အခန်း (၁၅၅)
Vol. 16 Ch. 155
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၅၅)
" စစ်သူကြီးကျောက်က စစ်သည်ခြောက်သောင်းတည်းနဲ့ ဝေနိုင်ငံကနေ ကျောက်နိုင်ငံအထိ လမ်းဖောက်ဖို့ ရည်ရွယ်နေတာတော့ မဟုတ်ပါဘူးနော်။ အဲ့ဒါက မဖြစ်နိုင်သလောက်ပဲ။ "
" ကျွန်တော်တို့က သူ့ရဲ့ ရည်ရွယ်ချက်ကို မြင်နိုင်ရင် ဝေဝူကျိကလည်း မြင်နိုင်လိမ့်မယ်။ ဝေဝူကျိက မြို့တစ်မြို့တည်းကို ကာကွယ်ဖို့ စစ်သည်သောင်းချီကို ချထားလိုက်ရုံနဲ့ စစ်သူကြီးကျောက်က ရပ်တန့်သွားမှာပဲ။ " ယန်တွမ်ဟီက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
" တကယ်လို့ ကျောက်ဖုန်းက ထိုးဖောက်နိုင်ခဲ့ရင် ကျောက်နိုင်ငံအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လိမ့်မယ်။ တကယ်လို့ မထိုးဖောက်နိုင်ရင်တောင် သူက ဝေနိုင်ငံကို ထိန်းချုပ်ထားပြီး ကျောက်နိုင်ငံကို စစ်ကူတွေ မပို့အောင် တားဆီးထားနိုင်လိမ့်မယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် ဒါက ချင်နိုင်ငံအတွက် အကျိုးရှိတယ်။ "
" ဒါပေမယ့်..." ယန်တွမ်ဟီက ဇဝေဇဝါဖြစ်နေသည်။
" အရှင်မင်းကြီးက ကျောက်ဖုန်းကို ဝေမြို့ရဲ့ စစ်ရေးကိစ္စတွေမှာ အာဏာအပြည့်အဝ ပေးထားတာပဲယာ သူက ဒီလိုသတ္တိရှိနေမှတော့ သူဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဝေစစ်တပ်က ရှုံးနိမ့်သွားတာဆိုတော့ နောက်တစ်ကြိမ် ကျူးကျော်လာမှာမဟုတ်ဘူး။ " ဝမ်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ယန်တွမ်ဟီက ခေါင်းညိမ့်လိုက်သည်။
" လျန်ပိုက ထွက်ပြေးသွားပြီ။ ငါတို့က လိုက်လံတိုက်ခိုက်တာကို ရပ်လို့မရဘူး။ ဝမ်ပင်းကို ဆက်ပြီး လိုက်ခိုင်းလိုက်။ ငါတို့အသာစီးရထားတာကို အသုံးချရမယ်။ "
ရှန်းယန်မြို့တော်၊ စစ်သေနာပတိချုပ်၏ အိမ်တော်တွင်....
" အား.... အား...." ဝမ်ယန်၏ နာကျင်စွာ အော်ဟစ်သံများက အခန်းထဲမှ ထွက်ပေါ်နေပြီး အစေခံများက စိုးရိမ်တကြီးဖြင့် အခန်းထဲကို ဝင်ထွက်လုပ်နေကြသည်။ ဝမ်ကတော်ကလည်း အခန်း၏ အပြင်ဘက်တွင် စိုးရိမ်သော အမူအရာနှင့် ရှိနေသည်။
" ဖွားဖွား..." ဝမ်လီက မျက်နှာငယ်လေးနှင့် ပြောလိုက်သည်။ " ဒေါ်ဒေါ်က ဘာဖြစ်နေတာလဲ။ "
" သားရဲ့ ဒေါ်ဒေါ်က သားအတွက် ညီလေး ဒါမှမဟုတ် ညီမလေး မွေးပေးနေတာပဲ။ " ဝမ်ကတော်က စိုးရိတ်စိတ်နှင့် ပြန်ဖြေလိုက်သည်။
" ညီလေး ဒါမှမဟုတ် ညီမလေးမွေးတာက ဘာလို့ဒီလောက်နာကျင်နေရတာလဲ။ ဒေါ်ဒေါ်က အရမ်းနာနေတာလား။ " ဝမ်လီက စိုးရိမ်စွာ ပြောလိုက်သည်။
" ဟုတ်တယ်။ " ဝမ်ကတော်က ခေါင်းညိမ့်လိုက်သည်။
ထိုအချိန်တွင် ဝမ်လီက တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ၏ အဖွားကို ကြည့်ကာ မေးလိုက်သည်။
" သားအမေ ဒီမှာမရှိတာက သားကို မွေးရင်းနဲ့ သေသွားလို့လား။ "
သူပြောလိုက်သော စကားကြောင့် ဝမ်ကတော်က ဝမ်လီကို ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်သွားသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်သည်။
" လီအာ သားအဲ့လိုတွေ မတွေးရဘူး။ " သူမက ဝမ်လီကို ပွေ့ချီလိုက်သည်။
အခန်းထဲမှ အခြေအနေကတော့ အချိန်အတော်ကြာအောင် ဆက်ဖြစ်နေသည်။
" အူဝဲ...အူဝဲ..." ကလေးငိုသံက ထွက်ပေါ်လာသည်။
" ဂုဏ်ပြုပါတယ် သခင်မကြီး။ " အစေခံမလေးက အပြင်ကို အပြေးအလွှား ထွက်လာပြီး ပြောလိုက်သည်။ " သခင်မလေးက သခင်လေးတစ်ယောက်ကို မွေးလိုက်ပါပြီ။ "
" မွေးနိုင်ခဲ့ရင်ပဲ တော်ပါပြီ။ တော်ပါပြီ။ " ဝမ်ကတော်က အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။ " ယန်အာ အဆင်ပြေရဲ့လား။ "
" သခင်မလေးရဲ့ ဗိုက်ထဲမှာ နောက်တစ်ယောက် ကျန်ပါသေးတယ်။ " ဝမ်းဆွလက်သည်က အခန်းထဲမှ အော်ပြောလိုက်သည်။ " သခင်မလေးမှာ အမြွှာလေး ရှိနေတာပဲ။ "
၎င်းကို ကြားသောအခါ ဝမ်ကတော်က မျက်နှာပျက်သွားသည်။ ဤခေတ်ကာလတွင် ကလေးမွေးဖွားခြင်းက အသက်နှင့်ရင်းရသော ကိစ္စဖြစ်ပြီး အမြွှာဆိုလျှင် ပိုပြီး အန္တရာယ်များလေသည်။
" ကောင်းကင်ဘုံက ယန်အာကို စောင့်ရှောက်ပါစေ။ " ဝမ်ကတော်က စိုးရိမ်စိတ်များနှင့် ဆုတောင်းနေသည်။
သူမက မြေးလေးများကို လိုချင်သော်လည်း သူမ၏ သမီးဖြစ်သူအတွက် ပိုပြီးစိုးရိမ်နေမိသည်။ သို့သော် ပထမကလေးမွေးပြီးသွားပြီဖြစ်သောကြောင့် ဒုတိယကလေးက အနည်းငယ် ပိုလွယ်ကူသွားပြီဖြစ်သည်။
ဝမ်ယန်၏ အားနည်းသော အော်ဟစ်သံများကြားတွင် နောက်ထပ်ကလေးငိုသံတစ်ခု ထွက်ပေါ်လာသည်။
" ဂုဏ်ပြုပါတယ် သခင်မကြီး " နောက်ထပ် အစေခံတစ်ယောက်က အပြေးထွက်လာပြီး အစီရင်ခံလိုက်သည်။ " သခင်မလေးက သခင်မလေးတစ်ယောက် မွေးလ်ိုက်ပါပြီ။ နဂါးနဲ့ဖီးနစ် အမြွှာမောင်နှမလေးတွေပါ။ "
" လီအာကို ကြည့်ထားစမ်း။ " ဝမ်ကတော်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူမက အခန်းထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
အခန်းထဲတွင် သွေးနံ့များ ထွက်ပေါ်နေပြီး အမြွှာမောင်နှမနှစ်ယောက်က အော်ဟစ်ငိုယိုနေကြသည်။ ဝမ်ကတော်က ကလေးများကို တစ်ချက်ကြည့်ပြီး ကုတင်ဆီသို့သွားကာ ဝမ်ယန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
" ယန်အာ သမီးအဆင်ပြေရဲ့လား။ " ဝမ်ကတော်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" သမီး အဆင်ပြေပါတယ်။ " ဝမ်ယန်က အားနည်းစွာဖြင့် လှည့်လာပြီး တိုးညှင်းစွာ ပြောလိုက်သည်။
" သမီးအဆင်ပြေတာ ကောင်းတယ်။ " ဝမ်ကတော်က မျက်ရည်များနှင့် ပြောလိုက်သည်။ " ယန်အာ ဒီတစ်ခါ သမီး ကျော်ဖြတ်နိုင်သွားပြီ။ "
" ကလေးတွေ သူတို့ ဘယ်လိုနေလဲ။ " ဝမ်ယန်က အားနည်းစွာဖြင့် ပြောလိုက်သည်။
" ယန်အာ ကောင်းကင်ဘုံက သမီးကို စောင့်ရှောက်နေတာပါ။ " ဝမ်ကတော်က မျက်ရည်များကို သုတ်ပြီး ဝမ်းသာအားရပြောလိုက်သည်။
" သမီးမှာ သားတစ်ယောက် သမီးတစ်ယောက် အမြွှာမောင်နှမလေးတွေ ရသွားပြီ။ "
" အဲ့ဒါ အဲ့ဒါက တကယ်ဝမ်းသာစရာပဲ။ " ဝမ်ယန်က ပြုံးလိုက်ပြီး သူမ၏ အားနည်းသော ခန္ဓာကိုယ်ထဲသို့ ခွန်အားများ တိုးဝင်လာသလို ခံစားလိုက်ရသည်။
" ဘာမှထပ်မပြောနဲ့ဦး။ အခု သမီးလုပ်ရမှာက ကောင်းကောင်းအနားယူဖို့ပဲ။ " ဝမ်ကတော်က ပြောလိုက်သည်။ " ကလေးနှစ်ယောက်အတွက် သူတို့ကို သေချာဂရုစိုက်ပေးဖို့ နို့ထိန်းသည်တွေကို အမေရှာထားပြီးပြီ။ "
ထို့နောက် သူမက အစေခံများကို ညွှန်ကြားလိုက်သည်။ " သခင်လေးနဲ့ သခင်မလေးကို နို့တိုက်ဖို့ ခေါ်သွားကြ။ "
" ဟုတ်ကဲ့။ " အစေခံများက ပြန်ပြောလိုက်ကြသည်။
" ဒီနေ့ သခင်မလေးက အမြွှာလေးတွေ မွေးလိုက်တယ်။ ဒါက ငါတို့ အိမ်တော်အတွက် ဝမ်းသာစရာကိစ္စပဲ။ " ဝမ်ကတော်က အပြင်မှ လူများကို အော်ပြောလိုက်သည်။ " အိမ်တော်ထိန်း လူတိုင်းကိုညဆုချီးမြှင့်လိုက်စမ်း။ "
" ဟုတ်ကဲ့ပါ သခင်မကြီး " အိတ်တော်ထိန်းက ပြန်ဖြေလိုက်သည်။
" ပြီးတော့ သခင်ကြီးဆီကို စာ ချက်ချင်း ပို့လိုက်ဦး။ ယန်အာက အမြွှာမောင်နှမလေးတွေ မွေးဖွားပြီဆိုတာ ပြောပြလိုက်။ " ဝမ်ကတော်က ပျော်ရွှင်စွာ ပြောလိုက်သည်။
အိမ်တော်ထိန်းက ချက်ချင်း ဆောင်ရွက်တော့သည်။
ကျန်းထိုင်နန်းဆောင်အတွင်း။
" စစ်သေနာပတိချုပ်ရဲ့ အိမ်တော်ဆီက အခုလေးတင် သတင်းရရှိပါတယ်။ စစ်သေနာပတိချုပ်ရဲ့ သတီးက အမြွှာမောင်နှမ မွေးလိုက်ပါပြီ။ " ဟေးပင်ထိုင်မှ အမှောင်စစ်သည်တစ်ယောက်က နန်းတော်ထဲတွင် ဒူးထောက်ပြီး ပြောလိုက်သည်။
" အမြွှာလား။ " ရင်ကျန့်က အံ့အားသင့်သွားပြီး သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
ဤခေတ်ကာလတွင် သာမန်လူတန်းစားမိသားစုများအတွက် အမြွှာဆိုသည်မှာ ကောင်းချီးတစ်ခု ဖြစ်နိုင်သည်။ သို့သော် မှူးမတ်မိသားစုများအတွက် တရားဝင်အမွေဆက်ခံသူနှစ်ယောက်ရှိနေခြင်းက မိသားစု၏ အနာဂတ် အမွေဆက်ခံမှုအပေါ် သက်ရောက်မှုရှိစေနိုင်သည်။
ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် မှူးမတ်များနှင့် တော်ဝင်မိသားစုများက အမြွှာမွေးလျှင် ညီအကိုမောင်နှမချင်း ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို တားဆီးရန် တစ်ယောက်ကို တစ်နည်းနည်းဖြင့် ဖြေရှင်းပစ်လေ့ရှိသည်။
" အမြွှာမောင်နှမလေးတွေပါ။ " အမှောင်စစ်သည်က ချက်ချင်း ထပ်ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်၏ အမူအရာက အနည်းငယ် ပြေလျော့သွားသည်။ " ကျောက်ဖုန်းက တကယ်ကံကောင်းတာပဲ။ ဝမ်ယန်က သူ့အတွက် အမြွှာမောင်နှမလေးတွေ မွေးပေးခဲ့ပြီ။ "
" ကောင်းပြီ မင်းသွားနိုင်ပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။
" ဟုတ်ကဲ့။ " အမှောင်စစ်သည်က ချက်ချင်း ထွက်ခွာသွားသည်။
" အမွေဆက်ခံသူတွေ မွေးဖွားလာတာ ချင်နိုင်ငံအတွက် ကောင်းတဲ့အရာပဲ။ " ရင်ကျန့်က ရေရွတ်လိုက်သည်။ ကြီးသူနဲ့ ငယ်သူတွေရှိနေတော့ သူတို့ကို ထိန်းချုပ်ရတာ ပိုလွယ်သွားတာပေါ့။ "
ရင်ကျန့်အတွက်ဖြစ်စေ အခြားဘုရင်များအတွက် ဖြစ်စေ သံယောဇဉ် သို့မဟုတ် တွယ်တာစရာမရှိသော လူတစ်ယောက်က အန္တရာယ်ရှိသည်။ အကယ်၍ သူက ရွှေငွေများကိုလည်း မမက်မောဘဲ ချစ်ခင်ရသူများလည်း မရှိလျှင် ထိုလူကို ထိန်းချုပ်ရန် ဖြစ်နိုင်သကဲ့သို့ အချိန်မရွေး ပုန်ကန်နိုင်သည်။
ထိုသို့သောလူကို ကြီးမားသော အာဏာများ ဘယ်တော့မှ ယုံကြည်စ်ာ အပ်နှင်းမည်မဟုတ်ပေ။ မည်သည့်နိုင်ငံတွင်ဖြစ်စေ စစ်ချီနေသော စစ်သူကြီးများက မြို့တော်တွင် မိသားစုက ရှိနေပြီး ၎င်းက ပလ္လင်အတွက် ထိန်းချုပ်မှုတစ်မျိုးဖြစ်သည်။
" လာခဲ့စမ်း။ " ရင်ကျန့်က အော်ခေါ်လိုက်သည်။
ကျောက်ကောင်းက ချက်ချင်း ဝင်လာပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ " အရှင်မင်းကြီး အမိန့်ရှိပါ။ "
" ဘဏ္ဍာတိုက်ကနေ အားဆေးအချို့ယူပြီး လက်ဆောင်အဖြစ် ဝမ်မိသားစုကို ပို့ပေးလိုက်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ပြောပြီး ထွက်ခွာသွားသည်။
" ကျွန်တော်မျိုး ယွီလျောင် အရှင်မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်။ " ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
" ဝင်ခဲ့။ "
ယွီလျောင်က ခန်းမထဲသို့ ဝင်လာပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ " အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
" မင်းက အကြောင်းမရှိဘဲ မလာပါဘူး။ ဘာကိစ္စရှိလို့လဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးက တကယ်ကို ပညာရှိတာပဲ။ " ယွီလျောင်က ရယ်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီး ကျွန်တော်မျိုး သတင်းကောင်းတစ်ခု ယူလာပေးတာပါ။ "
" သတင်းကောင်းဆိုရင် ငါ့ကို မစောင့်ခိုင်းနဲ့။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ဒီသတင်းကောင်းကို အပြည့်အဝ နားလည်ဖို့ဆိုရင် အရှင်မင်းကြီးအနေနဲ့ နောက်ခန်းက မြေပုံဆီကို သွားဖို့ လိုပါလိမ့်မယ်။ " ယွီလျောင်က ပြုံးပြီး ပြောလိုက်သည်။
" မင်းကတော့...." ရင်ကျန့်က ခေါင်းခါလိုက်သော်လည်း ဖြည်းညင်းစွာထကာ နောက်အခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူတို့နှစ်ယောက်က နောက်အခန်းမှ မြေပုံရှေ့သို့ ရောက်သွားကြသည်။
" ပြောပါ။ " ရင်ကျန့်က လက်နောက်ပစ်၍ ပြုံးပြီး ပြောလိုက်သည်။