မိုးကြိုးပင်လယ်
Vol. 35 Ch. 345
မိုးကြိုးပင်လယ်....
ထိုနေရာသည် မိုးကြိုးများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်နေရာတစ်ခုပင်။
မိုးကြိုးများ၏ ထိတ်လန့်ဖွယ်စွမ်းအားက ယန်သုံးပါးနယ်ပယ် ပထမအဆင့်ဖြစ်သော ညှို့ငင်ခြင်းသားရဲကိုပင် ကြောက်ရွံ့မှုအား ခံစားရစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူက ထိုလူကို ကြည့်လိုက်မိချိန်တွင် ဖော်ပြ၍ မရနိုင်သော လုံခြုံမှု ခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့သည်။
လှေငယ်လေးသည် မိုးကြိုးပင်လယ်တလျှောက် ခရီးဆက်လာခဲ့၏။
လေဟာနယ်အတွင်းတွင် လျှပ်စီးများ လက်နေပြီး မိုးကြိုးများ မြည်ဟီးနေခဲ့သည်။
အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများကို သယ်ဆောင်လာသော တောင်ကြီး တစ်လုံးအလား ကြီးမားသော လျှပ်စီးမိုးကြိုးတစ်ချက်က လှေကိုယ်ထည်ကို ရိုက်ခတ်တော့မည့်အလား ဖြစ်နေသည်။
ကျုံးချင်က မျက်ခုံးပင့်လိုက်သည်။
သူသည် သူ့ကိုယ်သူ ဗဟိုပြု၍ နယ်ပယ်တစ်ခုကို ထုတ်လွှတ်လိုက်၏။
ထိုနယ်ပယ်က လှေကိုယ်ထည်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ်ကို ကျော်လွန်ပြီးနောက် တစ်စုံတစ်ယောက်သည် နယ်ပယ်၏စွမ်းအားကို ကဏဦးနားလည်လာပေမည်။
ကျုံးချင်၏ လက်ရှိဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံမှုဖြင့်ဆိုလျှင် အတွေးတစ်ချက်ဖြင့် ဥပဒေသများအားလုံး မွေးဖွားလာစေနိုင်သည်။
သူသည် ဥပဒေသ၏စွမ်းအားဖြင့် အကြွင်းမဲ့ နယ်ပယ်တစ်ခုကို ဖန်တီးနိုင်သည်။
အဆုံးမဲ့ ဥပဒေသစွမ်းအားများက အပြင်ဘက် အခွံတစ်ခုအလား လှေကိုယ်ထည်တစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံသွားခဲ့သည်။
ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ဖြတ်ရန် လုံလောက်အောင် ထိတ်လန့်ဖွယ် ကောင်းသော ကောင်းကင်ဘုံမိုးကြိုးပင်လျှင် ထိုနယ်ပယ်ကို ရိုက်ခတ်မိချိန်၌ အနည်းငယ်မျှသော လှိုင်းဂယက်ကိုပင် မဖြစ်ပေါ်စေနိုင်ခဲ့ချေ။
သူတို့ ပို၍ရှေ့ဆက်သွားလေလေ မိုးကြိုးများက ပို၍ထူထပ်လာလေလေပင်။
မိုးကြိုး၏စွမ်းအားမှာ ပို၍ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။
မိုးကြိုးများ ပေါများလွန်းလှသဖြင့် ပင်လယ်ရေထဲတွင်ပင် မှေးမှိန်သော လျှပ်စီးလှိုင်းဂယက်များ ရှိနေခဲ့ပေ၏။
အထက်တွင် တိမ်မည်းများက မိုးကောင်းကင်ကို ဖုံးကွယ်ထားသည်။
အလယ်တွင် မိုးကြိုးများက လွတ်လပ်စွာ သောင်းကျန်းနေခဲ့ကာ...
အောက်ဘက်တွင် လျှပ်စီးပင်လယ်တစ်ခု ရှင်းလင်းစွာ ဖြစ်ပေါ်နေခဲ့သည်။
ထိုမြင်ကွင်းမှာ အလွန်ခမ်းနားလှပပုံ ရပေ၏။
သူတို့သည် မိုးကြိုးများနှင့်ပင်လယ်ရေများ ယှက်နွှယ်နေသော လောကတစ်ခုအတွင်း ရောက်နေသကဲ့သို့ ဖြစ်နေသည်။
မိုးကြိုးတစ်ချက် ပစ်ခတ်လိုက်တိုင်း...
အံ့အားသင့်ဖွယ်ကောင်းသော လှိုင်းလုံးများနှင့် ရေပန်းများကို မလွဲမသွေ ဖြစ်ပေါ်စေခဲ့သည်။
လေဟာနယ်ကိုပင် ဆုတ်ဖြဲရန် လုံလောက်သော အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားများကို သယ်ဆောင်လာသည့် လေပြင်းများနှင့် ဧရာမ လှိုင်းလုံးကြီးများက ရိုက်ခတ်လာခဲ့၏။
သို့သော် လှေအပေါ် ကျရောက်လာသော ထိုသက်ရောက်မှုအားလုံးကို ဥပဒေသနယ်ပယ်က လုံးလုံးလျားလျား ပိတ်ဆို့ထားခဲ့သည်။
အဆုံးမဲ့ မိုးကြိုးများနှင့် ကျယ်ပြန့်သော မိုးကြိုးပင်လယ်၏ရှေ့တွင် လှေငယ်လေးသည် သမုဒ္ဒရာ ကျယ်ကြီးထဲရှိ သဲပွင့်လေးတစ်ပွင့်အလား သေးငယ်လွန်းလှသည်။
ထိုသို့ဆိုသည့်တိုင် အပြင်ဘက်တွင် မိုးကြိုးများ မည်မျှပင် ဖရိုဖရဲ ဖြစ်နေစေကာမူ လှိုင်းများ မည်မျှပင် ကြမ်းတမ်းနေစေကာမူ သို့မဟုတ် မုန်တိုင်း မည်မျှပင် ကြီးမားနေစေကာမူ လှေငယ်လေးသည် တောင်ကြီး တစ်လုံးအလား တည်ငြိမ်စွာဖြင့် လမ်းကြောင်းအတိုင်း လျှင်မြန်စွာ သွားနေခဲ့ပေ၏။
ထိုမြင်ကွင်းက ကျုံးချင်အပေါ် ထားရှိသော ညှို့ငင်ခြင်းသားရဲ၏ကြောက်ရွံ့မှုများကို မြင့်တက်လာစေပြီး ထိတ်လန့်မှုအရိပ်အယောင်တချို့ပင် ပို၍နက်ရှိုင်းလာစေခဲ့သည်။
အကယ်၍ ယန်သုံးပါးနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ယောက်သာ လာခဲ့မည်ဆိုပါက သူတို့သည် ထိုမိုးကြိုးပင်လယ်ကို ဖြတ်ကူးနိုင်လောက်မည် မဟုတ်ချေ။
သို့သော် တစ်ဖက်လူသည် ထိုထိတ်လန့်ဖွယ် အန္တရာယ်ကို ဘာမှမဟုတ်သည့်အလား သတ်မှတ်ထားပေ၏။
ထိုအရာက ညှို့ငင်ခြင်းသားရဲကို သူ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းချသွားစေခဲ့သည်။
သူ ဤဘဝတွင် လွတ်လပ်မှု ရရှိရန်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက် ခက်ခဲနိုင်သည်။
ထိုအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် ရှေ့ရှိ အဆုံးမဲ့မိုးကြိုးပင်လယ်ကို ကြည့်လိုက်ကာ သူ အတွေးနက်နေပုံရသည်။
သူက သူ၏စိတ်ကို တိတ်တဆိတ် ရှင်းလင်းလိုက်ပြီး သတင်းအချက်အလက်တချို့ကို ထုတ်ယူရန် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် လောကကြီးနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏ မျက်လုံးများထဲတွင် ရှင်းလင်းသော နားလည်မှုတစ်ခု ထင်ဟပ်လာခဲ့သည်။
ထိုမိုးကြိုးပင်လယ် ဖြစ်ပေါ်လာခြင်းမှာ ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းများ ဖရိုဖရဲ ဖြစ်နေခြင်းကြောင့်ပင်။
စည်းမျဉ်းများဆိုသည်မှာ ဥပဒေသထက် ပို၍မြင့်မားသော စွမ်းအားအဆင့်တစ်ခု ဖြစ်သည်။
အကယ်၍ ကောင်းကင်နှင့်မြေပြင်ကြားတွင် ဥပဒေသက တောင်များနှင့်မြစ်များထဲတွင် ပုန်းကွယ်နေသော အရာအားလုံး၏ ဖွဲ့စည်းပုံ အခြေခံကို တည်ဆောက်ပေးသည်ဟု ဆိုပါက စည်းမျဉ်းများ ဆိုသည်မှာ ဥပဒေသများကို ကျော်လွန်သော ကန့်သတ်ချက်များပင်။
ယေဘုယျအားဖြင့် ပြောရလျှင်....
စည်းမျဉ်းတစ်ခုစီက ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်ပြီး ကိုယ်ပိုင်တာအိုကို လိုက်နာကာ တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။
သို့သော် အမည်မသိ အကြောင်းရင်း တစ်ခုခုကြောင့်....
ထိုနေရာရှိ စည်းမျဉ်းအစီအစဉ်၏ စွမ်းအားများမှာ သီးသန့်လည်ပတ်မှု လမ်းကြောင်းများမှ သွေဖည်သွားခဲ့သည်။
ထိုအရာများ ယှက်နွှယ်ပြီး တိုက်မိကြသဖြင့် ထူးဆန်းသော မိုးကြိုးပင်လယ်ကို ဖန်တီးလိုက်ခြင်း ဖြစ်ပေ၏။
ထိုစည်းမျဉ်းများ၏စွမ်းအားသည် ပြင်းထန်စွာ ကျိုးပဲ့နေပြီး အပြည့်အဝ စွမ်းအားကို မထုတ်လွှတ်နိုင်ခြင်းမှာလည်း ကံကောင်းခြင်းတစ်ခု ဖြစ်သည်။
ထိုသို့မဟုတ်ပါက ကျုံးချင်၏ ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံမှုဖြင့်ပင် ထိုထူးဆန်းသော နေရာကို ဖြတ်ကူးရန် သေချာပေါက် ရဲဝံ့မည် မဟုတ်ချေ။
မိုးကြိုးပင်လယ်တစ်ခုလုံးမှာ ကျယ်ပြန့်ခြင်းမရှိဘဲ မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
သို့သော် မိုင်အနည်းငယ်မျှသာ ရှိသော်လည်း ကျုံးချင်၏စွမ်းအားဖြင့် ထိုနေရာကို ဖြတ်ကူးရန် သုံးရက် အချိန်ယူခဲ့ရပေ၏။
မည်သို့ပင်ဆိုစေကာမူ ကျုံးချင်အတွက် ထိုမိုးကြိုးပင်လယ်မှာ အမှန်တကယ် ကြီးမားသော အန္တရာယ်တစ်ခု မဖြစ်စေခဲ့ဘဲ ခမ်းနားလှပသော အံ့ဖွယ်နေရာတစ်ခုသာ ဖြစ်သည်။
မိုးကြိုးပင်လယ်ကို ဖြတ်သန်းသွားပြီးနောက်...
ကျုံးချင်က သူ၏နယ်ပယ်ကို ပြန်လည်၍ ရုတ်သိမ်းလိုက်၏။
သူ၏ရှေ့ရှိ အမြင်အာရုံ ရှင်းလင်းစွာ ပိတ်ဆို့ခံလိုက်ရသည်။
အဝေးတွင် သီးသန့် ကျွန်းနှစ်ကျွန်း ရှိနေပြီး ထိုကျွန်းများသည် တိမ်တိုက်များထဲသို့ ထိုးတက်နေသော တောင်ထိပ်များနှင့် တူညီသည်။
ထိုအရာများသည် ကမ်းခြေနှစ်ဖက် တောင်ကြားပင်။
ဝူလျှန်ဂိုဏ်းချုပ် ပေးထားသော မြေပုံပေါ်တွင် ထိုနေရာကို မှတ်သားထားခဲ့သည်။
ထို့ပြင် ထိုနေရာတွင် စည်းမျဉ်းများထံမှ ဖိနှိပ်မှု တစ်ခုကိုလည်း ကျုံးချင်က ခံစားမိပေ၏။
အမှန်အားဖြင့် ဖရိုဖရဲနတ်ဆိုးပင်လယ်သို့ သူ ရောက်ရှိလာစဥ်တည်းက ထိုစည်းမျဉ်း ဖိနှိပ်မှုကို သူ ခံစားမိခဲ့ပြီးဖြစ်သည်။
ထိုနေရာတွင် ဖိနှိပ်မှုမှာ အလွန်အားမကောင်းခဲ့ခြင်းသာ ဖြစ်ပေ၏။
သို့သော် မိုးကြိုးပင်လယ်ကို ဖြတ်သန်းပြီးနောက် ထိုဖိနှိပ်မှုမှာ အဆများစွာ ပို၍အားကောင်းလာခဲ့သည်။
သူက လေထဲတွင် ပျံသန်းရန် ကြိုးစားလိုက်ကာ သူ အမြင့်သို့ တက်သွားသည်နှင့်အမျှ စည်းမျဉ်းများထံမှ ဖိနှိပ်မှု ပို၍အားကောင်းလာခဲ့သည်။
အစပိုင်းတွင် တောင်ကြီးတစ်လုံးက ဖိနှိပ်နေသကဲ့သို့ သူ ခံစားမိသည်။
နောက်ပိုင်းတွင် ကုန်းမြေတစ်ခုလုံးကို သူ ကျောပိုးထားရသကဲ့သို့ ခံစားရသည်။
သူ ပို၍မြင့်မားစွာ ပျံသန်းလေလေ ဖိအားသည် ပို၍ထိတ်လန့်ဖွယ် ကောင်းလာလေလေပင်။
နောက်ဆုံးတွင် သူ၏ ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံမှုဖြင့်ပင်လျှင် ခံနိုင်ရည်ရှိရန် အနည်းငယ် ခက်ခဲလာကြောင်း သူ တွေ့ရှိလိုက်ရသည်။
ထိုစည်းမျဉ်းဖိနှိပ်မှုကို အစွမ်းထက်သော ရုပ်ခန္ဓာကိုယ်ဖြင့် ခုခံနိုင်စွမ်း မရှိသလို ဝင်္ကပါခံနိုင်ရည်စွမ်းမှာလည်း အသုံးမဝင်တော့ချေ။
ကျုံးချင်က ရေရွတ်လိုက်၏။
"ဒါက တကယ်ကို ထူးဆန်းပြီး အန္တရာယ်များတဲ့ နေရာပဲ..."
ကျုံးချင်သည် အတင်းအကြပ် ဖြတ်သန်းရန် မကြိုးစားတော့ဘဲ လှေဦးသို့ ပြန်သွားရန် ရွေးချယ်လိုက်၏။
သို့သော် သူ၏နှလုံးသားထဲတွင် လေးလံထိုင်းမှိုင်းမှုများ မလွဲမသွေ ဖိစီးလာခဲ့သည်။
ဤဒေသသည် သူ တွေးထင်ထားသည်ထက်ပင် ပို၍ထူးဆန်းနေပေ၏။
ထို့ပြင် ဤနေရာသည် ပို၍လည်း သာမန်ထက် လွန်ကဲနေသည်။
ကမ်းခြေနှစ်ဖက်တောင်ကြားသို့ ရောက်ရှိချိန်၌ လှေ၏အမြန်နှုန်း လုံးလုံးလျားလျား နှေးကွေးသွားခဲ့သည်။
ထိုတောင်ကြားသည် အလွန်ရှည်လျားပြီး တောင်ထိပ်တစ်ခုဟု ခေါ်ဆိုခြင်းထက် တောင်တန်းတစ်ခုဟု ခေါ်ဆိုခြင်းက ပို၍တိကျပေလိမ့်မည်။
တောင်ထိပ်များသည် မြင့်မားပြီး ရှည်လျားကာ အဆုံးမဲ့ ဆန့်တန်းနေပေ၏။
တောင်တန်းများသည် ပင်လယ်ပြင်ကို ဖြတ်သန်းနေသော အိပ်ပျော်နေသည့် နဂါးနှစ်ကောင်နှင့် တူညီနေသည်။
ထိုနေရာသည် ရစ်ခွေပြီး ကွေ့ကောက်နေကာ လမ်းကြောင်းက လှေတစ်စင်းဖြတ်သန်းရန်သာ ခွင့်ပြုထားသည်။
အနည်းငယ်မျှသော ပေါ့ဆမှုက သန္တာကျောက်တန်းများနှင့် တောင်ကုန်းများကို ဝင်တိုက်မိစေပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ညှို့ငင်ခြင်းသားရဲသည် လှေကိုထိန်းချုပ်ရာတွင် ပို၍ကျွမ်းကျင်လာသဖြင့် မတော်တဆမှုများ မဖြစ်ပေါ်ခဲ့ချေ။
သူတို့သည် နေ့တစ်ဝက်ခန့် ခရီးသွားခဲ့ကြ၏။
ထူးဆန်းသောနေရာတစ်ခုက ကျုံးချင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ထိုအရာများမှာ အရိုးစုနှစ်ခုဖြစ်ပြီး ပေရာနှင့်ချီ၍ မြင့်မားသည်။
ထိုအရာများ၏ တစ်ဝက်မှာ ပင်လယ်ရေထဲတွင် နစ်မြုပ်နေပြီး တခြားတစ်ဝက်မှာ တောင်တန်းပေါ်တွင် ပေါ်လွင်နေသည်။
အရိုးစုများအနက်မှ တစ်ခုသည် တစ်ကိုယ်လုံးတွင် ကြည်လင်သော ကျောက်စိမ်းအလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
ထိုအရိုးစုများရှိရာ နေရာတွင် နှင်းပွင့်ဖြူများ လွင့်မျောနေပြီး ရေခဲပွင့်များ ဖြစ်တည်နေပေ၏။
တခြားတစ်ခုမှာ အရောင်အားဖြင့် နီရဲနေခဲ့သည်။
အဝေးမှနေ၍ ထိုအရိုးစုထံမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် မြင့်မားသည့် အပူချိန်ကို ခံစားနိုင်သည်။
ထိုမြင့်မားသော အပူချိန်က အရိုးစုကို ထောက်ပံ့ပေးထားသော တောင်တန်းကိုပင် ချော်ရည်များ အဖြစ် လောင်ကျွမ်းသွားစေခဲ့သည်။
ရေခဲအရိုးတစ်ခု... မီးအရိုးတစ်ခု...ဤသည်က ရေခဲမီးတောက်ကျွန်းတစ်ခုနှင့် တူညီနေသည်။
သေဆုံးသွားပြီးနောက်တွင်ပင် သူတို့၏အရိုးများသည် သာမန်ထက် သာလွန်ထူးကဲနေပေ၏။
မသေဆုံးမီက သူတို့သည် အံ့အားသင့်ဖွယ်ကောင်းသော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ကြမည်မှာ သေချာပေါက်ပင်။
ထိုကဲ့သို့ နတ်ဘုရားအလောင်းများကို ကျုံးချင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်ပေ၏။
အမှန်တကယ်ပင် ဤခရီးစဉ်က သူ၏ အသိအမြင်ကို များစွာကျယ်ပြန့်သွားစေခဲ့သည်။
မိုးကြိုးများဖြင့် ပြည့်နှက်နေသော မိုးကြိုးပင်လယ်...
မွေးရာပါ နှင်းခဲများနှင့် ကြမ်းတမ်းသော မီးတောက်များကို ထုတ်လွှတ်နေသည့် အရိုးစုများရှိသော ရေခဲမီးတောက်ကျွန်း...
အလောင်းများထံမှ ထွက်ပေါ်နေသော ရှေးဟောင်းအရှိန်အဝါကို အကဲခတ်ကြည့်ရသလောက် ထိုအရိုးစုနှစ်ခု၏ပိုင်ရှင်များ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထို့ပြင် သူတို့သည် ပင်လယ်သတ္တဝါများနှင့် မတူဘဲ ကုန်းနေသတ္တဝါများနှင့် ပို၍တူညီသည်။
ကျုံးချင်က ထိုသတ္တဝါများသည် အလယ်ပိုင်းဒေသမှ ကူးလာသော သတ္တဝါများ ဖြစ်မည်ဟု ခန့်မှန်းမိပေ၏။
သို့သော် အမည်မသိ အကြောင်းရင်း တစ်ခုခုကြောင့် သူတို့ ထိုနေရာတွင် သေဆုံးသွားခဲ့ရသည်။
ထိုအရာများကို ပို၍နက်ရှိုင်းစွာ လေ့လာရန် သူ့ထံ၌ ရည်ရွယ်ချက် မရှိခဲ့ချေ။
လူအမြောက်အများအတွက် သမိုင်းကို ဖွင့်လှစ်ခြင်းနှင့် လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေခြင်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင် လွန်စွာစိတ်ကျေနပ်ဖွယ်ကောင်းသော ကြိုးပမ်းအားထုတ်မှုတစ်ခုပင်။
သို့သော် ကျုံးချင်အတွက်မူ လောကကြီးတွင် လျှို့ဝှက်ချက်များ များပြားလွန်းလှ၏။
လူတစ်ယောက်တည်းရဲ့စွမ်းအားနဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ဘယ်လိုလုပ် စူးစမ်းရှာဖွေနိုင်မှာလဲ...
ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်လေ...
ကိုယ့်ထမင်း ကိုယ်စားလေ...
စကားတစ်ခွန်းတည်းနဲ့ အကျဉ်းချုပ်ရရင် ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါနဲ့ပေါ့...
လှေက ရေခဲမီးတောက်ကျွန်းကို စတင် ဖြတ်သန်းချိန်မှာပင် ကျုံးချင်က မျက်ခုံးပင့်လိုက်၏။
အကြောင်းအရင်းမှာ နက်ရှိုင်းသော ပင်လယ်ထဲတွင် လှေဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ပုံရိပ်တချို့ကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထိုပုံရိပ်များသည် အလွန်ကြီးမားကြပြီး ပုံရိပ်ငယ်များမှာ ပေဆယ်နှင့်ချီ ရှည်လျားကာ ပုံရိပ်ကြီးများကမူ ပေတစ်ရာနီးပါး ရှိကြသည်။
သူတို့ တစ်ဦးချင်းစီထံမှ ဖော်ပြ၍ မရနိုင်သော ကြမ်းတမ်းသည့် အရှိန်အဝါတစ်ရပ်ထွက်ပေါ်နေခဲ့ကာ ထိတ်လန့်ဖွယ် စွမ်းအားများကို သယ်ဆောင်လာသည်။
သူတို့၏ခန္ဓာကိုယ်များ လှုပ်ရှားသွားသည်နှင့်အမျှ အဆုံးမဲ့ ရေအောက်ရေစီးကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
"ဝုန်း..."
မိုးခြိမ်းသံအလား ကျယ်လောင်သော မြည်ဟီးသံတစ်သံနှင့်အတူ ပုံရိပ်တစ်ခုက ရေထဲမှ ခုန်ထွက်လာပေ၏။
...