← Chapters

စမ်းသပ်ခြင်း

Vol. 6 Ch. 552

စမ်းသပ်ခြင်း

Vol. 6 Ch. 552

နောက်တစ်နေ့ ထပ်မံကုန်ဆုံး သွားခဲ့လေသည်။

လူငယ်လေးသည် အဘယ့်ကြောင့် ဤနေရာတွင် လာရောက် ဒူးထောက်နေရသည် ဆိုသည့် အချက်ကိုပင် သူကိုယ်တိုင် စဉ်းစားမရတော့ပေ။ သို့သော် သူသည် လုံးဝ မတ်တတ် ထမရပ်ဘဲ ဒူးထောက်နေဆဲ ဖြစ်လေသည်။

သူက ခန္ဓာကိုယ်ကို လှုပ်ရှား ကြည့်လိုက်သည့် အခါတွင်တော့ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ထုံကြဉ်နေပြီး တစ်ချက်မှ လှုပ်ရှား၍ မရတော့ပေ။

နောက်ပိုင်းတွင်တော့ သူသတိလစ် သွားရလေတော့သည်။

အချိန်မည်မျှ ကြာသွားပြီလည်း မသိပါ။

လူငယ်လေး သတိရလာသည့် အခါတွင်တော့ သူ့တစ်ကိုယ်လုံး ပူနွေးသည့် ရေများဖြင့် စိုရွှဲ နေလေသည်။ ရေပူစမ်းလေး တစ်ခုအတွင်းသို့ ရောက်နေသည့် အလားပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် သူ့မျက်နှာတွင်လည်း စေးကပ်ကပ် ဖြစ်နေသလို ခံစားလိုက်ရ လေသည်။

သူက မျက်လုံးများကို တဖြည်းဖြည်း ဖွင့်ကြည့် လိုက်လေသည်။

ထိုအခါ…

သူပထမဆုံး မြင်တွေ့လိုက်ရသည့် အရာမှာ… ပါးစပ်ကြီး တစ်ခုအတွင်းမှ ထွက်လာသည့် လျှာရဲရဲကြီး တစ်ခု ဖြစ်လေတော့သည်။

လျှာရဲရဲကြီးက ပါးစပ်ကြီး အတွင်းသို့ ပြန်ဝင်သွားပြီး ပါးစပ်ကြီး ပိတ်သွားလေသည်။

ထိုအခါ ကျားနက်ကြီး တစ်ကောင်၏ ဦးခေါင်းကို လူငယ်လေး မြင်တွေ့ လိုက်ရလေသည်။ ကျားနက်ကြီးကို မြင်လိုက်ရ သည်နှင့် သူ့စိတ်တစ်ခုလုံး ဗလာကျင်းသွားသလို ခံစား လိုက်ရလေသည်။ ကြောက်ရွံ့မှုနှင့် အတူ ခေါင်းများပင်မူးဝေ လာရတော့သည်။

“မင်း သတိရလာပြီလား၊ အင်္ကျီဝတ်ပြီးရင် ငါနဲ့လိုက်ခဲ့…”

ကျားနက်ကြီးက လူသားတစ်ယောက်ကဲ့သို့ စကား ပြောလိုက်လေသည်။ သူ၏အသံက သတ္တုသံကဲ့သို့ သြသြကြီး ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။

လူငယ်လေးမှာ တဖြည်းဖြည်း အကြောက် ပြေလာလေသည်။ နောက်ဆုံးတော့ တာအိုကျင့်စဉ်များ သင်ကြားရန် အတွက် ချင်းရွှမ်ဂူတွင် နတ်ဘုရားဆရာကို လာရောက် ရှာဖွေသည့် အကြောင်းကို ပြန်အမှတ်ရလာမိသည်။ သူ့ရှေ့မှ ကျားနက်ကြီးမှာ နတ်ဘုရားဆရာ၏ ဘေးတွင် နေလေ့ရှိသည့် ကျားနက်ကြီး ဖြစ်ကြောင်း မှတ်မိသွားလေသည်။

ထိုအခါ… လူငယ်လေးမှာ အလွန်ပျော်ရွှင် သွားလေတော့သည်။ နောက်ဆုံးတော့ နတ်ဘုရားနှင့် တွေ့ရတော့မည်။ ထို့ကြောင့် သူက အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဝတ်လိုက်လေသည်။

သူ့ကို ထည့်ထားသည့် ရေကန်ငယ်ကို ကြည့်လိုက်မိသည့် အခါတွင်တော့ ရေများက အနက်ရောင် ပြောင်းလဲ နေလေသည်။

လူငယ်လေး၏ ခန္ဓာကိုယ်မှာ ပေါ့ပါးနေပြီး လမ်းလျှောက်သည့် အခါ ပျံသန်းနေသည့် အလားပင် ထင်မှတ်ရလေသည်။

ကျားနက်ကြီးကတော့ စိတ်မရှည်သည့်ပုံဖြင့် နှာမှုတ်ရင်း သူ့ကို စောင့်နေလေသည်။ ထို့ကြောင့် လူငယ်လေးသည့် ကျားနက်ကြီးနောက်မှ အမြန်လိုက်ပါ သွားလေတော့သည်။ ဂူအတွင်း လမ်းအချိုး အကွေ့အနည်းငယ် ဖြတ်သန်းသွား ပြီးသည့် နောက်ကျောက်တုံး ခန်းမတစ်ခု အတွင်းသို့ သူတို့ ရောက်ရှိ လာကြလေသည်။

ထိုအခါ… လူငယ်လေးသည် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။ မီးအိမ်၊ မီးတုတ်များ၊ အခြားအလင်းရောင် ရစေသည့် ပစ္စည်းများ တစ်ခုမှ မရှိပါဘဲ အခန်းတစ်ခုလုံးမှာ နေ့ခင်းအချိန်အလား လင်းထိန် တောက်ပနေခြင်းပင် ဖြစ်လေသည်။

နတ်ဘုရားဆရာကို တွေ့လိုက်ရသည်နှင့် နတ်ဘုရား ကျောင်းတော်ထဲမှ ရုပ်တုနှင့် အလွန်ဆင်တူသည်ဟု လူငယ်လေးက တွေးလိုက်မိသည်။ ရုပ်တုနှင့် မတူသည့်အချက်မှာ သူ့ရှေ့မှ နတ်ဘုရား ဆရာသည် အသက်ရှင်နေခြင်းပင်။

လူငယ်လေးက ဆန်းလျန်ကို ရိုးရှင်းစွာပင် ဒူးထောက် ဂါရဝ ပြုလိုက်လေသည်။

"ကုကျူ၊ နတ်ဘုရားဆရာကို ဂါရဝပြုပါတယ်..."

"မင်း ဒီကို ဘာလာလုပ်တာလဲ”

ဆန်းလျန်က မေးလိုက်သည်။

ဆန်းလျန်၏ အသံက ကျယ်လောင်ခြင်း မရှိပါ။ သို့သော် လူငယ်လေး၏ စိတ်နှလုံးဆီသို့ တည့်တည့် ဝင်ရောက် သွားလေ၏။

"ကျွန်တော် တာအိုကျင့်စဉ်တွေ သင်ယူချင်လို့ပါ..."

"ကျုပ်မှာ ကိုယ်ပိုင် တာအိုကျင့်စဉ်လမ်း ရှိတယ်၊ မင်းမှာတော့မရှိဘူး၊ မင်းက ဘာကို သင်ယူချင်တာလဲ"

ဆန်းလျန်က လူငယ်လေးကို ဂရုမစိုက်သည့် ဟန်ဖြင့် အေးစက်စွာ ပြောလိုက်လေသည်။

ကုကျူသည် ခေတ္တခဏ တိတ်ဆိတ် ငြိမ်သက်သွားပြီးမှ ဆက်ပြောလိုက်သည်။

"ကျွန်တော်က နတ်ဘုရားဆရာလို ဖြစ်ချင်တာပါ၊ နတ်ဘုရားဆရာလိုမျိုး ကိုယ်ပိုင် တာအိုကျင့်စဉ် လမ်းကို လိုချင်ပါ တယ်"

"ဒါဆို မင်းက တာအိုကျင့်စဉ် သင်ယူချင်တာ မဟုတ်ဘူး၊ ဓမ္မကို သင်ယူချင်တာပဲ၊ ကျုပ်မှာ တာအိုကျင့်စဉ်လမ်း တစ်လမ်းပဲရှိတယ်၊ ဓမ္မလို့ ပြောမယ်ဆိုရင်တော့ များပြားလှတဲ့ ဓမ္မတွေ ရှိတယ်၊ ကျုပ်ရဲ့ တာအိုကျင့်စဉ်လမ်းကို မင်းကို လက်ဆင့်ကမ်းပေးလို့ မရနိုင်ဘူး၊ ဒါပေမဲ့ မင်း ချင်းရွှမ်ဂူရှေ့မှာ နှစ်ညတိတိ ဒူးထောက်နေခဲ့တဲ့ အတွက် ဓမ္မလမ်းစဉ်နှစ်ခုတော့ သင်ပေးနိုင်တယ်၊ သင်ပေးပြီးတာနဲ့ ဒီနေရာကနေ ချက်ချင်း ထွက်သွားရမယ်"

ဆန်းလျန်က ပြောလိုက်လေသည်။

ပြောပြီးသည်နှင့် ဆန်းလျန်က ကုကျူ၏ မျက်ခုံးနှစ်ခု ကြားနေရာသို့ လက်နှစ်ချောင်းဖြင့် ထောက်လိုက်လေသည်။ ကုကျူသည် ဗလာနယ် တစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် နတ်ဘုရား ဆရာများစွာကို မြင်တွေ့ရလေသည်။ နတ်ဘုရား ဆရာတစ်ယောက်က လေနှင့်မိုးကို ဖန်ဆင်းနေသည်။ နောက်တစ်ယောက်က တောင်ကိုပခုံး ထက်တွင် ထမ်းပြီး လမင်းရှိရာသို့ ပျံသန်းနေသည်။ တစ်ယောက်က လျှပ်စီးကဲ့သို့ လျှင်မြန်လွန်းပြီး နောက် တစ်ယောက်ကတော့ ရွှေရောင် ပဲစေ့များကို စစ်သည်တော်များအဖြစ် ပြောင်းလဲနေလေသည်။ များပြားလှစွာသော သဘာဝလွန် စွမ်းအားများကို ပြုလုပ်နေသည့် နတ်ဘုရားဆရာ၏ ပုံရိပ်ပေါင်း များစွာသည် ကုကျူရှေ့တွင် လှည့်လည် နေကြလေသည်။

ကုကျူမှာ သူ့မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ခေါင်းများပင် မူးဝေလာရလေသည်။

ထိုအချိန်မှာပင် မရေမတွက်နိုင်အောင် များပြားသည့် နတ်ဘုရား ဆရာများသည် အလင်းလုံးလေးများ အဖြစ် အသွင်ပြောင်းကာ ကုကျူရှိရာသို့ ပျံသန်း လာကြလေသည်။ လူငယ်လေးသည် ထိုအလင်းလုံးလေးများကို မထိရဲ မကိုင်ရဲ ဖြစ်နေမိလေသည်။

နတ်ဘုရားဆရာ၏ ပုံရိပ်များမှ ပြောင်းလဲသွားသည့် အလင်းလုံးများမှာ ပို၍ပို၍ များပြား လာလေသည်။

ကုကျူသည် တောင်ကိုထမ်းပြီး လမင်းဆီသို့ ပျံသန်းနေသည့် နတ်ဘုရားဆရာ၏ ပုံရိပ်ကို ရှာဖွေလိုက်သော်လည်း မတွေ့မြင်ရတော့ပေ။ သူသည် အလင်းလုံး တစ်လုံးစီကို ကိုယ်စားပြုသည့် နတ်ဘုရားဆရာ၏ ပုံရိပ်များကို မှတ်မိနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် ကြုံရာ အလင်းလုံးနှစ်လုံးကိုသာ ဖမ်းယူ ဆုပ်ကိုင်လိုက်လေတော့သည်။

ထိုဖမ်းယူလိုက်မိသည့် အလင်းလုံးနှစ်ခုမှာ “ရွှေရောင်ထိတွေ့ ကျင့်စဉ်” နှင့် “ဒြပ်စင်ငါးမျိုး လွှတ်ခြင်းကျင့်စဉ်” များဖြစ် လေသည်။

ထို့နောက်တွင်တော့ သူသည် ဗလာနယ်ထဲသို့ မျောလွင့်သွားပြီး တောင်ခြေသို့ ပြန်လည် ရောက်ရှိ သွားလေတော့သည်။

စောစောက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အားလုံးသည် အိပ်မက် ပမာပင် ဖြစ်လေသည်။

သို့သော် … သူ့နားထဲတွင် ဆန်းလျန်၏ အသံကို ကြားလိုက်ရသည်။

“နောက်ဆို တောင်ပေါ်ကို ဘယ်တော့မှ မလာခဲ့နဲ့တော့၊ မင်းရသွားတဲ့ တန်ခိုးစွမ်းအားတွေ ဘယ်နေရာက ရခဲ့တာလဲ ဆိုတာကိုလည်း ဘယ်သူ့ကိုမှ ပြောမပြနဲ့၊ မဟုတ်လို့ကတော့ ဘယ်လောက်ပဲ ဝေးနေပါစေ မင်းကိုအလွတ် ပေးမှာမဟုတ်ဘူး၊ ကျုပ်ပြောတဲ့ စကားတွေကို စိတ်ထဲမှာ သေသေချာချာ မှတ်ထားပါ”

ကုကျူသည် ဆန်းလျန်၏ အသံကို စိတ်ထဲတွင် ပြတ်ပြတ်သားသား ကြားလိုက်ရလေသည်။

သူသည် ဆန်းလျန်၏ တရားဝင် တပည့်တစ်ယောက် ဖြစ်ခွင့် မရခဲ့သည့်တိုင် တန်ခိုးစွမ်းအား ကျင့်စဉ်နှစ်ခုကို ရရှိခဲ့ လေသည်။ သူက ဆရာဖြစ်သူကို ကျေးဇူးတင်သည့် အနေဖြင့် ချင်းရွှမ်ဂူတည်ရှိရာ အရပ်ဆီသို့ ဦးညွတ်ဂါရဝပြု လိုက်ပြီးနောက် တောင်ခြေမှ ထွက်ခွာ လာခဲ့လေတော့သည်။

ချင်းရွှမ်ဂူထဲတွင်တော့ ကျားနက်ကြီးက စိတ်ရှုပ်ထွေးစွာဖြင့် ဆန်းလျန်ကို မေးလိုက်လေသည်။

“သခင်လေးက သူ့ကို တပည့်အဖြစ် မွေးမယ်ထင်တာ၊ ခုတော့ တန်ခိုးစွမ်းအားလေး နှစ်ခုလောက်ပဲ သင်ပေးပြီး ပြန်လွှတ်လိုက်တယ်၊ ဘာဖြစ်လို့လဲဟင်…”

ဆန်းလျန်က…

“မင်းကလည်း ခုတလော သိပ်အမေးအမြန်းထူတာပဲ…”

ကျားနက်ကြီးက သခင်လေး စိတ်ဆိုးသွားသည်ထင်ပြီး မော့ကြည့် လိုက်လေသည်။ သို့သော် သခင်လေးကပြုံးနေ သည်ကို မြင်တွေ့လိုက်ရလေသည်။

ဆန်းလျန်က…

“တကယ်တော့ မင်းအမေးအမြန်း ထူနေတာဟာ သိချင်စိတ်ရှိလို့ပဲ မဟုတ်လား၊ ဒါကောင်းတဲ့ အချက်ပါပဲ၊ နေ့တိုင်း စားလိုက်အိပ်လိုက်နဲ့ ဘာကိုမှ စိတ်မဝင်စားတာထက် ဆာရင် ကောင်းတဲ့အချက်ပဲ”

ထိုအခါမှ ကျားနက်ကြီးမှာ စိတ်သက်သာရာ ရသွားလေသည်။ သူက ဆရာဖြစ်သူအတွက် စိတ်ပျက်စရာ ကောင်းသူ တစ်ယောက် အဖြစ်မခံနိုင်ပေ။

ကျားနက်ကြီးက…

“ဒါဖြင့် ဘာဖြစ်လို့လဲဆိုတာ ပြောပြပါလား…”

ဆန်းလျန်က ပေါ့ပေါ့ပါးပါး လေသံဖြင့်…

“မင်း ကျုပ်နောက်လိုက်နေတာပဲ ကြာလှပြီ၊ ကိုယ့်သခင်အကြောင်း နားမလည် သေးဘူးလား၊ ကျုပ်ကို ပေါ့သေးသေး လူတစ်ယောက်လို့များ ထင်နေလား၊ ကျုပ်က အရမ်း ကျော်ကြားတဲ့ နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုကနေ ဆင်းသက်လာတဲ့ လူတစ်ယောက်ပဲ၊ ပြီးတော့ တန်ခိုးစွမ်းအား အမြင့်မားဆုံး နတ်ဘုရားတွေထဲမှာလည်း တစ်ပါး အပါအဝင်ပဲ၊ ကျုပ်တို့ရဲ့ နတ်ဘုရား ကျောင်းတော်ကြီးမှာ တပည့်တွေကို ရွေးချယ်တဲ့အခါ အရည်အသွေးထက် စိတ်နှလုံးကိုပိုပြီး ဦးစားပေးတယ်၊ ကုကျူရောက်လာတော့ သူ့ကို ကျုပ်စစ်ဆေးခဲ့တယ်၊ သူက နှင်းတောထဲမှာ နှစ်ရက်နဲ့နှစ်ညတိတိ ဒူးထောက်နေတာဆိုတော့ ဇွဲတော့အတော်ကြီးတယ်၊ ဒါပေမယ့် မလုံလောက်သေးဘူး၊ သူ့ရဲ့စိတ်နှလုံးကိုလည်း စစ်ဆေးဖို့လိုအပ်တယ်”

ကျားနက်ကြီးက ယခုမှ သဘောပေါက်သွားဟန်ဖြင့်…

“ဒါဆို သခင်လေးက သူ့ရဲ့စိတ်နှလုံးကို စစ်ဆေးချင်တာပေါ့”

ထိုသို့ပြောပြီးသည်နှင့် ကျားနက်ကြီးသည် သူ့အကြောင်းသူ ပြန်စဉ်းစား လိုက်မိလေသည်။ သူသည် အစားသာ အများကြီးစားပြီး အလုပ်ကျတော့ ကောင်းကောင်းလုပ်ချင်သူ မဟုတ်ပေ။ ထို့ကြောင့် သူလည်း သခင်ဖြစ်သူ၏ စစ်ဆေးခြင်း ခံရသည့်အခါ မည်သို့ အဖြေထွက်ပါမည်နည်း။ သူသာ စိတ်နှလုံးကို စစ်ဆေးခြင်းတွင် ကျရှုံးခဲ့ပါက သခင် ဖြစ်သူသည် သူ့ကို စွန့်ပစ်ခဲ့လေမည်လား။ ထိုသို့စဉ်းစားမိသည့်အခါ ကျားနက်ကြီးသည် စိတ်မသက်မသာခံစား လိုက်ရလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“အမှန်ပဲ… အခု သူက “ရွှေရောင်ထိတွေ့ ကျင့်စဉ်” နဲ့ “ဒြပ်စင်ငါးမျိုး လွှတ်ခြင်းကျင့်စဉ်” တွေကို ရသွားပြီ၊ အဲဒီ ကျင့်စဉ်တွေထဲမှာ ကျုပ်ရဲ့ဓမ္မ အဓိပ္ပာယ်တွေကို ထည့်သွင်း ပေးထားတယ်၊ ဒါကြောင့် အချိန်တိုအတွင်းမှာ လွယ်လွယ်နဲ့ ကျင့်ကြံနိုင်လိမ့်မယ်၊ အဲဒီ တန်ခိုးစွမ်းအား နှစ်ခုရသွားတဲ့ အခါ သူဘာတွေ လုပ်မလဲဆိုတာ ကျုပ်စောင့်ကြည့်ချင်တယ်”

ကျားနက်ကြီးက…

“သခင်လေးက အရမ်းဉာဏ်ကောင်းတာပဲ၊ ဒီနည်းလမ်းနဲ့ သူ့ရဲ့စိတ်နှလုံးကို စစ်ဆေး လိုက်တာပေါ့၊ ကျွန်တော်သာ ဆိုရင် သခင်လေးလိုမျိုး တွေးမိမှာတောင် မဟုတ်ဘူး”

ဆန်းလျန်က…

“ကျုပ်ကို မြှောက်နေတာတွေ ရပ်စမ်း၊ နောက်ပိုင်း နတ်ဘုရား ကျောင်းတော်ကို ပြန်တဲ့အခါ မင်းကို ခေါ်သွားရမလား ခေါ်မသွားရဘူးလား ဆိုတာ ဆုံးဖြတ်ဖို့ မင်းကိုလည်း ဒီလိုမျိုး စမ်းသပ်မှု ပြုလုပ်ရမှာပဲ”

ကျားနက်ကြီးသည် အလွန်မှ ဝမ်းနည်းကြေကွဲသည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို စိုက်ကြည့် လိုက်လေသည်။ သူ့ကို စွန့်ပစ်မသွားရန် ဆန်းလျန်ကို တောင်းပန် နေသကဲ့သို့ ဖြစ်လေသည်။

ဆန်းလျန်က…

“ကျုပ်ရဲ့ကျောင်းတော်မှာ အခြားစီးတော်ယာဉ် နှစ်ကောင်ရှိသေးတယ်၊ ခုလောက်ဆိုရင် သူတို့တွေက နတ်နဂါးတွေတောင် ဖြစ်နေလောက်ပြီ၊ မင်းရဲ့ ကျင့်ကြံမှု လေးလောက်နဲ့ဆိုရင် ကျုပ်တော့ သူတို့ရှေ့မှာ အရှက်ကွဲ မှာပဲ၊ မင်းသာ စမ်းသပ်မှုကို မအောင်မြင်ရင်တော့ ကျုပ်နဲ့ ကျောင်းတော်ကိုလိုက်ခဲ့ဖို့ တွေးတောင်မတွေးလေနဲ့…”

ကျားနက်ကြီးမှာ နတ်မြင်းပျံစုတ်ကြီး အပြင် သူ၏ ပြိုင်ဘက်အဖြစ် နတ်နဂါးနှစ်ကောင် ရှိလိမ့်ဦးမည်ဟု ထင်မှတ်မထား ခဲ့မိပေ။ ကျားနက်ကြီးမှာ မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားလိုက်ရပြီး အနာဂတ်တွင် သခင်လေးသည် သူ့ကို စွန့်ပစ်ခဲ့တော့မည်ဟုသာ တွေးနေ မိလေတော့သည်။

မိမိမှာ စိတ်ထားကောင်းသည့် ကျားတစ်ကောင် ဖြစ်ရကား သခင်လေးသာ သူ့ကို စွန့်ပစ်သွားပါက အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ဆိုးဆိုးဝါးဝါး ခံရပေတော့မည်။

အမလေး… ခက်ခဲလိုက်တဲ့ဘဝကြီး….။

ကျားနက်ကြီးသည် အကြီးအကျယ် စိတ်ဓာတ်ကျလျက် ရှိလေတော့သည်။

လေးသည်တော် ဖုန်းသည် မှော်ဆရာဝူဖိန်နေထိုင်သည့် တောင်ပေါ်သို့ ရောက်ရှိ လာလေသည်။

သို့သော်… လမ်းတစ်ဝက်မှာပင် ဝူဖိန်၏ တပည့်တစ်ယောက်နှင့် တွေ့ပြီး တောင်ပေါ်တွင် ဝူဖိန်မရှိကြောင်း ကြားသိခဲ့ရ လေသည်။ ဆရာဖြစ်သူသည် ဆေးပင်များ ရှာဖွေရန်အတွက် တောင်ပေါ်မှ ဆင်းသွားသည်ဟု ထိုတပည့်လေးက ဆိုလေသည်။

သို့သော် ဖုန်းကလည်း အလျင်မလိုပါ။ သူက တောင်အနီးအနား ပတ်ဝန်းကျင်တွင် ဝူဖိန်ပြန်လာသည် အထိ စောင့်နေရန်ဆုံး ဖြတ်လိုက်လေသည်။

ဆယ်ရက်ခန့် ကြာသည့် အခါတွင်တော့….

ဝူဖိန်ပြန်လာပြီ ဆိုသည့် အကြောင်းကို ဝူဖိန်၏ တပည့်လေးက ဖုန်းကို လာရောက် ပြောကြားလေသည်။

***

All Chapters