← Chapters

အရပ်လေးမျက်နှာ

Vol. 6 Ch. 545

အရပ်လေးမျက်နှာ

Vol. 6 Ch. 545

ထိုသို့ဖြင့် အချိန်တစ်လခွဲခန့် ကြာခဲ့ပြီ…။

ညသန်းခေါင်အချိန်….

အားလျန်နှင့် သမီးငယ်သည် ဂူထဲတွင် အိပ်ပျော်နေလေသည်။ ထိုအချိန်တွင် ဂူအပြင်ဘက်မှ ထူးဆန်းသည့် အသံများကို ကြားလိုက်ရလေသည်။

အားလျန်၏ သမီးငယ်လေးသည် နိုးလာလေသည်။ သူမ၏ ကြည်လင်သည့် မျက်ဝန်းလေးများက ကြယ်စင်ကဲ့သို့ တောက်ပ နေလေသည်။ ကလေးငယ်သည် ဆူညံမှုများ ထွက်ပေါ် လာရာနေရာသို့ လှမ်းကြည့်နေလေသည်။

အားလျန်မှာ နတ်ဆရာတစ်ခုခုဖြစ်မည်ကို စိတ်ပူသွားပြီး သမီးငယ်ကို ချီကာ ဂူအပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

ထိုအခါ … ဂူအပြင်ဘက်တွင်စောင့်နေသည့် မျက်ဝန်း တောက်တောက်ကြီး တစ်စုံကို တွေ့လိုက် ရလေသည်။ ဆန်းလျန် သင်ကြားပေးသည့် အသက်ရှူ ကျင့်စဉ်ကို အသုံးပြုကာ အားလျန်က အမြင်အာရုံကို တိုးမြှင့်ပြီး ကြည့်လိုက်လေသည်။ ထိုအခါ ထိုမျက်လုံးကြီးများမှာ ဆန်းလျန်၏ စီးတော်ယဉ်ဖြစ်သည့် ကျားနက်ကြီး၏ မျက်လုံးကြီးများ ဖြစ်သည်ကို တွေ့လိုက် ရလေသည်။

ထိုအခါမှ အားလျန်လည်း စိတ်သက်သာရာ ရသွားခဲ့လေသည်။ ထို့နောက် သူမက နတ်ဆရာ ထိုင်နေသည့် ကျောက်တုံးထက်သို့ လှမ်းကြည့် လိုက်လေသည်။ ကြယ်စင်နှင့်လမင်းများက တောက်ပနေသည့်တိုင် ဆန်းလျန်၏ ကိုယ်ရောင်ကိုယ်ဝါ တောက်ပမှုနှင့် ယှဉ်လျှင် မှေးမှိန် သွားရလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတောက်မီးလျှံများ ဝန်းရံနေလေသည်။ မီးလျှံများသည် မြစ်တစ်စင်း အလားဆန်းလျန်၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေပြီး ကောင်းကင်မှ ကြယ်များပင် ဆန်းလျန်ရှိရာသို့ ကြွေကျလာ တော့မည့်အလား ထင်မှတ်ရလေသည်။ ဆန်းလျန်ကို တွေ့မြင်ရသည်မှာ အလွန်မှ နက်နဲပြီး ထူးခြားဆန်းကြယ်လှ လေသည်။ ဆန်းလျန်သည် အားလျန်၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့လေသည်။

ဆန်းလျန်၏ ပါးစပ်အတွင်းမှ အလင်းရောင်များ စီးဆင်း ထွက်ပေါ်နေပြီး တောအုပ်အတွင်းမှ မရေမတွက်နိုင်သော သတ္တဝါများ၊ အင်းဆက်ပိုးများ၊ တွားသွားသတ္တဝါများ တစ်ကောင်မကျန် ဆန်းလျန်ဘေးနားတွင် လာရောက်စုရုံး နေကြလေသည်။

ရုတ်တရက်…

မြေပြင်တစ်ချက် တုန်ခါသွားလေသည်။

ထို့နောက် တောင်ထိပ်တွင် သန့်စင်သည့် ဝိညာဉ် စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။ ထိုစွမ်းအားသည် နဂါးတစ်ကောင်အလား ထင်မှတ်ရလေသည်။ ထိုဝိညာဉ် စွမ်းအားသည် ဆန်းလျန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ခရမ်းရောင်မြူခိုး အလွှာအတွင်းသို့ ပေါင်းစည်းသွားကာ ပျောက်ကွယ် သွားလေသည်။

ဆန်းလျန်၏ ပါးစပ်အတွင်းမှ ထွက်ပေါ်နေသည့် အလင်းရောင်စီးကြောင်း ရပ်တန့်သွားပြီး ဆန်းလျန်၏ ဦးခေါင်းထက်မှ ပိုင်ဟွေ့ ဆုံချက်ပွင့်သွားကာ ဦးခေါင်းထက်မှ အခိုးအငွေ့များ ထွက်ပေါ် လာလေသည်။ ထိုအခိုးအငွေ့များသည် အလွန်လှပသည့် အစိမ်းနုရောင် ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲ သွားလေသည်။

အားလျန်သည် ထိုမျှထူးဆန်းသည့် မြင်ကွင်းမျိုးကို သူမ၏ဘဝတွင် တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

အရပ်လေးမျက်နှာရှိ အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများမှာလည်း ချင်းရွှမ်ဂူမှ ထူးခြားချက်ကို သတိပြုမိသွားကြ ပြီးမျိုးနွယ်စုများ၏ ယာဇ်ပလ္လင် တည်ရှိရာ နေရာများတွင် စုဝေး နေကြလေတော့သည်။ အရှေ့တိုင်းစစ်သည်တော် မျိုးနွယ်စုများ၏ ယာဇ်ပလ္လင်မှ မီးတောက်များမှာ မည်သည့် အခါမှ မငြိမ်းဘဲ ထာဝရ တောက်လောင်ထွန်းလင်း နေကြသည့် မီးတောက်များ ဖြစ်လေသည်။

ယာဇ်ပလ္လင်မှ မီးတောက်များသည် သာမန်မီးတောက်မျှသာ ဖြစ်သော်လည်း နှစ်ပေါင်ထောင်ချီ ကြာအောင် မငြိမ်းဘဲ လောင်ကျွမ်း နေခဲ့ကြသည့်အတွက် ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် မီးတောက်များသည် ဝိညာဉ်စွမ်းအားဖြင့် ပြည့်ဝလျက် ရှိလေသည်။

ယခုအချိန်တွင်တော့ ယာဇ်ပလ္လင်များထက်မှ မီးတောက်များသည် ဆန်းလျန် တည်ရှိရာ နေရာသို့ ဦးညွတ် နေခဲ့ကြ လေသည်။

ချင်းရွှမ်ဂူနှင့် မိုင်ပေါင်း ငါးထောင်ဝေးကွာသည့် နေရာတွင် ပေါ်ယိမျိုးနွယ်စုများ နေထိုင်ကြလေသည်။ ပေါ်ယိမျိုးနွယ်စုသည် အလွန်အင်အား ကြီးမားသည့် မျိုးနွယ်စုတစ်ခုဖြစ်ပြီး ယင်းစန်းဒေသနှင့် တစ်အူတုံဆင်း သွေးရင်းများဟု ပြော၍ရလေသည်။ ပေါ်ယိနှင့် ယင်းစန်းတို့မှ ဘိုးဘေး နှစ်ယောက်လုံးသည် စစ်ဝမ်မင့်နောက်သို့ လိုက်ခဲ့ကြသည့် အရှေ့တိုင်း စစ်သည်တော် ခေါင်းဆောင်များ ဖြစ်ကြလေသည်။ ထိုဘိုးဘေး နှစ်ယောက်လုံးသည် တန်ခိုးစွမ်းအား အလွန်မြင့်မား သူများ ဖြစ်ကြသည့်တိုင် စစ်ဝမ်မင့် ပျောက်ကွယ်သွားသည့် အချိန်တွင်တော့ ထိုဘိုးဘေး နှစ်ယောက်လည်း ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ကြလေသည်။

ပေါ်ယိမျိုးနွယ်စု၏ ယာဇ်ပလ္လင်ထက်မှ မီးတောက်မီးညွန့်များ သည်လည်း ဆန်းလျန်ရှိရာ အရပ်ဆီသို့ ဦးညွတ်နေခဲ့ကြ လေသည်။ ပေါ်ယိမျိုးနွယ်စု ခေါင်းဆောင်ကာ ထင်းရှူးပင် သုံးပင်ကို ယူဆောင်ကာ ယာဇ်ပလ္လင်ထက်မှ မီးတောက်ကို မီးထိုးပေးလိုက်လေသည်။

ယာဇ်ပလ္လင်ထက်မှ မီးတောက်သည် မိုးကောင်းကင်မှ ကြယ်စင်များကဲ့သို့ ထာဝရ တောက်လောင်နေပြီး နတ်မိစ္ဆာများကိုပင် အောင်နိုင်သည့် အစွမ်းရှိလေသည်။

ယနေ့ညတွင်တော့ မီးတောက်သည် ချင်းရွှမ်ဂူတည်ရှိရာ အရပ်ဆီသို့ ဦးညွတ်နေခဲ့သည့် အတွက် ပေါ်ယိမျိုးနွယ်စုခေါင်းဆောင်မှာ များစွာ ထိတ်လန့် နေခဲ့လေသည်။

“ဒါ ဘယ်လိုဖြစ်တာလဲ ဘိုးဘိုး”

ယာဇ်ပလ္လင်ထက်မှ မီးတောက်မှာ ဝိညာဉ်စွမ်းအားဖြင့် ပြည့်ဝနေလေသည်။ သို့သော်… မီးတောက်သည် ချင်းရွှမ်ဂူရှိရာသို့ ဦးညွတ်လိုက်သည်နှင့် ဝိညာဉ် စွမ်းအားများမှာ အံ့သြစရာ ကောင်းလောက်အောင် ကျဆင်း သွားရလေသည်။

မီးတောက်ကို ကြည့်ပြီး မျိုးနွယ်စု ခေါင်းဆောင်၏ ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် ယာဇ်ပလ္လင်မှ မီးတောက်တွင် ဝိညာဉ်စွမ်းအားများ ပြည့်ဝနေစေရန် အတွက် မနည်းကြိုးစား အားထုတ် ထားခဲ့ရလေသည်။ သူက မီးတောက်ကို အသုံးပြုကာ ကောင်းကင် မီးတောက်တာအို ခန္ဓာကျင့်စဉ်ကို ကျင့်ကြံရန် ဆုံးဖြတ် ထားခဲ့လေသည်။ သို့သော် ယခုတော့ သူ့အကြံအစည်များသည် သဲထဲရေသွန် ဖြစ်ရတော့မည်။

“အရင်ကတော့ အဲဒီနေရာမှာ ချုန်းဟိုလို့ခေါ်တဲ့ နတ်မိစ္ဆာဘုရင် တစ်ပါးနေတယ်၊ ဝူကျုန်းမျိုးနွယ်စုလည်း အဲဒီဒေသမှာ ရှိတယ်၊ အဲဒီနတ်မိစ္ဆာဘုရင်က သခင်လေးယွမ်ယန်ရဲ့ အမိန့်နဲ့ အဲဒီတောင်ကို အပိုင်စား ရထားတာ၊ ဒါပေမဲ့ သူ့ကို ကျင့်ကြံသူ တစ်ယောက်က နှိမ်နင်းလိုက်ပြီး တောင်ကို အပိုင်သိမ်း လိုက်တယ်လို့ သတင်းကြားတယ်၊ အခု ထူးဆန်းတဲ့ တန်ခိုးစွမ်းအား လှိုင်းလုံးကြီးဟာ အဲဒီနေရာကနေ လာတာပါ”

မျိုးနွယ်စု၏ အကြီးအကဲ တစ်ယောက်ဖြစ်သည့် ဘိုးဘိုးက အက်ရှသည့် လေသံဖြင့် ပြန်လည် ဖြေကြား လိုက်လေသည်။

“အဲဒီ ကျင့်ကြံသူက ဘာလုပ်နေတာလဲ၊ သူ ဘာလျှို့ဝှက် ကျင့်စဉ်တွေ ကျင့်ကြံနေတာလဲ ဆိုတာက အရေးမကြီးဘူး၊ ဒါပေမယ့် ခုလိုထိခိုက်မှုတွေ ဖြစ်ကုန်တာ ကျုပ်တို့ မျိုးနွယ်စုတစ်ခုပဲ ဟုတ်ဟန် မတူဘူး၊ ကျုပ်ဦးဆောင်ပြီး အဲဒီလူကို စာရင်းသွားရှင်းမှ ဖြစ်မယ်”

မျိုးနွယ်စုခေါင်းဆောင်သည် ဒေါသကို ထိန်းမရတော့ဘဲ ပြောလိုက်လေသည်။

အရှေ့တိုင်းစစ်သည်တော်များ၏ ဒေသတွင် ပေါ်ယိမျိုးနွယ်စုမှာ အင်အားကြီးမားသည့် မျိုးနွယ်စုတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် လောကနတ်ဘုရား နှစ်ပါးခန့်ကို အကူအညီ တောင်းမည်ဆိုလျှင် သူတို့ကို ကျိန်းသေကူညီမည်ပဲ ဖြစ်လေသည်။

ထိုအရပ်မှ ကျင့်ကြံသူသည် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ လောကနတ်ဘုရား တစ်ပါးလောက်တော့ တန်ခိုးစွမ်းအား မြင့်မားနိုင်မည် မဟုတ်ဟု လူမျိုးစု ခေါင်းဆောင်က တွေးနေမိသည်။

အကြီးအကဲ ဘိုးဘိုးက သက်ပြင်းချလိုက်ရင်း…

“အဲဒီ ကျင့်ကြံသူက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး၊ ဒါကြောင့် အဲဒီကိစ္စကို မေ့ထားလိုက်တာ ကောင်း မယ်…”

“ဘာလို့ ဒီလိုစကားမျိုးပြောရတာလဲ ဘိုးဘိုး…”

မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်လေသည်။

“အဲဒီလူက တာ့ရှားပြည်က တိုင်းပြည်အကြံပေးအမတ်မင်းဖြစ်နေလို့ပဲ…”

အကြီးအကဲက မျက်တောင်တစ်ချက် ခတ်ရင်း ပြောလိုက်လေသည်။

ထိုစကားကိုကြားသည်နှင့် မျိုးနွယ်စု ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲ သွားလေသည်။

မကြာသေးမီ အချိန်ကပင် တာ့ရှားဧကရာဇ်သည် အရှေ့တိုင်း စစ်သည်တော်များကို စစ်ချီ တိုက်ခိုက်ခဲ့လေရာ မည်သည့် မျိုးနွယ်စုကမှ တာ့ရှားတပ်မတော်ကို ခုခံတိုက်ခိုက်နိုင်ခြင်း မရှိခဲ့ကြပေ။ ထို့ပြင် မျိုးနွယ်စုပေါင်း သုံးဆယ့်သုံးခုက တာ့ရှားဧကရာဇ်ကို လက်ဆောင် ပဏ္ဏာများ ဆက်သကာ အညံ့ခံခဲ့ကြလေသည်။

စစ်မှန်သည် အရှေ့တိုင်း စစ်သည်တော် တစ်ပါးဖြစ်သည့် အဖြူရောင် မင်းကြီး၏ သားတော်ယွမ်ယန်နှင့် နတ်မိစ္ဆာဂိုဏ်း တစ်ခုမှ နတ်မိစ္ဆာ သူတော်စင်တစ်ပါး၏ ကြံ့ကြံ့ခံ တိုက်ခိုက်ထားနိုင်ခြင်းသာ မရှိလျှင် အရှေ့တိုင်း စစ်သည်တော်များ ဒေသ၏ ထက်ဝက်ခန့်မှာ တာ့ရှား ဧကရာဇ်၏ လက်အောက်သို့ ကျရောက်သွားရမည် ဖြစ်လေသည်။

ယခုအချိန်တွင်တော့ တာ့ရှားဧကရာဇ်သည် သခင်လေးယွမ်ယန်နှင့် တိုက်ခိုက်ရန် အတွက် သူ၏စစ်တပ်ကို မုန့်စန်းတောင်သို့ ဦးတည်ချီတက်နေပြီ ဖြစ်လေသည်။ မုန့်စန်းတောင်တွင် အချိန်မရွေး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ် လာနိုင်လေသည်။ ပေါ်ယိမျိုးနွယ်စု ခေါင်းဆောင်သည် သူ၏မျိုးနွယ်စုများထဲမှ လက်ရွေးစင် ဆယ်ယောက်ကို စစ်ကူအဖြစ် မုန့်စန်းတောင်သို့ စေလွှတ်ခဲ့လေသည်။ သို့သော်… ထိုသူဆယ်ယောက်သည် ယခုအချိန်ထိ တစ်ယောက်မှ ပြန်ရောက်လာခဲ့ခြင်း မရှိသေးပေ။

တာ့ရှားတပ်မတော်သည် သူတို့၏ စစ်အင်အားကို အပြည့်အဝအသုံးပြုခြင်းမရှိသေးပေ။ သို့တိုင်အောင် အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ပေါ်ယိမျိုးနွယ်စု ခေါင်းဆောင် ကောင်းကောင်း သဘောပေါက် ထားလေသည်။ တာ့ရှားတပ်မတော်တွင် ယိုဟူမျိုးနွယ်၊ ရှင်းမျိုးနွယ်၊ မင်မျိုးနွယ် သူရဲကောင်းများသာပါဝင်ပြီး အခြားတော်ဝင် မျိုးနွယ် သူရဲကောင်းများ ပါရှိခြင်း မရှိသေးပေ။ စစ်တပ်ထဲတွင် ယိုဟူမျိုးနွယ်အကြီးအကဲ လေ့ဟုန်သည် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။

ထို့ကြောင့် ပေါ်ယိမျိုးနွယ်စု ခေါင်းဆောင်သည် လက်ရွေးစင် ဆယ်ယောက်ကိုသာ စစ်ကူအဖြစ် စေလွှတ်ခဲ့ပြီး သူကတော့ မျိုးနွယ်စု အကြီးအကဲများနှင့် အတူ ပုန်းအောင်း နေခဲ့လေသည်။ သခင်လေး ယွမ်ယန်သာ မုန့်စန်းတောင် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက သူက တာ့ရှားဧကရာဇ်ကို အညံ့ခံရန် အဆင်သင့်ပြင်ထားပြီးပြီ ဖြစ်လေသည်။

ယခုတော့ ချင်းရွှမ်ဂူမှ ကျင့်ကြံသူသည် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းဆိုသည်ကို သိလိုက်ရသည့်အတွက် မျိုးနွယ်စု ခေါင်းဆောင်မှာ အလွန်ထိတ်လန့် တုန်လှုပ် သွားမိလေသည်။

မျိုးနွယ်စုခေါင်းဆောင်က မကျေမနပ်ဖြင့်…

“ဒီလိုဆိုရင်တော့ ဒုက္ခပါပဲ…”

“ဒီကိစ္စကို ဖုံးကွယ်ထားစရာ မလိုပါဘူး၊ မနက်ဖန်ကျရင် လူတွေ အားလုံးသိအောင် ကြေညာလိုက်ပေါ့”

အကြီးအကဲ ဘိုးဘိုးက ပြောလိုက်လေသည်။

“ဘိုးဘိုး… တခြားသူတွေကို မပြောဘဲ ကျုပ်တို့မျိုးနွယ်စုဝင်တွေကိုပဲ ပြောလို့မရဘူးလား”

မျိုးနွယ်စု ခေါင်းဆောင်က တီးတိုး ပြောလိုက်လေသည်။

“မင်းက တော်တော် အမြင်ကျဉ်းမြောင်းတဲ့ လူပဲ၊ ကိုယ့်မျိုးနွယ်စုဝင်တွေကိုပဲ ပြောမယ်ဆိုရင် သတင်းက ဘယ်လိုလုပ် ပျံ့နှံ့သွားတော့မှာလဲ”

အကြီးအကဲက ပြန်ပြောလိုက်လေသည်။

မျိုးနွယ်စု ခေါင်းဆောင်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…

“ဘိုးဘိုးကတော့ ကျုပ်ထက် အတွေးအခေါ် ကောင်းတာကိုးဗျာ…”

အရှေ့တိုင်းစစ်သည်တော်များသည် အစကတည်းက စည်းလုံးညီညွတ်မှု မရှိခဲ့ကြပေ။ ပေါ်ယိမျိုးနွယ်စုသည် သြဇာ လွှမ်းမိုးမှုရှိသည့် အင်အားကြီး မျိုးနွယ်စု တစ်ခုဖြစ်ပြီး နှစ်ပေါင်းရာနှင့် ချီကြာအောင် ရပ်တည်နေနိုင်ခဲ့သည့် မျိုးနွယ်စုတစ်ခု ဖြစ်လေသည်။

မျိုးနွယ်စု ခေါင်းဆောင်အနေဖြင့် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းကို ရင်ဆိုင်ရဲသည် အထိ မမိုက်မဲပေ။

ပေါ်ယိမျိုးနွယ်စု ခေါင်းဆောင်မှာ ကျင့်စဉ်ကျင့်ကြံရန် အတွက် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည့် အတွက် မကျေနပ်သည့်တိုင် အကြီးအကဲဘိုးဘိုး၏ စကားကို နားထောင်ခဲ့လေသည်။ သူက အကြီးအကဲဘိုးဘိုး၏ မိုင်ပေါင်း တစ်သောင်းပတ်လည်တွင် နေထိုင်ကြသူများ အားလုံးကို ချင်းရွှမ်ဂူတွင် တာ့ရှားပြည်၏ တိုင်းပြည်အကြံပေး အမတ်မင်း ရောက်ရှိနေကြောင်းကို သတင်းပို့ လိုက်လေသည်။

သူက သတင်းကို ကြေညာရုံသာမကဘဲ ချင်းရွှမ်ဂူသို့ပင် လက်ဆောင်ပဏ္ဏာများ တိတ်တဆိတ် ဆက်သလိုက်သေးသည်။ နောက်ပိုင်းတွင် အခြားသော မျိုးနွယ်စုများ ကလည်း ချင်းရွှမ်ဂူသို့ လက်ဆောင်များ လိုက်လံ ဆက်သကြလေသည်။

ထိုအကြောင်းအရာများကို ဝူကျုန်းမျိုးနွယ်စုများ ကြားသိရသည့် အခါတွင်တော့ နောင်တကြီးစွာ ရနေကြလေတော့သည်။ သူတို့သည် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရရှိရန်အတွက် အခွင့်အလမ်း ရရှိခဲ့ပါလျက် အခွင့်အရေးကို လက်လွှတ် ခဲ့ကြရလေသည်။

ဝူကျုန်းမျိုးနွယ်စုသည် အပြစ်ဒဏ် ချမှတ်ခံထားရသည့် မျိုးနွယ်စု ဖြစ်လေသည်။ သူတို့ကို အားလုံးက ရွံရှာမုန်းတီးကြသည်။ ထို့ကြောင့် သူတို့သာ တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းနှင့် ရင်းနှီးကျွမ်းဝင်ပါက သူတို့၏ အဆင့်အတန်းသည် မြင့်တက် သွားလိမ့်မည် ဖြစ်လေသည်။ ယခုတော့ သူတို့အတွက် မျှော်လင့်ချက်ဆို၍ အားလျန်သာလျှင် ရှိတော့သည်။

သို့သော်… အားလျန်မှာတော့ ထိုကိစ္စများနှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေး နေရလေတော့သည်။

***

All Chapters