← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) ဝူမင်... သူ့ကို သတ်လိုက်…

ဘုန်း...

သံကြိုးတပ်တူကြီး လွင့်ထွက်သွားပြီး ချန်ဟူမြင်းစီးသူရဲတစ်ဦးကို အပြင်းအထန် ရိုက်ခွဲလိုက်၏။ ထိုစစ်သားမှာ ညည်းတွားသံ တစ်ချက်ပင် မပေးလိုက်နိုင်ဘဲ မြင်းပေါ်မှ လွင့်စင်သွားတော့သည်။ သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများ အဆက်မပြတ် အန်ကာ မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားတော့၏။

စစ်မြေပြင်သို့ ပြေးဝင်သွားသော လူစွမ်းကောင်းကြီး ဝူမင်မှာ လူပုံစံရှိသော သားရဲတစ်ကောင်အလားဖြစ်နေသည်။ ယခင်က သူသည် မြင်းတပ်ငါးဆယ်ကို လက်ဗလာဖြင့် အနိုင်ယူနိုင်ခဲ့၏။ ယခု ထိုသံကြိုးတပ်တူကြီးကို ကိုင်ဆောင်ထားချိန်တွင်မူ သူက တကယ့်ကို ပြိုင်ဘက်ကင်းဖြစ်နေတော့သည်။

ဝူမင်သည် မည်သည့် သိုင်းကွက်ကိုမျှ အသုံးပြုရန် မလိုအပ်ဘဲ သူ၏ သံကြိုးတပ် တူကြီးကို လွှဲယမ်းရုံသက်သက်ဖြင့် မြင်းစီးသူရဲများနှင့် ရက်စက်ကြမ်းကြုတ်သော စစ်သားများအားလုံးကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ကြောင်း ဟဲရှန့် မြင်တွေ့လိုက်ရ၏။

ထို့နောက် ထက်မြက်သော ဝံပုလွေတစ်ကောင်အလား ဝူမင်က သူ၏ အနီးအနားတွင် တစ်စုံတစ်ယောက် လှုပ်ရှားရန် ပြင်နေသည်ကို အာရုံခံမိပြီး သူ၏တူကြီးဖြင့် ပစ်ပေါက်လိုက်သည်။ ထိုလူက ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့လျှင်တောင်မှ တူကြီးမှာ အလွန်လေးလံလှ၏။ အနည်းငယ် ပွတ်တိုက်မိရုံဖြင့် အရိုးများ ကျိုးကြေပြီး အကြောများ ပြတ်တောက်သွားနိုင်ပေသည်။

တစ်ခဏအတွင်း ဝံပုလွေအုပ်နှစ်အုပ်ကြားက တိုက်ပွဲထဲသို့ ကျားတစ်ကောင် ခုန်ဝင်လာသကဲ့သို့ဖြစ်သွားပြီး တိုက်ပွဲမှာ တစ်ဖက်သတ် အခြေအနေသို့ ချက်ချင်း ပြောင်းလဲသွားတော့၏။

မကြာမီတွင် ဤကျား ဝူမင်၏ ဝင်ရောက်လာမှုကြောင့် လျန့်ပြည်နယ် စစ်သားများနှင့် ပမ်းပြည်နယ်စစ်သားများမှာ သဘာဝကျကျပင် ကွဲကွာသွားကြသည်။ သူတို့သည် အုပ်စုအလိုက် အသီးသီး စုရုံးသွားကြပြီး အော်ဟစ် ဆဲဆိုနေကြသော်လည်း အနီးအနားရှိ သူတို့၏ ရဲဘော်ရဲဘက်များ၏ ကြောက်မက်ဖွယ် သေဆုံးမှုများကို မြင်တွေ့ပြီးနောက် မည်သူမျှ ရှေ့သို့ ထပ်မတိုးရဲကြတော့ချေ။

ဤအခိုက်အတန့်တွင် သူ့အလှည့် ရောက်လာပြီဖြစ်ကြောင်း ဟဲရှန့် သိလိုက်၏။ ဝူမင်ကို ရပ်တန့်ရန် သူက အချက်ပြလိုက်ပြီးနောက် သူ့ဘေးသို့ အပြေးအလွှားသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ငါက အနောက်ဘက်ဥယျာဉ်ရဲ့ လက်ထောက်စစ်ရေးအရာရှိပဲ။ မင်းတို့က လမ်းမပေါ်မှာ ဆူပူအုံကြွအောင် လုပ်ရဲတယ်ပေါ့... မင်းတို့ရဲ့ပြစ်မှုကို မင်းတို့ သိလား..."

"အနောက်ဘက်ဥယျာဉ် ရဲ့ လက်ထောက်စစ်ရေးအရာရှိ ..."

ဟဲရှန့် အံ့အားသင့်သွားသည်မှာ ဤဆူပူနေသော စစ်သားများက သူတို့၏ ပြစ်မှုများကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ ထို့အစား သူတို့က ဟဲရှန့်၏ တရားဝင်ရာထူးကို လှောင်ပြောင်လိုက်ကြ၏။

"လောယန်မြို့ထဲက သတ္တိမရှိတဲ့ လူကြောက်လေးတစ်ယောက်ပါကွာ။ မင်းက လျန့်ပြည်နယ်ကလည်း မဟုတ်ဘူး... ပင်းပြည်နယ်ကလည်း မဟုတ်ဘူး။ ငါတို့ ကိစ္စတွေမှာဝင်ပါဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ..."

လူအင်အား ပိုများသော ပမ်းပြည်နယ် စစ်သားများဘက်မှ ခေါင်းဆောင်မှာ ဒေါသထွက်သွားပြီး ရဲတင်းစွာဖြင့် ဟိန်းဟောက်လိုက်၏။

"ငါက ပမ်းပြည်နယ်အရာရှိ သခင်ကျန်းလျောင်ရဲ့ လက်အောက်က ကင်းထောက်တပ်ဖွဲ့ ရဲ့ တပ်ကြပ်ကြီးပဲ။ ဒီနေ့ ဒီချန်ဟူခွေးမသားတွေအားလုံးကို သတ်ပစ်ဖို့ ငါ ဆုံးဖြတ်ထားတယ်..."

ဤစကားကို ကြားလိုက်ရသောအခါ ဝူမင်၏ မျက်ခုံးမှာ ဒေါသကြောင့် တွန့်ကွေးသွား၏။ သံကြိုးတပ်တူကြီးကို သူ ဘယ်အချိန်က ချထားလိုက်မှန်း မည်သူမျှ သတိမထားမိလိုက်ဘဲ သူသည် စစ်သား သုံးဆယ်ကျော်ရှိသော ဖွဲ့စည်းပုံထဲသို့ လက်ဗလာဖြင့် ပြေးဝင်သွားတော့သည်။ အော်ဟစ်နေသော ထိုလူမှာ သူ့ဓားကို မြှောက်လိုက်ချိန်မှာပင် ဝူမင်ကရုတ်တရက် ဟိန်းဟောက်လိုက်၏။

"မင်း ရဲလား.."

ထိုဟိန်းဟောက်သံမှာ တောအုပ်ထဲမှ ထွက်ပေါ်လာသော ကျားတစ်ကောင်အလား မိုးခြိမ်းသံကဲ့သို့ တုန်ဟည်းသွား၏။ ဓားကို မြှောက်ထားသော တပ်ကြပ်ကြီးမှာ ဝူမင်၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် တစ်ခဏမျှ ကြက်သေသေသွားသည်။ သူ တုံ့ပြန်နိုင်ချိန်တွင် သူ့ခြေထောက်များ မြေကြီးနှင့် လွတ်သွားပြီဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။

သူသည် ဝူမင်၏ လက်တစ်ဖက်တည်းဖြင့် ပင့်မြှောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ကင်းထောက်တပ်ကြပ်ကြီးမှာ သူ့ကို အောက်ချပေးရန် ဝူမင်အား ရည်ရွယ်၍ လေထဲတွင် လက်သီးဖြင့်ထိုးကာ ခြေထောက်ဖြင့် ကန်နေ၏။ သို့သော် ဝူမင်မှာ ဒေါသထွက်နေသော စောင့်ရှောက်သူ နတ်ဘုရားတစ်ပါးအလား တပ်ကြပ်ကြီး၏ ရုန်းကန်မှုများကို လုံးဝ ဂရုမစိုက်ချေ။ သူက ထိုလူကို ဟဲရှန့်ဆီသို့ တိုက်ရိုက် သယ်ဆောင်လာပြီး ဟဲရှန့် ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါ တပ်ကြပ်ကြီး ကို မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ပေါက်လိုက်တော့သည်။ လမ်းမပေါ်တွင် ဖုန်မှုန့်များ လွင့်စင်သွား၏။

"ငါ့ရဲ့ သခင်လေးက ဒီနေရာမှာ မေးခွန်းတွေ မေးနေတယ်။ မင်းတို့ သိတာကို ဖြေကြစမ်း။ မင်းတို့ထဲက တစ်ယောက်ယောက်များထပ်ပြီး ဟောင်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ ခွေးအသက်တွေ ဆုံးရှုံးသွားလိမ့်မယ်..."

ဤသို့ခြိမ်းခြောက်ပြီးနောက် ဝူမင်က တပ်ကြပ်ကြီး၏ ရင်ဘတ်ကို အားပြင်းပြင်းဖြင့် ကန်လိုက်သည်။ နံရိုးများ ကျိုးကြေသွားသော အသံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။ ထို့နောက် နောက်ထပ် ကန်ချက်တစ်ခုဖြင့် ပေါင်နှစ်ရာခန့် အလေးချိန်ရှိသော တပ်ကြပ်ကြီးကို အမှိုက်တစ်စအလား ပမ်းပြည်နယ် စစ်သားများ၏ ဖွဲ့စည်းပုံထဲသို့ ပြန်လည် လွင့်စင်သွားစေခဲ့သည်။

ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး အားပါလှသော တိုက်ခိုက်မှုက ဤမောက်မာသော စစ်သားများကို အခြေအနေကို ရုတ်တရက် သဘောပေါက်သွားစေခဲ့၏။

*သောက်ကျိုးနည်း… ဒီခွန်အားကြီးမားတဲ့ လူက အဲ့ဒီလူချောလေးရဲ့ လက်အောက်ခံ ကိုး။ ဒါကြောင့်မို့ အဲ့ဒီလူချောလေးက ငါတို့ ပမ်းပြည်နယ် နဲ့ လျန့်ပြည်နယ်က လူတွေရဲ့ ကိစ္စတွေမှာ ဝင်ပါရဲတာပဲ…*

"ဟန်စစ်တပ်ရဲ့ စည်းမျဉ်းတွေမှာ တားမြစ်ချက်ခုနစ်ချက် နဲ့ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုငါးဆယ့်လေးခု ပါဝင်တယ်။ အဲဒီအထဲမှာ 'ရောက်ရှိလာချိန်တွင် ဒေသခံ ပြည်သူလူထုကို အနိုင်ကျင့်ခြင်း'ဆိုတဲ့ ပြစ်မှုလည်းပါဝင်ပြီး အဲဒါကို 'သစ္စာဖောက် စစ်တပ်' ပုဒ်မလို့ ခေါ်တယ်။ ကျူးလွန်တဲ့သူတွေကို ကွပ်မျက်ရမယ်။ မင်းတို့က နန်းတွင်းရဲ့ မျက်စိအောက်မှာတင် မဆင်မခြင်ရန်ဖြစ်ပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်ရဲတယ်ပေါ့လေ... မင်းတို့ရဲ့ ပြစ်မှုက ခွင့်လွှတ်လို့ မရဘူး... ကဲ... ဒ္ဖြစ်ရပ်ကို ဘယ်ကဖြစ်စေခဲ့တာလဲ... အခုချက်ချင်း ဝန်ခံကြစမ်း..."

ဝူမင်၏ ကျားတစ်ကောင်ကဲ့သို့သော အကြည့်အောက်တွင် ဟဲရှန့်၏ စကားများမှာ အလေးချိန် ရှိလာခဲ့၏။ သို့သော် ဤလူများမှာ ဝူမင်၏ ရဲစွမ်းသတ္တိကြောင့် ကြောက်လန့်သွားခြင်းသာဖြစ်ပြီး ဟဲရှန့်၏ စည်းကမ်းတကျ ဟန်ပန်ကြောင့် မဟုတ်ချေ။ အများစုမှာ ဟဲရှန့်ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေကြဆဲပဖြစ်၏။ ထို့ကြောင့် သူတို့ထဲမှ မည်သူမျှ အရင်ဆုံး စကားမပြောကြချေ။

ဤသည်ကို မြင်သောအခါ ဝူမင်မှာ ဒေါသထွက်သွားပြီး ရှေ့သို့ တစ်လှမ်း ချက်ချင်း တိုးလာခဲ့၏။

သူ၏လှုပ်ရှားမှုကြောင့် ရက်စက်ကြမ်းကြုတ်သော ပမ်းပြည်နယ် စစ်သား သုံးဆယ်ကျော်မှာ တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားကြသည်။ ဝူမင်က သူ့ခေါင်းကို လှည့်လိုက်ရာ လျန့်ပြည်နယ်မှ ချန်ဟူလူမျိုးများကလည်း ထိုနည်းတူစွာ လုပ်ဆောင်ကြ၏။ ဤသည်ကို မြင်သောအခါ ဝူမင်က နောက်ထပ် အားထုတ်မနေတော့ချေ။ သူက ပမါးပြည်နယ် နှင့် လျန့်ပြည်နယ် အုပ်စုများမှ ခေါင်းဆောင်နှစ်ဦးကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"မင်းတို့ နှစ်ယောက် ဒီကိုလာခဲ့စမ်း... သခင်လေး ရဲ့ မေးခွန်းတွေကိုဖြေစမ်း... နောက်ထပ် အထင်သေးတဲ့ပုံစံမျိုးကို ငါ ထပ်မြင်ရရင် အာဏာပြဖို့ မင်းတို့ရဲ့ ခွေးခေါင်းတွေကို ဖြတ်တာကနေ အရင် စလုပ်မယ်..."

ဝူမင်က ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ တုန်ယင်နေသော ပမ်းပြည်နယ် ခေါင်းဆောင်နှင့် ရှေ့ထွက်လာသော လျန့်ပြည်နယ် ခေါင်းဆောင်တို့မှာ ဟဲရှန့်က ယနေ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိလိုက်ကြ၏။

ထို့ကြောင့် လျန့်ပြည်နယ်ခေါင်းဆောင်က အရင်ဆုံး စကားပြောလိုက်သည်။ "ကျွန်တော်တို့က လျန့်ပြည်နယ်တပ်မှူးဟွာရှုံး ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။ ဒီနေ့ လမ်းတွေပေါ်မှာ ကင်းလှည့်ဖို့ အမိန့်ပေးခံရတာပါ။ ဒီဓားပြအုပ်စုက ထက်မြက်တဲ့ ဓားတွေကို ကိုင်ဆောင်ပြီး မသင်္ကာစရာကောင်းအောင် ပြုမူနေတာကို မြင်တော့ ကျွန်တော်တို့က စုံစမ်းဖို့ သွားခဲ့တာပါ။ သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ရုံသာမက ကျွန်တော်တို့ကိုပါ လက်နက်တွေနဲ့ ချိန်ရွယ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... သူတို့က ပုန်ကန်ဖို့ ရည်ရွယ်ထားတာ ရှင်းနေတာပဲ..."

"ခွေးစကားမပြောနဲ့..."

ပမ်းပြည်နယ် ခေါင်းဆောင်မှာ ချက်ချင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်၏။

"မင်းကို ငါ ပြောပြီးပြီလေ... ငါတို့က ပမ်းပြည်နယ်အရာရှိ ကျန်းလျောင် ရဲ့ လက်အောက်က စစ်သားတွေပဲ။ ဒီနေ့ အသစ်စုဆောင်းထားတဲ့ ဒီစစ်သားသုံးဆယ်ကို အနောက်ဘက်ဥယျာဉ်ထဲ ခေါ်သွားဖို့ အမိန့်ပေးခံရတာ။ မင်းတို့က ဘာအကြောင်းပြချက်မှမရှိဘဲ ငါတို့ကို တားဆီးပြီး ပြဿနာရှာခဲ့တာလေ။ လျန့်ပြည်နယ်က စစ်သားတွေ အားလုံးက ယုတ်မာတဲ့ လှည့်ကွက်တွေကိုပဲ သုံးတတ်တဲ့ လူကြောက်တွေဆိုတာ ရှင်းနေတာပဲ..."

ဤထွက်ဆိုချက် နှစ်ခုတည်းဖြင့် ပဋိပက္ခ၏ အရင်းအမြစ်ကို ဟဲရှန့် နားလည်သွားတော့၏။ တုံကျိုး၏ ကွပ်ကဲမှုအောက်တွင် လျန့်ပြည်နယ် စစ်သားများနှင့် ပမ်းပြည်နယ် စစ်သားများသာလျှင် နယ်စပ်တွင် အချိန်ကြာမြင့်စွာ တပ်စွဲခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး မောက်မာကြ၏။ ရှေးခေတ်ကတည်းက ပညာရပ်တွင် နံပါတ်တစ်ဟု ရှင်းလင်းစွာ သတ်မှတ်၍ မရသော်လည်း သိုင်းပညာတွင်မူ ဒုတိယအမြဲတမ်း ရှိနေတတ်သည်။ ဤ စစ်သားအုပ်စုနှစ်စု စုရုံးလာသောအခါ သဘာဝကျကျပင် ကြီးစိုးနိုင်ရေးအတွက် သူတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်၏။ ထို့ကြောင့် နှစ်ဖက်စလုံးမှ စစ်သားများ ဖိနှိပ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ပွတ်တိုက်မှု ဖြစ်ပွားခြင်းနှင့် ဆူပူအုံကြွမှုများ ဖန်တီးခြင်းတို့မှာ အဆန်းတကြယ် မဟုတ်တော့ချေ။

ယနေ့တွင် ဤနှစ်ဖက်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြ၏။ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ တိုက်ပွဲတစ်ခုမှာ ရှောင်လွှဲ၍ မရနိုင်ချေ။ ကံကောင်းထောက်မစွာဖြင့် ဟဲရှန့်မှာ ပမ်းပြည်နယ်နှင့် လျန့်ပြည်နယ်တို့ကြားက ရှုပ်ထွေးလှသောကိစ္စများတွင် ဝင်ပါလိုစိတ် လုံးဝမရှိပေ။ ပွတ်တိုက်မှု ဖြစ်ပွားနေစဉ်အတွင်း သွေးဆာမှုကြောင့် မျက်စိကန်းသွားပြီး သာမန်ပြည်သူလူထု များကိုသာ ထိခိုက်စေခဲ့ကြောင်း သိရှိထားသဖြင့် သူက ပြောလိုက်သည်။

"မင်းတို့ လျန့်ပြည်နယ် နဲ့ ပမ်းပြည်နယ်ကြားက အငြင်းပွားမှုတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ သိချင်တာ တစ်ခုတည်းပဲ။ အခုလေးတင် ဖြစ်သွားတဲ့ တိုက်ပွဲအတွင်းမှာ ဘယ်သူက သာမန်ပြည်သူလူထုတွေကို မတော်တဆ ထိခိုက်စေခဲ့တာလဲ..."

"သာမန်ပြည်သူလူထုတွေကို မတော်တဆ ထိခိုက်စေခဲ့တာ..."

ဟဲရှန့်က ဤကိစ္စကို ဆက်လက် မေးခွန်းထုတ်နေသေးသည်ကို ကြားလိုက်ရသောအခါ လျန့်ပြည်နယ် ခေါင်းဆောင်မှာ မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။ သူ၏ နားရွက်များ လှုပ်ရှားသွားပြီး သူ၏ နောက်ကွယ်သို့ လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မောက်မာပြီး လွှမ်းမိုးလိုသော ပုံစံသို့ပြန်လည် ပြောင်းလဲသွားတော့၏။

"သူတို့က အောက်တန်းစား သာမန် ပြည်သူလူထုတွေပါကွာ။ သူတို့အားလုံးကို သတ်ပစ်လို့မရဘူးလား... ခေါင်းဖြတ်လို့တောင် မကုန်ဘူး... အဲဒါက ဘာအရေးကြီးလို့လဲ..."

ထို့နောက် သူ့ကိုယ်သူ အတော်လေး ကျေနပ်နေပုံရပြီး သူ့နောက်ကွယ်ရှိ စစ်သားများကိုပင် လှုံ့ဆော်လိုက်သေး၏။

"ငါတို့ နယ်စပ်က လူတွေထဲမှာ လက်ပေါ်မှာ အသက်ပေါင်းများစွာ မပါတဲ့သူ ဘယ်သူရှိလို့လဲ။ ပမ်းပြည်နယ်က အဲဒီပျော့ညံ့တဲ့ကောင်တွေပဲ ငါတို့ကို မနိုင်လို့ သွေးဆာပြီး မျက်စိကန်းသွားတာနဲ့ အရေအတွက်ပြည့်အောင် သာမန် ပြည်သူလူထု တချို့ကို သတ်ရဲတာနေမှာပေါ့..."

ဤသို့ပြောပြီးနောက် လျန့်ပြည်နယ် ခေါင်းဆောင်က နောက်သို့ ရုတ်တရက် ဆုတ်ခွာရန် ကြိုးစားလိုက်၏။ ကံဆိုးစွာဖြင့် ဝူမင်၏ အရှေ့တွင် သူ့၌ အခွင့်အရေး မရှိချေ။

ဝူမင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ကြီးမားလှသော လက်ဝါးကြီးက လျန့်ပြည်နယ်ခေါင်းဆောင်ကို ကြက်ပေါက်လေးတစ်ကောင်အလား ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူက ခေါင်းဆောင်၏ လက်မောင်းနှစ်ဖက်စလုံးကို ချိုးပစ်လိုက်သည်။ စူးရှပြီး နာကျင်လှသော အော်ဟစ်သံများကြားတွင် သူနှင့် ဟဲရှန့်တို့က ဖုန်မှုန့်များ ထနေသော လမ်းမကြီးဆီသို့ အတူတကွ ကြည့်လိုက်ကြ၏။

ကွမယန်လမ်းမကြီးပေါ်တွင် မြင်းတပ်အုပ်စုကြီးတစ်ခုက အရှေ့သို့ ပြေးဝင်လာနေပြီး အဆုံးအစမဲ့သော အနက်ရောင်မျဉ်းနှစ်ကြောင်းအဖြစ် ရှည်လျားစွာ တည်ရှိနေသည်။ လွင့်စင်နေသော ဖုန်မှုန့်များကြားတွင် အရပ်ရှည်ပြီး ခွန်အားကြီးမားသော မြင်းများ ရှိနေသည်။ အားလုံးမှာ ဟန်နိုင်ငံတော်တစ်ဝှမ်းလုံးတွင် တစ်ယောက်လျှင် လူတစ်ရာနှင့် ညီမျှသည်ဟု ကျော်ကြားလှသော အနောက်လျန် သံချပ်ကာမြင်းတပ်များပင်ဖြစ်၏။

ဤမတိုင်မီက ဟဲရှန့်သည် အနောက်လျန် သံချပ်ကာမြင်းတပ်ငါးဆယ်ခန့်ကိုသာ အများဆုံး မြင်တွေ့ဖူးခဲ့ပြီး ထိုအချိန်ကပင် သူတို့မှာ ဖွဲ့စည်းပုံနှင့် မဟုတ်ချေ။ သို့သော် ယနေ့တွင်မူ ကွာခြားလှပေသည်။ အထက်တန်းစား သံချပ်ကာမြင်းတပ်နှစ်ရာက အရှေ့သို့ ပြေးဝင်လာနေပြီး ကျယ်ပြန့်ကာ ခမ်းနားထည်ဝါလှပြီး သူတို့၏ အရှိန်အဟုန်မှာ သက်တံ့တစ်ခုအလားဖြစ်နေ၏။ ထို မောက်မာပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမှာ ပြေးဝင်လာသော မြင်းများ နီးကပ်လာသည်နှင့်အမျှ ပိုမို ခြိမ်းခြောက်လာပြီး နှလုံးသားများကို အကြောက်တရားဖြင့် ရိုက်ခတ်နေတော့သည်။

ဖွဲ့စည်းပုံ၏ ရှေ့ဆုံးမှ မြင်းတပ်ဗိုလ်ချုပ်မှာ လျန့်ပြည်နယ် စစ်သားများ၏ ဝိသေသလက္ခဏာဖြစ်သော မောက်မာမှုကို အပြည့်အဝ ပြသနေပြီး အမှားအမှန်ကို လုံးဝ မခွဲခြားချေ။ သူ မရောက်လာသေးသော်လည်း သူ၏ သံလှံကို ချိန်ရွယ်ကာ အော်ဟစ်လိုက်၏။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့လျန့်ပြည်နယ်က စစ်သည်တွေကို အခုချက်ချင်း လွှတ်ပေးလိုက်။ ဒါမှမဟုတ် သက်ညှာမှုမရှိဘဲ ကွပ်မျက်ခံရမယ်..."

သံသယဖြစ်ဖွယ်မရှိ လျန့်ပြည်နယ် ခေါင်းဆောင်သည် သူ၏ စစ်ကူများ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ရဲတင်းလာပြီး ဟဲရှန့်ရှေ့တွင် မျက်နှာပန်း လှချင်နေခြင်း ဖြစ်၏။

သူသည်လို တွေးသည်မှာလည်း အံ့ဩစရာ မဟုတ်ပေ။ သံချပ်ကာမြင်းတပ်ငါးဆယ်မှာ ဝူမင်၏ပြိုင်ဘက် မဟုတ်နိုင်သော်လည်း ဖွဲ့စည်းပုံဖြင့် ပြေးဝင်လာသော သံချပ်ကာမြင်းတပ် နှစ်ရာကမူ ဝူမင်ကို မြင်းပေါ်မှ သေချာပေါက် ခုတ်ချနိုင်မည် ဖြစ်သည်။ ဖရိုဖရဲတိုက်ပွဲတွင် ပါဝင်နေသော မြင်းတပ်များနှင့် ဖွဲ့စည်းပုံအပြည့်ဖြင့် ပြေးဝင်လာသော မြင်းတပ်များမှာ လုံးဝ ကွဲပြားခြားနားသော အယူအဆများဖြစ်၏။

"ခွေးအရာရှိ... ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း..."

ဟဲရှန့်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်လေးတစ်ခုကို မြင်လိုက်ရသောအခါ လျန့်ပြည်နယ် ခေါင်းဆောင်မှာ ပို၍ပင် ရဲတင်းလာခဲ့၏။

သို့သော် ဟဲရှန့်က နောက်သို့ လှည့်ကာ လျန့်ပြည်နယ်ခေါင်းဆောင်ကို သနားကရုဏာသက်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဆူပူနေတဲ့ အချိန်အတွင်းမှာ မင်းက သာမန် ပြည်သူလူထုတွေကို တမင်တကာ သတ်ခဲ့တယ်လို့ အခုလေးတင် ဝန်ခံခဲ့တယ်နော်..."

"ဟုတ်တယ်လေ..."

"ကောင်းပြီ..."

ဟဲရှန့်က ခေါင်းညိတ်လိုက်ပြီးနောက် ဝူမင်ကို ရိုးရိုးရှင်းရှင်းလေး ပြောလိုက်၏။

"ဝူမင် ... သူ့ကို သတ်လိုက်..."

"မင်း ရဲတယ်ပေါ့..."

လျန့်ပြည်နယ် ခေါင်းဆောင်မှာ အံ့အားသင့်သွား၏။ ဤအားနည်းပုံရသော အရာရှိမှာ တကယ်တော့ အသက်ကို ပဓာနမထားသော လူမိုက်တစ်ဦး ဖြစ်နေမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

သို့သော် သူ ထပ်မံ မအော်ဟစ်နိုင်မီမှာပင် ဝူမင်က သူ့ကို အမြင့်သို့ ပင့်မြှောက်လိုက်ပြီ ဖြစ်သည်။ ထို့နောက် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုနှင့်အတူ ခေါင်းဆောင်၏ခန္ဓာကိုယ်ကို သူ၏ညာဘက် ဒူးခေါင်းနှင့် အပြင်းအထန် ရိုက်ချလိုက်၏။ ခေါင်းဆောင်၏ အော်ဟစ်သံမှာ ရုတ်တရက် ပြတ်တောက်သွားပြီး သူ့ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ အသားပျော့ဖတ်ကြီး တစ်ခုအလား ပြိုကျသွားတော့သည်။

အခန်း (၁၈) ထပ်မံ သတ်ဖြတ်ခြင်း

"ခွေးသူခိုး... မင်းက သေချင်နေတာပဲ..."

အနောက်လျန် သံချပ်ကာမြင်းတပ်၏ အရှေ့တွင်ရပ်နေသော ချောမောသော မြင်းတပ်ဗိုလ်ချုပ်မှာ အားနည်းပုံရသော လူငယ်လေးက လျန့်ပြည်နယ်စစ်သား တစ်ဦးကို သူ၏ မျက်စိရှေ့မှာတင် ကွပ်မျက်လိုက်သည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာမှာ ရူးသွပ်သော သတ်ဖြတ်လိုစိတ်များဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။ သူ့လက်ထဲရှိ သံလှံကို ချိန်ရွယ်ကာ လူငယ်လေး၏ အသက်ကို ယူရန် သူက ရည်ရွယ်လိုက်၏။

"သူခိုးလေး... အဲ့လောက်တောင် မရိုင်းစိုင်းနေနဲ့..."

ဤသည်ကို မြင်သောအခါ ဝူမင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။ သူ့လက်ထဲရှိ အလောင်းကို ပြေးဝင်လာသော မြင်းတပ်ဗိုလ်ချုပ်ဆီသို့ ချက်ချင်း ပစ်ပေါက်လိုက်ပြီးနောက် သံကြိုးတပ် တူကြီးကို ကောက်ယူရန် ကိုင်းညွတ်လိုက်၏။ အထက်တန်းစား သံချပ်ကာမြင်းတပ်နှစ်ရာကို ရင်ဆိုင်ရချိန်တွင် သူသည် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝမပြသဘဲ သူတို့ကို တစ်ယောက်တည်း ရပ်တန့်ရန် အမှန်တကယ်ပင် ရည်ရွယ်ထား၏။

သို့သော် ဟဲရှန့်က ဤကဲ့သို့ ဖြစ်လာစေရန် လုံးဝ ခွင့်ပြုမည် မဟုတ်ချေ။ သူက ဝူမင်ကို အရင်ဆုံး တားဆီးလိုက်သည်။ ထို့နောက် မြင်းတပ်ဗိုလ်ချုပ်က အလောင်းကို ဖယ်ရှားရန် သူ၏ လှံကို လွှဲယမ်းလိုက်ချိန်မှာပင် ဟဲရှန့်က သူ၏တံဆိပ်ကို ရုတ်တရက် မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ငါက စစ်ခုံတုံ ဒီနေ့ အသစ်ခန့်အပ်လိုက်တဲ့လက်ထောက်စစ်ရေးအရာရှိပဲ။ မင်းကဘယ်သူလဲ... မင်းနာမည်ကို ပြောစမ်း..."

ဤတစ်ကြိမ်တွင် ဟဲရှန့်သည် အနောက်ဘက်ဥယျာဉ်သို့ သွားရောက် တာဝန်ထမ်းဆောင်မည်ဟု မပြောဘဲ တုံကျိုးက အခုလေးတင် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ပြောလိုက်ခြင်းဖြစ်၏။

ရာထူးက မပြောင်းလဲသော်လည်း ဆိုလိုရင်းမှာမူ အလွန် ကွာခြားလှပေသည်။

ယနေ့ ညီလာခံသို့ တုံကျိုး တက်ရောက်ခဲ့ကြောင်းကို လူတိုင်း သိထားကြ၏။ အကယ်၍ သူ အခုလေးတင် ခန့်အပ်ခဲ့သော လက်ထောက်စစ်ရေးအရာရှိ

သည် ထိုနေ့ မွန်းလွဲပိုင်းမှာပင် ကွမ်းယန်လမ်းမကြီးပေါ်၌ အသတ်ခံလိုက်ရပါက ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားလာလျှင် တုံကျိုး၏ဒေါသကို ခံနိုင်ရည်ရှိသူမှာ လောယန်တစ်မြို့လုံးတွင် လူအနည်းငယ်သာ ရှိပေလိမ့်မည်။

ဤမြင်းတပ်ဗိုလ်ချုပ်လေးသည် အနောက်လျန်သံချပ်ကာမြင်းတပ် နှစ်ရာကိုသာ ခေါ်ဆောင်လာခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သူသည် ဟဲရှန့်ထက် ရာထူးပိုမြင့်သော အရာရှိတစ်ဦး ဖြစ်မည်မဟုတ်ချေ။ သူသည် အများဆုံး တပ်ခွဲတစ်ခုကို တာဝန်ယူရသော တပ်ခွဲမှူး တစ်ဦးသာဖြစ်ပေမည်။

ထင်သည့်အတိုင်းပင် ဤစကားကို ကြားလိုက်ရသောအခါ မြင်းတပ်ဗိုလ်ချုပ်မှာ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ မျက်နှာအမူအရာမှာ တုံ့ဆိုင်းသွား၏။ သို့သော် နောက်တစ်စက္ကန့်တွင် သူ အလျားလိုက် ကိုင်ထားသော သံလှံမှာ ဟဲရှန့်ကို တိုက်ရိုက် ချိန်ရွယ်ထားဆဲဖြစ်ပြီး ရှေ့သို့ ပြေးဝင်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝူမင်၏ လက်ထဲရှိ သံကြိုးတပ် တူကြီးမှာ လွင့်ထွက်သွားတော့မတတ် ဖြစ်သွား၏။ ဟဲရှန့်၏ မျက်နှာပေါ်ရှိ ဟန်ဆောင်ထားသော တည်ငြိမ်မှုပင်လျှင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မြင်းတပ်ဗိုလ်ချုပ်လေး၏လှံမှာ သူ့လည်ပင်းမှသည် သူ၏ လက်ဆီသို့ ရွေ့လျားသွားသည်ကို ဟဲရှန့် ချက်ချင်း မြင်တွေ့လိုက်ရ၏။ ခပ်သဲ့သဲ့ အသံတစ်ခုနှင့်အတူ သူ့လက်ထဲရှိ တံဆိပ်မှာ လှံဖြင့်ပင့်တင်ခံလိုက်ရပြီး လေထဲသို့ အမြင့်ကြီး လွင့်စင်သွားကာ မြင်းတပ်ဗိုလ်ချုပ်ငယ်လေး၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်ဟု ဟဲရှန့် ခံစားလိုက်ရသည်။ သို့သော် ဟဲရှန့်၏ လက်မှာမူ အနည်းငယ်မျှပင် ဒဏ်ရာမရခဲ့ချေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤ မြင်းတပ်ဗိုလ်ချုပ်လေးသည် သိုင်းပညာစွမ်းရည် အတော်အသင့်ရှိပြီး အမွေအနှစ်အချို့ရှိသော မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း ထင်ရှားပေသည်။ မည်သို့ပင်ဆိုစေကာမူ စစ်သားအများအပြားမှာ သူတို့၏ အစွမ်းကုန် ခွန်အားကို ထုတ်သုံးနိုင်သော်လည်း သူတို့၏ ခွန်အားကို ဤဗိုလ်ချုပ်လေးကဲ့သို့ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သူမှာ အလွန် ရှားပါးလှ၏။

ဤစွမ်းရည်ကို သူ ပြသခြင်းမှာ ဟဲရှန့်ရှေ့တွင် သူ၏ အာဏာကို တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာ ပြသနေသည်။ ထို့ကြောင့် တံဆိပ်ကို လုယူပြီးနောက် သူ၏စစ်မြင်းမှာ ဟဲရှန့်၏ အနားသို့ ရောက်လုနီးပါး အချိန်အထိ စောင့်ဆိုင်းကာ မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်၏။ အရပ်ရှည်သော မြင်းကြီးမှာ မတ်တတ်ရပ်သွားပြီး သူ၏ ကြီးမားလှသော ရှေ့ခြေထောက်နှစ်ဖက်မှာ အမြင့်သို့ မြင့်တက်သွားကာ ဟဲရှန့်၏ မျက်နှာပေါ်သို့ ဖုန်မှုန့်များ တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။

"မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ..."

ဝူမင်မှာ ဒေါသများ လောင်ကျွမ်းသွားပြီး လှုပ်ရှားရန် ပြင်ဆင်လျက် ဟိန်းဟောက်လိုက်၏။ သို့သော် ဟဲရှန့်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝူမင်ကို တားဆီးလိုက်သည်။ ထို့နောက် မထီမဲ့မြင်ပြုသော လေသံဖြင့် မြင်းတပ်ဗိုလ်ချုပ်လေးကို သူ မေးလိုက်၏။

"မင်း စာတတ်လား... တံဆိပ်ပေါ်က စာလုံးတွေကို သေချာမြင်ရရဲ့လား..."

“ဘုန်း…”

စစ်မြင်း၏ ရှေ့ခြေထောက်များက မြေပြင်ပေါ်သို့ ကျလာပြီး မြင်းစီးသူရဲက ကုန်းနှီးပေါ်တွင် မတ်မတ်ထိုင်နေ၏။ လှပသော မျက်လုံးတစ်စုံက ဟဲရှန့်ကို စိုက်ကြည့်နေပြီး သူတို့၏ ထက်မြက်သော အကြည့်များမှာ ထိတွေ့နိုင်လုနီးပါး ဖြစ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက မောက်မာပြီး တမင်တကာ မေးလိုက်၏။

"ဒီပမ်းပြည်နယ်က လူရိုင်းတွေအတွက် မင်းက မရမကရပ်တည်ပေးချင်နေတာလား..."

ဤစကားများက သူ၏ မာနနှင့် ရန်လိုမှုတို့ကို ရှင်းလင်းစွာ မြင်တွေ့စေခဲ့၏။

သို့သော် ဟဲရှန့်မှာ မတုန်မလှုပ်ရှိနေပြီး မြင်းတပ်ဗိုလ်ချုပ်လေးကြောင့် အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ချေ။ သူက အေးစက်ပြီး ပြတ်သားစွာ ထပ်မံ မေးလိုက်၏။

"မင်းက ဘယ်သူလဲ။ မင်းရဲ့ရာထူးကဘာလဲ... အမြန်ပြောစမ်း..."

မြင်းတပ်ဗိုလ်ချုပ်လေး၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့သည်။ ဟဲရှန့်က သူ၏ ရာထူးနိမ့်ကျမှုကို သတိထားမိသွားပြီး သူ့ကို ဖိနှိပ်ရန် ရာထူးကို အသုံးပြုဖို့ ရည်ရွယ်နေကြောင်း သူ နားလည်သွားသည်မှာ ထင်ရှားပေသည်။ သို့သော် လျန့်ပြည်နယ်မှ လူတစ်ယောက်အနေဖြင့် သူသည် ဟဲရှန့်ကဲ့သို့သော သူများကို အမြဲတမ်း အထင်သေးခဲ့၏။ ကြက်တစ်ကောင်ကိုပင် မသတ်နိုင်သော အားနည်းသူများဖြစ်သော်လည်း မိသားစု နောက်ခံကြောင့်သာ တရားဝင်ရာထူးများကို ရရှိခဲ့ကြသူများဖြစ်သည်။

ဟဲရှန့်၏ မညှာမတာ မေးမြန်းမှုကို ကြားလိုက်ရသောအခါ သူ ဒေါသထွက်သွားပြီး ဟဲရှန့်ကို သင်ခန်းစာပေးရန် သူ့ကျာပွတ်ကို လွှဲယမ်းလိုက်၏။

“စစ်လီပြည်နယ်က အားနည်းတဲ့ ခွေး... မင်းက မင်းရဲ့ အဘိုးနာမည်ကို သိဖို့ မထိုက်တန်ဘူး..."

"သေချင်နေတာပဲ..."

မြင်းတပ်ဗိုလ်ချုပ်လေး၏ အကြောင်းပြချက် မရှိသော ရန်လိုမှုကို မြင်လိုက်ရသောအခါ ဘေးတွင်ရှိသော ဒေါသထွက်နေသည့် ဝူမင်မှာ သည်းခံနိုင်စွမ်း လုံးဝကုန်ဆုံးသွားပြီဖြစ်၏။ ကျာပွတ်လွင့်ထွက်လာချိန်တွင် သူက ရှေ့သို့ ရုတ်တရက် တိုးကာ ကျာပွတ်၏ ထိပ်ဖျားကို ဖမ်းဆုပ်လိုက်ပြီး အားပြင်းပြင်းဖြင့် ဆွဲချလိုက်ရာ မြင်းတပ်ဗိုလ်ချုပ်လေးမှာ မြင်းပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။

ပြုတ်ကျသွားသော မြင်းတပ်ဗိုလ်ချုပ်လေးမှာ သတိရှိနေ၏။ သူက လိမ့်ကာ ပြန်လည် တိုက်ခိုက်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ သို့သော် ဝူမင်က သူ၏လှုပ်ရှားမှုကို ကြိုတင် မျှော်လင့်ထားပုံရပြီး သူ့ရင်ဘတ်ကို အရင်ဆုံး နင်းကာ ဖိထားလိုက်သဖြင့် သူသည် သွေးများ အန်ကာ လုံးဝကို ဖရိုဖရဲဖြစ်သွားတော့၏။

"ခွေးကောင်... ငါက တပ်မှူးဟွာရဲ့ တူ ဟွာအန်းပဲ။ မင်း ငါ့ကို အန္တရာယ်ပေးရဲရင် ငါ့ဦးလေးက မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး..."

ဝူမင်၏ အနိုင်ယူခြင်းကို ခံလိုက်ရသော်လည်း မြေပြင်ပေါ်ရှိ မြင်းတပ်ဗိုလ်ချုပ်လေးမှာ ပို၍ပင် ရန်လိုလာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူခေါ်ဆောင်လာသော သံချပ်ကာမြင်းတပ်နှစ်ရာစလုံးကလည်း တိုက်ခိုက်ရေး အနေအထားများကို ယူလိုက်ကြပြီး ဟဲရှန့်အား သူ့ကို လွှတ်ပေးရန် ကျယ်လောင်စွာ တောင်းဆိုလိုက်ကြသည်။

သို့သော် ထိုလူ၏ နာမည်ကို ကြားလိုက်ရသောအခါ ဟဲရှန့်မှာ မထီမဲ့မြင်ပြုစွာဖြင့် သူ၏ နှုတ်ခမ်းကို ချက်ချင်း ကွေးညွတ်လိုက်၏။ သူက ရှေ့သို့ တိုးကာ ဟွာအန်း၏ မျက်နှာကို နှစ်ချက် ဖြတ်ရိုက်လိုက်သည်။

“တပ်မှူးဟွာ... ဟွာရှန်း... မင်းလို သူ့လက်အောက်က အရေးမပါတဲ့ ဒုတပ်မှူး လေးတစ်ယောက်ရဲ့တူကများ ငါ့ကို လာအော်ရဲသေးတယ်ပေါ့။ မနေ့က စစ်ခုန်းရဲ့ တူဖြစ်တဲ့ တုံဟွမ်တောင်မှ ငါ့ရဲ့ ရိုက်နှက်မှုကြောင့် အထိတ်တလန့် ထွက်ပြေးသွားရတယ်ဆိုတာကို မင်း မသိဘူးလား..."

"မင်း... မင်းက ယခင်စစ်သေနာပတိချုပ်ကြီးရဲ့သား ဟဲရှန့် လား..."

ဟွာအန်းမှာ စစ်တပ်အတွင်း အရေးမပါသော တပ်ခွဲမှူးတစ်ဦးသာဖြစ်သော်လည်း သူ၏ ဦးလေးဖြစ်သူ ဟွာရှန်းကြောင့် မနေ့က ဖြစ်ရပ်များကို သူ သဘာဝကျကျ သိရှိထား၏။

သို့သော် တစ်ခဏအတွင်း ဟဲရှန့်ကို သူ ပေးလိုက်သော အကြည့်များတွင် ကြောက်ရွံ့မှု မပါဝင်ဘဲ ပြင်းပြသော စိတ်အားထက်သန်မှုသာ ပါဝင်နေသည်။

ဟဲရှန့်၏ မျက်မှောင်များ ရုတ်တရက် တွန့်ကွေးသွား၏။ ဟွာအန်း၏ အတွေးများကို သူ ချက်ချင်း နားလည်သွားပြီး ဟွာအန်း၏ မျက်နှာကို နောက်ထပ် အားပြင်းပြင်းဖြင့် ဖြတ်မရိုက်ဘဲ မနေနိုင်တော့ချေ။

"ခွေးကောင်... ဒီအနောက်လျန် သံချပ်ကာမြင်းတပ်နှစ်ရာကို ငါ့ကို သတ်ဖို့ အမိန့်ပေးပြီးတော့ အဲဒီအောင်မြင်မှုနဲ့ တုံဟွမ် ဖိနပ်ကို သွားလျက်ဖို့ မင်း ရည်ရွယ်ထားတာလား..."

"အတိအကျပဲ..."

ဟဲရှန့်၏ ပါးရိုက်ခံလိုက်ရသော မြင်းတပ်ဗိုလ်ချုပ်လေးမှာ ၎င်းကို တစ်သက်တာ အရှက်ခွဲမှုတစ်ခုအဖြစ် မှတ်ယူလိုက်၏။ သူက မဆင်မခြင် အော်ဟစ်လိုက်သည်။

"စစ်သားတို့... ဒီခွေးကောင်ကို ငါ့အတွက် သတ်ပေးကြ... ငါတို့က သူ့အတွက် လက်စားချေပေးလိုက်ပြီဆိုတာကို ဗိုလ်မှူးတုံသိသွားရင် ငါတို့ကို သေချာပေါက် ဆုလာဘ်အကြီးကြီးချီးမြှင့်မှာပဲ..."

(တုံဟွမ်ရဲ့ ရာထူးအဆင့်က ဗိုလ်ချုပ်ကြီးများ၏အောက် တပ်ရင်းမှူးများ၏ အထက်တွင်ရှိသည်။ သူက ဗဟိုတပ်မတော်ကို အုပ်ရရသောကြောင့်ပါ။ ဟဲရှန့်ထက် ရာထူးမြင့်သည်)

ဤအခိုက်အတန့်တွင် ဟဲရှန့်အတွက် အနီးကပ်ဆုံးနှင့် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ ဟွာအန်းခေါ်ဆောင်လာသော သံချပ်ကာမြင်းတပ်နှစ်ရာ မဟုတ်ဘဲ အစောက ပမ်းပြည်နယ်စစ်သားများနှင့် တိုက်ခိုက်နေခဲ့သော လျန့်ပြည်နယ်စစ်သား တစ်ဒါဇင်ခန့်ပင်ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်မှာ ဟဲရှန့်၏ နောက်ကွယ်တွင် အမှတ်မထင် ရပ်နေခဲ့သည်။ ဟွာအန်း၏ အမိန့်ကို ကြားလိုက်ရသည်နှင့် သူ၏ မျက်လုံးများမှာ ချက်ချင်း နီရဲသွားတော့၏။ သူ့လက်ထဲရှိ ကွင်းတပ်ဓားကောက်ကိုမြှောက်ကာ ဟဲရှန့်ကိုအနောက်မှ ခုတ်ရန် ရည်ရွယ်လိုက်သည်။

"သခင်လေး... သတိထား..."

ဝူမင်က ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာရန် သဘာဝကျကျ ခွင့်ပြုမည် မဟုတ်ချေ။ အမှန်တကယ်တော့ ထိုလူများ၏ မျက်လုံးများတွင် ရူးသွပ်ပြီး စိတ်လိုက်မာပါ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာချိန်ကတည်းက သူသည် ဟဲရှန့်ကို သတိကြီးစွာဖြင့် စတင် ကာကွယ်နေခဲ့ပြီ ဖြစ်၏။ လျန့်ပြည်နယ် စစ်သားက ခုတ်ရန် သူ့ဓားကို မြှောက်လိုက်သည်ကို မြင်သောအခါ ဝူမင်က လက်လှမ်းကာ ဟဲရှန့်ကို ဘေးသို့ ချက်ချင်း ဆွဲထုတ်လိုက်သည်။ ထို့နောက် အလိုက်သင့် လှုပ်ရှားမှုတစ်ခုဖြင့် သူ၏ လက်မောင်းကို အလျားလိုက် လွှဲယမ်းလိုက်ရာ လျန့်ပြည်နယ် စစ်သား၏ နှာခေါင်းမှာ သူ၏ လက်ဖျံပေါ်ရှိ သံမဏိလက်ကောက် နှင့် အပြင်းအထန် သွားဆောင့်မိတော့၏။

လျန့်ပြည်နယ်စစ်သားမှာ သနားစရာကောင်းအောင် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးများ ပန်းထွက်နေသော သူ၏ နှာခေါင်းကို ချက်ချင်း ဖမ်းကိုင်ထားလိုက်ရသည်။ သို့သော် ဟွာအန်းကို ဆက်လက် ချုပ်နှောင်ထားရန် လိုအပ်သေးသော ဝူမင်မှာ သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရ၏။ ထို့အပြင် ယခုအခါ လျန့်ပြည်နယ်စစ်သား ပိုမိုများပြားလာကာ ဓားများကို မြှောက်၍ လှံများကို ချိန်ရွယ်လျက် ပြေးဝင်လာနေကြပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ့အခြေအနေ အန္တရာယ်များနေကြောင်းကို ဟဲရှန့် ချက်ချင်း သဘောပေါက်သွား၏။ ဤလျန့်ပြည်နယ် စစ်သားများမှာ ဤမျှဥပဒေမဲ့ပြီး ရဲတင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဤဖရိုဖရဲအခြေအနေကို တည်ငြိမ်စေရန် သူ နည်းလမ်းတစ်ခု စဉ်းစားရမည် ဖြစ်၏။ သို့မဟုတ်ပါက သူနှင့် ဝူမင်တို့မှာ ဤ လျန့်ပြည်နယ် သံချပ်ကာမြင်းတပ်များ၏ အပိုင်းပိုင်း အထစ်ထစ် ခုတ်ထစ်ခြင်းကို ကျိန်းသေပေါက် ခံရပေလိမ့်မည်။

ထို့နောက် သူ မော့ကြည့်လိုက်ရာ လဲကျသွားသော လျန့်ပြည်နယ်စစ်သား အခုလေးတင် ပြုတ်ကျသွားခဲ့သည့် ကွင်းတပ်ဓားကောက်ကို မြင်လိုက်ရ၏။

ရူးသွပ်ပြီး ရက်စက်သော အကြံတစ်ခုက ဟဲရှန့်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ဖရိုဖရဲ အော်ဟစ်သံများကြားတွင် သူ့စိတ်ထဲ၌ သတ်ဖြတ်လိုစိတ် အနည်းငယ် ရုတ်တရက် နိုးကြားလာခဲ့၏။ ထို့ကြောင့် သူက လဲကျနေသော လျန့်ပြည်နယ်စစ်သားဆီသို့ အလျင်အမြန် ပြေးသွားပြီး စစ်သား မယူနိုင်မီ ဓားဆီသို့ အရင်ရောက်သွားကာ ထို ကွင်းတပ်ဓားကောက်ကို ကောက်ယူလိုက်သည်။

နာကျင်စွာဖြင့် နှာခေါင်းကို ကိုင်ထားဆဲဖြစ်သော လျန့်ပြည်နယ် စစ်သားက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။ ပထမဆုံး သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် ထို့နောက်တွင် သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ အထက်တန်းစားသခင်လေးက ဘာလုပ်မလို့လဲ... လူသတ်တော့မလို့လား..."

ကြက်တစ်ကောင်ကိုပင် မသတ်ရဲလောက်သော ဟဲရှန့်ကဲ့သို့ အထက်တန်းစား လူငယ်တစ်ဦးသည် လူတစ်ယောက်ကိုသတ်ရန် သတ္တိရှိလိမ့်မည်ဟု ဤ လျန့်ပြည်နယ် စစ်သားက မယုံကြည်ခဲ့ချေ။

သို့သော် သူ့စကားသံ အဆုံးမှာပင် ဓားသွားက အသားကို ထိုးဖောက်သွားသည့် ရှင်းလင်းသော အသံတစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာ၏။ သူ့ရင်ဘတ်ထဲသို့ စိုက်ဝင်နေသော ကွင်းတပ်ဓားကောက်ကို သူက မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ ယခုအခါ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် ဟဲရှန့်ကို ရင်ဆိုင်ရန် သူ့ခေါင်းကို မော့လိုက်ချိန်တွင် သူ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် အလွန်အမင်း အံ့အားသင့်သွားသော အမူအရာတစ်ခု ဖြစ်သွားတော့၏။

“မင်း... မင်းက အရင်က လူသတ်ဖူးတာလား..."

ဤလျန့်ပြည်နယ်စစ်သားကို တုံ့ပြန်ရန် ဟဲရှန့်၌ စိတ်ဝင်စားမှု လုံးဝမရှိချေ။ စစ်သား၏ ရင်ဘတ်ထဲသို့ ဓားကို ထိုးစိုက်ပြီးနောက် သူက သူ၏ နောက်ကွယ်ရှိ အနောက်လျန် သံချပ်ကာမြင်းတပ်ဘက်သို့ ရုတ်တရက် လှည့်ကာ ဖြောင့်မတ်တည်ကြည်ပြီး ပြတ်သားစွာ ကြေညာလိုက်၏။

"လမ်းမပေါ်မှာ ပြဿနာရှာတာ... အထက်အရာရှိကို လုပ်ကြံဖို့ ပူးပေါင်းကြံစည်တာ... ဒါတွေက အရေးယူမှုတွေ လိုအပ်တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေပဲ။ ပြင်းထန်တဲ့ အပြစ်ပေးမှုမရှိဘဲနဲ့ ပြည်သူလူထုအတွက် တရားမျှတမှုဆိုတာ ရှိလာမှာ မဟုတ်ဘူး..."

All Chapters