← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) သန္ဓေသား ပျောက်ဆုံးခြင်း

ဘွဲ့ဖြူလက်နက် ထွက်ပေါ်လာသည်နှင့် မဟာပုဂ္ဂိုလ်များမှာ မျက်မှောင်ကြုတ်သွားကြသည်။ အခြေအနေက ထိုမျှ ဖြစ်စရာ လိုသည်လော။ မည်သို့ဆိုစေ သူတို့၏ သက်ရောက်အားမှာ လောကအပေါ် အလွန် ကြီးမားသဖြင့် တိုက်ပွဲ မဖြစ်သည်က အကောင်းဆုံးပင်။

"မင်းမှာပဲ လောကရတနာ ရှိတယ် ထင်နေတာလား။ မဟာပုဂ္ဂိုလ်တွေမှာ လောကရတနာ တစ်လက်ဆီ ရှိတယ်ဆိုတာ မမေ့နဲ့။ မင်းကိုယ်တိုင် ပွဲတောင်းနေရင် ငါ့ဘက်က အသင့်ပဲ" စကြာမင်းက ပြောပြောဆိုဆိုဖြင့် စကြာရတနာကို ထုတ်လိုက်သည်။

စကြာရတနာမှာ စကြာမင်း၏ ဦးခေါင်းပေါ်တွင် တဝီဝီ လည်ပတ်နေပြီး အရာအားလုံးမှာ ကြိတ်ချေခံရတော့မလို တုန်ခါသွားသွားကြသည်။ ၎င်းကို ကံကြမ္မာဘီးဟုလည်း ခေါ်ဆိုကြသည်။

တခြားမဟာပုဂ္ဂိုလ်များသည် တိုက်ပွဲအတွက် မဟုတ်သော်လည်း သူတို့၏ လောကရတနာများကို ထုတ်လိုက်ကြရသည်။ အကြောင်းမှာ တခြား လောကရတနာများကို ခုခံရန်အတွက် ဖြစ်သည်။ ၎င်း၏သက်ရောက်အားကို မဟာပုဂ္ဂိုလ်များပင် လက်ဗလာဖြင့် ရင်မဆိုင်နိုင်ပေ။

သိကြာမင်း ထုတ်လိုက်သော လောကရတနာမှာ လျှပ်စီးများ တဖျပ်ဖျပ် လက်နေသည့် ဝရဇိန်လက်နက် ဖြစ်သည်။ ၎င်းမှာ လက်ကိုင်တွင် နတ်မင်းဦးခေါင်းပုံ ပါရှိပြီး အဖျားမှာ ချွန်တက်သော ဓားသွားပုံ ရှိသည်။ ထိုလောကရတနာမှာ ကြည့်မိသူများကိုပင် မျက်လုံးများ ကြင်တက်သွားစေသည်။

နဂါးမင်း ထုတ်လိုက်သော လောကရတနာမှာ မီးလျှံများ တညီးညီးတောက်နေသည့် ပတ္တမြားတစ်ခဲပင် ဖြစ်သည်။ ၎င်းမှာ သေဆုံးသွားသော စကြဝဠာတစ်ခု၏ အမြူတေ ဖြစ်သည်။

ဂဠုန်မင်း ထုတ်လိုက်သည်မှာ တောင်ဟုန်ပြင်း တောင်ဝှေး ဖြစ်သည်။ ၎င်းသည် ပျောက်ဆုံးသွားသော မြင်းမိုရ်တောင်စဉ် တစ်တန်းအား ကျစ်လျစ်ထားခြင်း ဖြစ်သည်။ ထိုတောင်ဝှေး၏ပတ်လည်တွင် လေများ တဝီဝီ လည်ပတ်နေသည်။

နောက်ဆုံးတွင် ဗြဟ္မာမင်း၏ လောကရတနာမှာ လွန်စွာမှ ထူးခြားပေ၏။ ၎င်းမှာ တခြားသော တိုက်ခိုက်ရေး လောကရတနာများလို မဟုတ်ဘဲ ထီးဖြူတစ်ချောင်းသာ ဖြစ်နေသည်။ သို့သော်လည်း ထိုထီးဖြူမှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသဖြင့် တခြားလောကရတနာများမှာ ၎င်း၏အရိပ်အောက် ရောက်သည်နှင့် တိုက်ခိုက်ရေးအင်အား များစွာ လျော့နည်းသွားမည် ဖြစ်သည်။

လောကရတနာ အားလုံး ထွက်ပေါ်လာသည်နှင့် ပရိသတ်များမှာ မခံနိုင်တော့ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ရှေ့က လူများမှာ မမျှော်လင့်ဘဲ နောက်သို့ လျှပ်တစ်ပြက် ဆုတ်လာကြသဖြင့် နောက်က ပရိသတ်များနှင့် တိုက်မိကာ အားလုံး အလဲလဲ အပြိုပြို ဖြစ်ကုန်သည်။

မာန်စကြာမှာလည်း ဘွဲ့ဖြူလက်နက်ကို ကိုင်ကာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေသည်။ လောဘကြောင့် ခဏတာ စိတ်လွတ်သွားသော်လည်း သူသည်က ငတုံးမဟုတ်ပေ။ မဟာပုဂ္ဂိုလ်များ အားလုံးကို သူတစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း မရှိသေးသည် မဟုတ်လော။

"အားလုံး စိတ်လျော့ကြပါဦး။ တိုက်ခိုက်တာက အဖြေမဟုတ်ဘူးဆိုတာ မင်းတို့ငါတို့တွေ သိပြီးသားပဲ။ ပြဿနာတစ်ခုကို အေးအေးဆေးဆေး ဖြေရှင်းတာ အကောင်းဆုံးပဲလေ။ လောကရတနာတွေ အကုန် ပြန်သိမ်းကြပါ။ ငါတို့ စကားပြောကြတာပေါ့" အကြီးဆုံးဖြစ်သည့် ဂဠုန်မင်းက အခြေအနေကို ဝင်ထိန်းပေးသည်။

"ဟွန့်..." မာန်စကြာက နှာခေါင်း တစ်ချက် ရှုံ့ကာ ဘွဲ့ဖြူအား ပြန်သိမ်းလိုက်သည်။ သူက ပထမဆုံး လက်နက် ထုတ်မိသည်မို့ သူကိုယ်တိုင် ပထမဆုံး လက်နက် ပြန်သိမ်းမှသာ စကားပြော၍ ရမည်ဖြစ်ကြောင်း သူသိသည်။

အားလုံး လက်နက်များ ပြန်သိမ်းပြီးသည်တွင် ဗြဟ္မာမင်းမှာ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူ လောကဦး ကြာပန်း ရှိရာသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

"ဘာ..." ဗြဟ္မာမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တခြား မဟာပုဂ္ဂိုလ်များသည်လည်း တစ်စုံတစ်ခုကို သတိထားမိကာ လောကဦး ကြာပန်းအား ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

"သန္ဓေသား ဘယ်ရောက်သွားတာလဲ" အားလုံးမှာလည်း ဗြဟ္မာမင်းနည်းတူ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

အားလုံးမှာ လောကရတနာများ အရှိန်အဝါကြောင့်ရော ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကိုရော စိတ်ရောက်သွားသဖြင့် လောကဦး ကြာပန်းအား တစ်ဒင်္ဂ မျက်ခြေပျက်သွားခဲ့သည်။ ထိုတစ်ဒင်္ဂ အချိန်လေးမှာပင် လောကဦး ကြာပန်းထဲမှ သန္ဓေသားမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။

မဟာပုဂ္ဂိုလ်များမှာ ဒေါသအမျက် ကြီးစွာ ထွက်သွားတော့သည်။ သူတို့ လက်ထဲက ရတနာအား ခိုးဝံ့သည်မှာ ထိုလူက ကျားရဲအသည်းကို စားထားသည်လော။ ဤသည်မှာ သူတို့အား ပြောင်ပြောင်တင်းတင်း ပါးရိုက်လိုက်ခြင်းပင် ဖြစ်သည်။

"သူခိုးကို ရှာကြစမ်း၊ ဒီလောက် သတ္တိကောင်းတဲ့ ကောင်က ဘယ်သူလဲ။ မင်းကို တစ်သံသရာလုံး မဟာအဝီစိမှာ ပိတ်ထားမယ်ကွ" မာန်စကြာက ဒေါသတကြီး အော်လေတော့သည်။

မာန်စကြာ၏အသံကြောင့် မိစ္ဆာဘုံ စစ်တပ်မှာ ပတ်ဝန်းကျင် အနှံ့သို့ အပြေးအလွှား ထွက်သွားကြသည်။

"မင်းတို့လည်း လိုက်ရှာလေ။ ဘာလုပ်နေတာလဲ။ ကြည့်ကောင်းနေတာလားကွ... ဟမ်" မဟာပုဂ္ဂိုလ်များ၏ အော်သံများကြောင့် ဘုံအသီးသီးမှ စစ်တပ်များမှာလည်း ချက်ချင်း ထွက်သွားကြသည်။

အဝေးတွင် ရပ်ကြည့်နေသော ပရိသတ်များမှာလည်း တရားခံ ဖြစ်မည် စိုး၍ ထွက်သွားရန် ပြင်လိုက်ကြသည်။

"မင်းတို့တွေ တစ်ယောက်မှ ထွက်မသွားနဲ့။ ထွက်သွားတဲ့ကောင် သူခိုးလို့ သတ်မှတ်ပြီး ငါ့ဒေါသနဲ့ ရင်ဆိုင်ရမယ်" ဗြဟ္မာမင်း အေးစက်စွာ ပြောသည်။

ဗြဟ္မာမင်း စကားကြောင့် ဂိုဏ်းများနှင့် လေလွင့်ဗေဒါများမှာ ချက်ချင်း ရပ်သွားကြသည်။

"ဒါကို ဘယ်သူ လုပ်တယ်လို့ ထင်လဲ။ မင်းတို့မှာ ဘာပြောစရာ ရှိသေးလဲ" သိကြားမင်းက မျက်မှောင်ကြုတ်ကာ မေးသည်။

"တစ်ယောက်တော့ ရှိတယ်" စကြာမင်းက တွေးဆဟန်ဖြင့် ပြောသည်။

"ဘယ်သူလဲ။ မြန်မြန် ပြော" မာန်စကြာက အလောတကြီး မေးသည်။

"စောရဝိဇ္ဇာ..." စကြာမင်းက ခေါင်းတစ်ချက် ညိတ်ကာ ပြန်ဖြေသည်။

"စောရဝိဇ္ဇာ ဟုတ်လား။ ဖြစ်နိုင်တယ်။ လောကရတနာတွေရဲ့ ဖိအားနဲ့ မဟာပုဂ္ဂိုလ်တွေရဲ့ အမြင်အောက်ကနေ လှုပ်ရှားဖို့ဆိုတာ လောကမှာ စောရဝိဇ္ဇာတစ်ယောက်ပဲ ဖြစ်နိုင်ချေ ရှိတယ်" ဗြဟ္မာမင်းက လေးနက်စွာ ပြောသည်။

"တရားခံကို တိတိကျကျ သိရင် ကျုပ် ရှာပေးနိုင်တယ်" နဂါးမင်းက ပြောသည်။

"မင်းရဲ့ ပတ္တမြားမျက်ရှင် အစွမ်းနဲ့ဆို သူ့ကို ရှာဖို့က လွယ်ပါတယ်။ မင်း ရှာလိုက်" မာန်စကြာက ပြောသည်။

"ဟုတ်တယ် ယောက်ဖ။ ငါတို့ မင်းကို အားကိုးလိုက်မယ်" သိကြားမင်းက မျက်နှာတည်ဖြင့် ဝင်ပြောသည်။

အားလုံးမှာ မျက်မှောင်ကြုတ်သွားကြသည်။ ထိုသိကြားမင်းက တကယ်ကို အလိုက်မသိပေ။ ဤသို့သော အချိန်မျိုးမှာပင် သူက စနောက်နိုင်သေးသည်။

နဂါးမင်းသည်လည်း သိကြားမင်းအား မျက်လုံး တစ်ချက် လှန်ကြည့်ကာ မကျေမနပ် ဖြစ်သွားသည်။ သို့သော် သူ စကားမပြောဘဲ ပတ္တမြားမျက်ရှင်အား ပြန်ထုတ်လိုက်သည်။

"ဝမ်..." ပတ္တမြား မျက်ရှင်မှာ နဂါးမင်း ဦးခေါင်းပေါ်တွင် လည်ပတ်ကာ တန်ခိုးများ စတင် ထုတ်လွင့်တော့သည်။ ထိုတန်ခိုးများသည် လည်ပတ်နေရင်း နေရာရွေ့ကာ နဂါးမင်း မျက်လုံးတွင် စုစည်းသွားသည်။

"သူ့ကို တွေ့ပြီ" နဂါးမင်းက အဝေး တစ်နေရာအား လှမ်းကြည့်ရင်း ပြောသည်။

"ဘယ်မှာလဲ။ အဲကောင် ဘယ်မှာလဲ။ သန္ဓေသားကို သူ ယူသွားတာ ဟုတ်လား" အားလုံးက အလောတကြီး မေးကြသည်။

"နေဦး၊ သူ ရတနာ တစ်ခု ထုတ်တော့မယ်။ မဟုတ်ဘူး" နဂါးမင်းသည် တုန်လှုပ်စွာဖြင့် တန်ခိုးအား ပြန်လည် ရုတ်သိမ်းလိုက်သည်။

"သူ ဘာရတနာ ထုတ်လိုက်တာလဲ။ နောက်ဆုံး မြင်ရတာ ဘယ်နေရာမှာလဲ" ဂဠုန်မင်းက အလောတကြီး မေးသည်။

"သူက ဖုံးကွယ်ခြင်း ရတနာ တစ်မျိုး ထုတ်သုံးလိုက်တာပဲ။ လောကရတနာ အဆင့်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ရောက်လုနီးနီးပဲ။ ဒါကြောင့်မို့လည်း ပတ္တမြားမျက်ရှင်ကို အန်တုနိုင်တာပေါ့။ နောက်ဆုံး မြင်ခဲ့တာကတော့ အရှေ့ပင်လယ်နားမှာပဲ" နဂါးမင်းက သူမြင်လိုက်သည့် ရတနာကြောင့် တအံ့တဩ ဖြစ်ရင်း ပြန်ဖြေလိုက်သည်။

သူ့စကားဆုံးသည်တွင် မဟာပုဂ္ဂိုလ်များမှာ စကြာယာဉ်များပေါ် တက်ကာ ချက်ချင်း ထွက်သွားကြသည်။ ထွက်သွားမည့်ဟန် ပြင်နေသည့် ဂဠုန်မင်းအား နဂါးမင်းက ပြန်ဆွဲထားလိုက်သည်။

"ကျုပ်တို့ လုပ်နိုင်သလောက် လုပ်ပေးပြီးပြီပဲ။ ဒီရတနာက ကျုပ်တို့အတွက် အသုံးမဝင်ဘူး" နဂါးမင်းက လေးနက်စွာ ပြောလိုက်သည်။

ဂဠုန်မင်း ခဏမျှ တုန့်ဆိုင်းသွားသည်။ "မင်း ပြောတာ မှန်တယ်။ ငါတို့ ပြန်ကြမယ်"

မကြာမီ သားရဲစစ်တပ်ကြီးမှာ ပြန်လည် စုစည်းပြီး နဂါးမင်းနှင့် ဂဠုန်မင်းတို့၏ စကြာယာဉ်များ ဦးဆောင်မှုဖြင့် သားရဲဘုံသို့ ပြန်လှည့်သွားကြသည်။

"စောရဝိဇ္ဇာကို မင်း သတိထားမိတယ် မဟုတ်လား" ဂဠုန်မင်းက လေးနက်စွာ မေးသည်။

"လောကမှာ အမြင်နဲ့ ပတ်သက်ရင် ကျုပ်ထက် သာတဲ့လူ မရှိဘူး" နဂါးမင်းက တည်ကြည်စွာ ပြန်ဖြေသည်။

"ဘာလို့လဲ" ဂဠုန်မင်းက နားမလည်နိုင်စွာ ပြန်မေးသည်။

"အဘိုးကြီး၊ ခင်ဗျားက အားတိုင်း အိပ်ပဲ အိပ်နေလို့ ဦးနှောက်တွေ ချောင်ကုန်ပြီလား။ ဒီလောက် ရှင်းနေတဲ့ မေးခွန်းကို ဘာလို့ အလုပ်တစ်ခု လုပ်ပြီး မေးနေတာလဲ" နဂါးမင်းက ဒေါသတကြီး ပြောသည်။

ဂဠုန်မင်း ခဏတာ အတွေးနက်သွားပြီးနောက် မျက်လုံး တစ်ချက် လက်သွားသည်။ "ငါ နားလည်ပြီ။ ဒါဆို အရှေ့ပင်လယ် ဆိုတာက..."

"ဒီအကြောင်း ဒီမှာတင် ရပ်လိုက်တော့။ ကျုပ် စောရဝိဇ္ဇာကို အရှေ့ပင်လယ်မှာ မြင်လိုက်တယ်။ သူတို့မတွေ့တာ စောရဝိဇ္ဇာရဲ့ ဖုံးကွယ်ခြင်း ရတနာကြောင့်ပဲ။ ခင်ဗျား နားလည်ပြီလား" နဂါးမင်းက လေးနက်စွာ ပြောသည်။

"ဟားဟားဟား... ငါ နားလည်ပြီ။ ငါ နားလည်သွားပြီ " ဂဠုန်မင်းအား တဟားဟား အော်ရယ်ကာ သဘောအကျကြီး ကျနေတော့သည်။

မကြာခင်ပင် သူတို့အားလုံးသည် သားရဲဘုံအား လှမ်းမြင်လိုက်ရပြီ ဖြစ်သည်။

"ဘာလို့လဲ၊ ဒီမှာ စောရဝိဇ္ဇာရဲ့ အရိပ်အယောင် ဘာဖြစ်လို့ လုံးဝ မရှိတာလဲ" သိကြားမင်းက ပတ်ဝန်းကျင်အား စစ်ဆေးရင်း ပြောသည်။

"ဘာလို့လဲ။ ကျုပ်တို့ကို ဟိုနဂါးစုတ်က လိမ်လိုက်တာလား။ ဒီကောင် သေချင်နေတာပဲ" မာန်စကြာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောသည်။

"သူ လိမ်ရဲမယ် မထင်ဘူး။ ဒါ စောရဝိဇ္ဇာရဲ့ ရတနာကြောင့် ဖြစ်မယ် ထင်တယ်။ သူ့ရဲ့ ဖုံးကွယ်ခြင်း ရတနာက ဒီလောက်တောင် တန်ခိုးရှိတာလား" စကြာမင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဘာပဲဖြစ်ဖြစ် ဒီကောင် ဒီစကြဝဠာထဲကနေ ဘယ်မှ ပြေးမလွတ်ပါဘူး။ သန္ဓေသားကို ခုနစ်ရက်အတွင်း တွေ့ဖို့ လိုတယ်။ ငါတို့မှာ အချိန် အများကြီး မရှိဘူး။ စကြာဝဠာတစ်ခုလုံး မြေလှန်ရှာရမယ်ဆိုရင်တောင် သူ့ကို တွေ့ရမယ်" ဗြဟ္မာမင်းက ပြောပြောဆိုဆိုဖြင့် တခြားအရပ်သို့ ထွက်သွားသည်။

သိကြားမင်းသည်လည်း သက်ချင်း တစ်ချက် ချကာ တခြား အရပ်သို့ ထွက်သွားသည်။

ထိုသဖြင့် မဟာပုဂ္ဂိုလ် လေးဦးသည် အရပ် လေးမျက်နှာသို့ ပိုက်စိပ်တိုက်ကာ စောရဝိဇ္ဇာအား ရှာပုံတော် ဖွင့်လိုက်ကြသည်။ ၎င်းတို့၏ စစ်တပ်များမှာလည်း စကြာဝဠာအနှံ့ ခေါင်းဖြီးရှာနေသဖြင့် စကြာဝဠာကြီးမှာ ပရမ်းပတာ ဖြစ်နေတော့သည်။

ထိုသို့ဖြင့် ရှာဖွေမှု ခရီးစဉ်မှာ ခုနှစ်ရက်တိုင်သွားခဲ့သည်။ သို့ရာတွင် စောရဝိဇ္ဇာအား မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ကြပေ။ စောရဝိဇ္ဇာမှာ လေထဲတွင် အငွေ့ပျံသလို စုံစမြုပ်စ ပျောက်သွားသည်။ မဟာပုဂ္ဂိုလ်များ၏ စစ်တပ်ကြောင့် ပျက်စီးသွားသော နေရာများမှာလည်း မီးခိုးငွေ့ တလူလူ ဖြစ်နေသည်။

တချို့နယ်မြေများမှာ ရှာဖွေမှုကို လက်မခံသဖြင့် မဟာပုဂ္ဂိုလ်များ စစ်တပ်က အင်အားသုံးကာ ရှာဖွေရာမှ ပြဿနာတက်ကာ အဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

မည်သို့ဆိုစေ ခုနစ်ရက်ကျော်မှ သန္ဓေသားကို ပြန်တွေ့လျှင်လည်း အသုံးဝင်တော့မည် မဟုတ်သဖြင့် မဟာပုဂ္ဂိုလ်များက သူတို့ စစ်တပ်အား ရုတ်သိမ်းလိုက်ကြသည်။ သို့သော် စကြာဝဠာ အလိုရှိစာရင်းတွင် စောရဝိဇ္ဇာအား နံပါတ်တစ်နေရာတွင် ထားလိုက်ကြသည်။ ၎င်းအတွက် ဆုကြေးမှာလည်း မနည်းမနောပင် ဖြစ်ရာ ရှာဖွေမှုမှာ တဖန်ပြန်လည် အရှိန်ကောင်းလာခဲ့ပြန်သည်။

၎င်းတို့ထဲတွင် မိစ္ဆာဘုံ၏ တန်ခိုးရှင်များနှင့် စစ်တပ်မှာ အဆိုးဆုံးပင် ဖြစ်သည်။ တခြား မဟာပုဂ္ဂိုလ်များက လက်လျော့လိုက်သော်လည်း မာန်စကြာမင်းမှာ လုံးဝ လက်မလျော့ပေ။ ထိုသို့ဖြင့် စကြဝဠာကြီးမှာ နှစ်အတန်ကြာအောင် ဖရိုဖရဲ ဖြစ်နေတော့သည်။

အခန်း (၄) အောက်ဘုံလောက

အောက်ဘုံလောကတွင် မြင်းမိုရ်တောင်နှင့် တောင်စဉ် တစ်ဆက်တည်းရှိသော ဟိမဝန္တာနှင်းတောင်တန်းမှာ ဗုဒ္ဓဂိုဏ်းနှစ်ဂိုဏ်း တည်ရှိရာ အရပ် ဖြစ်သည်။ အောက်ဘုံတစ်လောကလုံး မည်မျှပင် ဖရိုဖရဲ ဖြစ်နေပါစေ ထိုနှင်းတောင်တန်းကြီးမှာ ဗုဒ္ဓတပည့်များ၏ မေတ္တာကြောင့်ရော တန်ခိုးကြောင့်ပါ အစဉ် အေးချမ်းနေခဲ့သည်။

ဗုဒ္ဓဂိုဏ်းအား သမထဂိုဏ်းနှင့် ဝိပဿနာဂိုဏ်း ဟူ၍ အမျိုးအစား နှစ်ခု ခွဲထားသည်။ သမထဂိုဏ်းတွင် ရသေ့များသာ ရှိကြပြီး လူသူကင်းဝေးရာ ဟိမဝန္တာတောင်ထိပ်တွင် ဂိုဏ်းတည်ထားကြသည်။ ထိုရသေ့များသည် ဈာန်တန်ခိုးများအား ကျင့်ကြံကြပြီး လောကီကိစ္စများနှင့် ကင်းကင်း နေကြပေသည်။

ဝိပဿနာဂိုဏ်းမှာမူ ဟိမဝန္တာ တောင်ခြေတွင် တည်ရှိပြီး ဂိုဏ်းဝင်များမှာ ရဟန်းများသာ ဖြစ်သည်။ ရဟန်းများမှာ ဝိနည်းအရ လူများနှင့် ကင်းကင်း နေ၍ မရဘဲ မြို့ရွာများအား အမှီပြု နေကြရသည်။ လူများနှင့် မကင်းဟု ဆိုရာမှာ ရောရောနှောနှော နေသည်ဟု မဆိုဘဲ လိုအပ်သလောက်သာ ဆက်ဆံခြင်း ဖြစ်သည်။ ထိုရဟန်းများမှာ ရသေ့များထက်ပင် လောကီအရေးကို ပိုမို အရေးမစိုက်တတ်ကြပေ။

ထိုအချိန်တွင် ဟိမဝန္တာနှင်းတောင်တန်းကြီး တစ်နေရာတွင် ကလေးငယ်လေးအား ပွေ့ဖက်ထားသော လူတစ်ယောက်သည် ဒယိမ်းဒယိုင်ဖြင့် လျှောက်လာနေသည်။

ထိုလူသည် မီးခိုးရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး မျက်နှာတွင် မျက်နှာဖုံးတစ်ခု တပ်ထားသည်။ ခေါင်းပေါ်မှ သျှောင်ထုံးမှာ ပြေလျော့နေပြီ ဖြစ်သော်လည်း ထိုလူမှာ ဂရုစိုက်ပုံ မပေါ်ပေ။ ဂရုမစိုက်နိုင်သည်မှာလည်း မဆန်းပေ။ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များမှာ နေရာမလပ် ရှိနေသည် မဟုတ်လော။ စင်စစ် ထိုလူသည် မဟာပုဂ္ဂိုလ်များနှင့် လောကရတနာများ ကြားမှ သန္ဓေသားအား ခိုးယူပြီး အောက်ဘုံသို့ ဆင်းပြေးလာသော စောရဝိဇ္ဇာပင် ဖြစ်လေသည်။

စောရဝိဇ္ဇာသည် သန္ဓေသားအား အောင်မြင်စွာ ခိုးယူလာနိုင်သော်လည်း သူ ပေးဆပ်ခဲ့ရသည်က မနည်းပေ။ လောကရတနာများ၏ အရှိန်အဝါကြောင့် သူ့တန်ခိုးများ ပျက်စီးလုနီးပါး ဖြစ်သွားသည်။ တန်ခိုးများ မပျက်စီးသော်လည်း အဆင့်များစွာ ကျသွားခဲ့သဖြင့် သူ့မှာ သေလုမျောပါး ဖြစ်သွားရသည်။ အဆိုးထဲက အကောင်းဆိုသလိုပင် အဆင့်များ လျော့သွားသဖြင့် အောက်ဘုံ ကန့်သတ်ချက် ပွင့်ကာ အောက်ဘုံသို့ ဆင်းလာနိုင်ခဲ့သည်။

မဟာပုဂ္ဂိုလ်များသည် စောရဝိဇ္ဇာက အောက်ဘုံသို့ ဆင်းလာနိုင်မည်ဟု လုံးဝ ထင်ထားမည် မဟုတ်ပေ။ အထက်ဘုံ၌ မည်မျှပင် လွတ်လပ်စွာ သွားလာနိုင်ပါစေ အောက်ဘုံ ကန့်သတ်ချက်မှာ မဟာပုဂ္ဂိုလ်များ အတွက်ပင် ချွင်းချက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် စောရဝိဇ္ဇာကဲ့သို့ သူတို့ထက် အဆင့်နိမ့်သူတစ်ဦး အောက်ဘုံသို့ ဆင်းနိုင်မည်ဟု သံသယ မဝင်ခဲ့ခြင်း ဖြစ်သည်။

စောရဝိဇ္ဇာသည် သန္ဓေသားအား ခပ်ဖွဖွ ပွေ့ဖက်ထားရင်း နှင်းခဲများပေါ် အားယူကာ လျှောက်လှမ်းနေသည်။ သို့သော် သူ့အသက်ဓာတ်များက အချိန်နှင့်အမျှ လျော့လာနေသောကြောင့် သူ ကြာရှည်စွာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

"ငါ ဒီတောင်က မကျော်နိုင်တော့ဘူး ထင်တယ်။ ရတနာကို ရခဲ့ပေမဲ့ ငါ ပေးဆပ်လိုက်ရတာကလည်း ငါ့မှာ ရှိသမျှ အကုန်ပဲ" စောရဝိဇ္ဇာ မကျေမနပ် ညည်းညူလိုက်သည်။

စောရဝိဇ္ဇာသည် မျက်လုံးကို အတင်း ဖွင့်ကာ ထိုးအိပ်ချင်သည့် ဆန္ဒအား ဖြေဖျောက်လိုက်သည်။ သို့သော် သူသည် စိတ်ကသာ ဆောင်နေပြီး လူက မလိုက်နိုင်တော့ပေ။ မကြာခင်မှာပင် သူ မဟန်နိုင်တော့ဘဲ လဲကျသွားတော့သည်။

အစက အဝတ်ထုတ်ထဲတွင် နွေးထွေးစွာ အိပ်ပျော်နေသော သန္ဓေသားသည် နှင်းဓာတ်၏ အအေးဒဏ်ကြောင့် ရုတ်တရက် လန့်ကာ ငိုတော့သည်။

"အူဝဲ... အူဝဲ... အူဝဲ"

ကလေးငိုသံမှာ နှင်းတောင်တစ်ခွင် ပျံ့နှံ့သွားပြီး အဝေးက နှင်းခဲအချို့မှာ ပြိုကျသွားသည်။ နှင်းပြင် ဖြူစွတ်စွတ်ပေါ်တွင် သွေးများ ရွဲနေသည့် လူတစ်ယောက်က ကလေးငယ်အား ဖက်ရင်း သတိလစ်နေသည်မှာ အထီးကျန် ရက်စက်သော လောက၏ ဓမ္မတာ တစ်ရပ်ကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။

စောရဝိဇ္ဇာသည် လေတိုးသံ သစ်ရွက်လှုပ်သံများအား ကြားနေရသည်။ ဘေးနားမှာ တီးတိုး ရေရွတ်သံများမှာလည်း ဝေးသွားလိုက် နီးလာလိုက်နှင့် တစ်မျိုး ကြောက်စရာ ကောင်းနေသည်။ သူ သေဆုံးသွားပြီး ဘုံတစ်ခုခု၌ ရောက်နေသည်လော။

စောရဝိဇ္ဇာ မျက်လုံးအား ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်က သစ်ရွက်ခြောက် အမိုးတစ်ခု ဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှာ ဆေးရည်နံ့များ မွှန်ထူနေပြီး အညိုရောင် ပတ်တီးများဖြင့်လည်း သူ့အား ကောက်ညှင်းထုပ်သလို စည်းထား၏။ သူ့အား တစ်စုံတစ်ယောက်က ကယ်တင်ထားသည်မှာ သေချာသလောက် ရှိသည်။

"သန္ဓေသားရော" သူ ထိတ်လန့်သွားသည်။ အသက်နှင့် ရင်း၍ ခိုးယူလာသော ရတနာအား တခြားသူက အလွယ်တကူ အပိုင်သိမ်းသွားပြီလော။ သူ စိုးရိမ်တကြီးနှင့် ထရန် ပြင်လိုက်သည်။

"ဒကာကြီး စိတ်အေးအေးထားပါ။ ဒကာကြီး သားလေး ဘေးကင်းပါတယ်။ ဒကာကြီး သားကို ရသေ့ပျိုတွေက စောင့်ရှောက်ပေးထားပါတယ်" သျှောင်ထုံး မြင့်မြင့် ထုံးထားပြီး အညိုရောင် သင်္ကန်းနှင့် ရသေ့အို တစ်ပါးက စောရဝိဇ္ဇာအား အပြုံးဖြင့် နှစ်သိမ့်ပေးသည်။

"ကျွန်တော့်သား ဟုတ်လား။ ဒါက... " စောရဝိဇ္ဇာ ခေတ္တ တုန့်ဆိုင်းသွားသည်။

"ဟုတ်ပါတယ်။ ဒကာကြီး ဒဏ်ရာတွေနဲ့ သတိလစ်နေတာကို ထင်းကောက်သွားတဲ့ ရသေ့ငယ်တွေ တွေ့လို့ ဒီကို ခေါ်လာတာ။ တော်သေးတာပေါ့ ကလေးက နှင်းကိုက်ဒဏ်ရာတွေ ရမသွားလို့။ ဒီလောက် ကြမ်းတမ်းတဲ့ နယ်မြေကို လသားအရွယ် ကလေးကို ဘာကြောင့်များ ခေါ်လာတာလဲ" ရသေ့အိုကြီးက နားမလည်နိုင်စွာ မေးသည်။

"ကျွန်တော် ရန်သူတွေ လိုက်လာလို့ ထွက်ပြေးလာတာပါ။ အခုလို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ကျွန်တော် သတိလစ်နေတာ ဘယ်နှရက် ရှိပြီလဲ" စောရဝိဇ္ဇာက နောက်ဆုံးစကားကို သတိထားကာ မေးလိုက်သည်။ ခုနစ်ရက်ကျော်သွားပါက သန္ဓေသား၏စွမ်းအင်အား စုပ်ယူ၍ မရတော့ကြောင်း သူသိထားသည် မဟုတ်လော။

"ဒကာကြီး သတိလစ်နေတာ တစ်လကျော်ပါပြီ" ရသေ့အိုက ဖြေသည်။

ထိုစကားကြောင့် စောရဝိဇ္ဇာသည် မျှော်လင့်ချက်များ ပျောက်ဆုံးသွားတော့သည်။ စိတ်ဓာတ်ကျခြင်းကြောင့်ရော ဒဏ်ရာအရှိန်များကြောင့်ရော နှစ်မျိုးရောကာ သူ သတိပြန်လစ်သွားတော့သည်။

"သူ သတိပြန်လစ်သွားပြီပဲ၊ ကံဆိုးလိုက်တဲ့ သားအဖပါလား" ရသေ့အိုက သက်ပြင်းချကာ တဲအပြင်ဘက် ပြန်ထွက်သွားတော့သည်။

အပြင်ရောက်သည်နှင့် ရသေ့အိုသည် အနားတွင် စောင့်နေသည့် ရသေ့ပျိုအား လူနာကို ဂရုစိုက်ရန် မှာကြားကာ သူ့ကျောင်းဆောင်သို့ ပြန်သွားတော့သည်။

ထိုသို့ဖြင့် အချိန်များ ကြာညောင်းသွားသည်။ စောရဝိဇ္ဇာသည် ရသေ့များ၏ ကုသပေးမှုကြောင့် အနည်းငယ် နလန်ထူလာသည်။ သို့သော် ကလေးငယ်ကို မြင်တိုင်း သူ ဒေါသထွက်သည်။ ထိုကလေးကိုသာ သူမခိုးခဲ့ပါက ယခုလို အခြေအနေမျိုးဖြင့် ကြုံရမည် မဟုတ်ပေ။ အရာအားလုံး၏ တရားခံမှာ ထိုကလေးသာ ဖြစ်သည်။ သူ့စိတ်ထဲတွင် ထိုကလေးအား သတ်ပစ်ချင်စိတ်တို့သာ ကြီးစိုးနေသည်။ သို့သော် ရသေ့များရှေ့တွင် သူ စိတ်လိုက်မာန်ပါ မလုပ်ဝံ့ပေ။ ယခုအချိန်တွင် သူက ပုရွက်ဆိတ် တစ်ကောင်ကိုပင် မသတ်နိုင်သည်ထိ အားနည်းနေသည် မဟုတ်လော။

ထိုသို့ဖြင့် စောရဝိဇ္ဇာ ရသေ့ကျောင်းသို့ ရောက်သည်မှာ တစ်နှစ်ကျော် ကြာမြင့်သွားပြီ ဖြစ်သည်။ သူသည်လည်း ချိုင်းထောက် အကူဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်ပြီ ဖြစ်သည်။ အစောပိုင်းတွင် တန်ခိုးအကျန်များဖြင့် အရိုးများ ကျိုးနေသည်ကို တောင့်ခံနိုင်သော်လည်း ယခုလို သာမန်လူ ဖြစ်သွားသည့်နောက် အရိုးများ သဘာဝအတိုင်း ကောင်းရန် တစ်နည်းသာ ရှိတော့သည်။

ထိုအချိန်တွင် အညိုရောင် ဝတ်စုံလေးအား ဆင်မြန်းထားသည့် ကလေးငယ် တစ်ဦးသည် ဆန်ပြုတ်ပန်းကန်လုံးလေး တစ်လုံးကို ကိုင်ရင်း စောရဝိဇ္ဇာနေသည့် ကျောင်းဆောင်သို့ လျှောက်လာနေသည်။ ထိုကလေးသည် အသားအရည်မှာ ပန်းနုရောင် သမ်းကာ မျက်လုံးဝိုင်းဝိုင်း မျက်ဆံနက်နက်နှင့် မျက်တောင်မွေးများမှာ ရှည်လျားပြီး အပေါ်သို့ ကော့တက်နေသည်။ မျက်ခုံမွေးထူထူကြီးမှာလည်း မျက်လုံးအား ဘောင်ခတ်ထားသလို ရှိသည်။ သူ့အပြုံးမှာလည်း မြင်သူတိုင်းအား နှစ်လိုဖွယ် ခံစားချက်ကို ပေးစွမ်း၏။ ဆံနွယ်တို့မှာလည်း အသားကောင်းကာ ထူထဲ နက်မှောင်နေ၏။ ထိုကလေးသည် စောရဝိဇ္ဇာ ချိုင်းထောက်ဖြင့် လမ်းလျှောက်နေသည်အား မြင်လိုက်ရာ တစ်ချက် ပြုံးသည်။

"ဖေဖေ၊ လမ်းလျှောက်ရတာ အဆင်ပြေရဲ့လားဟင်၊ သား ကူပေးရမလား။ သား ဒီမှာ ဆန်ပြုတ် ယူလာတယ်။ ဖေဖေ ဆာနေရင် သောက်လိုက်နော်။ သား ကိုယ်တိုင် ပြုတ်လာတာ ဖေဖေရဲ့" ကလေးငယ်က အပြုံးလေးဖြင့် ပြောသည်။ ကလေးငယ်မှာ ယခုတွင် စကားများ တီတီတာတာ ပြောနေပြီ ဖြစ်သည်။

"ဟေ့ကောင်၊ ထွက်သွားစမ်း။ ငါ ဘာမှ မလိုဘူး။ မင်းမျက်နှာကို မမြင်ချင်ဘူး။ သွား" စောရဝိဇ္ဇာက ဒေါသတကြီး မောင်းထုတ်သည်။

ကလေးသည် အရွယ်နှင့်မလိုက်အောင် သင်ယူနိုင်စွမ်း မြင့်မားသည်။ ဉာဏ်ရည်မှာ တခြားကလေးများထက် များစွာ သာလွန်၏။ ထို့ကြောင့် စောရဝိဇ္ဇာက သူ့အား မုန်းနေမှန်း သူသိသည်။ သူသည် ဖခင်ဖြစ်သူက အဘယ်ကြောင့် မုန်းနေမှန်း မသိသော်လည်း သူသိသလောက် တတ်သလောက်ဖြင့် ဖခင်ဆီက မေတ္ဆာကို ရအောင် ကြိုးစားခဲ့သည်။ သို့သော် သူ လုပ်သမျှက မည်သည်အခါကမျှ အဆင်မပြေခဲ့ချေ။

"သား မျက်နှာကို မမြင်ချင်ရင် သား သွားပါ့မယ်။ ဒါပေမဲ့ ဒီဆန်ပြုတ်လေး... "

"ဟာကွာ... ဒီအစုတ်အပြတ် ဆန်ပြုတ်ကို ငါက ဘာလုပ်ရမှာလဲ။ သွားစမ်း..."

စောရဝိဇ္ဇာက ဆန်ပြုတ် ပန်းကန်အား ချိုင်းထောက်ဖြင့် ရိုက်ချလိုက်သည်။

ကလေးငယ်မှာ ထိတ်လန့်သွားသည်။ ချိုင့်ထောက်က သူ့လက်ဆစ်ကို ရိုက်မိသွားသဖြင့် နာကျင်စွာ ညည်းညူမိသည်။ သို့သော် ရင်ထဲက ပိုနာသည်။ သူ မည်သည့် အမှားမျိုး လုပ်ခဲ့ဖူးသနည်း။ မည်သို့သော အကြောင်းမျိုးကြောင့် ဖခင်ဖြစ်သူက သူ့ကို ထိုမျှ မုန်းတီးနေရသနည်း။ သူ လုံးဝ နားမလည်တော့ပေ။

"ဒကာကြီး လူဇော်၊ အပြစ်မဲ့တဲ့ ကလေးကို ဘာဖြစ်လို့ ဒီလောက် ရက်စက်ရတာလဲ။ ဒကာကြီး လုပ်ရပ်တွေ တရားလွန်နေပြီ" ရသေ့ပျို တစ်ပါး ရောက်လာကာ ပြောသည်။

သူသည် ကလေး၏လက်ကို စိုးရိမ်တကြီး ဆွဲကာ ဒဏ်ရာအား တစ်ချက် စစ်ဆေးလိုက်သည်။ ကလေး၏အသားမှာ နုနယ်လှသဖြင့် အညိုအမည်းပင် စွဲသွားသည်။

"ဦးရသေ့ ဆေးထည့်ပေးမယ်နော်။ နာသွားလား သားလေး" ရသေ့ပျိုက ကြင်နာစွာ ပြောသည်။

"သား မနာပါဘူး ဦးရသေ့ရယ်။ သား မလိမ္မာလို့ ဖေဖေက ဆုံးမတာပါ။ သား မနာပါဘူး" ကလေးသည် ဖခင်အား အပြစ်တင်မည် စိုးသဖြင့် ထိတ်လန့်စွာ ရှင်းပြသည်။

"လာပါ သားရယ်။ ဦးရသေ့နဲ့ လိုက်ခဲ့။ မနာပေမဲ့ ဆေးတော့ ထည့်ရမယ် မဟုတ်လား။ ဦးရသေ့စကား နားထောင်နော်" ရသေ့ပျိုက ကြင်နာစွာ ထပ်ပြောသည်။

"ဟုတ်ကဲ့ ဦးရသေ့၊ ဒါပေမဲ့ ဖေဖေ..."

"သား အဖေအတွက် နောက်တစ်ယောက်ကို ဆန်ပြုတ် ပို့ခိုင်းလိုက်ပါမယ်။ မစိုးရိမ်နဲ့နော်" ရသေ့ပျိုက အပြုံးဖြင့် ပြောသည်။

"ဟုတ်ကဲ့" ကလေးက ခေါင်းညိတ်ကာ နာခံသည်။

ထိုသို့ဖြင့် ရသေ့ပျိုသည် ကလေးအား ခေါ်ကာ ထွက်သွားတော့သည်။

"ဟွန့်..." စောရဝိဇ္ဇာသည် နှာခေါင်း တစ်ချက် ရှုပ်ကာ ခုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထိုကလေးက ဤလပိုင်းတွင် သူ့ဆီသို့ ခဏခဏ လာ၍ စကားပြောနေသည်က သူ့အတွက် အလွန် အဆင်မပြေ ဖြစ်ရသည်။ သူ့စိတ်ထဲတွင် ထိုကလေးအား နည်းနည်းမှ ကြည့်မရအောင် မုန်းနေသည်။ ဟုတ်သည်။ သူ့ဘဝကို ပျက်စီးအောင် ဖျက်ဆီးခဲ့သည့် ထိုကလေးအား သူမုန်းသည်။

စောရဝိဇ္ဇာသည် ခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ အမုန်းတရားများကို သက်ပြင်းတစ်ချက်မှုတ်ကာ ဖြေလျော့လိုက်သည်။ စောစောက စိတ်လှုပ်ရှားသွားသဖြင့် သူ မောပန်းသွားသည်။ အပူမီးများတွင် အမုန်းမီးက အပူဆုံးပင် မဟုတ်လော။

ထိုသို့ဖြင့် စောရဝိဇ္ဇာသည် ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားတော့သည်။

All Chapters