နှင်းများဖြင့်ဖုံးလွှမ်းနေသည့်တောအုပ်
Vol. 6 Ch. 548
ဖုန်းသည် ဒေါသတကြီးဖြင့် မုန့်စန်းတောင်မှ ထွက်ခွာ လာခဲ့လေသည်။ သူက တုန်းယီဒေသတွင် ဂုဏ်သတင်း ကျော်ကြားလိုသည့် အတွက် ယွမ်ယန်၏ မဟာမိတ် တပ်မတော် အတွင်းသို့ ဝင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုတော့ သူ၏ အစီအစဉ်မှာ မအောင်မြင်တော့ပေ။
မဟာမိတ်စစ်တပ်ထဲတွင် ဆက်နေလျှင်လည်း ယွမ်ယန်နှင့် နတ်မိစ္ဆာမဟာတန်ခိုးရှင်ကို ကျော်လွန်က သူ့အနေဖြင့် ဂုဏ်သတင်း မြင့်မားလာစရာ အကြောင်းမရှိပေ။ ယွမ်ယန်ကို ဆန့်ကျင်ခြင်းကသာ မဟာမိတ်တပ်မတော်ကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နိုင်မည် ဖြစ်လေသည်။ ဖုန်းသည် ယွမ်ယန်ကို အလျှော့ပေး လိုက်လျော နေသည့်တိုင် အခွင့်အရေးရပါက ယွမ်ယန်ကို သတ်ဖြတ်နှိမ်နင်းပစ်ရန် ကြံစည်နေသူ ဖြစ်လေသည်။
ထို့ကြောင့် ဖုန်းကလည်း တမင်သက်သက် မုန့်စန်းတောင်မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်လျှင် ယွမ်ယန်သည် သူ၏ အကြံအစည်ကို ရိပ်မိပြီး အနှေးနှင့်အမြန် သူ့ကို သတ်ပစ်နိုင်လေသည်။
ဖုန်းသည် ဖုန်းဟို မျိုးနွယ်စုဆီသို့ ပြန်လာခဲ့လေသည်။
သူ… မျိုးနွယ်စုထံမှ ထွက်ခွာလာခဲ့စဉ်က ရည်မှန်းချက်အပြည့်နှင့် ဖြစ်လေသည်။ ယခု ပြန်လာသည့် အခါတွင်တော့ ရလဒ်က သုည ဖြစ်ခဲ့ရပြီ။ ထိုသို့ဖြစ်ရခြင်းက သူ့ကို အလွန်မှ အရှက် ရစေလေသည်။
ထို့ကြောင့် ဖုန်းသည် သူ၏ မျိုးနွယ်စုထံသို့ တန်းမပြန်သေးဘဲ တုန်းယီဒေသ၏ တောင်တန်း မြစ်ချောင်းများတွင် ရက်ပေါင်းများစွာ လှည့်လည် သွားလာနေခဲ့လေသည်။ ထိုအချိန်တွင် သူသည် သတင်းများစွာကို ကြားသိခဲ့ရလေ သည်။
ထိုသတင်းများစွာထဲတွင်….
တာ့ရှားပြည်၏ တိုင်းပြည် အကြံပေးအမတ်မင်းသည် ဝူကျုန်း မျိုးနွယ်စုများ နေထိုင်သည့်နေရာတွင် ရောက်ရှိနေ သည် ဆိုသည့် သတင်းလည်း ပါဝင်လေသည်။ ဝူကျုန်း မျိုးနွယ်စုမှာ အပြစ်သားများ ဖြစ်ကြလေသည်။
ဖုန်းသည် ဆန်းလျန်နှင့် ရန်ငြိုးရှိသူ ဖြစ်ရကား ဆန်းလျန်၏ သတင်းကို ကြားသည့် အခါတွင်တော့ စိတ်မသက်မသာ ခံစားလိုက်ရလေသည်။
ဆန်းလျန်သည် မည်သည့်အရာကိုမှ ပေါ်လွင်ထင်ရှားအောင် မပြုလုပ်ခဲ့ပေ။ သို့သော် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းဆိုသည့် ဂုဏ်ပုဒ်ကြောင့် လူအများက သူ့ကို အာရုံစိုက် နေကြခြင်း ဖြစ်လေသည်။
ဖုန်းသည် တုန်းယီတွင် ထိပ်တန်းအဆင့် လေးသည်တော် တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ၏သင်တန်း ကျောင်းတွင်လည်း တပည့်တပန်းများစွာ ရှိလေသည်။ သို့သော် သူအချစ်ဆုံး တပည့်မှာ “လင်” ဆိုသူ ဖြစ်လေသည်။
လင် သည် သူ့ကို မည်သည့်အခါမှ စိတ်မပျက်စေခဲ့ပေ။ လင်သည် သူ၏ ခြေရာကိုနင်းကာ တုန်းယီဒေသတွင် အလွန်ကျော်ကြားသည့် စစ်သည်တော် တစ်ယောက် ဖြစ်လာခဲ့လေသည်။
သို့သော်…
လင်သည် သတ်ဖြတ် ခံခဲ့ရလေသည်။ သူ့ကို နှိမ်နင်းခဲ့သူမှာ တာ့ရှားပြည်မှ တိုင်းပြည် အကြံပေး အမတ်မင်း ချင်းရွှမ်ပင် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်၏ သတင်းကို ကြားရသည့် အခါတွင်တော့ ဖုန်းသည် အလွန်ဒေါသ ထွက်မိလေသည်။ တာအို ဆရာချင်းရွှမ်သည် တာ့ရှားပြည်၏မြို့တော် တိချိုးတွင် နေထိုင်ခြင်း မဟုတ်ပါက သူ၏ အချစ်ရဆုံးတပည့် အတွက် အစောကြီး ကတည်းကပင် လက်စားချေပြီး နေလောက်ပေပြီ။
ယခုတော့ ထိုဆန်းလျန် ဆိုသည့်လူသည် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများကို ဆွဲဆောင် နေခဲ့လေပြီ။ ဖုန်းသည် တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းကို ရှာဖွေပြီး လက်စားချေ သတ်ဖြတ်နိုင်ပါက သူ၏ ဂုဏ်သတင်းသည် ယွမ်ယန်ထက်ပင် ကျော်ကြား သွားနိုင်သည်ဟု တွေးလိုက်မိလေသည်။
ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏စိတ်ထဲတွင် ဒေါသနှင့် လောဘများ ဖြစ်လာကာ သူ၏ အကြံအစည်ကို လက်မလျှော့ ချင်တော့ပေ။ ဆန်းလျန်သည် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ “မပျက်စီးနိုင်သည့်ခန္ဓာကိုယ်” ကို ပိုင်ဆိုင်ထားခြင်း မရှိနိုင်ပေ။ သူက လေးနှင့်မြား အတတ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် အတွက် သူသာ လုပ်ကြံမည်ဆိုလျှင် ဆန်းလျန် မည်သို့ ခံနိုင်ပါမည်နည်း။ ထို့ပြင် လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်လျှင်လည်း သူ့အနေဖြင့် အန္တရာယ်ကင်းစွာ ထွက်ပြေး လွတ်မြောက် နိုင်လေသည်။
သို့သော်… ဖုန်းသည် မဆင်မခြင်လုပ်သူ တစ်ယောက်တော့ မဟုတ်ပါ။ သူက ဆန်းလျန် အကြောင်းများကို ပိုပြီး သိရန် စုံစမ်းခဲ့လေသည်။ ဆန်းလျန်ကဲ့သို့ အဓိကကျသည့် လူတစ်ယောက်ကို လုပ်ကြံရန်မှာ ကြိုတင် ပြင်ဆင်မှုများစွာ ပြုလုပ်ရမည် ဖြစ်လေသည်။ ထို့ပြင် သူက လုပ်ကြံမှုအောင်မြင်ရန် အတွက် ဝတ်ပြု ဆုတောင်းခြင်းကိုလည်း ပြုလုပ်ခဲ့လေသည်။
ဖုန်းက ထိုသို့ ကြံစည်နေစဉ်မှာပင်….
ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် ရုပ်ခန္ဓာနှင့် အပြည့်အဝ ပေါင်းစပ်ကာ တန်ခိုးစွမ်းအား အမြင့်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိ လာခဲ့လေသည်။ သူ၏စိတ်နှလုံးသည် လပြည့်ညပမာ အေးဆေး ငြိမ်သက်နေပြီး လရောင်ကို ရောင်ပြန်ဟပ်စေသည့် သမုဒ္ဒရာအလား ကျယ်ပြန့် လွန်းလေသည်။
ထို့ကြောင့် ဆန်းလျန်သည် ကိုယ်ရောင်ကိုယ်ဝါများ အမြဲတမ်း တောက်ပ ထိန်လင်းနေရခြင်း ဖြစ်လေသည်။
ဆန်းလျန်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်လေသည်။
ထိုအခါ… ကျားနက်ကြီးက စိတ်ရှုပ်ထွေးစွာဖြင့် ဆန်းလျန်ကို မေးခွန်း ထုတ်လိုက်သည်။
“သခင်လေး… ဒီနေ့ ကျင့်ကြံတာ စောစောနားတာလား၊ တစ်ခုခုများ ဖြစ်လို့လား”
ဆန်းလျန်က…
“ကျုပ်ရဲ့ထိုက်ရွှီး တန်ခိုးစွမ်းအားတွေ စကြဝဠာကို ကျော်ဖြတ်တဲ့အခါ သတ်ဖြတ်လိုတဲ့ အငွေ့အသက် တစ်ခုကြောင့် ပြိုကွဲသွားခဲ့တယ်…”
ကျားနက်ကြီးက ဒေါသတကြီးဖြင့်…
“ဘယ်လိုမျက်ကန်းမျိုးက သခင်လေးကို သတ်ဖို့ ကြံစည်ရဲရတာလဲ၊ အဲဒီကောင်ကို ကျွန်တော် တစ်ချက်တည်း ကိုက်ပြီးသတ်ပစ်လိုက်မယ်”
“သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေက ကျုပ်ကိုတောင် ထိတ်လန့် သွားစေတယ် ဆိုရင် ဒီလူက ထူးခြားတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်၊ မင်းက သူနဲ့ ဘယ်လို လုပ်ရင်ဆိုင်နိုင်မှာလဲ၊ ကောင်းပြီလေ… အဲဒီလူက ဘယ်သူပဲ ဖြစ်ဖြစ် ကျုပ်က သူ့ကို ရိပ်မိသွားမယ် လို့တော့ ထင်မှာ မဟုတ်ဘူး၊ အင်းပေါ့လေ… တစ်ယောက်ယောက်က သေချင်နေမှတော့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့”
ဆန်းလျန်က အေးဆေး တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ် နေခဲ့လေသည်။
ထိုသို့ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ဆန်းလျန်သည် တော်ရုံဖြင့် ထုတ်ပြလေ့ မရှိပေ။
ထို့ကြောင့် ကျားနက်ကြီးက တွေးလိုက်မိသည်။
“အော်… အဲဒီလူက ဘယ်သူလဲတော့ မသိဘူး၊ ကံဆိုးမိုးမှောင် ကျတော့မယ်”
ထို့နောက်ဆန်းလျန်က ပျော့ပြောင်းသည့် လေသံဖြင့်…
“ဒီနေ့ စောစောနားတယ် ဆိုတော့ အပြင်မှာ လျှောက်ကြည့်ရအောင်…”
ဆန်းလျန်၏ စကားကြောင့် ကျားနက်ကြီးမှာ ပျော်သွားလေသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ သခင်လေး၊ ရှောင်ဟေး အရမ်းပျင်းနေတာ၊ ပျင်းလွန်းလို့ အသက်တောင် ထွက်တော့မယ်”
ဆန်းလျန်က ကျားနက်ကြီးကို ခြေထောက်ဖြင့် တစ်ချက် လှမ်းကန်လိုက်ရင်း…
“ဒီလို အသုံးမကျတဲ့ စကားတွေ ဘယ်က တတ်လာတာလဲ… ဟင်…”
ကျားနက်ကြီးက စပ်ဖြဲဖြဲနှင့် ရယ်မောလိုက်လေသည်။
ထို့နောက် ဆန်းလျန်နှင့် ရှောင်ဟေးသည် ချင်းရွှမ်ဂူထဲမှ ထွက်လာကြလေသည်။
တောင်တစ်ခွင်တွင် နှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။ ကောင်းကင်ပြာက တောက်ပနေပြီး ရှုခင်းများက အလွန်မှ လှပနေလေသည်။ ထို့ပြင် ချင်းရွှမ်ဂူသည် လေပြင်း တိုက်သည်နှင့် ဆီးနှင်းများက သဘာဝအတိုင်း ဖုံးကွယ်ထား သည့်အတွက် အခြားသူများက ဂူဝကို လွယ်လွယ်ကူကူဖြင့် မတွေ့မြင်ရနိုင်ပေ။
ဆောင်းလေအေး တိုက်ခတ်မှုကြောင့် ဆန်းလျန်၏ စိတ်များ ကြည်လင်လာလေသည်။
“ဒီလိုနှင်းတွေ ဖုံးလွှမ်းနေတဲ့ ရှုခင်းမျိုး မမြင်ရတာ တော်တော် ကြာနေပြီ၊ ဒါပေမဲ့ နှင်းတွေက သိပ်မကျသေးဘူး၊ ကျုပ်တို့ ပျော်စရာတစ်ခုခု လုပ်ကြရင် မကောင်းဘူးလား”
ကျားနက်ကြီးက….
“နှင်းကျတဲ့ရာသီက အသီးအနှံတွေ အထွက်ကောင်းတယ်တဲ့၊ သခင်လေးသာ တန်ခိုးစွမ်းအား အသုံးပြုပြီး နှင်းတွေ အများကြီး ကျလာအောင် လုပ်ပေးလိုက်ရင် တောင်အောက်က တောသားတွေ အတွက်လည်း အကျိုးရှိနိုင်တယ်”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ကျုပ်က သူတို့ဆီက ဆုတောင်းသံတွေကနေ တန်ခိုး စွမ်းအားတွေ ရယူထားမှတော့ သူတို့တွေ သီးနှံအထွက် ကောင်းအောင် ကူညီပေးရမှာပေါ့”
ဆန်းလျန်က မတ်တတ် ရပ်နေရင်းမှပင် အဖြူရောင် အခိုးအငွေ့များကို ပါးစပ်အတွင်းမှ မှုတ်ထုတ် လိုက်လေသည်။ ထိုအခိုးအငွေ့များမှာ ဆန်းလျန် ယူဆောင်ထားသည့် ဆုတောင်းခြင်းမှ ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအားများ ဖြစ်လေသည်။ ထိုအဖြူရောင် အခိုးအငွေ့များသည် လေနှင့်အတူ မျောပါသွားပြီး တိမ်များအတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
ထိုထူးဆန်းသည့် အဖြူရောင် အခိုးအငွေ့များသည် မိုးတိမ်များကို အားကောင်းသည့် စုပ်ယူနိုင်စွမ်းကို ဖြည့်ပေးခဲ့ပြီး မိုးနှင့်မြေမှ ရေအရင်းအမြစ်များကို စုပ်ယူစေလေသည်။
ထို့နောက် ဆန်းလျန်က…
“လေတိုက်ခတ်စေ…”
ဟု အမိန့်ပေးလိုက်လေသည်။
ချက်ချင်းပင် မြောက်လေ တိုက်ခတ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး အေးစိမ့်သွားကာ သစ်ပင်များ ညိုးနွမ်း သွားကြလေသည်။
ဆန်းလျန်က ဆက်ပြောလိုက်သည်။
“နှင်းကျစေ…”
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ဆီးနှင်းများ တဖွဲဖွဲ ကျလာလေသည်။ ဆီးနှင်းများသည် မိုင်ထောင်ပေါင်း များစွာကို လွှမ်းခြုံ သွားခဲ့လေသည်။
နှင်းကျလေလေ ဝူကျုန်းမျိုးနွယ်စုဝင်များ ပျော်ရွှင်ကြလေလေ ဖြစ်လေသည်။
အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများသည် စိုက်ပျိုးရေးကိုသာ မှီခိုအားထား ကြရလေသည်။ မျိုးနွယ်စုတစ်ခု သီးနှံ အထွက်မကောင်းခဲ့လျှင် အခြားမျိုးနွယ်စု တစ်စုထံမှ အကူအညီ တောင်းကြရလေသည်။
တုန်းယီဒေသမျိုးနွယ်စုများနှင့် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများမှာ ကျင့်ကြံသူများ ဖြစ်ကြလေသည်။
ကျင့်ကြံသူ အများစုသည် ရာသီဥတုကို ပြုပြင် ပြောင်းလဲ ပေးနိုင်ကြလေသည်။ သို့သော် ယခု ဆန်းလျန်ပြောင်းလဲ ပေးလိုက်သကဲ့သို့ ကြီးမားသည့် အပြောင်းအလဲ ကိုတော့ ပြုလုပ်ပေးနိုင်သူ မရှိသလောက် ရှားပါးလေသည်။ ပြောင်းလဲ ပေးနိုင်သည် ဆိုဦးတော့ ဝူကျုန်း မျိုးနွယ်ကဲ့သို့ အပြစ်သား မျိုးနွယ်စုငယ်လေးကို မည်သူကမှ ကူညီပေးမည် မဟုတ်ပေ။
ဝူကျုန်းမျိုးနွယ်စုထဲတွင် ရာသီဥတုကို ခန့်မှန်းနိုင်သူ အချို့ရှိလေသည်။ သူတို့က ယခုနှစ်တွင် ထိုမျှလောက် နှင်းကျ လိမ့်မည်ဟု ခန့်မှန်းမထားခဲ့ကြပေ။ သို့သော် ယခုတော့ နှင်းများ အလွန်ကျဆင်း လာခဲ့ပြီ။ တစ်စုံတစ်ယောက်က တန်ခိုးစွမ်းအား အသုံးပြုကာ နှင်းများ ကျဆင်း စေသည်မှာ ထင်ရှားနေလေသည်။
ဉာဏ်ကောင်းသည့် လူအချို့က ထိုသို့ ပြုလုပ်ပေးသူမှာ ဆန်းလျန် ဖြစ်သည်ဟု ပြောဆို ကြလေသည်။ တာ့ရှားပြည်အတိုင်ပင်ခံအမတ်မင်းမှလွဲပြီး ရာသီဥတုကို ပြောင်းလဲ ပေးနိုင်သူမှာ မည်သူ ရှိပါမည်နည်း။
ထိုအခါ လူအားလုံးသည် နတ်ဘုရား ကျောင်းတော်သို့ အပြေးအလွှား သွားရောက် ဝတ်ပြု ကိုးကွယ်ကြလေတော့ သည်။ ဆန်းလျန်သည် ထိုသို့ ရာသီဥတုကို ပြုပြင် ပြောင်းလဲပေးပြီး ဝူကျုန်း မျိုးနွယ်စုကို နှစ်တိုင်းကူညီမည်ဆိုပါက သီးနှံစိုက်ပျိုးမှု အတွက် များစွာ အကျိုးကျေးဇူး ရှိမည် ဖြစ်လေသည်။
ထိုအချိန်တွင်…
ဆန်းလျန်သည် ချင်းရွှမ်ဂူ အပြင်ဘက်တွင် ရပ်နေပြီး နှင်းများဖြင့် ဖုံးလွှမ်းနေသည့် တောအုပ်ကြီးကို ငေးစိုက်ကြည့် နေလေသည်။
ထို့နောက် ဆန်းလျန်က ပြုံးလိုက်ရင်း…
“တောအုပ်မှာ နှင်းတွေဖုံးနေတာဟာ အဆင့်မြင့် စာပေသမား တစ်ယောက် ရောက်လာမယ်လို့ ဆိုလိုတာပဲ၊ ရောက်လာပြီဆိုမှတော့ ပုန်းမနေဘဲ ထွက်လာခဲ့ပါလား မိတ်ဆွေ…”
***