အခန်း (၁၅၁)
Vol. 16 Ch. 151
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၅၁)
ချွီယန်မြို့။
ချင်စစ်တပ်က ပြင်းထန်စွာ ထိုးစစ်ဆင်နေသည်။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော လျန်ပိုက စစ်ဆင်ရေးများကို ညွှန်ကြားနေသည်။
" စစ်သေနာပတိချုပ် ချင်စစ်တပ်ရဲ့ ထိုးစစ်က အရမ်းပြင်းထန်နေပါတယ်။ ချွီယန်မြို့ထဲမှာရှိတဲ့ စစ်သည်အရေအတွက်က ငါးသောင်းအောက်ကို ကျသွားပါပြီ။ ကျွန်တော်တို့ နောက်ဆုံးလူအထိ တိုက်ခိုက်ရင်တောင် အလွန်ဆုံး နောက်ထပ်လဝက်လောက်ပဲ တောင့်ခံနိုင်ပါလိမ့်မယ်။ " လက်ထောက်စစ်သူကြီးက လျန်ပိုကို ပြောလိုက်သည်။
" အောက်ချွီယန်ကျဆုံးသွားပြီ။ စစ်တပ်ကလည်း ပြိုကွဲသွားပြီ။ ဒီလဝက်က ကျောက်နိုင်ငံအတွက် ငါယူပေးနိုင်တဲ့ နောက်ဆုံးအချိန်လို့ မှတ်ရမှာပဲ။ တကယ်လို့ အရှင်မင်းကြီးကသာ ငါ့ရဲ့ ရည်ရွယ်ချက်ကို နားလည်ရင် ယန်နိုင်ငံက တပ်တွေကို ပြန်ရုတ်သိမ်းမှာပဲ။ "
" ဒီစစ်သည်သုံးသိန်းသာ ပြန်ရောက်လာရင် ငါတို့ကျောက်နိုင်ငံက ပျက်စီးခြင်းဘေးကနေ ကယ်တင်ခံရလိမ့်မယ်။ " လျန်ပိုက ပြုံး၍ ပြောလိုက်သည်။
" တကယ်လို့ အရှင်မင်းကြီးက တပ်ဆုတ်ဖို့ အမိန့်မထုတ်ရင်ရော။ " လက်ထောက်စစ်သူကြီးက စိုးရိမ်တကြီး ပြောလိုက်သည်။
" အဲ့ဒါဆိုရင် ငါတို့ ကျောက်နိုင်ငံကတော့..." လျန်ပိုက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းနည်းသော အမူအရာများ ပေါ်လာသည်။ " ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ "
" စစ်သေနာပတိချုပ် ကျွန်တော်မျိုးထင်တာက ချွီယန်မှာ အသေခံခုခံနေဖို့ မလိုပါဘူး။ ကျွန်တော်တို့ တိုက်ရင်းဆုတ်တဲ့ ဗျူဟာကို သုံးလို့ရတာပဲ။ ဒါကလည်း ချင်စစ်တပ်ကို အချိန်ဆွဲနိုင်မှာပါ။ " လက်ထောက်စစ်သူကြီးက အကြံပေးလိုက်သည်။
လျန်ပိုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ " တကယ်လို့ အရှင်မင်းကြီးက တပ်ပြန်ဆုတ်ဖို့ အမိန့်ထုတ်ရင် ငါက ချွီယန်ကို ငါ့အသက်နဲ့လဲပြီး တတ်နိုင်သမျှ ကြာကြာခုခံပေးဖို့ အသင့်ပဲ။ တကယ်လို့ အရှင်မင်းကြီးက တပ်ပြန်မဆုတ်ဘူးဆိုရင်တော့ ငါတို့ မင်းရဲ့ ဗျူဟာအတိုင်း တိုက်ရင်းဆုတ်ကြတာပေါ့။ "
" ဒါပေမယ့် အရှင်မင်းကြီးက တပ်ပြန်ဆုတ်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ နိုင်ငံတော် အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ အရှင်မင်းကြီးက အရာရာကို ရှင်းရှင်းလင်းလင်း စဉ်းစားလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ " လျန်ပိုက ထိုအချက်နှင့် ပက်သက်၍ အတော်လေး ယုံကြည်မှုရှိနေသည်။
ဝေနိုင်ငံ၏ ပိုင်နက်အတွင်းမှ မြို့ငယ်လေးတစ်မြို့တွင် ကျောက်ဖုန်းက မြို့ရိုးပေါ်တွင် မတ်တပ်ရပ်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို တည်ငြိမ်စွာ ကြည့်နေသည်။
" စစ်သူကြီး ဒီမြို့ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပါပြီ။ ဒီမှာ တပ်စွဲထားတဲ့ ဝေစစ်သည်ငါးထောင်ကို ကျွန်တော်တို့ တပ်တွေက အနိုင်ယူခဲ့ပြီး သူတို့ထဲက နှစ်ထောင်ကျော်ကို ဖမ်းဆီးရမိထားပါတယ်။ " တုဆွေက ကျောက်ဖုန်းရှေ့သို့ လာပြီး အစီရင်ခံလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဒါက ဆယ်မြို့မြောက်ပဲ။ ဆက်ပြီးတိုက်ခိုက်ကြ။ "
" ကျွန်တော်တို့ စစ်တပ်ရဲ့ အခုသွားနေတဲ့ အရှိန်နဲ့ဆိုရင် နှစ်လအတွင်း ကျောက်နိုင်ငံကို လမ်းပွင့်သွားပါလိမ့်မယ်။ " တုဆွေက ပြုံး၍ ပြောလိုက်သည်။
" ဝေဝူကျိကို ငါတို့စစ်တပ်က ချေမှုန်းပြီးသားပဲ။ သူတို့က မြို့တော်ကို သွားတဲ့ တိုက်ရိုက်လမ်းကြောင်းပေါ်မှာ ရှိနေတယ်။ ကျောက်နိုင်ငံကို သွားတဲ့ ဒီလမ်းကြောင်းပေါ်မှာတော့ သူတို့ကာကွယ်ထားတဲ့ စစ်သည်နည်းနည်းပဲရှိတယ်။ သာမန်မြို့စောင့်တပ်တွေကလွဲရင် ဘာမှမရှိဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သူကြီး ဒီမြို့ကို စောင့်ကြပ်ဖို့ စစ်သည်ဘယ်လောက်ထားခဲ့ရမလဲ။ " တုဆွေက မေးလိုက်သည်။
" အရင်စည်းမျဉ်းအတိုင်းပဲ။ ဝေနိုင်ငံက အခွင့်အရေးမယူနိုင်အောင် နယ်စပ်မြို့တွေကို စစ်သည်တွေ ပိုထားခဲ့။ "
ကျောက်ဖုန်းအသုံးပြုနေသည်က မြို့စောင့်တပ်ဗျူဟာဖြစ်သည်။ သူက အလယ်ပိုင်းမြို့များကို ကာကွယ်ရန် စစ်သည်တစ်လောက် ထားခဲ့ပြီး ဝေစစ်တပ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြို့များကို စစ်သည်အင်အား ပိုတိုးပြီး ချထားခဲ့သည်။
" နားလည်ပါပြီ။ " တုဆွေက ရိုသေစွာ ပြောပြီး နောက်ဆုတ်သွားသည်။
" စစ်သူကြီး " ကျန်းမင်က ရှေ့တိုးလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ဝေနိုင်ငံနဲ့တိုက်တဲ့ ဒီတိုက်ပွဲရဲ့ ရလဒ်က တကယ်ကို မျှော်လင့်မထားတာပဲ။ "
" တိုက်ပွဲရလဒ်တွေကို စာရင်းလုပ်ပြီးပြီလား။ " ကျောက်ဖုန်းက မေလိုက်သည်။
" ဒီမှာ ကျဆုံးဒဏ်ရာရတဲ့ စစ်သည်စာရင်းပါ။ " ကျန်းမင်က အစီရင်ခံစာကို တင်ပြလိုက်သည်။
" ဖတ်ပြ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဝေမြို့ကို ကာကွယ်နေချိန်ကနေ အခုအချိန်ထိ ကျွန်တော်တို့ စစ်တပ်က ကျဆုံးဒဏ်ရာရသူ လေးသောင်းသုံးထောင်ကျော်ရှိပါတယ်။ အဲ့ဒီထဲမှာ နှစ်သောင်းရှစ်ထောင်ကျော်က တိုက်ပွဲမှာ ကျဆုံးခဲ့ပြီး တစ်သောင်းငါးထောင်ကျော်က ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာနည်းနည်းရတဲ့သူတွေကတော့ ရှေ့တန်းကို ပြန်ရောက်နေပါပြီ။ ဒဏ်ရာပြင်းထန်တဲ့သူတွေကတော့ ကုသရေးစခန်းမှာ ကုသမှုခံယူနေတုန်းပါပဲ။ " ကျန်းမင်က ပြောလိုက်သည်။
" ဝေစစ်တပ်ရဲ့ ဆုံးရှုံးမှုနဲ့ယှဉ်ရင် ဒီတစ်ခါ ငါတို့ရဲ့ အောင်ပွဲက တကယ်ကြီးမားတဲ့အောင်ပွဲပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မြို့ရိုးရှေ့က ဝေစစ်တပ်အလောင်းတွေကို ရေတွက်ကြည့်ရင် ရှစ်သောင်းကျော်ရှိပါတယ်။ ဒီတိုက်ပွဲက ဝေနိုင်ငံအတွက် တကယ် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ သေဆုံးဒဏ်ရာရမှုတွေတင်မဟုတ်ဘူး။ ရှန်းဝေမြို့က ရိက္ခာတွေအားလုံးကလည်း ကျွန်တော်တို့ လက်ထဲရောက်နေပါပြီ။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒီရိက္ခာတွေကို ဘယ်သူစောင့်ကြပ်နေလဲ။ ငါအရင်က ပေးထားတဲ့ အမိန့်တွေကိုရော လုပ်ပြီးပြီလား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။
" စစ်သူကြီး စိတ်ချပါ။ ကျွန်တော်တို့ စစ်သူကြီးညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပြီးပါပြီ။ လူတစ်သောင်းကို လဝက်စာ ထောက်ပံ့နိုင်တဲ့ ရိက္ခာတွေကို လေ့ကျင့်ရေးကွင်းဆီ လျို့ဝှက်ပို့ဆောင်ပြီးပါပြီ။ " ကျန်းမင်က အသံနိမ့်ပြီး ပြောလိုက်သည်။ " ဒါ့အပြင် ရှန်းဝေမြို့မှာ သိုလှောင်ထားတဲ့ ဝေစစ်တပ်ရဲ့ စစ်အသုံးစရိတ် ၂၀ ရာခိုင်နှုန်းကိုလည်း ရွှေ့ပြောင်းခိုင်းထားပါတယ်။ "
" ကောင်းတယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြောလိုက်သည်။
သူက သူ၏ အာဏာကို သုံးပြီး ကိုယ်ကျိုးအတွက် အခွင့်အရေးရယူရန် လက်လွှတ်ခံမည်မဟုတ်ပေ။ ထိုရိက္ခာများကို သူ၏ အင်အားစုအတွက် အသုံးပြုနိုင်သကဲ့သို့ ငွေကြေးများကိုလည်း ရန်ပုံငွေအဖြစ် ပြောင်းလဲနိုင်သည်။ ထိုကိစ္စများကို သူ၏ လူယုံများ ဆောင်ရွက်သောကြောင့် အခြားသူများ သိမည်မဟုတ်ပေ။
" စစ်သေနာပတိချုပ်ဆီက အမိန့်စာရောက်လာပါပြီ။ " ဝမ်ကျန့်၏ ကိုယ်ရံတော်တပ်မှူးက ရောက်ရှိလာသည်။
" စစ်သူကြီးကျောက်။ " ကိုယ်ရံတော်တပ်မှူးက ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။
" စစ်သေနာပတိချုပ်က ဘယ်လိုအရေးကြီးကိစ္စရှိလို့လဲ။ " ကျောက်ဖုန်းက ချက်ချင်း မေးလိုက်သည်။
" စစ်သေနာပတိချုပ်က ဝေစစ်တပ်အပေါ် စစ်သူကြီးကျောက်ရဲ့ အောင်ပွဲအကြောင်းကို သိပြီး စစ်သူကြီးကျောက်ကို ချီးကျူးနေပါတယ်။ ဒီတိုက်ပွဲကို တကယ်လှလှပပ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ " ကိုယ်ရံတော်တပ်မှူးက ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ဆီက ချီးကျူးမှုရတယ်ဆိုတော့ ဒီတိုက်ပွဲကို ငါ ကောင်းကောင်း တိုက်ခဲ့တဲ့ပုံပဲ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က ပြောပါတယ်။ ဒီတိုက်ပွဲက တစ်နေ့မှာ တစ်လောကလုံး သိသွားပြီး လူတိုင်းက စစ်သူကြီးကျောက် ဝေဝူကျိကို အနိုင်ယူခဲ့တဲ့အကြောင်း ပြောကြလိမ့်မယ်။ ဒီတိုက်ပွဲက အားနည်းသူက အားကြီးသူကို အနိုင်ယူတဲ့ တကယ်အောင်ပွဲပါပဲ။ " ကိုယ်ရံတော်တပ်မှူးက လေးစားစွာ ပြောလိုက်သည်။
" ချီးကျူးတာအပြင် စစ်သေနာပတိချုပ်ကြီးက အခြားဘယ်လိုညွှန်ကြားချက်တွေ ပေးလိုက်သေးလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဒါက စစ်သေနာပတိချုပ်က စစ်သူကြီးဆီ ပေးလိုက်တဲ့ သီးသန့်စာပါ။ ဒါကို ဖတ်ပြီးရင် စစ်သူကြီးက အရမ်းပျော်လိမ့်မယ်လို့ သူက ပြောပါတယ်။ " ကိုယ်ရံတော်တပ်မှူးက ဝတ်ရုံထဲမှ ပိုးထည်စကို ထုတ်ပြီး ကျောက်ဖုန်းကို ကမ်းပေးလိုက်သည်။
" စာဟုတ်လား။ " ကျောက်ဖုန်းက စာကို ယူဖတ်ပြီးနောက် ပြုံးလိုက်သည်။
" ယန်အာ ကလေးမွေးတော့မှာပဲ။ " ကျောက်ဖုန်းက ဝမ်းသာသွားသော်လည်း သူ၏ စိတ်ထဲတွင် ကူကယ်ရာမဲ့သော ခံစားချက်တစ်ခုပေါ်လာသည်။
" ငါက ဖခင်တစ်ယောက်ဖြစ်ပေမယ့် အခု ယန်အာ ကလေးမွေးခါနီးအချိန်မှာ ငါ သူမအနားမှာ မရှိနေပေးနိုင်ဘူး။ ပြီးတော့ ငါ သူမကို တရားဝင်လက်မထပ်ရသေးဘူး။ " ကျောက်ဖုန်းက စိတ်ပျက်သွားမိသည်။
" စစ်သူကြီး စစ်သေနာပတိချုပ်ကို ပြောချင်တာများရှိသေးလား။ " ကိုယ်ရံတော်တပ်မှူးက မေးလိုက်သည်။ " စာကို ဖတ်ပြီးရင် စစ်သေနာပတ်ချုပ်က စစ်သူကြီးမှာ တစ်ခုခုပြောစရာရှိလိမ့်မယ်လို့ ပြောထားပါတယ်။ "
" ဟုတ်တယ်။ ငါ့မှာ ပြောချင်တာရှိတယ်။ စစ်သေနာပတိချုပ်အတွက်မဟုတ်ဘူး။ သူကနေတစ်ဆင့် ရှန်းယန်ကို ပေပို့ဖို့ပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" စိတ်ချပါစစ်သူကြီး။ ကျွန်တော်သေချာလုပ်ပေးပါမယ်။ " ကိုယ်ရံတော်တပ်မှူးက ချက်ချင်း ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းက သူ၏ လက်ကို မြှောက်လိုက်သောအခါ ကျန်းမင်က စာမရေးရသေးသော ပိုးထည်စနှင့် စုတ်တံကို ယူပေးလိုက်သည်။ ခဏကြာသောအခါ ကျောက်ဖုန်းက စာရေးပြီးသွားပြီး စာကို ဝါးဘူးထဲထည့်ကာ တံဆိပ်ခတ်လိုက်သည်။
" ဒါကို ပို့ပေးဖို့အတွက် ဒုက္ခခံပေးပါဦး။ " ကျောက်ဖုန်းက ဝါးဘူးကို ကိုယ်ရံတော်တပ်မှုးဆီသို့ ပေးလိုက်သည်။
" စစ်သူကြီးကျောက်က အရမ်အားနာနေတာပဲ။ ဒါက ကျွန်တော်ရဲ့ တာဝန်ပါ။ " ကိုယ်ရံတော်တပ်မှူးက ချက်ချင်း ပြန်ပြောလိုက်သည်။
" အော် ဟုတ်သားပဲ။ " ကျောက်ဖုန်းက ကျန်းမင်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " ဒီညီအကိုကို စစ်သေနာပတိချုပ်အတွက် ငါတို့ရဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးအမြတ်တွေအကြောင်း အစီရင်ခံစာကို တစ်ခါတည်း ပေးလွှတ်လိုက်ပါ။ "
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ကြိုတင်ပြင်ဆင်ထားသော စစ်ရေးအစီရင်ခံစာကို ထုတ်ပြီး ကိုယ်ရံတော်တပ်မှူးကို ပေးလိုက်သည်။
" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ပြောလိုက်သည်။ " ဒါအပြင် စစ်သေနာပတိချုပ်က နောက်ထပ်တစ်ခု ပြောလိုက်ပါသေးတယ်။ တော်ဝင်သံတမန်က ရှန်းယန်ကနေ ထွက်လာပြီး စစ်သူကြီးရဲ့ ဆုလာဘ်တွေ ရက်အနည်းငယ်အတွင်း ရောက်လာပါလိမ့်မယ်။ "