← Chapters

ချန်းကွေ

Vol. 6 Ch. 542

ချန်းကွေ

Vol. 6 Ch. 542

မိန်းကလေးသည် ပျော်ရွှင်သွားသည့် အမူအရာ ဖြစ်သွားပြီးမှ အနည်းငယ် တုံ့ဆိုင်းသွားပြီး…

"နတ်ဆရာကို ဖုံးကွယ် မထားချင်ပါဘူး၊ အရင်က တခြား နတ်ဘုရား နှစ်ပါးလည်းဒီကို ရောက်လာသေးတယ်၊ ဒါပေမဲ့ သူတို့အားလုံး သေကုန်ကြတယ်"

ထို့နာက် သူမက ဆက်ပြီးပြောသည်။

"အဲဒီ နတ်ဆရာနှစ်ပါးက ဘယ်လောက်တောင် တန်ခိုးကြီးလည်းဆိုရင် တိမ်တွေ မြူခိုးတွေကိုတောင် စီးနှင်ပြီး ပျံသန်းနိုင်တယ်"

သူမ ထိုသို့ပြောရသည်မှာ အကြောင်းရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် နတ်ဆရာဆိုသည့်တိုင် အလွန်ငယ်ရွယ်ပုံ ရလေသည်။ ထို့ကြောင့် တန်ခိုးသိပ်မကြီးနိုင်ဟု သူမက ထင်မှတ်နေခြင်း ဖြစ်လေသည်။ သူမသည် ရိုးရှင်းပြီး ရိုးသားဖြူစင်သည့် မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ သူမ၏ ကလေးငယ်ကို နတ်မိစ္ဆာထံ ယဇ်ပူဇော် ရတော့မည့်တိုင် သူမက ဆန်းလျန် အသက်ဆုံးရမည်ကိုတော့ လိုလားခြင်း မရှိပေ။

"ဒီမိန်းကလေးက တကယ်ရိုးသားလှတယ်…"

ဆန်းလျန်က တွေးလိုက်မိလေသည်။

သူက ပြုံးလိုက်ရင်း…

"ကျုပ်ကို မင်းတို့ မျိုးနွယ်စု ခေါင်းဆောင်နဲ့ တွေ့ဖို့ ခေါ်သွားပေးနိုင်မလား"

ကလေးငယ်များကို နတ်မိစ္ဆာထံတွင် ယဇ်ပူဇော်ခြင်းသည် မျိုးနွယ်စုခေါင်းဆောင်၏ အဆုံးအဖြတ် ပေါ်တွင်သာ အဓိက ကျလေသည်။ ထို့ပြင် ကလေးများကို စားပြီးသည့်နောက် နတ်မိစ္ဆာသည် လူများကို အန္တရာယ် မပေးရန်အတွက် နတ်မိစ္ဆာနှင့် ဆက်သွယ်နိုင်သည့် လူတစ်ယောက်လည်း လိုသေးသည်။

မိန်းကလေးက အငိုတိတ်သွားပြီ ဖြစ်သည်။ သူမက ဆန်းလျန်ကို မျိုးနွယ်စု ခေါင်းဆောင်နှင့် တွေ့ဆုံပေးရန် သဘောတူ လိုက်လေသည်။

ရုတ်တရက်…

သူမ၏ ခြေဖဝါးအောက်တွင် နူးညံ့သည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး သူမသည် အဖြူရောင် တိမ်တိုက်တစ်ခု၏ သယ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။ သူမသည် အောက်သို့ ငုံ့ကြည့်လိုက်သည့် အခါ ဟင်းသီးဟင်းရွက် စိုက်ခင်းများကို မြင်တွေ့ လိုက်ရလေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မျိုးနွယ်စုခေါင်းဆောင်က ဘယ်နေရာမှာနေတာလဲ"

မိန်းကလေးမှာ အလွန် အံ့အားသင့်နေသည့် အတွက် ချက်ချင်း အဖြေပြန်မပေးနိုင်ခဲ့ပေ။ ဆန်းလျန်၏ တန်ခိုးစွမ်းအား များသည် ယခင်နတ်ဆရာ နှစ်ပါးထက် မြင့်မားသည်ကို သူမသဘောပေါက် သွားခဲ့ပြီ။ ဆန်းလျန်သည် တိမ်ကို စီးနိုင်ရုံသာမက သူမကိုပင် တိမ်ပေါ်တွင် ခေါ်ဆောင် သွားနိုင်လေသည်။ ယခင် နတ်ဆရာနှစ်ပါးသည် တိမ်ကို စီးနိုင်သည့်တိုင် ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။

သူမ၏ ရင်ခွင်ထဲမှ သမီးငယ်လေးမှာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပတ်ဝန်းကျင်ကို စူးစမ်း နေလေသည်။ ထို့နောက် သူမက ဆန်းလျန်ကို ထူးဆန်းစွာဖြင့် လှမ်းကြည့်လိုက်သည်။

မိန်းကလေးက နေရာတစ်နေရာကို ညွှန်ပြလိုက်သည့် အခါတွင်တော့ ဆန်းလျန်က အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ တိမ်တိုက်သည် မြေပြင်ထက်သို့ တဖြည်းဖြည်း နိမ့်ဆင်း သွားလေသည်။ မိန်းကလေးသည် သူမ၏ခြေထောက်များ မြေပြင်နှင့် ထိတွေ့လိုက်သည်ကို ခံစားလိုက်ရလေသည်။

ဝူကျုန်း လူမျိုးစုဝင်လူအများမှာ ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်ပြီး အိမ်ထဲမှ အသီးသီး ထွက်လာကြလေသည်။

သူတို့သည် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် ဆန်းလျန်ကို မြင်တွေ့ လိုက်ကြရလေသည်။

လူအုပ်ကို ခေါင်းဆေင်သည့် ရှေ့ဆုံးမှလူသည် အလွန် အသက်အရွယ် ကြီးနေပြီး ခန္ဓာကိုယ်က ယိုယွင်းနေပြီ ဖြစ်လေသည်။ သို့သော် သူ၏ မျက်လုံးများက ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝနေပြီး အခြားသူများနှင့်မတူ တစ်မူ ထူးခြားနေလေသည်။

ဆန်းလျန်က ထိုသူကိုကြည့်လိုက်ပြီး…

"ခင်ဗျားက ဝူကျုန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်လား"

"ကျုပ်က ဝူကျုန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပါ၊ နာမည်က ပင်းဟူလို့ ခေါ်တယ်၊ ဘာကိစ္စများရှိလို့ပါလဲ နတ်ဆရာ"

ပြောပြီးသည်နှင့် ပင်းဟူက ဆန်းလျန်ဘေးမှ မိန်းကလေးကို စူးရှစွာဖြင့် ကြည့်လိုက်လေသည်။

မိန်းကလေးမှာ ကြောက်ရွံ့သွားပြီး ဆန်းလျန်၏ နောက်သို့ ဝင်ကာ ပုန်းနေလိုက်လေသည်။

လူအများကလည်း တီးတိုးစကားသံများ ထွက်ပေါ် လာကြလေသည်။ သူတို့က မိန်းကလေးသည် ကလေးငယ်ကို ယာဇ်မပူဇော်ချင်သောကြောင့် ဆန်းလျန်ကို ခေါ်လာခြင်း ဖြစ်သည်ဟု ပြောဆိုနေကြဟန် ရှိလေသည်။

ဆန်းလျန်သည် လူအုပ်ကြားထဲတွင် မိန်းကလေး၏ ခင်ပွန်းဖြစ်သူကို အာရုံခံ ကြည့်လိုက်လေသည်။ သို့သော် တွေ့ရှိခဲ့ခြင်း မရှိပေ။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဝူကျုန်းမျိုးနွယ်က တစ္ဆေမျိုးနွယ်စုများလား၊ ချန်းကွေတစ္ဆေကို မင်းတို့အားလုံးက ခေါင်းဆောင် တင်ထားတာလား"

ဆန်လျန်၏ အမေးကြောင့် ပင်းဟူ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။

"ခင်ဗျားစကားက ဘာကိုဆိုလိုတာပါလဲ"

"ကျုပ်ပြောချင်တာက ခင်ဗျားက အသက်မရှိတော့ဘူး ဆိုတာပဲ"

ဆန်းလျန်က ခပ်ရှင်းရှင်းပင် ပြန်အဖြေပေးလိုက်လေသည်။

ပင်းဟူက ဆန်းလျန်ကိုခေါ်လာသည့် မိန်းကလေးကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်ရင်း…

"အားလျန်၊ နင့်ကလေးကို ယဇ်မပူဇော်ချင်ဘူး ဆိုလည်း ရပါတယ်၊ ဘာလို့ နတ်ဆရာ တစ်ယောက် ခေါ်လာရတာ လဲ၊ နင့်ယောကျ်ား ကွယ်လွန်သွားကတည်းက ငါတို့က နင့်ကို အစားအသောက်တွေ အဝတ်အထည်တွေ ပေးနေခဲ့တဲ့ ကျေးဇူးမှမထောက်…"

အားလျန်ဆိုသည့် မိန်းကလေးက ခေါင်းခါယမ်းလိုက်ရင်း…

"ဒီနတ်ဆရာနဲ့က အခုမှ သိတာပါ…"

ပင်းဟူက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"နင့်အလှက ဝူကျုန်းမျိုးနွယ်စု အတွက်တော့ အလကားပဲ၊ နတ်ဆရာလေးက နင့်ကို မျက်စိကျတယ် ဆိုလည်း နင်တို့နှစ်ယောက် ထွက်သွားကြတော့၊ ကလေးနဲ့ ပတ်သက်ပြီး နတ်ဆရာက ရောက်လာတာ ဆိုရင်တော့ နင်တို့ကို ဒီမှာ နေခွင့်မပြုနိုင်တော့ဘူး"

ပတ်ဝန်းကျင်မှာ လူမျိုးစုဝင်များကလည်း မိန်းကလေးအပေါ် မကျေမနပ် ဖြစ်လာကြလေသည်။

မိန်းကလေးမှာ ပင်းဟူက သူမကို ထိုသို့ စွပ်စွဲပြီး အပြစ်တင်လိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။ ထို့ကြောင့် ဝမ်းနည်းကာ ငိုကြွေးလေတော့သည်။

ဆန်းလျန်က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း…

"ခင်ဗျား အခြေအနေတွေကို ပြောင်းပြန်ဖြစ်အောင် လုပ်ပစ်နေတာပဲ၊ ဒါပေမဲ့ ခင်ဗျားအကြောင်းကို ဒီက လူတွေမသိအောင် ဖုံးကွယ်ထားလို့ ရပေမယ့် ကျုပ်ကိုတော့ ဖုံးကွယ်ထားလို့ မရဘူးဆိုတာပဲ"

ပင်းဟူက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…

"ခင်ဗျားက တန်ခိုးစွမ်းအား မြင့်မားတယ် ဆိုတာ ကျုပ်သိပါတယ် နတ်ဆရာ၊ ဒါပေမဲ့ ခင်ဗျား ပြောသလို ကျုပ်က ချန်းကွေတစ္ဆေဆိုတာ သက်သေပြနိုင်မယ်ဆိုရင် ပြလိုက်စမ်းပါ၊ တကယ်တော့ ကျုပ်လုပ်သမျှဟာ ဝမ်ကျုန်းမျိုးနွယ်စုက လူတိုင်းအတွက်ပါပဲ"

ဆန်းလျန်က…

"ခင်ဗျားကသာ လူတိုင်းအတွက်လို့ ပြောနေတာ၊ အဲဒီ လူတိုင်းအတွက် ဆိုတာ တောင်ပေါ်က မိစ္ဆာစားဖို့ အတွက် ကလေးတွေ ပို့ပေးနေရတာကို ပြောတာလား"

"ဒါက မတတ်နိုင်လို့ လုပ်ရတာပါ၊ ကျုပ်တို့ တိုက်ခိုက်လို့လည်း မဖြစ်နိုင်ဘူးလေ၊ ကျုပ်မျိုးနွယ်စု ဝင်တွေကို မေးကြည့်ပါ၊ ကျုပ်ကလေးကိုတောင် မိစ္ဆာဆီမှာ ယာဇ်ပူဇော်ခဲ့တာပါ"

ပတ်ဝန်းကျင်မှ လူများက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြလေသည်။

သူတို့သည် ဆန်းလျန်နှင့် မိန်းကလေးကို ဝန်းရံထားကြပြီး ရန်လိုသည့် အပြုအမူများကို ပြုလုပ် လာကြလေသည်။ သူတို့က လက်နက်များကို ကိုင်မြှောက်လိုက်ကြပြီး အချို့ စုန်းကဝေ အတတ် တတ်မြောက် သူများကလည်း ထူးဆန်းသည့် အလင်းရောင်များကို ထုတ်လွှတ် လိုက်ကြလေသည်။

ဆန်းလျန်က ခေါင်းကို တစ်ချက်ခါယမ်းလိုက်ရင်း…

"မင်းတို့က တော်တော်ရှင်းပြရခက်တာပဲ၊ ဗုဒ္ဓက လူတွေကို တရားမဟောချင်ဖြစ်ခဲ့တာ မအံ့သြတော့ပါဘူး"

ဆန်းလျန်၏ လက်ချောင်းများသည် လေထဲတွင် စာလုံးတစ်လုံးကို ရေးဆွဲ လိုက်လေသည်။ ဝူကျုန်းလူမျိုးများက ထိုသင်္ကေတကို သိရှိခြင်း မရှိပါ။ ထိုသင်္ကေတမှာ "တင်" ဆိုသည့် အင်းသင်္ကေတ ဖြစ်လေသည်။

ခဏအကြာတွင်တော့ ဆန်းလျန်သည် အင်းသင်္ကေတကို ရေးဆွဲပြီးဆုံး သွားလေသည်။ ထိုအခါ အင်းသင်္ကေတဆီမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူကျုန်းမျိုးနွယ်စုဝင် လူများကို ကျောက်ရုပ်များအလား ငြိမ်သက်သွားစေလေသည်။ သူတို့သည် မျက်တောင်သာခပ်နိုင်ပြီး လုံး၀ မလှုပ်ရှားနိုင်ကြတော့ပေ။

သို့သော်… အားလျန်နှင့် သူမ၏ သမီးလေးကတော့ လှုပ်ရှားနိုင်လေသည်။

လူမျိုးစုခေါင်းဆောင် ပင်းဟူမှာလည်း ကျောက်ရုပ်ကဲ့သို့ပင် ငြိမ်သက် နေလေသည်။ ဆန်းလျန်က ရှောင်ဟေး၏ အမွှေးလေးများကို တစ်ချက် ပွတ်သပ် လိုက်လေသည်။

ရှောင်ဟေးသည် ချက်ချင်းပင် သခင်လေးပေးသည့် အမိန့်ကို နားလည် လိုက်လေသည်။ သူက ချက်ချင်းပင် ကျားသဏ္ဌာန် ပြောင်းပြီး ပင်းဟူ၏လည်ပင်းကို ကိုက်ချ လိုက်လေသည်။

ထိုအခါ ပင်းဟူ၏ ခန္ဓာကိုယ်သည် အငွေ့ပျံသွားပြီး မြေပြင်ထက်တွင် လူသား အရေခွံတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ ထိုအရေခွံထဲမှ အနက်ရောင် အငွေ့များ ထွက်လာပြီး ထိုအငွေ့များထဲတွင် လူသေးသေးလေး တစ်ယောက်ကို တွေ့မြင်ရလေသည်။ ထိုလူ သေးသေးလေးမှာ ပင်းဟူနှင့် အလွန်ဆင်တူ လေသည်။ ထိုလူသေးသေးလေးက ဆန်းလျန်ကို မုန်းတီးသည့် အကြည့်ဖြင့် ကြည့်နေပြီး နတ်မိစ္ဆာနေထိုင်သည့် တောင်ပေါ်သို့ ပျံသန်း ထွက်ခွာ သွားလေသည်။

အားလျန်မှာ အလွန်ထိတ်လန့်နေပြီး စကားပင် မပြောနိုင်ပေ။ သူမသည် တာအိုကျင့်စဉ်များ အကြောင်းကို ကြားဖူးနားဝရှိသည့်အတွက် ဆန်းလျန်က လူမျိုးစုဝင်များကို အရူးလုပ်ရန် အတွက် တန်ခိုးစွမ်းအားအသုံးပြုကာ ပြောင်းလဲစေခဲ့သည်လား၊ သို့မဟုတ် လူမျိုးစုခေါင်းဆောင်သည် အမှန်တကယ်ပင် ချန်းကွေတစ္ဆေ ဖြစ်လေသလား ဆိုသည်ကို သူမလည်း မခန့်မှန်းရဲပါ။

ရှောင်ဟေးက နောက်သို့ ပြန်ခုန်ဆုတ်လိုက်လေသည်။

အားလျန်မှာ ယခုမှ အနက်ရောင်မြည်းမှာ အနက်ရောင် ကျားကြီးတစ်ကောင် ဖြစ်နေသည်ကို သတိပြုမိပြီး ထိတ်လန့် သွားရလေသည်။

ရှောင်ဟေးက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…

"သခင်လေး … သူ့ကိုကိုက်ခိုင်းမှတော့ ကျားပုံပြောင်းမှ ကိုက်လို့ရမှာပေါ့"

ဆန်းလျန်က ဒေါသထွက်ထွက်ဖြင့်ပင် မချိပြုံးပြုံးလိုက်ရင်း…

"အေးပါ… အေးပါ…"

ရှောင်ဟေးက ဆန်းလျန်ကို ကြည့်ပြီး ရယ်မော လိုက်လေသည်။

ဆန်းလျန်က…

"ကြည့်ရတာ အဲဒီနတ်မိစ္ဆာက မင်းနဲ့ အမျိုးတော်တယ်ထင်တယ်"

ချန်းကွေ တစ္ဆေဆိုသည်မှာ ကျားမျိုးနွယ်မှ ဖန်ဆင်းနိုင်သည့် မိစ္ဆာမျိုးဖြစ်လေသည်။ ကျားမျိုးနွယ် မိစ္ဆာများသည် သူတို့သတ်ဖြတ်ခဲ့သည့် လူသား၏ ဝိညာဉ်ကို အကျဉ်းချပြီး ကျွန်အဖြစ် ခိုင်းစေနိုင်လေသည်။ ချန်းကွေတစ္ဆေများသည် တစ္ဆေငါးကောင် စေတမာန်များ ဖြစ်ကြလေသည်။

ရှောင်ဟေးက အားလျန်ကို တောင်းပန်သည့် အပြုံးဖြင့် ပြုံးပြလိုက်ပြီး…

"ကျွန်တော်က လူတွေကို မစားပါဘူး"

ဆန်းလျန်က အားလျန်မိန်းကလေးကို လှည့်ကြည့်လိုက်ရင်း…

"မင်း အရမ်းကြောက်သွားလား…"

ဟု မေးလိုက်လေသည်။

မိန်းကလေးက ခေါင်းတစ်ချက် ညိတ်လိုက်မိပြီးမှ ချက်ချင်းပင် ခေါင်းကို ခါယမ်း ပြလိုက်သည်။

သူမ၏ သမီးငယ်လေးကတော့ မိခင်ဖြစ်သူကို တင်းကြပ်စွာဖြင့် ဖက်ထားလေသည်။ ကလေးမလေးသည် အသက်နှစ်နှစ်ခန့်သာ ရှိသေးသည်။ သူမသည် သူမပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို နားမလည်သည့်တိုင် ခံစားနိုင်လေသည်။

"မကြောက်နဲ့တော့နော်၊ ကျုပ်တို့အခု တောင်ထိပ်မှာ နတ်မိစ္ဆာကို သွားရင်ဆိုင်ရမယ်၊ အမှန်တရားကိုတော့ ဖော်ထုတ်ပြီးပြီ၊ မင်း ကျုပ်ကို မယုံဘူးဆိုရင် ဒီမှာနေခဲ့လို့ရပါတယ်"

မိန်းကလေးက သူမ၏ မျိုးနွယ်စုဝင်လူများကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လူများသည် သူမကို ဒေါသတကြီးဖြင့် ကြည့်နေကြလေသည်။

သူမက တိုးလျစွာဖြင့်…

"ကျွန်မ ရှင်နဲ့ပဲလိုက်ခဲ့ပါတော့မယ် နတ်ဆရာ…"

သူမသည် အားနည်းပြီး နူးညံ့သည့် မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်စွမ်းလည်း နည်းပါးလေသည်။ သို့သော် အနည်းဆုံးတော့ ဆန်းလျန်က သူမ၏ မျိုးနွယ်စုဝင်များထက် ပိုပြီးတော့ပင် သူမအပေါ်တွင် ကောင်းမွန်ခဲ့သည့်အတွက် ဆန်းလျန်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။

ဆန်းလျန် ထွက်ခွာသွားပြီးသည့်နောက်မှ သူမ၏ မျိုးနွယ်စုက သူမနှင့် သမီးငယ်ဖြစ်သူကို အန္တရာယ်ပြုမည်ကို သူမ စိုးရိမ်မိလေသည်။

***

All Chapters