ပင်လယ်ထဲသို့ ဝင်ရောက်ခြင်း
Vol. 35 Ch. 344
ကျယ်ပြန့်သော အဆုံးမဲ့ပင်လယ်ပြင် အထက်တွင် လှေငယ်နှစ်စင်း ယှဉ်တွဲ၍ ခရီးသွားနေကြ၏။
လေထုကိုထိုးခွင်းသွားသော အသံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး သူတို့၏ အမြန်နှုန်းမှာ လေနှင့်လျှပ်စီးများအလား ဖြစ်နေသည်။
လေးညှို့မှ ထွက်ခွာသွားသော မြားတစ်စင်းအလား သူတို့သည် ပင်လယ်ပြင်ကို လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။
သူတို့၏အမြန်နှုန်းသည် နဂါးဘုရင်အဖြစ် ပြောင်းလဲထားသော ညှို့ငင်ခြင်းသားရဲ၏ အမြန်နှုန်းထက် သိပ်မနှေးလှချေ။
နေမင်းကြီးက အမြင့်သို့ တက်လာပြီး နေရောင်ခြည်များက ပင်လယ်ပြင်ပေါ်သို့ ကျဆင်းနေခဲ့သည်။
ရွှေရောင်အလင်းတန်းများအောက်တွင် လှိုင်းထန်နေသော ပင်လယ်ပြင်သည် ရွှေရောင် အလင်းတန်းများကို ရွှေမှုန်များအဖြစ် ပြောင်းလဲသွားစေသကဲ့သို့ ဖြစ်နေသည်။
သမုဒ္ဒရာ၏သီးသန့်ရနံ့ဖြစ်သော ငါးညှီနံ့ အနည်းငယ်ကို သယ်ဆောင်လာသည့် လေနုအေးလေးတစ်ချက်က သူတို့၏မျက်နှာများကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။
ကျုံးချင်က လှေဦးတွင် မတ်တတ်ရပ်နေပေ၏။ သူ၏လက်များကို နောက်ပစ်ကာ သူ၏ရှေ့ရှိ ကျယ်ပြန့်သော အဆုံးမဲ့ပင်လယ်ပြင်ကို ကြည့်ရင်း တောင်ကြီးတစ်လုံးအလား မလှုပ်မယှက် ရပ်ကာ အတွေးနက်နေခဲ့သည်။
တခြားလှေတစ်စင်းပေါ်တွင် ရှိနေသော ကျိုးထုံက ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"စီနီယာ... ဒီပင်လယ်ပြင်နေရာကို ဖြတ်ကူးပြီး နောက်ထပ် မိုင်သုံးသောင်းလောက် သွားရင် ကျွန်တော်တို့ မိုးကြိုးပင်လယ် ကို ရောက်တော့မယ်... မိုးကြိုးပင်လယ်ကို ဖြတ်ကူးပြီး တည့်တည့်ဆက်သွားရင် ဒီအမြန်နှုန်းနဲ့ မတော်တဆမှုတွေ မရှိဘူးဆိုရင် တစ်လလောက်နေရင် အလယ်ပိုင်းဒေသကို ရောက်လောက်တယ်..."
ကျိုးထုံ၏စကားများက ကျုံးချင်၏စိတ်နှလုံးသားကို လှုပ်ရှားသွားစေခဲ့သည်။
ဖရိုဖရဲနတ်ဆိုးပင်လယ်၏ကျယ်ပြောမှုမှာ သူ တွေးထင်ထားသည်ထက်ပင် ပို၍ကြီးမားနေခဲ့သည်။
လှေငယ်များ၏အမြန်နှုန်းအရ တစ်ရက်လျှင် မိုင်တစ်သောင်းသွားရခြင်းမှာ ဘာမှမဟုတ်ချေ။
ထိုသို့ဆိုသည့်တိုင် အလယ်ပိုင်းဒေသသို့ ရောက်ရန် တစ်လအချိန်ယူရမည်ဖြစ်ပြီး မမျှော်လင့်ထားသော အခြေအနေများ မရှိမှသာ ဖြစ်ပေ၏။
မိုင်ပေါင်းသိန်းနှင့်ချီ ကျယ်ဝန်းသော ထိုကဲ့သို့သော ခရီးစဉ်များသည် သာမန်လူများ သွားလာနိုင်သည့်အရာ အမှန်တကယ် မဟုတ်ချေ။
ရှေ့ဆက်ရမည့်လမ်းမှာ ရှည်လျားပြီး ခရီးစဉ်မှာ အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းသည်။
အဖော်ရှိနေခြင်းမှာ ရှားပါးသဖြင့် ကျုံးချင်က ကျိုးထုံနှင့် စတင်၍ စကားပြောဆိုလိုက်သည်။
ကျုံးချင်က မေးမြန်းသည်။
"ဂိုဏ်းချုပ်ကျိုး... ပင်လယ်ပြင်ပေါ်က အခြေအနေကို ပြောပြလို့ ရမလား..."
ကျိုးထုံက ရှင်းပြလိုက်၏။
"ဒီပင်လယ်ပြင် အကြောင်း ပြောရရင် စည်ကားမှုက ကုန်းတွင်းပိုင်းထက် မလျော့ဘူး... ဖရိုဖရဲနတ်ဆိုးပင်လယ်ကို ပင်လယ်လေးခုအဖြစ် ထပ်ခွဲထားတယ်... အရှေ့ဘက်ပင်လယ် တောင်ဘက်ပင်လယ် အနောက်ဘက်ပင်လယ် နဲ့ မြောက်ဘက်ပင်လယ် လို့ နာမည်ပေးထားတယ်... ကျွန်တော်တို့ အခု ရောက်နေတဲ့ နေရာကို မြောက်ဘက်ပင်လယ်လို့ ခေါ်တယ်... မြောက်ဘက်ပင်လယ်မှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေနဲ့ အင်အားစုတွေ အများကြီးရှိတယ်... မိုင်တစ်သိန်းလောက်ရှိတဲ့ အကွာအဝေးတိုင်းမှာ အုပ်စိုးသူ အင်အားစုတစ်စုကို အခြေစိုက်ထားတယ်... ကျွန်တော်ရဲ့ ဝူလျှန်ဂိုဏ်းက မြောက်ဘက်ပင်လယ်ရဲ့ အစွန်းမှာ ရှိတဲ့ အုပ်စိုးသူ အသေးစားလေးတစ်ခုပါ... ပင်လယ်ပြင်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားလေလေ အဲ့ဒီမှာ အခြေစိုက်ထားတဲ့ အုပ်စိုးသူအင်အားစုတွေက ပိုပြီးအစွမ်းထက်လေလေပဲ... သူတို့ထဲက အချို့က မြောက်ပိုင်းဒေသကို လွှမ်းမိုးထားတဲ့ ထိပ်သီးအင်အားစုကြီး လေးစုထက်တောင် မလျော့ဘူး... ဒါပေမဲ့ ဒီအင်အားစုတွေထဲက အများစုက ပင်လယ်မကောင်းဆိုးဝါးတွေပဲ... ကုန်းတွင်းပိုင်းနဲ့ ဝေးကွာနေတဲ့အတွက် မြောက်ပိုင်းဒေသမှာ သူတို့ကို သိပ်မသိကြဘူး... သေချာတာပေါ့... စီနီယာရဲ့စွမ်းအားနဲ့ဆိုရင် ဒီအင်အားစုတွေနဲ့ မျိုးနွယ်စုတွေကို လုံးဝ ကြောက်စရာ မလိုပါဘူး... ဒါပေမဲ့ ဖရိုဖရဲနတ်ဆိုးပင်လယ်ရဲ့ ထိတ်လန့်ဖွယ် ကောင်းတာက အစွမ်းထက်တဲ့ သတ္တဝါတွေအပြင် သတိထားရမယ့် တားမြစ်နယ်မြေတွေနဲ့ လူသူကင်းမဲ့တဲ့ နေရာတွေလည်း ရှိတယ်... "
"ဥပမာပြောရရင် မိုးကြိုးပင်လယ်မှာဆိုရင် ပင်လယ်ပြင်အထက်က ကောင်းကင်ယံမှာ မိုးကြိုး စွမ်းအားတွေ အမြဲတမ်း ဖုံးလွှမ်းနေတယ်... ဒီမိုးကြိုးစွမ်းအားက အရမ်းထိတ်လန့်ဖို့ ကောင်းတယ်... တခဏတာပေါ့ဆမှုလေးက ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် အဲ့ဒီထဲမှာ သေဆုံးသွားစေနိုင်တယ်... အရင်နှစ်တွေတုန်းက ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူ တစ်ယောက်က အလယ်ပိုင်းဒေသကို ရောက်ဖို့ သူ့မျိုးနွယ်စုရဲ့အင်အား အပြည့်အဝနဲ့ ဖရိုဖရဲနတ်ဆိုးပင်လယ်ကို ဖြတ်ကူးချင်ခဲ့တာ... ဒါပေမဲ့ အဲ့ဒီမိုးကြိုးပင်လယ်ထဲမှာပဲ မြှုပ်နှံခံလိုက်ရတယ်..."
လမ်းတလျှောက်လုံး၌...
ကျိုးထုံသည် ပင်လယ်နှင့်ပတ်သက်သော အခြေခံ အသိပညာ အများအပြားကို ကျုံးချင်အား မျှဝေပေးခဲ့သည်။
ဥပမာအားဖြင့် အင်အားစုများခွဲဝေမှု တချို့သော တားမြစ်နယ်မြေများနှင့် လူသူကင်းမဲ့သော နေရာများအတွက် ကြိုတင် ကာကွယ်မှုများပင်။
ဤခရီးစဉ်မှာ ငြီးငွေ့ဖွယ် ကောင်းသော်လည်း ကျုံးချင်က ပင်ပန်းသည်ဟု မခံစားရချေ။
သူ၏ကျင့်ကြံမှုမှာ မြင့်မားသော်လည်း တခြား ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သူ၏ အတွေ့အကြုံများနှင့် ဗဟုသုတများမှာ အထူးတလည် ကျယ်ပြန့်ခြင်း မရှိပေ။
ကျိုးထုံ၏ရှင်းပြချက်များက သူ၏ အသိအမြင်ကို အမှန်တကယ် ကျယ်ပြန့်သွားစေခဲ့သည်။
ဥပမာအားဖြင့် သမုဒ္ဒရာထဲတွင် ထူးဆန်းသော သတ္တဝါတစ်ကောင်ရှိကာ ခေါင်းနှစ်လုံးဒွိလိင်မြွေဟု အမည်ရသည်။
ထိုသတ္တဝါသည် အထီးအမလိင်နှစ်မျိုးလုံး ပါဝင်သော ခေါင်းနှစ်လုံးပါသတ္တဝါ တစ်ကောင် ဖြစ်ပေ၏။
သူတို့သည် သူတို့ဘာသာ မိတ်လိုက်နိုင်ပြီး သားသမီးများ မွေးဖွားနိုင်ကြသည်။
ထို့ပြင် ခေါင်းစိမ်းလိပ်ဟု အမည်ရသော သတ္တဝါ တစ်ကောင်လည်း ရှိသည်။
မိတ်လိုက်ပြီးနောက် ထိုလိပ်သည် သူ၏အမ အဖော်ကို တခြားအထီးများထံ ပေးအပ်မည်ဖြစ်ပြီး ဆက်တိုက်မိတ်လိုက်ပြီးနောက် လိပ်မ ကိုယ်ဝန်ရသွားမှသာ မူလလိပ်ထီးက သူမကို ပြန်လည်ခေါ်ဆောင်ကာ သန္ဓေသားကို လုံခြုံစွာ လွယ်ထားစေပေမည်။
ဤသည်မှာ စောင့်ရှောက်မှုတာဝန်ကို ယူခြင်းပင်။
ထို့ပြင် ထိုခေါင်းစိမ်းလိပ်မသည် ပထမဆုံး အထီးနှင့် မိတ်လိုက်ပြီးနောက် ကိုယ်ဝန်ရလာသည်အထိ အထီးများနှင့် မိတ်လိုက်လေလေ သူမ မွေးဖွားလာမည့် သားသမီးများ၏ ပါရမီက ပို၍အားကောင်းလေလေပင်။
ထို့ကြောင့် ခေါင်းစိမ်းလိပ်မျိုးနွယ်စုတွင် ရိုးရာဓလေ့တစ်ခု ရှိပေ၏။
ထိုဓလေ့မှာ ခေါင်းစိမ်းလိပ်ထီးတစ်ကောင်က သူ၏ဇနီးသည်ဖြစ်သူကို အပြင်သို့ စေလွှတ်လိုက်ပြီးနောက် တခြားခေါင်းစိမ်းလိပ်ထီးများနှင့် မိတ်လိုက်လေလေ သူ ပို၍ဂုဏ်သိက္ခာမြင့်မားလေလေပင်။
အကယ်၍ သူမသာ မိတ်လိုက်မှု နည်းမည်ဆိုပါက သူသည် သူ၏မျိုးနွယ်စုဝင်များ ကြားတွင် ခေါင်းမော့၍ပင် မနေနိုင်ချေ။
ထိုအချက်က သူ၏ဇနီးသည် အရည်အချင်းမရှိကြောင်း ဆိုလိုရုံသာမက သူ၏ သားသမီးများ အရည်အချင်းမရှိမည်ကိုလည်း ရည်ညွှန်းနေခြင်းပင်။
သဘာဝတရား၏ အံ့အားသင့်ဖွယ်များက အံ့အားသင့်ဖွယ် သတ္တဝါအမြောက်အများကို အမှန်တကယ် ပြုစုပျိုးထောင်ပေးခဲ့သည်ဟု ဆိုရပေမည်။
ခေါင်းစိမ်းလိပ်ဟူသော နာမည်နှင့် အမှန်တကယ်ကို ထိုက်တန်လှသည်။
ထိုအကြောင်းက ကျုံးချင်ကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်။
ဤသို့ဖြင့် နှစ်ဖက်လုံးသည် ကျယ်ပြန့်သော ပင်လယ်ပြင်ကို လျှင်မြန်စွာ ဖြတ်သန်းသွားကြသည်။
ကျိုးထုံသည် အမှန်တကယ်ကို ဗဟုသုတကြွယ်ဝပြီး အရည်အချင်းရှိသူတစ်ဦးပင်။
နက္ခတ္တဗေဒမှပထဝီဝင် အစပြု၍ လူမှုပညာရပ်များအထိ သူ များစွာသိထားသည်။
သူက ကျုံးချင်အား ထူးဆန်းသော လူများနှင့် အဖြစ်အပျက်များ အကြောင်းကို သိရှိခွင့် ပေးခဲ့၏။
သူတို့နှစ်ယောက်သည် သူတို့၏ သက်ဆိုင်ရာ လှေဦးများတွင်ရပ်ကာ အရာအားလုံး အကြောင်းကို မကြာခဏ စကားပြောလေ့ ရှိကြသည်။
သူတို့ မသိလိုက်ဘဲ သုံးရက်တာ အချိန် ကုန်လွန်သွားခဲ့လေပြီ။
ယနေ့တွင် လှေငယ်များက အထူးပင်လယ်နယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
သူတို့၏ အနောက်ဘက်ရှိ ကြည်လင်သော အပြာရောင် ပင်လယ်နှင့် မတူဘဲ....
အရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် မည်းမှောင်နေသော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပေ၏။
ထို့ပြင် ငွေရောင်မြွေများအလား လျှပ်စီးများ လက်နေခဲ့ကာ နက်ရှိုင်းသော ပင်လယ်ပြင်သို့ ထိုးကျသွားသည်။ ဤသည်က ကြောက်မက်ဖွယ် လှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး ကြီးမားသောလှိုင်းများ တလိမ့်လိမ့်ထလာကာ နှလုံးခုန်မြန်စေသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
အကွာအဝေးတစ်ခုသို့ ရောက်ချိန်၌ လှေငယ်နှစ်စင်း ရပ်တန့်သွားခဲ့သည်။
ကျိုးထုံက လှေဦးတွင်ရပ်ကာ တစ်ဖက်လှေဦးတွင် ရပ်နေသော ကျုံးချင်ကို မျက်နှာမူပြီး ပြောဆိုလိုက်၏။
"စီနီယာ... ဒီအရှေ့က မိုးကြိုးပင်လယ်ပါ... ဒီပင်လယ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာကြောင့် ကျွန်တော်တို့ ရှေ့ဆက်မသွားရဲတော့ပါဘူး... စီနီယာက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."
ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ကိစ္စမရှိပါဘူး..."
တစ်ဖက်လူက သူ့ကို မိုင်သုံးသောင်းအထိ လိုက်ပို့ပေးခဲ့ခြင်းကပင် လုံလောက်သော စေတနာကို ပြသခဲ့ပြီးဖြစ်သည်။
သူ အလွန်အကျွံ တောင်းဆိုမည် မဟုတ်ချေ။
ထိုအရာကို မြင်တွေ့ချိန်၌ ကျိုးထုံက သူ၏ ရင်ဘတ်ကြားမှ မြေပုံတစ်ခုကို အလျှင်အမြန် ထုတ်ယူကာ ပြောဆိုလိုက်သည်။
"စီနီယာ... ဒါက အလယ်ပိုင်းဒေသကို သွားရမယ့် မြေပုံပါ... ဒီရက်ပိုင်းအတွင်း လမ်းကြောင်းကို အဲ့ဒီအပေါ်မှာ ကျွန်တော် မှတ်သားထားပါတယ်... လမ်းကြောင်းအတိုင်း သွားသရွေ့ အလယ်ပိုင်းဒေသကို အောင်မြင်စွာ ရောက်ရှိနိုင်မှာပါ..."
သူ စကားပြောဆိုနေစဉ်မှာပင် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်၏။
"ဒီမှာက လှေငယ်လေးကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ ပါပါတယ်... ကျေးဇူးပြုပြီး ဒါကိုလည်း လက်ခံပေးပါ စီနီယာ..."
ကျုံးချင်သည် ယဉ်ကျေးမနေခဲ့ချေ။ မြေပုံနှင့် လှေငယ်လေးကိုထိန်းချုပ်ရန် စာအုပ်ငယ်ကို လက်ခံပြီးနောက် သူ၏နောက်တွင် စောင့်နေသော ညှို့ငင်ခြင်းသားရဲထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
ကျုံးချင်က အမိန့်ပေးလိုက်သည်။
"လှေငယ်လေးကို ထိန်းချုပ်တဲ့ နည်းလမ်းကို ကျွမ်းကျင်အောင် လုပ်ဖို့ မင်းမှာ တစ်နာရီ အချိန်ရှိတယ်..."
ထိုစကားကိုကြားချိန်၌ ညှို့ငင်ခြင်းသားရဲသည် ပေါ့ဆစွာ မနေရဲချေ။
သူက အလျင်အမြန် စာအုပ်ငယ်ကို ဖွင့်ကာ ကြိုးစားပမ်းစား လေ့လာလိုက်၏။
ထိုအချိန်တွင် ကျုံးချင်၏လှေငယ်လေးကို ထိန်းချုပ်နေသော ဝူလျှန်ဂိုဏ်းတပည့်များမှာ အလျင်အမြန် ဆုတ်ခွာနေကြလေပြီ။
လူတိုင်း ထွက်သွားပြီးနောက်...
ကျိုးထုံက ကျုံးချင်အား ဦးညွှတ်ကာ ပြောလိုက်၏။
"စီနီယာ... ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက စီနီယာရဲ့ ကျေးဇူးကို ထာဝရ မှတ်သားထားမှာပါ... အနာဂတ်မှာ စီနီယာ အလယ်ပိုင်းဒေသကနေ ပြန်လာတဲ့အချိန်မှာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသိပေးပါ... ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ သေချာပေါက် ကြိုဆိုပြီး စီနီယာအတွက် ညစာစားပွဲတစ်ခု ကျင်းပပေးပါ့မယ်..."
ကျုံးချင်က ခေါင်းညိတ်လိုက်သည်။
ထိုကျိုးထုံအပေါ် သူ အထင်ကြီးမိလေ၏။
သူသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်ပြီး ပို၍ကြီးမားသော အခြေအနေကို နားလည်ကာ မည်သည့်အချိန် ရှေ့တိုးရမည် မည်သည့်အချိန် နောက်ဆုတ်ရမည်ကို သိရှိသူ ဖြစ်သည်။
ယဉ်ကျေးပျူငှာသော စကားတချို့ ပြောဆိုပြီးနောက် ကျိုးထုံသည် သူ၏လူများကို ခေါ်ဆောင်ကာ ပြန်လှည့်သွားခဲ့သည်။
ဝူလျှန်ဂိုဏ်းမှ အဖွဲ့ဝင်များ ထွက်ခွာသွားသည်နှင့်အမျှ ယခင်က စည်ကားနေခဲ့သော အခြေအနေသည် မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်သွားပေ၏။
မကြာမီမှာပင် တစ်နာရီ ကုန်လွန်သွားခဲ့သည်။
ကျုံးချင်က ညှို့ငင်ခြင်းသားရဲကို မေးမြန်းလိုက်သည်။
"မင်း ကျွမ်းကျင်သွားပြီလား..."
ညှို့ငင်ခြင်းသားရဲက အလျှင်အမြန် ဦးညွှတ်ကာ ပြန်ဖြေလိုက်၏။
"သခင်ကို သတင်းပို့ပါတယ်... အခြေခံအနေနဲ့တော့ ကျွန်တော် ကျွမ်းကျင်သွားပါပြီ..."
သူ လှေထိုးသား တစ်ယောက် ဖြစ်လာတော့မည်ကို တွေးမိချိန်၌ ညှို့ငင်ခြင်းသားရဲက နာကြည်းမှု လှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရသည်။
သူ့ကဲ့သို့ ဂုဏ်သိက္ခာရှိသော ပင်လယ်အုပ်စိုးသူ တစ်ဦးသည် ထိုကဲ့သို့ အဆင့်နိမ့် အလုပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။
သို့သော် ကျုံးချင်၏ရှေ့တွင် သူ အနည်းငယ်မျှပင် စောဒကမတတ်ဝံ့ချေ။
သူ မလုပ်နိုင်ဘူး... သူ တကယ်ကို မလုပ်နိုင်ဘူး...
တစ်ဖက်လူ ဘာတွေးနေသည်ကို ကျုံးချင်က ဂရုမစိုက်ခဲ့ချေ။
သူ၏အမြင်အရ ထိုသားရဲမှာ ယာယီကိရိယာ တစ်ခုမျှသာ ဖြစ်ပေ၏။
ကျုံးချင်က ပြောဆိုသည်။
"မင်း ကျွမ်းကျင်သွားပြီ ဆိုမှတော့ လှေကို သွားမောင်းတော့..."
သူက လက်ဝှေ့ယမ်းကာ ညှို့ငင်ခြင်းသားရဲကို လှေမောင်းရန် စေလွှတ်လိုက်သည်။
အမှန်တကယ်ကိုပင် ယန်သုံးပါးနယ်ပယ်သို့ ကျင့်ကြံနိုင်သော သားရဲများထံ၌ ကောင်းမွန်သော ပါရမီများ ရှိကြသည်။
ညှို့ငင်ခြင်းသားရဲသည် လှေငယ်လေးကို ပထမဆုံးအကြိမ် ထိန်းချုပ်ဖူးခြင်း ဖြစ်သော်လည်း သူက တည်ငြိမ်စွာ မောင်းနှင်နိုင်ပြီး အတွေ့အကြုံမရှိသူတစ်ဦး၏ အရိပ်အယောင်များကို မပြသခဲ့ချေ။
မကြာမီမှာပင် မှော်ရတနာလှေငယ်လေးသည် ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး ကြောက်မက်ဖွယ် မိုးကြိုးပင်လယ်အတွင်းသို့ ဝင်ရောက်သွားပေ၏။
...