ချင်းရွှမ်ဂူအပြင်ဘက်တွင်
Vol. 6 Ch. 551
ကြမ်းပြင်ထက်မှ အရက်စမ်းရေများသည် လေထဲတွင်စုစည်းသွားပြီး ရေဘောလုံးကြီး တစ်ခု ဖြစ်တည် လာလေသည်။ ဆန်းလျန်၏ လက်ချောင်းထိပ်မှ အစိမ်းရောင်နှင့် အဖြူရောင် ပေါင်းစပ်ထားသည့် စစ်မှန်သည့်သမာဓိမီးတောက် ထွက်ပေါ်လာပြီး ရေဘောလုံးကြီး အပေါ်သို့ ကျရောက် သွားလေသည်။
ထိုအခါ ရေဘောလုံးထဲမှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ် လာလေတော့သည်။
“အဲဒါ ဘာဖြစ်တာလဲ သခင်လေး”
ကျားနက်ကြီးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဦးလေးဖိန်က တကယ်လည်တယ်၊ သူက အရက်ထဲမှာ လှည့်ကွက် တစ်ခု ထည့်ထားခဲ့တာပဲ၊ ဒါပေမဲ့ ကျုပ်ကို ဘယ်လိုလုပ် ဖုံးကွယ် ထားနိုင်မှာလဲ၊ အခု သူလေထဲမှာ ပျံသန်းမနေဖို့ မျှော်လင့်မိပါရဲ့…”
ထိုအချိန်တွင်…
ဖိန်ပေါ်ရှို့သည် အဖြူရောင် အလင်းတန်းအသွင်ဖြင့် တိမ်များကြားတွင် ပျံသန်း နေလေသည်။ သူက ဒေါသထွက်နေဆဲ ဖြစ်လေသည်။
ရုတ်တရက်… သူက စိတ်ထဲမှနေပြီး ဆန်းလျန်ကို အပြစ်တင် လိုက်လေသည်။
“သောက်ကောင်လေး… တော်တော်တော့လျင်တဲ့ အထဲမှာတော့ပါတယ်”
ထို့နောက်တွင်တော့ သူ့ကို တိုက်ခိုက်ရန် ဝင်ရောက်လာသည့် မီးတောက်တစ်ခုကို တွေ့မြင် လိုက်ရလေသည်။
စစ်မှန်သည့် သမာဓိ မီးတောက်နှင့် ထိမိသည်နှင့် အဖြူရောင် အလင်းတန်းမှာ ဖိန်ပေါ်ရှို့၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲ သွားပြီး ဦးလေးဖိန်မှာ ကောင်းကင်ထက်မှ ပြုတ်ကျ သွားလေတော့သည်။
နှင်းများပေါ်သို့ အဖြူရောင် အရာဝတ္ထုတစ်ခု ပြုတ်ကျသွားပြီး ကြီးမားသော အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာလေ သည်။
ထိုအဖြစ်အပျက်ကို လူတစ်ယောက်က ကောင်းကောင်းတွေ့မြင်လိုက်လေသည်။
ထိုသူမှာ ဖုန်းဟိုမျိုးနွယ်စုမှ လောကပထမလေးသည်တော် “ဖုန်း” ပင် ဖြစ်လေသည်။ သူက အမြင်အာရုံအလွန် စူးရှထက်မြက်သူ ဖြစ်လေရာ တုန်းယီဒေသ တစ်ခုလုံးကိုပင် ကြည့်မြင်နိုင်သူ ဖြစ်လေသည်။ သူက ကောင်းကင်ထက်မှ အဖြူရောင် အရာဝတ္ထုတစ်ခု ပြုတ်ကျလာသည်ကို တွေ့မြင် လိုက်ရသည့် အခါ စိတ်ဝင်တစားဖြင့် ချက်ချင်း သွားရောက် ကြည့်ရှု လိုက်လေသည်။
ထိုအခါ နှင်းတောထဲတွင် အပေါက်ကြီးတစ်ပေါက်ကို တွေ့လိုက်ရလေ၏။
ဦးလေးဖိန်သည် အပေါက်ထဲမှ အပြင်သို့ ထွက်လာလေသည်။ ဦးလေးဖိန်မှာ ဇက်ကျိုးနေပြီ ဖြစ်လေသည်။ သို့သော် သူ့လက်တွင် ကိုင်ထားသည့် ကျောက်စိမ်း တောင်ဝှေးကတော့ လုံးဝ ကျိုးပဲ့သွားခြင်း မရှိခဲ့ပေ။
ဖိန်ပေါ်ရှို့က ကျိုးသွားသည့် ဇက်ကို လည်ပင်းပေါ်ပြန်တင်ပြီး ပြန်တည့်လိုက်လေသည်။
ထိုအချိန်တွင်…. ရယ်သံတစ်သံ ထွက်ပေါ်လာလေသည်။
“ဦးလေး… ခေါင်းပြန် တပ်တာ လွဲနေတယ်…”
အမှန်တော့ ဦးလေးဖိန်ကလည်း အခြားလူတစ်ယောက် ဤနေရာတွင် ရှိနေသည်ကို ရိပ်မိလိုက်သည့် အတွက် စိတ်ရှုပ်ထွေး သွားရကာ ခေါင်းကို အလွဲလွဲ အချော်ချော် ပြန်တပ်လိုက်မိခြင်း ဖြစ်လေသည်။ သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ပုံသဏ္ဌာန် အမှန်ဖြစ်အေင် ပြန်ပြင်လိုက်လေသည်။ ထို့နောက် ရယ်မောနေသည့် လူကို စိုက်ကြည့်လိုက် လေသည်။
လေးသည်တော် ဖုန်းကို မြင်တွေ့လိုက်ရသည့် အခါတွင်တော့ ဦးလေးဖိန်က နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး….
“ဘယ်သူများလဲလို့… မင်းကိုး ကောင်စုတ်လေး”
ဖုန်းက မျက်လုံးများကို တစ်ချက် မှေးစင်းလိုက်ပြီး…
“ကျုပ်က ဘယ်သူများ ကောင်းကင်ပေါ်က ပြုတ်ကျသလဲဆိုပြီး လာကြည့်တာ၊ ဦးလေးဖိန် ဖြစ်နေတာကိုး၊ အသက် အရမ်းကြီးပြီ ဆိုတော့ ဦးလေးရဲ့ ခန္ဓာကိုယ်က ဟန်ချက် မညီတော့ဘူး ထင်ပါ့…”
အမှန်တော့ ဖုန်းနှင့် ဦးလေးဖိန်သည် သိပ်တည့်ကြသည့် သူများ မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ပေါင်းရာနှင့် ချီသည့် အချိန်တုန်းက ဖုန်းက နာမည်ကျော် ကြားကာစ လေးသည်တော်လေး တစ်ယောက် ဖြစ်လေသည်။ သူက တုန်းယီ ဒေသ အရှေ့ဘက်ရှိ အဝါရောင် စမ်းချောင်းများ အနီးတစ်ဝိုက်သို့ မြားပစ် လေ့ကျင့်ရန် ရောက်လာခဲ့လေသည်။ ထို့နောက် သူက အဝါရောင် စမ်းချောင်းများ ဒီရေတက်သည့် အချိန်ကိုစောင့် ကာလေးကိုချိန်ပြီး ဒီရေအတက်တွင် မြားဖြင့် ပစ်ချလိုက်လေသည်။
ထိုမြားချက်သည် တာ့ဖိန်ပြည်ကို ဒုက္ခအကြီးအကျယ် ရောက်စေခဲ့လေသည်။ အဘယ်ကြောင့် ဆိုသော် သူ၏မြားချက်ကြောင့် အဝါရောင်စမ်းချောင်းများ ရေလျှံမှု ဖြစ်ပွား ခဲ့ရသောကြောင့်ပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်တွင် ဖိန်ပေါ်ရှို့သည် တာ့ဖိန်ပြည်သို့ ပြန်လာခဲ့လေသည်။ သူသည် မြားပစ် လေ့ကျင့်နေသည့် ဖုန်းကိုတွေ့သည်နှင့် ဒေါသထွက်ကာ ကောင်းကောင်း ပညာပေး လိုက်လေတော့သည်။ ထိုအချိန်က ဖုန်းသည် လေးအတတ်ကိုသာ ကျွမ်းကျင်ပြီး အခြားသော သဘာဝလွန် စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း မရှိသေးပေ။ ထို့ကြောင့် ဦးလေးဖိန်၏ ကျောက်စိမ်း တောင်ဝှေးဖြင့် စော်ပလော် အတီးခံလိုက်ရပြီး ဒဏ်ရာရကာ ထွက်ပြေးသွားရလေတော့သည်။
ယခု ပြန်ဆုံကြသည့် အချိန်တွင်တော့ ဖုန်းသည် ဖိန်ပေါ်ရှို့ကို စချင် နောက်ချင်စိတ် ဖြစ်လာမိ လေသည်။
သို့သော် အဘိုးအိုသည် ကျိုးနေသည့်ဇက်ကိုပင် ပြန်လည် တပ်ဆင်နိုင်သည်ကို တွေ့ရသည့် အခါတွင်တော့ ကြိတ်ပြီး အံ့အားသင့်မိသွားလေသည်။ ထိုပညာသည် တာ့ရှားဧကရာဇ်၏ “မပျက်စီးနိုင်သည့် ခန္ဓာကိုယ်” ကို မယှဉ်နိုင်သည့် တိုင်အလွန် ထူးခြားသည့် ပညာတစ်ခု ဖြစ်သည်ကိုတော့ ငြင်း၍မရပေ။
ဖိန်ပေါ်ရှို့က…
"ကျုပ်က ကျန်းမာတာမှ ဒေါင်ဒေါင်မြည်ပဲ၊ အခုက လူတစ်ယောက်က တိုက်ခိုက်လိုက်လို့ ကောင်းကင်ပေါ်က ပြုတ်ကျရတာကွ၊ နေပါဦး …. မင်းတော့ ကံဆိုးတော့မယ်ဟေ့…၊ မင်းရဲ့ မျက်ခုံးနှစ်ခုကြားမှာ အမှောင်ထု စိုးမိုးနေတယ်၊ မင်းတော့ ကံဆိုးတော့မယ်ဟေ့…”
အဘိုးကြီးကို သွားစမိသည်မှာ မှားပြီဟု ဖုန်းက တွေးလိုက်မိလေသည်။ သူက ဆန်းလျန်ကို လုပ်ကြံရန် အတွက် ဆန်းလျန်၏ အကြောင်းများကို တိတ်တဆိတ် စုံစမ်းနေလေရာ ယခု ဖိန်ပေါ်ရှို့၏ စကားများကြောင့် နိမိတ်မကောင်းဟု ခံစားလိုက်မိလေသည်။
ဖုန်းက…
“ကျုပ်ကတော့ အားလုံး အဆင်ပြေနေတာပဲ၊ ဘာလို့ ကံဆိုးရမှာလဲ၊ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့ ဦးလေးဖိန် ရာ…”
အဘိုးကြီးက ကံဆိုးစေမည့်စကားများ ထပ်မံပြောဆိုမည်ကို စိတ်ပူသည့်အတွက် ဖုန်းသည် အဘိုးကြီးကိုပင် နှုတ်ဆက်ခြင်း မပြုတော့ဘဲ ချက်ချင်း ထွက်ခွာ သွားလေတော့သည်။ ဦးလေးဖိန်၏ စကားများက သူ့ကို တုန်လှုပ် ချောက်ချားစေသည် မဟုတ်ပါလား။
ထို့ကြောင့် ဝူဖိန်ထံသို့သွားကာ ဗေဒင်တွက်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ သူ့ဘဝတွင် ကံဆိုးခြင်းသာ ကျရောက်မည်ဆိုပါက တာ့ရှားပြည် တိုင်းပြည် အကြံပေး အမတ်မင်းဆန်းလျန်ကို လုပ်ကြံမည့် ကိစ္စကို လက်လျှော့ လိုက်မည် ဖြစ်လေသည်။
ဝူဖိန်ဆိုသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးရာခန့်ကတည်းက တုန်းယီဒေသတွင် ကျော်ကြားသည့် မှော်ဆရာ တစ်ယောက် ဖြစ်လေသည်။ ဝူဖိန်သည် တုန်းယီဒေသတွင် လှည့်လည် သွားလာနေသည့် ရှားမျိုးနွယ်တစ်ယောက် ဖြစ်သည်ဟုပင် ကောလာဟလများရှိလေသည်။
ဝူဖိန်ဟောသမျှ ဗေဒင်တိုင်းသည် တစ်ချက်မှ လွဲသည်ဟူ၍ မရှိပေ။
အတိတ်တစ်ချိန်တုန်းက ဖုန်းသည် ဝူဖိန်ကို သုံးကြိမ်ခန့် သွားရောက် ရှာဖွေခဲ့ဖူးလေသည်။ သို့သော် သူသွားတိုင်း ဝူဖိန်သည် တောင်ပေါ်တွင် မရှိတတ်ပေ။ ထို့ကြောင့် ဝူဖိန်နှင့် တွေ့ဆုံခွင့်မရခဲ့ပေ။
သို့သော်… ယခုတစ်ကြိမ်တွင်တော့ သူ့စိတ်ထဲတွင် လေးလံနေလေသည်။ ထို့ကြောင့် အပြီးသတ် ဆုံးဖြတ်ချက် တစ်ခု ချမှတ်နိုင်ရန်အတွက် ဝူဖိန်ဆီတွင် ဗေဒင်သွားတွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ဖုန်းက ချက်ချင်း ထွက်ခွာသွားသဖြင့် တစ်ခုခုတော့ ထူးခြားသည်ဟု ဖိန်ပေါ်ရှို့က သတိပြုလိုက်မိသည်။
“ဒီကောင်စုတ်လေးကတော့ တစ်ခုခုကြံနေတာ ဖြစ်ရမယ်…”
ထို့နောက် သူက တောရိုင်း သတ္တဝါတစ်ကောင်၏ အရိုးနှင့်တူသည့်အရာ တစ်ခုကို အင်္ကျီလက်အတွင်းမှ ထုတ်ယူ လိုက်လေသည်။ သူက ထိုအရိုးကို လက်ထဲတွင် တစ်ချက် လှည့်ပတ်လိုက်လေရာ အရိုးအောက်မှ အလင်းတန်များ ထွက်ပေါ်လာပြီး အရိုးထက်တွင် အက်ကြောင်းတစ်ခု ထင်လာလေသည်။
ဖိန်ပေါ်ရှို့က ထိုအက်ကြောင်းကို အတန်ကြာ စိုက်ကြည့်နေပြီးမှ…
“ဟဲဟဲ… မင်း ငါ့လက်က မလွတ်နိုင်ပါဘူးကွာ”
ဟုပြောလိုက်လေသည်။
ထို့နောက် ဖိန်ပေါ်ရှို့သည် အရိုးတွင်ပေါ်နေသည့် အက်ကြောင်းများကို ပျောက်ကွယ် စေလိုက်ပြီး ဆီးနှင်းတောထဲသို့ တိုးဝင်ပျောက်ကွယ် သွားလေတော့သည်။ သူက ဖုန်းထွက်ခွာ သွားသည့် လမ်းကြောင်းကို ခြေရာခံရန်အတွက် “မြေအရွေ့ပညာ”ကို အသုံးပြုလိုက်ခြင်း ဖြစ်လေ၏။
အချိန်နှစ်ရက် ကြာခဲ့ပြီ ဖြစ်လေသည်။
ချင်းရွှမ်ဂူ အပြင်ဘက်တွင် နှင်းများက ထူထပ်စွာ ဖုံးအုပ်နေပြီး ဂူတစ်ခုလုံးကိုပင် မြင်တွေ့ရခြင်း မရှိတော့ပေ။ သို့သော် အားနည်းပြီး ပိန်လှီသည့် လူရိပ်တစ်ခုသည် ချင်းရွှမ်ဂူ အပြင်ဘက်တွင် ဒူးထောက် နေလေသည်။
ဒူးထောက်နေသူမှာ အသက် ဆယ့်သုံးနှစ်ခန့်သာ ရှိသေးသည့် လူငယ်လေး တစ်ယောက် ဖြစ်လေသည်။ သူ၏ မျက်နှာတစ်ခုလုံးတွင် နှင်းများပေကျံနေလေသည်။ အေးလွန်းသည့် အတွက် သူ၏နှုတ်ခမ်းများပင် ပြာနှမ်းနှမ်း ဖြစ်နေ ရလေပြီ။
အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်များသည် ခန္ဓာကိုယ် ကြံ့ခိုင်ကြသည့်တိုင် ရှားမျိုးနွယ်များနှင့်တော့ ယှဉ်၍မရပေ။ သူတို့သည် ရှားမျိုးနွယ်များကဲ့သို့ အအေးဒဏ်နှင့် အပူဒဏ်ကို သိပ်ပြီးခံနိုင်စွမ်းမရှိကြပေ။
ထိုလူငယ်လေးမှာ အသက်လည်း ငယ်သည့်အတွက် သူ၏ခန္ဓာကိုယ်မှာ ကြံ့ခိုင်ခြင်း သိပ်မရှိသေးပေ။ သူ့အနေဖြင့် အအေးဒဏ်ကို မည်သို့မျှ ခံနိုင်မည် မဟုတ်ပေ။
သို့သော် လူငယ်လေးသည် ဒူးထောက်နေဆဲ ဖြစ်လေသည်။
အရိုးများထဲအထိ အေးခဲမှုကို ခံစားနေရသည့်တိုင် လူငယ်လေးက ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားပြီး ပန်းပုရုပ်တု တစ်ခုအလား မလှုပ်မယှက် ဒူးထောက်နေဆဲ ဖြစ်လေသည်။
သူ၏ပါးစပ်နှင့် နှာခေါင်းမှ အခိုးအငွေ့များထွက်နေခြင်းမရှိပါက အသက်ရှူ ရပ်နေပြီဟူ၍ပင် ထင်မှတ်မိစရာရှိလေ သည်။
ချင်းရွှမ်ဂူထဲတွင် ရှိနေသည့် ဆန်းလျန်သည် ထိုလူငယ်လေးကို သတိပြုလိုက်မိလေသည်။
“ဒီကောင်လေးက ဘာလို့ဒီမှာလာပြီး ဒူးထောက် နေရတာလဲ”
ဆန်းလျန်က ကျားနက်ကြီးကို လှမ်းမေးလိုက်သည်။
ကျားနက်ကြီးက…
“မနေ့ညက သခင်လေး ကျင့်စဉ် ကျင့်ကြံနေ ကတည်းက အဲဒီကောင်လေး ရောက်နေတာပါ၊ ခုဆို သူဒူးထောက်နေတာ တစ်ညတောင် ကျော်နေပြီ”
ဆန်းလျန်က….
“ဒီကောင်လေးက ဇွဲတော့ကောင်းသားပဲ၊ ဒါပေမဲ့ ကျုပ်ကို တွေ့ချင်တယ်ဆိုရင် ဒီဇွဲလောက်နဲ့ မရသေးဘူး၊ နောက်ထပ် တစ်ညလောက် ထပ်ပြီး ဒူးထောက်နေပါစေဦး…”
ကျားနက်ကြီးက…
“ဒီကောင်လေး တောင့်မခံနိုင်မှာပဲ စိုးရိမ်မိတယ်…”
ဆန်းလျန်က…
“တာအိုကျင့်စဉ်လမ်းဆိုတာ သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တောင် စိတ်ကို တည်ငြိမ်အောင် ထားနိုင်ရတယ်၊ အဲဒီလောက်တောင် ဆုံးဖြတ်ချက်ခိုင်မာမှုမရှိရင် ကျုပ်ကိုဘာလို့ လာရှာနေသေးလဲ”
ဒူးထောက်နေသည့် လူငယ်လေးကတော့ ဆန်းလျန်နှင့် ကျားနက်ကြီး ပြောနေသည့် စကားများကို သိရှိနိုင်ခြင်းမရှိပေ။ ချင်းရွှမ်ဂူထဲမှ နတ်ဘုရား၏ စိတ်နှလုံးကို ထိရှစေနိုင်ရန်အတွက် သူ၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို ပြသရန် ဆုံးဖြတ်ထားလေသည်။
ဝူကျုန်းမျိုးနွယ်စုသည် နတ်ဆရာချင်းရွှမ်ကို ကိုးကွယ် ဆည်းကပ်ကြသည်မှာ သူတို့ အကျိုးကျေးဇူး ရရှိရန်အတွက် သာဖြစ်လေသည်။ သို့သော် လူငယ်လေးကတော့ တာအိုကျင့်စဉ် လမ်းကို သိရှိလိုလေသည်။ သူက နတ်ဘုရား ဆရာကဲ့သို့ ရာသီဥတုကိုပင် ပြောင်းလဲ ပစ်နိုင်သည့် တန်ခိုးစွမ်းအားများကို ရရှိလိုခြင်း ဖြစ်လေသည်။
လူငယ်လေး ငယ်စဉ်က အိပ်မက်တစ်ခု မြင်မက်ခဲ့ဖူးလေသည်။ ထိုအိပ်မက်ထဲတွင် သူက လေနှင့်မိုးကိုလည်း ဆင့်ခေါ်နိုင်သလို ရွှေရောင် ပဲစေ့များကိုလည်း စစ်သည်တော်များ အဖြစ် ပြောင်းလဲ ပစ်နိုင်သည့် တန်ခိုးရှင် တစ်ယောက် ဖြစ်နေခဲ့လေသည်။ သူအိပ်ပျော်ရာမှာ နိုးလာသည့် အခါတွင်တော့ အိပ်မက်ကို အိပ်မက်မျှသာ သဘော မထားနိုင်ခဲ့ပေ။ သူက အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်ချင်သည့်စိတ်များ တဖွားဖွား ဖြစ်ပေါ် နေမိလေသည်။
ထို့ကြောင့် ဆီးနှင်းများ ကျဆင်းနေသည့် အချိန်တွင် သူသည် တောင်ပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ပြီး ချင်းရွှမ်ဂူကို ရှာဖွေခဲ့ခြင်း ဖြစ်လေသည်။
ချင်းရွှမ်ဂူသည် လူတိုင်းဝင်ခွင့်ရသည့်နေရာတစ်ခု မဟုတ်ပါ။ သို့သော် နတ်ဘုရားဆရာသည် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက်ဖြစ်သည့်အတွက် သူရောက်ရှိနေသည်ကို သိရှိလိမ့်မည်ဟု လူငယ်လေးက မျှော်လင့်ထား လေသည်။
ထို့ပြင် လူငယ်လေးတွင် နတ်ဘုရားကို ဆက်သရန်အတွက် အဖိုးတန် လက်ဆောင်ပစ္စည်း တစ်ခုမှ မရှိပေ။ ထို့ကြောင့် နတ်ဘုရား၏ စိတ်နှလုံးကို ထိတွေ့စေရန် အတွက် သူ၏ ရိုးဖြောင့်သည့် စိတ်ထားသာလျှင် ရှိလေသည်။ ထို့ကြောင့် သူက ချင်းရွှမ်ဂူရှေ့တွင် ဒူးထောက်နေခဲ့ခြင်း ဖြစ်လေသည်။
***