အခန်း (၆၁-၆၂)
Vol. 6 Ch. 61-62
အခန်း ၆၁ စုဆက်ထားသော လှည့်စားမှု ဘဝ
ချင်မင်က နဖူးကို ပွတ်လိုက်သည်။ ထိုကျိုးပဲ့နေသော မှတ်ဉာဏ်များကို ပြန်လည် စဉ်းစားရန် ကြိုးစားတိုင်း သူက ခေါင်းကိုက်သလို အနည်းငယ် ခံစားရပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတတ်သည်။
ယခင်က သူ ဘယ်လောက်တောင် ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့သလဲဆိုတာကို တွေးကြည့်လို့ ရသည်။ ဘဝသစ် တစ်ကြိမ်ပြီးတစ်ကြိမ် ရရှိကာ ကိုယ်ခံအားကို အဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ခဲ့သော်လည်း သူ့ကို လုံးဝ ပြန်လည် ကောင်းမွန်မလာစေသေးချေ။
သို့သော် မကြာမီ အချိန်အတွင်း ဖြစ်လာတော့မည်ဟု သူ သေချာပေါက် သိထားသည်။ မွေးရာပါ ကိုယ်ခံအားကို အဆက်မပြတ် ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် သူ၏ ခန္ဓာကိုယ်တွင် ကျန်ရစ်နေသော သေးငယ်သည့် ပြဿနာများကို နောက်ဆုံးတွင် သေချာပေါက် ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။
"အရမ်း ပြတ်တောက်နေတဲ့ မြင်ကွင်းတွေပဲ ငါ့ရဲ့ ဘဝက ဆက်ထားသလိုမျိုး လုံးဝ အတုအယောင်ကြီးလို ဖြစ်နေတယ်"
ချင်မင်က မျက်မှောင်ကြုတ်လိုက်သည်။
အသိဉာဏ် မဖွံ့ဖြိုးသေးသော ကလေးဘဝတွင် သူက ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရပြီး အဝတ်အစားများက စုတ်ပြတ်နေကာ ဖာထေးထားသော နေရာများစွာ ရှိသည်။ သို့သော် အသက် ဆယ့်သုံး၊ လေးနှစ် အရွယ်သို့ ရောက်သောအခါ လုံးဝ ကွဲပြားသွားခဲ့သည်။
ထိုကျိုးပဲ့နေသော မြင်ကွင်းများထဲတွင် သူက ဧရာမ မြို့ကြီးတစ်မြို့၏ အပြင်ဘက်တွင် မျိုးဗီဇပြောင်း သားရဲတစ်ကောင်ကို စီးနင်းကာ အပြေးအလွှား သွားနေခဲ့ပြီး ထိုစီးတော်သားရဲက အရပ်ရှည်ကာ ခန့်ညားပြီး ခွန်အားကြီးမားကာ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများက ဝေဝါးသော ကောင်းကင်အလင်းများ စီးဆင်းနေသဖြင့် မြင်ရုံဖြင့် သာမန် သတ္တဝါ မဟုတ်မှန်း သိသာလှသည်။
ထို့အပြင် သူက အလွန် ကြီးမားသော စံအိမ်ကြီး တစ်ခုတွင် နေထိုင်ခဲ့ဖူးပြီး အသုံးအဆောင် ပစ္စည်း အားလုံးက လှပ သပ်ရပ်ကာ အဖိုးတန် ကြွယ်ဝလှသည်။
ထိုနေရာရှိ အရေးကြီးသော ပုဂ္ဂိုလ်များက လှပ သပ်ရပ်သော ပိုးထည် အဝတ်အစားများကို ဝတ်ဆင်ကြပြီး ကျောက်စိမ်းများကို ဆင်မြန်းကာ နေထိုင် သွားလာမှု အားလုံးက စည်းကမ်းတကျ ရှိသည်။ အမျိုးသမီးများ၏ ဆံထုံးပေါ်ရှိ အလှဆင် ပစ္စည်းများပင်လျှင် အလွန် ထူးခြားလှပြီး ရွှေရောင် အလင်းတန်းများ တောက်ပနေသော ရှားပါး ငှက်မွေးများကို ဆံထုံးအဖြစ် အသုံးပြုကြသည်၊ သို့မဟုတ် ဆံပင်ကြားတွင် တောက်ပသော အနီရောင် အလင်းတန်းများ ရစ်ပတ်နေပြီး လတ်ဆတ်လှပသော မက်မွန်ပန်း တစ်ခက်ကို ထိုးစိုက်ထားတတ်ကြသည်။
ဤခမ်းနားထည်ဝါသော စံအိမ်ကြီးတွင် သူ၏ နာမည်က ချွေချုံဟယ် ဖြစ်ပြီး တိုက်ရိုက် မျိုးနွယ်ဝင် တစ်ဦး ဖြစ်လောက်သည်။ သူက သူ့ထက် အသက်တစ်နှစ်ခန့် ငယ်သော ချွေချုံရွှမ် ဆိုသည့် လူငယ်လေး တစ်ဦးက အရောင်သုံးမျိုးရှိသော ပန်းတစ်ပွင့်ကို စားသုံးပြီး ကောင်းကင်အလင်း စွမ်းအား လေးမျိုးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ကာ လူအများ၏ အံ့ဩချီးကျူးမှုများကို ဖြစ်ပေါ်စေခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
"နားလည်ရခက်တယ်"
ချင်မင်က တိုးတိုးလေး ပြောလိုက်သည်။
သူက ထိုနေရာတွင် တိုက်ရိုက် မျိုးနွယ်ဝင် တစ်ဦး ဖြစ်ပြီး သူ၏ အခြေအနေက သိပ်မဆိုးကြောင်း ခံစားမိနေသည်။ ကောင်းကောင်း စားသောက် ဝတ်ဆင်နိုင်ပြီး ခရီးသွားလျှင်ပင် ရှားပါး မျိုးဗီဇပြောင်း သားရဲများကို အသုံးပြုနိုင်သည်။ သို့သော် ဘာဖြစ်လို့ ကျင့်စဉ် လမ်းကြောင်းပေါ် မရောက်ခဲ့ရတာလဲ။
ချွေချုံရွှမ်က ကောင်းကင်အလင်း စွမ်းအား လေးမျိုးကို ပေါင်းစပ်ပြီးနောက် အံ့ဩသံများ ထွက်ပေါ်လာစေခဲ့ပြီး ချွေမိသားစုမှ လူကြီးများ၏ ချီးကျူးမှုကို အများအပြား ရရှိခဲ့ကာ သူက အလွန် ထူးချွန်သည်ဟု ယူဆခံရပြီး ထိုအတွက်ကြောင့် သူ့ကို တန်ဖိုးမဖြတ်နိုင်သော လျိုယွိ နှလုံးသား ကျင့်စဉ်ကိုပင် ရှာဖွေပေးခဲ့ကြသည်။
"ကောင်းကင်အလင်း စွမ်းအား လေးမျိုးကို ပေါင်းစပ်တာက ဘာမှလည်း မထူးဆန်းပါဘူး"
ချင်မင်က စဉ်းစားလိုက်သည်။ သူက ဤဝေးလံခေါင်ဖျားသော ဒေသတွင် ကိုယ့်အားကိုယ်ကိုးပြီး လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ကိစ္စအချို့ကို သူ နားမလည်နိုင်ချေ။ မြင်တွေ့ခဲ့ရသော ကျိုးပဲ့နေသည့် မြင်ကွင်းများက နည်းလွန်းနေသေးသည်။
"အသက် ဆယ့်လေးနှစ် အရွယ်က အချိုးအကွေ့ တစ်ခု ဖြစ်လောက်တယ်"
ချင်မင်က အခြား မပြည့်စုံသော မြင်ကွင်းအချို့ကို တွေးမိလိုက်သည်။
ထိုအချိန်တွင် သူက ဆင်းရဲနွမ်းပါးသော ဘဝကို ပြန်လည် ရောက်ရှိသွားပြီး အဝတ်အစားများက မလှပတော့ဘဲ သာမန်သာ ဖြစ်ကာ စုတ်ပြတ်နေသည်ဟုပင် ဆိုနိုင်သည်။ သူက ရွာတစ်ရွာမှ လူငယ်လေး တစ်ယောက် ဖြစ်လာခဲ့သည်။
ညဉ့်နက်ပိုင်း တစ်ခုတွင် ငှက်မွေးအဝတ်အစား ဝတ်ဆင်ထားသော လူငယ်လေးက လူများကို ခေါ်ဆောင်လာပြီး ပြင်းထန်သော မီးတောက်များက ရွာတစ်ရွာလုံးကို ဖုံးလွှမ်းသွားခဲ့ကာ ထိုနေရာရှိ လူအားလုံးနီးပါး သေဆုံးသွားခဲ့ပြီး သူလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ချင်မင်က စားပွဲပေါ်တွင် လက်ဖက်ရည်ဖြင့် ဂဏန်းအချို့ကို ရေးလိုက်သည်။
သုံး၊ ဆယ့်သုံး၊ ဆယ့်လေး၊ ဆယ့်ခြောက်….
၎င်းတို့က သူ၏ မတူညီသော အသက်အရွယ်များကို ကိုယ်စားပြုပြီး နေထိုင်ရသော ဘဝများက လုံးဝ ကွဲပြားခြားနားကာ စုဆက်ထားသော လှည့်စားမှု ဘဝ တစ်ခုနှင့် တူနေသည်။
တစ်ချိန်တည်းမှာပင် သူက ကျိုးပဲ့နေသော အတိတ်များထဲတွင် ရှာဖွေနေပြီး မနေ့ညက တွေ့ခဲ့သော ငှက်မွေးအဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီး၏ နာမည်ကို သိရှိလိုက်ရသည်။
လီချင်းယွဲ့
အသက် ဆယ့်သုံး၊ လေးနှစ် အရွယ်တွင် သူက ရွယ်တူ လူငယ်အချို့နှင့် မကြာခဏ အတူတူ ခရီးသွားလေ့ရှိပြီး အားလုံးက ရှားပါး မျိုးဗီဇပြောင်း သားရဲများကို စီးနင်းကြသည်။ ထိုမြင်ကွင်းများ၏ အချိန်အများစုတွင် လီချင်းယွဲ့ ပါဝင်လေ့ရှိပြီး သူနှင့် ဆက်ဆံရေး ကောင်းမွန်သော မိတ်ဆွေများထဲမှ တစ်ဦး ဖြစ်သည်။
"ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ပြန်ဆုံရပေမယ့် သူမက အသိအမှတ် မပြုတာက အခု ငါက အခြေအနေ ဆိုးနေပြီး ချွေမိသားစုနဲ့ အဝေးကြီး ရောက်နေလို့လား ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ခဲ့တဲ့ ပြောင်းလဲမှုတွေကြောင့် ငါ မသိနိုင်သေးတဲ့ ပိုမို နက်နဲတဲ့ အကြောင်းရင်းတွေ ရှိနေလို့လား"
ချင်မင်က အချိန်ဇယားကို တွက်ချက်ကြည့်သော်လည်း ပိုမို ကြိုးစားပြီး ပြန်လည် စဉ်းစားလေလေ၊ ပိုမို တူးဖော်လေလေ၊ ဘဝ၏ အချို့သော အပိုင်းအစများက ပိုမို ဟာလာဟင်းလင်း ဖြစ်နေကြောင်း ခံစားရလေလေ ဖြစ်ပြီး အမြစ်မရှိသော ရေမှော်ပင်များကဲ့သို့ သူ့အပိုင် မဟုတ်သကဲ့သို့ ဖြစ်နေသည်။
သူက ခေါင်းခါလိုက်ပြီး ဆက်မစဉ်းစားတော့ချေ။ ပိုသိရရင်ရော ဘာထူးမှာလဲ။ သူက ဧရာမ မြို့ကြီးနှင့် အဝေးကြီး ရောက်နေခဲ့ပြီ ဖြစ်ပြီး ဒီနေရာသို့ လွင့်စဉ်လာခဲ့ရာ လတ်တလောတွင် ဘာမှ ပြောင်းလဲနိုင်စွမ်း မရှိပေ။
ယခု အရေးအကြီးဆုံးမှာ အစွမ်းအစများကို စုဆောင်းရန် ဖြစ်ပြီး သူ၏ သက်ရှိအဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ ထိုကိစ္စများကို သဘာဝကျကျ ပြန်လည် မှတ်မိလာမည် ဖြစ်သည်။
ချင်မင်က စိတ်ကို ပြန်စုစည်းလိုက်ပြီး အရှေ့ရှိ အရောင်ဝါနေသော စာအုပ်ကို ထပ်မံ ဖတ်ရှုလိုက်သည်။
"ရွှံ့ဝါလက်ဝါး ဆိုတဲ့ နာမည်က နားထောင်လို့ မကောင်းပေမယ့် ရှေးဟောင်း စာအုပ်ပေါ်က မှတ်တမ်းတွေအရတော့ အဲဒါက အလွန် စစ်မှန်တဲ့ ထိပ်တန်း သိုင်းကွက် တစ်ခု ဖြစ်နေတယ်..."
ချင်မင် အံ့ဩသွားသည်။ နောက်ပိုင်းရှိ မှတ်စုများအရ ဤလက်ဝါးသိုင်းကို လေ့ကျင့်ဖူးသူတိုင်းက အလွန် ချီးကျူးကြပြီး အလွန် အစွမ်းထက်သည်ဟု ထင်မြင်ကြသော်လည်း ပါရမီ အကန့်အသတ်ကြောင့် လူအများအပြားက အဆင့်မြင့် နယ်ပယ်သို့ မရောက်နိုင်ကြချေ။
အချို့လူများ၏ ရေးသားထားချက်များ၏ လေသံကို ကြည့်ရသည်မှာ အသက်အလွန်ကြီးသော နာမည်ကြီး ပုဂ္ဂိုလ်ကြီးများ ဖြစ်ပုံရပြီး ရွှံ့ဝါလက်ဝါးက ထိုအဆင့်မြင့် စိတ်စွမ်းအင် ကျင့်စဉ်များထဲရှိ အစွမ်းအထက်ဆုံး သိုင်းကွက်များထက် အနည်းငယ်မျှပင် မညံ့ကြောင်း ပြောဆိုထားကြသည်။
ဒါက ချင်မင်ကို လုံးဝ စိတ်ဝင်စားသွားစေပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ စာအုပ်ကို သေသေချာချာ လေ့လာရန် ပြင်ဆင်လိုက်သည်။
တဖြည်းဖြည်းနှင့် သူ၏ မျက်စိရှေ့တွင် မြူခိုးများ ထွက်ပေါ်လာပြီးနောက် အဘိုးကြီးတစ်ဦး ပေါ်လာကာ မြေပြင်ပေါ်တွင် သိုင်းကွက် မျိုးစုံကို လေ့ကျင့်ပြနေပြီး သက်ရှိအဆင့်အတန်း အဆင့်တက်ခြင်းမှစ၍ ကောင်းကင်အလင်း စွမ်းအား ပြုစုပျိုးထောင်ခြင်း၊ ထို့နောက် ရွှံ့ဝါလက်ဝါးကို အံ့မခန်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ခြင်း...
နောက်ဆုံးအထိ ကြည့်ပြီးနောက် ချင်မင်က အံ့ဩချီးကျူးလိုက်ပြီး စိတ်ကူးများ လွင့်ပျံသွားကာ ထိုထူးဆန်းသော အခြေအနေမှ လွတ်မြောက်လာခဲ့သည်။
ရှေးဟောင်း စာအုပ်က သူ့ကို တွေဝေသွားစေပြီး နောက်ဆုံးတွင် မနေနိုင်ဘဲ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"အကယ်၍ အဲဒီအဆင့်ကို ရောက်နိုင်မယ်ဆိုရင် နည်းစနစ်က တာအိုနဲ့ နီးစပ်သွားပြီပဲ"
ရွှံ့ဝါလက်ဝါး ဆိုသော နာမည်ကို ပေးထားခြင်းက သိုင်းကွက် တီထွင်သူက အလွန် နှိမ့်ချလွန်းသောကြောင့် ဖြစ်သည်။ ဤလက်ဝါးသိုင်းကို အခြေခံအဆင့် လေ့ကျင့်ပြီးသည်နှင့် အရိုးကို ဖောက်ထွင်းနိုင်ခြင်း၊ ကလီစာများကို ဖောက်ထွင်းနိုင်ခြင်းနှင့် အရေပြား၊ အသားများကို ကျော်လွန်၍ ခန္ဓာကိုယ် အတွင်းပိုင်းကို ကြေမွသွားအောင် ရိုက်နိုင်စွမ်း ရှိသည်။
"ဒါက ပျော့ပျောင်းတဲ့ စွမ်းအားရဲ့ အံ့မခန်း အသုံးဝင်မှုပဲ"
ချင်မင်က အတည်ပြုလိုက်သည်။ ထိုကောင်းကင်အလင်း စွမ်းအားက လုံးဝ သီးသန့် စွမ်းအား တစ်ခု မဟုတ်ဘဲ လျှို့ဝှက် စွမ်းအား မျိုးစုံကို သေချာပေါက် ပေါင်းစပ်ထားခြင်း ဖြစ်ပြီး မဟုတ်လျှင် ဤမျှ အစွမ်းထက်မည် မဟုတ်ချေ။
"ထပ်ပြီး အောင်မြင်မှု ရရင် ကောင်းကင်အလင်း ပျော့ပျောင်းတဲ့ စွမ်းအားက လက်ချောင်းတွေကနေ ထွက်ပေါ်လာပြီး ချပ်ဝတ်တန်ဆာကို ဖောက်ထွင်းတာ၊ သားမွေး၊ အကြေးခွံ၊ ချိုတွေကို ဆုတ်ဖြဲတာတွေက အလွန် လွယ်ကူပြီး အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်"
ထို့နောက် ချင်မင်က နောက်ဆုံး စာမျက်နှာသို့ တိုက်ရိုက် လှန်လိုက်ရာ ထိုမြင်ကွင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
"ရွှံ့ဝါလက်ဝါးရဲ့ အမြင့်ဆုံး နယ်ပယ်က ထူးခြားတဲ့ ခွန်အား တစ်ခုကို လေ့ကျင့်နိုင်တာပဲ ကောင်းကင်အလင်း စွမ်းအားက ကမ္ဘာမြေရဲ့ စွမ်းအင် အမျှင်လေးတွေကို စုစည်းပေးပြီး အစွမ်းအစက အကြီးအကျယ် တိုးတက်လာတယ်"
ချင်မင် မြင်တွေ့လိုက်ရသော မြင်ကွင်းထဲတွင် ထိုအဘိုးကြီးက မြေပြင်ပေါ်တွင် ရပ်နေပြီး ခြေနှစ်ဖက်က မြေကြီး၏ စွမ်းအင်များကို စုပ်ယူကာ ကောင်းကင်အလင်း စွမ်းအားများနှင့် ပေါင်းစပ်လိုက်ရာ နောက်ဆုံးတွင် လက်နှစ်ဖက်ကြားရှိ ကမ္ဘာမြေ၏ စွမ်းအင်များက ပိုမို သိပ်သည်းလာပြီး တဖြည်းဖြည်း ခိုင်မာလာကာ လက်ပေါ်တွင် ရွှံ့ဝါများ ကပ်နေသကဲ့သို့ ဖြစ်လာသည်။
သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ တောင်ငယ်လေး တစ်လုံးခန့်ရှိသော ဧရာမ သတ္တဝါကြီး တစ်ကောင်က အလွန် ကြောက်စရာကောင်းသော သားရဲကြီး ဖြစ်ကြောင်း မြင်ရုံဖြင့် သိသာလှသော်လည်း သူ၏ ပေါ့ပါးသော လက်ဝါး တစ်ချက် အထိခံလိုက်ရသည်နှင့် ဖြန်းခနဲ အသံများနှင့်အတူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အသားတောင်ကြီး တစ်တောင် ခုတ်ထစ်၊ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ထိုမြေပြင်ကို နီရဲသွားစေသည်။
"တကယ်ကို အံ့မခန်းပဲ"
ဒါက ပုံမှန် တိုက်ခိုက်ရေး နည်းစနစ်များ၏ နယ်ပယ်မှ လွတ်ကင်းသွားပြီဖြစ်ပြီး အလွန် ထူးခြားလှသည်။ နည်းစနစ်က တာအိုနှင့် နီးစပ်သည် ဆိုသည်မှာ အချုပ်အနှောင်များကို ချိုးဖျက်နိုင်သော ဤကဲ့သို့ အဆင့်မြင့် နည်းလမ်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
"အမြင့်ဆုံး နယ်ပယ်အထိ ရောက်အောင် လေ့ကျင့်ဖို့က အရမ်း ခက်ခဲတယ်"
ချင်မင်က သက်ပြင်းချလိုက်သည်။ နားလည်နိုင်စွမ်း နယ်ပယ်တွင် သူက အလွန် ယုံကြည်မှု ရှိပြီး စိတ်ခံစားမှုဆိုင်ရာ ပဲ့တင်ထပ်ခြင်းများ ပါဝင်နေသဖြင့် သူက အဘိုးကြီး၏ အတွေ့အကြုံများ၊ နားလည်မှုများ စသည်တို့ကို ရရှိနိုင်ရာ ဤအပိုင်းက လုံးဝ ပြဿနာ မဟုတ်ချေ။
အဓိကအချက်မှာ ကောင်းကင်အလင်း စုစုပေါင်း ပမာဏ စုဆောင်းမှုအပေါ်တွင် မူတည်နေပြီး လုံလောက်စွာ များပြားလာမှသာ ကောင်းကင်အလင်း ပျော့ပျောင်းသော စွမ်းအားဖြင့် ကမ္ဘာမြေ၏ စွမ်းအင်များကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။
ချင်မင်က ခြံဝင်းထဲတွင် ရပ်ကာ လေ့ကျင့်နေပြီး လျှို့ဝှက်ဆန်းပြားသော ပျော့ပျောင်းသည့် စွမ်းအားမှ စတင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ထိုစာအုပ်၏ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီး အရာအားလုံးကို ထောက်ပံ့ပေးထားသောကြောင့် ဖြစ်သည်။
သူက ထမင်းစားချိန်မှလွဲ၍ ကျန်အချိန်များတွင် အမြဲတမ်း စဉ်းစားနေပြီး နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ကာ ကောင်းကင်အလင်း ပျော့ပျောင်းသော စွမ်းအားမှသည် ရွှံ့ဝါလက်ဝါးအထိ လေ့ကျင့်ခဲ့သည်။
ချင်မင်က စောစောစီးစီး ကျွမ်းကျင်ချင်နေသည်။ အဘယ်ကြောင့်ဆိုသော် ရွှံ့ဝါလက်ဝါးတွင် အစစ်အမှန် ယုံကြည်ရသော စစ်ပွဲ ရလဒ်များ ရှိပြီး နတ်လမ်းစဉ်ကျင့်ကြံသူများကို သတ်ဖြတ်ဖူးသောကြောင့် ဖြစ်သည်။
တစ်နေ့တာ၏ ထက်ဝက်ကျော် ကြာပြီးနောက် သူ အနည်းငယ် ပင်ပန်းလာမှသာ ရပ်တန့်လိုက်သည်။
ချင်မင် အနားယူနေချိန်တွင် တိတ်တဆိတ် စဉ်းစားလိုက်ရာ သူ ရရှိထားသော လျှို့ဝှက် နည်းစနစ် မျိုးစုံထဲတွင် ထိုဓားသိုင်း စာအုပ်၏ နောက်ဆုံး သိုင်းကွက် တစ်ခုသာ ရွှံ့ဝါလက်ဝါးနှင့် ယှဉ်နိုင်ပြီး ထိုဓားတာအို၏ စိတ်သဘောထားက ကောင်းကင်ယံကို မျဉ်းတစ်ကြောင်းလို ခုတ်ပိုင်းကာ ညအမှောင်ထုကို ဆုတ်ဖြဲပစ်ချင်နေသည်။
ထိုနည်းတူစွာပင် ထိုအစွမ်းအထက်ဆုံး ဓားတာအို စိတ်သဘောထား၏ စွမ်းအင် အားလုံးကို အပြည့်အဝ ပြသနိုင်ရန်အတွက် တောင်းဆိုမှုကလည်း အလွန် မြင့်မားသည်။
"မကြာခင် ထွက်သွားရတော့မယ် ငါ တခြားလူတွေကို ကတိပေးထားတဲ့ ကိစ္စတွေကို ပြီးအောင် လုပ်ရမယ်"
ချင်မင်က ကတိသစ္စာကို အလွန် အလေးထားပြီး ပြောပြီးမှတော့ လုပ်ရမည် ဖြစ်သည်။
မကြာမီ သူက ပိုက်ကွန် တစ်ခုကို ယူဆောင်ကာ တောင်ထဲသို့ ဝင်သွားခဲ့သည်။
ဆောင်းရာသီ၏ အအေးဆုံး ရက်များက တကယ်တမ်းတွင် ကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ထပ် တစ်လကျော် ကြာလျှင် ရေခဲနှင့် နှင်းများ အရည်ပျော်တော့မည်ဖြစ်ကာ မီးစမ်းရေပေါက် ပြန်လည်နိုးထပြီး နွေဦးပေါက်၍ ပန်းများပွင့်မည့် အချိန်နှင့် မဝေးတော့ချေ။
ယခုအခါ ငှက်အချို့က တဖြည်းဖြည်း တက်ကြွလာကြပြီး နောက်ထပ် အချိန်အနည်းငယ် ကြာလျှင် အသိုက်ဖွဲ့တော့မည်ဟု ခန့်မှန်းရသည်။
ချင်မင်က တောင်ကြီးနှင့် အလွန် ရင်းနှီးနေပြီဖြစ်ပြီး အချို့သော သတ္တဝါများ၏ နေထိုင်မှု စရိုက်များကို နားလည်ထားရာ ယခုလက်ရှိ သူ၏ အစွမ်းအစဖြင့် တိတ်တဆိတ် ပုန်းအောင်းကာ အချို့သော သတ္တဝါငယ်လေးများကို ဖမ်းဆီးရန်မှာ သိပ်မခက်ခဲလှပေ။
နာရီဝက် ကြာပြီးနောက် သူက ပစ်မှတ်ကို တွေ့ရှိသွားပြီး အလျင်အမြန် ပိုက်ကွန်ကို ဆူးချုံ တစ်ခုဆီသို့ ပစ်လွှတ်လိုက်သည်။
"ကယ်ကြပါဦး ငှက်ကို သတ်နေပြီ"
ပိုက်ကွန်ကြီးထဲတွင် သတ္တဝါငယ်လေး တစ်ကောင်က အော်ဟစ်နေပြီး အလွန် ထိတ်လန့်ကာ အဆက်မပြတ် ရုန်းကန်နေသော်လည်း ထွက်ပြေးရန် ကြိုးစားနေသော်လည်း မရချေ။
ချင်မင် အလွန် ဝမ်းသာသွားပြီး အရှေ့သို့ အလျင်အမြန် ပြေးသွားရာ အထဲတွင် အပြာနုရောင် ငှက်ငယ်လေး တစ်ကောင် ရှိနေသည်။
၎င်းက လက်ဝါးထက် အနည်းငယ် တိုပြီး မျက်လုံးကြီးများက ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ တောက်ပနေကာ လူစကားကို ပြောလိုက်သည်။
"ခြေနှစ်ချောင်းနဲ့ သခင်ကြီး အသက်ချမ်းသာပေးပါ ငှက်ကလေးကို လွှတ်ပေးပါ ဝက်ဝံသွားဖမ်းဖို့ လမ်းပြပေးပါ့မယ် သူ့မှာ အသားတွေ အများကြီး ရှိတယ်"
မထွက်ခွာမီတွင် ချင်မင်က နောက်ဆုံးတော့ စကားပြောငှက် တစ်ကောင်ကို ဖမ်းမိသွားပြီး ဝင်ရွှေ့လေးကို ပေးထားသော ကတိကို ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။
လတ်တလောတွင် သူက ထိုအပြာနုရောင် ငှက်ငယ်လေးကို လွှတ်ပေးရန် မဖြစ်နိုင်ချေ။
ရွာထိပ်သို့ ရောက်ခါနီးတွင် ချင်မင်က နောက်ဘက်မှ ဒေါသတကြီး အော်ဟစ်သံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"ဘယ်သူက ငါ့မိန်းမကို ဖမ်းသွားတာလဲ မင်း ရပ်လိုက်စမ်း မသေချင်ဘူးလား"
ချင်မင်က လှည့်ကြည့်လိုက်ရာ ၎င်းကို ချက်ချင်း မှတ်မိသွားသည်။ အရွယ်အစားက အခြား စကားပြောငှက်များထက် အများကြီး ပိုကြီးပြီး ပိုမို ဉာဏ်ကောင်းကာ ခိုးကြောင်ခိုးဝှက် ပုံစံရှိပြီး ပါးစပ်က အလွန် သရမ်းကာ ယခင်က တောင်းလုံကို ဒေါသထွက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့ဖူးသည်။
"ခြေနှစ်ချောင်းနဲ့ လူကောင် အဲဒီ စကားပြောငှက်ကို လွှတ်လိုက် မဟုတ်ရင် ငါ ဝက်ဝံကြီးကို တောင်ပေါ်ကနေ ဆင်းလာအောင် သွားခေါ်ပြီး ရွာထဲ ဝင်လာပြီး မင်းကို ဆုတ်ဖြဲခိုင်းမယ် ငါ ဘယ်သူလဲဆိုတာ မင်း မသိဘူးလား တောင်ကြီးထဲက နာမည်ကြီး ငှက်တစ်ကောင်ပဲ မင်းတို့ ရွာတစ်ရွာလုံးကို ဖျက်ဆီးပစ်ဖို့ တောင်သခင်ကိုတောင် သွားပင့်လာလို့ ရတယ်ကွ"
ပါးစပ် အလွန် သရမ်းသော မျိုးဗီဇပြောင်း စကားပြောငှက်က မျက်လုံးများပင် နီရဲနေပြီး အနီးသို့ ရောက်လာကာ အဆက်မပြတ် ခြိမ်းခြောက်နေသည်။
သို့သော် ၎င်းက ချင်မင်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ချက်ချင်း အံ့ဩသွားပြီး အလျင်အမြန် သဘောထား ပြောင်းလဲကာ ပြောလိုက်သည်။
"အစ်ကိုကြီး ရေကြီးလို့ နဂါးမင်းရဲ့ ဗိမာန်ကို ဝင်တိုက်မိပြီ ဒီကိစ္စက... နားလည်မှု လွဲသွားတာပါလို့ ငါတို့က တစ်မိသားစုတည်းပါနော်"
ချင်မင် အံ့ဩသွားပြီး ညကောင်းကင်ယံတွင် အစပိုင်းက မောက်မာပြီး နောက်ပိုင်းတွင် နှိမ့်ချလာကာ ပါးစပ်သရမ်းဆဲဖြစ်သော စကားပြောငှက်ကို ကြည့်နေလိုက်သည်။
"ဆရာကြီး ဝူ ထွက်မသွားခင်က မင်းအတွက် စာပို့ပေးဖို့နဲ့ တောင်ကြီးထဲမှာ လမ်းပြပေးဖို့ ငါ့ကို မှာထားခဲ့တယ် ဒါပေမယ့် ငါ မကြာသေးခင်က နည်းနည်း အလုပ်များနေလို့ မိန်းမ အသစ်ရထားတာဆိုတော့ ဒါတွေကို ဂရုမစိုက်နိုင်ခဲ့ဘူး"
"ဘာတွေ လျှောက်ပြောနေတာလဲ"
ချင်မင် နားမလည်ပေ။
"ဆရာကြီး ဝူ ဆိုတာ အဲဒီ ကျီးကန်းလေ တစ်ကိုယ်လုံးကို အမည်းရောင် ဝတ်ရုံ ဖုံးလွှမ်းထားတဲ့ အမျိုးသမီးရဲ့ ဘေးမှာ လိုက်နေတာ ငါ မင်းကို ပြောမယ် အဲဒီ အမျိုးသမီး နာမည်က ထန်ကျင်းတဲ့ ခန္ဓာကိုယ် အချိုးအစားက အရမ်း လှပြီး ရုပ်ရည်ကလည်း အလွန် လှပတယ် ငါ မင်းအတွက် ပုံဆွဲပေးလို့ ရတယ်..."
ချင်မင်က ဒါက လူတစ်ယောက် တောင်ထဲ ဝင်လာပြီး မျိုးဗီဇပြောင်း သားရဲ တစ်ကောင် ဖြစ်သွားတာလားဟုပင် သံသယ ဝင်သွားသည်။
"အစ်ကိုကြီး သက်ညှာပေးပါ ငါ့မိန်းမကို လွှတ်ပေးပါ"
...
မကြာမီ လုကျယ်၏ အိမ်တွင် ကလေးနှစ်ယောက်က ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။
"ဦးလေးလေး အရမ်း တော်တာပဲ တကယ်ကြီး စကားပြောငှက်ကို ဖမ်းလာနိုင်တယ် အရမ်း ပျော်တာပဲ ရှဉ့်လေးလည်း အဖော် ရသွားတာပေါ့"
"အဲဒါက ငါ့မိန်းမကွ ရှဉ့်က မြွေပါနဲ့ပဲ တွဲသင့်တယ်"
ခေါင်မိုးပေါ်တွင် ထိုမျိုးဗီဇပြောင်း စကားပြောငှက်က အော်ဟစ်ကာ အမှားပြင်ပေးနေသည်။
မျိုးဗီဇပြောင်း ရှဉ့်နီလေးက ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများက အဆင်မပြေချေ။
လုကျယ် ဇနီးမောင်နှံက ထိုသတ္တဝါလေးများ အားလုံး ဝိညာဉ် ပူးကပ်နေပြီဟု ထင်လိုက်ကြသည်။
ချင်မင်က ပြောလိုက်သည်။
"လအနည်းငယ်လောက် မွေးထားပြီးရင် လွှတ်ပေးလိုက်ပါ ကျွန်တော် သူနဲ့ သဘောတူထားပြီးပြီ နောက်ပိုင်း အစ်ကိုလု တောင်ထဲ ဝင်တဲ့အခါ သူက ကူညီပြီး သတိပေးလိမ့်မယ် စိတ်ချပါ သူ့မှာ မကောင်းတဲ့ အကြံအစည် မရှိဘူး မဟုတ်ရင် ကျွန်တော် အဲဒီ ဆရာကြီး ဝူ ဆိုတဲ့ကောင်ကို သွားရှာမှာ"
နောက်တစ်နေ့တွင် ယန်ယုံချင်က သက်ပြင်းချကာ သူ၏ အနက်ရောင် ဆိတ်ကြီးကို ဆွဲ၍ ချင်မင်ကို လာရှာပြီး ရွှေကြက်မတောင်ကုန်းသို့ အတူတူ သွားရန် ပြင်ဆင်နေသည်။
ချင်မင် စကားမပြောနိုင်တော့ပေ။ နောက်ထပ် တစ်ခေါက် မသွားချင်တော့ပေ။ အသွားအပြန်က မိုင်တစ်ရာ ရှိပြီး ကိစ္စက ဘာဖြစ်လို့ မပေါက်ကွဲသေးတာလဲ။
"ဦးလေး မလောပါနဲ့ မိုးမချုပ်ခင် အဲဒီကို ရောက်ရင် ရပါပြီ သူခိုးစခန်းကို သွားခိုလှုံမှာကို ဘာလို့ အဲဒီလောက် တက်ကြွနေရတာလဲ"
"အေးပါ"
နေ့လယ်စာ စားပြီးသည်အထိ ချင်မင်က မသွားချင်သေးရာ နောက်ဆုံးတွင် ယန်ယုံချင်က မစောင့်နိုင်တော့ချေ။ နောက်ကျမှ သွားလျှင် သူခိုးဓားပြများက ပြဿနာ ရှာမည်ကို စိုးရိမ်ပြီး ချင်မင်ကို ဖြောင်းဖျ၍ မရသဖြင့် သူက အရင်ဆုံး ခရီးထွက်သွားတော့သည်။
သို့သော် နာရီဝက်ပင် မပြည့်သေးမီ သူက အလွန် ဝမ်းသာအားရဖြစ်ကာ အပြေးအလွှား ပြန်ရောက်လာသည်။
ရွာထိပ်သို့ ရောက်ရောက်ချင်းမှာပင် သူက အပြုံးများဖြင့် အော်ဟစ်လိုက်သည်။
"သတင်းကြီးပဲ ကောင်းကင်ကြီးက မျက်စိဖွင့်ကြည့်သွားပြီ ရွှေကြက်မတောင်ကုန်းက သူခိုးဓားပြ အားလုံးကို ကောင်းကင်ဘုံက ခေါ်သွားပြီ ဟားဟား..."
"ဘာ"
လူတိုင်း လန့်နိုးသွားကြပြီး အားလုံး ထွက်လာကြသည်။
ယန်ယုံချင်က စောစောက လမ်းခုလတ်တွင် သတင်းကြားလိုက်ရသောအခါ တစ်ယောက်လုံး ကြောင်အမ်းသွားခဲ့သည်။
သူက မနေ့ကတင် ထိုနေရာရှိ သူခိုးဓားပြများ အားလုံး သေမသွားသရွေ့ မသွားဘဲ နေလို့မရဘူးဟု ကျိန်ဆဲနေခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ယနေ့ သူ ရွှေကြက်မတောင်ကုန်းသို့ မရောက်သေးမီမှာပင် ထိုနေရာက တကယ်ပဲ သေမင်းတောင်ကုန်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ချင်မင်က လက်ဖက်ရည်ကြမ်း တစ်ခွက်ကို သောက်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ ထိုကိစ္စက ပြီးဆုံးသွားပြီဖြစ်ရာ သူလည်း ခရီးထွက်သင့်ပြီ ဖြစ်သည်။
...
နာမည်ကြီး တောက်ပသော မြို့ကြီးတစ်မြို့တွင် ခမ်းနားထည်ဝါသော အဆောက်အဦးများ အများအပြား ရှိနေပြီး ဧရာမ ခန်းမကြီးထဲတွင် ပန်းချီကားများနှင့် ပန်းပုများဖြင့် အလှဆင်ထားကာ အလွန် ဩဇာတိက္ကမ ရှိသော သက်လတ်ပိုင်း အမျိုးသား တစ်ဦးက ထိုနေရာတွင် ထိုင်လျက် ပြောလိုက်သည်။
"မကြာသေးခင်က အမည်းနဲ့ အဖြူရောင် တောင်တန်းကြီးကနေ ယင်ယန် ဆေးဘက်ဝင်အပင် အများအပြား ထွက်ပေါ်လာလို့ မိသားစုကြီး အတော်များများနဲ့ နတ်လမ်းစဉ် ကျင့်ကြံသူတွေ မျက်စိကျနေကြတယ် ချွေဟုန် မင်းက အဲဒီနေရာနဲ့ အတော်လေး ရင်းနှီးတယ် လွန်ခဲ့တဲ့ နှစ်နှစ်က သွားပြီး အကဲခတ်ခဲ့ဖူးတယ် မကြာခင် ယင်ယန် ဆေးဘက်ဝင်အပင်ကြီး တစ်ပင်လောက် ရှာလို့ရမလား သွားကြည့်ချေ"
ခန်းမထဲတွင် လက်မောင်းများ အလွန် ရှည်လျားသော အမျိုးသား တစ်ဦး ရပ်နေပြီး ကြားသောအခါ ခေါင်းညိတ်ကာ ဟုတ်ကဲ့ဟု ပြောလိုက်သည်။
"အဲဒီတုန်းက မင်းက အဲဒီ ကလေးကို အမည်းနဲ့ အဖြူရောင် တောင်တန်းကြီး အနီးအနားမှာ ထားခဲ့တာ မဟုတ်လား"
"ဟုတ်ကဲ့ သူ အသက်ရှင်နိုင်မယ်ဆိုရင် အဲဒီနေရာမှာပဲ အခြေချလောက်တယ်"
လက်မောင်းများ အလွန် ရှည်လျားသော အမျိုးသားက ပြန်ဖြေလိုက်သည်။
"လမ်းကြုံရင် သွားကြည့်လိုက်ဦး"
ဩဇာတိက္ကမ ရှိသော သက်လတ်ပိုင်း အမျိုးသားက အမိန့်ပေးလိုက်သည်။
"သခင်ကြီး ဘာများ မှာစရာ ရှိလို့လဲ"
လက်မောင်းများ အလွန် ရှည်လျားသော အမျိုးသားက သတိထားကာ မေးလိုက်သည်။ ထိုနေရာတွင် ထိုင်နေသော ဩဇာတိက္ကမ ရှိသည့် အမျိုးသားက သူ့ကို လမ်းကြုံရုံမျှ သွားကြည့်ခိုင်းမည် မဟုတ်ကြောင်း သူ သိထားသည်။
အခန်း ၆၂ ဂယက်ရိုက်ခတ်မှု
စံအိမ်ကြီး တစ်ခုလုံးက နေ့လယ်ဘက်ကဲ့သို့ လင်းထိန်နေပြီး နှင်းကျနေသော ရာသီ ဖြစ်သော်လည်း ဤနေရာတွင် နွေဦး သို့မဟုတ် နွေရာသီကဲ့သို့ နွေးထွေးနေကာ ပန်းခြံထဲတွင် ရောင်စုံ ပန်းများ ပွင့်လန်းနေပြီး ခြံဝင်းများကြားရှိ သစ်ပင်ပန်းမန်များကလည်း စိမ်းလန်းစိုပြည်နေသည်။
ကျယ်ဝန်းသော ခန်းမကြီးထဲတွင် ဩဇာတိက္ကမ ရှိသော သက်လတ်ပိုင်း အမျိုးသားက ချက်ချင်း စကားမပြောဘဲ ခေတ္တမျှ တိတ်ဆိတ်နေမှုက လက်အုပ်ချီ၍ ရပ်နေသော ချွေဟုန်ကို ခမ်းနားကြီးမားသော တောင်ကြီး တစ်တောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။
"သူ့အတွက် နေ့ရွှေဒင်္ဂါးတွေ ပိုချန်ထားခဲ့လိုက် စားဝတ်နေရေး မပူပန်ဘဲ အဲဒီနေရာမှာ တစ်သက်လုံး ပြည့်ပြည့်စုံစုံ နေသွားပါစေ"
လက်မောင်းများ အလွန် ရှည်လျားသော အမျိုးသား ချွေဟုန်က ချက်ချင်း ခေါင်းညိတ်ကာ ဟုတ်ကဲ့ဟု ပြောလိုက်သော်လည်း ထို့နောက် သတိထား၍ ထပ်မံ မေးမြန်းလိုက်သည်။
"အကယ်၍ သူက ဘဝသစ်ရပြီးနေပြီဆိုရင် လိုအပ်ရင်..."
သက်လတ်ပိုင်း အမျိုးသားက ဝင်ပြောလိုက်သည်။
"ပိုးသားစာလိပ်ပေါ်က ကျင့်စဉ်ကို သူ လေ့ကျင့်လို့ အောင်မြင်မှာ မဟုတ်ဘူး"
"အကယ်၍ သူက ပိုးသားစာလိပ်ကို စွန့်လွှတ်လိုက်ပြီး အဲဒီ ဝေးလံခေါင်ဖျားပြီး ဆင်းရဲတဲ့ ဒေသမှာ အသက်ရှင်သန်ဖို့အတွက် တခြား ကျင့်စဉ်ကို ပြောင်းလေ့ကျင့်ကာ ဘဝသစ် လမ်းကြောင်းပေါ် ရောက်သွားခဲ့ရင်ရော..."
ချွေဟုန်က သတိထား၍ မေးမြန်းလိုက်သည်။
သက်လတ်ပိုင်း အမျိုးသားက မတ်တပ်ရပ်လိုက်ပြီး တိမ်တိုက်ပုံစံများ ရေးထိုးထားသော တိုင်လုံးကြီး တစ်တိုင်ရှေ့တွင် ရပ်ကာ ခြေလှမ်းတိုင်းတွင် ရှုခင်းအသစ်များ တွေ့ရသော အဆောက်အဦးများဖြင့် အလှဆင်ထားသည့် ပန်းခြံကို ကြည့်ရင်း ပြောလိုက်သည်။
"သူ့ကို သာမန်လူ တစ်ယောက်ရဲ့ ဘဝကို သေချာ ဖြတ်သန်းခိုင်းပြီး အဲဒီနေရာမှာ လုံးဝ အခြေချသွားပါစေ ပြည့်စုံပြီး အေးချမ်းတဲ့ ဘဝလေး ရှိရင် လုံလောက်ပါပြီ"
ချွေဟုန်က ခေါင်းညိတ်နေသော်လည်း အတော်လေး ခက်ခဲသော ကိစ္စဟု ခံစားနေရသည်။ ဤကိစ္စက လတ်တလောတွင် ဖြေရှင်းရန် အလွန် လွယ်ကူသော်လည်း နောင်တစ်ချိန်တွင် သူ့ဆီကို ပြဿနာများ ရောက်လာမည်၊ မရောက်လာမည်ကို ဘယ်သူ သိနိုင်မည်နည်း။
မထွက်ခွာမီ သူက ပြောလိုက်သည်။
"အကယ်၍ သူ မရှိတော့ဘူး၊ ဒဏ်ရာဒဏ်ချက်တွေကို မခံနိုင်ဘဲ သေသွားခဲ့ပြီဆိုရင် ကျွန်တော် သူ့ကို သေသေချာချာ သင်္ဂြိုဟ်ပေးခဲ့ပါ့မယ်"
ဩဇာတိက္ကမ ရှိသော သက်လတ်ပိုင်း အမျိုးသားက အင်း ဟု တစ်ချက် အသံပြုလိုက်ရာ သူ့ကို ထွက်သွားခွင့် ပြုလိုက်ကြောင်း အဓိပ္ပာယ်ရသည်။
...
ရွှေကြက်မတောင်ကုန်း ပျက်စီးသွားခြင်းက xdkဒေသကို ဟာရီကိန်း မုန်တိုင်း တစ်ခု ဝင်ရောက် တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး တောင်ကြီး အပြင်ဘက်ရှိ ရွာများက သဘာဝအားဖြင့် အောင်ပွဲခံ အော်ဟစ်နေကြသည်။
ဤဒေသတွင် အခြေချနေထိုင်သော အချို့ ကုန်သည်အဖွဲ့များ၊ တောင်စောင့်အဖွဲ့များ အစရှိသည့် အဖွဲ့အစည်းများကမူ အလွန် အံ့ဩတုန်လှုပ်သွားကြပြီး တောင်ထဲရှိ မျိုးဗီဇပြောင်း သားရဲများပင် လန့်နိုးသွားကြသည်။
"ဖြစ်သွားတဲ့ နေရာက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ် ငါ သွားကြည့်ခဲ့တာ သားရဲကြီးတွေက အဲဒီနေရာမှာ အလုအယက် စားသောက်နေကြပြီး အရိုးအကောင်း တစ်ချောင်းတောင် မကျန်တော့ဘူး"
"ရွှေကြက်မတောင်ကုန်းက လူတွေက တကယ်ကို မွန်မြတ်တာပဲ ပြီးခဲ့တဲ့တစ်ခါက ကာကွယ်ရေး အခွန် လာကောက်တုန်းက ငါတို့ကို ကာကွယ်ပေးဖို့အတွက် မြေကွဲကြောင်းကြီးမှာ မျိုးဗီဇပြောင်း သတ္တဝါတွေနဲ့ တိုက်ခိုက်ရင်း တစ်တပ်လုံး သေလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ပြောတုန်းက ငါ မယုံခဲ့ဘူး ဒါပေမယ့် အခုတော့ ငါ လက်ခံသွားပြီ သူတို့က ပြောတဲ့အတိုင်း တကယ် လုပ်ပြသွားတယ် တကယ်ပဲ တစ်တပ်လုံး အသေခံပြီး မျိုးဗီဇပြောင်း သားရဲတွေကို ဗိုက်ဝအောင် ကျွေးမွေးသွားတယ်လေ"
တစ်စုံတစ်ယောက်က သရော်လိုက်ရာ ရွှေကြက်မတောင်ကုန်းက လူအများ၏ မုန်းတီးမှုကို မည်မျှ ခံနေရကြောင်း သိသာလှပြီး သူတို့ သေဆုံးသွားသည့် သတင်းကို ကြားသောအခါ နေရာအနှံ့ အောင်ပွဲခံနေကြသည်ဟုပင် ဆိုနိုင်သည်။
"ဘယ်သူရဲကောင်းကြီးက ဒီကိစ္စကို လုပ်ခဲ့တာလဲ ကျွန်တော့်ရဲ့ ဂါရဝပြုမှုကို လက်ခံပါ"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။
ရွှေကြက်မတောင်ကုန်း၏ ဓားပြကြီးနှစ်ဦးက စတုတ္ထအကြိမ် ဘဝသစ်ရထားသူများ ဖြစ်ကြောင်း လူအများအပြား သိထားကြပြီး အတွင်းရေးကို သိရှိသူ အနည်းငယ်ကမူ ထိုနေရာတွင် ငါးကြိမ် မျိုးဗီဇပြောင်းထားသော ရွှေကြက်မအိုကြီး တစ်ကောင် ရှိနေပြီး ဒေသတွင်း အစွမ်းအထက်ဆုံး အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်ကြောင်းကို ပို၍ပင် ရှင်းလင်းစွာ သိထားကြသည်။
ရလဒ်အနေဖြင့် သူတို့က ညတွင်းချင်းမှာပင် လုံးဝ သုတ်သင်ခံလိုက်ရသည်။
အချို့သော ကုန်သည်အဖွဲ့များက လူများကို စေလွှတ်၍ သွားရောက် စစ်ဆေးကြပြီး အတွေ့အကြုံ ရင့်ကျက်သော တောင်စောင့်သမား အချို့လည်း အတူတကွ လိုက်ပါသွားကြသည်။
"မျိုးဗီဇပြောင်း သားရဲတွေ အဝစားပြီးနောက် ကျန်ခဲ့တဲ့ အရိုးတွေပေါ်မှာ ဓားရာတွေ၊ လှံရာတွေ၊ မြားပေါက်တွေ တွေ့ရတယ် ဆိုလိုတာက အစွမ်းထက် သိုင်းသမား သုံးယောက် ပူးပေါင်းပြီး ရွှေကြက်မတောင်ကုန်းကို ဖျက်ဆီးခဲ့တာ ဖြစ်ရမယ်"
တစ်စုံတစ်ယောက်က သေသေချာချာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
တောင်စောင့်သမား တစ်ဦးက ဝင်ပြောလိုက်သည်။
"အဲဒီအထဲက ဓားသမားက သေချာပေါက် နာမည်ကြီး သိုင်းသမား တစ်ယောက်ပဲ ခုတ်ပိုင်းထားတဲ့ အရိုးတွေမှာ အက်ကွဲကြောင်း တစ်ခုလေးတောင် မရှိဘဲ ဖြတ်ပိုင်းက မှန်တစ်ချပ်လို ချောမွေ့နေတယ် လှံသမားကလည်း လုံးဝ သာမန် မဟုတ်ဘူး ထိုးစိုက်လိုက်တဲ့ လှံချက်တိုင်းရဲ့ အားက လုံးဝ အတူတူပဲ အရိုးတွေပေါ်က လှံပေါက်တွေက သေသေချာချာ သွေးထားသလိုပဲ လေးသည်တော်ရဲ့ အစွမ်းအစကတော့ သူတို့ သုံးယောက်ထဲမှာ အားအနည်းဆုံး ဖြစ်လောက်တယ် တိကျမှုက ကြောက်စရာကောင်းလောက်အောင် အံ့မခန်း ဖြစ်ပြီး သူခိုးဓားပြ တစ်ဝက်ကျော်ကို တစ်ယောက်တည်း ပစ်သတ်ခဲ့ပေမယ့် လက်နှစ်ဖက်ရဲ့ ခွန်အားကတော့ ပေါင်နှစ်ထောင် မပြည့်ဘူး"
ထိုမှတ်ချက်ပေးမှုများကို ကြားလိုက်ရသောအခါ ချင်မင်က ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။
အချို့သော အဖွဲ့အစည်း ကြီးများကလည်း ထိုသတင်းကို ကြားသိသွားပြီးနောက် ထိုကိစ္စကို စတင် အာရုံစိုက်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ရွှေကြက်မတောင်ကုန်း၏ နောက်ကွယ်တွင် ရွှေရောင် ဓားပြများ ရှိနေပြီး သူတို့၏ လှုပ်ရှားမှု ဧရိယာက အလွန် ကျယ်ပြန့်ကာ ချီရှမြို့တော်၏ လွှမ်းမိုးမှု အောက်ရှိ ဒေသများတွင်သာ ကန့်သတ်မထားဘဲ ကျယ်ပြန့်သော ဒေသကြီးများကို ဖြတ်ကျော် သွားလာလေ့ ရှိသောကြောင့် ဖြစ်သည်။
ယခုအခါ တစ်စုံတစ်ယောက်က သူတို့ကို လုံးဝ မျက်နှာမထောက်ဘဲ သူတို့၏ စခန်းတစ်ခုကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် လျှို့ဝှက်ချက် အချို့ကို လူများက တူးဖော် သိရှိလာကြသည်။ ရွှေကြက်မတောင်ကုန်းမှ လူများက လုံးဝ သေဆုံးသွားခြင်း မဟုတ်ဘဲ ထိုညက အပြင်သို့ ထွက်သွားသော အသက်ရှင်ကျန်ရစ်သူ နှစ်ဦး ရှိနေသေးသည်။
ထိုလူနှစ်ဦးက ရွှေရောင် ဓားပြများထံ သွားရောက် ခိုလှုံသွားကြသော်လည်း မထွက်ခွာမီတွင် စကားအချို့ ထွက်ပေါ်လာစေခဲ့သည်။
"ငါတို့ ခေါင်းဆောင်တွေ အရမ်း သနားစရာ ကောင်းလောက်အောင် အသတ်ခံလိုက်ရတယ် ငါတို့ တောင်ပေါ်စခန်းကို ပြန်လာတဲ့အချိန် အဝေးကနေ သူတို့ရဲ့ အော်ဟစ်သံတွေကို ကြားလိုက်ရတယ် မြို့စားဆိုတဲ့ နာမည်ရယ်၊ နတ်လမ်းစဉ် ကျင့်ကြံသူတွေရဲ့ တောင်စောင့်သမားဆိုတဲ့ နာမည်တွေကိုပါ ကြားလိုက်ရတယ်"
ထိုအချိန်တွင် ဤအမှုက ပေါ်လွင်လာသကဲ့သို့ ဖြစ်သွားပြီး လူအများအပြား၏ ရင်ထဲတွင် ခန့်မှန်းချက်များ ရှိလာကြသည်။
ထို့နောက် မျိုးဗီဇပြောင်း သားရဲများဘက်မှ သတင်းများ ထွက်ပေါ်လာသည်။ ထိုညက ချီရှမြို့တော်၏ မြို့စားသစ် မုန့်ရှင်းဟိုင်က ဤဒေသကို ဖြတ်သန်းသွားပြီး တောင်ထဲသို့ ဝင်ကာ တောင်ပိုင်ရှင်အိုကြီးကို တွေ့ဆုံခဲ့ကြောင်း ဖြစ်သည်။
ထို့နောက် ချင်းစုန်းမြို့နယ်မှ လူအချို့ကလည်း ထိုညက နတ်လမ်းစဉ် ကျင့်ကြံသူ တစ်ဦးက ရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တောင်စောင့်သမား နှစ်ဦးကို ခေါ်ဆောင်ကာ တည်းခိုခန်းတွင် ဝင်ရောက် တည်းခိုသွားကြောင်း ပြောဆိုလာကြသည်။
"ဒီမြို့စားသစ်က အရမ်း အစွမ်းထက်တာပဲ နောက်ပိုင်း သူနဲ့ ဆက်ဆံတဲ့အခါ သတိထားရမယ်"
"နတ်လမ်းစဉ် ကျင့်ကြံသူတွေလည်း ဝင်ပါနေတာလား အင်း ကြားရတဲ့ သတင်းတွေအရတော့ မုန့်ရှင်းဟိုင်က ငှက်မွေးအဝတ်အစား ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက်နဲ့ အတူတူ လျှောက်သွားနေတာ တွေ့ရတယ်ဆိုတော့ သူတို့ ဖြစ်ဖို့ သေချာသလောက် ရှိသွားပြီ"
အချို့သော အဖွဲ့အစည်းများက ဤကိစ္စကို စဉ်းစားနေကြသည်။ သူတို့က ရွှေကြက်မတောင်ကုန်း၏ သေရေးရှင်ရေးကို ဂရုမစိုက်ကြဘဲ မြို့စားသစ် မုန့်ရှင်းဟိုင်က ဘယ်လို လူစားမျိုးလဲ ဆိုတာကိုသာ လေ့လာနေကြခြင်း ဖြစ်သည်။
လီချင်းယွဲ့လည်း ဤကိစ္စကို အာရုံစိုက်နေပြီး ချွေချုံဟယ် ထိုကိစ္စကို လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းနှင့် ၎င်းမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သိရှိလိုသော်လည်း ထိုသတင်းကြီးက သူမ၏ ခေါင်းပေါ်သို့ ကျရောက်လာမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
သူမက မျက်မြင်သက်သေ ဖြစ်ပြီး ဘယ်သူ ကျူးလွန်ခဲ့သည်ကို သိထားသော်လည်း ရလဒ်အနေဖြင့် တိုက်ရိုက်ပင် အပြစ်ပုံချခံလိုက်ရသည်။
အရေးအကြီးဆုံးမှာ မုန့်ရှင်းဟိုင်ပင် အပြစ်ပုံချခံလိုက်ရပြီး မြို့စားသစ်က အလွန် အစွမ်းထက်ကာ ဆက်ဆံရန် ခက်ခဲကြောင်းနှင့် အရာရှိသစ်က အစပိုင်းတွင် ကောက်ရိုးမီးလို အားပြင်းပြင်းနဲ့ အလုပ်လုပ်တတ်ရာ ရွှေရောင် ဓားပြများကို ပစ်မှတ်ထားမည် ဖြစ်ကြောင်း အဖွဲ့အစည်း အသီးသီးက ယူဆသွားကြခြင်း ဖြစ်သည်။
"ဦးလေးမုန့် တကယ်ကို အားနာပါတယ် ကျွန်မအတွက် အမည်းနဲ့ အဖြူရောင် တောင်တန်းကြီးကို သွားပြီး ယင်ယန် ဆေးဘက်ဝင်အပင်ကြီး သွားတောင်းပေးတာကို တခြားသူတွေက ဦးလေးကို အထင်လွဲသွားကြပြီ..."
လီချင်းယွဲ့က တောင်းပန်သော အမူအရာ ပြသလိုက်သည်။
ရွှေကြက်မတောင်ကုန်းကို သုတ်သင်ခြင်းက ကိစ္စသေးလေး ဖြစ်ပြီး သူတို့က တကယ်ကို အသတ်ခံထိုက်သူများ ဖြစ်သော်လည်း အဖွဲ့အစည်း အသီးသီးက မုန့်ရှင်းဟိုင်၏ စရိုက်နှင့် ရှေ့ဆက် လုပ်ဆောင်မည့် အစီအစဉ်များကို မှားယွင်းစွာ ခန့်မှန်းသွားခြင်းက ဂယက်ရိုက်ခတ်မှု သေးငယ်မည် မဟုတ်ချေ။
မုန့်ရှင်းဟိုင်က အစိမ်းရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး အသက် သုံးဆယ့်ခုနစ်၊ ရှစ်နှစ် အရွယ်ခန့် ရှိကာ စာပေပညာရှင် တစ်ဦးနှင့် တူသော်လည်း သူ၏ စကားများက အလွန် အစွမ်းထက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး မြို့စားလင်ရွှီနဲ့ ငါက စာတွေ အပြန်အလှန် ပို့ပြီး ဆက်သွယ်ဖူးပါတယ် မူလက သူက ရွှေကြက်မတောင်ကုန်းကနေတစ်ဆင့် ရွှေရောင် ဓားပြတွေကို မျှားခေါ်ပြီး သတ်ဖြတ်ချင်နေတာ ငါလည်း ဒီကိစ္စကို လုပ်ချင်နေတာမို့ တခြားသူတွေ အထင်လွဲမှာကို မကြောက်ပါဘူး"
ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သည်။
"ငါ တောင်ပိုင်ရှင်ဆီက ရခဲ့တာက အမည်းနဲ့ အဖြူရောင် သစ်ပင်ရဲ့ သစ်ကိုင်းတွေပဲ လင်ရွှီဆီမှာ အမြစ်တွေ ရှိသေးတယ် နောက်မှ ငါ မင်းအတွက် သွားတောင်းပေးမယ်"
"ကျေးဇူးတင်ပါတယ် ဦးလေးမုန့်"
"ဒါနဲ့ ဘာတွေ အားနာနေတာလဲ တကယ်တော့ ဒီလို ကိစ္စမျိုးက မင်း မိသားစု ဒါမှမဟုတ် မင်းရဲ့ ဆရာက စကားတစ်ခွန်း ပြောလိုက်တာနဲ့ ဖြေရှင်းလို့ ရတဲ့ ကိစ္စပါ"
လီချင်းယွဲ့က ခေါင်းခါကာ ပြောလိုက်သည်။
"ယင်ယန် ဆေးဘက်ဝင်အပင်က နတ်လမ်းစဉ် ကျင့်ကြံသူတွေအတွက် အရမ်း အရေးကြီးတယ် အခု အစွမ်းထက် ဂိုဏ်းကြီး တစ်ခုတည်းက မျက်စိကျနေတာ မဟုတ်ဘူး စာရေးပြီး တောင်းတဲ့သူတွေလည်း ရှိသလို၊ လူလွှတ်ပြီး လာယူခိုင်းတဲ့သူတွေလည်း ရှိတယ် တစ်လှမ်း နောက်ကျသွားရင် သူများနောက် ရောက်သွားပြီး အလကား လာရသလို ဖြစ်သွားနိုင်တယ်"
မုန့်ရှင်းဟိုင်က ပြောလိုက်သည်။
"မင်းတို့ရဲ့ လမ်းကြောင်းက လူတွေကို အားကျစေတယ် တကယ်ကို တောက်ပလွန်းတယ် တခြား လမ်းကြောင်းတွေနဲ့ ယှဉ်လို့မရဘူး နောက်နှစ်အနည်းငယ် ကြာရင် မင်း ငါ့ကိုတောင် ကျော်သွားလောက်တယ်"
...
ရွှေကြက်မတောင်ကုန်း ပျက်စီးသွားခြင်းက ကဏ္ဍစုံတွင် သက်ရောက်မှုများ ရှိစေခဲ့ပြီး အဖွဲ့အစည်းကြီးများမှသည် ဒေသခံ အဖွဲ့အစည်းများအထိ မတူညီသော တုံ့ပြန်မှုများ ရှိကြသည်။
ဥပမာအားဖြင့် မျက်လုံးသုံးလုံး ဂိုဏ်းက ပုံမှန်မဟုတ်ဘဲ အနီးအနားတွင် မျိုးဗီဇပြောင်း သားရဲများ သောင်းကျန်းနေခြင်း ရှိမရှိ ရွာများသို့ လူလွှတ်၍ မေးမြန်းကာ သူတို့က ကူညီ ဖြေရှင်းပေးနိုင်ကြောင်း ပြောဆိုလာပြီး အလွန် သဘောကောင်းနေကြသည်။
ထိုမျှသာမကဘဲ သူတို့က အခက်အခဲဆုံး ရွာအချို့ကို စားနပ်ရိက္ခာများ ပို့ဆောင်ပေးကာ ကူညီ ထောက်ပံ့ပေးနေကြသည်။
လူအများ၏ ပထမဆုံး တုံ့ပြန်မှုက မျက်လုံးသုံးလုံး ဂိုဏ်း ရူးသွားပြီလား ဆိုသည်ပင် ဖြစ်သည်။ ခေါင်းပုံမဖြတ်တာက ထားလိုက်တော့ ဘယ်လိုလုပ်ပြီး ပြန်လည် ကူညီ ထောက်ပံ့နေရတာလဲ။
အလျင်အမြန်ပင် လူများက သဘောပေါက်သွားကြသည်။ ဒေသခံ မျက်လုံးသုံးလုံး ဂိုဏ်းမှ အထက်လူကြီးများ ကြောက်လန့်သွားကြပြီး ရွှေကြက်မတောင်ကုန်းကဲ့သို့ ဖျက်ဆီးခံရမည်ကို စိုးရိမ်သဖြင့် ယခုအခါ နာမည်ကောင်း အချို့ ရရှိအောင် လုပ်ဆောင်ကာ မိမိကိုယ်ကို ကာကွယ်ချင်နေကြခြင်း ဖြစ်သည်။
"ငါ မင်းတို့ကို ပြောမယ် အဲဒီနေ့က ရွှေကြက်မတောင်ကုန်းကို ဖျက်ဆီးခဲ့တဲ့ သူရဲကောင်းကြီးက တခြား တစ်ယောက်ပဲ သူက ခရမ်းရောင် လျှပ်စီးသားရဲကို စီးပြီး ကောင်းကင်ကို ခွဲဖြဲနိုင်တဲ့ လှံရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားတာ တကယ်ကို ရဲရင့်ပြီး ခန့်ညားလွန်းတယ် တစ်ယောက်တည်းနဲ့ အဲဒီ သူခိုးဓားပြတွေကို သတ်ပြီး ရွှေကြက်မအိုကြီးကိုလည်း ခုတ်သတ်ခဲ့တာ သူက ငါတို့ ချင်းစုန်းမြို့နယ်ကိုတောင် လာခဲ့သေးတယ် မျက်လုံးသုံးလုံး ဂိုဏ်းက အဖွဲ့ဝင် အားလုံး ညတွင်းချင်း ထွက်ပြေးရလောက်အောင် ကြောက်သွားကြတာ"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က အလွန် ယုံကြည်ရသော သတင်းတစ်ပုဒ်ကို ဖော်ထုတ်လာခဲ့သော်လည်း ဆက်လက် တူးဖော်ရန် အလွန် ခက်ခဲသွားပြီ ဖြစ်ပြီး သဲလွန်စ အားလုံးက စောစောကတည်းက ပြတ်တောက်နေပြီ ဖြစ်သည်။
လူအချို့က မျိုးဗီဇပြောင်း သားရဲများဘက်ကို ဆက်သွယ်ရန် ကြိုးစားကြပြီး ခရမ်းရောင် လျှပ်စီးသားရဲ အကြောင်းကို စုံစမ်းလိုကြောင်း ကြားသောအခါ အချို့သော တောင်ပေါ် သားရဲများက ချက်ချင်း မျက်နှာပျက်သွားကြပြီး ထိုကိစ္စတွင် လုံးဝ မပါဝင်ချင်ကြချေ။
ထိုခရမ်းရောင် လျှပ်စီးသားရဲက တကယ်ပဲ နောက်ခံ အလွန် ကြီးမားကြောင်း လူများက သတိပြုမိသွားကြသည်။
"ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ ဒီစောက်ပြဿနာက ပြီးသေးဘူးလား ငါ့ရဲ့ အမည်းစက် သမိုင်းကြောင်း တစ်ခု ဖြစ်လာရတော့မှာလား"
တောင်ကြီးထဲတွင် ခရမ်းရောင် လျှပ်စီးသားရဲက ဒေါသပေါက်ကွဲသွားပြီး အဖြူရောင် ဇီးကွက်ကို ထပ်မံ ခေါ်ယူကာ ထိုအပြင်လူ၏ သဲလွန်စ ရပြီလားဟု မေးမြန်းလိုက်ပြီး မရသေးလျှင် အလျင်အမြန် လူအင်အား ထပ်တိုးရန် ပြောလိုက်သည်။
ဇီးကွက်က ပြန်ဖြေလိုက်သည်။
"အမည်းနဲ့ အဖြူရောင် တောင်တန်းကြီးက ငါတို့ရဲ့ ပိုင်နက် မဟုတ်တော့ စုံစမ်းဖို့ အချိန်လိုသေးတယ်"
...
ချင်မင်က ရွှံ့ဝါလက်ဝါးကို အဆက်မပြတ် လေ့ကျင့်နေခဲ့ရာ အစပိုင်း အောင်မြင်မှုသာ မဟုတ်တော့ဘဲ အတိုင်းအတာ တစ်ခုအထိ ကျွမ်းကျင်နေပြီ ဖြစ်ပြီး ပျော့ပျောင်းသော စွမ်းအားများ လည်ပတ်ကာ ကောင်းကင်အလင်း စွမ်းအားများ ပေါက်ကွဲထွက်လာသောအခါ အလွန် ကြောက်စရာကောင်းလှသည်။
သူက နွားရိုင်း တစ်ကောင်ကို ရှာ၍ စမ်းသပ်ကြည့်ရာ ညာဘက်လက်ဖြင့် ညင်သာစွာ တစ်ချက် ရိုက်လိုက်သောအခါ ၎င်း၏ မာကျောသော သားရေအောက်ရှိ သွေးသားများ၊ ကလီစာများနှင့် အရိုးများ အားလုံး အလျင်အမြန် ဖျက်ဆီးခံလိုက်ရပြီး အားလုံး ကြေမွသွားကြသည်။
"သိုင်းစမ်းဖို့ မသင့်တော်ဘူး တစ်ချက် ထုတ်လိုက်တာနဲ့ သေကြေ ဒဏ်ရာရနိုင်တယ်"
ချင်မင်က တိုးတိုးလေး ပြောလိုက်သည်။
သူ အမျှော်လင့်ဆုံးက ကမ္ဘာမြေ၏ စွမ်းအင်များနှင့် ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာမည့် ရွှံ့ဝါလက်ဝါး ဖြစ်ပြီး ၎င်းကမှ သူ အမှန်တကယ် ကျွမ်းကျင်ချင်သော ထိပ်တန်း သိုင်းကွက် ဖြစ်သည်။
မထွက်ခွာမီတွင် ချင်မင်က ရှေးဟောင်း စာအုပ် တစ်အုပ်၊ နှစ်အုပ်ခန့် ထပ်မံ ရှာဖွေချင်သေးရာ အဘိုးကြီးလျူကို ကူညီ စုံစမ်းပေးရန် အကူအညီ တောင်းလိုက်သည်။ ကျဆင်းနေသော မိသားစု တစ်စု တကယ် ရှိနေသော်လည်း ဈေး အရမ်း ခေါ်လွန်းနေသည်။ ဝူမိသားစုက နေ့ရွှေဒင်္ဂါး ဆယ့်ငါးပြားဖြင့် ရောင်းချခဲ့ကြောင်း သိရှိပြီးနောက် သူတို့က နေ့ရွှေဒင်္ဂါး ငါးဆယ်ပြား အထိ တောင်းဆိုနေကြသည်။
"အဘိုး သူတို့ရဲ့ ကောင်းကင်အလင်း စွမ်းအားက ဘယ်အမျိုးအစားလဲ ဆိုတာ စုံစမ်းကြည့်ပါဦး"
အဘိုးကြီးလျူက ပြန်ဖြေလိုက်သည်။
"စုံစမ်းစရာ မလိုပါဘူး ဆူးချွန်စွမ်းအား ဆိုတာ လူတိုင်း သိကြတယ် တကယ်ကို အရမ်း အစွမ်းထက်ပေမယ့် ဈေးက အရမ်း ကြီးလွန်းတယ်"
"သူတို့က နေ့ရွှေဒင်္ဂါး တစ်ပြားအထိ ဈေးချပေးရင်တောင် မကြည့်တော့ဘူး"
ချင်မင်က ပြောလိုက်သည်။
သူ အနည်းငယ် ဝမ်းနည်းမိသွားသည်။ ဒီဝေးလံခေါင်ဖျားသော ဒေသတွင် ကျင့်စဉ်များ အကန့်အသတ် ရှိပြီး စာအုပ်အနည်းငယ်သာ ပျံ့နှံ့နေကြောင်း တကယ်ပဲ မှန်ကန်လှသည်။ ဆူးချွန်စွမ်းအား ဆိုသည်ကို သူ စောစောကတည်းက လေ့ကျင့်ပြီးနေပြီ ဖြစ်ပြီး ၎င်းက ဓားသိုင်းစာအုပ်ထဲတွင် ရူလိုင်စွမ်းအားကို မလေ့ကျင့်နိုင်တာ နာကြည်းစရာပဲဟု ရေးသားခဲ့သော မုတ်ဆိတ်မွေးများနှင့် လူသန်ကြီးက အခက်အခဲများစွာကို ဖြတ်ကျော်ပြီးမှ ရှာဖွေတွေ့ရှိခဲ့သော စွမ်းအား တစ်မျိုး ဖြစ်သည်။
နှစ်ရက် ကြာပြီးနောက် ချင်မင်က ခရီးဝေး ထွက်ရန် ပြင်ဆင်လိုက်ပြီး လူအများအပြားကို အသိပေးရန် မရည်ရွယ်ချေ။ မထွက်ခွာမီတွင် သူက ဘေးအိမ်ရှိ ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။
လုကျယ်က မီးမြွေသားကို စားပြီးနောက် ဒဏ်ရာများ အလျင်အမြန် သက်သာလာရုံသာမက ပထမဆုံး အကြိမ် ဘဝသစ် ရရှိသွားပြီ ဖြစ်သည်။
ချင်မင်က သူ၏ မြေအောက်ခန်းထဲတွင် နှစ်ကြိမ် မျိုးဗီဇပြောင်းထားသော မီးမြွေ တစ်ကောင်ကို ခဲထားပေးသေးကြောင်းနှင့် နွေဦးပေါက်၍ ပန်းများမပွင့်မီ စားသုံးရန် သတိရဖို့ ပြောလိုက်သည်။ အကယ်၍ ပါရမီ အရမ်း မညံ့ဘူးဆိုလျှင် ဒုတိယအကြိမ် ဘဝသစ် ရရှိနိုင်လောက်သည်။
ထိုစဉ်က ချင်မင်က မြွေကြီး နှစ်ကောင်နှင့် မြွေငယ် ခြောက်ကောင် ယူလာခဲ့ပြီး မြွေကြီး တစ်ကောင်ကိုပင် အကုန် မစားရသေးဘဲ အဘိုးကြီးလျူကိုလည်း အသားဟင်းချို အနည်းငယ် ခွဲပေးကာ ဒဏ်ရာများ သက်သာအောင် ကူညီပေးခဲ့သည်။
လုကျယ် ဇနီးမောင်နှံက အလွန် အံ့ဩသွားကြပြီး ထိုစဉ်က တောင်စောင့်အဖွဲ့ကို ဘယ်သူက သုတ်သင်ခဲ့သလဲ ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
"ရှောင်ချင် မင်း တကယ် သွားတော့မလို့လား"
သူတို့က အလွန် နှမြောနေကြသည်။
ချင်မင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော် အဝေးကို သွားပြီး လေ့လာကြည့်ချင်လို့"
"ဦးလေး သားတို့ဆီ ပြန်လာဦးမှာလား"
ဝင်ရွှေ့က မျက်ရည်များ သုတ်ကာ သူ့ကို ဖက်ထားပြီး မလွှတ်ပေးချင်ချေ။
အသက် နှစ်နှစ်ကျော် အရွယ်ရှိ ဝင်ဟွေက စကား သိပ်မပီသေးသော်လည်း သူ ထွက်သွားတော့မည်ကို သိရှိကာ မော့ကြည့်၍ ဦးလေးဟု မပီကလာ ပီကလာဖြင့် ခေါ်နေသည်။
"ပြန်လာမှာပါ"
ချင်မင်က ကလေးနှစ်ယောက်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
မခွဲခွာမီတွင် သူက ကိုယ်တိုင် ကူးယူထားသော ကျင့်စဉ် အချို့ကို လုကျယ်ကို ပေးလိုက်ပြီး သေသေချာချာ လေ့ကျင့်ရန်နှင့် နောက်ပိုင်းတွင် ဝင်ရွှေ့ကိုလည်း သင်ပေးရန် ပြောလိုက်သည်။
"အလင်းနှင့် ဖုန်မှုန့် ကျင့်စဉ်ကို အရင်ဆုံး သေသေချာချာ လေ့ကျင့်ထားပါ အကယ်၍ အစ်ကိုက အချိန်တိုအတွင်းမှာ ဒုတိယအကြိမ် ဘဝသစ် ရသွားရင် ဖုံးကွယ်ထားဖို့ ကူညီပေးနိုင်တယ်"
ချင်မင်က သူတို့ကို လိုက်ပို့ခွင့် မပြုဘဲ ကျောက်စိမ်းဖြူ သံမဏိဓားကို လွယ်ကာ အလွန် မြန်ဆန်သော အရှိန်ဖြင့် ရွာအပြင်ဘက်သို့ ပျောက်ကွယ်သွားခဲ့သည်။
အဘိုးကြီးလျူက အဝေးရှိ နှင်းပြင်ထဲတွင် စောင့်နေပြီး ဤနေရာမှ တမင် လာရောက် လိုက်ပို့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဧရာမ မျိုးဗီဇပြောင်း သားရဲငှက်ကြီး တစ်ကောင်က ချွေဟုန်နှင့် အဝတ်အစားများ လှပ သပ်ရပ်စွာ ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦးကို တင်ဆောင်ကာ ညမြူခိုးများကို ဖောက်ထွင်း၍ အဆုံးအစမရှိ ကျယ်ပြန့်သော မြေပြင်ကို ဖြတ်ကျော်ကာ အမည်းနှင့် အဖြူရောင် တောင်တန်းကြီး ဒေသသို့ ရောက်ရှိလာပြီး ကောင်းကင်ယံတွင် တစ်ပတ် ကြီးကြီး လှည့်ပတ်ပြီးနောက် ယင်ထိန်မြို့နယ် အပြင်ဘက်ရှိ နှင်းပြင်ထဲသို့ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။