← Chapters

တိုက်ပွဲ

Vol. 6 Ch. 538

တိုက်ပွဲ

Vol. 6 Ch. 538

တာ့ရှားဧကရာဇ်၏ တပ်မတော်သည် တစ်နေ့လျှင် မိုင်ပေါင်းထောင်နှင့် ချီပြီး ချီတက် ခဲ့လေသည်။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်းခဲ့ကြလေ၏။

ခရီးစဉ် တစ်လျှောက်လုံးတွင် ဆန်းလျန်သည် မြင်းရထားထဲမှ လုံးဝ မထွက်ခဲ့ပေ။ သူသည် "လျန်စန်း" ကိုသာ မနားတမ်း ဖတ်နေလေသည်။ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နှင့် ပတ်သက်နေသည့် အတွက် ဆန်းလျန်သည် ထိုစာအုပ် ကိုပို၍ပင် နားလည်လာရသည်။

သို့သော်… ဆန်းလျန်သည် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို တီထွင်ခဲ့သည့် ဆရာဘွားဘွား လီချင်းဆွေ၏ အဆင့်ကို မမီနိုင်မည်ကို ဆန်းလျန် စိုးရိမ်နေမိလေသည်။

ဓမ္မကိုသိမြင်ပြီး ဓမ္မကို မေ့ပျောက် သွားသည်။

ဆန်းလျန်သည် ပိုပြီး တိုးတက်လိုပါက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျော်လွန်ပြီး အခြေခံကျသည့် ဓမ္မတစ်ခုကို ဖန်တီးနိုင်ရန် လိုအပ်လေသည်။ ထိုသို့ မဖန်တီးနိုင်ပါက သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် တောင်မှ ဆရာဘွားဘွား လီချင်းဆွေ တီထွင်ခဲ့သည့် ကျင့်စဉ် အတွင်းတွင်ပင် ရှိနေပေလိမ့်မည်။

ဤနေ့ရက်များတွင် အချိန်ပိုများရှိနေလျှင်ပင် ဆန်းလျန်သည် တာ့ရှားဧကရာဇ်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။ သူ့တွင် တာ့ရှား ဧကရာဇ်နှင့် ပြောစရာ စကားလည်း မရှိပေ။ ထို့ပြင် စစ်တပ်၏ နောက်ဆုံးမှ လိုက်လာသည့် ကွမ်းလုန်ကျီထံသို့ လည်း သူ မသွားခဲ့ပေ။

လွန်ခဲ့သည့် (၁၀) ရက်ခန့်က နှင်းများ စတင်ကျဆင်းလာပြီ ဖြစ်လေသည်။ သို့သော် နှင်းများ ကျဆင်းခြင်းက ချီတက် နေသည့် စစ်တပ်ကြီးကို တစ်ချက်လေးပင် နှောင့်နှေး မသွားစေပါ။ အမှန်တော့ နှင်းများ ကျဆင်းခြင်းက သူတို့ကို ပိုပြီး တော့ပင် လျင်မြန် စေသေးသည်။

တာ့ရှား ဧကရာဇ်၏ မြင်းရထားသည် စစ်တပ်၏ ထိပ်ဆုံးတွင် ဦးဆောင် သွားနေလေသည်။

ဆန်းလျန်ကတော့ တာ့ရှားတပ်မတော်၏ အလယ်မှ လိုက်ပါလာခြင်း ဖြစ်လေ၏။

ဆန်းလျန်၏ မြင်းရထားကို သန်မာသည့် မြင်းကောင်းနှစ်ကောင်က ဆွဲလာလေသည်။ ထိုမြင်းနှစ်ကောင်၏ စွမ်းအားသည် သာမန်ရေနဂါး တစ်ကောင်၏ စွမ်းအားထက် မလျော့နည်းပေ။ အမှန်တော့ ထိုမြင်းများသည် တာ့ရှားဧကရာဇ်၏ တော်ဝင်မြင်းများ ဖြစ်လေသည်။

ဆန်းလျန်သည် နှင်းများ ကျဆင်းလာသည်ကို မြင်တွေ့ရသည့်အခါ စိတ်ထဲတွင် ရွှင်ပျ လာမိလေသည်။ ထို့ကြောင့် သူက မြင်းရထား တံခါးများကို ဖွင့်ကြည့်လိုက်သည်။

အပြင်ဘက်တွင်တော့ နှင်းများ ဖွေးဖွေးလှုပ် ကျဆင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ နှင်းပင်လယ်ကြီး အလား ထင်မှတ်ရလေသည်။ ဆောင်းဦးရာသီနှင့် ရှုမျှော်ခင်းများကို ဆန်းလျန်သည် အလွန် နှစ်သက် မိလေသည်။

ဆန်းလျန်သည် မြင်းရထားသည် အလွန်လျှင်မြန်စွာဖြင့် ရွေ့လျား နေလေသည်။ သို့သော် ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများဖြင့် ရှုမျှော်ခင်းများကို ရှင်းရှင်းလင်းလင်း တွေ့မြင် နေရလေသည်။

ရုတ်တရက်....

မြင်းလှည်းက ရပ်တန့် သွားလေသည်။

စစ်ချီနေသည့် စစ်သည်တော် ငါးသောင်းလည်း တစ်ပြိုင်တည်း ရပ်တန့် သွားလေသည်။ အဘယ်ကြောင့် ဆိုသော် ရှေ့ဆုံးမှ ချီတက် နေသူများ ရပ်တန့် သွားသောကြောင့် ဖြစ်လေ၏။

ဆန်းလျန်က မြင်းရထားအတွင်းမှ ထွက်ခွာလာခြင်း မရှိပါ။ သူက ကျားနက်ကြီးကို ရေဇလုံ တစ်ခု ယူဆောင်လာရန် အမိန့်ပေးလိုက်လေသည်။

ထို့နောက် ဆန်းလျန်က လက်တစ်ဖက် ဝှေ့ယမ်း လိုက်သည်နှင့် ရေဇလုံထဲတွင် စစ်တပ်၏ ရှေ့ဆုံးတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို မြင်တွေ့ လိုက်ရလေတော့သည်။

ကြည်လင်သည့်ရေထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာလေသည်။

တစ်ယောက်မှာ အနက်ရောင်နှင့် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် တာ့ရှားဧကရာဇ် ဖြစ်လေသည်။ တာ့ရှားဧကရာဇ်နှင့် မျက်နှာချင်းဆိုင် တွင်တော့ အဖြူရောင် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်ခန့် လူငယ်တစ်ယောက် မတ်တတ် ရပ်နေလေသည်။

ဆန်းလျန်သည် အဖြူရောင် ဝတ်စုံဝတ်ဆင် ထားသည့် လူပေါင်းများစွာနှင့် ဆုံတွေ့ခဲ့ ဖူးလေသည်။ ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ အားလုံးက သာမန်ပဲ ဖြစ်လေ၏။ သို့သော် ဤလူငယ်လေး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည်မှာ အခြားသူများနှင့် မတူဘဲ ကွဲပြား နေလေသည်။ ထိုလူငယ်လေး၏ အရည်အသွေးနှင့် တန်ခိုး စွမ်းအားများကြောင့် မဟုတ်ပါ။ ထိုသူသည် အဖြူရောင် ဝတ်ဆင်ရန် မွေးဖွား လာသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်လေသည်။

ဆီးနှင်းများသည် ထိုလူငယ်လေး၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေလေသည်။

သူသည် တာ့ရှားဧကရာဇ်ထံမှ ကြီးမားသည့် တန်ခိုးစွမ်းအားများကို ခံစားနေရသည့်တိုင် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိ ပေ။

ဆန်းလျန်သည် တိတ်ဆိတ် နေလေသည်။

အမှန်တော့ သူက မြင်းရထား အတွင်းမှ ထွက်သွားပြီး ထိုလူနှစ်ယောက်လုံးဖြင့် တွေ့ဆုံချင်နေ မိလေသည်။ သို့သော် အချိန်ကောင်း မဟုတ်သေးပေ။ သူသာ ထွက်သွားလျှင် အဖြူရောင်ဝတ် လူသည် ထွက်ခွာ သွားကောင်းထွက်ခွာ သွားနိုင်လေသည်။ ထိုသို့ဖြစ်ပါက ဧကရာဇ်နှင့် အဖြူရောင်ဝတ် လူ၏ တွေ့ဆုံ ဆွေးနွေးခြင်းကို ကြည့်ရှုခွင့်ရ တော့မည် မဟုတ်ပေ။

ဆန်းလျန်သည် သူ၏တန်ခိုး စွမ်းအားများကို တတ်နိုင်သမျှ ထိန်းသိမ်းထားပြီး ကြည်လင်သော ရေများမှ တစ်ဆင့် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။

အဖြူရောင်ဝတ်လူငယ်မှာ တခြားသူမဟုတ်ပါ။ အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီမျိုးနွယ်စုတို့၏ ခေါင်းဆောင်၊ အဖြူရောင် မင်းကြီး၏ သားတော် ယွမ်ယန်ပင် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်သည် အရှေ့တိုင်း စစ်သည်တော်များ၏ ပိုင်နက်အတွင်းမှ ယိုးရှီကို တိုက်ခိုက်ရန် စစ်ချီလာခြင်း ဖြစ်လေသည်။ ယွမ်ယန်သည် အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီ မျိုးနွယ်စုများကို ပေါင်းစည်း ပေးနိုင်သည့် လူတစ်ယောက် ဖြစ်လေသည်။ သူသည် တာ့ရှား ဧကရာဇ်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးမည့် လူငယ်တစ်ယောက် ဖြစ်လေသည်။

သို့သော်… တာ့ရှားဧကရာဇ် စစ်ချီလာသည့် လမ်းကြောင်းတွင် ယွမ်ယန် ထွက်ပေါ် လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

တစ်ချိန်က ကလေးငယ်ဖြစ်သူ ယွမ်ယန်ကို လူသတ်သမားများ စေလွှတ်ပြီး သတ်ဖြတ် ခိုင်းခဲ့စဉ်က တာ့ရှားဧကရာဇ် သည်ယွမ်ယန်ကို အထင်မကြီးခဲ့ပေ။ သို့သော် ယွမ်ယန်က တာ့ရှား ဧကရာဇ်ထံသို့ ဇာမဏီငှက်ကို စေလွှတ်ကာ စာပို့လိုက်သည့် အခါတွင်တော့ တာ့ရှားဧကရာဇ်သည် ယွမ်ယန်၏ သူရဲကောင်း စိတ်ဓာတ်ကို ခံစားခဲ့မိလေသည်။

ယနေ့ ယွမ်ယန်ကို တွေ့လိုက်ရသည့် အချိန်တွင်တော့ ထိုလူငယ်လေးသည် သူရဲကောင်း စိတ်ဓာတ် ရှိရုံသာမက သတ္တိလည်း အလွန်ကောင်းသည်ကို သိရှိခဲ့ရလေသည်။

မနီးမဝေး တစ်နေရာတွင် ကွမ်းလုန်ကျီသည် ကျောက်စိမ်း စာလိပ်တစ်လိပ်နှင့် စုတ်တံကို ကိုင်ကာ စာရေးနေလေ သည်။

"ဧကရာဇ်မင်းနှင့် ယွမ်ယန်သည် တောနက်ထဲတွင် တွေ့ဆုံကြသည်" ဟူ၍…။

နောက်ပိုင်းမျိုးဆက်များသည် ကွမ်းလုန်ကျီ၏ ရေးသားမှုမှ တစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ သမိုင်းကို သိရှိနိုင်ကြလိမ့် မည်ဖြစ်လေသည်။

ယွမ်ယန်နှင့် တာ့ရှားဧကရာဇ်ကြား အငြင်းပွားမှုသည် အရှေ့တိုင်း စစ်သည်တော်များနှင့် တာ့ရှားပြည်၏ နှစ်ထောင် ပေါင်းများစွာ ကြာအောင် ဖြစ်တည် နေခဲ့သည့် မကျေနပ်မှုများကို ပေါ်ထွက် လာစေလေသည်။ သို့သော် ထိုမကျေနပ်မှုများသည် မည်သည့် အရာများ ဖြစ်သည်ကို အတိအကျ မသိရသေးပါ။

ယွမ်ယန်သည် တာ့ရှား ဧကရာဇ်ထက် ငယ်ရွယ်သူ ဖြစ်လေသည်။

သူ၏ ကျင့်စဉ်လမ်းသည် နက်ရှိုင်းလေသည်။ ယခုလည်း သူက သူ့အတွက် အကျိုးအမြတ် မရှိသည့်တိုင် ငြိမ်းချမ်းရေး အတွက် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ယခု တိုက်ပွဲတွင် နိုင်သည့်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ယွမ်ယန်သည် ဂုဏ်သိက္ခာ ရှိသူတစ်ယောက် ဖြစ်လေသည်။ သို့သော် ရှုံးနိမ့်ခဲ့လျှင်တော့ ပေးဆပ်ရမည့် တန်ဖိုးက ကြီးမား လွန်းလေသည်။ သို့သော် ယွမ်ယန်သည် မည်သည့်အခါမှ နောင်တ ရလိမ့်မည် မဟုတ်ပါ။

တာ့ရှားဧကရာဇ်က စကား တစ်ခွန်းသာ ပြောလိုက်လေသည်။

"မင်းရောက်လာမှတော့ သေရမယ်…"

ယွမ်ယန်က တာ့ရှားဧကရာဇ်ကို စိုက်ကြည့်းပြီး နူးညံ့သည့် လေသံဖြင့် …

"သတ်နိုင်မလား ကြည့်ရတာပေါ့…"

တာ့ရှားဧကရာဇ်က မည်သည့်စကားမှ မပြောတော့ပါ။ သူက အစကတည်းက စကားများများ ပြောတတ်သူ တစ်ယောက် မဟုတ်ပေ။

သူက နှစ်ကိုယ်ကြား လေပြည်သွေးသည့် ပန်းစကားများထက် လက်သီးဖြင့် စကား ပြောချင်သူ ဖြစ်လေသည်။ ပြဿနာများကို လက်သီးဖြင့် ဖြေရှင်းခြင်းက ပိုပြီး ထိရောက်ကြောင်းကို တာ့ရှားဧကရာဇ် သဘောပေါက် ခဲ့သည်မှာ ကြာခဲ့ပြီ။

မိုးနှင့်မြေတွင် လက်သီးချက် တစ်ချက် ရုတ်တရပ် ထွက်ပေါ် လာသေလည်။ ထိုလက်သီးချက်သည် အလွန် ကြီးမားသည့် သံမဏိ လက်သီးချက်ကြီး ဖြစ်လေသည်။

တာ့ရှား စစ်သည်တော်များက နောက်သို့ ဆုတ်ပေး လိုက်ကြလေသည်။ လျှပ်တစ်ပြက် အတွင်းမှာပင် စစ်သည်တော်များသည် ပေငါးထောင်ကျော် နောက်သို့ ဆုတ်လိုက်ကြသည့်တိုင် လုံလောက်ခြင်း မရှိသေးပေ။

တာ့ရှား ဧကရာဇ် တကယ် တမ်းတိုက်ခိုက်ပြီဆိုလျှင် အဖျက်စွမ်းအား မြင့်မားလှသည့် အတွက် သူတို့သည် နောက်သို့ ဖြည်းဖြည်းချင်း ဆက်ဆုတ် နေကြရလေသည်။

ဆန်းလျန်သည် အဖြစ်အပျက်များ အားလုံးကို အေးဆေး တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။

တာ့ရှားဧကရာဇ်၏ လက်သီးချက်သည် မလိုအပ်သော အလှည့်အပြောင်းများ မပါဘဲ ရှင်းလင်းသော တန်ခိုးစွမ်းအား များသာ ပါရှိလေသည်။ သို့တိုင် ထိုလက်သီးချက်ကို ခုခံ ကာကွယ်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

မြေကြီးတုန်လှုပ်ပြီး ပေါက်ကွဲမှုကြီးများ ဖြစ်မလာခဲ့ပါ။

တာ့ရှားဧကရာဇ်၏ ခန္ဓာကိုယ်ကြီးသည် ပေတစ်ထောင်ခန့် မြင့်မား သွားလေသည်။

ပေတစ်သောင်း ဝန်းကျင်အထိ နောက်သို့ ဆုတ်သွားကြသည့် စစ်သည်တော်များသည် ပုန်းကြွင်းများကို တူးကာ ဝပ်နေကြလေသည်။ သူတို့သည် တာ့ရှား ဧကရာဇ်၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို အသိဆုံးဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ လက်သီးချက်သည် ယွမ်ယန်ကို ထိခိုက်ခြင်း မရှိပါ။ ကောင်းကင်ထက်တွင် မြစိမ်းရောင် ဇာမနီငှက် တစ်ကောင် ပေါ်လာပြီး ယွမ်ယန်ကို ခေါ်ဆောင် သွားလေသည်။ ယွမ်ယန်သည် ဇာမဏီငှက်၏ ကျောထက်တွင် မတ်တတ် ရပ်နေပြီး သူ၏ ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေလေသည်။

သူသည် တာ့ရှား ဧကရာဇ်ကို စိုက်ကြည့် နေလေသည်။

ယခုတိုက်ပွဲသည် အသူရာချောက်တွင် နှစ်ပေါင်းတစ်ရာ အတွင်း စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး တိုက်ပွဲတစ်ခု ဖြစ်လေတော့သည်။

***

All Chapters