← Chapters

အခန်း (၅၈၁-၅၈၂)

Vol. 44 Ch. 581-582

အခန်း (၅၈၁-၅၈၂)

Vol. 44 Ch. 581-582

အပိုင်း ၅၈၁ - စစ်သူကြီး၏ လောဘ

ယွမ်ရှောင်သည် ဓားဌာန အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့သော်လည်း မဟာတာအိုနယ်မြေအတွင်းရှိ ဓားပညာရပ်ဆိုင်ရာ နေရာတစ်ခု ဖြစ်မည်ဟု ခန့်မှန်းမိသည်။ ချောင်ရူက ဤနေရာကို ရုတ်တရက် ထည့်သွင်းပြောဆိုရခြင်းမှာ ထင်ရှားသော ရည်ရွယ်ချက်တစ်ခု ရှိနေ၍ ယွမ်ရှောင်အား ကာကွယ်ရန်ပင် ဖြစ်သည်။ ထို့အပြင် သူမသည် မိုးကြိုးဌာနမှ အဆင့်မြင့် အရာရှိကြီး ၁၀၀ ၏ ပြင်းထန်သော အကြည့်အောက်တွင် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဓားဌာနကို ဤကိစ္စထဲသို့ ဆွဲသွင်းလိုက်ခြင်းဖြင့် ယွမ်ရှောင်၏ ကံကြမ္မာနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တွင် အဖွဲ့အစည်းများ ပိုမို ပါဝင်လာစေမည် ဖြစ်ကာ အဘက်ဘက်မှ ခြိမ်းခြောက်မှုများကို ဖြတ်ကျော်ပြီး အသက်ရှင်သန်နိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။ ကောင်းကင်ရုံးတော် သို့ ရောက်ရှိလာကတည်းက အဆင့်အတန်း မြင့်တက်လာစေရန် အရာရှိကြီးများ၏ လောဘကို အမြဲတမ်း အသုံးချခဲ့သော်လည်း မျှော်လင့်မထားသော ဤလုပ်ရပ်က သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်။

"ဒီမိန်းမက ငါ့ကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒတွေကြောင့် ရူးသွားတာလားဟ"

ဤကဲ့သို့သော အချိန်မျိုးတွင် တစ်ဖက်လူအား ဆန့်ကျင်ရန် မည်မျှ သတ္တိရှိရမည်ကို သူ သတိပြုမိသည်။

"သူမကို ဖိအားပေးနေတာ မဟာစစ်သူကြီးများ ဖြစ်နိုင်မလား"

အသက်အရွယ် ရနေပြီဖြစ်သော်လည်း လျှပ်စီးမိုးကြိုး မုန်တိုင်းများ ဝန်းရံထားကာ နဂါးတစ်ကောင်၏ ကြမ်းကြုတ်မှု၊ ကျားတစ်ကောင်၏ ခွန်အားများဖြင့် ပြည့်နှက်နေသော ကောင်းကင်ဘုံကိုးထပ် မိုးကြိုး မဟာစစ်သူကြီး အမှန်တကယ် ဖြစ်နိုင်ချေရှိပေသည်။ ယွမ်ရှောင်သည် ဆက်ဆံရေး ကွန်ရက်များကို ရှင်းလင်းစွာ နားလည်သွား၍ သူ၏ အရည်အချင်းကို ထုတ်ပြလိုက်သည်နှင့်တစ်ပြိုင်နက်၊ ပါးစပ်ပေါက်များစွာကို ဆွဲဆောင်မိသွားပြီး အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားစေကာ ယခု မည်သူက အရင်ဆုံး ဝါးနိုင်မည် ဆိုသည်ကသာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ပိုဟုန်၊ ပိုင်တိ နှင့် အဆင့်မြင့် အင်မော်တယ် အများအပြားသည် အေးစက်စွာ ရပ်နေကြပြီး မျက်လုံးများတွင် မုန်းတီးမှုများနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသဖြင့် ယွမ်ရှောင် ၏ သေဆုံးခြင်းမှလွဲ၍ အခြား မလိုချင်ကြပေ။ မိုးကြိုးဌာန ရွေးချယ်ပွဲ အတွင်း ကျောင်းတော်မှ ပါရမီရှင်များနှင့် ဆုံတွေ့လျှင် သူ သေသည်အထိ သနားညှာတာမှု ကင်းမဲ့စွာ တိုက်ခိုက်ကြမည်ကို သေချာပေါက် သိနေသည်။ မဟာစစ်သူကြီး၊ ချောင်ရှန်းနှင့် ကူစုဝမ်၏ အခြေအနေမှာ အများကြီး ပို၍ ရှုပ်ထွေးနေသော်လည်း အန္တရာယ်များအတွင်း၌ ကြီးမားသော အခွင့်အရေးများ မကြာခဏ ပုန်းကွယ်နေတတ်၍ မဟာစစ်သူကြီး နှင့်ချောင်ရှန်းတို့ မည်သို့ ကိုင်တွယ်မည်ကို မြင်တွေ့ရန် စိတ်အားထက်သန်နေကာ အဖြေက မကြာခင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ဓားဌာန အကြောင်း ကြားသောအခါ ချောင်ရှန်း၏ စိတ်ထဲတွင် ဒေါသများ တဟုန်းဟုန်းတောက်သွားသော်လည်း လျင်မြန်စွာ တည်ငြိမ်စေလိုက်၏။

“မင်းရဲ့ ဒီနေ့ စွမ်းဆောင်ရည်တွေက ကောင်းကင်နဲ့ မြေကြီးကို တကယ် တုန်လှုပ်စေပါတယ်။ မင်းရဲ့ အဖေအနေနဲ့ ငါ အတိုင်းမသိ ဂုဏ်ယူမိတယ်”

“အရာအားလုံးက မွေးစားအဖေ့ရဲ့ လမ်းညွှန်မှု ကျေးဇူးတွေကြောင့်ပါ”

ယွမ်ရှောင်သည် မြင့်မားလာသော အဆင့်အတန်းကို ပွင့်လင်းစွာ လက်ခံလိုက်ပြီး အသုံးအနှုန်း တစ်ခုတည်းကပင် သူတို့ကို ပိုမို နီးကပ်သွားစေပြီး ဆက်ဆံရေးကို သိသိသာသာ ပြောင်းလဲသွားစေသောကြောင့် ချောင်ရှန်း မျှော်လင့်ထားခဲ့သည်နှင့် လုံးဝ မတူညီပေ။ အဖေ ဆိုသော စကားလုံးသည် ယခုအခါ သူ သည်းခံရမည့် စမ်းသပ်မှုတစ်ခု ဖြစ်နေသည့်တိုင်အောင် လက်မခံ၍ မဖြစ်တော့ချေ။

တီးတိုးပြောဆိုသံများကို လျစ်လျူရှုကာ ချောင်ရှန်း က အပြုံးတစ်ခုဖြင့် ဆက်ပြောသည်။

“မင်းရဲ့ ဓားပိုင်နက် ဖြစ်ပေါ်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်တစ်ခု ပေးဖို့ ငါ ရည်ရွယ်ထားတယ်။ မင်း ဘာလိုချင်လဲဆိုတာ ပြောပါ”

ယွမ်ရှောင်က တစ်ခဏမျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ တောင်းဆိုလိုက်သည်။

“ ကျွန်တော့်မှာ ဓားစက်ကွင်းတွေနဲ့ နတ်ဆိုး အရိုးတွေ ထပ်လိုသေးတယ်။ ပေးနိုင်သလောက် အများကြီး လိုချင်တယ်”

“သဘောတူတယ်။ လာ လာ၊ အိမ်တော်ကို ပြန်ကြစို့။ ရတနာခန်းမ ထဲမှာ မင်း ကြိုက်တဲ့ ဓားစက်ကွင်းတွေနဲ့ နတ်ဆိုး အရိုးတွေ ဘာမဆို ရွေးချယ်နိုင်တယ်”

သူ၏ ရက်ရောမှုက ပတ်ဝန်းကျင်ရှိ လူများကို ပို၍ မျက်မှောင်ကြုတ်သွားစေသည်။

“ချောင်ရှန်း က ဒီကောင်လေးကို ဘာပဲဖြစ်ဖြစ် တကယ်ပဲ ကာကွယ်ပေးတော့မှာလား”

“ဒီလောက်တောင် ရဲတင်းတာလား”

“စောင့်ကြည့်နေလိုက်၊ ဒီဆုံးဖြတ်ချက်က သူ့အတွက် အနှေးနဲ့ အမြန် ပြဿနာတွေ သယ်ဆောင်လာလိမ့်မယ်”

“လုယောင် က သူ့အတွက် သေခြင်းတရား ဖြစ်လာမှာ သေချာတယ်”

မနှစ်မြို့သော တီးတိုးအသံများ လေထုထဲတွင် ပြည့်နှက်နေပြီး သူတို့၏ မျက်လုံးများတွင် ချောင်ရှန်း အား လူမိုက်တစ်ဦးအဖြစ် ပုံဖော်နေကြ၏။

ချောင်အိမ်တော်အကြောင်း ကြားလိုက်ရချိန်မှသာ ယွမ်ရှောင်က အေးစက်သွားပြီး အခြေအနေကို နားလည်သဘောပေါက်သွား၏။ မဟာစစ်သူကြီးက လောဘကြီးလွန်းသဖြင့် မစောင့်နိုင်တော့ဘဲ ထိုနေရာတွင် တစ်ခုခု စီစဉ်ထားရန် သေချာပြီး ချောင်ရှန်းတစ်ယောက် ကူညီပေးနေခြင်း ဖြစ်သည်။ စောင့်ကြည့်နေသူ သိန်းချီသည် ယွမ်ရှောင်ကို အေးစက်စွာ ကြည့်နေကြပြီး မတူကွဲပြားသော်လည်း တစ်ဦးချင်းစီတိုင်းက သူ သေဆုံးမည့် အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

"အိမ်ပြန်ကြစို့"

ကူစုဝမ်က ဆွဲဆောင်မှုရှိသော အမူအရာဖြင့် လက်ယပ်ခေါ်လိုက်သည်။

"ကောင်းပါပြီ"

ယွမ်ရှောင် က အပြုံးတစ်ခုဖြင့် ခေါင်းညိတ်သည်။

"လူစုခွဲကြတော့"

မဟာစစ်သူကြီးက ကျေနပ်သော အပြုံးဖြင့် ပြောလိုက်ရာ ချောင်ရူ မျက်မှောင်ကြုတ်သွားပြီး လူငယ် ပါရမီရှင် အများစု၏ မျက်နှာအမူအရာများ ရှုံ့မဲ့သွားကြသော်လည်း အရာရှိများသည် တစ်ဖက်လူ၏ နည်းလမ်းကို သိနေသည့်အလား နားလည်ရခက်စွာ ပြုံးနေကြသည်။

အဝေးတစ်နေရာမှ မြို့စားကျန်း သည် ဖြစ်ပျက်နေသမျှ အားလုံးကို စောင့်ကြည့်ရင်း နဖူးပေါ်သို့ လက်တင်ကာ သက်ပြင်းချလိုက်သည်။

"ဒီလူငယ်လေးရဲ့ လောဘက သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းသွားပြီ။ ချောင်အိမ်တော် ကနေ ပြန်လမ်းမရှိဘူး"

ချောင်ရှန်း ပင်လျှင် ပြတ်ပြတ်သားသား အရှုံးပေးလိုက်ရပြီ ဖြစ်ရာ မကြာသေးခင်ကမှ ရာထူးတိုးထားသော အဆင့် ၄ မိုးကြိုး တမန်တော် တစ်ဦးဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ သမီးများ ဂုဏ်သိက္ခာကျဆင်းခဲ့လျှင်ပင် သူသည် ယွမ်ရှောင်နှင့် သေချာပေါက် အဆက်အသွယ် ဖြတ်ရပေလိမ့်မည်။

"အဖေ၊ လုယောင်က တကယ်ပဲ အမြင့်ကြီးကို တက်လှမ်းသွားပြီနော်"

ကျန်းဟယ်ချင်းက သူ၏ လက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သူ့ရဲ့ သက်တမ်းက အခု ပိုတိုသွားပြီ။ ဒီညကိုတောင် ရှင်သန်ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

မြို့စားကျန်းက ခေါင်းခါလျက် တီးတိုးရေရွတ်နေသည်။

"ဘာပြောလိုက်တာလဲ"

ကျန်းဟိုင်ယန် က ဇဝေဇဝါဖြင့် မေးလာသော်လည်း သူ့အနေဖြင့် မဖြေလို၍ စကားလမ်းကြောင်း ပြောင်းသွား၏။

"ငါတို့လည်း သွားပြီး အောင်ပွဲခံကြတာပေါ့"

ဤသို့ဖြင့် မှောင်နေသော ကောင်းကင်အောက်တွင်၊ ကြီးကျယ်ခမ်းနားသော ပါရမီ ပြသမှုကြီး ပြီးဆုံးသွားခဲ့ကာ လုယောင် ဟူသော အမည်နာမသည် မိုးကြိုးဌာန တစ်ခွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြန်သည်။ ဆယ်နှစ်တိုင်တိုင် ပျောက်ဆုံးနေခဲ့သော လူငယ်တစ်ဦးသည် ရက်အနည်းငယ်အတွင်း မိုးကြိုးဌာနတွင် ဤကဲ့သို့ လှုပ်ခတ်စေလိမ့်မည်ဟု မည်သူက ကြိုတင်ခန့်မှန်းနိုင်မည်နည်း။

လူအများ ထွက်ခွာလာသော်လည်း မဟာကောင်းကင်ကျောင်းတော်မှ တပည့်များမှာမူ ဒေါသများကို ပေါက်ကွဲနိုင်ခြင်း မရှိဘဲ ကျန်ရစ်ခဲ့ကြပြီး ကျန်နေသော ရွေးချယ်ပွဲ လေးချီတွင် ယွမ်ရှောင် ပြင်းပြင်းထန်ထန် ပေးဆပ်စေရမည်ဟု ကျိန်တွယ်ခဲ့ကြသည်။ ခြိမ်းခြောက်လိုသော အကြည့်များအောက်တွင်၊ ချောင်ရှန်း နှင့် ကူစုဝမ် တို့သည် ယွမ်ရှောင်ကို အန္တရာယ်များသော ကျောင်းတော်မှ ဘေးကင်းစွာ စောင့်ရှောက်ခေါ်ဆောင်သွားကြပြီး ချောင်အိမ်တော်သို့ ဦးတည်သွားကြသည်။

"ဂုဏ်ယူပါတယ် ဗိုလ်ချုပ်ချောင်။ နတ်ဘုရားတွေ ကောင်းချီးပေးထားတဲ့ ပါရမီရှင်လို သားတစ်ယောက် ရထားတာပဲ"

လမ်းတစ်လျှောက်တွင် မိုးကြိုးဌာန မှ အင်မော်တယ်များက ချီးကျူးခဲ့ကြပြီး မဟာစစ်သူကြီးအနေဖြင့် ယွမ်ရှောင်ကို လူသိရှင်ကြား ကိုင်တွယ်ဖြေရှင်း၍ မရနိုင်သော အကြောင်းရင်းပင် ဖြစ်သည်။ ဓားဖိနှိပ်မှု တံခါး ပျက်စီးသွားခြင်းနှင့် သာမန် အင်မော်တယ်များသည် ဆက်စပ်မှု နည်းပါးလှသည့်အပြင် အဆင့်အတန်း နိမ့်ကျသူများသည် သာမန် ပါရမီရှင်များ တိုးတက်လာသည်ကို ထောက်ခံအားပေးသူများ ဖြစ်ကြ၏။

"မိုးကြိုးဌာန ရဲ့ အမြစ်တွေက ပုပ်ပွနေနိုင်ပေမယ့်၊ အနည်းဆုံးတော့ အကိုင်းအခက်တွေက ကောင်းမွန်နေပုံရတယ်"

ယခင်က မိုးကြိုးဌာနမှ အင်မော်တယ် များသည် သူ၏ မောက်မာမှုများကို သည်းမခံနိုင်ခဲ့ကြသော်လည်း ယခုအခါ သူတို့၏ ပါးစပ်ဖျားတွင် စကား တစ်ခွန်းတည်းသာ ရှိတော့သည်။

"ဧကရာဇ်အလောင်းအလျာတစ်ယောက်က သဘောထားကွဲလွဲမှု အားလုံးကို ဘာကြောင့် မဖိနှိပ်နိုင်ရမှာလဲ။"

မဟာကောင်းကင်ကျောင်းတော်ကမူ ယွမ်ရှောင်ကို သတ်ရန် နည်းလမ်း ရှာဖွေနေပြီး မဟာစစ်သူကြီး၊ ချောင်ရှန်း နှင့် မြို့စားကျန်းကဲ့သို့ ပုဂ္ဂိုလ်များသည်လည်း သူ့ကို အသုံးချင်နေ၍ အသာစီးရနေသောကြောင့် ချောင်အိမ်တော်သို့ ခေါ်ဆောင်လာနိုင်ခြင်းပင်။ သူသာ သေဆုံးသွားလျှင် ထောက်ခံသူ မည်မျှများပြားပါစေ၊ အားပေးသံများ တိတ်ဆိတ်သွားပေလိမ့်မည်။ ထို့ကြောင့် အစမှ အဆုံးတိုင်အောင်၊ မဟာတာအိုနယ်မြေ သည် ရက်စက်ကြမ်းကြုတ်သော လက်တွေ့ဆန်ဆန် နေရာတစ်ခု ဖြစ်သည်။

ချောင်ရှန်း နှင့် ကူစုဝမ်တို့က ပြုံးရွှင်နေကြပြီး ခပ်ဝဝ ဝက်တစ်ကောင် ရလာသူများပမာ ဝမ်းမြောက်နေကာ မိုးကြိုးဌာန ၏ မဟာစစ်သူကြီးထံ ဆက်သရန် အလွန် စိတ်အားထက်သန်နေကြသည်။

"ကောင်းကင်ရုံးတော် မှာ အဆင့် ၆ အထက် ဘယ်သူမဆို လုံးဝ ပုပ်ပွနေကြပုံရတယ်"

ယွမ်ရှောင်က နောက်သို့ လှည့်ကြည့်လိုက်သောအခါ ချောင်ရူ၏ ပုံရိပ် အနောက်မှ လိုက်ပါလာဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ ဓားဌာန အကြောင်းကို ပြောလိုက်ခြင်းကပင် တစ်ဖက်လူ၏ လောဘကို ငြိမ်သက်သွားစေရန် မလုံလောက်ခဲ့၍ သူမလည်း အကူအညီမဲ့သလို ခံစားနေရမည်သာ။ ကျောင်းတော်မှ ထွက်ခွာလာခဲ့ကြသောအခါ မဟာစစ်သူကြီးသည် သည် အနီးအနားတွင် မရှိတော့ဘဲ လမ်းပေါ်တွင် ချောင်မိသားစု နှင့် ယွမ်ရှောင်သာ ရှိတော့သည်။

သူက ခြေလှမ်းများ ရုတ်တရက် ရပ်တန့်၍ သူမကို လှမ်းခေါ်လိုက်သည်။

"ဒေါ်လေး"

သူမ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်ကာ တည်ငြိမ်နေပြီး ချောင်ရှန်း နှင့် ကူစုဝမ် လင်မယားတို့လည်း ရပ်တန့်သွားကြ၍ ပြုံးကာ လှည့်ကြည့်လာသဖြင့် ယွမ်ရှောင်က သူတို့ကို လေးနက်စွာ ပြောလိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက်လုံးနဲ့ ရှင်းရှင်းလင်းလင်း ပြောစရာတစ်ခု ရှိတယ်”

အပိုင်း ၅၈၂ - လျူမိသားစု၏ အပြစ်များ

ချောင်ရှန်းနှင့် ကူစုဝမ်တို့၏ မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်စွာ အရောင်လက်သွားသော်လည်း လူထူထပ်သော နေရာတွင် ရှိနေဆဲဖြစ်သည်။ ယွမ်ရှောင် ရပ်လိုက်သောအခါ၊ ပတ်ဝန်းကျင်ရှိ မိုးကြိုးဌာနမှ အင်မော်တယ်များက စိတ်လှုပ်ရှားလာကြပြီး ဧကရာဇ် အလောင်းအလျာကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုဇောဖြင့် ပိုမို နီးကပ်စွာ တိုးဝှေ့လာကြသည်။ ရိုးရိုးသားသားပြောရလျှင် ထိုအချိန်တွင် ယွမ်ရှောင်ကို ဤမျှ လူကြိုက်များလာလိမ့်မည်ဟု ချောင်ရှန်းနှင့် ကူစုဝမ်တို့ နှစ်ဦးစလုံး မျှော်လင့်မထားခဲ့ပေ။ ယွမ်ရှောင်သည် လူတိုင်း၏ရှေ့တွင် လက်လှမ်းပြီး အဒေါ်ဖြစ်သူ၏ သွယ်လျသော ခါးလေးကို ရင်းနှီးကျွမ်းဝင်စွာ ဖက်ကာ အနီးသို့ ဆွဲယူပစ်လိုက်သဖြင့် ထိုနေရာရှိ လူအားလုံးအတွက် သူတို့၏ အရှုပ်တော်ပုံ ကိစ္စကို သေချာပေါက် အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။

"မင်းတို့ နှစ်ယောက်က…"

ချောင်ရှန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ယွမ်ရှောင်က လေးလေးနက်နက်နှင့် ရိုးသားဟန်ဆောင်ကာ ဖြတ်ပြောလိုက်သည်။

"ကျွန်တော် ဝန်ခံရပါလိမ့်မယ်။ ကျွန်တော်နဲ့ ဒေါ်လေးချောင်က မြင်မြင်ချင်း ချစ်ကြိုက်သွားခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ကတိကဝတ်ပြုထားပြီးပါပြီ။ ကျွန်တော်တို့မှာ သွေးသားတော်စပ်မှု မရှိလို့ ဒီလိုပေါင်းဖက်မှုမျိုးက သေချာပေါက် အတင်းအဖျင်း ပြောစရာဖြစ်လာမယ်ဆိုပေမယ့် ကိုယ့်လမ်းကိုယ်လျှောက်နိုင်ဖို့ မွေးစားအဖေ့ရဲ့ ကောင်းချီးကို တောင်းခံပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ ယောက်ဖအဖြစ်၊ ခင်ဗျားက ကျွန်တော့်ရဲ့ မွေးစားအဖေအဖြစ်ပေါ့။ ပဋိပက္ခဖြစ်နေစရာ မလိုပါဘူး"

ချောင်ရှန်းမှာ ဆွံ့အသွားပြီး အကယ်၍ အခြားတစ်ယောက်ယောက်သာ ဤကဲ့သို့ အဓိပ္ပါယ်မရှိသော စကားများကို ပြောခဲ့လျှင် ပါးတစ်ချက်ရိုက်ပစ်ကာ ပြားကပ်သွားစေလိမ့်မည် ဖြစ်သည်။ သူက ယွမ်ရှောင်ကို ပြန်မဖြေဘဲ ချောင်ရူထံ စူးစူးရဲရဲ လှည့်ကြည့်လိုက်ကာ အသံမှာ တင်းမာနေသည်။

"အိမ်ထောင်ပြုတယ်ဆိုတာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ နင် သေချာ စဉ်းစားသင့်တယ်"

သူက တမင်တကာ ဖိပြောလိုက်ခြင်းဖြစ်ပြီး သူမအနေဖြင့် မဟာစစ်သူကြီးကို တစ်ကြိမ် ပြဿနာရှာထားပြီးဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင်။ အကယ်၍ သူမသာ မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးနေလျှင် သူ့ကို ရက်စက်သည်ဟု အပြစ်မတင်နိုင်ပေ။

သူမက အပြုံးဖြင့် ပြန်ဖြေပြီး ယွမ်ရှောင်၏ ပါးကို နောက်ပြောင်ကာ ဆွဲလိမ်လိုက်သည်။

"ငါ သေချာ စဉ်းစားပြီးပါပြီ။ သူ့ကို ကြည့်ပါဦး၊ နုပျိုတယ်၊ ခွန်အား ပြည့်ဝတယ်၊ ချောမောတယ်၊ ကောင်းကင်ဧကရာဇ် တစ်ပါးရဲ့ ပါရမီတွေနဲ့ ကောင်းချီးပေးခံထားရတယ်။ သူက အကောင်းဆုံး လက်တွဲဖော် မဟုတ်ဘူးလား။ သူက ငါ့လို ရင့်ကျက်တဲ့သူကို သဘောကျနေမှတော့ ငါကလည်း ဖြည့်ဆည်းပေးရတာ အရမ်းကို ပျော်ရွှင်မိတာပေါ့"

သူတို့၏ စကားများက မိုးကြိုးဌာနမှ အင်မော်တယ်များအကြားတွင် စိတ်လှုပ်ရှားမှုကို လှိုင်းတံပိုးတစ်ခုပမာ ဖြစ်ပေါ်စေခဲ့သည်။

"သူတို့ကို လွှတ်ထားလိုက်ပါ"

"ချစ်သူတွေ ပေါင်းဖက်ပါစေ"

"တစ်ယောက်က ငယ်ရွယ်ပြီး ရဲရင့်တယ်၊ အခြားတစ်ယောက်က အရာအားလုံးကို နားလည်လက်ခံနိုင်တယ်။ တကယ်ကို ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ စုံတွဲပဲ"

"သူတို့မှာ သွေးသားတော်စပ်မှုမှ မရှိတာ။ ဘာတွေ စိုးရိမ်ပူပန်နေတာလဲ"

လူအုပ်ကြီးက ဤသို့ တွေးလိုက်ကြပြီး အချစ်ဇာတ်လမ်းကို သဘောကျနေကာ ဝင်ရောက်ထောက်ခံပေးနေကြ၏။

"ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ချောင်ရှန်းသည် ဒေါသထွက်လွန်း၍ ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်ဖြစ်နေသည်။ ဤအချစ်ဇာတ်လမ်းအကြောင်း အချက်အားလုံးသည် အဓိပ္ပါယ်မရှိကြောင်း မည်သူ့ထက်မဆို သူက ပိုသိပြီး ထိုနှစ်ယောက်မှာ ချောင်အိမ်တော်ရှိ အန္တရာယ်ကို ရှောင်လွှဲရန် ဉာဏ်ဆင်နေပုံရသည်။

"မင်းတို့က သွေးသားမတော်စပ်ပေမယ့်၊ အဒေါ်နဲ့ တူ ဆိုတဲ့ ဆက်ဆံရေး ရှိတယ်။ ကျင့်ဝတ် ဖောက်ဖျက်မှု ဘယ်အရာမဆို လုယောင်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနိုင်တယ်"

ချောင်ရူသည် တောက်ပသော စက်လုံးတစ်ခုကို ထုတ်ယူပြီး ပြောသည်။

"ဒီကိုအလာလမ်းမှာ ဒါကို ငါ ကောက်ရခဲ့တယ်။ မိုးကြိုးဌာနက လူတိုင်း ငါတို့ရဲ့ အချစ်မီးတောက်တွေ လောင်နေပြီဆိုတာ သိကြတယ်။ အစ်ကိုက ခေတ်ကုန်သွားပြီ။ ဒီဘက်ခေတ်မှာ အချစ်စစ်ဆိုတာ အပြစ်ကင်းတယ်။"

"ဟုတ်တယ်၊ ပြောတာကောင်းတယ်"

လူအုပ်ကြီးက ထပ်မံ၍ ထောက်ခံလိုက်ကြပြီး ချောင်ရှန်းကို ပို၍ အကြပ်ရိုက်သွားစေသည်။

သူက ယွမ်ရှောင်ကို အကြောက်တရား သွင်းပေးရန် ဂရုမစိုက်တော့ဘဲ ခက်ထန်စွာ ပြောလိုက်သည်။

"နင့်ရဲ့ ခေါင်းမာမှုက ကိုယ့်ကိုကိုယ် သတ်သေနေသလိုပဲ"

"အစ်ကို၊ ရှင်က အပိုတွေ ပြောနေတာပါ။ ဒါက အချစ်ဇာတ်လမ်းလေး တစ်ခုပါပဲ။ ဘယ်လိုလုပ် လူတစ်ယောက်ကို သေစေနိုင်မှာလဲ"

သူမက ထိုခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် ရယ်မောလိုက်သည်။

ထိုအခိုက်အတန့်တွင် ယွမ်ရှောင်ကလည်း ပြတ်ပြတ်သားသား ဝင်ပြောလိုက်သည်။

"တကယ်လို့ မွေးစားအဖေက ဒါကို လက်မခံနိုင်ဘူးဆိုရင် သားအဖ ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"

သူ၏ စကားများသည် ခိုင်မာပြတ်သား၍ ရူးသွပ်လွန်းသောကြောင့် ချောင်ရှန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စစ်စွမ်းအင်များ မြင့်တက်လာ၍ ကူစုဝမ်သာ မတားဆီးထားခဲ့လျှင် ဒေါသ ပေါက်ကွဲသွားလောက်ပြီဖြစ်သည်။

"စိတ်အေးသွားအောင် အချင်းချင်း အချိန်နည်းနည်းလောက် ပေးလိုက်မယ်။ ကျုပ်တို့ကို သဘောတူပြီဆိုမှ ချောင်အိမ်တော်ကို ပြန်လာပါမယ်။ လောလောဆယ်တော့ ခွင့်ပြုပါဉီး"

အချစ်များဖြင့် ပျော်ရွှင်နေပုံရသော ယွမ်ရှောင်နှင့် ချောင်ရူသည် ကြည့်ရှုနေသူများ၏ အားကျသော အကြည့်များအောက်တွင် လက်ချင်းချိတ်ကာ ချက်ချင်း ထွက်ခွာသွားကြသည်။

"သူတို့ရဲ့ အချစ်က ရဲရင့်ပြီး ပြင်းထန်တယ်"

"မိုးကြိုး တမန်တော် က သူ့ကို ချစ်မြတ်နိုးတာ အံ့သြစရာ မရှိပါဘူး"

ထောက်ခံအားပေးသည့် စကားသံများ ဆက်လက်ထွက်ပေါ်နေစဉ် ချောင်ရှန်းသည် အကျိုးဆက်များကို ဂရုမစိုက်ဘဲ ယွမ်ရှောင်ကို ဖမ်းဆီးလိုသော စိတ်အား အကြိမ်ကြိမ် တွန်းလှန်နေခဲ့ရသည်။ သို့သော် ကူဆုဝမ်က သူ့ကို တားဆီးထားခဲ့သဖြင့် လောလောဆယ်တွင် ယွမ်ရှောင် လွတ်မြောက်သွားနိုင်ခဲ့၏။

"မင်း ဘာလုပ်ချင်နေတာလဲ"

"မဟာစစ်သူကြီးက သူ့ကို ခေါ်လာဖို့ ညွှန်ကြားတဲ့အခါ၊ ငါတို့က မဆန့်ကျင်ဘဲ လိုက်နာခဲ့တယ်။ နင့် ညီမကသာ သူ့ကို ခေါ်ထုတ်သွားဖို့ လူထုအမြင်ကို ကြိုးကိုင်ခြယ်လှယ်သွားတာပဲ။ အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"

ချောင်ရှန်း တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သဘောပေါက်သွားခဲ့၏။

"ဟုတ်တယ်။ ငါတို့က မဟာစစ်သူကြီးကို မဆန့်ကျင်မိတာကိုပဲ သေချာအောင် လုပ်ဖို့ လိုတယ်။ ဘယ်အချိန် ဘယ်လို ကိုင်တွယ်မလဲဆိုတာက သူ့ကိစ္စပဲ။ ဒါပေမယ့် ငါ့ညီမက သူ့ဒေါသကို အဆပေါင်းများစွာ ရင်ဆိုင်ရလိမ့်မယ်"

" သူမက နင့်ရဲ့ ရာထူးကို အန္တရာယ်ဖြစ်စေပြီး မဟာစစ်သူကြီးကို ဆန့်ကျင်တယ်။ ပြီးတော့ ဓားဌာနကို သတင်းပေးလိုက်ပြီး အခု လုယောင်ကိုလည်း အတင်းအဓမ္မ ခေါ်သွားပြန်ပြီ။ နင့်ကို အကြိမ်ကြိမ် ချောက်ကမ်းပါးဆီ တွန်းပို့နေတာကို ညီမလို့ သတ်မှတ်နေတုန်းပဲလား။ သူမက ရန်သူတစ်ယောက်လိုပဲ”

ကူစုဝမ်က အေးစက်စွာ အပြစ်တင်ပြီး ဆက်၍ အကြံပေး၏။

"သူတို့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ခိုင်းထားလိုက်။ ဘယ်မှာရှိတယ်ဆိုတာကို အမြဲ အကြောင်းကြားခိုင်း။ ငါတို့က မဟာစစ်သူကြီးဆီ သတင်းသွားပို့ရအောင်။ သူက နောက်ဆက်တွဲ အကျိုးဆက်တွေကို စိတ်ထဲမထားဘူးဆိုရင် အဲဒီနှစ်ယောက် ဘယ်ကိုပဲ ထွက်ပြေးထွက်ပြေး လွတ်မှာ မဟုတ်ဘူး"

"ဒီကောင်ရဲ့ ပါရမီက ထူးခြားပေမယ့် အလှည့်အပြောင်းတိုင်းမှာ လမ်းကို သူကိုယ်တိုင် ဖျက်ဆီးနေတယ်"

သူမက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"ပြောရရင် သူက ဉာဏ်ကောင်းပုံရပေမယ့် သူ့ရဲ့ မောက်မာမှုနဲ့ နိမ့်ကျတဲ့ မူလဇစ်မြစ်ကြောင့် သိမ်ငယ်စိတ် ရှိနေတယ်။ သူက သိုသိုသိပ်သိပ်နဲ့ ဉာဏ်ကောင်းဖို့ ကြိုးစားပေမယ့် တစ်ချိန်တည်းမှာပဲ တခြားလူတွေကို ကြွားချင်၊ နင်းချေချင်တဲ့ ဆန္ဒရှိနေပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘူး။ အဲဒါကြောင့် သူက ဒီလို ပြဿနာတွေကို ဖန်တီးနေတာပဲ။ တကယ်လို့ သူ့မှာ လုံလောက်တဲ့ ဉာဏ်ပညာသာ တကယ်ရှိခဲ့ရင် အစွမ်းမထက်လာခင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး။ သူလည်း သေမင်းနဲ့ ကစားနေမှာ မဟုတ်ဘူး"

" အဲဒီလိုလူမျိုးသာဆိုရင် တကယ်ကို ကြောက်စရာကောင်းလိမ့်မယ်"

ချောင်ရှန်းက ရယ်မောလျက် မှတ်ချက်ချပြီးနောက် ဝမ်းသာအားရ စကားပြောနေကြသော မိုးကြိုးဌာနမှအင်မော်တယ် များကို ကြည့်ကာ ကူစုဝမ်မှာ မျက်မှောင်ကြုတ်နေခဲ့သည်။

"တစ်ခုတည်းသော ပြဿနာက မိုးကြိုးဌာနရဲ့ သာမန် လူတန်းစား အလွှာတွေကြားမှာ သူ့ရဲ့ လူကြိုက်များမှုပဲ။ ဒီလူတွေက ဩဇာလွှမ်းမိုးမှု သိပ်မရှိနိုင်ပေမယ့် အတင်းအဖျင်း ပြောရတာကို ကြိုက်ကြတယ်။ အကယ်လို့ မဟာစစ်သူကြီးက ကြမ်းကြမ်းတမ်းတမ်း လုပ်ပြီး သူတို့အမြင်မှာ ဆိုးရွားသွားရင် ငါတို့လည်း ထိခိုက်လိမ့်မယ်။ နတ်ဘုရားဂိတ်ပေါက်ကလည်း အောက်ခြေ အင်မော်တယ်တွေရဲ့ ထင်မြင်ယူဆချက်တွေကို အလေးအနက်ထားတယ်"

ကောင်းကင်သို့ပျံသန်းခြင်း မြို့တော်တွင် ကောင်းကင်အုပ်စိုး အိမ်တော်၏ အလယ်ဗဟို၌ စီရင်ရေး ခန်းမ ရှိပြီး တရားစီရင်ရေး အင်မော်တယ်၊ လျူကျိုးယွီ နေထိုင်လေ့ရှိသော နေရာဖြစ်သည်။ လူသူကင်းမဲ့သော ညဉ့်အချိန်ဖြစ်သော်လည်း လျူမူသည် ဝင်ပေါက်၌ တိုင်ကို မှီလျက် ရပ်နေကာ အလွန်ဝမ်းနည်း နာကျည်းနေဟန်ဖြင့် မျက်လုံးများတွင် အနီရောင် သွေးကြောမျှင်များ ယှက်သန်းနေသည်။ နောက်ဆုံးတွင် ကောင်းကင်ပျံသန်းခြင်း မြို့တော်၏ အပြင်ဘက်၌ အလင်းတန်း နှစ်ခု ဆင်းသက်လာကာ ရိုသေလေးစားစွာ နှုတ်ဆက်နေသော စီရင်သူများအကြားမှ လူရိပ်နှစ်ခု ဝင်ရောက်လာပြီး စီရင်ရေး ခန်းမသို့ လျှောက်လှမ်းလာကြသည်။ လျူသားအဖက ခန်းမအတွင်း ဝင်ရောက်လာရင်း လျူချောင်သည် မျက်နှာတစ်ခုလုံး မှိုရသည့်အလား ပြုံးပျော်နေ၏။

"အဘိုးကြီးလု မရှိတော့ အဖေ့မှာ ပြိုင်ဘက် မကျန်တော့ဘူး။ မြို့စားကျန်းတစ်ယောက် ရာထူးတိုး စာရွက်စာတမ်း ပြီးသွားတာနဲ့ အဖေက အဆင့် ၅ ကောင်းကင်အရာရှိ တစ်ယောက် ဖြစ်လာနိုင်ပြီ"

လျူကျိုးယွီသည်လည်း ရှားရှားပါးပါး ရယ်မောပြီး ပြန်ဖြေသည်။

"ဒီနေ့က တကယ်ကို ကံကောင်းတဲ့နေ့ပဲ။ အောက်ဘုံကနေ ရခဲ့တဲ့ အကျိုးအမြတ်တွေက လုံလောက်အောင် များပြားပါတယ်။ ဒါပေမယ့် ကောင်းကင်သို့ပျံသန်းခြင်းမြို့တော်က ငါတို့ဟာ ဖြစ်လာရင်တောင် နှိမ့်ချပြီး သတိထားဖို့ မမေ့နဲ့"

သူမကို သတိထားမိသွားသောအခါ လျူချောင်၏ မျက်လုံးများ အရောင်လက်သွားပြီး စကားစလိုက်၏။

"ညီမလေး၊ မိုးကြိုးဌာန ကနေ ပြန်ရောက်နေတာလား။ အချိန်ကိုက်ပဲ အစ်ကို့မှာ ပြောစရာ သတင်းကောင်း ရှိတယ်။"

"မူအာ၊ သတင်းဆိုး တစ်ခုခု ရှိလို့လား။ မစိုးရိမ်ပါနဲ့၊ သမီးအတွက် အဖေတို့ ဖြေရှင်းပေးပါ့မယ်"

နီရဲသော မျက်ဝန်းများက ဖခင်နှင့် အစ်ကိုထံ တစ်လှည့်စီ ရောက်ရှိနေကာ အစ်ကိုဖြစ်သူကို ဤသို့မေးလိုက်စဉ် နာကျင်မှုကြောင့် သူမ၏အသံမှာ အက်ကွဲနေခဲ့လေသည်။

"အစ်ကို၊ အဆင့်လေးဆင့်ကို ညတွင်းချင်း ဘယ်လို ကျော်ဖြတ်နိုင်ခဲ့တာလဲဆိုတာ ညီမကို ပြောနိုင်မလား”

All Chapters