စစ်ချီခြင်း
Vol. 6 Ch. 537
လေ့ကျင်းစိတ်ထဲတွင် တွေးနေသည့် အတွေးများကို ဝူတင်အရေးမစိုက်ပါ။ ကြယ်ရောင်များ ဖြာကျလာသည်နှင့် ကြယ်စင်နှင့်လမင်းထံမှ စွမ်းအားများကို စုပ်ယူကာ သူ၏ ပျံသန်း ကြယ်စင်စွမ်းအားကို အသုံးပြုနိုင်တော့မည် ဖြစ်လေသည်။
တန်ခိုးစွမ်းအားများ ကုန်ဆုံးလုနီးပါး ဖြစ်နေသည့် သူ၏ခန္ဓာကိုယ်သည် ကြယ်စင်များထံမှ စွမ်းအားများကို စုပ်ယူလိုက်သည့် အခါတွင်တော့ ပြန်လည်အားပြည့်ကာ လျင်မြန် လာခဲ့လေသည်။ ပျံလွှားငှက်များ၏ အော်ဟစ်သံများကလည်း နေရာအနှံ့တွင် ပျံ့လွင့်နေလေသည်။
ထို့ကြောင့် လေ့ကျင်းသည် လေနှင့်မိုးကို ဆင့်ခေါ်ခြင်း တန်ခိုးစွမ်းအားကို အသုံးပြု၍ မရတော့ပေ။
လေ့ကျင်းသည် လေထဲသို့ ပျံသန်း ထွက်ခွာသွားလေသည်။ သူမက ကောင်းကင်ထက်မှ နဂါးငွေ့တန်းကို မော့ကြည့် လိုက်လေသည်။ ထို့နောက် သူမ၏ အင်္ကျီလက်တစ်ဖက်ကို အသာ ဝှေ့ယမ်းလိုက်လေရာ သူမ၏လက်ထဲတွင် ဗျပ်စောင်း တစ်လက်ပေါ်လာလေသည်။
လေ့ကျင်းသည် လှပသည့် လက်ချောင်းလေးများဖြင့် စောင်းကြိုးများကို တီးခတ် လိုက်လေသည်။
ထိုအခါ လျှို့ဝှက်ဆန်းကြယ်သည့် တေးသံစုံ တီးဝိုင်း တေးသွားအလား အသံမဲ့သံစဉ်တစ်ခု ထွက်ပေါ် လာလေသည်။ ထိုအသံကို လူအများ မတွေ့မြင်နိုင်၊ သိရှိခံစားနိုင်ခြင်း မရှိသော်လည်း အသံလှိုင်းများသည် သဘာဝတရားကို ရိုက်ခတ်သွားလေသည်။
ထိုအချိန်ခဏလေး အတွင်းမှာပင် နဂါးငွေ့တန်းသည် အတောက်ပဆုံး ပုံသဏ္ဌာန်ဖြင့် တောက်ပ နေလေသည်။
အဆုံးမရှိသည့် ကြယ်ရောင်များသည် လေ့ကျင်းဆီသို့ ဖြာကျလျက် ရှိလေ၏။ ထိုကြယ်ရောင်များမှာ နဂါးငွေ့တန်း၏ အရိပ်အဖြစ် ပြောင်းလဲသွားပြီး လေ့ကျင်းသည် နဂါးငွေ့တန်း အထက်တွင် ရပ်နေသည့် ကောင်းကင်ကိုးခုမှ နတ်မိမယ် တစ်ပါးအလား ခမ်းနား လွန်းလှလေသည်။
ပြိုင်ပွဲကို ကြည့်နေသည့် ပရိသတ်များမှာ နဂါးငွေ့တန်း ကြယ်စင်များက လေ့ကျင်းကို လှည့်ပတ်နေသည့် အလား ခံစားတွေ့မြင် နေရလေသည်။ ဝူတင်သည် တိုက်ပွဲတစ်လျှောက်တွင် အန္တရယ်အရှိဆုံးသော အခြေအနေကို ရင်ဆိုင်လိုက်ရပြီဟု ချက်ချင်းနားလည် လိုက်လေသည်။
ရုတ်တရက်…
ဝူတင်၏ ဝမ်းဗိုက်ဆီသို့ ဓားဝိညာဉ် တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရလေသည်။
ထိုဓားဝိညာဉ်ထံမှ သွေးနီရောင် ပင်လယ်ဆီမှ ဖိအားများကို ခံစားလိုက်ရပြီး ဝူတင်မှာ စိတ်များ ကျဉ်းကျပ် လာမိသည်။
လေ့ကျင်း၏ ဂီတသံသည် ထူးဆန်းသည်ထက် ကျော်လွန်လေသည်။ ထိုဂီတသံက နဂါးငွေ့တန်း၏ နိယာမများကို ပေါ်ထွက်လာစေပြီး ဓားဝိညာဉ်တစ်ခုကို ထုတ်လွှတ် ပေးလိုက်လေသည်။ ထိုဓားဝိညာဉ်ထဲတွင် လူသားနှင့် နတ်ဘုရား ပေါင်းစပ်မှု၏ ဝိညာဉ်စွမ်းအားများ ပါရှိလေသည်။
ဓားဝိညာဉ်သည် အလွန်မှ ထူးခြားပြီး လေ့ကျင်း ကိုယ်တိုင်လည်း ထိုဓားဝိညာဉ် အကြောင်းကို နားမလည်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ယခုအထိ အခြေအနေ ဖြစ်လာပြီးမှတော့ သူမအနေဖြင့် စဉ်းစားနေရန် အချိန်မရှိပြီ။
နဂါးငွေ့တန်း၏ တည်ရှိမှုသည် မည်မျှကြာပြီ ဖြစ်သည်ကို မည်သူမှ မသိနိုင်ပေ။ နဂါးငွေ့တန်းသည် အဆက်မပြတ် စီးဆင်းနေပြီး ရပ်တန့်ရန် မဖြစ်နိုင်ပေ။ ဓားဝိညာဉ်သည် နဂါးငွေ့တန်းကို ဖြတ်သန်း စီးဆင်းလာပြီး သန့်စင်သည့် စွမ်းအားတစ်ခု ဖြစ်တည်လာလေသည်။
နဂါးငွေ့တန်းကို ရွေ့လျားစေသည့် ဂီတ စွမ်းအားများသည် အလွှာလိုက် ဖြစ်ပေါ် လာလေသည်။ ရပ်တန့်ခြင်း မရှိသည့် အပြင်ယခင်ကထက်ပင် ပိုမိုမြင့်မား လာခဲ့လေသည်။ ထိုဂီတသံကြောင့် ဝူတင်၏ ဝိညာဉ်စွမ်းအား များမှာလည်း တုံ့ပြန်မှုအားနည်းသွားလေသည်။
ဝူတင်သည် ကူရာကယ်ရာမဲ့သည်ဟု ခံစားနေရပြီး ယခုကဲ့သို့အခြေအနေ ဖြစ်လာမည်ကို သူသိရှိခဲ့ပါက လေ့ကျင်း၏ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း တန်ခိုးစွမ်းအားကို ရုတ်သိမ်းစေမည် မဟုတ်ပါ။ ဝူတင်သည် ရှုံးနိမ့်ရတော့မည်ဟူသည့်အတွေးကို သူ့စိတ်ထဲတွင် ထည့်မထားခဲ့ပါ။ ထို့ပြင် သူသည် တိုက်ပွဲကို လက်မလျှော့လိုသေးပေ။
ထို့ကြောင့် သူက အော်ဟစ်လိုက်လေသည်။
“ကျင်းသခင်မလေး၊ ကျုပ်ရဲ့ နောက်ထပ်ဓားချက် တစ်ချက်ကို ခုခံပါ၊ ရလဒ်က ဘယ်လိုပဲဖြစ်ပါစေ ကျုပ် ဝူတင် လက်ခံပါ့မယ်”
လေ့ကျင်း၏ အေးစက်တည်ငြိမ်သည့်မျက်ဝန်းများက ဝူတင်ကို စိုက်ကြည့် လိုက်လေသည်။ သူမက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ဂီတသံစဉ်ကို သိမ်မွေ့စေလိုက်သည်။ ဤသည်မှာ ဝူတင်၏ ကမ်းလှမ်းချက်ကို လေ့ကျင်းက လက်ခံသည့် သဘောပင် ဖြစ်လေသည်။
ဝူတင်က လေ့ကျင်းထံမှ တုံ့ပြန်မှုကိုရသည်နှင့် သူ၏ပျံလွှားငှက် တန်ခိုးစွမ်းအားများကို ရုတ်သိမ်း လိုက်လေသည်။ ထို့နောက် သူ၏ဆံစမှ ခြေဖျားအထိ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး ကြယ်စင်များပင် ရွေ့လျားသွားတော့မည့် အလား ထင်မှတ်ရလေသည်။
လူသတ်လိုသည့် အငွေ့အသက်များ ပေါင်းစည်းသွားပြီး ဓားဝိညာဉ် တစ်ခု ထွက်ပေါ် လာလေသည်။ ဓားဝိညာဉ်သည် အလွန်ထက်ရှနေပြီး ကြယ်စင်များထက်ပင် လင်းလက် နေသေးသည်။ ထိုဓားဝိညာဉ်ထွက်ပေါ်လာသည်နှင့် တိုက်ပွဲကို ကြည့်နေကြသည့် ပရိသတ်များမှာ မျက်လုံးများ ကျိန်းစပ် ကုန်ကြရလေသည်။
လေ့ကျင်း၏နဂါးငွေ့တန်းဓားဝိညာဉ်သည် သူ့ကို သက်ညှာမည် မဟုတ်ပေ။ ဝူတင်အတွက် လေ့ကျင်း၏ ဓားဝိညာဉ်ကို တန်ပြန်တိုက်ခိုက်ရန် နောက်ဆုံး အခွင့်အရေး တစ်ခုသာ ရှိတော့သည်။
ထို့ကြောင့် သူ၏ပျံသန်းကြယ်စင် တန်ခိုးစွမ်းအားကို အသုံးပြုပြီး ဓားဝိညာဉ် တစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ထိုတန်ခိုးစွမ်းအားကို အသုံးပြုပြီးသည်နှင့် သူ့တွင် နောက်ထပ် အသုံးပြုစရာ တန်ခိုးစွမ်းအား လုံးဝမကျန်ရှိတော့ပေ။ နောက်ဆုံး ဓားဝိညာဉ်ကို အသုံးပြုပြီးသည်နှင့် အနိုင်မရလျှင် သူ ရှုံးနိမ့်ရတော့မည် ဖြစ်လေသည်။
လေ့ကျင်း၏ ခန္ဓာကိုယ်ကို နဂါးငွေ့တန်းပုံရိပ်က ဝန်းရံထားဆဲ ဖြစ်လေသည်။ သူမ၏ တန်ခိုးစွမ်းအား များမှာလည်း အဆက်မပြတ် မြင့်တက် နေလေသည်။
ဝူတင်၏ ဓားဝိညာဉ်သည် လေးညို့မှ လွှတ်သည့် မြားပမာ လေ့ကျင်းထံသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဝင်ရောက်သွားလေသည်။
လေ့ကျင်းက ရေတံတိုင်းတစ်ခု ဖန်ဆင်းလိုက်ပြီး ဓားဝိညာဉ်ကို ကာကွယ် လိုက်လေသည်။ သို့သော် ဝူတင်၏ဓား သည်ရေတံတိုင်းကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်ပြီး လေ့ကျင်းရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက် သွားလေတော့သည်။
ဝူတင်၏ဓားသည် လေ့ကျင်းကို ကာကွယ်ပေးထားသည့် နဂါးငွေ့တန်းပုံရိပ်ကို ခုတ်ပိုင်း ပစ်လိုက်လေသည်။
သူ၏ဓားချက်ကို လေ့ကျင်းက ရှောင်တိမ်းခြင်း မရှိသည့်အတွက် ဝူတင်၏ စိတ်များ ရှုပ်ထွေးနေလေသည်။
တိုက်ပွဲကိုကြည့်နေကြသည့် ပရိတ်သတ်များထံမှ လေ့ကျင်းအတွက် စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သံများ ထွက်ပေါ်လာလေသည်။
ဝူတင်၏ ဓားသွားသည် လေ့ကျင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားလေသည်။
ဓားသွားသည် လေ့ကျင်း၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ် သွားလေသည်။ သို့သော် သွေးများ ထွက်လာခြင်း မရှိပါ။ လေ့ကျင်းသည်လည်း သေဆုံးသွားခြင်းမရှိပါ။
လေ့ကျင်း၏ ပုံရိပ်ပျောက်ကွယ်သွားပြီး သစ်ကိုင်းခြုံ တစ်ခုပေါ်လာကာ ဝူတင်၏ဓားသည် ထိုသစ်ကိုင်းခြုံကို ထက်ပိုင်း ဖြတ်တောက် ပစ်လိုက်လေသည်။
“လီတိုက်ထောင်ကျန်းပညာ…”
ဝူတင်သည် မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း ရေရွတ် လိုက်လေသည်။
လီတိုက်ထောင်ကျန်းပညာသည် ကျင့်စဉ်လမ်းတွင် အလွန် စွမ်းအားမြင့်မားသည့် ဓမ္မလမ်းစဉ် တစ်ခု ဖြစ်လေသည်။ ဝူတင်သည် ဆရာဖြစ်သူ ဝမ်ကျုန်းထံမှ ထိုပညာရပ်အကြောင်းကို ကြားဖူးထားလေသည်။ ထိုနည်းစနစ်ကို အသုံးပြုနိုင်သူ ရှားပါးသည်ဟု ဆရာဖြစ်သူက ပြောပြဖူးလေသည်။ ဝူတင်ကိုယ်တိုင်လည်း ထိုပညာကို အသုံးပြုနိုင်ခြင်းမရှိပါ။
လီတိုက်ထောင်ကျန်း ပညာသည် ထင်ရောင်ထင်မှား ဖန်ဆင်းသည့် ပညာမဟုတ်ပေ။ အမှန်တရားကို ပုံပျက်သွားစေရန် ပြုလုပ်သည့် ပုံဖျက် စွမ်းအား ပညာတစ်ခုသာ ဖြစ်လေသည်။ ထိုပညာကို အသုံးပြုလိုက်ပါက ပြိုင်ဘက် ရန်သူ၏ အာရုံစူးစိုက်မှု ပျက်ပြား သွားရမည် ဖြစ်လေသည်။
ဝူတင်မှာ သူမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကြက်သေ သေသွားလေသည်။
ထိုအချိန် သူ၏ ခါးနှင့်ဝမ်းဗိုက်နေရာတွင် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ခံစားလိုက် ရလေသည်။ သူ၏ခါးတစ်ဝိုက်သို့ ပဝါစတစ်ခုက လာရောက်ရစ်ပတ်ထားလေသည်။ လေ့ကျင်းက ပဝါစကို ဆွဲလိုက်သည့်အခါ ဝူတင်သည် အရှေ့ရေကန်၏ ကမ်းခြေထက်သို့ ပြုတ်ကျ သွားလေတော့သည်။
သူမကနူးညံ့သည့်လေသံဖြင့်…
“ရှင်ရှုံးသွားပြီ…”
ဝူတင်သည် စိတ်မသက်မသာခံစားလိုက်ရလေသည်။
ဝူတင်သည် အစကတည်းက အနိုင်အရှုံး ကိစ္စများကို စိတ်ထဲတွင်မထားပါ။ သို့သော် တကယ်တမ်း ရှုံးနိမ့်ခဲ့ရသည့် အခါတွင်တော့ လက်ခံရန် ခက်ခဲလွန်းလေသည်။
လေ့ကျင်းမှာလည်း ဝူတင်ကို အနိုင်ယူလိုက်နိုင်သည့်အတွက် ပျော်ရွှင်ခြင်း မရှိပါ။
သူက ဆရာဖြစ်သူ ဆန်းလျန်ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။
သို့သော် ထိုနေရာတွင် ဆန်းလျန် ရှိမနေတော့ပါ။ သူမ၏ရင်ထဲဝယ် ဟာတာတာကြီး ခံစားလိုက်ရပြီး မျှော်လင့်ချက်များ ကင်းမဲ့ သွားရလေသည်။ ပြိုင်ပွဲတွင် အနိုင်ရသည့်တိုင် သူမသည် စိတ်မကောင်း ဖြစ်နေခဲ့လေသည်။
ထိုအချိန်တွင်….
တိချိုးမြို့တော်ထဲတွင်တော့ အင်အားကြီးမားသည့် စစ်တပ်ကြီး တစ်တပ်က စစ်ထွက်ရန် အသင့် ဖြစ်နေလေပြီ။
စစ်တပ်ကြီးတွင် စစ်သည်တော်ပေါင်း ငါးသောင်းခန့် ရှိမည်ဟု ခန့်မှန်းရလေသည်။ စစ်သည်တော်များ အားလုံး တညီတညွတ်တည်း ချီတက်လိုက်ကြပြီး စစ်သည်တော်များ ပေါင်းစည်းထားသည့် တန်ခိုးစွမ်းအားများသည် ပြင်းထန်စွာ စုစည်း နေကြလေသည်။
ဆန်းလျန်သည် အလွန်မှခမ်းနားသည့် မြင်းရထား တစ်စီးထဲတွင် ရှိနေလေသည်။ မြင်းရထားထဲတွင် အစားအသောက်များ သာမက လိုချင်သည့်အရာအားလုံး ရှိလေသည်။ အဖိုးတန် နံ့သာပေါင်းကိုပင် ထွန်းညှိထားသေးသည်။ ထိုနံ့သာပေါင်း ရနံ့သည် တန်ခိုးစွမ်းအားကို တည်ငြိမ်စေပြီး စိတ်ကိုလည်း သန့်ရှင်းစင်ကြယ် စေသည်။
စစ်သည်တော် ငါးသောင်းတွင် ရှားမျိုးနွယ် အထက်တန်းလွှာ စစ်သည်တော်များက အနည်းငယ်သာ ပါဝင်လေသည်။ ကျန်သည့် စစ်သည်တော်များမှာ ယန်ချန်မှ စစ်သည်တော်များ ဖြစ်ကြလေသည်။
တာ့ရှားဧကရာဇ်၏ တပ်မတော်သည် စတင်စစ်ချီပြီ ဖြစ်လေသည်။
ဆန်းလျန်၏မြင်းရထားလည်း စတင်ထွက်ခွာပြီ ဖြစ်လေသည်။
ဆန်းလျန်၏ လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ထားလေသည်။ ထိုစာလိပ်မှာ ကွမ်းလုန်ကျီထံမှ လောင်းကြေး နိုင်ခဲ့သည့် "လျန်စန်း" စာအုပ်ပင် ဖြစ်လေသည်။
ကွမ်းလုန်ကျီ သည်လည်း ယခုတစ်ခေါက် စစ်ချီရာတွင် တာ့ရှားဧကရာဇ်၏ စစ်သည်တော်များနှင့် အတူ လိုက်ပါလာလေသည်။
ဆန်းလျန်သည် သေသေချာချာ အာရုံစူးစိုက်ပြီး လျန်စန်းစာအုပ်ကို လေ့လာနေလေသည်။ စာအုပ်ထဲမှ အကြောင်းအရာများ အားလုံးကို သူ ကောင်းကောင်း နားလည်လေသည်။ သို့သော် စာအုပ်ထဲမှ အကြောင်းအရာများ ကို စုစည်းလိုက်သည့်အခါ နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ထွက်ပေါ်လာလေသည်။
သေသေချာချာ စဉ်းစားတွေးခေါ်လေ လျန်စန်းသည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နှင့် ဆင်တူလေ ဖြစ်လေသည်။ မတူညီသည့်အချက်မှာ လျန်စန်းသည် ထိုက်ရွှီးနည်းဗျူဟာထက် ပိုပြီးနက်ရှိုင်းနေခြင်း ဖြစ်လေသည်။
ကျားနက်ကြီးရှောင်ဟေးမှာလည်း ဆန်းလျန်နှင့်အတူ လိုက်ပါလာလေသည်။
ကျားနက်ကြီးမှာ ဆန်းလျန်နှင့် လိုက်ပါလာရသည့် အတွက် အလွန်မှ ပီတိဖြာလျက် ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် နတ်မြင်းပျံကြီးသည် ဆန်းလျန်နှင့်အတူ တိုက်ပွဲသို့ လိုက်ပါလာခွင့် မရရှိခဲ့ပေ။
ထို့ပြင် ဆန်းလျန်သည် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းဖြစ်သည့် အတွက် သူ၏မြင်းရထားသည် တာ့ရှားဧကရာဇ်၏ မြင်းရထားပြီးလျှင် အကောင်းဆုံး မြင်းရထား ဖြစ်လေသည်။ မြင်းရထားထဲတွင် ဇိမ်ခံပစ္စည်းများ ဖြင့်ပြည့်နေခဲ့လေသည်။
ကျားနက်ကြီးမှာ ဆန်းလျန်နှင့်အတူ စည်းစိမ်ခံစားရင်း မြင်းရထားပေါ်ဝယ် ဇိမ်ကျ နေလေတော့သည်။
***