သဘာဝကျကျပင် အေးအေးဆေးဆေး လေ့လာကြည့်ရှုလိုပေသည်။
ထိုဒုက္ခပေးသောကိစ္စများနှင့် ပတ်သက်၍မူ သူ ဆက်လက် စိတ်အနှောင့်အယှက် မဖြစ်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ စိုးရိမ်ပူပန်နေခြင်းက ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ထို့အပြင် သူသည် စိတ်သဘောထားကြီးပြီး အရှက်မရှိသည့် လူစားမျိုးဖြစ်၏။
ပြီးခဲ့သည့် အကြိမ်က ချောင်ချောင်သည် ဟဲရှန့်အား လောယန်၏အကြောင်းကို မိတ်ဆက်ပေးခဲ့သော်လည်း ချောင်ချောင်က လောယန်၏ နိုင်ငံရေးအခြေအနေကိုသာ ပိုမို အာရုံစိုက်ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ဟဲရှန့်သည် ဤခမ်းနားလှသော ပန်းချီကားထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာရင်း လောယန်နှင့် ပတ်သက်သည့် သူ၏ ကိုယ်ပိုင် နားလည်မှုကို သဘာဝကျကျ ပြန်လည် သတိရလာခဲ့၏။
လောယန်ဟူသော အမည်မှာ လောမြစ်၏ မြောက်ဘက်တွင် တည်ရှိခြင်းကြောင့် ပေးထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဟန်မင်းဆက်၏ အခြေခံဒြပ်စင်မှာ မီးဖြစ်သောကြောင့် ဧကရာဇ်ကွမ်ဝူလျိုရှို့က လောယန်တွင် မြို့တော်တည်ထောင်ပြီးနောက် မြို့အမည်ကို လောယန်ဟု ပြောင်းလဲခဲ့၏။
(Luoyang 洛阳 - 'Luo' 洛 တွင် ရေ '氵' ပါဝင်ပြီး ၎င်းကို ဖယ်ရှားကာ 'Luo' 雒 ဟု ပြောင်းလဲခဲ့သည်)
လောယန်မြို့တစ်မြို့လုံးနှင့်တကွ ပတ်ဝန်းကျင်ရှိ ဟဲနန်နယ်စား၏ ဒေသမှာ မြစ်ဝှမ်းချိုင့်ဝှမ်းတစ်ခုအတွင်းတည်ရှိပြီး အနောက်ဘက်တွင် ချင်လင်တောင်တန်းများကို နောက်ခံထားကာ အရှေ့ဘက်တွင် စုန့်တောင်ကို မျက်နှာမူထားပြီး တောင်ဘက်တွင် ဖူနျိုတောင်တန်းများကို အပေါ်မှ စီးမိုးကြည့်နိုင်ကာ မြောက်ဘက်တွင် ဝမ်ဝူတောင်တန်းများကို မှီခိုထားသည်။
၎င်းသည် မြစ်ဝါမြစ်၏ ဗျူဟာမြောက် အားသာချက်ကိုလည်း ရယူထားပြီး အရပ်လေးမျက်နှာစလုံးတွင် တောင်တန်းများ ဝန်းရံကာ မြို့ကို ပတ်လည်ကွေ့ကောက် စီးဆင်းနေသော မြစ်ငါးစင်းရှိရာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသော သဘာဝခံတပ်ကြီး တစ်ခုပင်ဖြစ်၏။
လွန်ခဲ့သော ခြောက်နှစ်၊ ကျုံဖျင် ပထမနှစ်တွင် အဝါရောင်ခေါင်းပေါင်း ပုန်ကန်မှု ဖြစ်ပွားစဉ်က ဧကရာဇ်လင်းသည် ဟဲနန်နယ်စား ဟဲကျင်းကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဟဲကျင်းသည် ဘယ်နှင့်ညာ ဧကရာဇ် သစ်တောစောင့်တပ်နှင့် မြောက်ဘက်စစ်တပ်၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းငါးခုကို ဦးဆောင်ကာ မြို့တော်ကို ကာကွယ်ရန် မြို့တော်၏ ဆင်ခြေဖုံး ဒေသများတွင် တပ်စွဲခဲ့၏။
လောယန်၏ မြေမျက်နှာသွင်ပြင်ကို အခြေခံ၍ ဟဲကျင်းသည် လောယန်ပတ်လည်တွင် ဟန်ကူ ၊ ယီချွဲ ၊ ကွမ်ချန် ၊ တာကူ ၊ ဟွမ်ယွမ် ၊ ရွှမ်မန် ၊ မုန့်ကျင်း နှင့် ရှောင်ဖျင်ကျင်းဟူသော တောင်ကြားလမ်းရှစ်ခုကို တည်ထောင်ခဲ့ပြီး စစ်ဘက်နှင့် အုပ်ချုပ်ရေးကိစ္စရပ်များကို ကြီးကြပ်ရန်နှင့် မြို့တော်ကို ကာကွယ်ရန် တောင်ကြားလမ်းရှစ်ခု၏ တပ်မှူးတစ်ဦးကို ခန့်အပ်ခဲ့သည်။
ဤနည်းဖြင့် လောယန်သည် ခံတပ်တစ်ခုအလား ခိုင်ခံ့သော တောင်ကြားလမ်းရှစ်ခုအတွင်း၌ တည်ရှိနေခဲ့၏။ ဤကဲ့သို့သော မြေမျက်နှာသွင်ပြင်မျိုးဖြင့် စစ်သားတစ်သိန်းက ခြောက်လကြာအောင် တိုက်ခိုက်ခြင်းမရှိဘဲနှင့် လောယန်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ဤအကြောင်းကြောင့် လောယန်သည် တရုတ် သမိုင်းတွင် မင်းဆက်ဆယ့်သုံးဆက်၏ ရှေးဟောင်းမြို့တော် ဖြစ်လာခဲ့သည်။
သေချာပေသည်။ ဤသည်မှာ သီအိုရီအရ စစ်ရေး မှန်းဆချက် တစ်ခုမျှသာဖြစ်၏။
မင်းဆက်တစ်ခု၏ ထွန်းကားမှုနှင့် ကျဆင်းမှုမှာ ၎င်း၏ မြို့တော် မြေမျက်နှာသွင်ပြင်နှင့် သိပ်ပြီး သက်ဆိုင်မှု မရှိလှချေ။ ဥပမာအားဖြင့် နောက်ထပ် နှစ်ဝက်ခန့်ကြာသောအခါ တုံကျိုးကို ဆန့်ကျင်သည့် စစ်ဘုရင်များ မဟာမိတ်ဖွဲ့ချိန်တွင် ကွမ်တုန်းဒေသမှ စစ်ဘုရင်များမှာ အစောပိုင်းအဆင့်များတွင် ကြီးကြီးမားမား အောင်မြင်မှု မရရှိခဲ့သော်လည်း တုံကျိုးမှာ အလွန်အမင်း ကြောက်လန့်သွားပြီး လောယန်ကို မိမိဆန္ဒအလျောက် စွန့်ခွာကာ ပိုမို ဝေးကွာသော ချန်အန်းသို့ ဆုတ်ခွာသွားခဲ့သည်။
ထိုသို့ မြို့တော်ပြောင်းရွှေ့ခြင်းမှာ လောယန်တစ်ခုလုံးအတွက် ဘေးအန္တရာယ်ကြီးတစ်ခုနှင့် မခြားနားချေ။
ဟဲရှန့်၏ လက်ရှိ ခွန်အားဖြင့် ရှေ့တန်းမှနေ၍ အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် ဆိုသည်အပထား သမိုင်းရေစီးကြောင်း၏ ကြိတ်ချေမှုကြောင့် အမှုန့်မဖြစ်သွားအောင် ရှောင်ရှားခြင်းကပင် ကြီးမားလှသော အလုပ်တစ်ခုဖြစ်နေပြီဖြစ်၏။
တစ်နည်းဆိုရသော် လာမည့်ခြောက်လတာ ကာလ၌ လောယန်တွင် သူ၏အမှတ်အသားတစ်ခု ချန်ရစ်နိုင်ရန် ကံကြမ္မာက သူ့အတွက် ချန်ထားပေးခဲ့သော ရွှေရောင်ကာလတစ်ခုပင်ဖြစ်သည်။ သူ ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲဆိုတာကမူ သူ၏ အခွင့်အရေးများနှင့် ကံကြမ္မာအပေါ် လုံးဝ မူတည်နေ၏။
"ဘာပဲဖြစ်ဖြစ် ငါ့မှာ နောက်ထပ်နှစ်ဝက် အချိန်ရသေးတယ်။ အကယ်၍ ငါက ငါးကြင်းကနေ နဂါးအဖြစ် မပြောင်းလဲနိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ လိပ်နင်ဂျာ တစ်ကောင်ဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အခွံမာတစ်ခုတော့ ဖန်တီးနိုင်မှာပါ..."
မြည်းပေါ်တွင် ဖြည်းညင်းစွာ စီးနင်းလိုက်ပါရင်း အတွေးထဲ နစ်မျောနေသော ဟဲရှန့်သည် လောကီရေးရာများနှင့် ကင်းကွာနေသော ထူးကဲသည့် ဆရာသခင်တစ်ဦး၏ အရှိန်အဝါမျိုး သူ့ထံတွင် ရှိနေသည်ဟု ခံစားလိုက်ရ၏။
သို့သော် သူ၏စိတ်ကူးများ လွင့်မျောကာ အတွေးထဲ နစ်မျောနေချိန်မှာပင် ရုတ်တရက် ဆူညံသံတစ်ခုကြောင့် ဟဲရှန့်မှာ လန့်နိုးသွားတော့သည်။ သာမန်ပြည်သူလူထု တစ်အုပ်ကြီးမှာ ထိတ်လန့်တကြားဖြင့် သူ့ဆီသို့ အပြေးအလွှားလာနေကြ၏။ ဤသို့ လူရာချီပြီး သူ့ဆီ ပြေးလာနေတာကို မြင်သဖြင့် ဟဲရှန့်အနေဖြင့် အဘိုးကြီး ကျန်းကောလို မြည်းကို ပြောင်းပြန် စီးပြီး ဟန်ဆောင်နေလို့ မရတော့ပေ။ သူက မြည်းပေါ်ကနေ ကမန်းကတန်း ခုန်ဆင်းလိုက်ပြီး မြည်းကို လုံခြုံသည့်နေရာတစ်ခုဆီ ဆွဲခေါ်သွားကာ ထွက်ပြေးလာတဲ့ သာမန်ပြည်သူ တစ်ယောက်ကို ဖမ်းဆွဲပြီး မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ..."
ထိုလူက ဟဲရှန့်၏ ဆုပ်ကိုင်ထားမှုကို ကြောက်လန့်တကြား ရုန်းဖယ်လိုက်ပြီး အလောတကြီး အော်ဟစ်လိုက်၏။
"ပြေး... ပြေး... လျန့်ပြည်နယ်စစ်သားတွေနဲ့ ပမ်းပြည်နယ်စစ်သားတွေ တိုက်ခိုက်နေကြတယ်..."
ဤသို့ပြောပြီးနောက် ထိုလူက နောက်လှည့်မကြည့်ဘဲ ထပ်မံ ထွက်ပြေးသွားတော့သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဟဲရှန့်၏ ပထမဆုံး တုံ့ပြန်မှုမှာလည်း ထွက်ပြေးရန်ပင်ဖြစ်၏။ သူသည် ကူးပြောင်းလာသူတစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း အနီရောင်အတွင်းခံကို အပြင်ဘက်တွင် ဝတ်ဆင်ထားသော စူပါမင်း မဟုတ်ပေ။ သို့သော် သူ လှည့်၍ ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင် အမှတ်မထင် နောက်သို့ လှည့်ကြည့်လိုက်မိရာ သူ့မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်သွားတော့၏။
ဖရိုဖရဲဖြစ်နေသော လူအုပ်ကြီးကြားတွင် စစ်သား အုပ်စုနှစ်စုက ကွမ်းယန်လမ်းမကြီးကို စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေကြသည်။ တစ်ဖက်တွင် လူအင်အား ပိုများနေကြောင်း ထင်ရှားပြီး အခြားတစ်ဖက်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးနေ၏။
သို့သော် ဟဲရှန့်မှာ ဤလျန့်ပြည်နယ် စစ်သားများနှင့် ပမ်းပြည်နယ် စစ်သားများအပေါ် မည်သည့် သံယောဇဉ်မျှ မရှိချေ။ သူ့ကို ဒေါသထွက်စေသည့် တစ်ခုတည်းသောအရာမှာ နှစ်ဖက်စလုံးက လမ်းပေါ်ရှိ သာမန်ပြည်သူလူထုများကို လုံးဝ ဂရုမစိုက်ခြင်းပင်ဖြစ်သည်။ သူတို့၏ မြင်းခွာများ နင်းမိသော နေရာ သို့မဟုတ် သူတို့၏ ဓားများ လင်းလက်သွားသော နေရာတိုင်းတွင် စစ်သားများ သေဆုံးရုံသာမက သားကောင်အများစုမှာ အချိန်မီ မထွက်ပြေးနိုင်ခဲ့သော သာမန်ပြည်သူလူထုများသာဖြစ်ပြီး ဝက် သို့မဟုတ် ခွေးများအလား သတ်ဖြတ်ခံနေကြရ၏။
သွေးများနှင့် ငိုကြွေးသံများက ဟဲရှန့်၏ ရင်ထဲမှ တစ်ခုခုကို ချက်ချင်း မီးညှိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ပြေးဝင်လာသော ဆူပူနေသည့် စစ်သားများ၏ လမ်းကြောင်းပေါ်တွင် ရပ်နေရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခုက အလိုအလျောက် ကွေးညွတ်သွား၏။
“လေးဆယ့်ကိုး... ငါးဆယ်... ငါးဆယ့်တစ်... နှစ်ဖက်ပေါင်းမှ လူငါးဆယ်လောက်ပဲရှိတာ။ ဝူမင်တစ်ယောက်တည်းနဲ့တင် ဒါကို ဖြေရှင်းဖို့ လုံလောက်တယ်..."
ထို့ကြောင့် သူက သူ့မျက်စိရှေ့ရှိ စနစ်စခရင်ကို လျင်မြန်စွာ ဖွင့်လိုက်ပြီး ယခင်က ဆင့်ခေါ်ခဲ့ဖူးသော ဇာတ်ကောင်များအောက်ရှိ တစ်ခုတည်းသော ရွေးချယ်စရာတွင် ထပ်မံဆင့်ခေါ်ရန် နှိပ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ ဂုဏ်သတင်းအမှတ် ၁၆၀၀ မှာ ၁၁၀၀ သို့ ချက်ချင်း ကျဆင်းသွားသည်ကို ဟဲရှန့် မြင်လိုက်ရသည်။
ထိုအခိုက်အတန့်မှာပင် ချန်ဟူမြင်းစီးသူရဲ တစ်ဦးက ဟဲရှန့်၏ အမြင်အာရုံထဲသို့ ပြေးဝင်လာ၏။ ဟဲရှန့်က လမ်းမပေါ်တွင် အရူးတစ်ယောက်လို ရပ်နေသည်ကို မြင်လိုက်ရသောအခါ မြင်းစီးသူရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ခွေးကောင်လေး... လမ်းဖယ်စမ်း..."
"သေသင့်တာ မင်းပဲ..."
ဤအခိုက်အတန့်တွင် ရှောင်တိမ်းရန် ဟဲရှန့်က လုံးဝကို မေ့လျော့သွား၏။ အမှန်တကယ်တော့ သူသည် ရှောင်တိမ်းရသည်ကို ငြီးငွေ့နေပြီ ဖြစ်သည်။ မနေ့က ညီလာခံမှ ကျန်ရစ်ခဲ့သော ဖိအားများမှာ ဤအခိုက်အတန့်တွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုနှင့် အသက်ကို ပဓာနမထားသော ရူးသွပ်သည့် ဒေါသတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော် ဟိန်းဟောက်သံများနှင့် ဒေါသများက စစ်မြင်းတစ်ကောင်၏ အရှိန်အဟုန်ကို မတားဆီးနိုင်သလို သူ့ရှေ့ရှိ အေးစက်ပြီး တောက်ပနေသော ဓားသွားကိုလည်း မဖျောက်ဖျက်နိုင်ချေ။
သို့သော် ချန်ဟူမြင်းစီးသူရဲ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်မှုမှာ ပိုမို စိတ်လှုပ်ရှားပြီး မောက်မာလာချိန်မှာပင် သူ၏ မျက်နှာအမူအရာမှာ ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားတော့၏။
"သခင်လေး... ဖယ်လိုက်..."
ဝူမင်၏ ရင်းနှီးကျွမ်းဝင်သော အသံက အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ဟဲရှန့်သည်လည်း အနောက်ဘက်မှ ပြေးဝင်လာသော အလွန် ပြင်းထန်သည့် လေပြင်းတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ စဉ်းစားချိန်ပင် မရလိုက်ဘဲ ချန်ဟူမြင်းစီးသူရဲက သူ၏ ကွင်းတပ်ဓားကောက်ကို ထိတ်လန့်တကြား အောက်သို့ ခုတ်ချလိုက်ချိန်တွင် ဟဲရှန့်က ပျင်းရိသော မြည်းတစ်ကောင်အလား လျင်မြန်စွာ လိမ့်ကာ ဘေးဘက်သို့ ရှောင်ထွက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် စစ်မြင်း၏ စူးရှပြီး နာကျင်လှသောဟီသံနှင့်အတူ ချန်ဟူမြင်းစီးသူရဲ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို သူ ကြားလိုက်ရ၏။ ခေါင်းကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ကြီးမားလှသော သံမဏိတူကြီးတစ်လက်က မြင်း၏ ခေါင်းကို အပြင်းအထန် ရိုက်ခွဲလိုက်သဖြင့် သွေးများ ပန်းထွက်ကာ တစ်စစီ ကွဲကြေသွားသည်ကို ဟဲရှန့် မြင်လိုက်ရသည်။ ချန်ဟူမြင်းစီးသူရဲမှာ လဲကျသွားသော မြင်းကို မထိန်းချုပ်နိုင်တော့ဘဲ မြင်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး ဖိမိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အရိုးများ ကျိုးကြေသွားတော့၏။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဝူမင်၏ ယနေ့ ဝတ်စားဆင်ယင်မှုမှာ ပြီးခဲ့သည့် အကြိမ်ကအတိုင်းပင်ဖြစ်ကြောင်း ဟဲရှန့် မြင်တွေ့လိုက်ရသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ယနေ့တွင် သူသည် ကြီးမားလှသော သံမဏိတူကြီးတစ်လက်ကို ကိုင်ဆောင်ထားခြင်းပင်ဖြစ်၏။ တူကြီးမှာ ခြောက်ထောင့်ပုံစံရှိပြီး ၎င်း၏ ထိပ်ဖျားမှာ ချွန်ထက်ကာ ထက်မြက်နေပြီး ၎င်း၏ အခြေတွင် သံကြိုးတစ်ချောင်း တပ်ဆင်ထားသည်။ သံကြိုး၏ အခြားတစ်ဖက်စွန်းတွင် ခွန်အားကြီးမားပြီး ခမ်းနားထည်ဝါသော ဝူမင် ရပ်နေ၏။
"သခင်လေး... ဒီနေ့ ဝူမင်ကို ဆင့်ခေါ်တာ ဘာအရေးတကြီး ကိစ္စများရှိလို့လဲ..."
ဝူမင်က ရုတ်တရက် လက်ကို ဝှေ့ယမ်းကာ လေးလံသော သံမဏိတူကြီးကို သူ၏ ဂျိုင်းအောက်တွင် ညှပ်ထားလိုက်သည်။
"ဆူပူနေတဲ့ စစ်သားတွေက မြို့ထဲမှာ ရုတ်တရက် သောင်းကျန်းနေပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်နေကြတယ်။ သူတို့ရဲ့ ပြစ်မှုတွေကို ခွင့်လွှတ်လို့ မရဘူး။ ဒီဆူပူနေတဲ့ စစ်သားတွေကို ရပ်တန့်ပေးဖို့ လူစွမ်းကောင်းကြီး ဝူမင်ကို ကျွန်တော် တောင်းဆိုပါတယ်..."
အရှေ့တွင် ဆူပူနေသော စစ်သားများမှာ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်ပြီး သာမန် ပြည်သူလူထုများကို သတ်ဖြတ်နေဆဲဖြစ်ကြောင်း မြင်တွေ့ရသောအခါ သူရဲကောင်းဆန်သော နှလုံးသားရှိသည့် ဝူမင်မှာလည်း ဟဲရှန့်ကဲ့သို့ပင် ဒေါသများ ချက်ချင်း လောင်ကျွမ်းသွားတော့၏။ သူက ဟိန်းဟောက်၍ ဒေါသတကြီး ပြန်လည် ဖြေကြားလိုက်သည်။
"ဒါဟာ ပြည်သူတွေကို ကယ်တင်ဖို့ ဖြောင့်မတ်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒါ့အပြင် သခင်လေးရဲ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီမို့ ဝူမင်က သဘာဝကျကျ အမှုထမ်းရမှာပါပဲ။ ဒါပေမဲ့ သူတို့ကို ဘယ်လို ရပ်တန့်စေချင်လဲဆိုတာကိုတော့ ဒီလက်အောက်ခံက သိချင်ပါတယ်..."
ဟဲရှန့်၏ မျက်လုံးများတွင် နားလည်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဝူမင်၏ စိုးရိမ်ပူပန်မှုကို သူ သဘောပေါက်သွား၏။ သို့သော် သူက ပြတ်သားစွာပင် ပြန်လည် ဖြေကြားလိုက်သည်။
"ဝူမင် ... မတွန့်ဆုတ်ပါနဲ့...ဒီဆူပူနေတဲ့ စစ်သားတွေအားလုံးကို ကွက်မျက်ပစလို့ရတယ်..."
"နားလည်ပါပြီ…”
ဟဲရှန့်၏ အဖြေကို ရရှိသွားသည်နှင့် လူစွမ်းကောင်းကြီးဝူမင်မှာ နောက်ထပ် တုံ့ဆိုင်းမနေတော့ချေ။ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုနှင့်အတူ သူသည် သူ၏ သံကြိုးတပ်တူကြီးကို လွှဲယမ်းကာ စစ်မြေပြင်ထဲသို့ ခုန်ဝင်သွားတော့သည်။