← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 44 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 44 Ch. 587-588

အပိုင်း ၅၈၇ - သနားညှာတာမှု မရှိစေရ

"လုယောင်"

ဤအမည်ကို စိတ်ထဲမှ တုန်တုန်ယင်ယင် ရေရွတ်လိုက်သောအခါ လျူမူ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာသည်။ တစ်ဖက်လူသည် မိစ္ဆာတစ်ကောင်၏ အသွင်အပြင်မျိုး ပြောင်းလဲနေသော်လည်း သူမက မှတ်မိနေဆဲ ဖြစ်ပြီး မျက်လုံးအကြည့်များမှာ အရင်အတိုင်းပင်။ ၎င်းက မကောင်းမှုကို စက်ဆုပ်ရွံရှာ၍ ဒေါသတကြီး ဖြစ်နေသော မျက်ဝန်းများ ဖြစ်ကာ မျက်နှာအထက်၌ ထိန်းမနိုင်သိမ်းမရ ထင်ဟပ်နေသည်။

"ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

"ကျုပ်ဓားက လူသားတွေရဲ့ မကောင်းတဲ့ စိတ်တွေကို ဝါးမျိုပြီး ပြောင်းလဲသွားတယ်"

သူမ၏ မေးခွန်းကို ပြန်ဖြေလာသောအသံက ကျောစိမ့်လောက်အောင် အက်ကွဲနေပြီး တစ္ဆေတစ်ကောင် ပြောလိုက်သကဲ့သို့ပင်။ ဓားပိုင်နက် ဖြစ်တည်လာသောအခါ အာကာသ ဓားအင်မော်တယ် လက်ဆောင်ပေးခဲ့သည့် ဓားဆန္ဒ ထွက်ပေါ်လာကာ မဟာအစီအရင်၏ အကူအညီဖြင့် ဓားနှင့် ချိတ်ဆက်သွား၏။ ၎င်း၏ စွမ်းရည်သည် လူသားများ၏ မကောင်းသော စိတ်ထားများကို ဝါးမျိုနိုင်၍ သတ်ချင်ဖြတ်ချင်စိတ် ကြီးမားသော ဓားမိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ နိုးထလာသည်နှင့် တပြိုင်နက် မဟာအစီအရင်မှ ဓားပိုင်နက် စုပ်ယူထားခဲ့သော စွမ်းအားများ ပြန်လည် ထွက်ပေါ်လာကာ ဓားနှလုံးသားများ ဝါးမျိုလိုက်သည့်အလား တိုးတက်လာစေသည်။ သို့ရာတွင် ဓားနှလုံးသားသည် တစ်ခါသုံးဖြစ်ကာ ဓားမိစ္ဆာ သွေးမျိုးဆက်ကမူ မကောင်းမှုကို တွေးသူ များလေလေ၊ ပို၍ အားကောင်းလေလေ ဖြစ်ကာ တိုက်ပွဲအတွင်း ဆထက်ထမ်းပိုး သန်မာလာစေနိုင်စွမ်း ရှိ၏။

သွေးချောင်းစီး သတ်ဖြတ်လိုက်လျှင် ဘေးထွက်ဆိုးကျိုးအရ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သော်လည်း ယုတ်မာလှသော ရန်သူများကို မြင်သောအခါ ယွမ်ရှောင် ထိန်းချုပ်မထားတော့ပေ။ ကောင်းကင်ပျံသန်းမြို့တော်တစ်ခုလုံး မကောင်းမှုအတွေးများ ပြည့်နှက်နေပြီး ညအမှောင်အောက်တွင် အနက်ရောင်စွမ်းအင်များအဖြစ် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ထံ စီးဝင်နေကြ၏။ ရန်သူများ၏ အမြင်တွင် သူက ရက်စက်ကြမ်းတမ်းသော မိစ္ဆာတစ်ကောင် ဖြစ်နေပြီး ဖြောင့်မတ်မှန်ကန်သော အသွင်အပြင်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော်လည်း မကောင်းမှုကို တွေးနေသည်မှာ သူတို့သာ ဖြစ်သည်။

တိုက်ပွဲစတင်သောအခါ ထောင်ချီသော စီရင်သူများ ပူးပေါင်းတိုက်ခိုက်လိုက်ကြပြီး လက်နက်ပေါင်းစုံသည် ယွမ်ရှောင်ထံ မိုးသီးမိုးပေါက်များပမာ တဖွဲဖွဲ ကျရောက်လာကြသည်သာမက လျူမူကိုပင် အလွတ်ပေးခဲ့ချေ။ ယွမ်ရှောင်သည် တစ်မြို့လုံးကို တစ်ကိုယ်တော် ရင်ဆိုင်နေရသောကြောင့် သူမအနေဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန် ထရပ်လိုက်သော်လည်း စိုးရိမ်စိတ်ကြောင့် ရင်တမမ ဖြစ်နေသည်။

"ဒီလောက်များတဲ့ ရန်သူတွေကို သူ ရင်ဆိုင်နိုင်ပါ့မလား"

ပတ်ပတ်လည်မှ ဝင်ရောက်လာသော တိုက်ကွက်များက လွတ်လမ်းမှန်သမျှ ပိတ်ဆို့ထားသော်လည်း အကောင်းဆုံးခံစစ်ဆိုသည်မှာ အကြမ်းတမ်းဆုံး တိုက်စစ်ဖြစ်ကြောင်း နားလည်ထားသည့် ယွမ်ရှောင်အတွက် ပြဿနာ မဟုတ်ချေ။ ပိုင်ရှင်ကို သတ်လိုက်သည်နှင့် တပြိုင်နက် ဓားဝိညာဥ်များ၊ အသက်တံဆိပ်များနှင့် လက်နက်များအားလုံး အစွမ်းကင်းမဲ့သွားပေလိမ့်မည်။

"မင်းတို့က ငါ့ကို သေလူလို့ ထင်နေတာမလား။ ငါလည်း အတူတူ တွေးထားတယ်။ မင်းတို့ နိမ့်ကျတယ်လို့ တွေးထားတဲ့ သေမျိုးလောကရဲ့ သိုင်းပညာနဲ့ပဲ မင်းတို့ကို သတ်ပြမယ်"

သူက မိစ္ဆာဓား အသွင် ဖြစ်နေသော ဓားမြှောင်ကို လေထုအတွင်း ပစ်တင်လိုက်သောအခါ ပင်လယ်အတွင်း ရောက်နေသည့် ငါးတစ်ကောင်ကဲ့သို့ လှလှပပ ကူးခတ် ရှေ့တက်သွားသည်။ သူ၏ မျက်နှာအထက်တွင် လှောင်ပြုံးတစ်ခု ရှိနေပြီး ဓားမြှောင်သည် လေထဲ၌ အလှည့်အပြောင်း ထောင်ချီ ကွေ့ဝိုက်သွားကာ ဟင်းလင်းပြင်ကို အိမ်ကွင်းပမာ သဘောထားလိုက်၏။

"ဝုန်း"

ဓားကွက်ကြောင့် ယိမ်းယိုင်သွားသော ဟင်းလင်းပြင်အတွင်း ရန်သူ၏ တိုက်ကွက်များ အချင်းချင်း ထိခိုက်ကုန်ကာ ရှေ့ဆက်မလာနိုင်သဖြင့် သူတို့၏ အနားသို့ပင် မရောက်နိုင်တော့ပေ။ ဓားဝိညာဥ်များ တရွှီရွှီ ဖြတ်သန်းသွားသော်လည်း ခြေဆယ်လှမ်းအကွာ၌ ရပ်တန့်သွားကာ မြေပြင်သို့ ပြုတ်ကျနေသောကြောင့် လူတိုင်း ကျောစိမ့်ကုန်သည်။

"ဘာဓားသိုင်းလဲ"

ချန်ယု၏ ဖခင်ဖြစ်သော သခင်ကြီးချန်သည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အထွတ်အထိပ်သို့ ရောက်နေသော ဓားသိုင်းကြောင့် မင်သက်သွား၏။ ထိုအချိန်မှာပင် သူ့ထံ ဓားမြှောင်က ဝင်ရောက်လာသောကြောင့် ဓားရှည်ဖြင့် ထိပ်တိုက် တွေ့ပေးလိုက်သော်လည်း ၎င်းသည် လက်ကို ခရုပတ်သဏ္ဍာန် ဝေ့ဝိုက်သွားကာ ချိုင်းအောက်သို့ ထိုးစိုက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားကာ သွေးဆုတ်ဖြူရော်သွားစဥ် ကိုယ်တွင်း၌ အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းခံလိုက်ရသဖြင့် အပိုင်းပိုင်း ကွဲထွက်သွား၏။ ကောင်းကင်ရုံးတော်၏ အဆင့်ခြောက် အရာရှိတစ်ဦးက မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရကာ သေအံ့ဆဲဲဆဲတွင် လုံးဝ နားမလည်နိုင်သော ဓားသိုင်းကြောင့် မျက်စိများပင် မမှိတ်သွားခဲ့ပေ။

ယွမ်ရှောင်၏ လက်ရှိ အစွမ်းသည် ရန်သူများ၏ အတွေးမှ မြစ်ဖျားခံပြီး မိုးကြိုးမဟာအစီအရင်၏ အကူအညီလည်း ပါဝင်နေသည်။ မျက်မြင်တွေ့လိုက်ရသော စီရင်သူများ နောက်တစ်ဖန် တုန်လှုပ်သွားချိန်တွင် သူသည် သွေးရွှဲရွှဲစိုနေသော ဓားကို ပြန်လည် ဖမ်းယူ၍ ဓားရှည်အသွင်ပြောင်းကာ အကြမ်းပတမ်း ပြေးတက်လာ၏။ ဓားချက်တွင် လျှပ်စီးကြောင်းများ ဖြာထွက်လာပြီး ပိုက်ကွန်ပမာ ရက်လုပ်သွားကာ ကျောက်တန်မင်၏ ဖခင် သခင်ကြီးကျောက်အပေါ် အုပ်မိုးလာသောအခါ ထွက်မပြေးနိုင်ခင်မှာပင် အရိုးတခြား အသားတခြား ဖြစ်သွား၏။ သတ်ဖြတ်လိုက်သူတိုင်းထံမှ ဖန်ဆင်းရှင်မျိုးစေ့ ဖြစ်စေ၊ ဓားဝိညာဥ် ဖြစ်စေ၊ အသက်တံဆိပ်ဖြစ်စေ သူ့အတွက် ဝါးမျိုစရာများ ဖြစ်ကြပြီး ပိုမိုအားကောင်းလာသဖြင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်မထားတော့ပေ။ အဆင့်ခြောက် ကောင်းကင်အရာရှိ နှစ်ယောက် သေဆုံးသွားသောအခါ ကြောက်လန့်သွားသော ရန်သူများသည် ကိုယ်လွတ်ရုန်းရန် အချင်းချင်း ထိုးကျွေးမည့်အတွေးများ ဖြစ်ပေါ်လာသောကြောင့် မိစ္ဆာဓားဝိညာဥ်ကို ပိုမို အားကောင်းစေသည်။

"သွားကြစို့ ဟား ဟား"

ထို့နောက် ယွမ်ရှောင်သည် စီရင်သူများစွာနှင့် ရင်ဆိုင်နေရသော လျူမူထံ ပြန်သွားကာ ဓားပျံအထက် ဆွဲတင်လိုက်၏။ သူက အရူးတစ်ယောက် စိတ်လွတ်သွားသကဲ့သို့ ရယ်မောနေပြီး ရက်စက်ကြမ်းကြုတ်လှသော ဓားပျံကို မြင်းတစ်ကောင်ပမာ ထိန်းချုပ်၍ လျူကျိုးယွီထံ ပစ်ဝင်သွားသည်။

"အဖေ..."

သမီးတစ်ယောက်အနေဖြင့် မုန်းတီးသော်လည်း မသိစိတ်ကြောင့် သူမကို တုန်ရီသွားစေသည်။ သို့သော် ယွမ်ရှောင်ကမူ လူတိုင်းထက် ပို၍ ပြတ်သားနေပြီး သွေးမြူခိုးနှင့် အနက်ရောင်မီးခိုးများ ထုတ်လွှတ်ကာ တိုက်ကွက်များကို တရစပ် ရှောင်တိမ်းပြနေ၏။ ၎င်းသည် သူ ပထမဆုံး သင်ယူခဲ့ဖူးသော သေမျိုးလောက၏ ဓားပျံသိုင်းကို အသုံးပြုနေခြင်း ဖြစ်သော်လည်း အရည်အချင်းထက်မြက်သဖြင့် အင်မော်တယ်လောက၏ သိုင်းပညာအောက် မလျော့ပေ။ လျူကျိုးယွီသည် အဆင့်တူ အရာရှိနှစ်ယောက် သေဆုံးသွားသောအခါ ကြောက်စိတ်ဝင်လာပြီး တစ်ဖက်လူ မည်သူဖြစ်ကြောင်း စဥ်းစားနေရင်း အတွေးတစ်ခု ပေါ်လာသည်။

"ငါ့သမီးကို လာကယ်တယ်ဆိုတော့ လုအန်းများလား။ မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး"

သူက ခေါင်းတခါခါ ယမ်းကာ လျူမျိုးနွယ်ဝင်များကို ချက်ချင်းဆွဲယူ၍ ရှေ့သို့ အကာအကွယ်အဖြစ် ပစ်ထုတ်လိုက်၏။

"သူတို့ကို တားကြစမ်း"

သို့သော် သူ၏ အမိန့်သံ အဆုံးမှာပင် ထိုလူများသည် ကျိုးပဲ့လွယ်သော တို့ဟူတုံးများပမာ နှစ်ပိုင်း ပြတ်ကုန်သောကြောင့် အသက်ရှူရပ်မတတ် လန့်သွားသည်။ ခြောက်ပေရှည်သော ဓားပျံသည် လမ်းကြောင်းရှိ အရာအားလုံးကို ပိုင်းဖြတ်ကာ သမီးဖြစ်သူကို ရှေ့တည့်တည့် ရောက်သည်အထိ ခေါ်ဆောင်လာ၏။ သားအဖနှစ်ယောက် မျက်လုံးချင်း ဆုံသောအခါ လျူကျိုးယွီ၏ မျက်လုံးများတွင် နောင်တစိတ်များ ဖြစ်ပေါ်လာသော်လည်း လျူမူသည် ဖခင်ဖြစ်သူ၏ မကောင်းမှုများအကြောင်း တွေးမိသောအခါ ယွမ်ရှောင်ကို တားမြစ်ရန် တစ်ခွန်းပင် မဟခဲ့ချေ။

"ပြီးသွားပါပြီ"

သူ သက်ပြင်းချလိုက်သော ခဏတွင် ဓားသည် အကာအကွယ် ချပ်ဝတ်ကို ဖျက်ဆီး၊ ရင်ဘတ်ကို ထိုးဖောက်၍ မီတာရာပေါင်းများစွာအထိ ဒရွတ်တိုက် ဆွဲခေါ်သွားသဖြင့် နေရာအနှံ့ သွေးချင်းချင်းနီသွား၏။

"အား"

သွေးများ အဆက်မပြတ် အန်နေသော လျူကျိုးယွီသည် မျက်လုံးများ အရောင်မှိန်လာကာ ယွမ်ရှောင်ကို လက်ညှိုးထိုးရင်း သွေးအိုင်အတွင်း၌ မိုက်ဇာတ်သိမ်းသွားခဲ့သည်။ သူကမူ တစ်ချက်ပင် လှည့်မကြည့်ဘဲ ရူးသွပ်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ လူသတ်ပွဲကြီး ဆက်လက်ကျင်းပနေခဲ့သည်။ ဤမြို့တော်သည် သူ့အတွက် သွေးနီရောင် ထင်ဟပ်နေပြီး အာကာသ ဓားအင်မော်တယ် ပေးထားခဲ့သော ဓားဆန္ဒအတွက် အရင်းအမြစ်များပင်။ လျူမူကို ဘေးကင်းရာတွင် ချထားပေးခဲ့ပြီးနောက် သူက ရန်သူအုပ်ကြီးအတွင်း ထိုးဆင်းသွားကာ ဓားမြှောင်၊ ဓားရှည်၊ ဓားပျံ အမျိုးမျိုး ပြောင်းလဲ ထိန်းချုပ်ရင်း အဆင့်ခြောက် အရာရှိများကို သတ်ဖြတ်ပစ်ခဲ့သည်။ လမ်းတလျှောက်တွင် တားဆီးရန် ကြိုးစားခဲ့သော စီရင်သူ ရာထောင်ချီ သေဆုံးသွားသောကြောင့် ကောင်းကင်အုပ်စိုးအိမ်တော်၏ အဝင်ဝသည် သွေးစွန်းနေသော ငရဲတံခါးပေါက်အဖြစ် ပြောင်းလဲသွားလေသည်။

အပိုင်း ၅၈၈ - ကောင်းကင်မှ ဆင်းသက်လာသော ဓားတစ်လက်

လူသတ်ပွဲကြီးက ဆက်လက် ဖြစ်ပေါ်နေပြီး သေဆုံးသူ အရေအတွက် များလာသည်နှင့် တပြိုင်နက် ရန်သူများသည် ဒေါသထွက်နေရာမှ ကြောက်စိတ် အစားထိုး ဝင်ရောက်လာ၏။

"ပြေးကြ ပြေးကြ"

"ဒီမိစ္ဆာက အစွမ်းထက်လွန်းတယ်"

"လျူမူကလည်း မိစ္ဆာမ ဖြစ်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် အစွမ်းထက် မိစ္ဆာတစ်ကောင် လာကူညီပေးမှာလဲ"

"ဒါက ငါတို့ မြို့အတွက် ကပ်ဘေးကြီးပဲ"

မကောင်းဆိုးဝါးက အင်မတန် ရက်စက်ကြမ်းကြုတ်လွန်း၍ သေမျိုးလောကများ၏ ပြစ်မှုကို ယုံကြည်ခဲ့သူများပင် စတင် ယိမ်းယိုင်လာကြ၏။

"လုအန်း ငါ့ကို ပြောစမ်းပါ။ ဘယ်ကောင်တွေ ကျန်သေးလဲ"

ယွမ်ရှောင်က စိတ်ထဲမှ ဟိန်းဟောက်နေပြီး ထိန်းမနိုင်သိမ်းမရ သတ်ဖြတ်ရင်း မျက်လုံးအတွင်း သွေးများ ပွက်ပွက်ဆူနေကာ တစ်ကိုယ်လုံး သွေးကြောများ ယှက်သန်းလာသည်။ သူက ခေါင်းမော့၍ ကြည့်လိုက်သောအခါ လက်ကျန်စီရင်သူ သုံးထောင်ကျော်သည် ကာကွယ်ရေးအစီအရင် ဖွဲ့စည်း၍ အနောက်တွင် အမိန့်ပေးနေသော အဘိုးအိုတစ်ယောက် ရှိကာ ကျန်းထိုက်ပင်းဖြစ်သည်။ မြို့စားကျန်းသည် အခြားမြို့များမှ စစ်ကူများရောက်မလာခင် သူ့ကို ထိန်းသိမ်းထားရန် ကြံစည်ထား၏။

"ဒီကောင်က ကောင်းကင်ရုံးတော်ကို ဆန့်ကျင်ပြီး အကြီးစားပြစ်မှု ကျူးလွန်ထားတာပဲ။ သေချာပေါက် အသတ်ခံရလိမ့်မယ်။ မကြောက်ကြနဲ့"

သူက နောက်လိုက်များကို တည်တည်ငြိမ်ငြိမ် အမိန့်ပေးနေဆဲ ဖြစ်ကာ အသက်ရှင်နေသရွေ့ မည်မျှဆုံးရှုံးရပါစေ၊ ဂရုမစိုက်တတ်ပေ။ ရန်သူ၏ ရည်ရွယ်ချက်က လျူမူကို ခေါ်ဆောင်သွားရန် ဖြစ်သောကြောင့် လမ်းတွင် ဝင်မရှုပ်သရွေ့ သူ ဘေးကင်းမည်ဟု တွက်ဆထား၏။ သို့ရာတွင် အသံကြားသည်နှင့် တပြိုင်နက် မိစ္ဆာ ဓားသမားသည် တည့်တည့်မတ်မတ် ပြေးဝင်လာသောကြောင့် သူ ဘာလုပ်ရမှန်း မသိသော်လည်း မိုးကြိုးဌာနတွင် ရာထူး တည်မြဲလိုလျှင် ဤအခြေအနေ၌ ထွက်ပြေး၍ မဖြစ်ပေ။ ထို့ကြောင့် သူက တစ်မြို့လုံးကို အလင်းရောင်ဖြင့် လှုံ့ဆော်ရန် ကောင်းကင်သို့ ပျံတက်ကာ အသံကုန်အော်ဟစ်ခဲ့သည်။

"ဒီမိစ္ဆာကို နှိမ်နင်းကြ"

သူ၏ ညာလက်တွင် အသက်တံဆိပ် တစ်ခု စုဝေးလာကာ ပင်လယ်ငါးခု ခြံရံလျက် လည်ပတ်နေပြီး ရုန်းပိုင်နက်များ ဖြစ်ကာ အသေးစား ကမ္ဘာလေးများနှင့် ဆင်တူပေသည်။ ၎င်းတို့က ပင်လယ်ငါးစင်း၏ အလေးချိန်ဖြင့် တဝုန်းဝုန်း ဆင်းသက်လာသောအခါ အတ္တနတ်ဘုရား နယ်ပယ်ထက် ကျော်လွန်နေကြောင်း သိနိုင်၏။ သို့သော်လည်း တစ်ဖက်တွင် ယွမ်ရှောင်သည် ပိုမို ကြမ်းကြုတ်လာပြီး လူသားများ၏ အဆုံးမသတ်နိုင်သော မကောင်းမှုများကြောင့် အချိန်တိုင်း အားကောင်းလာနေ၍ သမားရိုးကျ အသိအမြင်များနှင့် ဆန့်ကျင်သွားပေသည်။

"ဝုန်း"

မြို့စားကျန်း၏ ဘယ်လက်တွင် ကောင်းကင်ပျံသန်းမြို့တော်ရှိ အကျော်ကြားဆုံး လက်နက်ကို ကိုင်ဆောင်ထားကာ အလယ်တွင် အပြာရောင်၊ အစွန်းနှစ်ဖက်၌ အနက်ရောင် ရှိသော နယ်နမိတ်သတ်မှတ်ရေး နတ်အပ် ဖြစ်၏။ ၎င်းက သေးငယ်သော်လည်း အရှိန်အဝါသက်သက်ဖြင့် ရုန်းပိုင်နက် ငါးခုကိုပင် ငြိမ်သက်သွားစေပြီး ထိန်းချုပ်မှုအောက်တွင် ဧရာမ တိုင်လုံးကြီးအဖြစ် တမဟုတ်ချင်း ကြီးမားလာသောအခါ အသက်တံဆိပ်ဖြင့် ပေါင်းစပ်လိုက်ရာ အလေးချိန် သိသိသာသာ မြင့်တက်လာသည်။

"ဒီအပ်ကြောင့် မိစ္ဆာက သေရလိမ့်မယ်"

ကျန်းထိုက်ပင်း၏ အော်ဟစ်သံက မြို့၏ ညကောင်းကင်တွင် ဟိန်းထွက်သွားပြီး နောက်လိုက်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ အော်ဟစ် ကြုံးဝါးသံများ ပို၍ များလေလေ၊ ယွမ်ရှောင်၏ မျက်လုံးများ ခက်ထန်လေလေ ဖြစ်လာကာ နတ်အပ်ကို မြင်လိုက်ရရချင်း ဒေါသများ ပေါက်ကွဲကုန်သည်။ သူ့ကို အားကိုးထားသော သေမျိုးလောကများသည် ပျက်စီးခြင်း အစွန်အဖျားသို့ ရောက်ရှိနေကာ လုအန်းသည် ကယ်တင်ရန် ကြိုးစားသဖြင့် အသေဆိုးနှင့် သေခဲ့ရပြီး လျူမူမှာလည်း အမှန်တရားကို ထုတ်ဖော်မိသောကြောင့် သေမတတ်ပင် ဖြစ်ခဲ့ရသည်။ မျှော်လင့်ချက်များဖြင့် အဆင့်တက်လာသော ကျင့်ကြံသူများလည်း တက်လှမ်းခြင်းရေကန်တွင် မရေမတွက်နိုင်အောင် ဂူကောင်အစာ ကျွေးခံလိုက်ရသည့်တိုင်အောင် ကောင်းကင်ရုံးတော်နယ်မြေတစ်ခွင် ပျော်ရွှင်ဝမ်းမြောက်နေကြရာ မုန်းတီးစရာကောင်းလှ၏။

"ဘာကြောင့်လဲ"

ဤဒေါသသည် သူ့ကို မြင်းဇောင်းမှ လွတ်လာသော မြင်းရိုင်းပမာ လွတ်ထွက်သွားစေကာ ဓားရှည်၌ မကောင်းမှု အတွေးများ စုစည်းရင်း ပြေးထွက်လာခဲ့သည်။ သတ်ဖြတ်နိုင်စွမ်းက တွေးမရနိုင်လောက်အောင် ကြီးမားလာသဖြင့် စီရင်သူသုံးထောင်ကျော်ကို အကြောက်တရားရိုက်သွင်းပေးရန် လုံလောက်နေခဲ့သည်။

"တိုက်ခိုက်ကြစမ်း"

မြို့စားကျန်းသည် ကိုယ်တိုင်က အစီအရင်ထဲတွင် ပုန်းအောင်းနေသော်လည်း နောက်လိုက်များကိုမူ သေတွင်းထံ တွန်းပို့နေသည်။

"ဒီလောကမှာ စစ်မှန်တရားမျှတတဲ့ ကောင်းကင်ဆိုတာ ရှိလို့လား ဟား ဟား"

ယွမ်ရှောင်သည် ခက်ထန်စွာ ရယ်မောရင်း မီးခိုးမည်းနှင့် သွေးမြူခိုးများ ထုတ်လွှတ်ကာ ရန်သူများရှိရာသို့ ဝင်ရောက်မသွားဘဲ ကောင်းကင်သို့ ခုန်တက်လိုက်သည်။

"သူ ဘာလုပ်ချင်နေတာလဲ"

လျူမူ၏ နှလုံးသားသည် စိုးရိမ်ပူပန်မှုကြောင့် တင်းမာနေသော်လည်း ရန်သူများမှာ စိတ်အေးစွာ လှောင်ပြောင်လိုက်ကြသည်။

"လေကြီးလေကျယ်ပြောပြီး ထွက်ပြေးမလို့လား"

"ကောင်းကင်ကနေ ဓားတစ်လက် ဆင်းသက်လာတာမျိုး မြင်ဖူးလား"

ယွမ်ရှောင်က ခပ်လှောင်လှောင် ပြုံးရင်း မေးခွန်းထုတ်လိုက်သောအခါ ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် ရုတ်တရက် တိတ်ဆိတ်သွား၏။ သူက ဓားကို ကောင်းကင်သို့ မြှောက်၍ ဟိန်းဟောက်လိုက်သောအခါ လေထဲတွင် မိုးကြိုးစွမ်းအားများ အပြည့်အဝ ရောက်ရှိလာပြီး အားသွင်းပေးလိုက်သကဲ့သို့ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်၏ ရာနှုန်းပြည့် စွမ်းအား ထွက်ပေါ်လာစေသည်။ မျက်တောင်တစ်ခတ်အတွင်း လျှပ်စီးဝဲကြီးတစ်ခုက ကောင်းကင်အထက် စုစည်းလာပြီး မိုးကြိုးဌာနရှိ မဟာအစီအရင်၏ ပုံစံငယ်ပမာ ဆင်တူနေကာ အချက်တစ်ခုတည်း ကွဲပြား၍ အောက်သို့ ငုံ့ကြည့်နေသည်မှာ ချောမောပြေပြစ်သော အင်မော်တယ် မျက်နှာအစား ခက်ထန်ရက်စက်သည့် မိစ္ဆာမျက်နှာတစ်ခု အစားထိုး ရှိနေခြင်းပင်။

"တောင့်ခံထားကြ"

ကျန်းထိုက်ပင်းက မိစ္ဆာမျက်နှာကြောင့် တုန်လှုပ်သွား၍ အောက်သို့ ခုန်ဆင်းပြီး အမိန့်ပေးလိုက်သောအခါ စီရင်သူသုံးထောင်ကျော်၏ လက်နက်များ ကောင်းကင်သို့ ပျံတက်လာကြ၏။ ယွမ်ရှောင်၏ ဓားသည် ဝဲဗဟိုချက် ဖြစ်နေကာ မိစ္ဆာမျက်နှာကြီးထံမှ နားကွဲမတတ် ကျယ်လောင်သော စကားသံ စတင် ထွက်ပေါ်လာသည်။

"နွေဦးအစမှာ မိုးချုန်းပြီး ရွာချရင် ကောက်ပဲသီးနှံ ဖြစ်ထွန်းလိမ့်မယ်"

နွေဦးမိုးဆိုသည်မှာ သေမျိုးလောကတွင် အလွန်တရာ လှပပြီး ပြန်လည် မွေးဖွားခြင်းကို ကိုယ်စားပြုသော မြင်ကွင်း ဖြစ်သည်။ ဤဓားသည် အရာရာကို ပြန်လည် ပြောင်းလဲကာ ဖန်တီးရန် ရည်ရွယ်ထားပြီး မိုးကြိုးမုန်တိုင်းတစ်ခု သယ်ဆောင်၍ လမ်းကြောင်းရှိ အရာရာကို ဖျက်ဆီးပစ်လိုက်သည်။ မြို့စားကျန်းက ကြောက်လန့်တကြား မော့ကြည့်လိုက်မိသောအခါ ဓားသိုင်း၏ အမည်နာမကို ဝိုးတဝါး ကြားလိုက်ရပေသည်။

"ကောင်းကင် တက်လှမ်း ဓားသိုင်း၊ နွေဦးမိုး"

ဤဓားကွက်၏ အမည်နာမသည် အမှန်တကယ်ပင် လှပသော်လည်း ဖျက်ဆီးခြင်းကိုသာ သယ်ဆောင်လာပြီး အဓိပ္ပါယ် မတူညီချေ။ ထိုအချိန်တွင် သူက အတွင်းစိတ်အထိ တုန်လှုပ်ခြောက်ခြားသွားကာ လူငယ်တစ်ယောက်အကြောင်း ချက်ချင်း သတိရမိလိုက်သည်။ လုယောင် ခေါ် ယွမ်ရှောင်သည် မိုးကြိုးဌာနတွင် ချောင်အိမ်တော်၏ ကျင့်စဥ်များကို ချက်ချင်းဆိုသလို အသုံးပြုပြခဲ့သည် မဟုတ်ပါလော။

"မင်းက လုယောင်ပဲ"

သူ၏ နှလုံးသားက တစ်ချက် ဆောင့်ခုန်သွား၍ ထိန်းချုပ်ထားသော နတ်အပ်မှာလည်း တဆတ်ဆတ် တုန်ရီနေပြီး အော်ဟစ်ခဲ့သော်လည်း မိုးချုန်းသံများအကြား မည်သူမျှ မကြားနိုင်ခဲ့ပေ။

"ကျန်းထိုက်ပင်း၊ မင်းကနေ စလိုက်မယ်။ သေမျိုးလောကတွေအပေါ် ပြစ်မှုကျူးလွန်ခဲဲ့တဲ့ အရာရှိတိုင်း ဘယ်လိုအဆင့်အတန်း ရှိရှိ ဇာတ်သိမ်းမကောင်းစေရဘူး"

စကားသံအဆုံးတွင် ကောင်းကင်မှ ဓားတစ်လက် ချက်ချင်း ဆင်းသက်လာပြီး ရုန်းပိုင်နက် ငါးခုထံ ဝင်ဆောင့်ကာ ကောင်းကင်အပြည့် မိုးကြိုးများ ဖြာထွက်၍ နေရာအနှံ့ ပျက်စီးထိခိုက်ကုန်သည်။ ဓားအလင်းတန်းအောက်တွင် စီရင်သူသုံးထောင်ကျော်၏ လက်နက်များ ဖျက်ဆီးခံလိုက်ကာ ခန္ဓာကိုယ်များလည်း မီးပန်းပမာ တဖွားဖွား ပေါက်ကွဲသွားခဲ့၏။ အကြောက်လွန်နေသော ကျန်းထိုက်ပင်းသည် ဓားနှင့် ရင်ဆိုင်ရာတွင် နတ်အပ်ကိုပင် ကောင်းစွာ မထိန်းချုပ်နိုင်တော့ဘဲ ရိုက်ထုတ်ခံလိုက်ရပြီး ငယ်ထိပ်တည့်တည့် အလင်းတန်းတစ်ခု ဖောက်ထွက်သွားသည်။ ဓားသည် ဦးခေါင်းမှ ဖောက်ဝင်၍ မြှီးညှောင့်ရိုးမှ ပြန်ထွက်လာကာ ကြမ်းပြင်ကျောက်သားသို့ ဓားဖျား စိုက်ဝင်နေသည်။ ၎င်းက ကျောရိုးတစ်ခုပမာ ထိန်းထားသဖြင့် မြို့စားကျန်းမှာ နေရာတွင် မလှုပ်ရှားနိုင်သော်လည်း လဲကျမသွားခဲ့ပေ။

"အား...."

ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ အမြင်အာရုံ ဝေဝါးလာကာ မျက်လုံးများ အားတင်း၍ ဖွင့်ကြည့်လိုက်သောအခါ နတ်အပ် ကိုင်ဆောင်ထားပြီး ပြုံးပြနေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရလေသည်။

All Chapters