ဓားပြုလုပ်ခြင်း
Vol. 6 Ch. 543
ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်က တိမ်မစီးတော့ပါ။
သူက သားအမိနှစ်ယောက်ကို တောင်ပေါ်သို့ ခြေလျင်ခရီးဖြင့် ခေါ်ဆောင် သွားခဲ့လေသည်။ တောင်ပေါ်တွင် နှင်းများဖုံးလွှမ်းနေပြီး မြောက်လေက အော်မြည်ကာ တိုက်ခတ် နေလေသည်။ သာမန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့သော ရာသီဥတုမျိုးတွင် အားလျန်တို့ သားအမိနှစ်ယောက်လုံး အေးခဲသွားကြမည် ဖြစ်လေသည်။ သို့သော် သူတို့သည် ဆန်လျန်နှင့် နီးကပ်နေသဖြင့် ရေပူစမ်းလေး တစ်ခုအနားတွင် ရောင်နေသည့် အလား နွေးထွေးလျက် ရှိကြလေသည်။
အားလျန်၏ ရင်ထဲမှ စိတ်မသက်မသာ ခံစားနေရမှုများသည် ဆန်းလျန်ထံမှ နွေးထွေးမှု များကြောင့် ပျောက်ကွယ်သွား ရတော့သည်။
"ဒီတောင်ရဲ့နာမည်ကဘာလဲ…"
ဆန်းလျန်က ရုတ်တရက်မေးလိုက်သည်။
"ဒီတောင်ကို ချုန်းဟိုတောင်လို့ ခေါ်ပါတယ်၊ ဒီတောင်ရဲ့သခင်က ချုန်းဟိုလို့ ခေါ်တဲ့ ကျားတစ်ကောင်ပါ၊ အဖြူရောင် မင်းကြီးရဲ့သားတော်ယွမ်ယန်က အဲဒီကျားကို ဒီတောင်ကို အပိုင်စားပေးခဲ့တာပါ၊ ဒီတောင်က သူ့ရဲ့အမှတ်အသား ပါပဲ"
အားလျန်သည် အနည်းငယ် အကြောက်ပြေ သွားပြီဖြစ်သဖြင့် ဆန်းလျန်၏ မေးခွန်းကို ဖြေလိုက်လေသည်။
ဆန်းလျန်က ကျားနက်ကြီးကို လက်ညှိုး တစ်ချက်ထိုးလိုက်ပြီး…
"ချုန်းဆိုတဲ့အမည်က ကောင်းမွန်တဲ့ မျိုးနွယ်အမည်ပဲ၊ မင်းကို အခုအချိန်ကစပြီး ချုန်းဟေးဟူလို့ အမည်ပေးလိုက်မယ်"
"ကောင်းတယ် ကောင်းတယ်"
ဟု ရှောင်ဟေးက ပြန်ပြောလိုက်လေသည်။
ရှောင်ဟေးက ဆန်းလျန်ကို တာ့ရှားပြည်မှ ဘာသားစကားဖြင့် ပြန်ပြောလိုက်ခြင်း ဖြစ်လေသည်။
ထို့ကြောင့် အားလျန်မှာ ရှောင်ဟေးပြောသည့် ဘာသာစကားကို နားမလည်သည့်တိုင် ကျားနက်ကြီး၏ မျက်နှာထားမှာ အလွန်မှ ရယ်စရာ ကောင်းသည်ဟု တွေးရင်း ကြိတ်ရယ် လိုက်မိလေသည်။
ချုန်းဟိုတောင် သခင်သည် ကျားတစ်ကောင် ဖြစ်သည်ဟု ဆိုလေပြီ။ ရှောင်ဟေးသည်လည်း လူသားမစားသည့်တိုင် ခပ်လွယ်လွယ် ကျားတစ်ကောင်တော့ မဟုတ်ခဲ့ပေ။
ရှောင်ဟေးသည် သခင်လေးကို ပျော်ရွှင်စေလိုသည့် အတွက်သာ သိက္ခာအကျခံကာ ပေါတောတော လုပ်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် အရှေ့တိုင်း စစ်သည်တော်များ၏ ဒေသကို ခဏတာခရီးနှင်ခဲ့ပြီးသည့်နောက် မျိုးနွယ်စုများ၏ ရိုးရာပုံပြင်များစွာကို သိရှိမှတ်သား ခဲ့လေသည်။ ထို့ကြောင့် သူက အားလျန်နှင့် သူမ၏ သမီးငယ်ကို လမ်းတစ်လျှောက်တွင် ပုံပြင်များ ပြောပြလာခဲ့လေသည်။
တတိယမြောက်ပုံပြင်ကို ပြောပြပြီးသည့် အခါတွင်တော့ သူတို့သည် ဂူတစ်ဂူ အနီးသို့ ရောက်ရှိလာခဲ့လေသည်။ ဂူမှာ ခြောက်သွေ့ပြီး ကျယ်ဝန်းလေသည်။ ထိုနေရာမှ မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ်လျက် ရှိလေ၏။
ဆန်းလျန် ဂူဝသို့ရောက်သည်နှင့် ဂူအတွင်းမှ မိစ္ဆာလေပြင်းတစ်ချက် တိုက်ခတ် လာလေသည်။
ရုတ်တရက်….
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားပြီး ကျားဦးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် နတ်မိစ္ဆာတစ်ကောင် ဂူအတွင်းမှ ထွက်ပေါ် လာလေသည်။ သူ့နောက်မှ တစ္ဆေစစ်တပ်ကြီး တစ်တပ်လည်း လိုက်ပါလာလေသည်။ ထိုတစ္ဆေစစ်တပ်ကြီး ထဲတွင် ဝူကျုန်း မျိုးနွယ်စု ခေါင်းဆောင်ကိုလည်း တွေ့ရလေသည်။ သူက ဆန်းလျန်ကို လက်ညှိုးထိုးပြပြီး နတ်မိစ္ဆာ ဘုရင်ကို တီးတိုး စကားပြောနေလေသည်။
ဆန်းလျန်သည် ထိုချန်းကွေ တစ္ဆေများကိုကြည့်ပြီး စိတ်မသက်မသာ ခံစားလိုက် ရလေသည်။
နတ်မိစ္ဆာဘုရင်က ပါးစပ်ကို ဟပြီး စကားစတင် ပြောလိုက်သည်။
"ကျုပ်နာမည်က ချုန်းဟိုလို့ ခေါ်တယ်၊ ဒီတောင်ရဲ့ဘုရင်ပဲ၊ ကျုပ်ကို ဒီရာထူးအပ်နှင်း ခဲ့သူကတော့ အဖြူရောင် မင်းကြီးရဲ့သားတော် ယွမ်ယန်ပဲ၊ ဒီတောင်ကနေ မိုင်သုံးထောင် ပတ်လည်အတွင်းဟာ ကျုပ်ရဲ့ပိုင်နက်ဧရိယာပဲ၊ မင်းလို့ ကျင့်ကြံသူလူငယ်လေးက ကျုပ်ကို ပြဿနာ ရှာရဲသလား၊ ဒီလိုပြဿနာရှာတာဟာ အရှေ့တိုင်းစစ်သည် တော်တွေကို စိန်ခေါ်ရာ ရောက်တယ် ဆိုတာ မသိဘူးလား"
နတ်မိစ္ဆာဘုရင်ချုန်းဟိုသည် တောင်များတွင် လှည့်လည် ကျက်စားနေသည့် ကျားဆိုးတစ်ကောင် ဖြစ်လေသည်။ သူက နှစ်ပေါင်းတစ်ထောင်ခန့် ကျင့်ကြံခဲ့ပြီး လူသားအဖြစ် အသွင်ပြောင်းနိုင်သည်မှာ နှစ်ပေါင်းသုံးရာခန့် ရှိပြီ ဖြစ်လေသည်။ သူ၏ ပိုင်နက်ဖြစ်သည့် မိုင်ပေါင်းသုံးထောင် ပတ်လည်တွင် သူက အာဏာရှင်ဆန်စွာ သောင်းကြမ်းလျက် ရှိလေ၏။
ထိုကျားဆိုးနှင့် ယွမ်ယန်ဆုံတွေ့သည့် အချိန်တုန်းက ယွမ်ယန်သည် စစ်သူရဲကောင်းများကို လိုက်လံစုစည်းနေသည့် အချိန်ဖြစ်လေသည်။ သူက နာမည်ဆိုးနှင့် ကျော်ကြားသည့် ချုန်းဟို ကျားမိစ္ဆာအကြောင်း ကြားသိရသည့်အခါ သူ့ကို ခြေငြိမ်သွားစေရန် အတွက် တောင်တစ်တောင်ကို အပိုင်စားပေးခဲ့ခြင်းမျှသာ ဖြစ်လေသည်။
ချုန်းဟိုမှာ သူကျင့်ကြံခဲ့သည့် မိစ္ဆာကျင့်စဉ်ကြောင့် လူသားများကို စားသောက်ရန် လိုအပ်လေသည်။ သူက ဝူကျုန်းမျိုးနွယ်စု ခေါင်းဆောင်ကိုလည်း ချန်းကွေတစ္ဆေအဖြစ် ပြောင်းလဲ ပစ်ခဲ့လေသည်။ ထို့ကြောင့် ဝူကျုန်းမျိုးနွယ်စု ခေါင်းဆောင်သည် သူစားသောက်ရန် အတွက် လတ်ဆတ်သည့် လူသားများ ထောက်ပံ့ပေးသည့် သူ၏ လက်အောက်ငယ်သာ တစ်ယောက် ဖြစ်လာခဲ့လေသည်။
ချုန်းဟိုသည် ယခင်တုန်းက သာမန် ကျင့်ကြံသူများနှင့် သူရင်ဆိုင်ခဲ့ဖူးပြီး သူက သိုင်းကွက် နှစ်ကွက် သုံးကွက်ထုတ်လိုက်သည်နှင့် ထိုသူများသည် သူ့ကို ရှုံးနိမ့်ကြရသည်ပဲ ဖြစ်လေသည်။
သို့သော် ယခု သူ့ရှေ့တွင် ရောက်နေသည့် ကျင့်ကြံသူလူငယ်လေးသည် ငယ်ရွယ်ပုံရသော်လည်း တန်ခိုးစွမ်းအားကတော့ မည်မျှနက်ရှိုင်းသည်ကို ခန့်မှန်း၍ မရခဲ့ပေ။ ထို့ကြောင့် သူက အဖြူရောင် မင်းကြီး၏ သားတော်ယွမ်ယန်၏ အမည်ကို အသုံးပြုကာ ခြိမ်းခြောက် လိုက်ခြင်း ဖြစ်လေ၏။
ဆန်းလျန်က…
"ဆိုရိုးစကားတစ်ခုရှိတယ်၊ "ကျားယောင်ဆောင်တဲ့ မြေခွေး" ဆိုတာလေ၊ ဒါပေမဲ့ မင်းကတော့ ကျားတော့ ကျားပါပဲ၊ ဘာလို့ သူများရဲ့ နာမည်ကို အသုံးပြုပြီး အကာအကွယ် ယူနေရတာလဲ၊ အဆိုးဆုံးကတော့ မင်းက အဖြူရောင်မင်းကြီးရဲ့ သားတော်ယွမ်ယန်ရဲ့ နာမည်ကို အသုံးပြုပြီး အကာအကွယ် ယူထားတာပဲ၊ အခု ယွမ်ယန်ဟာ တာ့ရှားဧကရာဇ်ရဲ့ နှိမ်နင်းခြင်းကိုခံရပြီး ပျောက်ကွယ် သွားပြီဆိုတာ မင်းမသိဘူးလား"
ချုန်းဟိုသည် ဆန်းလျန်၏ စကားကို ယုံရခက်ခက် ဖြစ်နေလေသည်။ တကယ်တမ်း ပြောရလျှင် အဖြူရောင် မင်းကြီး၏ သားတော်နှင့် တာ့ရှားဧကရာဇ် ဆိုသည့် အမည်များမှာ ချုန်းဟိုနှင့်အလွန်ပင် အလှမ်းကွာဝေး လှလေသည်။ သူသည် တောင်တစ်တောင်ကို ပိုင်စိုးသည့် နတ်မိစ္ဆာ တစ်ကောင်မျှသာ ဖြစ်ပြီး များပြားသည့်အကြောင်းအရာများကို သိရှိနိုင် ခြင်းမရှိပေ။
"မင်းစကားတွေကို ဘယ်လိုလုပ်ယုံရမှာလဲ၊ တိုက်ခိုက်ချင်တယ် ဆိုရင်တော့ ကျုပ်က အဆင်သင့်ပဲနော်"
ချုန်းဟိုက ပြန်ပြောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ချုန်းဟိုက လက်တစ်ဖက်ဝေ့ယမ်းကာ အချက်ပြ လိုက်လေသည်။
ထိုအခါ ချန်းကွေ တစ္ဆေများသည် ရှေ့သို့ ထွက်လာကြလေသည်။ ချုန်းဟိုသည် ဆန်းလျန်၏ ဇာစ်မြစ်ကို သေသေချာချာ မသိသေးသည့်အတွက် ချန်းကွေ တစ္ဆေများကို အရင်ဆုံး တိုက်ခိုက်စေလိုက်ခြင်း ဖြစ်လေသည်။ ထိုတစ္ဆေများ သေဆုံးသွားလျှင်လည်း သူ့အနေဖြင့် စိတ်မကောင်းဖြစ်စရာ အကြောင်းမရှိပေ။
အားလျန်သည် ရှေ့သို့ထွက်လာသည့် ချန်းကွေတစ္ဆေများကို ကြည့်နေလေသည်။
တစ္ဆေများ၏ ခန္ဓာကိုယ်များဆီမှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ ဆန်းလျန်က အသက် တစ်ချက်ရှူလိုက်လေသည်။
ဆန်းလျန်၏ အသက်တစ်ချက်ရှူသံသည် ဟာရီကိန်း မုန်တိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ချန်းကွေတစ္ဆေများ သည်မုန်တိုင်းထဲတွင် ပိတ်မိနေပြီး သူတို့၏ ခန္ဓာကိုယ်များမှာ မီးခိုးငွေ့များ အဖြစ် ပြိုကွဲသွားကြလေသည်။
ဆန်းလျန်က လေထဲမှ မီးခိုးငွေ့များကို ကြည့်ကာ ပြန်လည် မွေးဖွားခြင်း ဂါထာကို ရွတ်ဆို လိုက်လေသည်။ ချန်းကွေ တစ္ဆေများသည် မည်မျှ ဆိုးယုတ်သူများ ဖြစ်ပါစေ လူပြန်ဝင်စားရန် အတွက်တော့ အခွင့်အရေးရသင့်လေသည်။
ဆန်းလျန်က ချန်းကွေတစ္ဆေများကို လွယ်လွယ်ကူကူဖြင့် သုတ်သင် လိုက်သည်ကို မြင်တွေ့လိုက်ရသည်နှင့် ချုန်းဟိုမှာ မျက်နှာတစ်ချက် ပျက်သွားလေသည်။
သူက လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းလိုက်သည့်အခါ သူ၏လက်ထဲတွင် လှံတံတစ်လက်ပေါ်လာလေသည်။ ကျားဟိန်းသံကြီး တစ်သံ ထွက်ပေါ်လာပြီး ချုန်းဟိုသည် ပေတစ်ရာခန့် မြင့်သည့် ကျားကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားလေသည်။ ချုန်းဟိုက သူ၏လက်ထဲတွင် ကိုင်ထားသည့် လှံတံကို တစ်ချက်ဝေ့ယမ်းလိုက်ပြီး ဆန်းလျန်ကို ထိုးစိုက် ချလိုက်လေသည်။
ချုန်းဟိုကိုင်ဆောင်ထားသည့် လှံတံသည် သန့်စင်သည့်သံမဏိဖြင့် ပြုလုပ်ထားသည့် လက်နက်ကောင်း တစ်ခု ဖြစ်လေသည်။ အရှေ့ပင်လယ်ဘက်တွင် နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး ထိုနတ်ဘုရားက သူ့ကို လက်ဆောင်ပေး ခဲ့ခြင်းဖြစ်လေသည်။
ဆန်းလျန်က သူ့ဆီသို့ ဝင်ရောက်လာသည့် သံမဏိလှံတံကို လက်ချောင်းများဖြင့် စုပ်ကိုင်ကာ တားဆီးထားလိုက် သည်။ ထို့နောက် ဆန်းလျန်သည် လှံတံကို စောင့်စွဲလိုက်ကာ ကျားမိစ္ဆာကြီးကို တောင်နံရံဆီသို့ တွန်းထုတ်လိုကပြီး လှံတံဖြင့် ထိုးစိုက်ချလိုက်လေတော့သည်။
ဆန်းလျန်က ချုန်ဟိုကို သတ်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
"အစ်ကိုဆန်း.... မလုပ်ပါနဲ့..."
ရောက်လာသည့်လူမှာ အနက်ရောင် ယူနီကွန်းကြီးကို စီးထားသည့် ဝမ်ကျုန်းပင် ဖြစ်လေသည်။ ဆန်းလျန်မှာ ဝမ်ကျုန်းနှင့် မတွေ့ရသည်မှာပင် ရက်ပေါင်း အတန်ကြာခဲ့ပြီ ဖြစ်လေသည်။
ဝမ်ကျုန်းက တားဆီးလိုက်သည့်တိုင် ဆန်းလျန်၏လက်က ရပ်တန့်မရတော့ပေ။ လှံတံသည် ကျားမိစ္ဆာကြီး၏ ရင်ဝသို့ စိုက်ဝင် သွားလေသည်။ ဝမ်ကျုန်းက သူ၏လက်ထဲတွင် ကိုင်လာသည့် အလံငယ်ကို တစ်ချက်ဝှေ့ယမ်း လိုက်လေသည်။ ထိုအခါ ကျားမိစ္ဆာကြီး၏ ဝိညာဉ်သည် အစိမ်းရောင် အခိုးအငွေ့များ အဖြစ်ပြောင်းလဲကာ အလံအတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားလေတော့သည်။
ဆန်းလျန်က ဝမ်ကျုန်းကို ပြုံးပြလိုက်ရင်း....
"အစ်ကိုဝမ်က တားပေးမယ့် ကျုပ်က လက်လွန်သွားပြီ…"
ဝမ်ကျုန်းက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း...
"ခင်ဗျားလုပ်တာနဲ့ ကျုပ်တော့ အလုပ်တွေ ရှုတ်ရတော့မယ်ဗျာ... ဒီနတ်မိစ္ဆာကို ကျုပ်အသွင်ပြောင်း ပေးထားတာ ဗျ...၊ သူက ဝူတင်ရဲ့ လက်အောက်မှာ စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်ဖို့ ကံပါလာတဲ့သူပဲ၊ အခု ခင်ဗျားက သူ့ကို သတ်လိုက်တော့ သူပြန်ဝင်စားဖို့ ခန္ဓာကိုယ် တစ်ခုထပ်ရှာပြီး ကံတရား အတိုင်းဖြစ်အောင် လုပ်ပေးရတော့မယ်"
ဆန်းလျန်က....
"ဒီနတ်မိစ္ဆာကောင်က ဘာတွေလုပ်နေလဲဆိုတာ အစ်ကိုဝမ် မသိဘူးလား၊ ချန်းကွေ တစ္ဆေတွေ သူဖန်တီးထားတဲ့ ကိစ္စကို ထားလိုက်ဦး၊ သူက လူတွေကို သတ်ဖြတ်စားသောက်နေတာ၊ ကျုပ်တို့ အစ်ကိုဝမ်တို့လို လူမျိုးတွေက ဒီလိုကိစ္စကို သည်းခံနေရမှာလား"
"ခင်ဗျားက အကြောင်းစုံကိုမှ မသိသေးတာ၊ ဒီ ဝူကျုန်းမျိုးနွယ်စု ဆိုတာက မျိုးနွယ်စုကြီး တစ်ခုကနေ အပြစ်ဒဏ်ပေး ခံရပြီး နှင်ထုတ်ခံလိုက်ရတဲ့ မျိုးနွယ်စုတစ်ခုပဲ၊ သူတို့ အပြစ်တွေက များလွန်းတယ်၊ သူတို့ကို ဒီနတ်မိစ္ဆာစားတော့ရော ဘာဖြစ်သေးလဲ၊ သူတို့အပြစ်တွေ ကျေနိုင်မှာမှ မဟုတ်တာ"
ဝမ်ကျုန်းက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ခင်ဗျားက ကံတရားရဲ့ အဆိုးနဲ့အကောင်းကို ဘက်ညှိပေးနေတာလား၊ ဒါပေမဲ့ လူသားဆန်မှု ဆိုတာကိုရော ခင်ဗျားထည့်တွက်ရဲ့လား၊ လူသားဆန်မှုဆိုတာကို မသိဘူးဆိုရင် နောက်ကျရင် ခင်ဗျား မိုးကောင်းကင်က အပြစ်ဒဏ်ခတ်တာကို ခံရလိမ့်မယ်"
ဆန်းလျန်စကားကြောင့် ဝမ်ကျုန်းက ဒေါသထွက်သွားရလေသည်။
"ကျုပ်က ခင်ဗျားကို ခင်မင်လို့ ပြောပြနေတာကို ခင်ဗျားက ကျုပ်ကို ဘာလို့ ကျိန်ဆဲနေရတာလဲ"
ထို့နောက် သူက ဆေးစက်စွာဖြင့်…
"ခင်ဗျားက တကယ်တော်တဲ့ လူတစ်ယောက်ဆိုတာ ကျုပ်လက်ခံပါတယ် အစ်ကိုဆန်း၊ ဒါပေမဲ့ သက်ရှိသတ္တဝါ တွေရဲ့အစနဲ့ အဆုံးကို နားမလည်ဘူးဆိုရင်တော့ ကျုပ်ကို မိုးကောင်းကင်က ဒဏ်ခတ်မယ်ဆိုရင် ခင်ဗျားလည်း အဲဒီအတိုင်း ဒဏ်ခတ်ခံရမှာပဲ"
"အဲဒီလိုသာ ဖြစ်လာခဲ့ရင် အစ်ကိုဝမ် မမြင်တွေ့လိုက်ရမှာပဲ စိတ်ပူမိပါတယ်"
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
ဝမ်ကျုန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
"စောင့်ကြည့်ရတာပေါ့လေ…"
ထို့နောက် ဝမ်ကျုန်းက အနက်ရောင်ယူနီကွန်းကြီးကို ခြေဖြင့်တစ်ချက် ကန်လိုက်ပြီး ထွက်ခွာ သွားလေတော့သည်။
ဆန်းလျန်က ပြုံးရင်း တွေးလိုက်မိသည်။
"အကျိုးအကြောင်းတွေမှ မတူညီတာ၊ လူတစ်ယောက်ရဲ့ ကံကြမ္မာကို နောက်ထပ် လူတစ်ယောက်က ဝင်ပြီး ဆုံးဖြတ်ပေးလို့ ဘယ်လိုလုပ်ရမှာတဲ့လဲ"
ဆန်းလျန်က တောင်နံရံတွင် စိုက်နေသည့် သံမဏိလှံတံကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှောင်ဟေးနှင့် အားလျန်ဘက်သို့ လှည့်ကြည့် လိုက်လေသည်။
"ကျုပ်ဒီနေရာမှာပဲ လက်နက်တစ်ခု ပြုလုပ်ချင်တယ်…"
ရှောင်ဟေးက…
"သခင်လေးက ဘယ်လို လက်နက်မျိုး ပြုလုပ်ချင်တာလဲ…"
ဆန်းလျန်က ရှောင်ဟေးကို ကြည်ကြည်လင်လင်ဖြင့်ပင် စိုက်ကြည့်လိုက်ရင်း…
"ရတနာ ဓားတစ်လက်ပေါ့…"
ရှောင်ဟေးက အံ့သြသွားပြီး သူ့ဟာသူ ရေရွတ် လိုက်သည်။
"ရတနာဓားတဲ့၊ ကြားရတာ နာမည်ကြီးက တုံးလိုက်တာ…"
သို့သော် သူ၏မျက်နှာက ချက်ချင်း ပြောင်းသွားပြီး…
"တကယ်ကောင်းတဲ့နာမည်ပဲ၊ စိတ်ဝင်စားစရာလည်း ကောင်းတယ်၊ သခင်လေးက တကယ့်ကို ဆန်းကျယ်တဲ့ လူတစ်ယောက်ပဲ"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါပေါ့… ဒါပေမဲ့ အဲဒါက ဓားနာမည်မဟုတ်သေးဘူး၊ တကယ်တော့ ကျုပ်အသုံးပြုဖို့ လက်နက် တစ်ခုလိုနေလို့ ဓားတစ်လက် ပြုလုပ်ရမှာ"
***