လွတ်လပ်သည့်လူ
Vol. 6 Ch. 541
ဆန်းလျန်သည် တာ့ရှားပြည်ကို ဆန့်ကျင်လိုစိတ် မရှိလျှင်တောင်မှ တစ်ချိန်ချိန်တွင် တာ့ရှားဧကရာဇ်ဖြင့် မလွှဲသာ မရှောင်သာ တိုက်ခိုက်ရမည် ဖြစ်လေသည်။
အမှန်တော့ ဆန်းလျန်နှင့် တာ့ရှားဧကရာဇ် တို့ကဲ့သို့သော လူများသည် မိသားစုနှင့် နိုင်ငံများ အပေါ်တွင် တွယ်တာမှု မရှိဘဲ လွတ်လပ်စွာ နေနိုင်သည့်သူများ ဖြစ်လေသည်။ သို့သော် လောကတွင် နေထိုင်သည့်အချိန်တွင် အချို့အရာများကို လက်လွှတ်ရန်မှာ ခဲယဉ်းလေသည်။ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးကို လက်မလွှတ်နိုင် သကဲ့သို့ တာ့ရှားဧကရာဇ်သည်လည်း တာ့ရှားပြည်ကို လက်လွှတ်နိုင်မည် မဟုတ်ပါပေ။
ဆန်းလျန် မျက်လုံးဖွင့်ကြည့် လိုက်လေသည်။
ညသည် အေးစက်နေပြီး မြင်းရထားထဲတွင် အလင်းရောင် မရှိပေ။ တောက်ပနေသည့် အရာဆို၍ ဆန်းလျန်၏ မျက်ဝန်းများသာ ရှိလေသည်။ ရှောင်ဟေးမှာ တအံ့တသြဖြင့် သခင်ဖြစ်သူကို သတိထားပြီး ကြည့်နေလေသည်။ သူသည် ဆန်းလျန်နောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်သည့် အတွက် ဆန်းလျန်၏ အမူအရာကို ကြည့်ရုံမျှဖြင့် ဆန်းလျန်ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်နေပြီ ဖြစ်သည်။ ထို့ကြောင့် တာ့ရှားဧကရာဇ်နှင့် အဖြူရောင်ဝတ် လူငယ်၏ တိုက်ပွဲသည် သခင်ဖြစ်သူကို များစွာလွှမ်းမိုးမှုရှိခဲ့သည်ကို သူနားလည်ခဲ့လေသည်။
"ရှောင်ဟေး… မင်းဘဝမှာ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခုများ မရှိဘူးလား"
ဆန်းလျန်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
ရှောင်ဟေးက ဆန်းလျန် ရုတ်တရက် ထိုသို့မေးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
သူက တစ်ချက်မျှ စဉ်းစားလိုက်ပြီး….
"အဲဒီဆန္ဒက သခင်လေးနောက်ကို လိုက်ဖို့ပါပဲ၊ ထင်တာပဲ… အဲဒီလိုဆိုရင် ကျွန်တော့်အတွက် အဆင်ပြေပါတယ်"
ဆန်းလျန်က ရယ်မောလိုက်ရင်း ကျားနက်ကြီး၏ ခေါင်းကို အသာပုတ် လိုက်လေသည်။ "တကယ် အသုံးမကျတဲ့ကောင်" ဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။
"အင်းလေ… ဒါဖြင့်လည်း ပြီးရောပေါ့၊ ငါ့နောက်ပဲ ဆက်လိုက်နေပေါ့"
ဆန်းလျန်၏ စကားကြောင့် ရှောင်ဟေး၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရလေသည်။
ထို့နောက်တွင်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက် သွားသည်ကို ခံစားလိုက်ရလေသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည့် အခါတွင်တော့ ကောင်းကင်ထက်တွင် လင်းလက်နေသည့် လမင်းနှင့် ကြယ်စင်များကို တွေ့လိုက်ရလေသည်။ သူတို့သည် တောနက်ကြီး တစ်ခုအတွင်းသို့ ရောက်ရှိနေခြင်းပင် ဖြစ်လေ၏။
သူက ဆန်းလျန်ကို မော့ကြည့်လိုက်ရင်း…
"သခင်လေး၊ ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ"
"ငါတို့ တာ့ရှားစစ်တပ်နောက်ကို ဆက်မလိုက်တော့ဘူး၊ အရှေ့တိုင်း စစ်သည်တော်တွေရဲ့ နေရာဟာ အရမ်း ကျယ်ပြန့်လွန်းတယ်၊ ငါအဲဒီကို သွားကြည့်ချင်လို့…"
"အိုး…"
ကျားနက်ကြီးကထိုမျှသာ ပြန်ပြောလိုက်လေသည်။
တစ်မိုးအောက်တွင် တာ့ရှား ဧကရာဇ်၏အမိန့်ကို လျစ်လျူရှုဝံ့သူမှာ သူ၏ သခင်လေးသာလျှင် ရှိပေလိမ့်မည်။ သခင်လေးသည် တာ့ရှားဧကရာဇ်၏ စစ်တပ်နောက်သို့ လိုက်မည်ဟု သဘောတူပြီးမှ ယခုတော့ စိတ်ပြောင်းကာ ထွက်ခွာ လာခဲ့ပြန်လေပြီ။
အမှန်တော့ တာ့ရှားဧကရာဇ်က မိစ္ဆာဓားကောက်ကြီး၏ အစွမ်းကို ထုတ်ပြလိုက်ခြင်းမှာ ယွမ်ယန်ကို နှိမ်နင်းရန်အပြင် ဆန်းလျန်ကိုလည်း သူ၏ တန်ခိုးစွမ်းအားကို တွေ့မြင်စေလိုခြင်းလား မပြောတတ်ပေ။ ထိုအချက်နှင့် ပတ်သက်ပြီး ဆန်းလျန်လည်း ရှင်းရှင်းလင်းလင်း မဝေခွဲတတ်ပါ။
ထိုအချက်မှာ မျောက်ကို ခြိမ်းခြောက်ရန် အတွက် မျောက်ရှေ့တွင် ကြက်ကို သတ်ပြသကဲ့သို့ပင် ဖြစ်လေသည်။ ဆန်းလျန်ကတော့ မျောက်လည်း မဟုတ်သလို ကြက်လည်း မဟုတ်ပါ။ ထို့ကြောင့် သူက စိတ်အနှောင့်အယှက်ဖြစ် ပြီးတော့ ရှားစစ်တပ်မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။ တာ့ရှားပြည်၏ စစ်သည်တော်များ ပတ်ပတ်လည်ဝန်းရံထား သည့်နေရာတွင် သူမနေချင်တော့ပြီ။
ကမ္ဘာလောကကြီးက ကျယ်ပြောလွန်းပါသည်။ ဆန်းလျန်အတွက် သွားစရာနေရာတွေမှ အများကြီးရှိလေ၏။
ထိုအချိန်တွင်…
ဆန်းလျန်နှင့် အလွန်ဝေးကွာနေပြီ ဖြစ်သည့် တာ့ရှား စစ်တပ် တည်ရှိရာနေရာမှ နဂါးပုံသဏ္ဌာန် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် ပျံဝဲနေလေသည်။ နဂါး၏ မျက်ဝန်းများက ဆန်းလျန်တည်ရှိရာ အရပ်ဆီသို့ စူးစိုက်ကြည့်နေလေသည်။
ဆန်းလျန်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း နဂါးပုံသဏ္ဌာန် တန်ခိုးစွမ်းအားကို ပြန်စိုက်ကြည့် နေခဲ့လေသည်။ အချိန်ကြာမြင့်စွာ စိုက်ကြည့် နေခဲ့ပြီးသည့်နောက် နဂါးပုံသဏ္ဌာန် တန်ခိုးစွမ်းအားထံမှ ကျုံးဝါးသံသဲ့သဲ့ ထွက်ပေါ် လာပြီး ကောင်းကင်ထက်မှ ပျောက်ကွယ် သွားလေတော့သည်။
ထို့နောက် ဆန်းလျန်က ကျားနက်ကြီးကိုပြောလိုက်သည်။
"သွားကြစို့…"
နဂါးပုံသဏ္ဌာန် တန်ခိုးစွမ်းအားမှာ တာ့ရှားဧကရာဇ်က ဆန်းလျန်ကို စိတ်စွမ်းအား အသုံးပြုကာ ဆက်သွယ်နေခြင်းပင် ဖြစ်လေသည်။ သို့သော် ဆက်သွယ်မရသည့် အဆုံးတွင်တော့ သူက လက်လျှော့လိုက်ပြီး ဆန်းလျန်ကိုစစ်ပွဲတွင် ပါဝင်ရန် ခေါ်ဆိုခြင်းကို လက်လျှော့ လိုက်ရတော့သည်။
အမှန်တော့ တာ့ရှားစစ်တပ်အတွင်းမှ ဆန်းလျန် ထွက်ခွာသွားခြင်းသည် တာ့ရှားဧကရာဇ် အတွက်လည်း အနည်းငယ် လွတ်လပ်သွားလေသည်။ သို့သော် အရှေ့တိုင်း စစ်သည်တော်များကို တိုက်ခိုက်ရန် အတွက်တော့ ဆန်းလျန်၏ အကူအညီမပါလျှင် အနည်းငယ် အခက်တွေ့ရမည် ဖြစ်လေသည်။
သို့သော် ထိုကိစ္စများကို ဆန်းလျန်က အရေးမစိုက်ပါ။ သူက အစကတည်းက လောကတွင် လွတ်လပ်စွာ နေထိုင်လိုသူ တစ်ယောက် ဖြစ်လေသည်။ သူ့အတွက် မည်သူ့ကိုမှ အားနာနေစရာ အကြောင်းမရှိပေ။
အရှေ့တိုင်း စစ်သည်တော်များ နေထိုင်ရာဒေသသည် မြင့်မားသော တောင်ကုန်းများနှင့် တောင်များထက်တွင် တည်ရှိလေသည်။ သစ်တောများနှင့် ဝါးရုံတောများလည်း ပြည့်နှက်လျက် ရှိပြီး မရေမတွက်နိုင်သည့် မျိုးနွယ်စုများလည်း များစွာလည်း ရှိလေသည်။
သို့သော် ယိုးရှီ မျိုးနွယ်စုများကတော့ အရှေ့တိုင်း စစ်သည်တော် များထဲတွင် ပါဝင်ခြင်း မရှိပေ။ ယိုးရှီသည် ကောင်းယောက်နှင့် ပေါ်ယိမျိုးနွယ်စု များကဲ့သို့ သီးခြားရပ်တည်သည့် ကြီးမားသည့် မျိုးနွယ်စုကြီး တစ်ခု ဖြစ်လေသည်။
ဆန်းလျန်သည် ကျားနက်ကြီး ရှောင်ဟေးကို စီးပြီး ခရီးဆက် လာခဲ့လေသည်။
လမ်းတစ်လျှောက်တွင် ဆန်းလျန်သည် မျိုးနွယ်စုပေါင်းများစွာနှင့် မြေပြင် အနေအထားများကို သေသေချာချာ လေ့လာခဲ့လေသည်။ မျိုးနွယ်စုများထံတွင် ထူးဆန်းသော အသစ်အဆန်းများစွာကိုလည်း တွေ့ရှိရလေသည်။ ဥပမာအားဖြင့် မျိုးနွယ်စု အတော်များများသည် စုန်ကဝေ အတတ်၊ မှော်ပညာများ၊ တာအိုကျင့်စဉ်များနှင့် အခြားသော ထူးထူးဆန်းဆန်း ပညာရပ်များကို လူတိုင်းနီးပါး သိရှိကြလေသည်။ လူအားလုံးသည် ကျင့်ကြံသူလောကနှင့် မစိမ်းကြပေ။
ယင်းစန်းဒေသသည် ကျင့်ကြံသူများကို ဦးစားပေး ဆက်ဆံခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပါ။ ယင်းစန်းသည် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများမှ ခွဲထွက်လာသည့် ဒေသတစ်ခု ဖြစ်သည့်အတွက် ကျင့်ကြံသူများကို လေးစားမှုရှိလေသည်။
ချင်းရွှမ် နတ်တံခါးတည်ရှိရာ လောကနှင့် ယှဉ်ကြည့်မည်ဆိုလျှင် အရှေ့တိုင်း စစ်သည်တော်များနှင့် တာ့ရှားပြည်မှ ကျင့်ကြံသူများက များစွာ အဆင့်မြင့်မား လေသည်။ သို့သော် မည်သည့် နေရာတွင်ပင် ဖြစ်ပါစေ နတ်ဘုရားတစ်ပါး အဖြစ်ထာဝရ အသက်ကို ရရှိရန်မှာတော့ မလွယ်ကူလှပေ။
ဆန်းလျန်သည်ပင် ထိုက်ယီထျန်းရှန်း အဆင့်ကို ရောက်ရန်အတွက် များစွာ ကြိုးစားရဦးမည် ဖြစ်လေသည်။
စဉ်းစားရင်းဖြင့်ပင်…
ဆန်းလျန်သည် အရှေ့တိုင်း စစ်သည်တော်များ၏ဒေသသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် လာခဲ့မိပြီ ဖြစ်လေသည်။
ထိုနေ့က… သူသည် မျိုးနွယ်စုငယ် တစ်ခုဆီသို့ ရောက်ရှိလာခဲ့လေသည်။
သူက ထိုနေရာသို့ တိုက်ဆိုင်စွာ ရောက်ရှိသွားခြင်း မဟုတ်ပါ။ ထိုနေရာတွင် မိစ္ဆာ စွမ်းအားများကို ခံစားမိသည့် အတွက်သူက သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။
နေ့ခင်းဘက်ပင် ဖြစ်လင့်ကစား ထိုနေရာတွင် အနက်ရောင် မြူခိုးများ ရစ်သိုင်းနေသည်ကို တွေ့မြင် ခဲ့ရလေသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ရာ မိစ္ဆာတစ်ကောင် ရှိမည်မှာ ထင်ရှား နေလေ၏။
အနက်ရောင်လေသည် အလွန်ဆိုးဝါးပြီး သက်ရှိ သတ္တဝါများ အတွက် များစွာ အန္တရာယ် ရှိလေသည်။
ဆန်းလျန်သည် တရားမျှတမှုအတွက် တိုက်ခိုက်ပေးနေသည့် သူရဲကောင်းတစ်ယောက် မဟုတ်သည့်တိုင် မိစ္ဆာကိုတော့ လျစ်လျူမရှုချင်ပေ။ ထို့ကြောင့် သူက မိစ္ဆာကို နှိမ်နင်းရန်အတွက် ထိုနေရာသို့ သွားခဲ့ခြင်း ဖြစ်လေသည်။
ထိုနေရာတွင် တောင်များက အဖြူရောင်ဖြစ်ပြီး ရေများက အနက်ရောင် ဖြစ်လေသည်။ မြေပြင်ကလည်း အက်ကွဲ ခန်းခြောက်လျက် ရှိလေ၏။
ဆန်းလျန်က ရှောင်ဟေး၏ အမွေးများကို ပွတ်သပ်လိုက်ရင်း…
"ရှောင်ဟေး… မင်းပုံစံက ကြောက်စရာကြီး၊ ကြောက်စရာမကောင်းတဲ့ တခြားပုံစံ ပြောင်းလို့ မရဘူးလား"
ကျားနက်ကြီးက…
"သခင်လေးကလည်း ကျွန်တော်က လူသားစားတဲ့သူမှ မဟုတ်တာ၊ ဘာအန္တရာယ် ရှိမှာလဲ၊ ပြီးတော့ အရှေ့တိုင်း စစ်သည်တော်တွေက တန်ခိုးစွမ်းအား ကြီးကြတာပဲ၊ ကျွန်တော် သူတို့ကို မတိုက်ခိုက်ပါဘူး"
ဆန်းလျန်က…
"သောက်တလွဲတွေ ပြောနေပြန်ပါပြီ၊ မင်းကို သင်ပေးထားတဲ့ ပုံပြောင်းအတတ်ရှိတယ်လေ၊ မြင်းနက်ကြီး ဖြစ်ဖြစ် တစ်ခုခု ပြောင်းလိုက်စမ်းပါ"
"မြင်းပုံပြောင်းရမယ် … ဟုတ်လား"
ကျားနက်ကြီးက စိတ်ညစ်စွာဖြင့် ပြောလိုက်လေသည်။
မြင်းများသည် ရှောင်ဟေး အမုန်းဆုံး သတ္တဝါများ ဖြစ်လေသည်။ အထူးသဖြင့် သူက နတ်မြင်းပျံကြီးကို ကြည့်မရ သည့်အတွက် မြင်းများ အားလုံးကို မုန်းနေမိခြင်း ဖြစ်လေသည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ဒါဖြင့်လည်း မြည်းပုံပြောင်းကွာ၊ မင်းမပြောင်းချင်ရင် ငါပြောင်းပေးရမလား"
ကျားနက်ကြီးသည် မတတ်သာတော့ပဲ မြေပြင်ထက်တွင် တစ်ချက် လှိမ့်လိုက်ပြီး မြည်းတစ်ကောင် ပုံသဏ္ဌာန် ပြောင်းလဲ လိုက်လေသည်။ အမွှေးများက အနက်ရောင် တောက်ပနေပြီး သူက ဟီပင် ဟီလိုက်သေးသည်။
ဆန်းလျန်သည် ကျားနက်ကြီးမှ ပြောင်းလဲဖန်ဆင်းထားသည့် မြည်းနက်လေးပေါ်တွင် စီးကာ တောင်ပေါ်သို့ ခရီးဆက်ခဲ့ လေတော့သည်။
ထိုအချိန်….
ငိုကြွေးသံ တစ်သံကို ကြားလိုက်ရလေသည်။
အရှေ့ဆီမှ စမ်းချောင်းလေး နံဘေးတွင် ကလေးငယ် တစ်ယောက်ကို ပွေ့ချီထားပြီး ငိုကြွေးနေသည့် မိန်းကလေး တစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။
"ဘာလို့ငိုနေတာလဲ…"
ဆန်းလျန်က မေးလိုက်သည်။
ဆန်းလျန်က တာ့ရှားပြည်တွင် ပြောသည့် စကားကိုပင် အသုံးပြုကာ မေးလိုက်ခြင်း ဖြစ်လေ၏။
စကားသံ ထွက်ပေါ်လာသည့် အတွက်ကြောင့် မိန်းကလေးက ခေါင်းမော့ ကြည့်လိုက် လေသည်။ သူမ၏ ပါးပြင်ထက်တွင် မျက်ရည်များက စီးကျနေဆဲ ဖြစ်လေသည်။ သို့သော်… သူမသည် ဆန်းလျန်ပြောသည့် စကားကို နားလည်ဟန် မရှိပါ။
ဆန်းလျန်က ခရီးတစ်လျှောက်တွင် ကြားသိခဲ့ရသည့် အရှေ့တိုင်းစစ်သည်တော် မျိုးနွယ်စုများ၏ စကားများကို အသုံးပြုကာ မေးမြန်းသော်လည်း မိန်းကလေးသည် နားလည်ပုံ မရပေ။ မိန်းကလေးက ခေါင်းကိုသာတွင်တွင် ခါယမ်း ပြနေလေသည်။ ဆန်းလျန်လည်း မည်သို့မှ မတတ်နိုင်တော့ဘဲ စိတ်စွမ်းအင်ကို အသုံးပြုကာ မိန်းကလေးကို ဆက်သွယ်စကား ပြောလိုက် ရလေသည်။
ထိုအခါမှ မိန်းကလေးက ဆန်းလျန်ကို ဦးညွှတ် ဂါရဝပြုလိုက်ပြီး…
"နတ်ဆရာ … နတ်ဆရာက အဝေးကြီးက လာတာထင်တယ်၊ ဒီမိန်းကလေးက ဝူကျုန်း မျိုးနွယ်စုကပါ"
ထိုမိန်းကလေးက ဆန်းလျန်ကို အဘယ့်ကြောင့် နတ်ဆရာဟု ခေါ်ရသည်ကို ဆန်းလျန် သိလေသည်။
ရှေးအချိန်ကတည်းက လူမျိုးစုများသည် နတ်ကိုးကွယ်သည့် အစဉ်အလာ ရှိလေသည်။ နတ်ကိုးကွယ်သည့် အတွက် နတ်ဆရာများလည်း ပေါ်ပေါက် လာခဲ့ကြသည်။ နတ်ဆရာများသည် နတ်များထံမှ တန်ခိုးစွမ်းအား အနည်းငယ်ကို ရယူပြီး သူတို့ကိုယ်သူတို့ နတ်ဘုရားများကဲ့သို့ ကျင့်ကြံ အောင်မြင်ပြီဟု ထင်မှတ်နေလေ့ ရှိကြလေသည်။
ထိုမိန်းကလေး၏ မျိုးနွယ်စုကို ဝူကျုန်းမျိုးနွယ်စုဟု ခေါ်လေသည်။ မျိုးနွယ်စု သက်တမ်းမှာ နှစ်ပေါင်း တစ်ထောင်ခန့်သာ ရှိသေးသည်။ သူတို့သည် ကြီးမားသော လူမျိုးစုကြီး တစ်ခုမှ ခွဲထွက်လာပြီး အဖြူရောင် တောင်များနှင့် အနက်ရောင် ရေများရှိရာ လက်ရှိနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်လေသည်။
မိန်းကလေး၏ ကလေးငယ်မှာ သမီးလေး ဖြစ်လေသည်။
ဝူကျုန်းမျိုးနွယ်စုများကို နတ်မိစ္ဆာများ မနှောင့်ယှက်ရန် အတွက် ထိုကလေးငယ်သည် ယဇ်ပူဇော်ရန် ရွေးခြယ်ခံခဲ့ရ သည်။
မိန်းကလေးသည် သမီးငယ်ကို ယာဇ်ပူဇော်ခြင်းငှာ မတတ်နိုင်ပေ။ ထို့ကြောင့် သမီးငယ်ကို ပွေ့ဖက်ရင်း စမ်းချောင်းလေး နံဘေးတွင် လာရောက် ငိုကြွေးနေခဲ့ခြင်း ဖြစ်လေသည်။
မိန်းကလေး၏ စကားများကို နားထောင်ရင်း ဆန်းလျန်သည် ဝူကျုန်း ဘာသာစကားကို တတ်ကျွမ်း သွားခဲ့လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မငိုနဲ့တော့၊ မင်းရဲ့အခက်အခဲကို ကျုပ်ကူညီပါ့မယ်"
ဟု ပြောလိုက်လေတော့သည်။
***