ဖိန်ပေါ်ရှို့
Vol. 6 Ch. 549
လေပြင်းတိုက်ခတ်သံနှင့် နှင်းကျသည့် အသံများသည် ဆန်းလျန် ပြောလိုက်သည့် စကားသံကို ဖုံးလွှမ်း မသွားနိုင်ပါချေ။ ဆန်းလျန်၏ အသံသည် အရှေ့ဆီမှ တောအုပ်အတွင်းသို့ တဖြည်းဖြည်း ပျံ့နှံ့ သွားလေသည်။
ကျားနက်ကြီးက သူ၏ ကြေးနီရောင် မျက်ဝန်းကြီးများဖြင့် အရှေ့ဆီမှ မည်သူများ ထွက်လာလေမည်လဲဟု ပြူးကြည့် နေလေသည်။ သို့သော် သူ၏မျက်လုံးထဲတွင် နှင်းများကိုသာ မြင်တွေ့ရလေသည်။
မကြာမီပင်…
နှင်းများဖုံးလွှမ်းနေသည့် တောအုပ်ထဲမှ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာလေသည်။
အဘိုးအိုမှာ ဆံပင်များ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး မျက်ခုံးမွေးများမှာလည်း ရှည်လျားကာ ဖြူဖွေး နေကြလေသည်။ ရှည်လျားသည့် အဖြူရောင် မုတ်ဆိတ်များမှာလည်း လေထဲတွင် လွင့်နေလေ၏။ အဘိုးအိုသည် နှင်းထက်ပင်ဖြူစင် သည့်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ဖိနပ်များထက်တွင် တိမ်တိုက်ပုံသဏ္ဌာန် ရေးထိုးထားပြီး သူ၏လက်ထဲတွင် အစိမ်းရောင် ကျောက်စိမ်းတောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင် ထားလေသည်။ သူ၏ ပုံသဏ္ဌာန်က ရွှင်ရွှင်လန်းလန်း ပင်ရှိလေသည်။
ကျားနက်ကြီး၏ ကျင့်ကြံမှု အဆင့်မှာ သာမန်မျှသာ ဖြစ်သော်လည်း သူက ဆန်းလျန်နောက်သို့ လိုက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည့် အတွက် ကျင့်ကြံသူများကို အကဲခတ် တတ်နေပြီ ဖြစ်လေသည်။
ကျားနက်ကြီးက နှင်းတောထဲမှ ထွက်ပေါ်လာသည့် အဘိုးအိုကို ကြည့်နေလေသည်။ အဘိုးအို၏ ပုံစံမှာ အခြားလောကတစ်ခုမှ လမ်းလျှောက် လာနေသကဲ့သို့ ခံစားလိုက်ရလေသည်။
ထို့ပြင် အဘိုးအို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများမှာ အတက်အကျ အလွန်မြင့်မား လေသည်။ ကျားနက်ကြီးသည် အဘိုးအိုကိုကြည့်ရင်း တဖြည်းဖြည်း ကြောက်ရွံ့ လာမိလေသည်။
ထိုအဘိုးအိုသည် ထူးခြားသူ တစ်ယောက် ဖြစ်သည်မှာ ထင်ရှားနေလေ၏။
သို့သော် ဆန်းလျန်၏ အမြင်ကတော့ ရှောင်ဟေးနှင့် တူညီခြင်းမရှိပေ။
အဘိုးအိုသည် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားသူဖြစ်ပါစေ သူ့လောက်တော့ မြင့်မာခြင်း မရှိသည်ကို ရိပ်မိလိုက်လေသည်။ သို့သော် အဘိုးအို၏ တန်ခိုးစွမ်းအား အတိမ်အနက်ကိုတော့ တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် အဘိုးအို၏ တန်ခိုးစွမ်းအားများမှာ နှစ်ပေါင်းများစွာ အစိုင်အခဲအဖြစ် တည်ရှိနေပြီး သိပ်သည်းလွန်းသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်က အဘိုးအို၏ မျက်နှာကို တစ်ချက် အကဲခတ်လိုက်သည်။
အဘိုးအိုသည် ရှေးခေတ် အချိန်ကတည်းက တည်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပုံရလေသည်။ အဘိုးအိုထံမှ ရှေးကျသည့် တန်ခိုးစွမ်းအား အငွေ့အသက်များ ထွက်ပေါ် နေလေသည်။
အဘိုးအိုက အဝေးမှပင် စကားလှမ်းပြောလိုက်သည်။
“တိုင်းပြည် အကြံပေး အမတ်မင်းက ကျုပ်ရောက်နေတာကို လွယ်လွယ်နဲ့ သိနေတာကိုး၊ တကယ့်ကို တန်ခိုးစွမ်းအား မြင့်မားပါပေတယ်၊ အမတ်မင်း အကြောင်း အများကြီး ကြားဖူးပါတယ်လေ၊ ဒါပေမဲ့ အမတ်မင်းက ဒီလောက် အသက်ငယ်မယ်လို့ ထင်မထားမိဘူး၊ အသက်ရှစ်ဆယ်တောင် ပြည့်ပုံမရသေးဘူး၊ တကယ့်ကို အံ့သြမိပါတယ်…”
ဆန်းလျန်သည် မိုးနှင့်မြေ၏ အရေးပါသော စွမ်းအားစုများကို သဘာဝအတိုင်း ချိတ်ဆက်နိုင်သူ ဖြစ်လေသည်။ ထို့ပြင် စကြဝဠာနှင့် လူသားများ အကြားရှိ ထူးခြားသည့် ဆက်နွှယ်မှုကိုလည်း သူက သိရှိထားလေသည်။ ဆန်းလျန် သည်လက်ရှိ တောင်ပေါ်တွင် နေသည့် အချိန်တွင် ဤတောင်သည် ဆန်းလျန်၏ အစိတ်အပိုင်း တစ်ခုအလား ဖြစ်လာခဲ့ လေသည်။ ထို့ကြောင့် အဘိုးအို ရောက်ရှိနေသည်ကို ဆန်းလျန်က ချက်ချင်း ရိပ်မိခဲ့ခြင်း ဖြစ်လေသည်။
သို့သော် အဘိုးအိုကတော့ ငယ်ငယ်လေးနှင့် ဆန်းလျန်သည် ထိုသို့သော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်နေသည့် အတွက် အံ့သြနေဟန် ရှိလေသည်။
ဆန်းလျန်မှာလည်း အဘိုးအိုကို အံ့သြသွားမိလေသည်။
အဘယ်ကြောင့်ဆိုသော် အဘိုးအိုက ဆန်းလျန်၏အသက်မှာ အသက်ရှစ်ဆယ်ပင် မပြည့်သေးကြောင်း ပြောလိုက်သည့် အတွက် ဖြစ်လေသည်။ ထိုစကားသည် ဆန်းလျန်ကို ကောင်းကောင်း ထိသွားလေသည်။ အဘိုးအိုက “အသက်ရှစ်ဆယ်ပင် မပြည့်သေး” ဟုပြောလိုက်သည့် အဓိပ္ပါယ်မှာ ဆန်းလျန် လျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်း ဘဝနှစ်ခုစာကို ပေါင်းပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် အဘိုးအိုသည် လျှို့ဝှက်ဆန်းကြယ် သူတစ်ယောက် ဖြစ်ကြောင်း ဆန်းလျန်နားလည် လိုက်လေ၏။
ဆန်းလျန်က…
“ကျုပ်တို့ ချင်းရွှမ်ဂူထဲမှာ စကားစမြည် ပြောကြရအောင်လား”
“ခုလို ဧည့်ဝတ်ပြုတဲ့ အတွက် ကျေးဇူးတင်ပါတယ် အမတ်မင်း”
အဘိုးအိုက မုတ်ဆိတ်မွေးများကို တစ်ချက် ပွတ်သပ်လိုက်ရင်း ပြောလိုက်လေသည်။
ထို့နောက် အပြင်ဘက် ချောက်ကမ်းပါးယံဆီမှ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အဘိုးအိုသည် ချင်းရွှမ်ဂူ အတွင်းသို့ ရောက်ရှိ သွားလေတော့သည်။
မကြာမီတွင်တော့…
လူနှစ်ယောက်နှင့် ကျားတစ်ကောင်သည် ချင်းရွှမ်ဂူထဲတွင် ထိုင်နေကြလေတော့သည်။ ဆန်းလျန်က ဂါထာတစ်ပုဒ် ရွတ်ဖတ်လိုက်ရာ ဂူထဲတွင် ကျောက်သား စားပွဲတစ်လုံးနှင့် ကျောက်ကုလားထိုုင်များ ပေါ်လာလေသည်။
ထို့နောက် ဆန်းလျန်သည် အရက်ကရား တစ်အိုးနှင့် အရက်ခွက် နှစ်ခွက်ကို ယူလာလေသည်။
ကရားထဲမှ အရက်ကိုမြင်သည်နှင့် အဘိုးအိုက…
“အမတ်မင်းက တကယ့်ကို စေတနာကောင်းတာပဲ၊ လောကမှာ အရက်စမ်းချောင်း ကိုးခုရှိတယ်၊ ဒါပေမဲ့ အရက်စမ်းချောင်း တစ်ခုကနေ တစ်နေ့ကို အရက်ဆယ်စက်ပဲ ကျတယ်၊ ကျုပ် ဒီလောက် အသက်ရှည်ခဲ့တာတောင် ဘဝတစ်လျှောက်လုံးမှာ အရက်စမ်းရေကို ငါးခွက်ပဲ သောက်ခဲ့ဖူးတယ်၊ ခုတော့ အမတ်မင်းက ကျုပ်ကို တွေ့တွေ့ချင်းမှာပဲ အရက်စမ်းရေနဲ့ ဧည့်ခံနေတယ်"
“ဒီအရက် စမ်းရေက ပေါ်ယိမျိုးနွယ်စုက လက်ဆောင် ပေးထားတာပါ၊ နောက်တစ်ကရားတောင် ရှိသေးတယ်၊ ဦးလေး ကြိုက်တယ်ဆိုရင် ယူသွားလို့ရတယ်”
ဆန်းလျန်က မည်သည့်အခါမှ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများ အပေါ်တွင် စွဲလမ်းတတ်သူ မဟုတ်ပေ။ သူ စိတ်ကောင်းဝင် နေချိန်ဆိုလျှင် မည်မျှပင် အဖိုးတန်သည့်ပစ္စည်းဖြစ်ပါစေ အခြားသူများကို ပေးပစ်စမြဲဖြစ်လေ၏။
ထို့ပြင် သူသာ ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်လှမ်းနိုင်မည်ဆိုလျှင် လောကတွင် တန်ဖိုးဖြတ်၍ မရနိုင်သည့် ရတနာပစ္စည်းမျာကိုပင် ဖန်တီးနိုင်မည် ဖြစ်လေသည်။
အဘိုးအိုက ပြုံးလိုက်ရင်း…
“ဟုတ်ပါပြီလေ၊ ဒီလိုအရက် ကောင်းမျိုးဆိုတာက အမတ်မင်းလို ထူးခြားတဲ့ လူမျိုးနဲ့ အတူတူ သောက်ရမှ ပိုပြီး အရသာရှိမှာပါ”
“ကြည့်ရတာ… ဦးလေး အရင်က အရက်စမ်းရေကို ငါးကြိမ် သောက်ခဲ့တုန်းကလည်း ထူးခြားတဲ့ လူတွေနဲ့ တွေ့ဆုံရင်း သောက်ခဲ့တာ ဖြစ်ရမယ်”
ဆန်းလျန်က လေးနက်သည့် အဓိပ္ပာယ်ဖြင့် ပြန်ပြောလိုက်လေသည်။
အဘိုးအိုက…
“အမတ်မင်းပြောတာ မှန်ပါတယ်၊ ပထမဆုံးအကြိမ် အရက်စမ်းရေကို သောက်ခဲ့တာ စစ်ဝမ်မင့်နဲ့ တွေ့ဆုံတုန်းကပါ၊ ကျန်တဲ့လေးကြိမ်ကတော့ ပထမ အကြိမ်သောက်ခဲ့ရတာလောက် အရသာ မကောင်းတော့ပါဘူးလေ…”
အဘိုးအို၏ စကားကို ကြားသည်နှင့် အဘိုးအိုမှာ တာ့ရှားပြည်ကို တည်ထောင်သူ ဧကရာဇ်စစ်ဝမ်မင့်နှင့် မျိုးဆက် တစ်ခုတည်းဖြစ်သည်ကို ဆန်းလျန် ချက်ချင်း ရိပ်မိသွားလေသည်။ ထိုအခါ ဆန်းလျန်သည် အဘိုးအို မည်သူမည်ဝါ ဖြစ်သည်ကို ချက်ချင်း သိရှိသွားတော့သည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“လက်စသတ်တော့ ဦးလေးက တာ့ဖိန်ပြည်က ဖိန်ပေါ်ရှို့ကိုး…"
ဆန်းလျန်၏စကားကြောင့် အဘိုးအိုမှာ အံ့သြ သွားရလေသည်။
“အမတ်မင်းက ကျုပ်ဘယ်သူလဲဆိုတာ သိနေမယ်လို့ ထင်မထားမိဘူး…"
ဖိန်ပေါ်ရှို့ဆိုသူမှာ အလွန်အသက်ရှည်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖိန်ပေါ်ရှို့သည် သာမန် လူသားတစ်ယောက်မျှသာ ဖြစ်လေသည်။ သို့သော် အမှတ်မထင် မသေဆေးကို စားမိသွားပြီး မသေနိုင်သည့် ဘဝကို ရရှိခဲ့လေသည်။ တစ်နည်းပြောရမည်ဆိုလျှင် သူသည် လောကတွင် လှည့်လည် သွားလာနေသည့် နတ်ဘုရား တစ်ပါးအလားပင် ဖြစ်လေသည်။
ထို့နောက်တွင်တော့ ဖိန်ပေါ်ရှို့သည် ကျင့်စဉ်အချို့ကို ကျင့်ကြံခဲ့ပြီး တန်ခိုးစွမ်းအားများ ရရှိလာကာ စစ်ဝမ်မင့်နှင့် မိတ်ဆွေများ ဖြစ်လာခဲ့လေသည်။ တာ့ရှားပြည် တည်ထောင် ပြီးသည့်နောက် စစ်ဝမ်မင့်က သူ့ကို တာ့ဖိန်ပြည်ကို အပိုင်စားပေးခဲ့လေသည်။
တာ့ဖိန်ပြည်သည် တုန်းယီဒေသအရှေ့ပိုင်းတွင် တည်ရှိသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။ ထိုပြည်ကို အဝါရောင် စမ်းချောင်းများက ဝန်းရံထားလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးရာခန့်က အဝါရောင် စမ်းချောင်းများ ရေလျှံမှု ဖြစ်ပွားခဲ့ပြီး တာ့ဖိန်ပြည် ရေလွှမ်းမိုးခြင်း ခံခဲ့ရလေသည်။ ထိုကိစ္စဖြစ်ပြီးသည့် နောက်ပိုင်း ဖိန်ပေါ်ရှို့သည်လည်း ပျောက်ကွယ် သွားခဲ့လေသည်။
တာ့ရှားပြည်မှ အကြီးအကဲများပင်လျှင် ဖိန်ပေါ်ရှို့အကြောင်းကို မသိကြပေ။ ထို့ကြောင့် ဆန်းလျန်က သူ့အကြောင်း ကိုသိနေမည်ဟု အဘိုးအိုက မျှော်လင့်မထားခဲ့မိပေ။
ထို့နောက်မှ အဘိုးအိုက တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့်..
"ကြည့်ရတာ အမတ်မင်းက ကွမ်းလုန်ကျီနဲ့ ခင်မင်တယ်ဆိုတဲ့ သတင်းတွေက အမှန်ပဲကိုး၊ သူက အမတ်မင်းကို တာ့ရှားပြည်ရဲ့ ရှေးဟောင်းစာအုပ် အတော်များများကို ပေးဖတ်ခဲ့ပုံရတယ်၊ ဒါကြောင့် အမတ်မင်းက ကျုပ်ကိုသိနေ တာဖြစ်ရမယ်၊ အဲဒီ ကွမ်းလုန်ကျီကတော့လေ… ကျုပ်က တာ့ရှားပြည် စာကြည့်တိုက်ကိုသွားပြီး စာဖတ်ခွင့်တောင်း တုန်းက ရှေးဟောင်း စာအုပ် တစ်အုပ် တလေတောင် ကျုပ်ကိုပေးဖတ်ခဲ့ တာမဟုတ်ဘူး”
ဆန်းလျန်က …
"ဦးလေးဖိန်လို အသက်အရွယ်နဲ့ဆိုရင် မသိတဲ့အရာ ဘယ်ရှိမှာလဲ၊ ဘာလို့ တာ့ရှားပြည် စာကြည့်တိုက်ကို သွားပြီး စာအုပ်ရှာရတာလဲ၊ သိချင်တာ တစ်ခုခုများ ရှိလို့လား"
"ကျုပ်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ဗေဒင်ပညာကို လေ့လာခဲ့တဲ့သူပဲ၊ ဒါကြောင့် ကျုပ်ရဲ့ ကံကြမ္မာကို တွက်ချက်ကြည့်လိုက်တော့ သေခြင်းတရားနဲ့ အစစ်ဆေး ခံရတော့မယ် ဆိုတာကို ကြိုပြီး သိလိုက်ရတယ်၊ ဒါပေမယ့် ဒီအစစ်ဆေးခံရမှုဟာ ဘယ်ကလာမှာလဲ ဆိုတာကိုတော့ ကျုပ်မသိနိုင်ခဲ့ဘူး၊ ဒါကြောင့် ကျုပ်က တာ့ရှားပြည် စာကြည့်တိုက်ကနေ မြစ်အပိုင်းအစ မြေပုံကို သွားငှားတာပါ၊ ဒါမှ သေခြင်းတရား အစစ်ဆေး ခံရတာကနေ လွတ်မြောက်နိုင်မှာ၊ ဒါပေမဲ့ ကွမ်းလုန်ကျီက ကျုပ်ကို မပေးဘူးလေ”
ဖိန်ပေါ်ရှို့က ပြောပြလိုက်လေသည်။
ဆန်းလျန်က အရက်ခွက်ကို မော့သောက် လိုက်လေသည်။ သူ၏ပါးစပ်ထဲတွင် အရက်စမ်းရေ၏ အရသာသည် စွဲထင် သွားလေသည်။
ဆန်းလျန်က ခဏတာမျှ စဉ်းစားနေပြီးမှ…
“အခုတော့ ဦးလေးဖိန်က သေခြင်းတရား အစစ်ဆေးခံရမှု အတွက် မြစ်အပိုင်းအစ မြေပုံကို မလိုတော့ဘူး ထင်တယ်၊ ဦးလေးက ဗေဒင်ပညာတော့ တကယ်တော်တာပဲ၊ ဦးလေးရဲ့ သေခြင်းတရား အစစ်ဆေးခံရမှုက ကျုပ်နဲ့များ သက်ဆိုင်နေမလား”
ဆန်းလျန်၏ စကားကို ကြားသည်နှင့် ဖိန်ပေါ်ရှို့သည် ကျောက်စိမ်း တောင်ဝှေးကို ကိုင်ကာ ဆန်းလျန် အနားသို့ ချဉ်းကပ်သွားပြီး…
"အမတ်မင်း … ကျုပ်ကိုကယ်ပါဦး…"
ဆန်းလျန်က ဖိန်ပေါ်ရှို့ကို တစ်ချက်ကြည့်လိုက်ရင်း…
"ဦးလေးဖိန် … ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ဦးလေးစိတ်ထဲမှာ ရှိတာတွေကို ကျုပ်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်"
***