← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) သွေးက ဆေးလား

အချိန်များမှာ နှင်းများ အရည်ပျော်သွားလိုက် ပြန်ခဲလာလိုက်ဖြင့် သံသရာ လည်နေခဲ့သည်။ တချို့နေရာများမှာ မည်သို့သော အပြောင်းအလဲများ ဖြစ်ပွားနေသည် မသိရသော်လည်း ဟိမဝန္တာနှင်းတောင်တန်းသည် အမြဲ တသတ်မတ်တည်း ရှိနေလေသည်။

ဤသို့ဖြင့် စောရဝိဇ္ဇာတို့ သမထဂိုဏ်းသို့ ရောက်နေသည်မှာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ စောရဝိဇ္ဇာသည်လည်း ထူထူထောင်ထောင် ဖြစ်လာပြီး တုတ်ကောက်လေးဖြင့် ကောင်းစွာ လမ်းလျှောက်နိုင်ပြီ ဖြစ်သည်။ သူတို့သားအဖ ဆက်ဆံရေးမှာ အစတုန်းကလောက် မအေးစက်တော့ပေမည့် မိသားစုကဲ့သို့ ဆံဆက်ရေးမျိုးလည်း မဟုတ်သေးပေ။ စောရဝိဇ္ဇာသည် ဖြစ်ပျက်ခဲ့သမျှက သူ့လောဘကြောင့်သာ အဓိကဖြစ်ပြီး ကလေးနှင့် မဆိုင်ကြောင်း သိသော်လည်း သူ့ဒေါသအတွက် တရားခံရှာစရာက ထိုကလေး တစ်ယောက်သာ ရှိနေသည်။ ထို့ကြောင့်သာ သူ ကလေးအား အမြင်မကြည် ဖြစ်နေခြင်းပင်။

ကလေးကို နဖူးမှ ကြာပန်း သင်္ကေတလေး၏ မြင့်မြတ်မှုအား အစွဲပြု၍ ရသေ့များက အနွယ်တော်ဟု နာမည် ပေးခဲ့ကြသည်။ အနွယ်တော်ဆိုသည်မှာ မြင့်မြတ်သည့် မျိုးရိုးက သားတော်ဟု အဓိပ္ပါယ်ရ၏။

ယနေ့တွင် အနွယ်တော်သည် ထုံးစံအတိုင်း ဝါးဆစ်နှစ်ဘူးအား ရှေ့နောက် ဆိုင်းကာ ထမ်းပိုးလေးဖြင့် ရေခပ် ထွက်လာခဲ့သည်။ မြစ်ငယ်က ကျောင်းဆောင်များနှင့် အတန်ငယ် ဝေးသဖြင့် ၁၅ မိနစ်ခန့် လမ်းလျှောက်ရသည်။

သုံးနှစ်အရွယ် ကလေးတစ်ယောက် ဖြစ်သော်လည်း အနွယ်တော်သည် လူကြီးတစ်ယောက်ကဲ့သို့ ခွန်အား ရှိသည်။ ဂိုဏ်းအတွင်း လာကစားတတ်သော မျောက်ကြီးများကိုပင် သူက ကိုင်လွင့်ပစ်နိုင်သဖြင့် ရသေ့များမှာ တအံ့တဩ ဖြစ်နေရသည်။

အနွယ်တော်သည် မြက်ပင်တစ်ပင်အား ပါးစပ်တွင် ကိုက်ကာ အေးအေးဆေးဆေး လမ်းလျှောက်လာသည်။ မြစ်ကမ်းနားတွင် ရေကသိုဏ်း ကျင့်နေသော ရသေ့အချို့ ရှိသဖြင့် သူ တိတ်တဆိတ်သာ လမ်းလျှောက်နေသည်။

ထိုအချိန်တွင် အနွယ်တော်သည် ခပ်ဝေးဝေး တစ်နေရာမှ သမင်တစ်ကောင်၏ အော်သံအား ကြားလိုက်ရသည်။ အနီးအနားရှိ ရသေ့များမှာလည်း သမာဓိ အခြေအနေ ရှိသဖြင့် မသိကြပေ။

အနွယ်တော် ထိုအသံကြောင့် သိလိုစိတ် ဖြစ်လာကာ အသံကြားရာဆီသို့ ဦးတည်ကာ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ၁၀ မိနစ်ခန့် လျှောက်လာပြီးနောက် အသံကြားရာ နေရာသို့ ရောက်လာသည်။ သူ ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သောအခါ ကျောက်တုံးအက်ကြောင်းထဲတွင် ခြေညှပ်နေသည့် သမင်တစ်ကောင်အား တွေ့လိုက်ရသည်။

သမင်မှာ ကြောက်လန့်တကြား ရုန်းထားသဖြင့် ကျောက်စောင်းကြောင့် ခြေထောက်တွင် ဒဏ်ရာဖြစ်ကာ သွေးများ ထွက်နေသည်။ အနွယ်တော်မှာ ဆိုင်းထမ်းကို အသာချကာ သမင်ဆီသို့ လျှောက်လာခဲ့သည်။

"မကြောက်နဲ့နော်။ ငါ မင်းကို ကူညီမလို့ပါ။ ငါ့မှာ အန္တရာယ်ပေးချင်တဲ့ ဆန္ဒ မရှိပါဘူး" အနွယ်တော်က သမင်အား မကြောက်စေရန် ပြောလိုက်သည်။

သို့သော် တိရစ္ဆာန်ဟူသည်က လူစကားကို မည်သို့ နားလည်မည်နည်း။ အနွယ်တော် အနားရောက်လာသည်တွင် သမင်မှာ ပို၍ပင် ထိတ်လန့်တကြား ရုန်းကန်တော့သည်။ ရုန်းကန်မှု ပိုပြင်းလာသဖြင့် ခြေထောက်မှ ဒဏ်ရာမှာလည်း ပိုဆိုးသွားတော့သည်။

"ဟေ့ မရုန်းနဲ့လေ။ ရုန်းရင် မင်းပဲ ပိုနာမှာပေါ့။ ငါ ကူညီပေးမယ်။ ခဏလေးပဲ သည်းခံပေး" အနွယ်တော်က သမင်ရှေ့တွင် ဒူးထောက် ထိုင်ကာ ခြေထောက်အား ဆွဲထုတ်ပေးလိုက်သည်။

သူက အက်ကြောင်းထဲ လက်နှိုက်ကာ သမင်၏ခြေထောက်ကို ဆွဲထုတ်ဖို့ ကြိုးစားသော်လည်း သမင်မှာလည်း အတင်း ရုန်းနေသဖြင့် သူ့လက်မှာလည်း ကျောက်စောင်းဖြင့် ချကာ သွေးများ ဖြာဆင်းသွားလေသည်။

"အား... ငါ မင်းကို ကူညီပေးနေတာလေကွာ။ ခဏလောက် ငြိမ်နေရင် ပြီးသွားမယ့် ကိစ္စကို" အနွယ်တော်သည် နာကျင်မှုကြောင့် ညည်းညူလိုက်မိသည်။ ထိုသို့ဖြင့် ရုန်းရင်း ကန်ရင်းဖြင့် သမင်၏ဒဏ်ရာထဲသို့ သူ့သွေးများ ဝင်သွားတော့သည်။

အနွယ်တော်၏သွေးများ သမင်၏ ဒဏ်ရာထဲသို့ ဝင်သွားသည်နှင့် သမင်၏ဒဏ်ရာမှာ ချက်ချင်း သွေးတိတ်ကာ မျက်စိဖြင့် မြင်နိုင်သည်ထိ တဖြည်းဖြည်း စေ့ပိတ်သွားသည်။ အနွယ်တော်မှာ ထိုအရာကို မြင်လိုက်ရာ အံ့ဩလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။

'ဒါ... ဒါက " သူ့သွေးက ထိုမျှထိ အံ့ဩစရာ ကောင်းသည်လော။ အနွယ်တော်မှာ ခေတ္တမျှ မိန်းမောသွားသည်။

မကြာမီ သမင်၏ရုန်းအားကြောင့် ကျောက်သားမှာ အနည်းငယ် ပဲ့သွားသဖြင့် သမင်မှာ လွတ်မြောက်ကာ ထွက်ပြေးသွားလေသည်။

အနွယ်တော်မှာမူ အံ့ဩနေသဖြင့် သမင် လွတ်သွားသည်ကိုပင် သတိမမူမိအောင် ဖြစ်နေသည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး။ ငါ ထပ် စမ်းကြည့်ရမယ်" ထိုသို့ ပြောနေစဉ်မှာပင် သူ့လက်က ဒဏ်ရာမှာ ဖြည်းဖြည်းချင်း စေ့ပိတ်နေတော့သည်။ အနွယ်တော်မှာ ထိုကိစ္စက အကြောင်းတစ်ခုကြောင့်ဟုသာ ယုံကြည်နေသည်။

အနွယ်တော်သည် ထရပ်ပြီး ဆိုင်းထမ်းအား ပြန်ကောက်ကာ မြင်ငယ်ဘက်သို့ ခြေဦးလှည့်လိုက်သည်။ မြစ်ကမ်းဘေး ရောက်သည်နှင့် ရသေ့ပျိုများ၏ ကသိုဏ်းဝန်းများအား သွားစစ်ဆေးသည်။ လေတိုက်ပြီး မှောက်သွားသော ကသိုဏ်းဝန်းများကို သူ ရေပြန်ဖြည့်ပေးလိုက်သည်။ စောင်းနေသော ကသိုဏ်းဝန်းများကိုလည်း ရသေ့များ နိမိတ်ယူရ လွယ်စေရန် ပြန်တည့်ပေးလိုက်သည်။ အားလုံး ပြီးစီးသောအခါ ဝါးကျည်တောက်ထဲ ရေအပြည့် ဖြည့်ကာ ဂိုဏ်းဘက်သို့ ပြန်လာခဲ့သည်။

ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် စဉ့်အိုးထဲ ရေဖြည့်ကာ ကျောင်းဆောင်ဆီသို့ ချက်ချင်း ပြေးလာခဲ့သည်။ ကျောင်းဆောင်သို့ ပြန်ရောက်သည်နှင့် ထင်းခုတ်ရာတွင် သုံးသော ဓားမကြီးအား ကိုင်ကာ အနွယ်တော် ချီတုံချတုံ ဖြစ်နေသည်။ လက်ကို ဓားဖြင့် ခွဲရသည်က နာကျင်မည်မှာ အသေအချာပင်။ သူ့သွေးက တကယ် ထူးခြားနေသည်လော သို့မဟုတ် သမင်၏သွေးက ထူးခြားနေသည်လော သူမခွဲခြားနိုင်လည်း ဖြစ်နေသေးသည်။

"သမင်ရဲ့သွေးကသာ ထူးခြားရင် သူ အစကတည်းက ဒဏ်ရာတွေက ပြန်ကောင်းရမှာ။ ငါ့သွေးနဲ့ ထိလို့သာ သူ ပြန်ကောင်းသွားတာ။ ဟုတ်တယ် ဒီလိုပဲ ဖြစ်ရမယ်" အနွယ်တော် သူ့ကိုယ်သူ အားပေးကာ လက်ဖဝါးပေါ် ဓားအား တင်လိုက်သည်။

ထို့နောက် အံကို တင်းတင်းကြိတ်ကာ ဓားမဖြင့် ဖိကာ လက်ဖဝါးအား လှီးချလိုက်တော့သည်။ လက်ဖဝါးပေါ်တွက် ဒဏ်ရာတစ်ချက် ဖြစ်ပေါ်ကာ သွေးများ ထွက်လာသည်။ သွေးများ ထွက်လာသည်နှင့် ဒဏ်ရာမှာ ဖြည်းဖြည်းချင်း ပြန်စေ့သွားတော့သည်။ ထိုမြင်ကွင်းကြောင့် အနွယ်တော်မှာ ဝမ်းသာသွားတော့သည်။ သူ့သွေးသာ ဆေးဖြစ်နေပါက သူ့ဖခင် ဒဏ်ရာများကို ကုသပေးနိုင်တော့မည် ဖြစ်သည်။

သူ သိတတ်စ အရွယ်ကတည်းက သူ့ဖခင်မှာ ဒဏ်ရာများကြောင့် အိပ်ရာထဲတွင်သာ အချိန်ကုန်နေရသည်။ အကူဖြင့် လမ်းလျှောက်နိုင်သော်လည်း အဝေးကြီး မရပေ။ သူ ဖခင်ဖြစ်သူ ဝေဒနာ ခံစားနေရသည်ကို မြင်တိုင်း အမြဲ စိတ်မကောင်း ဖြစ်နေရသည်။ ဖခင်ဖြစ်သူ ဒေါသထွက်တိုင်း သူ့အား နိမိတ်ဆိုးဟု အမြဲ ခေါ်နေသဖြင့် ထိုဒဏ်ရာများမှာ သူ့ကြောင့် ဖြစ်သည်ဟု သူ နားလည်ထားသည်။ ယခုတော့ သူ့အပြစ်များကို ပြန်လည် ဆေးကြောနိုင်မည့် အခွင့်အရေး ရလာပြီ ဖြစ်သည်။

အနွယ်တော်သည် ဝမ်းသာအားရဖြင့် ဖခင်ဖြစ်သူ၏ ကျောင်းဆောင် ရှိရာသို့ အပြေး သွားတော့သည်။ ဖခင်အား ကုသပေးရန် သူ မစောင့်နိုင်တော့ပေ။

အခန်း (၆) ကုသခြင်း

အနွယ်တော်သည် အပြေးအလွှားဖြင့် ဖခင်၏ကျောင်းဆောင်သို့ ရောက်လာသော်လည်း အထဲတွင် မည်သူမျှ မရှိပေ။ ဖခင်ဖြစ်သူ လမ်းလျှောက်သွားသည် ထင်သဖြင့် သူ အနီးဝန်းကျင်တွင် လျှောက်ရှာကြည့်သည်။ သို့သော် ဖခင်အား အနီးအနားတွင် ရှာမတွေ့ပေ။

သူ စိုးရိမ်စွာဖြင့် တခြားနေရာများတွင် သွားရှာဖို့ ပြင်လိုက်သည်၌ ရသေ့ပျို ဦးဇောတိက ဖခင်အား ပွေ့ချီလာသည်ကို မြင်လိုက်ရသည်။ အနွယ်တော် ရင်ထဲတွင် မကောင်းသည့် နိမိတ်အား ခံလိုက်ရကာ စိုးရိမ်တကြီး ဖြစ်သွားသည်။

"ဦးရသေ့ အဖေ ဘာဖြစ်တာလဲ" အနွယ်တော် သူတို့အနားသို့ ချက်ချင်း သွားကာ မေးလိုက်သည်။

"ဦးရသေ့ ရှာတွေ့တာ မြန်လို့ပေါ့။ မင်းအဖေ ဂိုဏ်းပြင်က အာရဇ်ပင်အောက်မှာ လဲကျနေတာ။ ခေါင်းက ကျောက်စောင်းနဲ့ ထိထားတော့ တစ်ချက် ကွဲသွားတယ်။ သွေးတိတ်အောင်တော့ ဆေးထည့်ပေးထားတယ်။ လာ အထဲရောက်မှ ဆက်ပြောတာပေါ့" ပြောပြောဆိုဆိုဖြင့် ရသေ့ပျို ဦးဇောတိက စောရဝိဇ္ဇာ၏ ကျောင်းဆောင်ထဲသို့ ဝင်သွားသည်။

"ဟုတ်ကဲ့" အနွယ်တော်လည်း ခေါင်းညိတ်ကာ နောက်မှ စိုးရိမ်စွာ လိုက်ဝင်လာခဲ့သည်။

အထဲရောက်သည်နှင့် ဦးဇောတိက စောရဝိဇ္ဇာအား ခုတင်ပေါ်တွင် အသာချကာ အပေါ်က စောင်ခြုံပေးလိုက်သည်။

"သား ဒီမှာ ခဏ နေဦးနော်။ ဦးရသေ့ ဘရသေ့ကို သွားခေါ်လိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ ဦးရသေ့"

ရသေ့ပျို ဦးဇောတိ ထွက်သွားသည်နှင့် အနွယ်တော် ဖခင်ဘေးတွင် ထိုင်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ ထိုအခြေအနေတွင် သူလည်း မည်သည်မျှ မလုပ်တတ်သဖြင့် ဖခင်ဖြစ်သူကိုသာ ပူပန်စိတ်ဖြင့် စိုက်ကြည့်နေမိသည်။

မကြာမီ ဘရသေ့နှင့် ရသေ့ပျိုများ ရောက်လာကြသည်။ ရသေ့များ ရောက်လာသည်တွင် အနွယ်တော် ထရပ်ကာ လက်အုပ်ချီလိုက်သည်။

ဘရသေ့က ခေါင်းညိတ်ပြကာ စောရဝိဇ္ဇာအား စစ်ဆေးလိုက်သည်။

"အင်း... ခေါင်းထိထားလို့ သတိမေ့နေတာပါ။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိပါဘူး။ သူ သတိရလာရင် ဘရသေ့ကို လာခေါ်နော် သားလေး" ဘရသေ့က အနွယ်တော်အား လှည့်ကြည့်ကာ ပြောသည်။

"ဟုတ်ကဲ့ပါ ဘရသေ့" အနွယ်တော် ရိုသေစွာ ပြန်ဖြေလိုက်သည်။

ထိုသို့ ပြောပြီးနောက် ဘရသေ့ ပြန်ထွက်သွားသည်။ ရသေ့ပျိုများသည်လည်း အနွယ်တော်အား နှုတ်ဆက်ကာ ပြန်ထွက်သွားကြသည်။

ရသေ့များ ထွက်သွားသည်နှင့် အနွယ်တော်သည် ကျောင်းတံခါးကို သေချာ ပိတ်ကာ မင်းတုံးချလိုက်သည်။ ထို့နောက် ဟိုဟိုသည်သည် ကြည့်လိုက်ရာ ရသေ့များ မုတ်ဆိတ်ရိတ်ရာတွင် သုံးသော သင်တုန်းဓား အဟောင်း တစ်ချောင်းကို တွေ့လိုက်ရသည်။ အနွယ်တော် ထိုနေရာသို့ သွားကာ သင်တုန်းဓားအား ကောက်ယူလိုက်သည်။

အနွယ်တော်သည် ဖခင်ရှိရာသို့ လှမ်းကြည့်လိုက်ရာ မျက်ရည်များ ဝဲလာသည်။ ဖခင်ဖြစ်သူမှာ ဒဏ်ရာပေါ် ဒဏ်ရာထပ်ကာ အခြေအနေမှာ အတော် ဆိုးနေပြီ ဖြစ်သည်။ သူ သိတတ်စ အရွယ်ကတည်းက ဖခင်မှာ နေ့စဉ်နှင့်အမျှ ဝေဒနာကို ခါးစည်းခံနေရသည်။ သူ ဖခင်အား ဝေဒနာများ မခံစားစေလိုတော့ပေ။ ဖခင်အား ကျန်းကျန်းမာမာဖြင့် သူ မြင်လိုသည်။ အနွယ်တော်သည် ဖခင်ရှိရာသို့ လျှောက်သွားကာ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။

"အဖေ နေပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ သားရဲ့သွေးက အဖေ့ကို နေပြန်ကောင်းအောင် လုပ်ပေးနိုင်မယ်ဆို တစ်ကိုယ်လုံးရှိတဲ့ သွေးတွေ ကုန်ချင် ကုန်ပါစေ" အနွယ်တော်သည် အံတင်းတင်း ကြိတ်ကာ လက်ဖဝါးအား ဓားဖြင့် လှီးချလိုက်သည်။

သွေးများမှာ ရဲခနဲ ထွက်လာပြီး အနွယ်တော် နာကျင်မှုကြောင့် မျက်လုံး စုံမှိတ်လိုက်ရသည်။

ထွက်လာသည် သွေးများကို သူ ဖခင်၏ ဒဏ်ရာပေါ်သို့ အစက်ချလိုက်သည်။ သို့သော် သွေးက လုံလောက်အောင် မထွက်ခင် ဒဏ်ရာမှာ ပြန်ကျက်သွားသည်။

"ဒီနေရာက သွေးသိပ်မထွက်ဘူး။ နေရာပြောင်း လှီးကြည့်မှနဲ့ တူတယ်" ထိုသို့ ဆိုရင်း အနွယ်တော်သည် လက်ဖမိုးအား လှီးလိုက်သည်။

လက်ဖမိုးမှာလည်း သွေးလုံလောက်စွာ မထွက်ခင် ဒဏ်ရာက ပြန်ကျက်သွားသည်။

ထိုသို့ဖြင့် အနွယ်တော်သည် နေရာပြောင်းကာ လှီးကြည့်ရင် လက်ကောက်ဝတ် သွေးကြောသို့ ရောက်သည်တွင် သူလိုအပ်သော သွေးပမာဏကို ရရှိသွားသည်။

စောရဝိဇ္ဇာ၏ခေါင်းမှ ဒဏ်ရာမှာ အရှင်း ပျောက်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် အနွယ်တော် ရပ်တန့်လိုက်သည်။

"ငါ့သွေးက ဒဏ်ရာတွေကို ကုနိုင်တယ်ဆိုတော့ အဖေ နှစ်တွေ အကြာကြီး ခံစားနေရတဲ့ ဒီဒဏ်ရာတွေကိုရော ကုနိုင်မလား။ ဒါပေမဲ့ ဒဏ်ရာမပေါ်တော့ ဘယ်နေရာကို သွေးထည့်ပေးရမလဲ" အနွယ်တော် တစ်ချက် စဉ်းစားသွားသည်။

"ဒီဒဏ်ရာတွေအတွက် ဦးရသေ့တို့ ဆေးတိုက်နေတာ မြင်ဖူးတယ်။ ဒါဆို ဆေးက တစ်ကိုယ်လုံးကို အာနိသင်ရောက်တယ်လို့ ဆိုရမယ်။ ငါ့သွေးကလည်း ဆေးဆိုတော့ အဖေ့ကို သွေးတိုက်ရင် ဒဏ်ရာတွေ ပြန်ကောင်းလာနိုင်တယ်။ ဒါပဲ... ဒီလိုပဲ ဖြစ်ရမယ်" အနွယ်တော် မျက်လုံးများ အရောင်တောက်ကာ သင်တုန်းဓားဖြင့် လက်ကောက်ဝတ်ကို ထပ်လှီးလိုက်ပြန်သည်။

သွေးများ ဖြာခနဲ ဆင်းလာကာ အနွယ်တော် အံကြိတ်မိသည်။ သူ သွေးများကို တစ်စက်မျှ အလေလွင့် မခံဘဲ ဖခင်၏ ပါးစပ်ထဲ တိုက်ကျွေးလိုက်သည်။ ဒဏ်ရာက သွေးများကြောင့် ဆက်တိုက် ပြန်ကောင်းလာနေသဖြင့် သူသည်လည်း လက်ကောက်ဝတ်အား ဆက်တိုက် လှီးနေရသည်။ ဒဏ်ရာက ပြန်ကောင်းသော်လည်း နာကျင်မှုကတော့ ပျောက်မသွားပေ။ သင်တုန်းဓားဖြင့် လှီးရသည့် နာကျင်မှုက အသည်းထဲထိ လှိုက်တက်ကာ စူးရှနေတော့သည်။

အနွယ်တော်၏ သွေးများ ဝင်လာသည်နှင့် စောရဝိဇ္ဇာ အနှစ်နှစ် အလလ ခံစားနေရသော ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေသည်။ မျက်နှာမှာလည်း ခါတိုင်းနှင့် မတူတော့ဘဲ သွေးရောင်လွှမ်းလာတော့သည်။

"ငါ ထင်တာ မှန်တယ်။ ဒီတိုင်း ဟုတ်တယ်" အနွယ်တော် အလွန် ဝမ်းသာသွားကာ ဖခင်အား သွေးများ ပိုမို တိုက်ကျွေးလိုက်တော့သည်။

သို့သော် အနွယ်တော်မှာ သွေးများ ဆုံးရှုံးမှုများလာသဖြင့် မျက်လုံးများ ပျာဝေလာသည်။ နာကျင်မှုကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသော်လည်း မသုတ်အားဘဲ သွေးများ အဆက်မပြတ်အောင်သာ လက်ကို မပြတ်တမ်း လှီးနေသည်။

စောရဝိဇ္ဇာ၏ ဒဏ်ရာများမှာ မဟာပုဂ္ဂိုလ်များနှင့် လောကရတနာများကြောင့် ရလာသော ဒဏ်ရာများ ဖြစ်သည်။ ထိုသို့သော ဒဏ်ရာမျိုးအား မည်သည့်ဆေးနှင့်မျှ မကုသနိုင်သော်လည်း အနွယ်တော်၏သွေးဖြင့်မူ အပေါ်ယံ ဒဏ်ရာများမှာ ဖြည်းညှင်းစွာ ပျောက်ကင်းနေလေသည်။

အနွယ်တော် မည်မျှပင် ထူးခြားပါစေ သာမန်လူသား တစ်ဦးသာ ဖြစ်နေသေးသည်။ သာမန်လူ၏ သွေးမှာ မဟာပုဂ္ဂိုလ်နီးနီးရှိသော ပုဂ္ဂိုလ်တစ်ယောက်အား အပြည့်အဝ ကုသပေးနိုင်မည် မဟုတ်ပေ။ ထိုအရာကို မသိဘဲ ဖခင်အား ပြန်ကောင်းစေချင်ဇောဖြင့် သွေးများ အမြောက်အမြား တိုက်နေသည်က နည်းလမ်း မမှန်ပေ။

သို့သော် လောကဦး ကြာပန်းက မွေးဖွားပေးလိုက်သည့် အနွယ်တော်၏ သွေးမှာလည်း ပေါ့သေးသေး မဟုတ်ပေ။ မဟာပုဂ္ဂိုလ်များ၏အရှိန်အဝါနှင့် လောကရတနာ သက်ရောက်အားကြောင့် ရလာသော အသေးစားဒဏ်ရာများ ပျောက်ကင်းသွားသည်က သက်သေပင်။ ဤအချိန်တွင် အနွယ်တော်မှာ သာမန်လူသား အဆင့်သာ ရှိသေးပေသည်။ နောင်တစ်ချိန် အဆင့်များ တက်လာချိန်တွင် သူ့သွေးက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလာမည်မှာ တွေးကြည့်စရာပင် မလိုချေ။

အနွယ်တော်မှာမူ သတိလစ်တော့မည် ဖြစ်သည်။ သွေးမထွက်တော့သော ဒဏ်ရာများမှာ သွေးအာနိသင် မရတော့သဖြင့် ဒဏ်ရာအတိုင်းသာ ကျန်နေခဲ့သည်။ သူ့လက်ကောက်ဝတ် နှစ်ဖက်စလုံးမှာလည်း ဓားဒဏ်ရာများ ပြည့်နေတော့သည်။

အနွယ်တော်သည် မဟန်နိုင်တော့သဖြင့် ဖခင်၏မျက်နှာပေါ်တွင် လက်တင်ကာ နောက်ဆုံး ဓားချက်အား လှီးချလိုက်သည်။ သွေးလက်ကျန် အနည်းငယ် ထွက်လာပြီး ပါးစပ်ထဲ ဝင်သွားသော်လည်း အခြေအနေမှာ ထိုထက်ပို၍ ထူးမလာတော့ပေ။

"နိုးလာပါတော့ အဖေရယ်။ အဖေ့အတွက် သားရဲ့သွေးက မလောက်တော့ဘူး ထင်ပါတယ်။ သားက ငယ်သေးလို့ ကိုယ်ထဲမှာ သွေးအများကြီး မရှိလို့ပါ။ သား တောင်းပန်ပါတယ်" အနွယ်တော်သည် ထိုစကား ပြောပြီးနောက် ခေါင်းငိုက်စိုက်ကာ သတိလစ်သွားတော့သည်။

"ဒေါက်... ဒေါက်" တံခါးခေါက်သံ ထွက်ပေါ်လာသည်။

အချိန် အတန်ကြာသည်ထိ တံခါးပွင့်မလာသဖြင့် အပြင်က လူက တံခါးကို ဆက်ခေါက်သည်။

လေးကြိမ်၊ ငါးကြိမ်ခန့် ဆက်ခေါက်သော်လည်း တံခါးက ပွင့်မလာသဖြင့် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း အပြင်ကလူ သိသွားသည်။

အပြင်ကလူသည် တံခါးကို တွန်းဖွင့်သော်လည်း မင်းတုံးချထားသဖြင့် ဖွင့်မရဖြစ်နေသည်။

"ဝုန်း..." နောက်ဆုံးတွင် အပြင်ကလူသည် ခွန်အားဖြင့် တံခါးအား ဆွဲဖျက်ပစ်လိုက်သည်။

အပြင်ကလူသည် တံခါးပျက်စီးသွားသည်နှင့် အထဲသို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ မျက်လုံးပြူးသွားတော့သည်။

"အနွယ်တော်လေး" သူ စိုးရိမ်တကြီး အော်ခေါ်ကာ အထဲသို့ လျှပ်စီးလက်သလို ပြေးဝင်လာတော့သည်။

All Chapters