ရွှမ်ဝူခန္ဓာကိုယ်
Vol. 35 Ch. 347
လှေသည် ရှေ့သို့ ဆက်လက်၍ ရွက်လွှင့်သွားခဲ့ကာ ကြည်လင်သော အပြာရောင်ပင်လယ်ပြင်က လှိုင်းထန်နေခဲ့သည်။
ရေခဲမီးတောက်ကျွန်းမှ သူတို့ ထွက်ခွာလာခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်နေလေပြီ။
ကောင်းကင်ကြီးသည် အလွန်ပြာလဲ့နေပြီး တိမ်တိုက်များကလည်း အလွန်ဖြူဖွေးနေသည်။ ကျုံးချင်သည် လှေဦးတွင်ရပ်ကာ ဝိုင်အရက်ကောင်းကို ရံဖန်ရံခါ တစ်ငုံသောက်နေခဲ့ပေ၏။
သူသည် အဝေးရှိ ဒီရေအတက်အကျကို ကြည့်ရှုနေပြီး မိုးကုတ်စက်ဝိုင်းပေါ်ရှိ တိုက်ခတ်လာသော လေများနှင့် စုဝေးလာသော တိမ်တိုက်များကို လေ့လာနေခဲ့သည်။
ထိုကဲ့သို့ ဘဝမျိုးကို တစ်စုံတစ်ယောက်က သူ၏ စိတ်နှလုံးကို တည်ငြိမ်အောင်ထားပြီး ခံစားကြည့်မည်ဆိုပါက အမှန်တကယ်ကို ထူးခြားသော အရသာတစ်မျိုး ရှိနေပေလိမ့်မည်။
ကျုံးချင် ဝိုင်အရက်တစ်အိုးသောက်၍ ကုန်တော့မည့် အချိန်မှာပင် လှေ၏အမြန်နှုန်း ရုတ်တရက် နှေးကွေးသွားခဲ့သည်။
ဤသည်က ရွှံ့နွံထဲကျသွားသကဲ့သို့ ဖြစ်နေပြီး နောက်ဆုံးတွင် လုံးဝရပ်တန့်သွားရန်ပင် အတင်းအကြပ် ဖိအားပေးခံလိုက်ရသည်။
ညှို့ငင်ခြင်းသားရဲက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။
"သခင်... လှေရဲ့ လမ်းကြောင်းကို တစ်ခုခု ပိတ်ဆို့နေပုံရတယ်..."
ကျုံးချင်က ဝိုင်အရက်အိုးကို ချထားလိုက်ပြီး သူ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
ညှို့ငင်ခြင်းသားရဲက သူ့ကို ပြောပြနေရန် မလိုဘဲ ပြဿနာကို သူ သတိထားမိပြီးဖြစ်သည်။
ထိုအချိန်မှာပင် ရှေးဟောင်းဆန်ပြီး ခြောက်ကပ်သော အရှိန်အဝါတစ်ခု ပါဝင်သည့် လေပြင်းနှင့် လှိုင်းလုံးများ ရိုက်ခတ်လာခဲ့သည်။
သူ မော့ကြည့်လိုက်ရာ အရှေ့တွင် တစ်စုံတစ်ရာ ရှိနေပုံရပြီး မှုန်ဝါးဝါး မြင်ရသော လူးလွန့်နေသည့် အရိပ်မည်းကြီးတစ်ခုပင်။
ထိုအရိပ်မည်းကြီးအတွင်းတွင် ရှေးဟောင်း မကောင်းဆိုးဝါး သားရဲတစ်ကောင် ပုန်းအောင်းနေပုံရပြီး ထိုသားရဲ၏ ရက်စက်သော အရှိန်အဝါသည် ခြိမ်းခြောက်နိုင်စွမ်း ရှိပေ၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျုံးချင်သည် ပင်လယ်ပြင်ကိုဖြတ်ကျော်၍ ခရီးသွားခဲ့သည်။
ကျားငါးမန်းမျိုးနွယ်စုမှလွဲ၍ ရက်စက်ကြမ်းတမ်းသော ပင်လယ်သားရဲ အမြောက်အများနှင့်လည်း သူ ကြုံတွေ့ခဲ့ရသည်။
သို့သော် ထိုပင်လယ်သားရဲများ မည်မျှပင် ရက်စက်ကြမ်းကြုတ်စေကာမူ ကျုံးချင်ကို ရန်စဝံ့သော မည်သူမဆို သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းရုံဖြင့် ချက်ချင်းသတ်ဖြတ်ခြင်း ခံခဲ့ရလေ၏။
သို့သော် ယခု သူ၏ရှေ့ရှိ အရာက ကျုံးချင်ကို ထူးခြားသော ခံစားချက်တစ်မျိုး ပေးစွမ်းနေခဲ့သည်။
ယခုရောက်လာသူမှာ သာမန်ထက် သာလွန်ထူးကဲနေသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူ၏ ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံမှုအရှိန်အဝါကို သူ ထုတ်လွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း လေများ တိုက်ခတ်လာပြီး တိမ်များစုဝေးလာကာ လောကကြီးတခွင်လုံး အရောင်ပြောင်းသွားခဲ့သည်။
ကျုံးချင်က ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး သူ၏လက်ကိုပူးဆုပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါက ဒီနေရာကနေ ဖြတ်သွားရုံ သက်သက်ပါ... တခြားရည်ရွယ်ချက် မရှိပါဘူး... တကယ်လို့ မင်းက ငါ့ကို ဖြတ်သွားခွင့် ပြုမယ်ဆိုရင် ငါ အရမ်းကျေးဇူးတင်မှာပါ... တကယ်လို့ မင်းက ငါ့ရဲ့လမ်းကို အတင်းအကျပ် ပိတ်ဆို့မယ်ဆိုရင် မင်းရဲ့အစွမ်းအစကို စမ်းကြည့်ဖို့ ငါ အားနာနေမှာ မဟုတ်ဘူး..."
ကျုံးချင်အတွက် အကယ်၍ ပဋိပက္ခ တစ်ခုကို ရှောင်လွှဲနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အကယ်၍ တစ်ဖက်လူက တိုက်ခိုက်ချင်ပါက သူ အဆုံးအထိ ရင်ဆိုင်သွားပေမည်။
ပြိုင်ဘက်သည် သာမန်ထက် သာလွန်ထူးကဲသော်လည်း သူ ကြောက်ရွံ့ခြင်း သို့မဟုတ် ဆုတ်ခွာသွားခြင်းတို ပြုလုပ်မည့် အခြေအနေသို့ မရောက်သေးချေ။
လေများ တဝီဝီမြည်ဟီးနေပြီး လှိုင်းများ တလိမ့်လိမ့်ထနေပေ၏။
ကျုံးချင်သည် မည်သည့်အချိန်တွင်မဆို လှုပ်ရှားရန် အဆင်သင့် ဖြစ်နေပြီး လှေဦးတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့သည်။
မကြာမီမှာပင် အရိပ်မည်းကြီးက တုံ့ပြန်လာခဲ့သည်။
နီမြန်းနေသော မျက်လုံးတစ်စုံက တောက်ပသွားပြီး ကျုံးချင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို သတိထားနေပုံရသည်။
နောက်ဆုံးတွင် ထိုအရိပ်မည်းကြီးက ဆုတ်ခွာသွားရန် ရွေးချယ်လိုက်၏။
ထိုအရိပ်မည်းကြီး၏ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့်အမျှ ပင်လယ်ပြင်တစ်ဝက်ခန့်ကို တုန်ခါသွားစေသော ဧရာမရေဘဝဲကြီးတစ်ကောင်က ပတ်ဝန်းကျင်မှ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်မှသာ ကျုံးချင်သည် ထိုအရာ၏ အစစ်အမှန်ပုံရိပ်မှ ထောင့်တစ်နေရာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထိုသားရဲသည် အမြင့်ကျန်းတစ်ထောင်ခန့် ရှိပြီး ခန္ဓာကိုယ်သည် ကျောက်စိမ်းနက်အလား မည်းနက်နေကာ ရေဘဝဲလက်တံရှစ်ချောင်းမှာ တောင်များအလား ထူထဲပြီး ရှေးဟောင်းဆန်သော အရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်တွင် စီးဆင်းနေခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုသားရဲသည် ပင်လယ်ရေမျက်နှာပြင်မှ ပျောက်ကွယ်သွားပေ၏။
ထိုသားရဲက ပင်လယ်အောက်ခြေသို့ ပြန်လည်၍ ဆုတ်ခွာသွားခဲ့သည်။
ကျုံးချင်က နားလည်သွားပြီး ရေရွတ်လိုက်သည်။
"ဒါက ဧရာမရေဘဝဲတစ်ကောင် ဖြစ်နေတာကိုး..."
သေချာသည်မှာ ထိုဧရာမရေဘဝဲက ကျုံးချင်အား ရှေးဟောင်းကာလမှ အရှိန်အဝါတစ်ရပ်ကို ခံစားရစေခဲ့ခြင်းပင်။
တစ်ဖက်လူသည် ရှေးဟောင်းကာလမှ အသက်ရှင် ကျန်ရစ်ခဲ့သော သားရဲတစ်ကောင် ဖြစ်နေနိုင်သလော....
လှေဦးတွင် ကျုံးချင်သည် ထွက်ခွာသွားသော ပုံရိပ်ကို အရေးမစိုက်စွာ ကြည့်နေရင်း သူ၏ အတွေးများ လွင့်မျောနေခဲ့၏။
အရှေ့ပိုင်းဒေသမှ အလယ်ပိုင်းဒေသသို့ ဖြတ်ကူးရခြင်း၏ အခက်အခဲကို သူ နောက်တစ်ကြိမ် နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
သူတို့သည် ချောက်နက်သို့ပင် မရောက်သေးဘဲ ယန်သုံးပါးနယ်ပယ်ထက် ကျော်လွန်သော မကောင်းဆိုးဝါးသားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့လေပြီ။
ချောက်နက်တွင် မည်ကဲ့သို့ ထိတ်လန့်ဖွယ် တည်ရှိမှုများနှင့် အမည်မသိ အန္တရာယ်များက သူတို့ကို စောင့်ကြိုနေမည်နည်းဟု သူ အမှန်တကယ် တွေးနေမိသည်။
ကျုံးချင်က ခေါင်းခါယမ်းလိုက်၏။
ထို့နောက် သူ၏စိတ်ထဲရှိ ရှုပ်ထွေးသော အတွေးများကို ဖိနှိပ်လိုက်ပြီး လှေကို ရှေ့ဆက်မောင်းရန် ညှို့ငင်ခြင်းသားရဲကို နောက်တစ်ကြိမ် ညွှန်ကြားလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အလယ်ပိုင်းဒေသသို့ ရောက်ရှိရန်မှာ သူ့အတွက် မဖြစ်မနေ လိုအပ်ပေသည်။
ထိုမကောင်းဆိုးဝါးသားရဲကြီး၏ အဟန့်အတား မရှိတော့သဖြင့် လှေ၏ ယခုတစ်ကြိမ် ခရီးစဉ်သည် မည်သည့်ပြဿနာမျှ မကြုံတွေ့ခဲ့ရချေ။
မကြာမီမှာပင် သူတို့သည် ထိုပင်လယ်ပြင်နယ်မြေမှ ထွက်ခွာသွားခဲ့ကြ၏။
အခန်းတွင်း၌ လှေကို မောင်းနှင်နေသော ညှို့ငင်ခြင်းသားရဲ၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော ဖြူရော်မှုတစ်ခု ရှိနေခဲ့သည်။
သူ အမှန်တကယ်ကို ကြောက်လန့်သွားခဲ့ခြင်းပင်။
ကျုံးချင် အစောပိုင်းက ပြသခဲ့သော အရှိန်အဝါမှာ ကောင်းကင်ဘုံ၏စွမ်းအား နတ်ဘုရား၏ အမျက်ဒေါသနှင့် တူညီပြီး ယခု ပြန်တွေးကြည့်လျှင်ပင် သူသည် ကြောက်ရွံ့မှု အကြွင်းအကျန်များကို ခံစားနေရဆဲပင်။
သူ အသိအမှတ်ပြုလိုက်သော အရှင်သခင်သည် အလွန်အစွမ်းထက်ကြောင်း ညှို့ငင်ခြင်းသားရဲ သိရှိထားပေ၏။
သို့သော် သခင်ဖြစ်သူသည် ထိုမျှလောက် အတိုင်းအတာအထိ ထိတ်လန့်ဖွယ် ကောင်းနေလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်း သူသည် လှေကို ပို၍ကြိုးစားပမ်းစား မောင်းနှင်ခဲ့တော့သည်။
လှေကိုထိန်းချုပ်ထားသော နက်နဲသိမ်မွေ့ချီများသည် အကန့်အသတ်မရှိသည့်အလား ထွက်ပေါ်လာခဲ့သည်။
ထိုနည်းဖြင့် လှေ၏အမြန်နှုန်းမှာ ယခင်ကထက် ဆယ်ပုံနှစ်ပုံခန့် အမှန်တကယ်ကို ပို၍မြန်ဆန်လာပေ၏။
ကျန်ရှိသောခရီးစဉ် တလျှောက်လုံးတွင် မည်သည့် ထူးခြားသောအဖြစ်အပျက်မျှ မကြုံတွေ့ခဲ့ရချေ။
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ကာ....
ယနေ့တွင် လှေသည် သီးသန့်ကျွန်းတစ်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။
ရက်အနည်းငယ်ကြာ ရွက်လွှင့်ခဲ့ရသဖြင့် ကျုံးချင်၏ပါးစပ်သည် အရသာပေါ့ပျက်ပျက် ဖြစ်နေပေ၏။
သူသည် ကျွန်းပေါ်သို့ ဆင်းသက်ပြီး တစ်ညတာ အနားယူရန် စီစဉ်လိုက်သည်။
တောရိုင်းသားရဲတချို့ကို သူ ရှာတွေ့နိုင်ခြင်းရှိမရှိ သူ ကြည့်ချင်ခဲ့သည်။
ထို့ပြင် ကျယ်ပြန့်သော သမုဒ္ဒရာကြီးအထက်တွင် ရေမှလွဲ၍ ဘာမှမရှိချေ။
ပင်လယ်မြင်ကွင်းက ကောင်းမွန်သော်လည်း ထိုမြင်ကွင်းကို အချိန်ကြာမြင့်စွာ ကြည့်ရခြင်းက ငြီးငွေ့ဖွယ်ကောင်းသည်ဟု မလွဲမသွေ ခံစားရစေပေ၏။
ထိုအရာသည် ဘဝ၏ နိယာမတစ်ခုနှင့် တူညီနေသည်။
မည်သူမျှ ပြောင်းလဲမှုမရှိဘဲ တသမတ်တည်း ဖြစ်နေသောဘဝကို ခံနိုင်ရည် မရှိကြချေ။
မြင်ကွင်းအပြောင်းအလဲတစ်ခုက လူတစ်ယောက်၏ စိတ်အခြေအနေကို များစွာမြှင့်တင်ပေးနိုင်သည်။
ထိုသို့ တွေးတောပြီးနောက် အခန်းတွင်းရှိ ညှို့ငင်ခြင်းသားရဲကို သူ ပြောဆိုလိုက်သည်။
"လှေကို ရပ်ပြီး ဆိုက်ကပ်လိုက်... ဒီည ဒီကျွန်းပေါ်မှာ ငါတို့ အနားယူကြမယ်..."
ညှို့ငင်ခြင်းက ကျေးဇူးတင်သော လေသံဖြင့် ပြန်ပြောလိုက်၏။
"ဟုတ်ကဲ့ပါ သခင်.."
ဤအချိန်အတွင်း၌ သူသည် လှေကို ထိန်းချုပ်ရန် အပြည့်အဝ အာရုံစိုက်နေခဲ့ပြီး အနည်းငယ်မျှပင် မပေါ့ဆရဲခဲ့ချေ။
သူ အလွန်ပင်ပန်းလွန်းသဖြင့် ပါးစပ်မှ အမြှုပ်များပင် ထွက်လုနီးပါး ဖြစ်နေခဲ့သည်။
သို့သော် သူ အနည်းငယ်မျှပင် အနားမယူရဲခဲ့ချေ။
သူသည် အံ့ကြိတ်ကာ ပင်ပန်းနွမ်းနယ်မှုကြောင့် ထွက်လာသော အမြှုပ်များကို မျိုချပြီး ရှေ့သို့ ဆက်သွားနေရုံသာ တတ်နိုင်ခဲ့သည်။
ယခု အနားယူနိုင်ပြီဟု ကြားချိန်၌ သူသည် အလွန်ပျော်ရွှင်လွန်းသဖြင့် ငိုချင်စိတ်ပင် ပေါက်လာခဲ့ပေ၏။
ပျော်ရွှင်မှုဆိုတာ ဘာလဲ....
ပျော်ရွှင်မှု ဆိုသည်မှာ ဗိုက်ဆာချိန်တွင် အစားအဝစားရခြင်း ပင်ပန်းချိန်တွင် အနားယူရခြင်းနှင့် ဆင်းရဲချိန်တွင် ချမ်းသာကြွယ်ဝမှု ရရှိခြင်း ပင်။
မည်သို့ပင်ဆိုစေကာမူ ဤအချိန်အခိုက်အတန့်တွင် ညှို့ငင်ခြင်းသားရဲသည် အလွန်အမင်း ပျော်ရွှင်နေပေ၏။
သူသည် လှေကို အလျင်အမြန် ဆိုက်ကပ်လိုက်ပြီးနောက် ကျုံးချင်၏နောက်မှ နှိမ့်ချစွာ လိုက်ပါသွားခဲ့သည်။
သူသည် အမှန်တကယ်ကို သစ္စာရှိသော နောက်လိုက်တစ်ယောက်နှင့် တူညီနေသည်။
သခင်နှင့်အစေခံနှစ်ယောက်သား ကျွန်းပေါ်သို့ ဆင်းသက်လိုက်ကြ၏။
သူတို့၏မျက်လုံးထဲသို့ ဝင်လာသည့် အရာမှာ မည်သည့်အရာ ဖြစ်သနည်း....
ကျွန်းသည် အလွန်ကြီးမားပြီး မျက်စိတစ်ဆုံး ကျယ်ပြန့်ကာ စိမ်းလန်းသော အပင်များက ကျွန်းကို ဖုံးလွှမ်းထားသည်။
အနီရောင် ပန်းများနှင့် အစိမ်းရောင် သစ်သီးများ...
ဤသည်မှာ တက်ကြွသော သက်ရှိစွမ်းအားများရှိသော မြင်ကွင်းတစ်ခုပင်။
ညှို့ငင်ခြင်းသားရဲက ကျွန်းကို လေ့လာကြည့်ရှုပြီးနောက်ပြောဆိုလိုက်၏။
"သခင်... ဒီကျွန်းက နည်းနည်းတော့ ပုံမှန်မဟုတ်သလိုပဲ..."
ကျုံးချင်က ခေါင်းညိတ်လိုက်ပြီး ပြောဆိုသည်။
"တကယ့်ကို နည်းနည်းကွဲပြားတယ်... ကျွန်းပေါ်က သက်ရှိစွမ်းအားတွေက အရမ်းကို ပေါများလွန်းနေတယ်..."
သမုဒ္ဒရာထဲရှိ ကျွန်းများသည် လေနှင့်လှိုင်းဒဏ်ကို မကြာခဏ ခံရလေ့ရှိသည်။
သက်ရှိစွမ်းအားများ ရှိနေလျှင်ပင် သဘောတရားအရ ထိုမျှ ထူထပ်သော သစ်တောများ မရှိသင့်ချေ။
သူ မည်သို့ပင်ကြည့်စေကာမူ ထူးဆန်းနေပုံရသည်။
ကျုံးချင်က သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ပြီး စစ်ဆေးလိုက်၏။
သို့သော် ရလဒ်က သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
ထိုကျွန်း၏ဗဟိုချက်မှာ အမှန်အားဖြင့် လိပ်နက်တစ်ကောင်၏အလောင်း ဖြစ်နေခဲ့သည်။
လိပ်နက်သည် ရှေးဟောင်း စိတ်ဝိညာဉ်သားရဲများအနက် လွန်စွာအစွမ်းထက်သော မျိုးနွယ်စု တစ်ခုပင်။
ထိုမျိုးနွယ်စုသည် အကန့်အသတ်မရှိ ကြီးထွားနိုင်သည်ဟု ဒဏ္ဍာရီ ရှိပေ၏။
အရွယ်ရောက်ပြီးသော လိပ်နက်များသည် အပြည့်အဝ ကြီးထွားလာချိန်၌ တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို သယ်ဆောင်နိုင်ကြသည်။
အစောပိုင်း နှစ်များမှ သမိုင်း မှတ်တမ်းများတွင် လိပ်နက်တစ်ကောင်သည် သူ၏အချုပ်အနှောင်များကို ချိုးဖျက်ကာ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သည်ဟူသော မှတ်တမ်းတစ်ခု ရှိခဲ့သည်။ ထိုသားရဲ၏စွမ်းအားသည် ကြယ်စင်မြစ်တစ်ခုလုံးကိုပင် သယ်ဆောင်နိုင်စွမ်း ရှိပေ၏။
ထိုအရာနှင့် နှိုင်းယှဉ်ပါက မိုင်တစ်ရာ အချင်းဝက်ရှိသော ပင်လယ်ကျွန်းတစ်ကျွန်း အဖြစ် ပြောင်းလဲသွားသည့် ထိုလိပ်နက်သည် လိပ်နက်မျိုးနွယ်စုတစ်ခုလုံးအတွင်း၌ အရွယ်ရောက်ပြီးသော သားရဲတစ်ကောင် မဟုတ်သေးချေ။
သို့သော် ထိုသို့ဆိုသည့်တိုင် ထိုအရာမှာ လုံလောက်အောင် အံ့အားသင့်ဖွယ် ကောင်းနေခဲ့လေပြီ။
ထိုသားရဲ၏အရွယ်အစားသည် မိုင်တစ်ရာရှိသော ပင်လယ်ကျွန်းတစ်ကျွန်းအဖြစ် ပြောင်းလဲသွားနိုင်သဖြင့် အကယ်၍ ထိုသားရဲသာ မတ်တတ်ရပ်လိုက်မည်ဆိုပါက လောကရှိ တောင်များပင်လျှင် သူ၏ရှေ့တွင် သေးငယ်သွားမည်ကို စိတ်ကူးကြည့်နိုင်သည်။
ထို့ပြင် ကျုံးချင်ကို အမှန်တကယ် တွေးတောမိစေသည့်အရာမှာ....
ယန်သုံးပါးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ၏အလောင်းကို နှစ်တစ်ထောင်တိုင်တိုင် မဆွေးမြေ့မပျက်စီးဘဲ ထိန်းသိမ်းထားနိုင်သည်။
ထိုလိပ်နက်သည် ကြည့်ရသလောက် ယန်သုံးပါးနယ်ပယ်အထက်ရှိ တည်ရှိမှုတစ်ခု ဖြစ်သည့်တိုင် မည်သည်ကြောင့် ဆွေးမြေ့ပျက်စီးသွားပြီး ပင်လယ်ကျွန်းတစ်ကျွန်းအဖြစ် ပြောင်းလဲသွားခဲ့သနည်း။
ကျွန်းပေါ်တွင် သက်ရှိများကို ပြုစုပျိုးထောင်ပေးရန် အာဟာရအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သလော....
...