ထိုက်ဟောက်ကျင့်စဉ်
Vol. 6 Ch. 539
ယွင်ယန်မွေးဖွားသည့် အချိန်တွင် ဇာမဏီ ငှက်ငါးကောင်လည်း တစ်ပြိုင်တည်း ပေါ်ထွက် လာခဲ့လေသည်။ သို့သော် မြစိမ်းရောင်ဇာမဏီငှက်ကို မည်သူမျှ မြင်တွေ့ဖူးကြခြင်း မရှိပေ။
ကြည့်ရသည်မှာ ယွမ်ယန်တွင် ဝှက်ဖဲ တစ်ချပ်တော့ ရှိနေပေလိမ့်မည်။ သို့သော် တာ့ရှား ဧကရာဇ်ကလည်း ဂရုမစိုက်ပါ။
ယွမ်ယန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အစိမ်းရောင် တန်ခိုးစွမ်းအား အလင်းတန်းများ စီးဆင်းလာပြီး သူဝတ်ဆင်ထားသည့် အဖြူရောင် ဝတ်ရုံမှာလည်း အစိမ်းရောင် အဖြစ် ပြောင်းလဲသွားလေသည်။
ယွမ်ယန်၏ မျက်ခုံးနှစ်ခု ကြားတွင်လည်း တာအိုသင်္ကေတ တစ်ခု ပေါ်ထွက်လာလေသည်။
ထိုသင်္ကေတသည် သစ်ပင်တစ်ပင်နှင့် ဆင်တူပြီး သစ်ရွက်များ၊ ပင်စည်နှင့် အမြစ်တို့ ပါဝင်လေ၏။ ထိုသင်္ကေတဆီမှ လျှို့ဝှက်ဆန်းကြယ်လွန်းသည့် အသက်ဓာတ်စွမ်းအားများ ထွက်ပေါ် နေလေသည်။
တာ့ရှားဧကရာဇ်၏ တိုက်ခိုက်မှုကတော့ ရိုးရှင်းလေသည်။ သူက လက်သီး တစ်ချက် လွဲသွားသည့် အတွက် နောက်ထပ် လက်သီးချက်တစ်ချက် ထပ်ထိုးလိုက်သည်။
သို့သော် ရိုးရှင်းသည့် လက်သီးချက်သည် စကြဝဠာ သဘောတရားများနှင့် ကိုက်ညီနေပြီး သိုင်းကွက်ကလည်း အလွန်မှ လှပသေသပ်လေသည်။ လက်သီး တစ်ချက်တည်းဖြင့် ယွမ်ယန်ကို ပိတ်စို့ထားနိုင်ပြီး ထွက်ပြေး လွတ်မြောက်ရန်အတွက် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပေ။
တာ့ရှားဧကရာဇ်၏ လက်သီးချက်သည် မြင့်မားသော တောင်ကဲ့သို့ စွမ်းအားပြင်းထန်ပြီး သွေးနီရောင် ပင်လယ်မှ တန်ခိုးစွမ်းအား အငွေ့အသက်များလည်း ပေါင်းစည်း ထားသကဲ့သို့ ခံစားရလေသည်။
ထိုလက်သီးချက်မှာ ဧကရာဇ် နဂါးလက်သီးချက် ဖြစ်လေသည်။ တာ့ရှားပြည်၏ ဘုရင် အဆက်ဆက်သာ ထိုတန်ခိုးစွမ်းအားကို အသုံးပြုနိုင်လေသည်။ ရှေးအချိန် များကတည်းကပင် ထိုလက်သီးချက် အောက်တွင် ရှုံးနိမ့်ခဲ့ရသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများ များစွာရှိလေသည်။
ဆန်းလျန်သည် တာ့ရှားဧကရာဇ်နှင့် ယွမ်ယန်၏ တိုက်ပွဲကို အလေးအနက် ကြည့်နေလေသည်။
တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများ ပေါင်းစည်းသွားပြီး မထိုးဖောက်နိုင်သည့် စွမ်းအား စက်ဝန်းများ ဖြစ်တည်လာလေသည်။ သူ၏တန်ခိုးစွမ်းအားများသည် တောင်များကို ဖြိုပြီး ပင်လယ်ကိုပင် မှောက်လှန် နိုင်တော့မည့် အလား တန်ခိုးစွမ်းအားများက အဆမတန် မြင့်မား နေလေသည်။
ဆီးနှင်းများက သည်းထန်စွာ ကျနေသည့်တိုင် တန်ခိုးစွမ်းအားများကြောင့် ဆီးနှင်းများမှာ လွင့်စဉ် ကုန်ကြရလေသည်။
တာ့ရှားဧကရာဇ်၏ အကန့်အသတ်မဲ့ စွမ်းအားများသည် ယွမ်ယန်ဆီသို့ ဝင်ရောက် သွားလေသည်။
ထိုအချိန်…. ယွမ်ယန်၏ရှေ့တွင် အလွန်မြင့်မားသည့် သစ်ပင်ကြီးတစ်ပင် ပေါ်လာလေသည်။ သစ်ပင်ကြီးမှာ အလွန် ကြံ့ခိုင်ပြီး အစိမ်းရောင် အလွှာများက အထပ်လိုက် ဖြစ်တည် နေလေသည်။ ထိုသစ်ပင်ကြီးသည် မိုးတိမ်များကို ထိုးဖောက် သွားသည်အထိ မြင့်မားပြီး အမြစ်များသည် အသူရာ ချောက်အောက်ဆုံးအထိ ထိုးဖောက်သွားသည့် အလား နက်ရှိုင်း လှလေသည်။
တာ့ရှားဧကရာဇ်၏ ဧကရာဇ် နဂါးလက်သီးကို ကြီးမားသည့် သစ်ပင်ကြီးက တားဆီး ထားနိုင်သည့်အတွက် အားလုံးမှာ အံ့အားသင့် သွားကြရလေသည်။ သစ်ပင်ကြီးသည် နဂါးလက်သီးကို ပျက်စီးစေနိုင်ခြင်း မရှိသော်လည်း အနည်းငယ် နှေးသွား စေလေသည်။ နဂါးလက်သီး၏ ကြီးမားသည့် စွမ်းအားကြောင့် သစ်ပင်ကြီးမှ အကိုင်းအခက်များ၊ အရွက်များ၊ အမြစ်များနှင့် ပင်စည်များမှာ ပျက်စီး သွားရလေသည်။ လက်သီးချက်၏ တန်ခိုးစွမ်းအားများသည် ယွမ်ယန်၏ ရှေ့သို့ ရောက်ရှိလာသည့် အခါတွင်တော့ မြစ်ငယ် တစ်စင်းအလား အားပျော့သွားပြီ ဖြစ်လေသည်။
ယွမ်ယန်က သူ၏ လက်ချောင်းများကို ဓားသဖွယ် အသုံးပြုကာ ခုခံ တိုက်ခိုက် လိုက်လေသည်။ ထိုလက်ချောင်းများသည် အလွန် ကြောက်မက်ဖွယ်ရာဖြစ်လေ၏။
ထို့နောက် လက်ချောင်းများဆီမှ အစိမ်းရောင် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ဓားရိပ်ပေါင်းများစွာ ဖြာထွက်လာကာ တာ့ရှားဧကရာဇ်၏ နဂါးလက်သီးကို ချေမှုန်း ပစ်လိုက်လေသည်။
ဆန်းလျန် တစ်ယောက်သာလျှင် ကိစ္စရပ်တစ်ခုကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့လေသည်။
ယွမ်ယန်သည် တာ့ရှားဧကရာဇ်၏ ပြိုင်ဘက် မဟုတ်ဆိုသည့် အချက်ကို ဆန်းလျန် သတိပြုလိုက် မိလေသည်။ အဘယ်ကြောင့်ဆိုသော် တာ့ရှားဧကရာဇ်၏ လက်သီးတစ်ချက်ကိုပင် ယွမ်ယန်သည် တန်ခိုးစွမ်းအားနှစ်ခုကို အသုံးပြုကာ ချေဖျက်ခဲ့ရလေသည်။
ထို့ပြင် ဆန်းလျန်သည် ယွမ်ယန်၏ ဇာစ်မြစ်ကိုလည်း သိခွင့်ရခဲ့လေသည်။ ယွမ်ယန် ကျင့်ကြံသည့် ကျင့်စဉ်သည် ထိုက်ဟောက်ကျင့်စဉ် ဖြစ်လေသည်။ ကုန်းကုန်းသည် ကမ္ဘာပေါ်ရှိ ရေအားလုံး၏ အရင်းအမြစ် ဖြစ်သည်ဆိုလျှင် ထိုက်ဟောက်သည် ကမ္ဘာပေါ်ရှိ သစ်ပင် သစ်တောများ အားလုံး၏ အရင်းအမြစ် ဖြစ်လေ၏။
ထိုက်ဟောက်ကို အနန္တတန်ခိုးရှင် တစ်ပါးဟူ၍လည်း အချို့က ပြောဆိုကြလေသည်။ ထို့ပြင် ထိုက်ဟောက်ကို နတ်မိစ္ဆာမျိုးနွယ်ဝင် ဖြစ်သည်ဟု ဆိုကြသူများလည်း ရှိလေသည်။
အဖြူရောင်မင်းကြီးရှားဟောက်သည် ထိုက်ဟောက် ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပြီး နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လာခဲ့သူ တစ်ယောက် ဖြစ်လေသည်။
ယွမ်ယန်သည် အဖြူရောင်မင်းကြီး၏ သားတော်ဖြစ်သည့် အတွက် ထိုက်ဟောက် ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်မှာ အံ့သြစရာမရှိပါ။
မြစိမ်းရောင် ဇာမဏီငှက်၏ ကျောထက်တွင် မတ်တပ်ရပ်နေသည့် ယွမ်ယန်ကို တာ့ရှား ဧကရာဇ်သည် စိုက်ကြည့်နေခဲ့ လေသည်။
“မင်းက ထိုက်ဟောက် ကျင့်စဉ်ကို ကျင့်ကြံထားတာကိုး၊ ဒါပေမဲ့ ဒီနေရာကနေ လွတ်နိုင်မယ် မထင်နဲ့”
တာ့ရှားဧကရာဇ်၏ အေးစက်သည့် အသံက ထွက်ပေါ်လာလေသည်။
ယွမ်ယန်က တာ့ရှားဧကရာဇ်ကို စိုက်ကြည့်နေလေသည်။
သူ၏မျက်ဝန်းများဆီမှ အစိမ်းရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ယွမ်ယန် ငယ်စဉ်ကပင် တာ့ရှားဧကရာဇ်က လူသတ်သမားပေါင်း များစွာ စေလွှတ်ကာ လိုက်လံ သတ်ဖြတ်ခဲ့လေသည်။ သူအရွယ် ရောက်လာသည့် အခါတွင်တော့ တာ့ရှားဧကရာဇ်ကို အလွန် တွေ့ချင်ခဲ့မိသည်။
ယခုတော့ တာ့ရှားဧကရာဇ်နှင့် တွေ့ဆုံရပြီ ဖြစ်လေသည်။ တာ့ရှားဧကရာဇ်သည် သူမျှော်လင့်ထားသည့် အတိုင်းပင် အတိုင်းအဆမရှိ တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။
အမှန်တော့ ယွမ်ယန်သည် သူ့သဘောနှင့်သူ တာ့ရှားဧကရာဇ်ကို လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ လာရောက် တွေ့ဆုံသည်ကို အရှေ့တိုင်း စစ်သည်တော် အကြီးအကဲများနှင့် တုန်းယီမျိုးနွယ်စု အကြီးအကဲများ ထံမှခွင့်ပြုချက် တောင်းခံခဲ့ခြင်း မရှိပေ။ ထို့ပြင် သူသည် အလွန်သတ္တိ ကောင်းသူ တစ်ယောက် ဖြစ်သည့်အတွက် တာ့ရှားဧကရာဇ်ကို ရင်ဆိုင်နိုင်မည်ဟု ထင်ခဲ့မိလေသည်။
သူ့အနေဖြင့် တာ့ရှားဧကရာဇ်ကို အနိုင်ရရန် လိုအပ်လေသည်။ သူ့အနေဖြင့် တာ့ရှားဧကရာဇ်ကို အနိုင်ရမှသာ မျိုးနွယ်စု အကြီးအကဲများ၏ ထောက်ခံမှုကို ရရှိမည် ဖြစ်လေသည်။ ထိုအခါမှ အရှေ့တိုင်း စစ်သည်တော်များသည် တာ့ရှားဧကရာဇ်၏ လွှမ်းမိုးမှုမှ ကင်းလွတ် ပေလိမ့်မည်။ ထို့ပြင် သူကိုယ်တိုင်သည်လည်း မေရှီနှင့် ထိုက်တန်သူ တစ်ယောက် ဖြစ်ကြောင်းကို သက်သေပြနိုင်မည် ဖြစ်လေသည်။
သို့သော်… ယွမ်ယန်သည် အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိသေးသည့် လူငယ်လေး တစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဆန်းလျန်သည် စစ်တပ်၏ အလယ်တွင် ရှိနေသည့် အတွက် ယွမ်ယန်နှင့် အလွန်ဝေးကွာ နေလေသည်။ ထို့ကြောင့် ယွမ်ယန်သည် ဆန်းလျန်၏ တည်ရှိမှုကို သတိမထားခဲ့မိပေ။
တာ့ရှားဧကရာဇ်သည် သူ၏ ဧကရာဇ် နဂါးလက်သီးချက်ကို ချေဖျက် ခံလိုက်ရသည့်တိုင် ပေါ့ပေါ့ပါးပါးပင် ရှိနေလေသည်။
ဧကရာဇ် နဂါးလက်သီးသည် တာ့ရှားဧကရာဇ်၏ အစစ်အမှန် တန်ခိုးစွမ်းအား မဟုတ်သေးပါ။ ဆန်းလျန်သည် တာ့ရှားဧကရာဇ်၏ အစစ်အမှန် တန်ခိုးစွမ်းအားကို ယခုအထိ မတွေ့ရသေးပါ။
ယွမ်ယန်က…
“အင်း… တာ့ရှားဧကရာဇ်ကို လွယ်လွယ်နဲ့ အနိုင်ရမယ် ဆိုရင်တော့ ရယ်စရာ ဖြစ်ကုန်မှာပေါ့လေ…"
တာ့ရှားဧကရာဇ်က ဟွန့်ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
ရုတ်တရက်…
မိုးမြေတစ်ခွင်လုံးနှင့် နှင်းလွင်ပြင် တစ်ခုလုံးသည် တုန်ခါလာလေသည်။ တာ့ရှား ဧကရာဇ်၏ လက်ထဲတွင် အနက်ရောင်မိစ္ဆာ ဓားကောက်ကြီး ပေါ်လာလေသည်။
ဓားကို ကိုင်ထားသည့် တာ့ရှားဧကရာဇ်၏ ညာဘက် လက်တစ်ခုလုံးမှာ တုန်ခါနေလေသည်။ တာ့ရှား ဧကရာဇ်သည် ကောင်းကင်ကိုးထပ်နှင့် အသူရာ ချောက်ကိုးထပ်ကို ပိုင်ဆိုးသည့် နတ်ဒေဝါ တစ်ပါးအလားပင် ထင်မှတ်ရတော့သည်။
တာ့ရှားဧကရာဇ်၏လက်ထဲမှ မိစ္ဆာဓားကောက်ကြီးကို မြင်သည်နှင့် ဆန်းလျန်သည် တစ်ချက် လှုပ်ရှား သွားလေသည်။ ထိုဓားကောက်ကြီး၏ တာအိုစွမ်းအားများသည် အလွန်နက်နဲသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ထိုမိစ္ဆာဓားကောက်ကြီးသည် ဆရာဘိုးဘိုး ယွမ်ချင်း၏ ယွမ်တုဓားနှင့် ငရဲလမ်း ဓားဝိညာဉ်တို့ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်လေသည်။ သို့သော် ဆန်းလျန်သည် ထိုဓားများ၏ အကြောင်းကို အပေါ်ယံမျှသာ နားလည်သေးသူ တစ်ယောက် ဖြစ်လေသည်။ တာ့ရှား ဧကရာဇ် မှာလည်း မရဏဓားများ၏ သဘောတရားကို နားလည်သူ တစ်ယောက် ဖြစ်သောကြောင့်သာ မိစ္ဆာဓားကောက်ကြီးကို အသုံးပြုနိုင်ခြင်း ဖြစ်လေသည်။
မိစ္ဆာဓားကောက်ကြီး၏ မူလပိုင်ရှင်ဖြစ်သည့် မင်လော့ပင်လျှင် တာ့ရှားဧကရာဇ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ တန်ခိုးစွမ်းအားများသည် တာ့ရှားဧကရာဇ်၏ အရိုးထဲမှ စိမ့်ထွက်နေသည့် အလားပင် ခံစားရလေသည်။
မည်သို့ပင်ဖြစ်စေ မိစ္ဆာ ဓားကောက်ကြီးကို ကိုင်ထားသည့် တာ့ရှားဧကရာဇ်ကို အနိုင် ယူနိုင်မည့်သူ မိုးနှင့်မြေတွင် ကျိန်းသေပင် ရှိပေလိမ့်မည်။
သို့သော် … ထိုသူသည် ယွမ်ယန်တော့ မဟုတ်ခဲ့ပေ။
မြစိမ်းရောင် ဇာမဏီငှက်သည် စူးရှစွာ တစ်ချက် အော်ဟစ် လိုက်လေသည်။ ထိုအခါ အခြားသော ဇာမဏီငှက် လေးကောင်၏ ပြန်လည် အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
ယွမ်ယန်က ခေါင်းကိုမော့လိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားမှ သစ်ပင် ပုံသဏ္ဌာန်သည် ပိုပြီး နက်ရှိုင်း လာလေသည်။ ထိုသင်္ကေတမှ တာအိုစွမ်းအားများ စိမ့်ထွက်လာနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်သွားသည့် အလား ထင်မှတ်ရလေသည်။
မိစ္ဆာ ဓားကောက်ကြီးသည် အလင်းရောင် တစ်ချက် လက်သွားပြီး အဆက်မပြတ် ရွာသွန်းသည့် မိုးရေများအလား ယွမ်ယန်ထံသို့ ဝင်ရောက် သွားလေသည်။ ယခုတစ်ကြိမ်တွင်တော့ ယွမ်ယန်ရှေ့တွင် ပေါ်လာသည့် ကြီးမားသည့် သစ်ပင်ကြီးသည် ဓားကောက်ကြီး၏ လက်ချက်ဖြင့် ထက်ပိုင်း ပြတ်သွားရလေသည်။
နောက်ဆုံးတော့ မိစ္ဆာဓားကောက်ကြီး၏ ဓားဝိညာဉ်သည် ယွမ်ယန်၏ ခန္ဓာကိုယ်ကို ထိမိသွားတော့သည်။
ယွမ်ယန်သည် လက်နှစ်ဖက်ကို ပေါင်းစည်းလိုက်လေသည်။ သူ၏လက်ဖဝါးများဆီမှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်လေသည်။
ယွမ်ယန်၏လက်မှ အစိမ်းရောင် အလင်းတန်းများသည် စက်လုံးသဖွယ်လုံးဝန်းနေပြီး အတွင်းထဲတွင် မည်သည့်အရာ တည်ရှိသည်ကို မတွေ့မြင်ရပေ။ ရှည်လျားသည့် မိစ္ဆာ ဓားကောက်ကြီးသည် ထိုအစိမ်းရောင် စက်လုံးကို ခုတ်ဖြတ် ချလိုက်လေသည်။
ထိုအချိန်တွင်….
အရပ်လေးမျက်နှာမှ ဇာမဏီငှက်လေးကောင် ပျံသန်း ဝင်ရောက်လာလေသည်။
ဇာမဏီငှက်များ၏ ပါးစပ်မှ မီးတောက်များ ထွက်ပေါ်လာပြီး တာ့ရှားဧကရာဇ်၏ ဦးခေါင်းကို မီးဖြင့် မှုတ်လိုက်ကြလေ သည်။
တစ်ချိန်တည်းမှာပင် တာ့ရှားဧကရာဇ်ကို မြေမျိုတော့မည့်အလား မြေပြင်သည် နိမ့်ဆင်း သွားလေသည်။
တာ့ရှားဧကရာဇ်၏ ခြေထောက်အောက်တွင် အနက်ရောင် အလင်းတန်း တစ်ခုပေါ်လာပြီး တာ့ရှား ဧကရာဇ်ကို လေပေါ်သို့ ခေါ်ဆောင် သွားလေသည်။ လေထုထဲတွင်တော့ ဇာမဏီငှက်များထံမှ ထွက်ပေါ်လာသည့် မရေမတွက်နိုင်သည့် မီးတောက်များသည် တာ့ရှား ဧကရာဇ်ကို လှည့်ပတ် နေကြလေသည်။
***