အခန်း (၅၇၉-၅၈၀)
Vol. 44 Ch. 579-580
အပိုင်း ၅၇၉ - ဓားမိစ္ဆာ သွေးမျိုးဆက်
"အင်မော်တယ် တွေကြားက ဧကရာဇ်တစ်ပါးအနေနဲ့ ခေတ်အဆက်ဆက်ကို လွှမ်းခြုံနိုင်မယ့် တောက်ပမှုမျိုးပဲ။ မဟာစစ်သူကြီးရဲ့ အစောင့်အရှောက်နဲ့ဆိုရင် ဒီလူငယ်လေးက ကောင်းကင်ရုံးတော် ရဲ့ မဏ္ဍိုင်တစ်ရပ် ဖြစ်လာမှာ သေချာတယ်"
"ဒီညက မိုးကြိုးဌာနအတွက် သမိုင်းဝင် အခိုက်အတန့်တစ်ခုပဲ။ ဂုဏ်ကျက်သရေကို ဒီကလေးကပဲ ဖန်တီးပေးလိမ့်မယ်"
"သူ့ရဲ့ အလားအလာက အရှင်သခင်တစ်ပါးထက်တောင် သာလွန်နေသေးတယ်"
သို့သော် ဤဂုဏ်ပြုစကားသံများနောက်ကွယ်တွင် ကြီးမားလာနေသော အန္တရာယ်တစ်ခု၏ အရိပ်အယောင်များ ပါဝင်နေသည်။ ကောင်းကင်ရုံးတော်သည် ထိုကဲ့သို့ မြင့်မားလွန်းသော ပါရမီရှင်များကို မလိုအပ်၍ ဤစကားများသည် ချောင်ရှန်း ကို ရူးသွားမတတ် ဖြစ်စေကာ စကားပင်မဆိုနိုင်တော့ဘဲ ယွမ်ရှောင် ကို တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်သည်။
သူ၏ဘေးတွင် ကူစုဝမ် မှာမူ မယုံနိုင်အောင် ဖြစ်နေသည်။
"ငါတို့သာ သူ့ရဲ့ ပါရမီကို ပြုစုပျိုးထောင်ပေးမယ်ဆိုရင်..."
"မေ့ထားလိုက်စမ်းပါ။ အခု ငါတို့ စဉ်းစားရမှာက အထိခိုက် အနည်းဆုံးနဲ့ ဘယ်လို သတ်ရမလဲ ဆိုတာပဲ"
စစ်သူကြီးချောင်က ဟောက်လိုက်ပြီး၊ စူးရှသော အကြည့်ကြောင့် သူမ၏စကားကို ရပ်တန့်သွားစေသည့်အပြင် စိတ်ထဲတွင် တုန်လှုပ်သွားကာ မျက်လုံးများတွင် သနားသော အရိပ်ယောင်များ ရှိနေသည်။
"သူက ခေတ်မှားပြီး မွေးဖွားလာခဲ့တာပဲ။ သနားနေလို့လည်း အလကားပါပဲ"
ကူစုဝမ်က ရုတ်တရက် ပြောလိုက်သည်။
"ချောင်ရှန်း... မဟာစစ်သူကြီးရဲ့ အမူအရာကို ကြည့်လိုက်ဦး"
ချောင်ရှန်းက လှမ်းကြည့်လိုက်သောအခါ တမ်းတမှုများ အငမ်းမရ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ထိုလူသည် မိုးပြာရောင် ဓားကို ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။
"အခြေအနေကြည့်ပြီး မီးစင်ကြည့်ကတာပေါ့"
ကူစုဝမ် က အကြံပြုလိုက်သည်။
"သူ ဒီလို မဖြစ်သင့်ဘူး။ အဲဒီကလေးက ဒုတိယမြောက် စစ်ဧကရာဇ် ချက်ချင်း မဖြစ်လာဘူးဆိုရင်တော့ သေရမှာပဲ"
"ဒါပေမယ့် တခြားတစ်ယောက်ယောက်ကို ရှေ့ထွက်ခိုင်းလိုက်ရင် ဘယ်လိုလဲ။ အဲဒီအခါကျရင် ငါတို့ အေးအေးဆေးဆေး နောက်ဆုတ်လို့ ရပြီလေ"
သူမက အလေးအနက်ထား ပြောဆိုလိုက်ပြီး ချောင်ရှန်းတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ လိုချင်တာကို ပေးပြီး သူ့ကို ပျော်အောင်ထားမယ်ဆိုရင် ငါတို့လည်း အကျိုးအမြတ်တွေ ရဦးမှာပဲ"
"ဒါက အသွားနှစ်ဖက်ပါတဲ့ ဓားတစ်လက်ပဲ။ ကိုင်တွယ်တဲ့ လူ ဘယ်သူမဆို သွေးစွန်းရမှာပဲ"
မိုးကြိုးဌာနမှ အရာရှိတိုင်းသည် မိုးခြိမ်းသံများအကြားတွင် သူတို့၏ နေရာနှင့် အနာဂတ်ကို စဉ်းစားနေကြသည်။
"အဲဒီကောင်လေးနဲ့ ချောင်ရူကြားက အရှုပ်တော်ပုံ အကြောင်း ကြားလိုက်လား"
ကူစုဝမ်က ရုတ်တရက် မေးလိုက်သည်။
"အခုလေးတင် ကြားလိုက်တယ်"
သူက ခေါင်းညိတ်ပြီး ချောင်ရူ ဤမျှအထိ ကျူးလွန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဓားဖိနှိပ်မှု ခန်းမ အတွင်း၌ပင် ဤကဲ့သို့ အရှုပ်တော်ပုံဖြစ်လာမည့် ကိစ္စမျိုးကို လုပ်ရဲလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
" အမြဲတမ်း ပြဿနာရှာတဲ့ ကလေးတစ်ယောက်ပဲ။ မဟာစစ်သူကြီးနဲ့အတူ သူမကို ဒီအရှုပ်အထွေးတွေထဲ မျောပါသွားပါစေ။ အဲဒီအချိန်မှာ ငါတို့က ခပ်ခွာခွာ နေကြမယ်"
"အမှန်ပဲ"
ချောင်ရှန်းက ထောက်ခံလိုက်ပြီး သူ၏ မျက်လုံးများတွင် မည်သည့် နွေးထွေးမှုမျှ မရှိပေ။ အစပိုင်းတွင် သူသည် ရာထူးတိုးချင်ရုံသာ ဖြစ်သော်လည်း ယခုအခါ ဓားဖိနှိပ်မှုတံခါး ၌ ကွင်းခုနစ်ကွင်း ပေါ်လာမှုနှင့်အတူ အခြေအနေ ပြောင်းလဲသွားကာ ကိစ္စများက ပိုမို ကြီးထွားလာခဲ့၏။
ကူစုဝမ် က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ၊ တော်တော်လေးကို နှမြောစရာ ကောင်းတယ်"
"အသားက ပိုချိုလေလေ၊ ဆွဲဆောင်နိုင်တဲ့ သားရဲတွေက ပိုကြမ်းတမ်းလေပေါ့"
သူ့နည်းတူ မိုးကြိုးဌာန၏ အဆင့်မြင့် အရာရှိ ၁၀၀သည် ကောင်းကင် ဧကရာဇ် အလောင်းအလျာ တစ်ပါး ပေါ်ပေါက်လာသည်ကို အေးစက်သော အပြုံးများဖြင့် စောင့်ကြည့်နေကြသည်။ သူတို့၏ အမူအရာများက ကျင့်ကြံခြင်း၏ အမှောင်ဘက်ခြမ်းကို ရှင်းလင်းစွာ ပြသနေပြီး ပါရမီများ ထွက်ပေါ်လာသည်နှင့် ပြုစုပျိုးထောင်ခံရကာ၊ ကောင်းကင်ဘုံသို့ တက်လှမ်းသွားသည့် ပုံပြင်များသည် လူ့ပြည်ရှိ စိတ်ကူးယဉ် ဇာတ်လမ်းများတွင်သာ ပါဝင်သည်။ ထို့ကြောင့် ပါရမီရှင်များအနေဖြင့် နောက်ခံတစ်ခုကို မရမချင်း အရှက်ခွဲခံရသည်များကို သည်းခံပြီး ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ထားရသည်မှာ ပို၍ အဖြစ်များပေသည်။
"မေးစရာရှိတာက၊ သူ့ရဲ့ ဓားပိုင်နက် ဖွဲ့စည်းပြီးသွားပြီလား"
အချိန်အတော်ကြာပြီးနောက် မဟာကောင်းကင်ကျောင်းတော် တွင် အင်မော်တယ် သိန်းနှင့်ချီ စုဝေးနေကြသော်လည်း အဆုံးသတ်ကို မမြင်ရသေးသောကြောင့် မိုးကြိုးဌာနမှ အဆင့်မြင့် အရာရှိ ၁၀၀ ပင်လျှင် ပဟေဠိ ဖြစ်လာကြသည်။
"သူ့မှာ ဘယ်လို ဓားဝိညာဉ် မျိုး ရှိနေတာလဲ"
လူအုပ်ကြီးအကြားတွင် သိချင်စိတ်များ ကြီးထွားလာသည်။
"မင်း ကြွားလုံးထုတ်လို့ မဝသေးဘူးလား။ မင်းက ကောင်းကင် ဧကရာဇ် တစ်ပါးဆိုတာ ငါတို့ သိပါတယ်။ အခုထက်ပိုပြီး ကြွားနေစရာ မလိုတော့ပါဘူး"
ပိုင်ကျိကျွင်း က အေးစက်စွာ လှောင်ပြောင်ရင်း ပြောလိုက်သည်။
ဝုန်း
ကောင်းကင်ယံတွင် ကြီးမားသော မိုးကြိုးမုန်တိုင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မဟာကောင်းကင်ကျောင်းတော် ၏ အဆောက်အအုံများ အားလုံးကို တုန်ခါသွားစေသည်။
ဝုန်း ဝုန်း ဝုန်း
ထို့နောက် မိုးကြိုးမုန်တိုင်းများ ဆက်တိုက် ဖြစ်ပေါ်လာပြီး၊ မိုးကြိုးဌာနမှ အင်မော်တယ် အချို့ပင် မတ်တပ်ရပ်ရန် ရုန်းကန်ရသည်အထိ ဖြစ်စေခဲ့သည်။
"ဘာလဲဟ"
လူတိုင်းက ဆွံ့အ မင်သက်သွားကြပြီး မိုးကြိုး အင်မော်တယ် အစီအရင်သည် နောက်တဖန် တုန်ခါသွားကာ ဧရာမ လျှပ်စီး ဝဲကတော့ကြီး တစ်ခုကို ဖန်တီးကာ အစီအရင်တစ်ခုလုံး၌ အလင်းကွင်း သိန်းနှင့်ချီ ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေ၍ ဓားဖိနှိပ်မှု တံခါး ၏ အကြီးစား ပုံစံနှင့် ဆင်တူနေသည်။ ဤကဲ့သို့ ခမ်းနားကြီးကျယ်လှသော မြင်ကွင်းမျိုးသည် မိုးကြိုးဌာနအတွက်ပင် ရှားပါးလှပြီး မဟာစစ်သူကြီးပင်လျှင် အံ့ဩမှုကြောင့် မျက်မှောင်ကြုတ်သွားသည်။ ၎င်း၏ လျှပ်စစ်ကွင်း သိန်းချီက တစ်ခုချင်းစီ လည်ပတ်နေကာ လူတိုင်းကို ခေတ္တမျှ နားကန်းသွားစေနိုင်လောက်သည့် မိုးချုန်းသံများကို ဖန်တီးကာ တောက်ပသည့် အလင်းတန်းသန်းတစ်ထောင်ကျော်သည် မိုးကြိုးဌာနကို မဟာ တာအိုနယ်မြေ၏ အတောက်ပဆုံး ပုလဲလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားပစ်လိုက်သဖြင့် မှောင်မိုက်နေသော ကောင်းကင်တစ်ဝက်ကို လင်းထိန်သွားစေသည်။
"မိုးကြိုး အင်မော်တယ် အစီအရင်မှာ ဘာတွေ ဖြစ်နေတာလဲ"
ထိုမေးခွန်းက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လျှပ်စစ်ကွင်း သိန်းချီသည် အရောင်အသွေး စုံလင်သော မိုးကြိုးတိုင်လုံး တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ဓားဖိနှိပ်မှု တံခါးထံ ရိုက်ချလာကာ ကောင်းကင်သင်္ချိုင်းဓားဝိညာဉ် အပေါ်သို့ တည့်မတ်စွာ ကျဆင်းလာ၏။ မိုးကြိုး အင်မော်တယ် အစီအရင်သည် ဓားဖိနှိပ်မှု တံခါး၏ စွမ်းအားကို အဆတစ်ထောင်မျှ မြှင့်တင်ပေးလိုက်သောကြောင့် ယွမ်ရှောင်ကို စိတ်အေးသွားစေသည်။ ၎င်း၏ အကူအညီဖြင့် ဓား အော်ရာ အလွှာပေါင်း တစ်သန်းသည် ပြင်းထန်သော ဖိအားအောက်တွင် ကမ္ဘာငယ်လေး တစ်ခုအဖြစ် စုစည်းသွားစေကာ မိုးပြာရောင် ကြာပန်းဓားပိုင်နက်ပင်။ ၎င်းအတွင်းရှိ ဓားအင်အားသည်လည်း အရူးတစ်ပိုင်း ဖြစ်သွားပြီး ကောင်းကင် မိုးကြိုးများကို အငမ်းမရ စုပ်ယူလိုက်သောအခါ အာကာသ ဓားအင်မော်တယ် ၏ ရုပ်သွင် ထွက်ပေါ်လာကာ အနက်ရောင် သွေးကြောများ ပျံ့နှံ့သွားပြီး ဓားလက်ကိုင်အထိ ရှည်ထွက်လာသဖြင့် ယွမ်ရှောင်၏ သွေးကြောများနှင့် ချိတ်ဆက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများသည် နက်မှောင်သော မိုးပြာရောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ခပ်တိုးတိုး ရေရွတ်ကာ မိစ္ဆာ နတ်ဘုရား တစ်ပါး ဆင်းသက်လာသကဲ့သို့ သတ်ဖြတ်လိုစိတ် မြင့်မားလာ၏။
“သတ်”
"မင်းဖင်ကြီးကို သတ်လိုက်။ ဓားပိုင်နက်ကို တည်ငြိမ်အောင်လုပ်၊ အမြန် အဆုံးသတ်ပြီး၊ ဒီကနေ ထွက်သွားကြရအောင်"
ကြယ်ပြာက သတိပေးလာသဖြင့် သူသည် သက်ပြင်းချလိုက်ပြီး ဓားမိစ္ဆာ၏ သွေးမျိုးဆက်ကို လက်ဖဝါးမှ ဖြတ်တောက်လိုက်သောအခါ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ချက်ချင်း ပျောက်ကွယ်သွားသည်။
"ငါ့ရဲ့ ဓားပိုင်နက် နောက်ဆုံးတော့ ဖွဲ့စည်းပြီးသွားပြီ"
အသိစိတ် ပြန်လည်ရရှိလာသောအခါ ယွမ်ရှောင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း တည်ငြိမ်သွားကာ ကောင်းကင်သို့ မော့ကြည့်ပြီး အစီအရင်၏ လျှပ်စစ် အလင်းကွင်းများ စတင် ပြိုကွဲစပြုနေပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်လျှင် အင်မော်တယ်များသည် အသံတစ်စက်မှ မထွက်နိုင်ဘဲ တိတ်ဆိတ်သွားသည်အထိ အမှန်တကယ် ဆွံ့အနေကြပြီး ဇဝေဇဝါ ဖြစ်လာကာ ယုတ်မာသော အတွေးများနှင့် အေးစက်သော ရယ်မောသံများ အားလုံး မိုးကြိုး အင်မော်တယ်အစီအရင်၏ ဖိနှိပ်ခြင်း ခံလိုက်ရပုံရသည်။
"လျှပ်စစ်ကွင်း သိန်းနဲ့ချီကြောင့် ငါက ဓားပိုင်နက်ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဒီကောင်တွေ ချဲ့ကားပြီး အတွေးမလွန်ကြဖို့ မျှော်လင့်တယ်။ ငါက သိုသိုသိပ်သိပ်ပဲ နေချင်တာပါကွာ"
ယွမ်ရှောင်က စိတ်ထဲမှ ဤသို့ တွေးလိုက်သော်လည်း ဓားဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် တပြိုင်နက် မဟာကောင်းကင်ကျောင်းတော် ၏ ဓားဖိနှိပ်မှု တံခါး သည် ပေါက်ကွဲကာ ကြေမွသွားခဲ့လေသည်။
အပိုင်း ၅၈၀ - ဓားဌာန
"ဟင်"
ဝုန်းခနဲ ပေါက်ကွဲသံကြီးက နားစည်များကို တုန်ခါသွားစေသောကြောင့် အင်မော်တယ် လူအုပ်ကြီး ပြိုင်တူ ခေါင်းမော့ကြည့်လိုက်မိပြီး မဟာကောင်းကင်ကျောင်းတော်၏ အဖိုးတန် ရတနာတစ်ခု ဖြစ်သော ဓားဖိနှိပ်မှု တံခါးမှာ ပေါက်ကွဲပျက်စီးသွားတော့သည်။ ၎င်းက ရုတ်တရက်ဆန်လွန်း၍ မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ တိတ်ဆိတ်ငြိမ်သက်သွားသောအခါ စက်ဝိုင်းနှစ်ထပ် သင်္ကေတ ရှိခဲ့ဖူးသော နေရာ၌ ဟာလာဟင်းလင်း ဖြစ်နေ၏။ အများစုက မျက်လုံးများ ပွတ်သပ်၍ နှစ်ခါပြန် ကြည့်လိုက်သော်လည်း ပြောင်းလဲသွားခြင်း မရှိရာ ဓားကျင့်ကြံသူများထံမှ နာကျည်းသော အော်သံနက်ကြီးများ ထွက်ပေါ်လာခဲ့သည်။
မဟာကောင်းကင်ကျောင်းတော် တပည့်များအနက် ဓားသမားများအတွက် ၎င်းသည် ကောင်းကင်သို့ တက်လှမ်းရန် ပေါင်းကူးတံတားတစ်ခု ဖြစ်ပြီး လွန်ခဲ့သော အချိန်အနည်းငယ်က လှောင်ရယ်သံများ တိခနဲ တိတ်ကျသွားခဲ့၏။
"အဖေ ဓားဖိနှိပ်မှု တံခါးက ဘယ်ရောက်သွားတာလဲ"
ဓားပိုင်နက်ကို နှစ်ကြိမ်မြောက် ဖန်တီးရန် စောင့်ဆိုင်းနေရသော ပိုင်ကျိကျွင်းက ကြောင်တောင်တောင် အမူအရာဖြင့် လက်ညှိုးထိုးပြနေသည်။
"ပေါက်ကွဲသွားပြီထင်တယ်"
အကြီးအကဲများပင် ဓားပိုင်နက် တိုးတက်လာစေရန် ၎င်းကို မှီခိုနေရသောကြောင့် မြို့စားပိုင်တိ၏ အသံမှာလည်း အက်ကွဲနေသည်။
"ဘယ်လိုလုပ်...ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။ သူက မဟာအစီအရင်ကို ထပ်ပြီး လှုံ့ဆော်လိုက်လို့ မဟုတ်လား။ ပါရမီနဲ့တော့ မဆိုင်လောက်ပါဘူးနော်"
ကောင်းကင်မှ ကျက်သရေရှိစွာ ဆင်းသက်လာသော သံချပ်ကာဝတ် ယွမ်ရှောင်ကို ကြည့်နေရင်း ပိုင်လင်းအာသည် ခါးသက်သက် ရေရွတ်လိုက်မိသည်။ လူတိုင်းက အဖြေတစ်ခု လိုချင်နေကြသော်လည်း ဓားဖိနှိပ်မှု တံခါး ပျက်စီးသွားခြင်းသည် မတော်တဆသာ ဖြစ်၍ သူ၏ ပါရမီနှင့် မပတ်သက်ကြောင်း မျက်စိမှိတ် ယုံကြည်ခဲ့ကြ၏။ သူတို့က တစ်ဖက်လူကို သိုးမည်းဟု အော်ဟစ်လှောင်ပြောင်ခဲ့သည်မှာ မကြာသေးသော်လည်း ၎င်း၏ လက်ချက်ဖြင့် ရတနာတစ်ခု ပျက်စီးသွားသောအခါ မရယ်နိုင်ကြတော့ပေ။
"ဒီကောင့်ရဲ့ ပါရမီက ဒီလောက်အထိတောင် မြင့်မားနေတာလား"
လက်တွေ့ကို လက်ခံနိုင်ရန် ခက်ခဲနေသည့်အပြင် မနာလိုစိတ် ပြင်းထန်လွန်းသောကြောင့် ပိုင်ကျိကျွင်းက ရန်ငြှိုးထားနေမိသည်။
"မိတ်ဆွေတို့ သူက ဓားဖိနှိပ်မှုတံခါးကို ဖျက်ဆီးပစ်လိုက်ပြီ"
"အပြစ်သား အပြစ်သား"
"အကြီးအကဲတို့ ဒီကောင့်ကို ချက်ချင်း သတ်ဖြတ်ပေးဖို့ တောင်းဆိုပါရစေ"
နာကျင်မှုများ ပြည့်နှက်နေသော အော်ဟစ်ကျိန်ဆံသံသည် ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်လာကာ မရေမတွက်နိုင်သော ရန်ကြွေးများကိုပင် ဖြစ်တည်စေခဲ့သည်။
"ဒီကောင်တွေ နာကျင်နေတာ မြင်ရရင် တကယ်ကောင်းတာပဲ"
ယွမ်ရှောင်က တစ်ချိန်လုံး လှောင်ပြောင်နေခဲ့သူများကို ပါးဖြတ်ရိုက်နိုင်ခဲ့သည့်အတွက် ကျေနပ်နေပြီး လူအုပ်ကြီးအတွင်းရှိ အကြီးအကဲများပင် အကြိမ်ပေါင်းတစ်သောင်းမက သတ်ပစ်ချင်နေပုံရသည်။ ဓားဖိနှိပ်မှုတံခါး ပျက်စီးသွားခြင်းသည် ပိုဟုန်ကို တိုက်ရိုက် ရန်စလိုက်ခြင်း ဖြစ်ကာ ပြိုလဲမတတ် ဖြစ်နေကြောင်း မြင်တွေ့ရသည်မှာ သူ့ကို ကျေနပ်စရာကောင်းနေသည်။ မဟာစစ်သူကြီး ကိုယ်တိုင် ရောက်နေသည့်အတွက် တစ်ဖက်လူမှာ မည်မျှပင် ဒေါသထွက်နေစေကာမူ ဦးအောင် အရေးယူရန် မဖြစ်နိုင်ချေ။.
"ဓားဖိနှိပ်မှုတံခါးကို ဖျက်ဆီးနိုင်သူဟာ အစစ်အမှန် ဓားအင်မော်တယ်လို့ သမိုင်းကြောင်းက ပြောထားတယ်။ ဒီနေ့ ငါ အမြင်ကျယ်သွားပြီ"
မဟာစစ်သူကြီးက လက်ခုပ်လက်ဝါးတီး၍ အားပေးထောက်ခံနေသောကြောင့် ထိုလူအုပ်ကို နာကျင်သွားစေကာ ဇဝေဇဝါဖြစ်ကုန်ပြီး အဆင့်မြင့်အရာရှိများမှာမူ ပါးစပ်ပိတ်ထားရန်သာ ရွေးချယ်လိုက်ကြ၏။
"မဟာစစ်သူကြီး ကျုပ်ရဲ့ ဓားဝိညာဥ်ကြောင့် ဒီလိုကိစ္စတွေ ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ ရည်ရွယ်ချက် မရှိဘဲ မတော်တဆဖြစ်သွားလို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ အကြံတောင်းခံပါတယ်"
ယွမ်ရှောင်က အောက်သို့ ဆင်းလာပြီး အားနာစကားဆိုလိုက်သော်လည်း တစ်ဖက်လူသည် ခေါင်းယမ်းပြခဲ့သည်။
"ဒါက တမင်တကာ လုပ်တာ မဟုတ်တော့ ပြင်ပေးစရယ မလိုပါဘူး။ မင်းက အပြစ်မရှိဘူး"
ထိုစကားသည် လူအုပ်ကြီးကို နောက်တစ်ကြိမ် ပါးရိုက်ပစ်လိုက်သကဲ့သို့ ခံစားရစေကာ ပါးပြင်များပင် နာကျင်ကုန်သည်။ မဟာကောင်းကင်ကျောင်းတော်၏ ဆုံးရှုံးမှုအတွက် တိုက်ရိုက် မသက်ဆိုင်သော အရာရှိတစ်ယောက် ဝင်ရောက်ဆုံးဖြတ်နေခြင်းကို မကျေနပ်သော်လည်း တွန်းလှန်ရန် မတတ်နိုင်ချေ။
"မနာလိုဖြစ်မနေကြနဲ့။ သူ့အနာဂတ်က ပျက်စီးသွားပြီ"
ပိုင်တိ၏ မှတ်ချက်က လူငယ်များကို စိတ်သက်သာရာရစေသောကြောင့် ကျေနပ်သွားရုံသာမက လှောင်ပြောင်သံများပင် နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"လုယောင် ချောင်အိမ်တော်ကို ပြန်ရောက်ရင် ဒီအဘိုးကြီးကို ဓားဝိညာဥ်ပြပါ"
"ဒီလိုပြသရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ"
မဟာစစ်သူကြီး၏ တောင်းဆိုချက်ကို ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး လက်ခံလိုက်ပြီး မဟာကောင်းကင်ကျောင်းတော်မှ အေးအေးဆေးဆေး ထွက်သွားနိုင်ပြီဖြစ်ကြောင်း မြင်သာ၏။ သို့သော် ထိုအချိန်တွင် အရှုပ်တော်ပုံ ဖြစ်စေခဲ့သော တရားခံချောင်ရူသည် အပြုံးတစ်ခုဖြင့် သူတို့ရှေ့သို့ ရောက်လာခဲ့ပြီး ရုတ်တရက် ချီးကျူးစကား ဆိုလာသည်။ ထိုသတင်းအကြောင်းကို လူတိုင်း သိနေပြီဖြစ်ရာ မဟာစစ်သူကြီးလည်း နားကန်းမနေသောကြောင့် သိထားပေလိမ့်မည်။
"ဂုဏ်ပြုပါတယ် လုယောင်။ မင်းရဲ့ စွမ်းရည်အကြောင်း ငါက ဓားဌာနကို အဆောင်နဲ့ သတင်းပို့ပြီးပြီ။ အဲ့ဒီက ဓားရူးတွေ မင်းကို စိတ်ဝင်စားကြလိမ့်မယ် ထင်တယ်။ ဒါဆိုရင် မင်းအတွက် အနာဂတ်က အကန့်အသတ်မဲ့ ဖြစ်သွားပြီ"
ထိုစကားကို ကြားသောအခါ မဟာစစ်သူကြီး၏ မျက်နှာထားက ချက်ချင်း တင်းမာအေးစက်သွားကာ သူမထံ စူးစူးရဲရဲ စိုက်ကြည့်၍ အပြုံးတုဖြင့် ရေရွတ်လိုက်လေသည်။
"ကောင်းတယ်။ ကောင်းတယ်”