အခန်း (၁၅၂)
Vol. 16 Ch. 152
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၅၂)
" ဒီတစ်ခါ ချင်မင်းကြီးက ငါ့ကို ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးပေးမှာပဲ။ ငါ့ရဲ့ ဘွဲ့ထူးရော မြင့်တက်လာမလား ငါသိချင်မိတယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
ကိုယ်ရံတော်တပ်မှူး ထွက်သွားပြီးနောက် ကျန်းမင်က လက်သီးလက်ဝါးဆုပ်ပြီး အရိုအသေပေးလိုက်သည်။
" အရှင် တော်ဝင်သံတမန်ရောက်လာရင် အရှင်က ပင်မစစ်သူကြီး ဖြစ်လာလိမ့်မယ်။ ချင်သမိုင်းမှာ အငယ်ဆုံး ပင်မစစ်သူကြီးပဲ။ အရှင်ကို ဘယ်သူက ကျော်လွန်နိုင်မှာလဲ။ "
ကျောက်ဖုန်းက ပြုံးလိုက်သည်။ " ငါရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ တိုက်စစ်ကို ဆက်လုပ်ကြ။ ကျောက်နိုင်ငံကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် တိုက်ရမယ်။ ငါတို့စစ်တပ်က ကျောက်နိုင်ငံကို ချေမှုန်းမယ့်တိုက်ပွဲမှာ ပါဝင်ရမယ်။ "
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ချက်ချင်း ပြန်ပြာလိုက်သည်။
ဝေနိုင်ငံ တလျန်မြို့တော်။
ညီလာခံခန်းမထဲတွင် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ဝေဝူကျိက ဒူးထောက်နေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ထင်ဟပ်နေသည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ ကွပ်ကဲမှုကျရှုံးခဲ့တဲ့အတွက် ဝေနိုင်ငံက စစ်သည်တစ်သိန်းကျော် ဆုံးရှုံးခဲ့ရပြီး နိုင်ငံအင်အားကို ထိခိုက်စေခဲ့ပါတယ်။ ကျွန်တော်မျိုးကို အပြစ်ပေးပါ။ " ပလ္လင်ပေါ်တွင် ထိုင်နေသော ဝေဘုရင်က ဒေါသထွက်နေသော်လည်း ဝေဝူကျိကို ထိုသို့သော အခြေအနေမျိုးနှင့် မြင့်တွေ့ရခြင်းကြောင့် သူ၏ ဒေါသက ကူကယ်ရာမဲ့မှုအဖြစ် ပြောင်းလဲသွားသည်။
ဝေနိုင်ငံတွင် စစ်တပ်ကို ဦးဆောင်နိုင်သော စစ်သေနာပတိချုပ် မရှိတော့ပေ။ အခြားရွေးချယ်စရာရှိခဲ့လျှင် ဝေဘုရင်က ဝေဝူကျိကို အပြစ်ပေးနိုင်လေသည်။ သို့သော် ယခုအချိန်တွင် သူက အားကိုးစရာလူမရှိတော့ပေ။
ဝေဝူကျိသာ မရှိလျှင် ချင်စစ်တပ်က ဝေနိုင်ငံကို လာတိုက်ချိန်တွင် ဝေစစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်နိုင်မည့် စစ်သေနာပတိချုပ်မရှိတော့ပေ။ ထိုသို့တွေးပြီးနောက် ဝေဘုရင်က ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထိလိုက်ပြီး ဝေဝူကျိဆီသို့သွားကာ ထူပေးလိုက်သည်။
" စစ်တိုက်တာမှာ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဆိုတာ ရှိစမြဲပဲ။ ဦးရီးတော် ဒါကို စိတ်ထဲအရမ်းမထားပါနဲ့။ " ဝေဘုရင်က နှစ်သိမ့်စကား ပြောလိုက်သည်။ " နောက်ဆုံးမှာ ဦးရီးတော်က ကံမကောင်းတာနဲ့ တပ်မှူးတွေရဲ့ ပါ့ဆမှုကြောင့် ရှုံးခဲ့တာပဲ။ တကယ်လို့ လူတိုင်းသာ ဦးရီးတော်ရဲ့ အမိန့်ကို နာခံခဲ့ရင် ဝေနိုင်ငံက ဘယ်လိုလုပ်ရှုံးနိမ့်နိုင်မှာလဲ။ " ကျောက်ဘုရင်နှင့်ယှဉ်လျှင် ဝေဘုရင်က ပို၍ ပါးနပ်သည်။
" အရှင်မင်းကြီး " ဝေဝူကျိ၏ မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်။ " ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက်စေခဲ့မိပြီ။ စသ်သည်နှစ်သိန်းမှာ ခုနှစ်သောင်းတောင် ပြန်မလာနိုင်ခဲ့ဘူး။ အရှင်မင်းကြီးပေးတဲ့ ရိက္ခာတစ်ဝက်ကျော်ကိုလည်း ချင်က သိမ်းပိုက်သွားပြီ။ ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ "
" ဦးရီးတော် အဲ့လိုမတွေးပါနဲ့။ " ဝေဘုရင်က အနည်းငယ် စိုးရိမ်သွားသည်။ " ပြီးခဲ့တာတွေက ပြီးပါပြီ။ ပြန်ပြင်လို့မရတော့ဘူး။ အခု ဦးရီးတော်စဉ်းစားရမှာက ချင်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပါပဲ။ ငါတို့က ဒီတစ်ခါ တိုက်ခိုက်ခဲ့တာဆိုတော့ အမာဂတ်မှာ ချင်နိုင်ငံက ငါတို့ကို တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်ရသွားပြီ။ ဒါကို ငါတို့သတိထားရလိမ့်မယ်။ "
" ဝေနိုင်ငံကို ကာကွယ်ဖို့ဆိုရင် ကျောက်နိုင်ငံက ကျဆုံးသွားလို့မရဘူး။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။ " ကျောက်နိုင်ငံက တည်ရှိသရွေ့ ချင်နိုင်ငံက ကျွန်တော်မျိုးတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ "
" ဦးရီးတော် ကျုပ် သတင်းတစ်ခုရထားတယ်။ လျန်ပိုတပ်စွဲထားတဲ့ မြို့နှစ်မြို့ကြားက ကာကွယ်ရေးစည်းကို ချင်စစ်တပ်က ထိုးဖောက်သွားပြီ။ ဒါတောင် ကျောက်ဘုရင်က ယန်က စစ်တပ်တွေကို တပ်ဆုတ်ဖို့ အမိန့်မပေးသေးဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ကျောက်နိုင်ငံက အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ "
" ကျောက်ဘုရင်က ယန်ကနေ တပ်မဆုတ်သေးဘူးလား။ " ဝေဝူကျိက အံ့အားသင့်သွားသည်။
" ကျောက်ဘုရင်က ခေါင်းမာလွန်းတယ်။ " ဝေဘုရင်က ခေါင်းခါပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး ကျောက်ဘုရင်ဆီကို စာတစ်စောင်ရေးပြီး သံတမန်လွှတ်လိုက်ပါ။ ယန်ကနေ ချက်ချင်း တပ်ဆုတ်ဖို့ တိုက်တွန်းပါ။ မဟုတ်ရင် ကျောက်နိုင်ငံ ပျက်စီးသွားလိမ့်မယ်။ " ဝေဝူကျိက ထိတ်လန့်စွာ ပြောလိုက်သည်။
ဝေဘုရင်က ခေါင်းညိမ့်ရန် ပြင်လိုက်ချိန်တွင် တံခါးပေါက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
" အစီရင်ခံစာ ရောက်လာပါတယ်။ " သံတမန်တစ်ယောက်က ခန်းမထဲသို့ ပြေးဝင်လာသည်။ " နယ်စပ်က အရေးပေါ်သတင်းပါ။ ရှန်းဝေမြို့ကနေ ချီတက်လာတဲ့ ချင်စစ်တပ်က ကျွန်တော်တို့ ဝေနိုင်ငံရဲ့ မြို့ပေါင်းဆယ်မြို့နီးပါးကို သိမ်းပိုက်ပြီးပါပြီ။ သူတို့က တိုက်စစ်ကို အပြင်းအထန် ဆက်တိုက်နေပါတယ်။ "
" ချင်စစ်တပ် " ဝေဘုရင်၏ အမူအရာက ပြောင်းလဲသွားသည်။
" သူတို့က ငါတို့ ဝေနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ရဲတယ်ပေါ့။ သူတို့က တကယ်ပဲ ငါတို့နဲ့ စစ်ဖြစ်ဖို့ ကြိုးစားနေတာလား။ နိုင်ငံနှစ်ခုကို တပြိုင််နက် တိုက်ခိုက်တာလား။ ချင်က ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ။ "
ဝေဝူကျိက ရှုံးနိမ့်ခဲ့သော်လည်း ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်ရန် အလုပ်ရှုပ်နေသောကြောင့် ဝေနိုင်ငံက လောလောဆယ် ဘေးကင်းလိမ့်မည်ဟု သူက ထင်နေခဲ့သည်။ ယခု အခြေအနေက သူမျှော်လင့်ထားသကဲ့သို့ မဖြစ်ခဲ့ပေ။
" ဦးရီးတော် " ဝေဘုရင်က ဝေဝူကျိကို လှည့်ကြည့်လိုက်သည်။
" အရှင်မင်းကြီး မထိတ်လန့်ပါနဲ့။ " ဝေဝူကျိက သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။ " ဝေနိုင်ငံရဲ့ မြေပုံကို ယူခဲ့စမ်း။ "
အစောင့်များက ဝေနိုင်ငံ၏ မြေပုံကို ချက်ချင်း ယူဆောင်လာကြသည်။
" ချင်စစ်တပ်က ဘယ်မြို့တွေကို သိမ်းပိုက်ခဲ့တာလဲဆိုတာ ပြစမ်း။ " ဝေဝူကျိက သံတမန်ကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " သံတမန်က မြေပုံဆီသို့ လျှောက်သွားပြီး တစ်မြို့ချင်းစီကို ထောက်ပြလိုက်သည်။
သံတမန်ထောက်ပြသော မြို့များကို ကြည့်ပြီး ဝေဝူကျိ၏ အမူအရာက ပို၍ လေးနက်သွားသည်။
" ချင်စစ်တပ်ရဲ့ ပစ်မှတ်က ဝေနိုင်ငံမဟုတ်ဘူး။ ကျောက်နိုင်ငံပဲ။ " ဝေဝူကျိက ကျောက်နိုင်ငံ၏ နယ်စပ်ကို ထောက်ပြရင်း ပြောလိုက်သည်။
" အဲ့ဒီချင်စစ်တပ်က ငါတို့ ဝေနိုင်ငံကို ဖြတ်ပြီး ကျောက်နိုင်ငံဆီ လမ်းဖောက်ဖို့ ရည်ရွယ်နေတာပေါ့။ " ဝေဘုရင်က ချက်ချင်း နားလည်သွားသည်။
" ဒီကျောက်ဖုန်းဆိုတဲ့လူက တကယ်ထူးခြားတဲ့လူပဲ။ " ဝေဝူကျိက လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။ ကျောက်ဖုန်းအပေါ် သူ၏ မျက်လုံးများထဲမှ စိုးရိမ်ထိတ်လန့်မှုက အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
" ဦးရီးတော် ကျုပ်တို့ ဝေနိုင်ငံက ဘာလုပ်သင့်လဲ။ ကျုပ်တို့ တကယ်ပဲ အဲ့ဒီချင်စစ်တပ်ကို တားဆီးနိုင်ပါ့မလား။ " ဝေဘုရင်က စိုးရိမ်တကြီး ပြောလိုက်သည်။ သူက စစ်ရေးကိစ္စများကို နားမလည်သောကြောင့် ဝေဝူကျိအပေါ်မှာပင် မျှော်လင့်ချက် ထားနိုင်လေသည်။
" ချင်စစ်တပ် ချီတက်လာတဲ့ အရှိန်ကို ကြည့်ရင် သူတို့က လူခုနှစ်သောင်းဝန်းကျင်ရှိလိမ့်မယ်။ " ဝေဝူကျိက ပြောလိုက်သည်။ " အဲ့ဒီမြို့တွေက တပ်ဖွဲ့တွေက သူတို့ကို တားဆီးနိုင်မှာမဟုတ်ဘူး။ ချင်စစ်တပ်ကို ရပ်တန့်ဖို့ဆိုရင် လင်းချန်းမြို့ကို စစ်ကူလွှတ်ရမယ်။ အဲ့ဒီမြို့က ကျောက်နိုင်ငံကို သွားတဲ့ လမ်းကြောင်းပေါ်က အကြီးဆုံးမြို့ဖြစ်ပြီး ခိုင်မာတဲ့ ကာကွယ်ရေးတွေရှိတယ်။ အဲ့ဒီမှာ ကျွန်တော်မျိုးတို့ စစ်သည်သောင်းချီရှိရင် ချင်စစ်တပ်ကို ခုခံနိုင်လိမ့်မယ်။ "
" ဦးရီးတော် အခုအချိန်မှာ ကျုပ်တို့ဝေနိုင်ငံက စုစည်းနိုင်တဲ့ စစ်သည်တွေနဲ့ ရိက္ခာအခြေအနေကို ဦးရီးတော် ကောင်းကောင်းသိပါတယ်။ " ဝေဘုရင်က ပြောလိုက်သည်။ " စီစဉ်မှုတွေနဲ့ ပက်သက်ရင် ဦးရီးတော်ကို ကျုပ်ရဲ့ အာဏာအပြည့်အဝ ပေးမယ်။ တကယ်လို့ ချင်စစ်တပ်က ကျောက်နိုင်ငံကို ရောက်သွားရင် ကပ်ဘေးဆိုက်လိမ့်မယ်။ "
အကယ်၍ ဝေနိုင်ငံက ချင်နိုင်ငံကို ခုခံရန် ကျောက်နိုင်ငံကို အားကိုးစရာမလိုလျှင် ဝေဘုရင်က ထိုမြို့များကို စွန့်လွှတ်ရန်ပင် စဉ်းစားနိုင်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုး နားလည်ပါတယ်။ " ဝေဝူကျိက ပြန်ပြောလိုက်သည်။ " ကျွန်တော်မျိုးတို့ အဲ့ဒီချင်စစ်တပ်ကို ကျောက်နိုင်ငံထဲ ဝင်ခွင့်ပေးလို့မရဘူး။ မဟုတ်ရင် ကျောက်နိုင်ငံက ရှေ့ရောနောက်ပါ တိုက်ခိုက်ခံရလိမ့်မယ်။ "
" ကျွန်တော်မျိုး အခုချက်ချင်း စစ်သည်ငါးသောင်းကို စုစည်းပြီး လင်းချန်းမှာ တပ်စွဲခိုင်းလိုက်ပါမယ်။ ခံစစ်အနေထားနဲ့ဆိုရင် ချင်စစ်တပ်ကို ရပ်တန့်ဖို့ လုံလောက်ပါလိမ့်မယ်။ "
" စစ်သည်ငါးသောင်းက လုံလောက်ပါ့မလား။ " ဝေဘုရင်က စိုးရိမ်စွာ မေးလိုက်သည်။
" ကျွန်တော်မျိုးတို့ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်ခဲ့တာပဲ။ ငါးသောင်းဆိုတာ အများဆုံး စုစည်းနိုင်တဲ့ ပမာဏပဲ။ အဲ့ဒီထက်ပိုရင် ဝေနိုင်ငံက နိုင်ငံကို ကာကွယ်ပေးထားတဲ့ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရလိမ့်မယ်။ " ဝေဝူကျိက သက်ပြင်းချပြီး ပြောလိုက်သည်။
" ဒါဆို ဦးရီးတော်ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့။ " ဝေဘုရင်က ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒိချင်စစ်တပ်ကို ကျောက်နိုင်ငံထဲ လုံးဝပေးဝင်လို့မရဘူး။ ပြီးတော့ အရေးကြီးဆုံးက ကျောက်နိုင်ငံအနေနဲ့ ယန်နိုင်ငံက သူတို့ရဲ့ စစ်တပ်တွေကို ပြန်ရုတ်သိမ်းပြီး ပြန်လာဖို့ပဲ။ ကျောက်နိုင်ငံရဲ့ စစ်သည်သုံးသိန်းသာ ပြန်လာရင် ကျွန်တော်မျိုးတို့က ချင်နိုင်ငံကို ကြောက်စရာမလိုတော့ဘူး။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ ကျောက်ဘုရင်ကိုလည်း ဒီအခြေအနေကို အသိပေးရမယ်။ သူက ဒီကိစ္စရဲ့ အရေးပါမှုကို နားလည်မှာပါ။ "
" စစ်သူကြီး " တုဆွေက ချက်ချင်း အစီရင်ခံလိုက်သည်။ " အခြေအနေက ပြောင်းလဲသွားပါပြီ။ ဒီမြို့မှာ တပ်စွဲထားတဲ့ ဝေစစ်သည်အရေအတွက်က တစ်ထောင်တောင် မပြည့်တော့ပါဘူး။ စစ်ဆေးကြည့်တော့ ဒီမြို့မှာ ခရိုင်စစ်သည်လေးထောင်ကျော် ရှိခဲ့ပေမယ့် စစ်မိန့်အရ လင်းချန်းမြို့မှာ ပြန်လည်နေရာချထားတယ်လို့ သိရပါတယ်။ "
" အင်း ဒါကသိသာပါတယ်။ " ကျောက်ဖုန်းက အံ့ဩခြင်းမရှိဘဲ ပြုံး၍ ပြောလိုက်သည်။ " ဝေဝူကျိက ငါ့ရဲ့ ရည်ရွယ်ချက်ကိုရိပ်မိသွားပြီ။ "
" ဒါဆို ဝေဝူကျိက ကျွန်တော်တို့ကို လင်းချန်းမြို့မှာ တားဆီးဖို့ စီစဉ်ထားတာပေါ့။ " တုဆွေက နားလည်သွားသည်။
" လင်းချန်းက ဝေနိုင်ငံနဲ့ ကျောက်နိုင်ငံက အကြီးဆုံးမြို့ဖြစ်ပြီး မြင့်မားတဲ့မြို့ရိုးတွေနဲ့ ခိုင်မာတဲ့ ခံစစ်တွေရှိတယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။