← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇) ကျွန်တော်... ကျွန်တော် မသေမျိုး ဖြစ်ချင်တယ်

ရှောင်မိုက ကျန်းရှင်းကို အနန္တတာအိုဂိုဏ်းမှ ခေါ်ဆောင်သွားပြီးနောက် သွေးမိစ္ဆာပေးလိုက်သော မြေပုံအတိုင်း ခုံးနျန်ကျောင်းတော်ဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။

အနန္တတာအိုဂိုဏ်းတွင် နေထိုင်ခဲ့သော တစ်နှစ်တာကာလအတွင်း ရှောင်မိုက အနောက်ဘက်ဒေသအကြောင်းကို တော်တော်များများ လေ့လာသိရှိခဲ့ရသည်။

ရေတွက်၍မရနိုင်သော နှစ်ပေါင်းသောင်းချီကြာအောင် အနောက်ဘက်ဒေသရှိ ဗုဒ္ဓဘာသာဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများကြားတွင် အပြန်အလှန် ပဋိပက္ခများ ရှိနေခဲ့ကြသည်။

ထိုထောင်စုနှစ်များစွာ တစ်လျှောက်လုံး ဗုဒ္ဓဘာသာဝင်များနှင့် မိစ္ဆာကျင့်ကြံသူများ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် အမြစ်ပြတ်ချေမှုန်းလုနီးပါး အခြေအနေများအထိ ရောက်ရှိခဲ့ကြသော်လည်း ပျက်သုဉ်းလုနီးပါး ဖြစ်နေချိန်တိုင်းတွင် ၎င်းတို့က ပြန်လည်စုစည်းကာ တန်ပြန်တိုက်ခိုက်လေ့ရှိကြသည်။

ထို့ကြောင့် နှစ်ပေါင်းသောင်းချီသော ကာလတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော ဗုဒ္ဓဘာသာကျောင်းတော်များနှင့် မိစ္ဆာဂိုဏ်းများမှာ သမိုင်းမြစ်ကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ကြလေသည်။

ယနေ့တိုင်အောင် အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်မှာ ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုနှင့် မိစ္ဆာဂိုဏ်းတစ်ခုသာ ရှိတော့သည်။

ထိုကျောင်းတော်က ခုံးနျန်ကျောင်းတော် ဖြစ်ပြီး ထိုမိစ္ဆာဂိုဏ်းက ကြာမည်းဂိုဏ်းပင် ဖြစ်သည်။

ယနေ့ခေတ်တွင် အနောက်ဘက်ဒေသရှိ ဗုဒ္ဓဘာသာဂိုဏ်းများက ခုံးနျန်ကျောင်းတော်ကို ၎င်းတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြလေသည်။

မိစ္ဆာဂိုဏ်းများကြားတွင်မူ တရားဝင်ကြေညာထားသော ခေါင်းဆောင်မရှိချေ၊ အားလုံးက အသိအမှတ်ပြုထားသော ကြီးမြတ်လှသည့် မိစ္ဆာဂိုဏ်းကြီးဆယ်ခုသာ ရှိလေသည်။ သို့သော် အမှန်တကယ်တွင်မူ ကြာမည်းဂိုဏ်းက ထိုဂိုဏ်းဆယ်ခုကြားတွင် အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်အစစ်အမှန်ပင် ဖြစ်လေသည်။

လွန်ခဲ့သော တစ်လခန့်က အနန္တတာအိုဂိုဏ်းမှ ထွက်ခွာလာပြီးကတည်းက ရှောင်မိုက ယခင်ကလိုမျိုး လူတွေကို ရှောင်ပုန်းနေခြင်း မရှိတော့ချေ။

သူက ဂူဗိမာန်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း ဤလောကတွင် အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် သနားစရာကောင်းလောက်အောင် ရှားပါးလှသည်ဖြစ်ရာ ဂူဗိမာန်အဆင့်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထို့ကြောင့် ရှောင်မိုက ပြဿနာမရှာသရွေ့ အခြေခံအားဖြင့် မည်သူကမျှ သူ့ကို လာရောက်ရန်စမည် မဟုတ်ပေ။

ရှောင်မိုက ကျန်းရှင်းကို လမ်းတစ်လျှောက်လုံး ကောင်းကင်မှ ပျံသန်းခေါ်ဆောင်လာခဲ့ခြင်းလည်း မဟုတ်ချေ၊ သူတို့က မကြာခဏဆိုသလို အောက်သို့ဆင်းကာ လမ်းလျှောက်ခဲ့ကြသည်။

သူ၏လက်ထဲတွင် အချိန်သုံးလတိတိ ရှိသေးသည်ဖြစ်ရာ အလျင်စလိုလုပ်ရန် မလိုအပ်ခဲ့ပေ။

ထို့အပြင် သူက အနောက်ဘက်ဒေသကို ပိုမိုကြည့်ရှုလေ့လာချင်ခဲ့ပြီး ကျန်းရှင်းနှင့်လည်း အချိန်ပိုဖြုန်းချင်သေးသည်။

သို့မဟုတ်ပါက ကျန်းရှင်း ခုံးနျန်ကျောင်းတော်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူမကို ပြန်လည်တွေ့ဆုံရဖို့ နှစ်ပေါင်းမည်မျှအထိ ကြာမြင့်သွားမည်ကို မည်သူကမျှ မသိနိုင်ချေ။

နောက်ထပ် လဝက်ခန့် အကြာတွင် ရှောင်မိုနှင့် ကျန်းရှင်းတို့က ရွာငယ်လေးတစ်ရွာကို ဖြတ်သန်းသွားခဲ့ကြသည်။

မြေပုံအရဆိုလျှင် ဤရွာလေးကို ဖြတ်သွားခြင်းက အဝေးကြီး ကွေ့ပတ်သွားရမည့် ခရီးကို သက်သာသွားစေမည် ဖြစ်သည်။

သို့သော် သူတို့နှစ်ယောက် ရွာထဲသို့ ဝင်ရောက်သွားပြီး သိပ်မကြာမီမှာပင် ထိုနေရာတွင် တစ်ခုခု မှားယွင်းနေကြောင်း ရှောင်မို အာရုံခံမိသွားလေသည်။

သူက ရွာသားတစ်ယောက်ကိုမျှ မတွေ့ရချေ။

ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ တိုက်ပွဲဖြစ်ပွားထားသော အရိပ်အယောင်များနှင့် နေရာအနှံ့ ပြန့်ကျဲနေသော သွေးကွက်များကို မြင်တွေ့လိုက်ကြရသည်။

မကြာမီမှာပင် သူတို့နှစ်ဦးက ရွာထဲတွင် ရည်ရွယ်ချက်မဲ့ လွင့်မျောနေကြသော လေလွင့်ဝိညာဉ်များကို တွေ့ရှိလိုက်ကြရသည်။

ထိုဝိညာဉ်များ အားလုံးမှာ သံကြိုးများဖြင့် ချည်နှောင်ခံထားရလေသည်။

"ရှောင်မို"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းရှင်းက အလိုအလျောက်ပင် သူ၏ အင်္ကျီလက်စကို ဆုပ်ကိုင်လိုက်ရာ သူမ၏ မျက်နှာလေးမှာ ဖြူရော်သွားလေသည်။

"ကိစ္စမရှိပါဘူး"

ရှောင်မိုက သူမ၏ လက်ဖဝါးလေးကို ပုတ်ပေးလိုက်ပြီး သူ၏ စိတ်ကို စုစည်းကာ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

ထိုအချိန်မှာပင် ဖြူဖွေးနေသော နံရံတစ်ခုပေါ်တွင် ဆွဲထားသည့် တစ်စုံတစ်ရာကို သူ သတိထားမိသွားလေသည်။

သေချာစွာ ကြည့်လိုက်သောအခါ ၎င်းမှာ မှော်ဝင်္ကပါ တစ်မျိုးနှင့် ဆင်တူနေလေသည်။

သူ ဘဝအသစ်တစ်ခုကို ဖြတ်သန်းရတိုင်း ရှောင်မို၏ တာအိုအပေါ် နားလည်သဘောပေါက်မှုများနှင့်အတူ ကျင့်စဉ်များ၊ အစီအရင်များနှင့် အခြားအရာများအပေါ် မှတ်ဉာဏ်များက မှေးမှိန်သွားတတ်သော်လည်း ဤဘဝတွင် သွေးမိစ္ဆာက တစ်စုံတစ်ယောက်က သူ့ကို လှည့်စားမည်ကို စိုးရိမ်သဖြင့် သူ့ကို တာအိုသာမကဘဲ အခြားသော နယ်ပယ်များစွာကိုပါ သင်ကြားပေးခဲ့လေသည်။

ထို့ကြောင့် ဤဝင်္ကပါက ဝိညာဉ်ပူဇော်ခြင်း အစီအရင်တစ်ခုဖြစ်ကြောင်း သူ သိရှိနိုင်ခဲ့လေသည်။

ထိုနေရာမှစ၍ ခြေလှမ်းအနည်းငယ် လှမ်းတိုင်း နံရံများ၊ မြေပြင်များနှင့် အခြားနေရာများတွင် ရေးဆွဲထားသော တူညီသည့် အစီအရင်များကို သူ တွေ့ရှိခဲ့ရသည်။

ဤအစီအရင်များက ကျပန်း ပြန့်ကျဲနေခြင်း မဟုတ်ချေ။

၎င်းတို့၏ တည်နေရာများက ပြီးပြည့်စုံသော ဝင်္ကပါပုံစံတစ်ခုအဖြစ် ဆက်စပ်နေလေသည်။

ရှောင်မိုက ဘာတွေဖြစ်နေသလဲဆိုတာကို အတိအကျ နားလည်သွားလေသည်။

အလွန်ရိုးရှင်းလှသည်။

တစ်စုံတစ်ယောက်က ရွာတစ်ရွာလုံးကို သတ်ဖြတ်ပြီး သွေးပူဇော်မှုအတွက် အသုံးပြုနေခြင်းပင် ဖြစ်သည်။

သွေးပူဇော်ခြင်းဆိုသည်မှာ မိစ္ဆာကျင့်ကြံသူများအကြား အလွန်အတွေ့ရများသော နည်းလမ်းတစ်ခု ဖြစ်သည်။

အနောက်ဘက်ဒေသတွင် ထိုသို့သောအရာများက ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်လေသည်။

သွေးမိစ္ဆာကိုယ်တိုင်ပင် သွေးပူဇော်မှုများစွာကို ပြုလုပ်ခဲ့ဖူးလေသည်။

သို့သော် သူမက သာမန်သေမျိုးများကို ပူဇော်ရသည်ကို ရွံရှာသဖြင့် ကျင့်ကြံသူများကိုသာ အစားထိုး အသုံးပြုခဲ့လေသည်။

သူမ ပြောလေ့ရှိသည့်အတိုင်းဆိုရလျှင် "ကျင့်ကြံခြင်းလမ်းစဉ်ကို ခြေချလိုက်ပြီဆိုတာနဲ့ မင်းက ကောင်းကင်နဲ့ရော လူတွေနဲ့ပါ ရုန်းကန်တိုက်ခိုက်ရတော့တာပဲ။ သူတို့ကို ငါက ပူဇော်လိုက်တယ်ဆိုတာ သူတို့က ကံဆိုးတဲ့ အမှိုက်တွေဆိုတာကို သက်သေပြလိုက်တာပဲ"

စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး ရှောင်မိုက အစီအရင်များနှင့် ပတ်သက်၍ သွေးမိစ္ဆာ သင်ကြားပေးခဲ့သည့်အရာများကို အသုံးပြုကာ ဤဝိညာဉ်ပူဇော်ခြင်း အစီအရင်၏ ဝင်္ကပါမျက်လုံးကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားလေသည်။

ရွာတစ်ရွာလုံးကို သတ်ဖြတ်ခြင်းက သူနှင့် ဘာမျှမဆိုင်သော်လည်း ဤနေရာသို့ ရောက်နေပြီဖြစ်ရာ သူ ဝင်ပါလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်လေသည်။

ဤပူဇော်ခြင်း အစီအရင်က အဆင့်နိမ့်လှသည်၊ အလွန်ဆုံးမှ နဂါးတံခါးအဆင့် ကျင့်ကြံသူတစ်ဦး တည်ဆောက်ထားခြင်းသာ ဖြစ်ရမည်။ ထိုကျင့်ကြံသူ လာရောက်ပြဿနာရှာမည်ဆိုလျှင်တောင် သူတို့ကို ခုတ်ပိုင်းနိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေလေသည်။

အကယ်၍ ရွှေအမြူတေအဆင့် ပညာရှင်တစ်ဦးသာ ဤအစီအရင်ကို ခင်းကျင်းထားခဲ့မည်ဆိုပါက သူ ရွာထဲသို့ပင် ဝင်ရောက်နိုင်မည် မဟုတ်ချေ။

ဝင်္ကပါမျက်လုံးကို ရှာတွေ့သွားသည်နှင့် ရှောင်မိုက သူ၏ ဓားဖြင့် ခုတ်ချကာ ၎င်းကို ဖျက်ဆီးပစ်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်များကို ချည်နှောင်ထားသော သံကြိုးတိုင်းက အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေသည်။ စွဲလမ်းမှုအားနည်းသော ဝိညာဉ်များမှာ တာအိုအတွင်းသို့ ပျော်ဝင်သွားကြပြီး သံသရာထဲသို့ ဝင်ရောက်သွားကြလေသည်။

စွဲလမ်းမှု ကြီးမားသော ဝိညာဉ်များကမူ ရွာအပြင်ဘက်သို့ လွင့်မျောသွားကြပြီး လောကကြီးထဲတွင် ဆက်လက်ကျန်ရစ်နေခဲ့ကြသည်။

ဗုဒ္ဓဘာသာ တပည့်တစ်ဦးမဟုတ်ဘဲ ဂူဗိမာန်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသဖြင့် သူတို့ကို လုံးဝ လွတ်မြောက်သွားအောင် ကယ်ချွတ်ပေးရန် သူ၏ နည်းလမ်း မရှိခဲ့ချေ။ ဤအရာက သူ လုပ်ပေးနိုင်သမျှသာ ဖြစ်လေသည်။

"သွားကြစို့" ဟု သူက ကျန်းရှင်းကို ပြောလိုက်သည်။

"အင်း" သူမက ခေါင်းညိတ်လိုက်ပြီး သူ၏နောက်မှ ကမန်းကတန်း လိုက်ပါသွားလေသည်။

...တစ်ချိန်တည်းမှာပင် ရွာ၏ တောင်ဘက် လီတစ်ရာအကွာရှိ ဖုန်းဆိုးတောင်ကုန်းတစ်ခုပေါ်တွင် အမျိုးသားတစ်ဦး၏ မျက်လုံးများက ရုတ်တရက် ပွင့်လာလေသည်။

"ဂိုဏ်းတူအစ်ကို၊ ဘာဖြစ်လို့လဲ"

ဝမ်ချွမ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ရှေ့သို့တက်လာပြီး သတိကြီးစွာဖြင့် မေးလိုက်လေသည်။

"လင်ဂန်ကျေးရွာကို သတ်ဖြတ်ပြီးနောက် ငါ တည်ဆောက်ထားခဲ့တဲ့ ဝိညာဉ်ပူဇော်ခြင်း အစီအရင်ကို အာရုံနောက်စရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်က ဖျက်ဆီးပစ်လိုက်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး" ဟု ကွမ်ချိုက မျက်လုံးများကို မှေးကျဉ်းကာ ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားရင်း ပြောလိုက်လေသည်။

"သတ္တိရှိနေလိုက်တာ" ဟူဟွေ့က ဟိန်းဟောက်လိုက်သည်၊ "ကျွန်တော် လူတချို့ခေါ်ပြီး သွားလိုက်မယ်"

"မလိုပါဘူး" ကွမ်ချိုက ခေါင်းယမ်းလိုက်သည်၊ "ရွာတစ်ရွာ ဆုံးရှုံးသွားတာက ဘာမှမဟုတ်ပါဘူး။ ငါတို့မှာ အရေးကြီးတဲ့ ကိစ္စရှိသေးတယ်"

ထိုသို့ပြောပြီးနောက် ကွမ်ချိုက ထရပ်ကာ ဂူအပြင်ဘက်သို့ လျှောက်ထွက်သွားလေသည်။

အပြင်ဘက် သိပ်မဝေးလှသော ညီညာသော မြေပြင်တစ်နေရာတွင် အစီအရင်တစ်ခုကို ခင်းကျင်းထားလေသည်။

ဤအစီအရင်က ပင်မ ဝိညာဉ်ပူဇော်ခြင်း အစီအရင်ပင် ဖြစ်သည်။

ကွမ်ချိုက ယခင်က ရွာပေါင်း ခြောက်ဆယ်ကျော်ကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီး ပူဇော်ခြင်း အစီအရင် ခြောက်ဆယ်ကျော်ကို တည်ဆောက်ခဲ့ကာ တစ်စုံတစ်ယောက် အုတ်မြစ်ချခြင်းအဆင့်သို့ ချိုးဖျက်ရာတွင် ကူညီပေးနိုင်ရန် ပူဇော်ခံဝိညာဉ်များကို စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။

ထိုတစ်စုံတစ်ယောက်က ဝင်္ကပါမျက်လုံးတည်ရှိရာ နေရာတည့်တည့်တွင် ထိုင်နေလေသည်။

သူ၏ရှေ့တွင် ချည်နှောင်ခံထားရပြီး ပစ်ချခံထားရသော အခြားလူတစ်ဦးလည်း လဲလျောင်းနေလေသည်။

အဆင့်တက်တော့မည့်သူမှာ ချန်ကျိန်းဟောင်ဖြစ်ပြီး မြေပြင်ပေါ်တွင် ချည်နှောင်ခံထားရသူမှာ သူ၏ အချစ်ဆုံး ညီအစ်ကိုဖြစ်သော ထန်ခွမ်းပင် ဖြစ်သည်။

"အချိန်ကျပြီ၊ ကျိန်းဟောင် စလိုက်တော့" ဟု ကွမ်ချိုက ပြောလိုက်သည်။

ချန်ကျိန်းဟောင်က လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် ထရပ်လိုက်ရာ သူ၏ မျက်လုံးများက တုန်ယင်နေလေသည်။

"မြန်မြန်လုပ်၊ အချိန်ဆွဲမနေနဲ့" ကွမ်ချိုက အေးစက်စွာ ပြောလိုက်သည်၊ "ဆရာက မင်းကို အထင်ကြီးပြီး ကိုယ်ပိုင်တပည့်အဖြစ် လက်ခံဖို့ သဘောတူထားတယ်။ ဒါပေမယ့် စည်းကမ်းကို မင်း သိပါတယ်၊ ဆရာ့ရဲ့ အမွေအနှစ်ကို ရဖို့ဆိုရင် အရင်ဆုံး မင်းနဲ့ အရင်းနှီးဆုံးလူတစ်ယောက်ကို သတ်ရမယ်။ ငါတို့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့"

ချန်ကျိန်းဟောင်က တံတွေးမြိုချလိုက်သည်၊ သူ၏ ဓားသွားက ထန်ခွမ်း၏ နှလုံးသားဆီသို့ ချိန်ရွယ်ထားလေသည်။

"ညီလေး၊ မင်း ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး" ထန်ခွမ်းက ပြောလိုက်သည်၊ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့နေခြင်းများ မရှိဘဲ ဝမ်းနည်းမှုနှင့် လှောင်ပြောင်မှုများသာ ရှိနေလေသည်။

"တောင်းပန်ပါတယ် အစ်ကိုသုံး၊ ကျွန်တော်... ကျွန်တော် မသေမျိုး ဖြစ်ချင်တယ်"

ထိုစကားများနှင့်အတူ ချန်ကျိန်းဟောင်က ဓားကို အောက်သို့ ထိုးစိုက်လိုက်လေသည်။

ထန်ခွမ်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး မကြာမီမှာပင် သူ အသက်မရှူတော့ချေ။

သူ၏ သွေးများက ရေးထွင်းထားသော မြောင်းများတစ်လျှောက် စီးဆင်းသွားပြီး အစီအရင်တစ်ခုလုံးကို တဖြည်းဖြည်း ပြည့်သွားစေလေတော့သည်။

အခန်း (၁၉၈) နှလုံးသားထဲမှ ဗုဒ္ဓ

နှစ်လအကြာတွင် ရှောင်မိုက မြို့တစ်မြို့သို့ ရောက်ရှိလာလေသည်။

ထိုမြို့လေးက ခုံးနျန်ကျောင်းတော်နှင့် မဝေးလှသော နေရာတွင် တည်ရှိပြီး ခုံးနျန်မြို့ဟု အမည်ရလေသည်။

အမည်နှင့် လိုက်ဖက်စွာပင် ၎င်းက ခုံးနျန်ကျောင်းတော်၏ လက်အောက်ခံ မြို့တစ်မြို့ ဖြစ်လေသည်။

ခုံးနျန်မြို့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်မိုက သူ အခြားကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားသလားဟုပင် သံသယဝင်မိလေသည်။

ခုံးနျန်မြို့၏ လမ်းမများထက်တွင် လျှောက်လှမ်းသွားရာ သေရည်ဆိုင်ဖြစ်စေ၊ အသားဆိုင်ဖြစ်စေ အိမ်တိုင်းအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူစီကို ပူဇော်ထားကြလေသည်။

သင်းပျံ့သော နံ့သာပေါင်းအမွှေးနံ့သာများက မြို့လေး၏ လေပြေလေညင်းထဲတွင် ရောယှက်နေလေသည်။

လူတိုင်းက အလွန်အမင်း အေးချမ်းနေပုံပေါ်လေသည်။

ရှောင်မို ရောက်ရှိခဲ့ဖူးသော အခြားမြို့များတွင် လူများကြားရှိ သတိထားစောင့်ကြည့်တတ်သော အငွေ့အသက်များကို သူ အနည်းနှင့်အများ ခံစားခဲ့ရဖူးလေသည်။

သူက ခါးပိုက်နှိုက်များ ပစ္စည်းခိုးယူနေခြင်း၊ အိမ်နီးချင်းများ အချင်းချင်း ရန်ဖြစ်ဆဲဆိုနေကြခြင်း စသည်တို့ကိုပင် ရံဖန်ရံခါ မြင်တွေ့ခဲ့ရသေးသည်။

အတိုချုပ်ဆိုရလျှင် လေထုတစ်ခုလုံးက ရန်လိုမှုများဖြင့် ပြည့်နှက်နေတတ်လေသည်။

သို့သော် ဤမြို့လေးတွင်မူ လူတိုင်းက သဟဇာတဖြစ်ကာ ပျော်ရွှင်နေကြလေသည်။

သို့တိုင် ရှောင်မိုကို အံ့အားသင့်သွားစေခဲ့သောအရာက ဤအရာပင် ဖြစ်သည်။

ခုံးနျန်ကျောင်းတော်၏ လက်အောက်ခံ မြို့တစ်မြို့တွင် ပြည့်တန်ဆာအိမ်များ အမှန်တကယ် ရှိနေခြင်းပင်တည်း။

ထိုပြည့်တန်ဆာအိမ်များမှ အမျိုးသမီးများက လမ်းဘေးမှနေ၍ ဧည့်သည်များကို ဆွဲဆောင်ခေါ်ယူကြပြီး ခုံးနျန်ကျောင်းတော်မှ ဘုန်းကြီးများ ဖြတ်သွားသည်ကို မြင်သောအခါ ၎င်းတို့ကိုပင် ဆွဲဖမ်းရန် ကြိုးစားကြသေးသည်။

သို့သော် ရှောင်မို မြင်တွေ့ရသလောက်တော့ မည်သည့် ဘုန်းကြီးတစ်ပါးကမျှ ဝင်ရောက်သွားခြင်း မရှိချေ။

ဘုန်းကြီးများက ပြုံးရုံသာ ပြုံးပြပြီး ခပ်သွက်သွက် ရှောင်တိမ်းသွားကြလေသည်။

"အစ်ကိုကြီး၊ ဒီခုံးနျန်မြို့က ခုံးနျန်ကျောင်းတော်ရဲ့ လက်အောက်ခံ မဟုတ်ဘူးလား။ သေရည်နဲ့ အသားတွေ ရှိနေတာက လက်ခံလို့ရပေမယ့် မြို့ထဲမှာ ပြည့်တန်ဆာအိမ်တွေကိုပါ ခွင့်ပြုထားတာလား"

ရှောင်မိုက ကျန်းရှင်းနှင့်အတူ လက်ဖက်ရည်ဆိုင်ရှေ့တွင် ထိုင်ချလိုက်ပြီး ဆိုင်ရှင်ကို မေးလိုက်လေသည်။

"ဟားဟားဟား"

လက်ဖက်ရည်ဆိုင်ရှင်က ပြုံးရင်း ပြောလိုက်လေသည်။

"လူငယ်လေး၊ မင်းက ရပ်ဝေးကလာတဲ့သူ ဖြစ်ရမယ်။ အရင်တုန်းက ဒီမြို့လေးကို တိန့်ယင်းမြို့လို့ ခေါ်ပြီး ခုံးနျန်ကျောင်းတော်နဲ့ မသက်ဆိုင်ဘူးကွ"

"နောက်ပိုင်းကျတော့ ကိစ္စတချို့ကြောင့် ခုံးနျန်ကျောင်းတော်က ဆရာတော်ကြီးတစ်ပါးက တိန့်ယင်းမြို့ရဲ့ မြို့သခင်ဟောင်းကို အသက်ကယ်ပေးခဲ့လို့ မိမိသဘောဆန္ဒအလျောက် ခုံးနျန်ကျောင်းတော်ရဲ့ လက်အောက်ကို ဝင်ရောက်ခဲ့ပြီး ခုံးနျန်မြို့လို့ နာမည်ပြောင်းလိုက်တာပဲ"

"အမည်ခံအားဖြင့် ခုံးနျန်ကျောင်းတော်က ခုံးနျန်မြို့အပေါ် တိုက်ရိုက်အာဏာရှိတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ခုံးနျန်ကျောင်းတော်က ခုံးနျန်မြို့ရဲ့ ဘယ်ကိစ္စကိုမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါဘူး"

"ခုံးနျန်မြို့က လူတွေက သဘာဝအတိုင်းပဲ သူတို့ သင့်တော်သလို နေထိုင်ကြတယ်။ ခုံးနျန်ကျောင်းတော်ကလည်း ငါတို့ကို ဗုဒ္ဓဘာသာကို ယုံကြည်ဖို့ အတင်းအကျပ် ဖိအားမပေးဘူး"

"အိမ်တိုင်းအိမ်တိုင်းမှာ မင်းတွေ့ရတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကတော့ မြို့သူမြို့သားတွေက သူတို့သဘောနဲ့သူတို့ တောင်းဆိုပြီး ပူဇော်ထားကြတာလေ"

"ဘာလို့လဲဆိုတော့ ခုံးနျန်ကျောင်းတော်က ဘုန်းကြီးတွေက မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးဖို့ တောင်အောက်ကို မကြာခဏ ဆင်းလာတတ်လို့ပဲ"

"မင်္ဂလာဆောင်ပဲဖြစ်ဖြစ်၊ ဈာပနအခမ်းအနားပဲဖြစ်ဖြစ်၊ ရောဂါကုသတာပဲဖြစ်ဖြစ် ခုံးနျန်ကျောင်းတော်က ဘုန်းကြီးတွေကပဲ ကူညီဖြေရှင်းပေးကြတာ"

"အချိန်တွေကြာလာတော့ လူတိုင်းက မိမိတို့အိမ်မှာ ဗုဒ္ဓရုပ်ပွားတော်တွေကို သဘာဝကျကျပဲ ပူဇော်လာကြတော့တာပေါ့"

"ဪ သိပါပြီ" ရှောင်မိုက ခေါင်းညိတ်လိုက်သည်၊ "ခုံးနျန်ကျောင်းတော်က နာမည်တော်တော်ကောင်းပုံရတယ်"

" အလွန်ကောင်းတာပေါ့" လက်ဖက်ရည်ဆိုင်ရှင်က ပြုံးလိုက်သည်၊ "သူတို့က ငါတို့ကို လယ်ထွန်ဖို့နဲ့ ရေပေးဝေရေး စီမံကိန်းတွေ တည်ဆောက်ဖို့တောင် ကူညီပေးသေးတာ"

ရှောင်မိုက ခေါင်းညိတ်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး တိတ်ဆိတ်သွားကာ ကျန်းရှင်းကိုသာ လှမ်းကြည့်လိုက်လေသည်။

ကျန်းရှင်းက ရှောင်မို၏ ဆိုလိုရင်းကို နားလည်သဖြင့် တစ်ဖက်လူပြောသမျှ အရာအားလုံးက အမှန်ဖြစ်ကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာပြီးနောက် ရှောင်မိုက ခုံးနျန်မြို့မှ အခြားမြို့သူမြို့သား အတော်များများကိုပါ မေးမြန်းခဲ့လေသည်။

လူတိုင်းက ခုံးနျန်ကျောင်းတော်မှ ဘုန်းကြီးများအပေါ် အမြင်ကောင်းရှိကြလေသည်။

ခုံးနျန်မြို့မှ လူတိုင်းက ခုံးနျန်ကျောင်းတော်မှာ အလွန်ကောင်းမွန်ကြောင်း ခံစားကြရပြီး ဤနေရာတွင် နေထိုင်ကာ ကျောင်းတော်၏ အကာအကွယ်ကို ရရှိခြင်းက ၎င်းတို့၏ ကံကောင်းမှုပင် ဖြစ်သည်ဟု ယူဆထားကြလေသည်။

သွေးမိစ္ဆာကလည်း ခုံးနျန်ကျောင်းတော်က တော်တော်လေး ကောင်းမွန်ကြောင်း ပြောခဲ့ဖူးလေသည်။

ထိုအချက်နှစ်ချက်က တစ်ခုနှင့်တစ်ခု ထပ်တူကျနေသဖြင့် ရှောင်မိုက ခုံးနျန်ကျောင်းတော်အပေါ် များစွာ ပိုမို စိတ်ချသွားခဲ့လေသည်။

လက်ဖက်ရည်ဖိုး ရှင်းပြီးနောက် ရှောင်မိုက ကျန်းရှင်းကို ခေါ်ဆောင်ကာ ခုံးနျန်ကျောင်းတော် တည်ရှိရာ ခုံးနျန်တောင်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

လမ်းတစ်လျှောက်တွင် ရှောင်မိုက ခုံးနျန်ကျောင်းတော်သို့ ဗုဒ္ဓကို ပူဇော်ရန် သွားရောက်ကြသော သာမန်ပြည်သူ အများအပြားနှင့် ဆုံတွေ့ခဲ့လေသည်။

နာရီဝက်ပင် မကြာမီမှာပင် ရှောင်မိုနှင့် ကျန်းရှင်းတို့က တောင်ခြေသို့ ရောက်ရှိသွားကြလေသည်။

ရှောင်မိုက ခေါင်းမော့ကြည့်လိုက်ရာ တောင်ထိပ်တွင် ဗုဒ္ဓ၏ ဩဇာတိက္ကမ အငွေ့အသက်များ ပြည့်နှက်နေပြီး ကျက်သရေမင်္ဂလာရှိသော တိမ်တိုက်များ နေရာအနှံ့ လွင့်မျောနေသည်ကို မြင်လိုက်ရလေသည်။

၎င်းက ပုံရိပ်ယောင်တစ်ခုသာ မဟုတ်ပါက တောင်ပေါ်တွင် အမှန်တကယ်ပင် ဉာဏ်အလင်းရထားသော ဆရာတော်ကြီးများစွာ ရှိနေသည်ဟုသာ ဆိုလိုနိုင်ပေသည်။

"သွားကြစို့ အာရှင်း၊ ငါတို့ တောင်ပေါ်တက်ကြမယ်" ဟု ရှောင်မိုက ပြောလိုက်သည်။

"အင်း"

ကျန်းရှင်းက ခေါင်းညိတ်လိုက်ပြီး ရှောင်မို၏ နောက်မှ ပျော်ရွှင်စွာဖြင့် တောင်ပေါ်သို့ လိုက်ပါသွားလေသည်။

ခုံးနျန်ကျောင်းတော်၏ ခြံဝန်းတစ်ခုအတွင်းတွင်။

ကျောင်းထိုင်ဆရာတော် ရွှီကျင်းသည် ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ထိုင်ကာ သစ်သားငါးကို ခေါက်ရင်း ကျမ်းစာများ ရွတ်ဖတ်နေလေသည်။

ရွတ်ဖတ်နေစဉ်မှာပင် ကျောင်းထိုင်ဆရာတော်က တစ်စုံတစ်ရာကို ခံစားမိသွားပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။

သူက သူ၏ လက်ထဲရှိ ဗုဒ္ဓစိပ်ပုတီးကို လှည့်ပတ်ရင်း တစ်စုံတစ်ရာကို တွက်ချက် ဟောကိန်းထုတ်နေပုံပေါ်လေသည်။

နောက်ဆုံးတွင် ကျောင်းထိုင်ဆရာတော်က မတ်တပ်ရပ်လိုက်ပြီး ခြံဝန်းထဲမှ ထွက်ခွာလာကာ ဘုရားဖူးများ ဗုဒ္ဓကို ပူဇော်လေ့ရှိရာ ခုံးနျန်ကျောင်းတော်၏ အရှေ့ဘက် ခန်းမဆောင်ဆီသို့ ဦးတည်သွားလေသည်။

"ကျောင်းထိုင်ဆရာတော်"

"ကျောင်းထိုင်ဆရာတော်"

"ဂါရဝပြုပါတယ် ဆရာတော်ကြီး"

ခုံးနျန်ကျောင်းတော်မှ ဘုန်းကြီးများနှင့် ဘုရားဖူးများ အားလုံးက ကျောင်းထိုင်ဆရာတော် ရောက်ရှိလာသည်ကို မြင်သောအခါ လက်အုပ်ချီကာ ဂါရဝပြုလိုက်ကြလေသည်။

ကျောင်းထိုင်ဆရာတော်က လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီး ခုံးနျန်ကျောင်းတော်၏ ပင်မဝင်ပေါက်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

"ဆရာဦးလေး ကျောင်းထိုင်ဆရာတော်၊ ဘာဖြစ်လို့ အရှေ့ဘက် ခန်းမဆောင်ဆီ ကြွလာရတာလဲဘုရား"

ဝူကွမ်း အမည်ရသော ဘုန်းကြီးက ရှေ့သို့တက်လာပြီး သိချင်စိတ်ဖြင့် မေးလျှောက်လိုက်လေသည်။

ကျောင်းထိုင်ဆရာတော်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံးရင်း မိန့်လိုက်သည်၊ "ဒီကနေ့ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦး ရောက်လာလိမ့်မယ်။ ဒီဘုန်းကြီးအိုက သဘာဝကျကျပဲ သွားရောက်ကြိုဆိုရမှာပေါ့၊ ငါ လစ်လျူရှုထားလို့ မရဘူးလေ"

"ဂုဏ်သရေရှိ ဧည့်သည်တော်" ဝူကွမ်းမှာ မှင်တက်သွားပြီး မည်သည့် ဆရာတော်ကြီး ကြွလာမည်ကို တွေးတောနေမိလေသည်။

မည်သို့ပင်ဆိုစေ ဆရာဦးလေး ကျောင်းထိုင်ဆရာတော် ကိုယ်တိုင် သွားရောက်ကြိုဆိုမည့် မည်သူမဆို အဆင့်အတန်း မြင့်မားရမည်မှာ အသေအချာပင် ဖြစ်သည်။

"မင်းရော သွားကြိုဖို့ ငါနဲ့ လိုက်ခဲ့မလား" ဟု ကျောင်းထိုင်ဆရာတော်က ဝူကွမ်းကို မေးလိုက်လေသည်။

"တင်ပါ့ဘုရား၊ ဆရာဦးလေး ကျောင်းထိုင်ဆရာတော်"

ဝူကွမ်းက လက်အုပ်ချီကာ အရိုအသေပေးလိုက်ပြီး ကျောင်းထိုင်ဆရာတော်၏ နောက်မှ လိုက်ပါသွားလေသည်။

သူတို့နှစ်ပါးက ပင်မခန်းမဆောင် ဝင်ပေါက်သို့ ရောက်ရှိသွားကြပြီး အဝေးရှိ တောင်ပေါ်သို့ တက်လာသော လှေကားထစ်များဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်ခန့် အကြာတွင် အသက် ဆယ့်လေး၊ ဆယ့်ငါးနှစ်ခန့် ရှိပုံရသော်လည်း အရိုးသက်တမ်းအရ အသက်ဆယ့်တစ်နှစ်သာ ရှိသေးသည်မှာ သိသာထင်ရှားနေသော ကောင်လေးတစ်ယောက်က မိန်းကလေးငယ်တစ်ဦးကို ဆွဲခေါ်လာသည်ကို မြင်လိုက်ရလေသည်။

ဝူကွမ်းက မျက်မှောင်ကြုတ်လိုက်လေသည်။

ဤကောင်လေးမှာ သူ့အသက်အရွယ်နှင့် မလိုက်အောင်ပင် မိစ္ဆာချီများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းက ဝူကွမ်းကို သက်တောင့်သက်သာ မရှိဖြစ်စေလေသည်။

ဝူကွမ်း သတိမဝင်လာမီမှာပင် ဆရာဦးလေး ကျောင်းထိုင်ဆရာတော်က ရှေ့သို့တက်ကာ လက်အုပ်ချီ အရိုအသေပေးလိုက်ပြီး မိန့်လိုက်သည်ကို သူ မြင်လိုက်ရသည်၊ "ဒီဘုန်းကြီးအိုက ခုံးနျန်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော် ရွှီကျင်းပါပဲ။ ဒကာနဲ့ ဒကာမ နှစ်ဦးကို ဆီးကြိုပါတယ်"

ရှောင်မိုက ကြင်နာတတ်သော မျက်နှာသွင်ပြင်ရှိသည့် ဘုန်းကြီးအိုကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီး ပြန်လည်ဂါရဝပြုလိုက်ကာ မေးလိုက်သည်၊ "ကျွန်တော်တို့ နှစ်ယောက် လာမယ်ဆိုတာကို ကျောင်းထိုင်ဆရာတော်က သိနေတာလား"

"ဟဲဟဲဟဲ" ကျောင်းထိုင်ဆရာတော်က ပြုံးလိုက်သည်၊ "ဒီဘုန်းကြီးအိုက ဗေဒင်ဟောကိန်းထုတ်တဲ့ ပညာရပ်မှာ အနည်းငယ် ကျွမ်းကျင်မှုရှိပါတယ်။ ဒီကနေ့ ဗုဒ္ဓကျမ်းစာတွေ ရွတ်ဖတ်နေတုန်း တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အသေးစား ဟောကိန်းထုတ်မှုလေး တစ်ခု လုပ်ကြည့်တော့ ဂုဏ်သရေရှိ ဧည့်သည်တော် ရောက်လာမယ်ဆိုတာကို သိလိုက်ရတာပါ"

"ဒါဆိုရင် ကျွန်တော် လာရတဲ့ ရည်ရွယ်ချက်ကိုရော ဆရာတော်ကြီး သိလောက်မှာပေါ့"

"သိပါတယ်" ကျောင်းထိုင်ဆရာတော်က ခေါင်းညိတ်လိုက်လေသည်။

"ဒါဆိုရင် မျိုးရိုးနာမည်မို က ဆရာတော်ကြီးကို စကားလှည့်ပတ် မပြောနေတော့ပါဘူး။ ဆရာတော်ကြီး ရွှီကျင်းအနေနဲ့ အာရှင်းကို တပည့်အဖြစ် လက်ခံနိုင်မလားလို့ မေးပါရစေ" ဟု ရှောင်မိုက တိုက်ရိုက်ပင် မေးလိုက်လေသည်။

ရှောင်မို၏ စကားကို ကြားသောအခါ ဘေးတွင်ရှိနေသော ဝူကွမ်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ဒီကောင်လေး ဘာတွေ ပြောနေတာလဲ။

ဆရာဦးလေး ကျောင်းထိုင်ဆရာတော်က တစ်ခါမှ တပည့်လက်မခံဖူးဘူးဆိုတာကို သူ မသိတာ တစ်ကြောင်းတည်းတော့ မဟုတ်ပေ။

ဒီလောကကြီးမှာ အမျိုးသမီးတွေ ဗုဒ္ဓဘာသာကို ကျင့်ကြံတယ်ဆိုတဲ့ အစဉ်အလာမျိုးလည်း လုံးဝ မရှိခဲ့ဖူးချေ။

ဝူကွမ်းက ဆရာဦးလေး ကျောင်းထိုင်ဆရာတော်ကို လှမ်းကြည့်လိုက်ရာ ဆရာဦးလေး ကျောင်းထိုင်ဆရာတော်က ခေါင်းလှည့်ကာ ရှောင်မို၏ဘေးရှိ မိန်းကလေးငယ်ကို ကြည့်ရင်း ပြုံးနေသည်ကိုသာ မြင်လိုက်ရလေသည်။

ကျန်းရှင်းကလည်း ကျောင်းထိုင်ဆရာတော်၏ မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်နေလေသည်။

ပုံမှန်အားဖြင့် အနည်းငယ် ရှက်တတ်သော မိန်းကလေးငယ်လေးမှာ ခုံးနျန်ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်ကို ကြည့်သောအခါ သိချင်စိတ်ပြင်းပြနေသော အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေသည်။

"တူညီတဲ့ ကျောက်တုံးတစ်တုံးကိုပဲ..."

"တချို့လူတွေက ကြည့်လိုက်တဲ့အခါ ကျောက်တုံးတစ်တုံးအဖြစ်သာ မြင်ကြတယ်"

"ဒါပေမယ့် တခြားသူတွေက ကြည့်လိုက်တဲ့အခါ ခြင်္သေ့တစ်ကောင်အဖြစ် မြင်ကြတယ်"

"တချို့က မူးယစ်ပြီး လဲလျောင်းနေတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မြင်ကြတယ်"

"နောက်တချို့က မြစ်ကမ်းဘေးက မိကျောင်းတစ်ကောင်အဖြစ် မြင်ကြတယ်"

ကျောင်းထိုင်ဆရာတော်က ကျန်းရှင်းကို ကြင်နာစွာဖြင့် စိုက်ကြည့်လိုက်လေသည်။

"မိန်းကလေး၊ မင်းက လောကမှာရှိတဲ့ လူအားလုံးရဲ့ နှလုံးသားတွေကို ဖတ်နိုင်တယ်။ ဒါဆို ငါ့ရဲ့ နှလုံးသားထဲမှာရော မင်း ဘာကို မြင်လဲ"

ကျန်းရှင်းက သူမ၏ ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်၊ "ဘိုးဘိုးရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတစ်ဆူ ရှိနေတာကို ကျွန်မ မြင်ရပါတယ်"

"ဟားဟားဟား"

ကျောင်းထိုင်ဆရာတော်က လက်အုပ်ချီကာ ပြုံးရင်း မိန့်လိုက်လေသည်။

"ကောင်းပြီ"

All Chapters