← Chapters

မတူညီသော အမြင်များ

Vol. 35 Ch. 346

မတူညီသော အမြင်များ

Vol. 35 Ch. 346

ထိုပုံရိပ်သည် တောင်ကြီး တစ်လုံးအလား ဖြစ်နေပြီး ခုန်ထွက်လာသည်နှင့် တပြိုင်နက် ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုအရာက ကြီးမားသော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်စေခဲ့ပေ၏။

ထိုသားရဲ၏ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေခဲ့ အစွယ်များသက်သက်ကပင် ဆယ်ပေခန့် ရှည်လျားသည်။

ထိုသားရဲ၏မျက်လုံးများက ရေစည်ပိုင်းကြီးများအလား ပြူးကျယ်ကာ နီမြန်းနေသည်။

ထိုအရာမှာ ကျားငါးမန်းသားရဲ တစ်ကောင် ဖြစ်ကြောင်း ထင်ရှားသည်။

ကျားငါးမန်းမျိုးနွယ်စုသည် ဖရိုဖရဲနတ်ဆိုးပင်လယ်တွင် အစွမ်းထက်သော အင်အားစုတစ်ခုပင်။

သူတို့၏ သဘာဝမှာ အကြမ်းဖက်ပြီး ရက်စက်ကာ သတ်ဖြတ်ခြင်းကို နှစ်သက်ကြသည်။

ကျုံးချင်က တစ်ချက်ကြည့်လိုက်၏။

အလယ်ပိုင်းဒေသသို့ သွားသောလမ်းတွင် အခက်အခဲများ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု လူများအားလုံးက ပြောဆိုကြသည်။

ယနေ့၌ သူ နောက်ဆုံးတွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရလေပြီ။

သူ ယခုထိ ဘယ်လောက်ဝေးဝေး ခရီးရောက်နေခဲ့သနည်း...

ပထမဆုံးအနေနဲ့ မိုးကြိုးပင်လယ်နဲ့ ကြုံရတယ်... အခု ကျားငါးမန်းမျိုးနွယ်စုနဲ့ ကြုံတွေ့ရတယ်....

ပင်လယ်ထဲမှ ကျားငါးမန်းသားရဲများ တစ်ကောင်ပြီး တစ်ကောင် ခုန်တက်လာကြ၏။

သူတို့က အဆုံးမဲ့လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။

သူတို့၏မျက်လုံးများ နီမြန်းနေပြီး သူတို့၏ချီများက ရုန့်ရင်းကြမ်းတမ်းနေခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းသည့် ရက်စက်ကြမ်းကြုတ်သော စွမ်းအားများက ကောင်းကင်နှင့်မြေပြင်တခွင်တွင် ထကြွသောင်းကျန်းနေခဲ့သည်။

ကောင်းကင်ရှိ လေနှင့် တိမ်တိုက်များပင်လျှင် ထိုထိတ်လန့်ဖွယ်ချီများကြောင့် လှုပ်ရှားသွားခဲ့သည်။

ဆယ်နှင့် ရာနှင့်ချီသော ပုံရိပ်များက လှေကို ဝိုင်းရံထားကြ၏။

သူတို့က ကျုံးချင်နှင့် ညှို့ငင်ခြင်းသားရဲကို သူတို့၏သားကောင်များအဖြစ် သတ်မှတ်ထားကြကြောင်း သိသာထင်ရှားသည်။

သူတို့မှာ အလွန်မြန်ဆန်ပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လှေထံသို့ ရောက်ရှိလာကြသည်။

သူတို့ တစ်ဦးချင်းစီက ရက်စက်ကြမ်းတမ်းသော မျက်နှာများကို ပြသနေကြပြီး တိုက်ခိုက်ရန် ဟန်ရေးပြနေကြ၏။

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။

ထိုကျားငါးမန်းသားရဲ တစ်ကောင် နှစ်ကောင်ကို သူ ဂရုမစိုက်သော်လည်း သူတို့၏အရေအတွက်မှာ များပြားလွန်းနေသည်။

အရေးကြီးဆုံးအချက်မှာ ဖရိုဖရဲနတ်ဆိုးပင်လယ်တွင် သူ အချိန်အကြာကြီး လေထုထဲတွင် မနေနိုင်သည့်အပြင် လှေကိုလည်း မထိခိုက်စေရန် ကာကွယ်ပေးရပေမည်။

ထိုကိစ္စမှာ အမှန်တကယ်ကို သေးငယ်သော ပြဿနာတစ်ရပ် မဟုတ်ချေ။

ကျုံးချင်က ကျန်ရှိနေသော ကျားငါးမန်းသားရဲများကို ဆုတ်ခွာသွားစေရန်အတွက် ခြောက်လှန့်ရန် လွှမ်းမိုးနိုင်သော စွမ်းအားကို အသုံးပြု၍ သားရဲတချို့ကို ရှင်းလင်းပစ်ရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပေ၏။

အဝေးမှနေ၍....

ကြည်လင်ပြတ်သားသော သီချင်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုသီချင်းသံသည် ကြည်လင်ပြတ်သားပြီး နားထောင်၍ကောင်းသော်လည်း တမူထူးခြားသော စွမ်းအားတစ်ရပ် ပါဝင်နေသည်။

အသံလှိုင်းများက တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး ပင်လယ်ပြင်ကို တုန်ခါသွားစေကာ အဆုံးမဲ့ ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုအသံလှိုင်းများက တလိမ့်လိမ့်ထနေသော ဒီရေများကို မြှင့်တင်လိုက်ကြ၏။

မျက်စိတစ်မှိတ်အတွင်း ပင်လယ်ရေ မျက်နှာပြင် လျှင်မြန်စွာ မြင့်တက်လာပြီး ပေဆယ်နှင့်ချီနီးပါး ပို၍မြင့်မားလာခဲ့သည်။

ထိုရေလှိုင်းက ရေနံရံကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ထိုအရာအထက်တွင် ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခုက ကြေးညိုရောင် နံရံနှင့် သံမဏိခံတပ်ကြီး တစ်ခုအလား တောက်ပနေသည်။ ထိုအရာသည် ကျုံးချင် မလှုပ်ရှားမီမှာပင် လှေကို ကာကွယ်ပေးလိုက်ပြီး ကျားငါးမန်းမျိုးနွယ်စု၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုကို တားဆီးပေးလိုက်၏။

ကျုံးချင်က အသံလှိုင်းများလာရာ ဦးတည်ချက်သို့ ကြည့်လိုက်သည်။

သူ၏အရှေ့ရှိ လက်ဝဲဘက်ခြမ်းတွင် ပေတစ်ရာခန့် အမြင့်သို့ ခုန်တက်နေသော အပြာရောင် စိတ်ဝိညာဥ်လင်းပိုင်သားရဲတစ်ကောင်ကို သူ မြင်တွေ့မိသည်။

ထိုစိတ်ဝိညာဥ်လင်းပိုင်သားရဲသည် သေးငယ်ခြင်းမရှိဘဲ အရွယ်အစားအားဖြင့် ဆယ်ပေခန့် ရှိသည်။

သူ၏ ခန္ဓာကိုယ်မှ နူးညံ့သိမ်မွေ့သော အလင်းရောင်တစ်ခု ထွက်ပေါ်နေပေ၏။

လင်းပိုင်သည် သန့်ရှင်းမြင့်မြတ်ပြီး သာမန်ထက် သာလွန်ထူးကဲသော အရှိန်အဝါတစ်ရပ်ကို သယ်ဆောင်လာခဲ့သည်။

လင်းပိုင်၏တစ်ကိုယ်လုံးတွင် စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ပန်းချီကား တစ်ချပ်ထဲမှ ထွက်လာသော သန့်ရှင်းမြင့်မြတ်သည့် နတ်ဘုရားသားရဲတစ်ကောင်နှင့် တူညီနေသည်။

အပြာရောင် စိတ်ဝိညာဥ်လင်းပိုင်သားရဲ၏နောက်တွင် ပုံရိပ်တစ်ခုပြီးတစ်ခု လိုက်ပါလာခဲ့ကြ၏။

ဤသည်က ထူထပ်သိပ်သည်းပြီး အကန့်အသတ်မဲ့နေသည်။

သူတို့သည် ရှေးဟောင်းဆန်ပြီး နူးညံ့ညင်သာသော သီချင်းများကို သီဆိုနေကြသည်။

ထိုမျိုးနွယ်စုသည် နက်ရှိုင်းသော ပင်လယ်စိတ်ဝိညာဉ် လင်းပိုင်မျိုးနွယ်စုပင်။

အကယ်၍ ဤှအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ကောင်းကင်ယံမှနေ၍ အောက်သို့ ငုံ့ကြည့်မည်ဆိုပါက သူတို့ မြင်တွေ့ရမည်မှာ...

ဆက်တိုက် ဖြစ်နေသော တောင်တန်းနှစ်ခုက နက်ရှိုင်းသော ပင်လယ်ပြင်ကို ဖြတ်သန်းသွားကာ တောင်တန်း၏အမြှီးပိုင်းမှာ ရေခဲမီးတောက်ကျွန်း ဖြစ်သည်။

ကျုံးချင် စီးနင်းလာသောလှေသည် ရေခဲတောက်မီးကျွန်း၏ကြားတွင် ဆိုက်ကပ်ထားပေ၏။

တစ်ဖက်တွင် ဆယ်နှင့်ရာနှင့်ချီသော ကျားငါးမန်းသားရဲများက ရုန့်ရင်းကြမ်းတမ်းစွာ စိုက်ကြည့်နေကြပြီး သူတို့၏ရက်စက်မှုကို အပြည့်အဝ ဖော်ပြနေကြသည်။

တခြားတစ်ဖက်တွင် စိတ်ဝိညာဥ်လင်းပိုင်သားရဲများ တစ်ကောင်ပြီးတစ်ကောင်က သာမန်ထက် သာလွန်ထူးကဲသော သဘာဝလွန်ဖြစ်စဉ်များကို ပြသနေကြ၏။

အလယ်တွင် ဆူပူနေသော ရေနံရံကြီးတစ်ခု ရှိနေသည်။

ထိုရေနံရံကြီးသည် သန့်ရှင်းမြင့်မြတ်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်ထားပြီး ကာကွယ်မှု စွမ်းအားကို သယ်ဆောင်လာကာ လူများကို ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှု ခံစားချက် တစ်ရပ်အား ပေးစွမ်းနေခဲ့သည်။

စိတ်ဝိညာဥ်လင်းပိုင်သားရဲများ အမြောက်အများ ထွက်ပေါ်လာသည်နှင့်အမျှ သူတို့၏ သီချင်းများ ပဲ့တင်ထပ်နေပြီး ယှက်နွှယ်နေကာ ပို၍ပီပြင်ရှင်းလင်းလာခဲ့သည်။

သူတို့ထံမှ ဖြစ်ပေါ်စေသော ပင်လယ်လှိုင်းများသည်လည်း ပို၍တဝုန်းဝုန်းထလာပြီး ကျုံးချင်၏ရှေ့တွင် တည်ဆောက်ထားသော ရေနံရံကြီးမှာလည်း ပို၍ခိုင်မာလာပေ၏။

သူတို့က ကျုံးချင်ကို ကာကွယ်ပေးနေကြောင်း သိသာထင်ရှားသည်။

ကျားငါးမန်းမျိုးနွယ်စုနှင့် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု နှစ်ခုလုံးသည် မိုင်ပေါင်းသောင်းချီသော အချင်းဝက်အတွင်းရှိ ပင်လယ်ပြင်တွင် လွန်စွာအစွမ်းထက်သော အင်အားစုများပင်။

ယခုအချိန်၌....

အင်အားစုနှစ်စုသည် ထိပ်တိုက်ရင်ဆိုင်နေကြလေပြီ။

တစ်ဖက်မှာ အလွန်အမင်း ရက်စက်ပြီး ရှေးဟောင်းရက်စက်ကြမ်းတမ်း သားရဲတစ်ကောင် ဆင်းသက်လာသကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စွမ်းအားက မိုးကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။

တစ်ဖက်မှာ သန့်ရှင်းမြင့်မြတ်ပြီး သာမန်ထက် သာလွန်ထူးကဲကာ သန့်ရှင်းမြင့်မြတ်သော နတ်ဘုရားသားရဲ တစ်ကောင် လောကသို့ ဆင်းသက်လာသည့်အလားပင်။

နှစ်ဖက်လုံးက အဝေးမှနေ၍ မျက်နှာချင်းဆိုင်နေကြပြီး ထိုခရီးစဉ်အတွက် လှေမှာ သူတို့၏ ပစ်မှတ် ဖြစ်နေသည်။

ကွာခြားချက်မှာ တစ်ဖက်က တိုက်ခိုက်ချင်ပြီး တခြားတစ်ဖက်က ကာကွယ်လိုခြင်းပင်။

ကျားငါးမန်းသားရဲများ၏ခေါင်းဆောင်က ပင်လယ်တစ်ဝက်ကို နေရာယူထားသော ထူထပ်သိပ်သည်းသည့် စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

ခေါင်းဆောင်က အချိန်တခဏမျှ စဉ်းစားလိုက်ပြီး အတွင်းစိတ်ရုန်းကန်မှုတစ်ခု ဖြစ်ပြီးနောက် လှေပျံကို နာကြည်းစွာ စိုက်ကြည့်လိုက်ကာ သူ၏မျိုးနွယ်စုဝင်များကို ဦးဆောင်၍ မလိုလားစွာဖြင့် ဖြည်းညှင်းစွာ ဆုတ်ခွာသွားခဲ့သည်။

သိသာထင်ရှားစွာပင်...

ကျားငါးမန်းမျိုးနွယ်စုနှင့် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုတို့သည် ယခင်က အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့ဖူးပြီး ထိုစိတ်ဝိညာဥ်လင်းပိုင်သားရဲအုပ်စုကို သူတို့ အလွန်သတိထားနေကြခြင်း ဖြစ်ပေ၏။

ကံကြမ္မာကောင်းခြင်းကို ရှာဖွေပြီး ဘေးဒုက္ခကို ရှောင်ရှားခြင်းမှာ သက်ရှိအားလုံး၏ အလိုအလျောက်တုံ့ပြန်မှုပင်။

လူသား တစ်ယောက် သို့မဟုတ် နှစ်ယောက်အတွက် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုနှင့် တိုက်ခိုက်ရခြင်းမှာ မတန်ချေ။

ထို့နောက် ကျားငါးမန်းမျိုးနွယ်စု ဆုတ်ခွာသွားသည်နှင့်အမျှ...

ကျုံးချင်၏ရှေ့တွင် တည်ဆောက်ထားသော ရေနံရံကြီးသည် အလိုအလျောက် ပျောက်ကွယ်သွားပြီး အပြာရောင်ပင်လယ်ပြင် အဖြစ်သို့ ပြန်လည်၍ ပြောင်းလဲသွားခဲ့ပေ၏။

ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဥ်လင်းပိုင်သားရဲများက တစ်ကောင်ပြီး တစ်ကောင် လှေ၏အနားသို့ ကူးခတ်လာကြသည်။

သူတို့က အလိုအလျောက် စက်ဝိုင်းတစ်ခု ဖန်တီးလိုက်ပြီး လမင်းကို ဝန်းရံနေသော ကြယ်များအလား လှေကို ဝိုင်းရံထားကာ လှေကို အစောင့်အရှောက်အဖြစ် လိုက်ပါနေကြောင်း သိသာထင်ရှားသည်။

ထိုမြင်ကွင်းက ကျုံးချင်ကို အလွန်အံ့အားသင့်သွားစေပေ၏။

သူက ဒဏ္ဍာရီ တစ်ခုကို တွေးမိလိုက်သည်။

ရှေးဟောင်းကာလက လူသားမျိုးနွယ် လူငယ် တစ်ဦးသည် ပင်လယ်ကမ်းစပ်တွင် မိန်းကငယ်လေးတစ်ဦးကို ကယ်တင်ခဲ့သည်ဟု ဒဏ္ဍာရီလာ ရှိသည်။

ထိုမိန်းကလေးမှာ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု၏မင်းသမီးလေးပင်။

လူငယ်လေး၏ အသက်ကယ်တင်မှု ကျေးဇူးကို ပြန်ဆပ်ရန်အတွက်....

သူမက သူမကိုယ်သူမ ပေးအပ်ခဲ့ရုံသာမက လူသားမျိုးနွယ်နှင့် မိတ်ဆွေဖွဲ့ရန် သူမ၏မျိုးနွယ်စု တစ်ခုလုံးကို ဦးဆောင်ရန်လည်း ဆန္ဒရှိခဲ့သည်။

ထိုအချိန်မှစ၍ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုသည် ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသော လူသားမျိုးနွယ်ဝင်များကို မကြာခဏ ကယ်တင်လေ့ရှိပြီး လူသားမျိုးနွယ်ကလည်း စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုနှင့် အမြဲတစေ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။

ထိုမျိုးနွယ်စုနှစ်ခုသည် ထိုသို့ဖြင့် နက်ရှိုင်းသော သံယောဇဉ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။

ဤဇာတ်လမ်းသည် ထူးဆန်းပြီး ယုတ္တိမတန်လှချေ။

ထိုဒဏ္ဍာရီမှာ နတ်သမီးပုံပြင်တစ်ပုဒ်နှင့် တူညီနေပေ၏။

သို့သော် ကျုံးချင်က ဒဏ္ဍာရီနှင့် တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့ရသည်။

ဒဏ္ဍာရီများ အမှန်တကယ် ဖြစ်လာသည့် ခံစားချက်က အလွန်အံ့အားသင့်ဖွယ် ကောင်းလှသည်။

စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စု၏ အစောင့်အရှောက် အောက်တွင် လှေသည် နောက်ထပ်မိုင်တစ်ထောင်ခန့် ခရီးဆက်ခဲ့ပေ၏။

လှေသည် လုံခြုံသော နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုက နောက်မှလိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင်..

ကြည်လင်ပြတ်သားသော သီချင်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ အစောပိုင်းက ကျားငါးမန်းမျိုးနွယ်စုကို နှင်ထုတ်ခဲ့သော သီချင်းသံနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် သီချင်းသံသည် သိသိသာသာ ပို၍ကြည်လင်ပြီး နားထောင်၍ ပိုကောင်းကာ ပို၍လှပသည်။

ထို့ပြင် သီချင်းသံတွင် သာမန်ထက် လွန်ကဲသောအရာ လုံးဝမပါဝင်ချေ။

သို့သော် သီချင်းသံ ဖော်ပြနေသော အဓိပ္ပာယ်မှာ နှုတ်ဆက်ခြင်းနှင့် ကောင်းချီးပေးခြင်း တစ်ခုနှင့် တူညီနေပေ၏။

သောင်းနှင့်ချီသော ကြည်လင်သည့် သံပြိုင်သီချင်းသံများကြားတွင်....

အပြာရောင် စိတ်ဝိညာဥ်လင်းပိုင်သားရဲ တစ်ကောင်က ကြယ်များ၏အလင်းရောင်အောက်တွင် ပင်လယ်ထဲမှ ခုန်ထွက်လာပြီး သုံးပေခန့် မြင့်သော လှိုင်းလုံးများကို ဖြာကျစေကာ လှပသော မိန်းမငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ကျုံးချင်၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

သူမထံတွင် တန်ဖိုးကြီး ရတနာများအလား စူးရှတောက်ပသော အပြာရောင်မျက်လုံးတစ်စုံ ရှိပေ၏။

ရှည်လျားသော အပြာရောင် ဆံပင်များက သူမ၏ခါးအထိ ဖြာကျနေခဲ့သည်။

အပြာရောင်ဝတ်စုံရှည် တစ်ထည်က သူမ၏ မွန်မြတ်တင့်တယ်သော ဟန်ပန်ကို ပို၍ပေါ်လွင်စေသည်။

သူမ၏ ပြီးပြည့်စုံသော မျက်နှာသွင်ပြင်သည် ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသော နတ်သူငယ်တစ်ကောင်နှင့် တူညီနေသည်။

သူမက ကျုံးချင်ကိုကြည့်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။

"ငါတို့ နင့်ကို ဒီအထိပဲ လိုက်ပို့ပေးနိုင်မယ်..."

သူမထံတွင် လောကကြီး၌ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အရာတစ်ခုကို ကျုံးချင် မြင်တွေ့မိလေ၏။

သန့်စင်မှု...

တခြားမည်သည့် အကျိုးအမြတ် ရည်ရွယ်ချက်မျှ မရှိဘဲ လူများကို ကယ်တင်ချင်ရုံသက်သက် ဖြစ်နေလောက်အောင် သန့်စင်နေခြင်းပင်။

လူများကြား၌ ယုံကြည်မှုများ လုံးလုံးလျားလျား ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့် ဤခေတ်ကာလအတွင်း၌....

သားရဲမျိုးနွယ်စုတစ်စုထံတွင် အကြွင်းမဲ့ ရိုးသားမှုကို သူ ခံစားခဲ့ရပြီး သန့်စင်သော ကြင်နာမှုကို သူ မြင်တွေ့ခဲ့ရသည်။

ထိုအရာက ကျုံးချင်၏စိတ်နှလုံးသားကို နက်ရှိုင်းစွာ ထိရှသွားစေခဲ့သည်။

တစ်ဖက်လူက သူ့ကို ကယ်တင်ခဲ့ရုံသာမက မည်သည့် အကျိုးအမြတ်မျှ မမျှော်လင့်ဘဲ သူ့ကို မိုင်တစ်ထောင်ခန့် စောင့်ရှောက်လိုက်ပါလာခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင်...

အကယ်၍ သူသာဆိုလျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ချေ။

သို့သော် ထိုအချက်က ထိုကဲ့သို့ လူမျိုးအပေါ် လေးစားမှုအား ခံစားရခြင်းမှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။

ထိုသန့်စင်ပြီး အဆုံးစွန်သော ကောင်းမြတ်မှုကြောင့်သာ လောကကြီးသည် ပို၍လှပပြီး တန်ဖိုးထားထိုက်ခြင်း ဖြစ်ပေ၏။

ထိုသို့ တွေးလိုက်မိပြီး ကျုံးချင်က တစ်ဖက်လူအား လက်ပူးဆုပ်ကာ တည်ကြည်လေးနက်စွာ ဦးညွှတ်ပြီး ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

မိန်းကလေးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရပါတယ်... မြန်မြန် သွားတော့... တကယ်လို့ နင် အရမ်းနှေးနေရင် အဲဒီ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ကျားငါးမန်းမျိုးနွယ်စုက နောက်တစ်ကြိမ် မှီလာလိမ့်မယ်..."

ထိုအကြောင်းကို ပြောချိန်၌ သူမက တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

သူမက ထပ်မံ၍ ပြောဆိုလိုက်၏။

"အိုး... ဟုတ်သားပဲ... ဒီပင်လယ်နယ်မြေမှာ ငါ့တို့ရဲ့ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်တွေ ပြန့်ကျဲနေတယ်... နင့်ကို အရိုးခရာ တစ်ခု ပေးလိုက်မယ်... နင် ဒီပင်လယ်နယ်မြေမှာ ရှိနေသရွေ့ တစ်နေ့နေ့ အန္တရာယ်နဲ့ ကြုံရရင် ဒီအရိုးခရာကို မှုတ်လိုက်ရုံပဲ... ငါ့တို့ရဲ့ မျိုးနွယ်စုဝင်တွေ နင့်ကို လာကယ်လိမ့်မယ်..."

သူမ စကားပြောနေစဉ်မှာပင် သူမ၏ လက်ထဲရှိ အရိုးခရာကို ကျုံးချင်ထံသို့ တိုက်ရိုက်ပစ်ပေးလိုက်သည်။

ထိုအရိုးခရာသည် အပြစ်အနာအဆာကင်းသော ကျောက်စိမ်းဖြူ ဖြစ်ပြီး သူ၏လက်ထဲတွင် အနည်းငယ် လေးလံကာ အေးမြသော ခံစားချက်ရှိပြီး မှေးမှိန်သော သင်းရနံ့လေးတစ်ခုပင် ရနေခဲ့သည်။

ကျုံးချင်က သူမကို ကျေးဇူးမတင်နိုင်မီမှာပင်....

အရိုးခရာကို ပေးခဲ့သော မိန်းကလေးသည် ပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့လေပြီ။

ပင်လယ်ပြင်ပေါ်မှ မိန်းကလေး၏ ကောင်းချီးပေးသံ ထွက်ပေါ်လာခဲ့သည်။

"နင့်ရဲ့ခရီးစဉ် ချောမွေ့ပါစေလို့ ဆုတောင်းပါတယ်..."

သူမသည် အမှန်တကယ်ပင် အလျင်စလို လာရောက်ခဲ့ပြီး အလျင်စလို ပြန်သွားခဲ့၏။

လုပ်ငန်းပြီးမြောက်သွားချိန်၌ သူမသည် သူမ၏ အင်္ကျီလက်များကို ပွတ်သပ်ကာ သူမ၏ အောင်မြင်မှုနှင့် နာမည်ကျော်ကြားမှုကို နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့သည်။

လှေဦးတွင် ကျုံးချင်သည် ထွက်ခွာသွားသော စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်များကို ကြည့်နေခဲ့သည်။

ယခင်က မရှိခဲ့ဖူးသော နွေးထွေးမှု တစ်ခုက သူ၏နှလုံးသားထဲတွင် လှိုင်းထလာခဲ့သည်။

ကျုံးချင်က တွေးတောလိုက်၏။

"သူတို့က တကယ်ကို ချစ်စရာကောင်းပြီး လေးစားစရာကောင်းတဲ့ သားရဲတစ်စုပဲ..."

သူ၏ အတွေးများ လွင့်မျောနေကာ ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ကိုယ့်မျိုးနွယ် မဟုတ်ရင် တခြားသူတွေရဲ့စိတ်နှလုံးသားက ကွဲပြားရမယ်လို့ လူတိုင်းက ပြောကြတယ်....

သို့သော် တူညီသော မျိုးနွယ်စု အတွင်းမှာပင် အကြံအစည်များ နှင့် နာမည်ကျော်ကြားမှု ချမ်းသာကြွယ်ဝမှုများအတွက် ယှဉ်ပြိုင်မှုများ မည်မျှထိ ရှိနေသနည်း....

ယခုအချိန်၌ စိတ်ဝိညာဥ်လင်းပိုင်သားရဲ တစ်စုက မတူညီသောမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်သော သူ့ကို အလျှော့မပေးဘဲ ကူညီပေးခဲ့သည်။

လောကတွင် သူတို့၏အရိုးများထဲအထိ ကြင်နာမှုများ စွဲထင်နေသော တည်ရှိမှုတစ်စု အမှန်တကယ် ရှိနေကြောင်း ထွက်ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု၏ ပေါ်ထွက်လာမှုက ကျုံးချင်၏ စိတ်အခြေအနေကို အနည်းငယ် လှိုင်းထသွားစေခဲ့၏။

သူက ခါးမှအရက်ဘူးကို ဖြုတ်ကာ အရက်တစ်ငုံ သောက်လိုက်သည်။

ရှေ့ဆက်ရမည့် ခရီးစဉ်အတွက် သူ အနည်းငယ် ပို၍မျှော်လင့်လာမိသည်။

သူ ဤပင်လယ်နယ်မြေသို့ ခြေချပြီးကတည်းက ပင်လယ်နဂါးဘုရင်အဖြစ် ပြောင်းလဲသွားပြီး လေနှင့်လှိုင်းများကို ဖြစ်ပေါ်စေခဲ့သော ညှို့ငင်ခြင်းသားရဲကို သူ မြင်တွေ့ခဲ့ရသည်။

ရှုပ်ထွေးပြီး စည်ကားနေသော လဲ့ဟိုင်မြို့ကို သူ မြင်တွေ့ခဲ့ရပေ၏။

လူများကို ကြောက်ရွံ့တုန်လှုပ်သွားစေသော ထိတ်လန့်ဖွယ် မိုးကြိုးပင်လယ်ကို သူ မြင်တွေ့ခဲ့ရသည်။

ထိတ်လန့်ဖွယ်ကောင်းပြီး ရက်စက်သော ကျားငါးမန်းမျိုးနွယ်စုကို သူ မြင်တွေ့ခဲ့သည်။

ကြင်နာမှု၏ပြယုဂ်ဖြစ်သော စိတ်ဝိညာဉ်လင်းပိုင်မျိုးနွယ်စုကိုလည်း သူ မြင်တွေ့ခဲ့ရသည်။

မှတ်တိုင်တိုင်းမှာ မတူညီတဲ့ မြင်ကွင်း တစ်ခု ရှိနေခဲ့တယ်....

မှတ်တိုင်တိုင်းက မတူညီတဲ့ ခံစားချက် တစ်ခုကို ပေးစွမ်းခဲ့တယ်...

သို့သော် အရှေ့တွင် သူ့ကို ဘာတွေ စောင့်ကြိုနေမည်လဲဟု သူ တွေးတောနေမိပေ၏။

...

All Chapters