အခန်း (၁၅၉)
Vol. 16 Ch. 159
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၅၉)
လင်းချန်းမြို့၏ အပြင်ဘက်တွင် ချင်စစ်သည်ခြောက်သောင်းက စုရုံးရောက်ရှိနေကြသည်။
ကျောက်ဖုန်းက တပ်ဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေပြီး သူက မြင်းပေါ်တွင်မဟုတ်ဘဲ စစ်ရထားပေါ်တွင် ရှိနေသည်။ လက်တစ်ဖက်တွင် ဒိုင်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် လုံချွမ်ဓားကို ကိုင်ထားသည်။
" ချင်စစ်သည်တို့..." ကျောက်ဖုန်းက သူ၏ ဓားကို မြှောက်ပြီး ဟိန်းဟောက်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့..." စစ်သည်ခြောက်သောင်းကလည်း သူတို့၏ လက်နက်များကို မြှောက်ပြီး တစ်ညီတစ်ညွှတ်တည်း အော်လိုက်ကြသည်။
ကျောက်ဖုန်းကိုယ်တိုင် ဦးဆောင်ပြီး ကံကြမ္မာအရာရှိတံဆိပ်၏ စွမ်းအားများကြောင့် ချင်စစ်သည်များ၏ စိတ်ဓာတ်က အမြင့်ဆုံးထိ ရောက်နေကြသည်။ သူတို့က အင်အား ခြောက်သောင်းသာ ရှိသော်လည်း အင်အားသိန်းချီနှင့် ညီမျှသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
" ကျောက်လုံးပစ်စက်တွေ လေးသည်တော်တွေ..." ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ စစ်ရထား၏ ဘယ်ညာတွင် ရှိသော သတင်းပို့စစ်သည်များက ချက်ချင်း ထွက်ခွာသွားကြသည်။
" စစ်သူကြီးက အမိန့်ပေးလိုက်ပြီ။ ကျောက်လုံးပစ်စက်တွေနဲ့ လေးသည်တော်တွေ နေရာယူကြ။ " သူတို့က အော်ဟစ်လိုက်ကြသည်။
ကျောက်ဖုန်း၏ လက်အောက်တွင် ကျောက်လုံးပစ်စက် နှစ်ဆယ်သာရှိသော်လည်း ခြိမ်းခြောက်ရန်အတွက် လုံလောက်ပေသည်။ သူတို့၏ နောက်တွင် လေးသည်တော်နှစ်သောင်းက ပုံမှန်ချီတက်လာကြသည်။
လင်းချန်းမြို့ရိုးထက်တွင် ထိုမြင်ကွင်းကို ကြည့်နေကြသော ဝေစစ်သည်မှ စစ်သည်များက ထိတ်လန့်သွားကြသည်။
" စစ်သူကြီးကုန်းစွန်း " ဝေတပ်မှူးတစ်ယောက်က ပြောလိုက်သည်။ " သူတို့ရဲ့ တပ်ဖြန့်ပုံကို ကြည့်ရရင် ချင်စစ်တပ်က ရှေ့တန်းကနေ တိုက်ရိုက်တိုက်ခိုက်ဖို့ ပြင်နေတာလား။ "
" သူတို့မလုပ်ရဲပါဘူး။ " ကုန်းစွန်းရှင်းက အေးစက်စွာ ပြောလိုက်သည်။ " လင်းချန်းမြို့မှာ တပ်စွဲထားတဲ့ စစ်သည်ခုနှစ်သောင်းကျော်ရှိတယ်။ ချင်စစ်တပ်က ဘယ်လောက်ပဲသတ္တိရှိရှိ သူတို့အရေအတွက်က မလုံလောက်ဘူး။ ငါတို့က မြို့ရိုးကနေ ခုခံတာပဲ။ ရှေ့တန်းက တိုက်ရိုက်တိုက်ခိုက်တာက သူတို့ကိုသူတို့ သတ်သေတာပဲ။ "
" ဒါပေမယ့် သူတို့ကို ဦးဆောင်နေတဲ့သူက ကျောက်ဖုန်းပဲ။ အရှင်ရှင်းလင်းတောင် သူ့လက်ချက်နဲ့ ရှုံးနိမ့်ခဲ့တယ်။ " ဝေတပ်မှူးတစ်ယောက်က ထိတ်လန့်စွာ ပြောလိုက်သည်။
ဝေမြို့တွင် ဝေဝူကျိ ရှုံးနိမ့်ခဲ့သော သတင်းက ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သည်။ ထို့အတူ ကျောက်ဖုန်း၏ နာမည်ကလည်း ကျော်ကြားလာခဲ့သည်။ ဝေနိုင်ငံအတွက် ဝေဝူကျိက စစ်နတ်ဘုရားပင်ဖြစ်သည်။ ဝေပြည်သူများအတွက် ဝေဝူကျိက ဝေနိုင်ငံကို ကာကွယ်ပေးနေသော အဓိကထောက်တိုင်ကြီး ဖြစ်သည်။
ဝေနိုင်ငံက သတင်းကို ဖုံးဖိရန် ကြိုးစားခဲသော်လည်း ဟေးပင်းထိုင်က သတင်းကို ဖြန့်ခဲ့သည်။ ဝေပြည်သူများက ထိုသတင်းကို ကြားသောအခါ မယုံကြည်နိုင်ဖြစ်သွားပြီးနောက် စိတ်ပျက်အားငယ်သွားကြသည်။ သူတို့၏ စစ်နတ်ဘုရားက လူငယ်စစ်သူကြီးတစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်။
" ကျောက်ဖုန်းဆိုတာ ကံကောင်းလို့ ဒီနေရာရောက်လာတဲ့လူပဲ။ အဲ့ဒီထက်မပိုဘူး။ " ကုန်းစွန်းရှင်းက အထင်သေးစွာ ပြောလိုက်သည်။ " တကယ်လို့ သူက တိုက်ခိုက်ရဲတယ်ဆိုရင် လင်းချန်းမြို့က သူ့ရဲ့ သင်္ချိုင်း ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ အရှင် ငါ့ရဲ့ အဖေအတွက် ဒီအရှက်ရမှုကို ဆေးကြောပစ်မယ်။ "
သူက အဝေးမှ ချင်စစ်တပ်ကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ သူက ကျောက်ဖုန်း၏ လက်ချက်နှင့် သေဆုံးသွားသော ကုန်းစွန်းရှီ၏ သားဖြစ်သည်။
လင်းချန်းမြို့ကို ကာကွယ်ရမည့် အရေးကြီးသော တာဝန်အတွက် ဝေဝူကျိက ကုန်းစွန်းမိသားစုကို ရွေးချယ်ခဲ့သည်။ ဝေဝူကျိက ကုန်းစွန်းရှီမှာ ကျောက်ဖုန်း၏ လက်ချက်နှင့် သေဆုံးခဲ့ရသောကြောင့် ထိုသွေးကြွေးက ဖျောက်ဖျက်၍ မရသည်ကို သိထားသည်။ ကုန်းစွန်းရှင်းက ဖခင်ကို သတ်သောလူထံတွင် အညံ့ခံမည်မဟုတ်ဘဲ မြို့ကို အသေခံကာကွယ်မည်မှာ သေချာသည်။
" သတ်ကြ..." ကျောက်ဖုန်းက သူ၏ ဓားကို မြှောက်ပြီး အမိန့်ပေးလိုက်သည်။
ကျောက်လုံးပစ်စက်နှစ်ဆယ်က ကြီးမားသော ကျောက်တုံးကြီးများကို ပသ်လွှတ်လိုက်သည်။ ဤခေတ်၏ ကြောက်စရာကောင်းသော လက်နက်များ ဖြစ်သည်နှင့်အညီ သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းက မြင့်မားလှသည်။
ကျရောက်လာသော ကျောက်တုံးကြီးများက ဝေစစ်သည်အများအပြားကို ကြိတ်ခြေသွားပြီး မြို့ထဲမှ အဆောက်အဦးအချို့က ပြိုကျပျက်စီးသွားသည်။
လေးသည်တော် နှစ်သောင်းကလည်း မြို့ရိုးရှေ့တွင် ဖြန့်ကျက်နေရာယူပြီး မြားတစ်သောင်းကို ပစ်လွှတ်လိုက်သည်။ စစ်မြေပြင်တွင် အသုံးပြုပြီးသားဖြစ်သော သွေးများ အညစ်အကြေးများ ပေကျံနေသည့် မြားများက မြို့ဆီသို့ ပျံသန်းသွားကြသည်။
ကောင်းကင်တစ်ခုလုံးက မြားမိုးများ ဖုံးလွှမ်းသွားပြီး ခွဲခြားမှုမရှိသော သတ်ဖြတ်မှုများကို သယ်ဆောင်လာသည်။ မြို့ထဲမှ ဝေစစ်သည်များက ချင်၏ မြားမိုးအတွက် ပြင်ဆင်ထားကြသော်လည်း အဆက်ပြတ် ပစ်ခတ်မှုများကြောင့် စစ်သည်အများအပြား သေဆုံးနေရဆဲ ဖြစ်သည်။
မြားဒဏ်ရာက အန္တရာယ်မရှိလျှင်တောင် ညစ်ပတ်နေသော မြားများကြောင့် ဒဏ်ရာရစစ်သည်များက ခုနှစ်ရက်ဖျားပိုးဝင်ပြီး သေဆုံးသွားနိုင်ခြေရှိသည်။
ကျန်းမင်ကလည်း ကျောက်ဖုန်းကို အဆက်မပြတ် အစီရင်ခံနေသည်။
" စစ်သူကြီး ကျွန်တော်တို့ မြားတစ်ဝက်ကို ပစ်ပြီးပါပြီ။ "
" စစ်သူကြီး ကျွန်တော်တို့ မြားရှစ်သောင်းပဲ ကျန်ပါတော့တယ်။ "
၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ အကြည့်များက စူးရှသွားပြီး အချိန်တန်ပြီကို သိလိုက်သည်။
" ငါ့အမိန့်ကို နားထောင်ကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ " ငါအခုပြောမယ့်စကားတွေကို စစ်တပ်တစ်ခုလုံး ကြားအောင် ပြန်ပြောရမယ်။ "
" အမိန့်အတိုင်းပါ စစ်သူကြီး။ " သတင်းပို့သူများက ပြန်ပြောလိုက်ကြသည်။
" ငါ ဒီစစ်တပ်ထဲကို ရောက်ကတည်းက ရှေ့ဆုံးက ဦးဆောင်ခဲ့တယ်။ တပ်မမှူးဘဝတုန်းကလည်း ရှေ့ဆုံးကပဲ။ ငါ တပ်မှူးဘဝတုန်းကလည်း ရှေ့ဆုံးကပဲ။ ငါ လက်ထောက်စစ်သူကြီးဖြစ်တော့လည်း ရှေ့ဆုံးကပဲ။ "
" ဒီနေ့ မင်းတို့ရဲ့ စစ်သူကြီးအနေနဲ့လည်း ငါကျောက်ဖုန်းက ရှေ့ဆုံးက ဦးဆောင်သ်ိားမယ်။ စစ်တပ်တစ်ခုလုံး တက်ကြွစေဖို့ ကိုယ်တိုင်ဦးဆောင်မယ့်အချက်က ပြောင်းလဲမှာမဟုတ်ဘူး။ စစ်သည်အားလုံး ငါဦးဆောင်မယ် မင်းတို့က နောက်ကလိုက်ကြ။ ငါ့ရဲ့ ကိုယ်ရံတော်ခြောက်ရာက ကြီးကြပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်မယ်။ ဆုတ်ခွာရဲတဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်။ အဲ့ဒီထဲမှာ ငါကိုယ်တိုင်လည်း ပါဝင်တယ်။ "
" ငါ့အမိန့်က တစ်ခုပဲရှိတယ်။ အားလုံးတက်ကြ။ ငါကျဆုံးသွားရင်ဆောင် မင်းတို့ တိုက်ခိုက်မှုကို မရပ်တန့်ရဘူး။ ငါတို့ မြို့ကိုမသိမ်းပိုက်နိုင်ရင် နောက်ဆုံးလူအထိ တိုက်ပွဲဝင်သွားမယ်။ စစ်သည်အားလုံး ငါ့နောက်ကို လိုက်ပြီး သတ်ကြ...."
ကျောက်ဖုန်း၏ အော်ဟစ်သံနှင့်အတူ စစ်သည်များက မြင်းများကို ရိုက်နှက်လိုက်ပြီး စစ်ရထားက လင်းချန်းမြို့ဆီသို့ အရျိန်အဟုန်နှင့် ပြေးထွက်သွားသည်။
" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " ချင်စစ်သည်များက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့၏ လက်ထောက်စစ်သူကြီးများနှင့် တပ်မှူးများ၏ အမိန့်ပေးမှုနှင့်အတူ စစ်တပ်ကလင်းချန်းမြို့ဆီသို့ ချီတက်သွားသည်။
" စစ်သူကြီး အဲ့ဒီချင်စစ်သည်တွေ ရူးသွားပြီလား။ " ဝေတပ်မှူးတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။ " သူတို့က မြို့သိမ်းလက်နက်တွေ တစ်ခုမှမပါဘဲ တိုက်ခိုက်ရဲတာလား။ "
" ကျောက်ဖုန်းက အသုံးမကျတဲ့လူပဲ။ လင်းချန်းမြို့က မြင့်မားတဲ့မြို့ရိုးနဲ့ အရေးပါတဲ့ ခံတပ်တစ်ခုပဲ။ မြို့သိမ်းလက်နက်တွေမပါရင် စစ်သည်သိန်းချီလာရင်တောင် မြို့ကို ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ " ကုန်းစွန်းရှင်းက လှောင်ပြောင်လိုက်သည်။
ဘေးမှ တပ်မှူးများလည်း ခေါင်းညိမ့်လိုက်ကြသည်။
" ဝေစစ်သည်တို့ ငါ့အမိန့်ကို နားထောင်ကြ။ " ကုန်းစွန်းရှင်းက အော်ဟစ်လိုက်သည်။ " လေးသည်တော်တွေ အသင့်ပြင်ထား။ ချင်စစ်တပ် အနီးကို ရောက်တာနဲ့ ငါ့အမိန့်အတိုင်း ပစ်ကြ။ ဒီတိုက်ပွဲမှာ မြို့သိမ်းလက်နက်တွေမပါဘဲ ချင်စစ်တပ်က သေချာပေါက် ကျဆုံးလိမ့်မယ်။ "
" အမိန့်အတိုင်းပါ။ " ဝေစစ်သည်များက ကျယ်လောင်စွာ ပြောလိုက်ကြသည်။
ကျောက်ဖုန်းက လုံချွမ်ဓားကို ကိုင်ဆောင်ပြီး ရှေ့ဆုံးမှ တက်လာသည်။ သူ၏ နောက်မှ စစ်သည်များက ဆယ်ကျန့်အကွာလောက်တွင် ကျန်နေခဲ့သည်။
" ကျောက်ဖုန်း မင်း သေလမ်းရှာနေတာပဲ။ "
ကုန်းစွန်းရှင်းက စစ်ရထားပေါ်မှ ကျောက်ဖုန်းကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်လာပြီး ဓားဆွဲထုတ်ကာ အမိန့်ပေးလိုက်သည်။
" မြားတွေပစ်ကြ။ သူ့ကို သတ်ကြစမ်း။ "
သူ၏ အမိန့်နှင့်အတူ တံတိုင်းနောက်တွင်ပုန်းနေကြသော စစ်သည်များက ထရပ်လိုက်ကြပြီး ဒိုင်းနောက်တွင် ပုန်းနေကြသော စစ်သည်များကလည်း လေးများကို မြှောက်လိုက်ကြသည်။ သို့သော် သူတို့ပေါ်လာသည်နှင့် ကောင်းကင်မှ မြားမိုးများ ရွာကျလာသည်။ ဝေစစ်သည်များစွာက ချက်ချင်း သေဆုံးသွားကြသည်။
မြားမမှန်ဘဲ ကံကောင်းသွားသော စစ်သည်များက လေးများကို မြှောက်ပြီး အောက်မှ စစ်သည်များကို အမြန်ပစ်ခတ်လိုက်ကြသည်။
မြားများက ကျဆင်းလာသော်လည်း ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိပေ။ သူက လက်တစ်ဖက်မှ ဒိုင်းကို မြှောက်ပြီး ကျန်လက်တစ်ဖက်က လုံချွမ်ဓားကို ဝှေ့ရမ်းကာ မြားများကို ခုတ်ပိုင်းလိုက်သည်။
ကျောက်ဖုန်း၏ နောက်မှ ချင်စစ်သည်များက မြားမိုးများ ကျဆင်းလာသည်နှင့် သူတို့၏ ဒိုင်းများကို မြှောက်ပြီး ကာကွယ်လိုက်ကြသည်။ မြားများပစ်ခတ်မှုအောက်တွင် အသေအပျောက်ရှိသော်လည်း စစ်သည်များ၏ ချီတက်မှုက နှောင့်နှေးခြင်းမရှိပေ။
" မြို့သိမ်းလက်နက်တွေမပါဘဲ မင်းမြို့ကို ဘယ်လိုဖောက်မလဲဆိုတာ ငါသိချင်မိတယ်။ " ကုန်းစွန်းရှင်းက မြို့တံခါးဆီသို့ နီးကပ်လာသော ကျောက်ဖုန်းကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
သူတို့က သေလမ်းရှာနေသည်ဟု သူက အသေအချာ ယုံကြည်နေသည်။ သူတစ်ယောက်တည်းသာမက ဝေစစ်သည်တိုင်းကလည်း ထိုသို့ခံစားနေရသည်။