← Chapters

ချင်းရွှမ်ဂူ

Vol. 6 Ch. 544

ချင်းရွှမ်ဂူ

Vol. 6 Ch. 544

လှံတံသည် သန့်စင်သည့် သံမဏိစစ်စစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် အလွန်ထူးခြားသည့် လက်နက်တစ်ခု ဖြစ်လေသည်။ ဆန်းလျန်သည် ထိုလှံတံကို အသုံးပြုပြီး ဓားတစ်လက် ပြုလုပ်ရန် ရည်ရွယ်ထားလေသည်။

ဝမ်ကျုန်းသည် သူနှင့်ဆန်းလျန်မှာ လမ်းမတူသည့် လူများဖြစ်ကြသည်ကို ကောင်းကောင်း နားလည်ထားသည့်တိုင် ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်ကို အမှန်တကယ်ပင် ဒေါသ ထွက်နေမိလေသည်။

အားလျန်မိန်းကလေးသည် ဆန်းလျန်က ချုန်းဟိုကျားမိစ္ဆာဘုရင်ကို နှိမ်နင်းလိုက်သည်ကို တွေ့မြင်ရသည်နှင့် ချက်ချင်းပင် ဆန်းလျန်ကို ဦးသုံးကြိမ်ချကာ ကန်တော့ လိုက်လေသည်။ အမှန်တော့ သူမ၏ ခင်ပွန်းသည်လည်း ထိုကျားမိစ္ဆာကြီးကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်လေရာ ယခုတော့ ဆန်းလျန်က သူမအတွက် လက်စားချေပေးခဲ့ပြီ။

ဆန်းလျန်က အားလျန်၏ ဂါရဝပြုခြင်းကို လက်ခံပြီးမှ သူမကို ထခိုင်းလိုက်လေသည်။

"ကျုပ် ဒီတောင်ပေါ်မှာ ဓားတစ်လက် ပြုလုပ်မယ်၊ မင်း ဝူကျုန်းမျိုးနွယ်စုတွေဆီကို ပြန်မသွားချင်ဘူး ဆိုရင် ကျုပ်ဆီမှာ ခဏနေလို့ရတယ်၊ ကျုပ် မင်းကို အသက်ရှူတဲ့ ကျင့်စဉ် သင်ပြပေးမယ်၊ ဒါဆိုရင် မင်းနဲ့ မင်းရဲ့  သမီးလေး တစ်ဘဝလုံး အေးအေးဆေးဆေး နေနိုင်လိမ့်မယ်၊ ဒါပေမဲ့ နောက်ပိုင်း ဘာတွေဖြစ်လာမလဲ ဆိုတာ တော့ကျုပ်လည်း ဘာ အာမခံချက်မှ မပေးနိုင်ဘူး"

အားလျန်သည် အသိဉာဏ် အလွန်ကြွယ်ဝခြင်း မရှိသည့်တိုင် ဆန်းလျန်နှင့်အတူ နေထိုင်ခြင်းက သူမ၏ လူမျိုးစုများ ထံပြန်သွားခြင်းထက် ပိုပြီးအန္တရာယ် ကင်းနိုင်သည်ကို သိရှိလေသည်။ ထို့ပြင် ဆန်းလျန်က သူမကို အသက်ရှူ ကျင့်စဉ်လည်း သင်ပြပေးဦးမည် ဖြစ်လေသည်။ ဆန်းလျန်သည် ဤသို့ ပြုလုပ်ပေးသည်မှာ သူမ၏အကျိုးအတွက် သာဖြစ်သည်ကို အားလျန် သိလေသည်။ ဆန်းလျန်ကဲ့သို့သော လူမျိုးသည် သူမလို လူတစ်ယောက်ထံမှ မည်သည့် အရာကိုမှ ပြန်တောင်းဆိုလာနိုင်စရာ အကြောင်းမရှိပေ။

"နတ်ဆရာရဲ့ကျေးဇူးတွေကို အားလျန် ဒီတစ်သက် မမေ့ပါဘူး"

ဟု သူမက ပြန်ပြောလိုက်လေသည်။

ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။

ထိုအခါ လေဆင်နှာမောင်း တစ်ခု ဖြစ်ပေါ်လာပြီး နတ်မိစ္ဆာ နေထိုင်သည့် ဂူတွင်းသို့ ဝင်ရောက် သွားလေသည်။ ဆယ့်ငါးမိနစ်ခန့်ကြသည့် အချိန်တွင်တော့ လေဆင်နှာမောင်းသည် ဂူထဲမှ ပြန်ထွက် လာလေသည်။ သို့သော် လေဆင်နှာမောင်း တစ်ခုလုံးမှာ အနက်ရောင် ပြောင်းလဲနေပြီ ဖြစ်လေသည်။

ထို့နောက် ဆန်းလျန်သည် တောင်အနောက်ဘက် စမ်းချောင်းလေးဆီမှ ရေကို လက်ညှိုး ညွှန်လိုက်လေရာ သန့်ရှင်းသောရေသည် ဂူအတွင်းသို့ စီးဝင်သွားပြီး အညစ်အကြေးများ အားလုံး သန့်စင်ပြီးသား ဖြစ်သွားလေသည်။

ထို့နောက် ဆန်းလျန်က…

"ဂူထဲမှာ နေစရာတွေ အများကြီးရှိတယ်၊ မင်းယာယီနေဖို့ အတွက် ကြိုက်တဲ့ တစ်ခုကို ရွေးလို့ရတယ်"

အားလျန်က ဆန်းလျန်ကို အလွန် ကျေးဇူးတင် နေမိလေသည်။

ရုတ်တရက်… သူမသည် နတ်ဆရာ၏ နာမည်ကိုပင် မသိသေးသည်ကို သတိရသွားမိပြီး မေးလိုက်လေသည်။

"နတ်ဆရာ၊ ရှင့်ရဲ့နာမည်ကိုတောင် ကျွန်မ မသိရသေးဘူး"

ဆန်းလျန်က တစ်ခဏမျှ စဉ်းစားနေလေသည်။ ပြီးမှ သူ၏လက်ဖဝါးကို ဖြန့်လိုက်လေရာ လက်ဖဝါးထက်သို့ သံမဏိလှံတံ ကျရောက် လာလေသည်။ ဆန်းလျန်က ဂူရှိရာသို့ လျှောက်သွားပြီး ယခင်ဂူနာမည် ရေးထိုးထားသည့် နေရာတွင် "ချင်းရွှမ်ဂူ" ဟု ပြောင်းလဲ ရေးထိုးလိုက်လေသည်။

လူတစ်ယောက်သည် ကမ္ဘာပင်ခြားလင့်ဦးတော့ သူ၏ မူလဇာစ်မြစ်ကိုတော့ မည်သည့် အခါမှ မမေ့သင့်ပေ။

ဆန်းလျန်က…

"မင်းကျုပ်ကို ချင်းရွှမ်လို့ ခေါ်နိုင်ပါတယ်…"

ချင်းရွှမ်နတ်တံခါး တည်ရှိရာလောကတွင် သူ၏ တာအိုနာမည်သည် "ချင်းရှ" ဟူ၍ တွင်ခဲ့လေသည်။ သူ့ဘ၀ အစပြုခဲ့သည့် ချင်းရှဝတ် ကျောင်းတော်ကို အမှတ်ရသည့်အနေဖြင့် ထိုနာမည်ကို ပေးခဲ့ခြင်း ဖြစ်လေသည်။ ယခုတော့ သူ၏ တာအိုနာမည်သည် ချင်းရွှမ်ဖြစ်ခဲ့ပြီ။ သူကျင့်ကြံခဲ့သည့် ကျင့်စဉ်လမ်းသည် ချင်းရွှမ်နတ်တံခါးမှ အခြေခံခဲ့သည်ကို မည်သည့်အခါမှ မေ့ပျောက် မသွားစေရန် အတွက် ထိုသို့ အမည်ပေးခဲ့ခြင်း ဖြစ်လေသည်။

ထိုအမည်၏ ရည်ရွယ်ချက်ကို သူတစ်ယောက်သာ သိလေသည်။ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

အားလျန်သည် ချင်းရွှမ်ဆိုသည့် အမည်ကို သူမ၏ နှလုံးသားထဲတွင် မှတ်သား ထားလိုက်လေသည်။ ထို့နောက် သူမက "ချင်းရွှမ်ဂူ" ဟု ရေးထိုးထားသည့် အမည်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။

ထို့နောက်တွင်တော့ အားလျန်သည် ဂူအတွင်းသို့ ဝင်သွားပြီး ဆန်းလျန်သည် ဂူအပြင်ဘက်တွင် ကျန်ရစ်ခဲ့လေသည်။

အချိန် (၃) ရက်ကြာသွားခဲ့ပြီ ဖြစ်လေသည်။

နတ်ဆရာချင်းရွှမ်သည် ဂူထဲသို့ ဝင်မလာသည်ကို အားလျန် သတိထားလိုက်မိသည်။ အစပိုင်းတွင် နတ်ဆရာသည် သူမနှင့် မကောင်းသတင်း ပြောဆိုခံရမည်ကို စိတ်ပူသည့်အတွက် တမင်သက်သက် ရှောင်နေခဲ့သည်ဟု ထင်ခဲ့မိလေသည်။ သို့သော် သူမ အထင်မှားယွင်း သွားခဲ့လေသည်။

ထို့ပြင် နတ်ဆရာသည် ဓားပြုလုပ်မည်ဟု ပြောခဲ့ပြီး ဓားလည်း ပြုလုပ်ခြင်း မရှိသေးပါ။

သို့သော် ဆန်းလျန်က အချိန်ပြည့် တိတ်ဆိတ် ငြိမ်သက် နေခဲ့သည်တော့ မဟုတ်ပါ။ သူက အားလျန်ကို အသက်ရှူကျင့်စဉ် သင်ပြပေးခဲ့လေသည်။

အရှေ့တိုင်း စစ်သည်တော်များသည် ကျင့်စဉ်လမ်းနှင့် မစိမ်းကြဘဲ အခြေခံရှိပြီးသား လူများ ဖြစ်ကြလေသည်။ ထို့ကြောင့် အားလျန်သည် အသက်ရှူကျင့်စဉ်ကို ခပ်မြန်မြန်ပင် တတ်မြောက် သွားခဲ့လေသည်။ အသက်ရှူကျင့်စဉ်ကို ကျင့်ကြံပြီးသည့်အခါ သူမသည် သိသိသာသာ တိုးတက် လာခဲ့လေသည်။

သူမသည် အစာစားချင်စိတ်လည်း ဖြစ်လာပြီး တောအုပ်အတွင်း လှည့်လည်ကာ အသီးအနှံ  များကိုလည်း စုဆောင်းလေတော့သည်။

လက်ရှိတောင်ကို ချုန်းဟိုနတ်မိစ္ဆာဘုရင် သိမ်းပိုက်လိုက်ပြီးသည့် နောက်ပိုင်း လူအသွားအလာ နည်းပါးသွားလေ သည်။ ထို့ကြောင့် တောင်တစ်ခုလုံးတွင် အသီးအနှံမှာ အလွန်ပေါများလေသည်။

ရေအရင်းအမြစ်လည်း ကောင်းမွန်သည့်အတွက် အားလျန်တို့ သားအမိသည် စိုးရိမ်ပူပန်မှု ကင်းမဲ့စွာဖြင့် တောင်ပေါ်တွင် နေထိုင်ခဲ့ကြရလေသည်။

ယခုတော့…

ဆန်းလျန်သည် ဂူအပြင်ဘက်ရှိ မြင့်မားသည့် ချောက်ကမ်းပါးကြီးထက်တွင် မတ်တတ် ရပ်နေလေသည်။ သူသည် သုံးရက်လုံးလုံး ထိုနေရာတွင် ရပ်နေခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်ဝန်းကျင်တွင် အရမ်းရောင်အငွေ့ အလွှာပါးများ ဝန်းရံနေသည်ကို အားလျန် တွေ့မြင်ရလေသည်။ သူမ၏စိတ်ထဲတွင် ဆန်းလျန်သည် လေထဲသို့ ပျံသန်း သွားတော့မည့်အလား ထင်ယောင်ထင်မှား ဖြစ်နေမိလေသည်။

ဆန်းလျန်သည် ဓားပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ကို အားလျန် သိရှိခဲ့ခြင်း မရှိပါ။

ဆန်းလျန်သည် ယခင်က ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို ပြုလုပ်ခဲ့ဖူးလေသည်။ ချင်းရွှမ်နတ်တံခါးတွင် ဒြပ်စင်ငါးပါးကို အသုံးပြုကာ ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအချိန်က ဆန်းလျန်သည် မိုးကောင်းကင် နတ်ဘုရားတစ်ပါးပင် မဖြစ်သေးပေ။

ယခုတော့ ဆန်းလျန်သည် မိုးကောင်းကင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့ပြီ။ မိုးကောင်းကင် နတ်ဘုရားများထဲတွင်ပင် အလွန်အဆင့်မြင့်သည့် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

သူ့ဘဝတွင် ယခင်က တွေ့ကြုံဖူးခဲ့သည့် နတ်ဘုရား ထောင်ချောက်ဓား၊ ငရဲလမ်းဓား၊ ဆရာဘိုးဘိုးယွမ်ချင်း၏ ယွမ်တုဓားများအကြောင်းကို သူ စဉ်းစားနေမိသည်။ သူ၏ဂိုဏ်းတူအစ်ကို ချန်ကျန့်မေနှင့် သူနှင့်ယှဉ်ပြိုင်ခဲ့သူ ချန်ပေသိုတို့မှလွဲပြီး မရဏဓားများကို သိကျွမ်းခြင်းအရာတွင် သူ့ကို မီသည့်သူ မည်သူမှ မရှိပေ။

သူ့အနေဖြင့် တာ့ရှားဧကရာဇ် သို့မဟုတ် ထျန်းယီကဲ့သို့သော လူများကို ရင်ဆိုင်ရန်အတွက် မရဏဓားတစ်လက် လိုအပ်လေသည်။

သို့သော်… မရဏဓားဆိုသည်က ပြုလုပ်ရန် လွယ်ကူသည့် ဓားတစ်လက် မဟုတ်ပေ။ ထို့ပြင် သူသည် ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကဲ့သို့ ဓားသိုင်း ပညာပါရမီဖြင့် မွေးဖွားလာခဲ့သူ တစ်ယောက်လည်း မဟုတ်ပေ။

ဆန်းလျန်သည် မရဏဓားတစ်လက် ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့လေသည်။

သို့သော် မရဏ ဓားပြုလုပ်ရန် အတွက် ပထမဆုံးအနေဖြင့် သတ္တုပစ္စည်းများ လိုအပ်လေသည်။ ဒုတိယ အနေဖြင့် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအား လိုအပ်ပြီး တတိယအနေဖြင့် အင်အား အလွန်ပြင်းထန်သည့် မီးတောက်မီးလျှံကို လိုအပ်လေသည်။

ထိုသုံးခုထဲတွင် မီးတောက်မီးလျှံက အရေးအကြီးဆုံး ဖြစ်လေ၏။

မရဏဓားသည် သာမန် ဓားတစ်လက်မဟုတ်သည့် အတွက်ကြောင့် သာမာန်မီးကို အသုံးပြု၍ မရနိုင်ပေ။ စစ်မှန်သည့် သမာဓိ မီးတောက်ကိုသာ အသုံးပြုရမည် ဖြစ်လေသည်။

စစ်မှန်သည့် သမာဓိ မီးတောက်သည် ဆန်းလျန်အတွက် မခက်ခဲပါ။ သို့သော် သန့်စင်သည့် သမာဓိ မီးတောက် ရရှိရန်မှာတော့ ခက်ခဲနေသေးသည်။ ထိုက်စန့်တာအို ဆရာဝင်စားသည်ဟု အဆိုရှိသည် ထိုက်စန့်လောင်ကျွင်း ဘိုးဘိုးသာလျှင် သန့်စင်လွန်းသည့် စစ်မှန်သည့် သမာဓိ မီးတောက်ကို သူ၏ဖိုထဲတွင် အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ သမာဓိ မီးတောက်ကတော့ သန့်စင်ခြင်း မရှိနိုင်သေးပေ။

ထို့ကြောင့် ဆန်းလျန်သည် သမာဓိမီးတောက်ကို သန့်စင်ရန် အတွက် အချိန်အနည်းငယ် ပေးရန် ဆုံးဖြတ်ထားလေ သည်။ အချို့သော မိုးကောင်းကင် နတ်ဘုရားများသည်ပင်လျှင် စစ်မှန်သည့် သမာဓိ မီးတောက်ကိုရရှိရန် ဆယ်စုနှစ်မှ ရာစုနှစ်များစွာ ကြာသည်အထိ ကျင့်ကြံ ရလေသည်။ သို့သော် ဆန်းလျန်၏အသိပညာက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး မိုးမြေနိယာမများကို နားလည်သည့် အတွက် အချိန်တိုအတွင်းမှာပင် သမာဓိ မီးတောက်၏ အနှစ်သာရကို ရရှိလိမ့်မည်ဟု ယူဆခဲ့လေသည်။

ကောင်းကင်ထက်မှ ကြယ်စင်များသည် မသေနိုင်သည့် မီးတောက်များ ဖြစ်လေသည်။ နေနှင့်လသည် ကြယ်စင်များ အားလုံးထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်လေသည်။ နေနှင့်လ နှစ်ခုလုံးတွင် ထူးခြားသော လက္ခဏာများ ရှိလေသည်။

ဆန်းလျန်သည် နေနှင့်လမှ စွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ယင်နှင့်ယန်ကို ပြန်လည်ပြုပြင်ပြီး ဒြပ်စင်ငါးပါးကို ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ ထိုအခါ သန့်စင်သည့် တန်ခိုးစွမ်းအား တစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်တည် လာလေသည်။ ထိုတန်ခိုးစွမ်းအားသည် စစ်မှန်သည့် သမာဓိမီးတောက်ကို သန့်စင်စေသည့် မျိုးစေ့ကို ဖြစ်တည် စေလေသည်။

သို့သော် မိုးမြေနိယာမများပင်လျှင် ပြည့်စုံခြင်း မရှိလေရာ ဆန်းလျန်၏ကျင့်စဉ်မှာလည်း ပြီးပြည့်စုံမည် မဟုတ်ပေ။ သန့်စင်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးစွမ်းအားတွင် တာအို ကာရံအချို့ရှိပြီး ထိုစွမ်းအားသည် သမာဓိမီးတောက်ကို ပိုမိုသန့်စင်စေသည့်တိုင် အဖျက်စွမ်းအား မြင့်မားလေသည်။

***

All Chapters