← Chapters

နတ်ဘုရားကျောင်းတော်

Vol. 6 Ch. 546

နတ်ဘုရားကျောင်းတော်

Vol. 6 Ch. 546

ဝူကျုန်း မျိုးနွယ်စုဝင်များသည် ဆန်းလျန်ကို တိုက်ရိုက် မတွေ့ဆုံရဲကြသည့် အတွက် အားလျန်ဆီသို့သာ ရောက်လာ ကြလေသည်။

သူတို့၏ ရည်ရွယ်ချက်မှာ အားလျန်မှ တစ်ဆင့် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းနှင့် ဆက်သွယ်ရန် ဖြစ်လေသည်။

အားလျန်က သူတို့ကို တစ်ရက် နှစ်ရက်ခန့် တားဆီးထားနိုင်သည့်တိုင် နေ့ရောညပါ ရောက်ရှိ လာကြသည့်အခါတွင် တော့အားလျန်လည်း မည်သို့မှ မတတ်နိုင်တော့ဘဲ ချင်းရွှမ်ဂူထဲတွင် ဆန်းလျန်ကို သွားရောက် တွေ့ဆုံရလေတော့သည်။

ချင်းရွှမ်ဂူထဲတွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် အခန်းငယ်ပေါင်း ရာနှင့်ချီပြီး ရှိလေသည်။

ဂူထဲတွင် မီးတုတ်လည်း ထွန်းညှိထားခြင်း မရှိသလို ညပုလဲ၏ အလင်းရောင်လည်း ရှိမနေပါဘဲ ဆန်းလျန်၏ ကိုယ်ရောင်ကိုယ်ဝါများဖြင့် တောက်ပ ထွန်းလင်းနေလေသည်။

အားလျန်သည် ယခုတော့ ထိုသို့သော မြင်ကွင်းမျိုးဖြင့် အသားကျနေခဲ့ပြီ ဖြစ်လေသည်။

အခန်းတစ်ခါး အလယ်ရှိ ကျောက်သလွန်တစ်ခုထက်တွင် ဆန်းလျန်သည် တင်ပျဉ်ခွေ ထိုင်နေလေသည်။ ကျောက်သလွန် အောက်နားတွင်တော့ ကျားနက်ကြီး ထိုင်နေလေသည်။ ကျားနက်ကြီးက ပျင်းရိစွာဖြင့် အိပ်ငိုက်နေ လေသည်။ အားလျန် ဝင်လာတော့ သူက မျက်လုံးများကိုဖွင့်ကာ စူးစမ်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အားလျန်သည် ကျောက်သလွန်နားသို့ သတိကြီးစွာဖြင့် တိုးကပ်လာပြီး ငါးပေအကွာတွင် ခြေလှမ်းများကို ရပ်တန့် လိုက်လေသည်။ သူမသည် ကျားနက်ကြီးကို အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်လေသည်။

ဆန်းလျန်က မျက်ဝန်းများကို ဖွင့်ကြည့်လိုက်လေသည်။

အားလျန်က ဝူကျုန်းမျိုးနွယ်စုဝင်များ ဆန်းလျန်ကို တွေ့ဆုံခွင့် တောင်းနေကြသည့် အကြောင်းကို ပြောပြလိုက်ပြီး ဆန်းလျန်ထံမှ ပြန်ပြောမည့် စကားကိုလည်း စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့် နေမိလေသည်။

ဆန်းလျန်က…

“မင်း သူတို့ကို မငြင်းလိုက်ဘူးလား”

အားလျန်မှာ ဆန်းလျန်၏ တည်ငြိမ်သည့် အကြည့်များကြောင့် စိတ်မသက်မသာ ခံစားလိုက်ရလေသည်။ နတ်ဆရာသည် နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်သည့်တိုင် ယခုတစ်ကြိမ်တွင်တော့ သူမကြောက်ရွံ့နေမိလေသည်။ သူမ အမှားလုပ်မိသဖြင့် ဆန်းလျန်က သူမကို အပြစ်ပေးမည်ကို ကြောက်ရွံ့နေမိသည်။

အားလျန်က ခေါင်းကို အနည်းငယ်ငုံ့လိုက်ရင်း…

“သူတို့က ကျွန်မကို အဆက်မပြတ် တောင်းဆိုနေတော့…..”

ဆန်းလျန်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"တကယ်တော့ ကျုပ်ဒီတောင်ကို သိမ်းပိုင်နိုင်ခဲ့တာ ဝူကျုန်း မျိုးနွယ်စုတွေနဲ့လည်း ပတ်သက်နေပါတယ်၊ ကောင်းပြီလေ၊ မင်းတောင်အောက် ဆင်းသွားပြီး ကျုပ်ရဲ့ပုံတူရုပ်တုကို ထုလုပ်ပြီး နတ်ဘုရားကျောင်းတော်တစ်ခု တည်ဆောက်ဖို့ ဝူကျုန်း မျိုးနွယ်စုဝင်တွေကို ပြောလိုက်ပါ၊ သူတို့ စိတ်ရင်း မှန်ကန်တယ်ဆိုရင် ဆုလာဘ်ရလိမ့်မယ်၊ သူတို့က မလုပ်နိုင်ဘူး ဆိုရင်တော့ ဒီအတိုင်းပဲထားလိုက်…"

အားလျန်မှာယခုမှ စိတ်သက်သာရာ ရသွားခဲ့လေသည်။ နတ်ဆရာသည် သူမကို အပြစ်မတင်ခဲ့ဘဲ ပြဿနာကိုပင် ဖြေရှင်းပေးခဲ့သည် မဟုတ်ပါလား။

သူမက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး….

“ကျွန်မ အခုပဲ သူတို့ကို သွားပြောလိုက်ပါ့မယ်…”

“အော်… ဒါနဲ့ မင်း ဒီတစ်ခေါက် တောင်အောက်ကို ဆင်းသွားပြီးရင် ချင်းရွှမ်ဂူမှာ နေစရာ မလိုတော့ဘူး”

ဆန်းလျန်၏ စကားကြောင့် အားလျန်မှာ ထိတ်လန့်အံ့သြသွားပြီး….

“ရှင့်ကို အနှောင့်အယှက်ပေးလို့ ကျွန်မကို ဒေါသ ထွက်နေတာလား နတ်ဆရာ”

သူမက နာကျင်စွာဖြင့် မေးလိုက်လေသည်။

“အခုဆိုရင် မင်းကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့ဘူးလေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နေနိုင်ပါပြီ…"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

အားလျန်သည် စိတ်ထားကောင်းပြီး စိတ်နှလုံးဖြူစင်သူ တစ်ယောက် ဖြစ်လေသည်။ သူမသာ ကျင့်စဉ်လမ်းသို့ လိုက်နိုင်သည့် ပါရမီမျိုး ရှိမည်ဆိုလျှင် ဆန်းလျန်သည် သူမကို တောင်အောက်သို့ ပြန်လည် စေလွှတ်မည် မဟုတ်ပေ။ သို့သော် သူမသည် ကျင့်စဉ်လမ်းသို့ မလိုက်နိုင်လျှင်တော့ သေမျိုးလောကတွင်သာ ကျင်လည်သည်က ပို၍ကောင်းပေလိမ့်မည်။

အားလျန်ကလည်း ဆန်းလျန်၏ စကားကို မငြင်းဆန်တော့ပါ။ သူမက ဒူးထောက်လိုက်ပြီး ဆန်းလျန်ကို ဦးချ ကန်တော့လိုက်လေသည်။

"ကျွန်မနဲ့ ကျွန်မရဲ့ သမီးလေးအပေါ် နတ်ဆရာအများကြီး ကူညီခဲ့တာကို အားလျန် ကျေးဇူးဆပ်ခွင့် မရနိုင်တော့ပါဘူး၊ နတ်ဘုရား ကျောင်းတော် တည်ဆောက်ပြီးရင် အားလျန် နေ့နေ့ ညည နတ်ဆရာကို ကိုးကွယ် ဆည်းကပ်ပါ့မယ်"

ဆန်းလျန်က ပြုံးလိုက်ပြီး လက်တစ်ဖက် ဝှေ့ယမ်း ပြလိုက်လေသည်။

သူသည် အားလျန်ထံမှ မည်သည့်ပြန်လည် ပေးဆပ်မှုကိုမှ မမျှော်လင့်ပါ။ သို့သော် အားလျန် ကျေးဇူးဆပ်ချင်စိတ် ပြင်းထန် နေခဲ့လေသည်။ ကျေးဇူးမဆပ်ရလျှင် သူမ၏ စိတ်သည် ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။

ထို့နောက် အားလျန်သည် သူမ၏ သမီးငယ်လေးကို ခေါ်ဆောင်ကာ ထွက်ခွာ သွားလေတောသည်။

ဆန်းလျန်မှာ ရတနာဓားကို ပြုလုပ်ရခြင်း မရှိသေးပေ။ သူက အခွင့်အရေးကို စောင့်နေခြင်း ဖြစ်လေသည်။ စစ်ပွဲတွင် တာ့ရှားဧကရာဇ် သတ်ဖြတ်လိုက်သည့် လူအများ၏ သွေးချောင်း စီးခြင်းကို စောင့်နေခြင်း ဖြစ်လေသည်။ တာ့ရှား ဧကရာဇ် မုန့်စန်းတောင်ကို သိမ်းပိုက်သည့် အခါတွင် ဖြစ်ပေါ်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက် များဖြင့် မရဏ ဓားတစ်လက်ကို ဖန်တီးနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သည် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းဖြစ်နေဆဲ ဖြစ်လေသည်။ တာ့ရှားဧကရာဇ်နှင့် အရှေ့တိုင်း စစ်သည်တော်များ၏ တိုက်ပွဲမှ လူအချင်းချင်း သတ်ဖြတ်မှုသည် ကံတရားအတိုင်းပင် ဖြစ်လေသည်။ ထိုကံတရားကို ဆန်းလျန်သည် အသုံးပြုခွင့် ရှိလေသည်။ သို့သော် ထိုသို့ အသုံးပြုလိုက်ပါက သူသည် တာ့ရှားပြည်၏ ကံတရားနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက် မိပေလိမ့်မည်။

သို့သော်… ကံတရားဆိုသည်က မြင်လည်းမမြင်နိုင်၊ ထိတွေ့၍လည်း မရနိုင်ပေ။ လူတစ်ယောက်သည် ကံတရားဆိုသည့် အရာမှ ထွက်ပြေးရန် ကြိုးစားလျှင်လည်း အချည်းနှီးပင် ဖြစ်ရပေမည်။

နတ်ဘုရား ကျောင်းတော်ကို တည်ဆောက် စေလိုက်ခြင်းမှာ ဆန်းလျန်က ရုတ်တရက် ဖြစ်ပေါ်လာသည့် အတွေးကို ပြောလိုက်မိခြင်း မဟုတ်ပါ။ သူက ရှန်ဝါဒကို ဖွံ့ဖြိုးစေလိုသည့် ရည်ရွယ်ချက် အစကတည်းက ရှိခဲ့လေသည်။

နတ်ဘုရား (၅) မျိုးရှိလေသည်။ မိုးကောင်းကင် နတ်ဘုရား၊ လောကနတ်ဘုရား၊ လူသားနတ်ဘုရား၊ နတ်ဒေဝါနတ်ဘုရားနှင့် ဝိညာဉ်နတ်ဘုရားတို့ ဖြစ်လေသည်။ ထိုနတ်ဘုရား ငါးပါးလုံးမှာ မသေမျိုးများ ဖြစ်ကြလေ၏။ ဆန်းလျန်သည် လောကနတ်ဘုရား အဆင့်မှ မိုးကောင်းကင် နတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့သူ ဖြစ်သည့် အတွက် ထိုနတ်ဘုရား (၅)မျိုးထဲတွင် ထိပ်တန်းအဆင့်ဖြစ်လေသည်။ သို့သော် လူသားနတ်ဘုရား၊ နတ်ဒေဝါ နတ်ဘုရားနှင့် ဝိညာဉ်နတ်ဘုရားတို့မှာလည်း ရှေးခေတ်အခါကပင် မတူညီသော လမ်းကြောင်းများမှ မသေမျိုး အဖြစ်သို့ တက်လှမ်းနိုင်သည့် သူများ ဖြစ်ကြလေသည်။

ဆန်းလျန်သည် အကန့်အသတ်၊ အတားအဆီးများမှ လွတ်မြောက်ရန်နှင့် ကိုယ်ပိုင်တာအို လမ်းကြောင်းကို ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့လေသည်။ ကိုယ်ပိုင် လမ်းကြောင်းကို ဖောက်လုပ် လိုသူသည် စမ်းသပ်မှုပေါင်း များစွာကို ပြုလုပ်ရမည် ဖြစ်လေသည်။

စမ်းသပ်မှုနှင့် သုတေသန ပြုမှုများသည် နှေးကွေးစွာ ကြိုးစားရမည့် အရာများ ဖြစ်သည့်အတွက် အလျင်အမြန်တော့ အောင်မြင်မှုမရနိုင်ပါ။ ဆန်းလျန်အတွက် စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရန် လိုအပ်လေသည်။

သမာဓိ မီးတောက်ကို သန့်စင်ပြီးသည့်အချိန်ထိ စိတ်ရှည်စွာဖြင့် စောင့်ရမည် ဖြစ်လေသည်။

အားလျန်ကို သင်ပြပေးလိုက်သည့် အသက်ရှူကျင့်စဉ်သည် စစ်မှန်သည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ သူမ၏စိတ်ကို တည်ငြိမ်စေပြီး စိတ်အာရုံကို စုစည်းနိုင်မည် ဖြစ်လေသည်။ သူမသည် ယခင်ကကဲ့သို့ အားနည်းသည့် မိန်းကလေး တစ်ယောက် မဟုတ်တော့ဘဲ သူမ၏ မျိုးနွယ်စုဝင် များကြားတွင် ကောင်းကောင်းရင်ဆိုင်နိုင်ပြီ ဖြစ်လေသည်။

သူမသည် ဆန်းလျန်၏ အမှာစကားကို ဝူကျုန်းမျိုးနွယ်စုဝင်များ ပြောကြားခဲ့ပြီး နတ်ဘုရား ကျောင်းတော် ဆောက်လုပ်ရန် အသေးစိတ် အစီအစဉ်များ ရေးဆွဲခဲ့လေသည်။

နတ်ဘုရားကျောင်းတော်သည် ငါးရက်အတွင်း ဆောက်လုပ်ပြီးစီး သွားလေသည်။ သို့သော် အမည်ပေးရခြင်းတော့ မရှိသေးပေ။ သို့သော် လူတိုင်းက နတ်ဘုရားရုပ်တုမှာ နတ်ဆရာချင်းရွှမ်၏ ရုပ်တု ဖြစ်သည်ကို သိရှိကြလေသည်။

သို့သော် သူတို့က ရက်အနည်းငယ် ကြာသည်အထိ ရုပ်တုထံတွင် ဆုတောင်းကြပြီးမှ ဆုတောင်း မပြည့်သည်ကို တွေ့ရှိရသည့်အခါ စိတ်ပျက် သွားကြလေသည်။ အချို့ဆိုလျှင် အားလျန်ကိုပင် အပြစ်တင်ချင် ကြလေသည်။

နတ်ဆရာချင်းရွှမ်သည် ဆုတောင်းတိုင်း ပြည့်သည့် နတ်ဘုရားတစ်ပါးတော့ မဟုတ်ပေ။ ထိုအချက်ကို ဝူကျုန်းမျိုးနွယ်စုဝင်များ နားလည် သွားကြလေသည်။

သို့သော် သူတို့ မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်လာခဲ့လေသည်။ နတ်ဘုရား ကျောင်းတော် စတင်တည်ဆောက် ပြီးသည့် အချိန်မှစပြီး အားလျန်သည် သုံးရက်နှင့် သုံးညတိတိ ဝတ်ပြုဆုတောင်း နေခဲ့လေသည်။ မကြာမီတွင် သူမ၏ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပ လာလေတော့သည်။

လူအများသည် ကြောက်ရွံ့ ထိတ်လန့်ပြီး သူမအနားသို့ပင် မကပ်ရဲကြပေ။ ထို့နောက်တွင်တော့ ထိုကိုယ်ရောင် ကိုယ်ဝါများမှာ အားလျန်၏ တန်ခိုးစွမ်းအားများကြောင့် ထွက်ပေါ်လာခြင်း မဟုတ်သည်ကို လူအများ နားလည် လာကြလေသည်။ ထိုကိုယ်ရောင် ကိုယ်ဝါများမှာ နတ်ဆရာချင်းရွှမ်ကို ကိုးကွယ်သည့် အတွက် ထွက်ပေါ် လာရခြင်းဖြစ်လေသည်။ နောက်ပိုင်းတွင်တော့ အားလျန်နှင့် နတ်ဆရာချင်းရွှမ်ကို သူတို့သည် မကောင်းစိတ် မထားရဲ ကြတော့ပေ။

ထို့နောက်တွင်တော့ လူအများသည် နတ်ဆရာချင်းရွှမ်ကို နတ်ဘုရား တစ်ပါးအလား စတင် ကိုးကွယ်လာကြလေ တော့သည်။ ထိုအခါ လူအများသည် အိပ်မက်ထဲတွင် နတ်ဘုရားတစ်ပါးကို အိပ်မက် မြင်မက် ကြရလေသည်။ ထိုနတ်ဘုရား၏ မျက်နှာမှာ နတ်ဆရာချင်းရွှမ်၏ မျက်နှာပင် ဖြစ်လေသည်။

နတ်ဆရာချင်းရွှမ်ကို အိပ်မက် မက်သူများသည် ဂါထာမန္တန်နှင့် တာအိုကျင့်စဉ်များ ကျင့်ကြံရာတွင် သိသိသာသာ လွယ်ကူလာကြလေသည်။

ထိုအချိန်မှစ၍ မည်သူမျှ အားလျန်ကို သံသယ မဝင်ရဲကြတော့ဘဲ အားလျန်သည် နတ်ဘုရား ကျောင်းတော်ကို စောင့်ရှောက်သည့် မိန်းကလေး ဖြစ်လာခဲ့လေသည်။

လူအများသည် ဆန်းလျန်ကို ကိုင်းရှိုင်းစွာ ကိုးကွယ်လာကြသည့် အခါတွင်တော့ ချင်းရွှမ်ဂူတွင် စုဝေးနေကြသည့် အခိုးအငွေ့သဏ္ဍန်တန်ခိုးစွမ်းအားများကို တွေ့မြင်နိုင်လေသည်။ ထိုတန်ခိုး စွမ်းအားများကို အားလျန်ပင်လျှင် ယူပြီး အသုံးပြု၍ ရနိုင်လေသည်။ ထိုတန်ခိုး စွမ်းအားများ သူမ၏ကိုယ်တွင်းသို့ ဝင်ရောက်လာသည့်အခါ ရေပူစမ်းလေးထဲတွင် ရေချိုးသကဲ့သို့ နွေးထွေးမှုကို ခံစားရလေသည်။

ထိုတန်ခိုးစွမ်းအား အခိုးအငွေ့များမှာ ဝူကျုန်း မျိုးနွယ်စုဝင်များ၏ ကိုင်းရှိုင်းစွာ ကိုးကွယ်မှုများကြောင့် ထွက်ပေါ်လာရသည်ကို အားလျန် ရိပ်မိလေသည်။

အားလျန်မှာလည်း ထိုတန်ခိုးစွမ်းအားများ၏ အကျိုးကျေးဇူးကို ခံစားရပြီးသည့်နောက် သူမအပေါ်တွင် ကျေးဇူးကြီးမားသည့် နတ်ဆရာချင်းရွှမ်ကို ပြန်လည်ပေးဆပ်ရန် စဉ်းစား နေမိလေသည်။ သူမက နတ်ဆရာချင်းရွှမ်ကို ပိုမို ကိုးကွယ်ဆည်းကပ် ကြစေရန် သူမသည် အချိန်ပြည့် စည်းရုံး လှုံ့ဆော်လေ့ ရှိလေသည်။

ထို့ပြင် အားလျန်၏ အတွေးများသည် ဆန်းလျန်၏စိတ်တွင် ရောင်ပြန်ဟပ်လေသည်။ ဆန်းလျန်က အားလျန်၏ စိတ်ကို သိရှိရန် မကြိုးစားခဲ့ပါ။ သို့သော် ကိုးကွယ် ယုံကြည်မှုနှင့် ဝိညာဉ်စွမ်းအားများက သူတို့နှစ်ဦးအကြားတွင် ထူးခြားသည့် ဆက်နွှယ်မှုတစ်ခုကို ဖြစ်ပေါ်စေလေသည်။

***

All Chapters