← Chapters

သမီး ကြီးလာရင် စီနီယာကို လက်ထပ်မယ်

Vol. 35 Ch. 343

သမီး ကြီးလာရင် စီနီယာကို လက်ထပ်မယ်

Vol. 35 Ch. 343

ချော်ရည်ဂူထဲတွင် ကျုံးချင်သည် သူ၏ လက်မောင်းပေါ်ရှိ ချီလင်ကို တစ်ချက်ကြည့်လိုက်၏။

ထိုကောင်လေး၏ ယခုတစ်ကြိမ် စွမ်းဆောင်ရည်က လူများကို အမှန်တကယ်ပင် အထင်ကြီးသွားစေခဲ့သည်။

သူ၏စွမ်းအားများ အလွန်အမင်း တိုးတက်လာရုံသာမက မွေးရာပါ နတ်ဘုရားစွမ်းရည် အသစ် တစ်ခုကိုလည်း နားလည်သွားခဲ့သည်။

သူ တစ်ဟုန်ထိုး မြင့်တက်သွားသည်ဟု ဆိုနိုင်ပေ၏။

သူ အသစ်နားလည်သွားသော မွေးရာပါနတ်ဘုရားစွမ်းရည်မှာ မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းမည်ကို ကျုံးချင် အမှန်တကယ် မျှော်လင့်နေမိပေ၏။

ကျုံးချင်သည် အတွေးများ လွင့်မျောနေရင်း ယခုအချိန်၌ ချော်ရည် တစ်စက်မျှပင် မရှိတော့သော တွင်းကြီးကို ကြည့်လိုက်သည်။

ဆန်းကြယ်မီးတောက်၏ဘေးဒုက္ခကို ဖြေရှင်းပြီးပြီ ဖြစ်သဖြင့် သူ၏တာဝန် ပြီးမြောက်ပြီးနောက် ထွက်ခွာရမည့် အချိန်သို့ ရောက်လာလေပြီ။

လှိုဏ်ဂူအပြင်ဘက်တွင်....

ချီလင်ရှောင်ဟေးက ဆန်းကြယ်မီးတောက်နှင့် တောင်တစ်တောင်လုံးရှိ ချော်ရည်များအားလုံးကို ဝါးမျိုလိုက်သည်နှင့်အမျှ မီးတောင် အထက်ရှိ တလက်လက်တောက်ပနေသော မီးရောင်မျာ ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်း၏မျက်လုံးများ အနည်းငယ် တောက်ပသွားကြ၏။

သူတို့၏စိတ်နှလုံးသားထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေခဲ့သည်။

လူများအားလုံး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကျုံးချင်၏ပုံရိပ်က လှိုဏ်ဂူထဲမှ ထွက်ပေါ်လာခဲ့သည်။

ကျိုးထုံက ချက်ချင်း ရှေ့သို့တက်လာပြီး သတိထားကာ မေးမြန်းလိုက်သည်။

"စီနီယာ... ဆန်းကြယ်မီးတောက် ကိစ္စက ဘယ်လိုဖြစ်သွားလဲ..."

ကျုံးချင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"အခုကစပြီး မင်းတို့ အားလုံး ဆန်းကြယ်မီးတောက်ရဲ့ဘေးဒုက္ခကို ခံစားရတော့မှာ မဟုတ်ဘူး..."

ကျုံးချင်၏ ပေါ့ပေါ့ပါးပါး စကားများက ထိုနေရာရှိ လူတိုင်း၏စိတ်နှလုံးသားထဲတွင် အဆုံးမဲ့ လှိုင်းလုံးကြီးများကို ရိုက်ခတ်သွားစေခဲ့သည်။

သူတို့သည် ကြိုတင်၍ ခံစားမိပြီး ဖြစ်သော်လည်း ကျုံးချင်၏ပါးစပ်မှ သတင်း တိုက်ရိုက်ထွက်ပေါ်လာပြီး အတည်ပြုချက်ကို ရရှိသွားချိန်၌ သူတို့အားလုံး မယုံကြည်နိုင် ဖြစ်သွားဆဲပင်။

ထိုအရာမှာ ဆန်းကြယ်မီးတောက်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်မှ မွေးဖွားလာသော အံ့ဖွယ်အရာတစ်ခုပင်။

ထိုမီးတောက်သည် ဝူလျှန်ဂိုဏ်းတစ်ဂိုဏ်းလုံးကို နှစ်ပေါင်းသောင်းနှင့်ချီ၍ ဒုက္ခပေးခဲ့ပြီး ဝူလျှန်ဂိုဏ်းတစ်ခုလုံးမှလူများ၏ စိတ်နှလုံးသားထဲ၌ ဆူးတစ်ချောင်းအလား တည်ရှိနေသည်။ ဤသည်မှာ သူတို့၏ရှေးဟောင်းဘိုးဘေးကို စိတ်ဝိညာဉ်လွင့်စင်ပြီး စိတ်အာရုံကြေမွှသွားသည်အထိ တိုက်ရိုက် လောင်ကျွမ်းပစ်ခဲ့သော ထိတ်လန့်ဖွယ်အရာတစ်ခု ဖြစ်သည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အရာကြီးက လွယ်လင့်တကူ နှိမ်နင်းခြင်း ခံလိုက်ရသလော....

ကျုံးချင်သည် သာမန်ထက် သာလွန်ထူးကဲကြောင်းကို သူတို့ ကြိုတင်၍ သိထားခဲ့သော်လည်း...

ဤအချိန်အခိုက်အတန့်တွင် သူသည် သူတို့ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ သာလွန်ထူးကဲနေကြောင်း သူတို့ သဘောပေါက်သွားခဲ့ကြ၏။

ထိုအချိန်မှာပင် လက်ရှိနေရာရှိ ဝူလျှန်ဂိုဏ်း တပည့်များအားလုံး ဒူးထောက်ကာ ကျုံးချင်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

သူတို့က ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"စီနီယာက လှုပ်ရှားပေးပြီးတော့ ဝူလျှန်ဂိုဏ်းရဲ့ နှစ်သောင်းနဲ့ချီတဲ့ အခြေခံအုတ်မြစ်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."

သူတို့၏ကျေးဇူးတင်မှုမှာ သိသာထင်ရှားပြီး သူတို့၏ နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုများက သူတို့၏ သွေးများနှင့်အတူ စီးဆင်းနေပြီး ဆဲလ်တိုင်းက အောင်ပွဲခံနေသည့်အလား သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လည်ပတ်နေခဲ့သည်။

ကျုံးချင်၏လုပ်ရပ်များက ဝူလျှန်ဂိုဏ်း၏ နှစ်သောင်းနှင့်ချီသော အခြေခံအုတ်မြစ်ကို ထိန်းသိမ်းပေးခဲ့ရုံသာ မကချေ။

ဤသည်က ဝူလျှန်ဂိုဏ်းတစ်ခုလုံး၏ အနာဂတ်ကိုလည်း ထိန်းသိမ်းပေးခဲ့ခြင်း ဖြစ်ပေ၏။

အကယ်၍ ဆန်းကြယ်မီးတောက်ကိုသာ ထကြွသောင်းကျန်းခွင့် ပြုမည်ဆိုပါက ဝူလျှန်ဂိုဏ်း တစ်ခုလုံး၏ နှစ်သောင်းနှင့်ချီသော အခြေခံအုတ်မြစ်မှာ ပျက်စီးသွားမည်ဖြစ်ပြီး မူလချီများ ကြီးမားစွာ ဆုံးရှုံးသွားမည်မှာ မလွဲမသွေ ဖြစ်ကာ လဲ့ဟိုင်မြို့၏အုပ်စိုးသူ နေရာလည်း တုန်လှုပ်သွားမည်ကို ကြိုတင်မြင်တွေ့နိုင်သည်။

နောင်လာမည့် အချိန်ကာလများတွင် ဝူလျှန်ဂိုဏ်းမှာ အမှောင်ထဲတွင် ပုန်းအောင်းကာ ဒဏ်ရာများကို ကုသရင်း သူတို့၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိမည့် အချိန်ကို စောင့်ဆိုင်းနေရခြေရှိသည်။

ကျုံးချင်သည် ဆန်းကြယ်မီးတောက်ကိုသာ နှိမ်နင်းခဲ့ပုံ ရသော်လည်း ဝူလျှန်ဂိုဏ်းအတွက်မူ သေချာပေါက် ဒုတိယအကြိမ် မွေးဖွားပေးသည့် ကျေးဇူးတရား ဖြစ်သည်ဟု ဆိုနိုင်သည်။

သူသည် သူတို့ကို ကြီးမားသော ဘေးဒုက္ခ တစ်ခုမှ ကယ်တင်ခဲ့ရုံသာမက သူတို့၏မျက်လုံးနှင့် အသားထဲရှိ ဆူးကိုလည်း ဖယ်ရှားပေးခဲ့ပြီး ဝူလျှန်ဂိုဏ်းအနေဖြင့် အနာဂတ်တွင် ဆန်းကြယ်မီးတောက် ဘေးဒုက္ခအတွက် စိုးရိမ်စရာ မလိုတော့ကြောင်း သေချာစေခဲ့ပေ၏။

ထိုအချိန်တွင် ကျိုးထုံက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

"စီနီယာ... စီနီယာရဲ့ ကြီးမားတဲ့ ကျေးဇူးတရားနဲ့ ကြီးမြတ်မှုတွေက ပြန်ဆပ်လို့တောင် မရနိုင်ပါဘူး... တကယ်လို့ စီနီယာမှာ လိုအပ်တာ ရှိရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမိန့်ပေးပါ...ကျွန်တော်တို့ရဲ့ ဝူလျှန်ဂိုဏ်းက ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အသုံးပြုရမယ် ဆိုရင်တောင် စီနီယာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ..."

ထိုစကားများမှာ လျော်ကြေးပေးရန် စတင်ခြင်း ပင်။

သို့သော် ကျုံးချင်၏ အဆင့်အတန်းမှာ သာမန်ထက် သာလွန်ထူးကဲနေသည်။ သူ၏စွမ်းအားသည် မိုးကောင်းကင်ကို ဆန့်ကျင်နေရုံသာမက သူသည် နတ်ဆိုးနန်းတော်၏ပိုင်ရှင်လည်း ဖြစ်နေသည်။

သူ၏အဆင့်အတန်းကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ချေ။

အကယ်၍ သူတို့သည် တိကျသော လျော်ကြေး ပမာဏတစ်ခုကို တိုက်ရိုက်ကမ်းလှမ်းပြီး ပမာဏ နည်းလွန်းနေမည်ဆိုပါက ကျုံးချင်ကို အလိုမကျ ဖြစ်သွားစေနိုင်သည်။

ထို့ကြောင့် သဘောထားကြီးစွာဖြင့် ကျုံးချင်ကိုသာ သူ၏လိုအပ်ချက်များကို တိုက်ရိုက်ပြောဆိုခိုင်းခြင်းက ပိုကောင်းပေလိမ့်မည်။

သူ စိတ်ကျေနပ်စေရန် သူတို့ အစွမ်းကုန် ကြိုးစားသွားပေမည်။

ရှေးဟောင်းဘိုးဘေး သေဆုံးပြီးနောက် ကျိုးထုံသည် ဂိုဏ်းကို ယခုအဆင့်အထိ ဦးဆောင်နိုင်ခဲ့ခြင်းမှာ အကြောင်းပြချက် ရှိသည်ဟု ဆိုရပေမည်။

မည်သို့ပင်ဆိုစေကာမူ ကျုံးချင်က ကျိုးထုံ၏ သဘောထားကို အလွန်စိတ်ကျေနပ်နေပေ၏။

သူသည် လောဘကြီးသူ တစ်ယောက်လည်း မဟုတ်ချေ။

ဆန်းကြယ်မီးတောက်သည် ဝူလျှန်ဂိုဏ်းအတွက် ဘေးဒုက္ခတစ်ခု ဖြစ်နိုင်သော်လည်း သူ့အတွက်မူ ရှားပါးသောရတနာတစ်ခု ဖြစ်နေသည်။

ထိုမီးတောက်က သူ၏ စီးတော်ယာဉ်ချီလင်ကို ကြီးမားသော နယ်ပယ်အများအပြားသို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်စေခဲ့ပြီး မွေးရာပါ နတ်ဘုရားစွမ်းရည် တစ်ခုကိုလည်း နားလည်စေခဲ့သည်။

တိတိကျကျ ပြောရလျှင် ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေတစ်ခုပင်။

ထိုကြောင့် သူက အလွန်အကျွံ တောင်းဆိုမှုများကို မလုပ်တော့ဘဲ ပြော​ဆိုလိုက်၏။

"တကယ်လို့ ဂိုဏ်းချုပ်ကျိုး အဆင်ပြေမယ်ဆိုရင် ကျွန်တော့်အတွက် လှေတစ်စင်းလောက် ပြင်ဆင်ပေးပါ..."

ကျုံးချင်က ထိုစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် ထိုနေရာရှိ လူများအားလုံး အံ့အားသင့်သွားသည်။

"ဘာ... စီနီယာ... အခု ထွက်သွားတော့မလို့လား..."

ထိုကဲ့သို့ တည်ရှိမှုက တောင်းဆိုမည့် လျော်ကြေးမှာ ကြီးမားလိမ့်မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြ၏။ ဝူလျှန်ဂိုဏ်း၏ အခြေခံအုတ်မြစ် အများစုကို တစ်ကြိမ်တည်းဖြင့် ကုန်စင်သွားစေနိုင်သည်အထိပင်။

ကြီးမားသော ကုန်ကျစရိတ်တစ်ခုအတွက်လည်း သူတို့ ပြင်ဆင်ထားခဲ့ကြသည်။

သို့သော် ကျုံးချင်က လှေတစ်စင်းသာ တောင်းလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြပေ။

ထို့ပြင် သူ၏စကားများအရ သူသည် ယခုချက်ချင်း ထွက်ခွာသွားရန် ရည်ရွယ်ထားပုံရသည်။

အချိန်တခဏအတွင်း လူများအားလုံး အနည်းငယ် ဂဏမငြိမ် ဖြစ်သွားကြ၏။

ကျိုးထုံက ပြောဆိုသည်။

"စီနီယာက ကျွန်တော်တို့ဝူလျှန်ဂိုဏ်းကို ဒုတိယ အကြိမ် မွေးဖွားပေးသလိုမျိုး ကျေးဇူးပြုခဲ့တာပါ... နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေပါလား... ဒါမှသာ ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက ကျေးဇူးတင်မှုကို သေချာပြသနိုင်မှာပါ..."

သူ့ကို ဆက်နေရန် စိတ်အားထက်သန်စွာ ဖြောင့်ဖျနေကြသော လူများကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်က အပြုံးနှင့် ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် သူ၏လက်များကို နောက်ပစ်ကာ ခပ်ဖျော့ဖျော့ ရယ်မောရင်း ပြောဆိုသည်။

"ကျွန်တော်က စားလည်း စားပြီးပြီ...အနားလည်း ယူပြီးပြီလေ... ထွက်သွားရမယ့် အချိန် ရောက်ပြီ..."

ကျုံးချင်၏ ထွက်ခွာသွားရန် ဆုံးဖြတ်ချက်မှာ ခိုင်မာနေသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံးသည် သူ့ကို ထပ်မံ၍ ဖိအားမပေးရဲတော့ချေ။

ထိုကျင့်ကြံဆင့်နယ်ပယ်သို့ ကျင့်ကြံထားသော အစွမ်းထက်သူပုဂ္ဂိုလ်တစ်ဦး၏ ဆုံးဖြတ်ချက်မှာ သာမန်လူများ လုပ်ဆောင်နိုင်သည့် အရာထက် ကျော်လွန်နေသည်။

အကယ်၍ သူတို့ကသာ ဆက်လက်၍ ဖြောင့်ဖျရန် ကြိုးစားပြီး ကျုံးချင်ကို စိတ်အလိုမကျ ဖြစ်စေခဲ့မည်ဆိုပါက ရရှိသည်ထက် ဆုံးရှုံးမှုက ပို၍ကြီးမားပေလိမ့်မည်။

ကျိုးထုံက အလျင်အမြန် ပြောဆိုလိုက်၏။

"အဲ့ဒီလို ဆိုရင်လည်း ကျေးဇူးပြုပြီး စီနီယာ ခဏလောက် စောင့်ပေးပါ... လှေပြင်ဆင်ဖို့ လူတစ်ယောက်ကို ကျွန်တော် ချက်ချင်းအမိန့်ပေးလိုက်ပါ့မယ်... စီနီယာ့ကို ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်..."

ကျုံးချင်က ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူ၏ စေတနာကို မငြင်းဆန်ခဲ့ချေ။

...

ကျယ်ပြန့်ပြီး ခမ်းနားလှပသော ပင်လယ်ပြင် အထက်တွင်..

လှေငယ်နှစ်စင်းက ကမ်းစပ်တွင် ဆိုက်ကပ်ထားသည်။

လှေတစ်စင်းသည် သာမန်ရေယာဉ်များနှင့် မတူဘဲ ပင်လယ်ပြင်ကိုဖြတ်၍ ပျံသန်းနိုင်သော မှော်ရတနာတစ်ခုပင်။

အချိန်သည် မနက်စောစောဖြစ်ပြီး...

ကျုံးချင်သည် ဝူလျှန်ဂိုဏ်းချုပ်ကျိုးထုံနှင့် အဆင့်မြင့်အကြီးအကဲတစ်စုနှင့်အတူ လှေတစ်စင်းပေါ်သို့ တက်လိုက်သည်။

ကမ်းခြေတွင် ချင်းဖုန်းကျောင်းတော်မှ သူ့ကို လာရောက်နှုတ်ဆက်သူများလည်း ရှိနေခဲ့ပေ၏။

ကျုံးချင် ညှို့ငင်ခြင်းသားရဲကို လှေပေါ်သို့ ခေါ်ဆောင်သွားပြီး လှေကိုထိန်းချုပ်ရန် အထူး တာဝန်ပေးထားသော ဝူလျှန်ဂိုဏ်းတပည့်များလည်း ရှိနေခဲ့သည်။

လှေ စတင်ထွက်ခွာသွားပြီးနောက် ကျုံးချင်က လှေနောက်ပိုင်းတွင် မတ်တတ်ရပ်ကာ သူ့ကို နှုတ်ဆက်နေသော ချင်းဖုန်းကျောင်းတော်မှ လူများကို ပြောဆိုလိုက်သည်။

"အားလုံးပဲ... မိုင်တစ်ထောင် ခရီးစဉ်တစ်ခုက နှုတ်ဆက်ခြင်းနဲ့ အဆုံးသတ်ရမှာပါပဲ... ပြန်ကြတော့..."

ကမ်းခြေရှိ အိုးကျီရှုတို့လူစုက ကျုံးချင်အား ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်သည်။

"စီနီယာ... ကောင်းကင်ကြီးက ကျယ်ပြောပြီး ပင်လယ်ပြင်ကလည်း ကျယ်ပြန့်ပါတယ်... ဒီနေ့ နှုတ်ဆက်ပြီးတဲ့နောက် ဘယ်အချိန်မှ ပြန်ဆုံတွေ့ရမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး... စီနီယာ ဂရုစိုက်ပါ..."

သူတို့၏နှုတ်ဆက်ခြင်းသည် အထူးတလည် ဝမ်းနည်းစရာ မကောင်းလှချေ။ ကျုံးချင်အတွက်မူ သူတို့သည် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ရသော ခရီးသွားများမျှသာ ဖြစ်ပြီး သူတို့၏ လမ်းကြောင်းများမှာ ကံတရားကြောင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပေ၏။

အကယ်၍ ကံတရားသာ ရှိခဲ့မည်ဆိုပါက အနာဂတ်တွင် သူတို့ နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ရပေမည်။

ကမ်းခြေတွင် အိုးကျီရှူတို့အဖွဲ့သည် အဝေးသို့ ထွက်ခွာသွားပြီ ဖြစ်သော လှေကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

အိုးကျီရှူက ပြောဆိုလိုက်၏။

"စီနီယာက ငါတို့ရဲ့အသက်ကို ကယ်တင်ခဲ့ရုံတင်မကဘူး ကြီးမားတဲ့ ကံကြမ္မာကိုလည်း ယူဆောင်လာပေးခဲ့တယ်... ဒီကျေးဇူးကို ဒီဘဝမှာ ငါတို့ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်..."

အမြဲတစေ စိတ်ဓာတ်ခိုင်မာသူဖြစ်သော ဟူရှန်းသည်လည်း ထိုစကားကို ကြားချိန်၌ တိတ်ဆိတ်သွားခဲ့သည်။

သူတို့သည် ရက်အနည်းငယ်မျှသာ အတူတကွ အချိန်ဖြုန်းခဲ့ရသော်လည်း...

ကျုံးချင်၏ သာမန်ထက် လွန်ကဲသော စရိုက်သဘာဝက သူ့ကို မြင့်မားသော တောင်ကြီး တစ်လုံးကို မော့ကြည့်နေရသကဲ့သို့ ခံစားရစေပြီး တောင်ထိပ်ကိုပင် မမြင်နိုင်ခဲ့ချေ။

ထိုကဲ့သို့ တည်ရှိမှုသည် မည်သို့ပင်ဆိုစေကာမူ သူတို့နှင့် ကွဲပြားသော ကမ္ဘာတစ်ခုတွင် ရှိနေခြင်းပင်။

ဖြစ်နိုင်သည်မှာ သူတို့၏ဘဝတွင် ကူကယ်ရာမဲ့ဆုံး အရာမှာ ထိုအရာ ဖြစ်နေနိုင်သည်။

သူတို့သည် သူ၏ကျေးဇူးကို ပြန်ဆပ်ချင်ခဲ့သော်လည်း နည်းလမ်း မရှိခဲ့ချေ။

ဖိုရှန်းနှင့်လျှူရှန်းတို့လည်း ဤအရာကို တွေးမိပုံ ရသည်။

အချိန်တခဏအတွင်း လူများအားလုံး တိတ်ဆိတ်သွားကြသည်။

နျန်နျန်တစ်ယောက်တည်းကသာ သူမ၏ ချစ်စရာကောင်းသော ရတနာတစ်ပွင့်အလား မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောဆိုလိုက်သည်။

"သူ့ရဲ့ကျေးဇူးကို ပြန်ဆပ်ချင်တာက ရိုးရှင်းတယ် မဟုတ်ဘူးလား... သမီး ကြီးလာရင် စီနီယာ့ကို လက်ထပ်လိုက်မယ်လေ..."

ထိုစကားများက အနည်းငယ် လေးလံသော ခံစားချက် ရှိနေဆဲ ဖြစ်သည့် လူအနည်းငယ်၏ တည်ကြည်လေးနက်သော စိတ်အခြေအနေကို ချက်ချင်းဆိုသလိုပင် ချိုးဖျက်လိုက်၏။

သို့သော် သူတို့က ပြုံးရုံသာ ပြုံးလိုက်ပြီး အပြစ်ကင်းစင်သော ကလေးစကားအဖြစ်သာ ထင်မှတ်လိုက်ကြသည်။

...

All Chapters