အခန်း (၈၂၃-၈၂၄)
Vol. 83 Ch. 823-824
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၃ + ၈၂၄)
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယင်းတို့မှာ ယခင်က သူတို့ အသုံးပြုခဲ့ဖူးသော အနောက်မှ ကျည်ထည့်ရသည့် မီးကျောက်သေနတ်ဟောင်းများ မဟုတ်ပါလော။
ယခုအခါ ခေတ်နောက်ကျသွားပြီဖြစ်၍ သူတို့ကိုယ်တိုင်ပင် စွန့်ပစ်ထားခဲ့ပြီး ဖြစ်လေသည်။ သို့ပါလျက် တုပိုင်က ယင်းတို့ကို ရတနာများသဖွယ် အသုံးပြုကာ အရှေ့ဘက် မြို့တော်ကို လာရောက်တိုက်ခိုက်နေ၏။ ထို့ပြင် မီတာ ရှစ်ရာ အကွာအဝေးမှနေ၍ ချိန်ရွယ်နေသေးသည်။
ထိုမီးကျောက် ရိုင်ဖယ်သေနတ်ဟောင်းများ၏ အမှန်တကယ် ထိရောက်သော ပစ်ကွင်းအကွာအဝေးမှာ မီတာ သုံးရာကိုပင် ကျော်လွန်နိုင်မည် မဟုတ်ချေ။ သို့သော် တုပိုင်က မီတာ ရှစ်ရာ အကွာအဝေးမှနေ၍ တန်းစီပစ်ခတ်သည့် ကစားပွဲမျိုးကို ကစားချင်နေသည်ဆိုလျှင်လည်း သူတို့အနေဖြင့် အတူတကွ ကစားပေးရမည်သာ ဖြစ်၏။
စစ်သေနာပတိချုပ် ဖန်းထျန်ပိုက ဟိန်းဟောက်လိုက်သည်။ "ပုန်ကုန်သူ တုပိုင်ကို ငါတို့ရဲ့ ရိုင်ဖယ်သေနတ်သစ်တွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ပြလိုက်ကြစမ်း။"
"သေနတ်မြှောက်၊ ချိန်ရွယ်ထား။"
အရှေ့ဘက် ပြည်ထောင်စု၏ တပ်သား တစ်သိန်းခွဲပါ စစ်တပ်ကြီးသည် ရိုင်ဖယ်သေနတ်သစ်များကို မြှောက်ကာ တုပိုင်၏ စစ်တပ်ဆီသို့ ချိန်ရွယ်လိုက်ကြ၏။ သူတို့၏ ရိုင်ဖယ်သစ်များမှာလည်း မီတာ ရှစ်ရာ အကွာအဝေးအထိ ပစ်ခတ်နိုင်စွမ်း ရှိသော်ငြား တိကျမှုနှင့် အဖျက်စွမ်းအားမှာမူ များစွာ လျော့ကျသွားမည် ဖြစ်သည်။ သို့သော် အနောက်မှ ကျည်ထည့်ရသော မီးကျောက်သေနတ်ဟောင်းများထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်ကတော့ အသေအချာပင်။
သို့သော် သူတို့ မသိခဲ့သည့် အချက်တစ်ချက် ရှိနေ၏။ တုပိုင်၏ သေနတ်များအားလုံးကို အထူးပြုပြင် ပြောင်းလဲထားပြီးဖြစ်ကာ ယခုအခါ ကျောက်သလင်း မှော်သေနတ်များအဖြစ်သို့ ပြောင်းလဲသွားပြီ ဆိုသည့်အချက်ပင်။ ယင်းတို့မှာ သုံးကီလိုမီတာ အကွာအဝေးအထိ လွယ်ကူစွာ ပစ်ခတ်နိုင်ပြီး အမှန်တကယ် ထိရောက်သော ပစ်ကွင်းအကွာအဝေးမှာ မီတာ တစ်ထောင်ကိုပင် များစွာ ကျော်လွန်နေသေးသည်။
တုပိုင်၏ တပ်သား တစ်သိန်းပါ စစ်တပ်ကြီးသည် ကျောက်သလင်း မှော်သေနတ်များကို ကိုင်ဆောင်ကာ ချိန်ရွယ်ထားကြ၏။ အရှေ့ဘက် ပြည်ထောင်စု၏ တပ်သား တစ်သိန်းခွဲပါ စစ်တပ်ကြီးသည်လည်း ရိုင်ဖယ်သေနတ်သစ်များဖြင့် ချိန်ရွယ်လို့ ပြီးစီးသွားပြီဖြစ်လေသည်။
စစ်တပ်ကြီး နှစ်ခုလုံးသည် မီတာ ရှစ်ရာခန့် အကွာအဝေးမှနေ၍ သေသပ်ကျနစွာ တန်းစီ နေရာယူထားကြသည်။ တကယ့်ကို တန်းစီ ပစ်ခတ်မည့်ပုံစံပင်။
"ပစ်။" တုပိုင်က ရုတ်တရက် အမိန့်ပေးလိုက်၏။
"ပစ်။" ဖန်းထျန်ပိုကလည်း ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ထို့နောက် နောက်တစ်စက္ကန့်အကြာတွင် အလွန် ထူးဆန်းကာ အံ့မခန်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာလေသည်။
"ရွှစ်... ရွှစ်... ရွှစ်..."
တုပိုင်တို့ဘက်ရှိ သေနတ် တစ်သိန်းထံမှ ပြာလဲ့လဲ့ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာ၏။
ကျည်ဆန် တစ်သိန်းသည် တစ်စက္ကန့်လျှင် မီတာ ၁,၂၀၀ နှုန်းဖြင့် ပြောင်းဝမှ ထွက်ခွာသွားကြရာ အသံထက် သုံးဆခန့် မြန်ဆန်လှပေသည်။ ထိုမျှမက ကျည်ဆန်များ ပြောင်းဝမှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရဲရဲတောက် အနီရောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
အလင်းစက် သိန်းချီတို့သည် မိုးကြိုးပစ်ချလိုက်သည့်အလား အရှေ့ဘက် ပြည်ထောင်စု စစ်တပ်ကြီးဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့၏။
ချက်ချင်းဆိုသလိုပင်...
"ဖွတ်... ဖွတ်... ဖွတ်... ဖွတ်..."
အရှေ့ဘက် ပြည်ထောင်စုမှ စစ်သည်များ၏ ခန္ဓာကိုယ်အတွင်းသို့ ကျည်ဆန်များ ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားပြီး သူတို့၏ အနောက်ဘက်မှ ပြန်လည် ထွက်ပေါ်လာချိန်၌မူ ဧရာမ အပေါက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်သွား၏။
သိပ်သည်းလှသော အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်ကြီးမှာ ပြင်းထန်သော မိုးသီးမုန်တိုင်း ရိုက်ခတ်ခံလိုက်ရသည့်အလား ဂျုံခင်းကြီးတစ်ခုလုံး ရုတ်ခြည်း ပြောင်သလင်းခါသွားသကဲ့သို့ ဖြစ်သွားရတော့သည်။
ခဏအကြာတွင်တော့ အရှေ့ဘက် ပြည်ထောင်စု စစ်တပ်ကြီးထံမှ ပစ်ခတ်လိုက်သော ရိုင်ဖယ်ကျည်ဆန်များသည်လည်း တုပိုင်၏ စစ်တပ်ကြီးအတွင်းသို့ ကျရောက်လာလေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
တုပိုင်၏ စစ်တပ်အတွင်းမှ လူထောင်ချီ မြေပြင်ပေါ်သို့ လဲကျသွားကြ၏။ မည်သို့ပင်ဆိုစေကာမူ ရိုင်ဖယ်သစ်များဖြစ်ရာ မီတာ ရှစ်ရာ အကွာအဝေးမှပင် ပြင်းထန်သော သတ်ဖြတ်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်လေသည်။
သို့သော် အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်ကြီးမှာမူ သောင်းနှင့်ချီ၍ လဲကျ သေဆုံးသွားကြရသည်။
ကျောက်သလင်း မှော်သေနတ်မှာ အလွန် ဝေးကွာသော အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး အလွန်တရာ အစွမ်းထက်ရုံသာမက တိကျမှုမှာလည်း အံ့မခန်းပင် ဖြစ်လေသည်။
ဖန်းထျန်ပို ထိုမြင်ကွင်းကို ကြောင်အစွာဖြင့် ကြည့်နေမိသည်။ သူ၏ မျက်စိရှေ့၌ ရုတ်တရက် မှောင်မိုက်သွားပြီး ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားရတော့သည်။ ထိုမြင်ကွင်းကို သူ မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိလေသည်။
ကျောက်သလင်း မှော်သေနတ်လော။ တုပိုင်သည် ကျောက်သလင်း မှော်သေနတ်များကို တပ်ဆင်ထားသလော။ ထို့ပြင် အလက် တစ်သိန်း အပြည့်ပင်လော။ မိစ္ဆာသွေးကျောက်သလင်းများမှာ အလွန်ပင် အဖိုးတန်လွန်းလှသည်။ ထိုအကောင်သည် ဤမျှများပြားသော မှော်ကျောက်သလင်းများကို မည်သည့်နေရာမှ ရရှိလာခဲ့သနည်း။
နန်းတော်ထဲရှိ ဖန်းကျိုးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နောက်ဆုံး၌ ပြင်းထန်လှသော ထိုးနှက်ချက်ကို မခံနိုင်တော့ချေ။ သူ၏ တစ်ကိုယ်လုံးမှာ ဆတ်ကတည်း တုန်ယင်သွားရပြီး မြေပြင်ပေါ်သို့ ထိုင်ရက်သား လဲကျသွားရတော့သည်။
"ပစ်" "ပစ်" "ပစ်" "ပစ်"
ငါးစက္ကန့်လျှင် တစ်ကြိမ်နှုန်းဖြင့် တုပိုင်၏ ကျောက်သလင်း မှော်သေနတ် တစ်သိန်းက အရူးအမူး ပစ်ခတ်နေကြလေသည်။
"ရွှစ်... ရွှစ်... ရွှစ်..."
မရေမတွက်နိုင်သော ရဲရဲတောက် ကျည်ဆန်များက မုန်တိုင်းတစ်ခုအလား ဆက်တိုက် ထွက်လာနေ၏။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်ကြီးမှာလည်း အစုလိုက်အပြုံလိုက် လဲကျ သေဆုံးနေကြလေသည်။
အစပိုင်း၌ နှစ်ဖက်စလုံးမှာ အင်အားအချိုးညီစွာဖြင့် တန်းစီ ပစ်ခတ်နေကြသော်လည်း အကြိမ်ပေါင်း ဒါဇင်နှင့်ချီ ပစ်ခတ်ပြီးနောက်တွင်မူ အရှေ့ဘက် ပြည်ထောင်စုဘက်ရှိ ရိုင်ဖယ်သေနတ်သစ် တပ်မတော်မှာ စစ်မြေပြင် တစ်ခွင်လုံး အလောင်းများဖြင့် ပြည့်နှက်သွယးတော့သည်။
"ဝပ်နေကြ၊ ဝပ်နေကြစမ်း..."
နောက်ဆုံးတွင် ဖန်းထျန်ပိုသည် ဤမျှ ကြီးမားလှသော အသေအပျောက်ကို မခံနိုင်တော့ဘဲ အရှေ့ဘက် ပြည်ထောင်စု တပ်မတော်၏ ရဲရင့်သော ပုံစံကို စွန့်လွှတ်ကာ တပ်သားများအားလုံး မြေပြင်ပေါ် ဝပ်ချပြီး ပြိုကျနေသော မြို့ရိုးများအနောက်၌ ပုန်းခိုနေရန် အမိန့်ပေးလိုက်ရတော့သည်။
ရိုင်ဖယ်သစ်များဖြင့် တုပိုင်အား မချေမှုန်းနိုင်သောကြောင့် အဝေးပစ် လက်နက်အင်အားချင်း ယှဉ်ပြိုင်ရာ၌ သူတို့ ရှုံးနိမ့်သွားပြီဖြစ်၏။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းပင် အနီးကပ် လက်နက်စစ်ပွဲကိုသာ ဆင်နွှဲရတော့မည်။
မြို့ကို လာရောက်တိုက်ခိုက်မည်မှာ တုပိုင်၏ စစ်တပ်ပင် ဖြစ်၏။ မြို့ရိုးများ ပြိုကျနေသော်ငြား သူတို့သည် မြို့ရိုးအတွင်းသို့ ဝင်ရောက်လာရမည်သာ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ယင်းနေရာမှာ ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲ၏ သတ်ကွင်းကြီး ဖြစ်လာပေလိမ့်မည်။
တုပိုင်၏ အလင်းတန်း သံဓားကို ဖြေရှင်းနိုင်ပြီးနောက်တွင်မူ ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲမှာ အနီးကပ်တိုက်ပွဲ၌ ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။ ထိုဧရာမ လူဘီလူးကြီးများကဲ့သို့သော စစ်သည်များအားလုံးကို ဆေးရည်များဖြင့် ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်၏။ သူတို့သည် အလွန်တရာ ခွန်အားကြီးမားကာ လျင်မြန်ပြီး လေးလံသော သံချပ်ကာများကိုလည်း ဝတ်ဆင်ထားကြလေသည်။
တုပိုင်၌ ပိုမို အစွမ်းထက်သော သွေးမိစ္ဆာ မြင်းတပ် ရှိသော်ငြား အရေအတွက်မှာ ငါးထောင်ခန့်သာ ရှိ၏။
ဖန်းထျန်ပို၏ အစီအစဉ်မှာ မှန်ကန်လှပေသည်။ အနီးကပ်တိုက်ပွဲ ဆင်နွှဲရသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ တပ်သား နှစ်သိန်းခွဲပါ စစ်တပ်ကြီးမှာ ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲကို ချေမှုန်းရန် လုံလောက်မည် မဟုတ်ချေ။
သို့သော် ထိုအချိန်၌ပင်.တုပိုင်၏ ခွန်ပန်လေတပ် တစ်ထောင်မှာ နောက်တစ်ဖန် ထွက်ပေါ်လာပြီး အရှေ့ဘက် မြို့တော်၏ ကောင်းကင်ယံထက်သို့ ထပ်မံ ပျံသန်းလာကြပြန်သည်။
ခွန်ပန်ငှက်များ၏ ကျောပြင်ထက်ရှိ သွေးမိစ္ဆာစစ်သည် တစ်ထောင်က ကျောက်သလင်း မှော်အမြောက်များကို ထပ်မံ ကိုင်ဆောင်လိုက်ကြပြီး အရှေ့ဘက် မြို့တော်၏ မြို့ရိုးများဆီသို့ အနောက်ဘက်မှနေ၍ ပြင်းထန်စွာ ပစ်ခတ်လိုက်ကြပြန်သည်။
"ရွှစ်... ရွှစ်... ရွှစ်..."
သို့သော် ဤတစ်ကြိမ်၌ ပစ်လွှတ်လိုက်သည်မှာ သာမန် အမြောက်ဆံများ မဟုတ်ဘဲ အထူးထုတ်လုပ်ထားသော ကျည်ဆန်များပင် ဖြစ်၏။
ချက်ချင်းဆိုသလိုပင် မိုးသည်းထန်စွာ ရွာသွန်းလာသည့်အလား ၊ သတ္တုမိုးသက်မုန်တိုင်းကြီး ၊ ရဲရဲတောက် ပူပြင်းနေသော သတ္တုမိုးသက်မုန်တိုင်းကြီးပင်တစ်ခု တိုက်ခတ်သွားလေတော့၏။
အမြောက်တစ်ကြိမ် ပစ်ခတ်မှုတိုင်းတွင် သန်းနှင့်ချီသော ကျည်ဆန်များ ပေါက်ကွဲထွက်ပေါ်လာ၏။ မြို့ရိုးအနောက်၌ ပုန်းခိုနေကြသော ခွန်လွန်ကျွန်စစ်သည်များမှာ မပုန်းအောင်းနိုင်ကြတော့ချေ။
ကျည်ဆန်များမှာ မိုးသည်းထန်စွာ ရွာကျလာသည့်အလား အလွန် သိပ်သည်းလှပေသည်။ ခွန်လွန်ကျွန်စစ်သည်များ ဝတ်ဆင်ထားသော သံချပ်ကာများမှာ အလွန် ခိုင်မာတောင့်တင်းပြီး ဓားဖြင့်ခုတ်လျှင်ပင် မပေါက်နိုင်သည်မှာ အမှန်ပင်။
သို့သော် ဤအရာမှာ ကျောက်သလင်း မှော်အမြောက်မှ ပစ်ခတ်လိုက်သော ကျည်ဆန်များဖြစ်ရာ သံချပ်ကာများကို လွယ်ကူစွာ ဖောက်ထွင်းနိုင်ပြီး ခွန်လွန်ကျွန်စစ်သည်များ၏ အလွန်တရာ ခိုင်မာတောင့်တင်းလှသော ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။
ခွန်လွန်ကျွန်စစ်သည် တစ်ဦးစီတိုင်းမှာ ရွှေဒင်္ဂါး တစ်ထောင်တန်ကြေးရှိပြီး ရွှေ၊ ငွေများ ပုံအောကာ တည်ဆောက်ထားရခြင်း ဖြစ်၏။ လောက၌ ပြိုင်ဘက်ကင်း အနီးကပ်စစ်သည်များပင် ဖြစ်ကြသည်။
ယခုအခါ နောက်တစ်ကြိမ် တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးနှင့် ရင်ဆိုင်နေကြရပြန်သည်။ သူတို့သည် သာမန် စစ်သားများကဲ့သို့ပင် တန်ဖိုးမရှိစွာဖြင့် အစုလိုက်အပြုံလိုက် လဲကျ သေဆုံးနေကြရလျက်ရှိသည်။
ခွန်လွန်ကျွန်စစ်သည်များကို ဆေးရည်များဖြင့် ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ရာ သူတို့၏ ရင်တွင်း၌ သွေးဆာမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။
လက်ရှိအချိန်၌ မြို့ရိုးအနောက်တွင် ပုန်းအောင်းနေရပြီး အရူးအမူး သတ်ဖြတ်ခံနေရခြင်းက သူတို့၏ ရင်တွင်းရှိ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသဘာဝကို ချက်ချင်း နိုးကြွလာစေ၏။ သူတို့သည် ကြောက်ရွံ့သွားမည့်အစား ပို၍ပင် သွေးဆာလာကြလေသည်။
"ဝေါင်းးးးး"
"ဝေါင်းးးးး"
ခွန်လွန်ကျွန်စစ်သည် တစ်ဦးက မတ်တတ်ရပ်ကာ လေဟင်းပြင်ထက်ရှိ ခွန်ပန်လေတပ်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။ ထို့နောက် ကီလိုဂရမ် ဒါဇင်ပေါင်းများစွာ အလေးချိန်ရှိသော ကျောက်တုံးကြီးတစ်ခုကို ကောက်ယူကာ လေထဲသို့ အားကုန် ပစ်ပေါက်လိုက်၏။
အလွန်တရာ အစွမ်းထက်လှပြီး မီတာ တစ်ရာကျော် အကွာအဝေးအထိ ရောက်ရှိကာ သေးငယ်သော ကျောက်ခဲပစ်စက် တစ်ခုနှင့်ပင် တူညီနေသော်ငြား တုပိုင်၏ ခွန်ပန်လေတပ်နှင့်မူ အလွန် ဝေးကွာနေသေးသည်။
"သတ်။"
"သတ်စမ်း။"
ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသဘာဝ ဝင်ရောက်နေသည့် ခွန်လွန်ကျွန်စစ်သည်များသည် ဓားများကို အမြင့်သို့ မြှောက်ကာ ဒီရေလုံးကြီးတစ်ခုအလား မြို့ရိုးအတွင်းမှ အလုံးအရင်း ထွက်လာကြပြီး တုပိုင်၏ စစ်တပ်ကြီးဆီသို့ ပြေးဝင်သွားကြတော့သည်။
သူတို့ တိုက်ခိုက်လိုကြသည်။ ဤကဲ့သို့ မြို့ရိုးအနောက်၌ ပုန်းအောင်းကာ အသေခံနေရခြင်းမျိုးကို သူတို့ မလိုလားကြချေ။
"ရပ်စမ်း။"
"ရပ်လိုက်ကြစမ်း။"
အရှေ့ဘက် ပြည်ထောင်စု၏ တပ်မှူးများက အရူးအမူး အော်ဟစ်တားဆီးကြလေသည်။ သို့သော် ထိုခွန်လွန်ကျွန်စစ်သည်များကို လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ချေ။
အဘယ်ကြောင့်နည်း။ အကြောင်းမူကား တုပိုင်က အမြောက်များဖြင့် ပစ်ခတ်နေစဉ်အတွင်း မီးခိုးဗုံး ရာပေါင်းများစွာကို ချက်ချင်း ဖောက်ခွဲခဲ့သောကြောင့်ပင်။
ထိုမီးခိုးဗုံးများမှာ အဆိပ်မရှိသလို ဇီဝဓာတု လက်နက်များလည်း မဟုတ်ကြချေ။ သို့သော် ခွန်လွန်ကျွန်စစ်သည်များ၏ ရင်တွင်းရှိ မိစ္ဆာသဘာဝနှင့် ရက်စက်ကြမ်းကြုတ်မှုများကို နိုးကြွလာစေနိုင်စွမ်း ရှိပေသည်။
မည်သို့ပင်ဆိုစေ ခွန်လွန်ကျွန်စစ်သည်များ၏ ပြုပြင်ပြောင်းလဲမှု နိယာမမှာ သွေးမိစ္ဆာစစ်သည်များနှင့် တူညီနေပေသည်။ မီးခိုးများထဲရှိ ဆေးရည်အငွေ့အသက်များက သွေးဆာနေသော ခွန်လွန်ကျွန်စစ်သည်များကို လုံးဝ ထိန်းချုပ်မရ ဖြစ်သွားစေသည်။ သိသာလှစွာပင် ဤဆေးရည်များမှာလည်း တုပိုင်၏ ရှာမန် နိုင်ငံတော်ဆရာသခင် အဖွဲ့၏ လက်ရာများပင် ဖြစ်လေ၏။
ရုတ်ခြည်းပင် ထိန်းချုပ်မရတော့သော ခွန်လွန်ကျွန်စစ်သည် သောင်းနှင့်ချီတို့သည် မြို့ရိုးအတွင်းမှ ထွက်လာကြပြီး အရူးအမူး ပြေးဝင်တိုက်ခိုက်ကြတော့သည်။
"ပစ်။"
"ပစ်။"
ကျောက်သလင်း မှော်သေနတ်များကို ကိုင်ဆောင်ထားသော တုပိုင်၏ တပ်သား တစ်သိန်းပါ စစ်တပ်ကြီးက အရူးအမူး ပစ်ခတ်လေတော့သည်။ ကောင်းကင်ယံထက်ရှိ ခွန်ပန်ငှက် ထောင်ချီ၏ ကျောပြင်ပေါ်မှ သွေးမိစ္ဆာစစ်သည်များကလည်း ကျောက်သလင်း မှော်အမြောက်များကို ကိုင်ဆောင်ကာ အရူးအမူး ပစ်ခတ်နေကြ၏။
အရှေ့အနောက် ညှပ်ပိတ်ကာ ပစ်ခတ်နေခြင်းပင်။
အရှေ့ဘက် ပြည်ထောင်စု၏ တန်ဖိုးမဖြတ်နိုင်သော ပြိုင်ဘက်ကင်း ခွန်လွန်ကျွန်စစ်သည် တပ်မတော်ကြီးသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ခံစားလိုက်ရလေ၏။ အလောင်းများက နေရာအနှံ့ တောင်လိုပုံနေပြီး သွေးများက မြစ်တစ်စင်းအလား စီးဆင်းနေလျက်ရှိသည်
"မဖြစ်ဘူး... မလုပ်ကြပါနဲ့... မလုပ်ပါနဲ့..."
စစ်သေနာပတိချုပ် ဖန်းထျန်ပိုသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သနားစဖွယ် အော်ဟစ်လိုက်ပြီး မြို့ရိုးပေါ်မှနေ၍ တိုက်ရိုက် ပြုတ်ကျသွားကာ သတိလစ်သွားရတော့သည်။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သေနာပတိချုပ် ရင်တွင်း၌ သွေးအန်နေရုံသာမက တုပိုင်၏ နှလုံးသားမှာလည်း သွေးများ ယိုစီးနေရလေသည်။
ထိုခွန်လွန်ကျွန်စစ်သည်များကို ရွှေ၊ ငွေများ ပုံအောကာ အပြည့်အဝ တည်ဆောက်ထားရခြင်း ဖြစ်၏။ အရှေ့ဘက် ပြည်ထောင်စု၏ ဧရာမ ခွန်လွန်ကျွန်တပ်မတော်ကြီးကို တည်ဆောက်ရာ၌ အနည်းဆုံး ငွေသန်းဆယ်နှင့်ချီ၍ ကုန်ကျခဲ့ရပေသည်။ ခွန်လွန်ကျွန်စစ်သည် တစ်ဦးစီတိုင်းကို မြင့်မြတ်သော ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် ဈေးကွက်တင်ထားပြီး ရွှေဒင်္ဂါး ထောင်နှင့်ချီ၍ပင် ရောင်းချနိုင်ပေသည်။
သို့သော် ယခုအခါ၌မူ အစုလိုက်အပြုံလိုက် အသတ်ခံနေကြရလေ၏။ ယင်းမှာ နောင်ခေတ်ကာလများမှ ဒေါ်လာငွေ ထုပ်ကြီးများကို မီးရှို့ပစ်နေသည်နှင့်ပင် တူညီနေတော့သည်။
ထိုခွန်လွန်ကျွန်စစ်သည်များမှာ အလွန် ရဲရင့်ကြပြီး သွေးဆာကာ ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။
သို့သော် မီတာ တစ်ထောင်ကျော် အကွာအဝေးမှာ ဖြတ်သန်း၍မရသော သေမင်းတမန် ကျုံးကြီးတစ်ခုအဖြစ် ဖြစ်၏။
သူတို့ ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ စစ်တပ်ကြီးက သေသပ်ကျနစွာ ဆုတ်ခွာသွားပြီး ဆုတ်ခွာရင်းနှင့်ပင် နှောင့်နှေးမှုမရှိဘဲ ပစ်ခတ်နေကြလေသည်။ ထိုနည်းအားဖြင့် လမ်းတစ်လျှောက်လုံး သတ်ဖြတ်ကာ လမ်းတစ်လျှောက်လုံး သွေးများ စွန်းထင်းနေတော့၏။
နောက်ဆုံးကျန်ရစ်သော ခွန်လွန်ကျွန်စစ်သည်မှာ တုပိုင်၏ စစ်တပ်နှင့် မီတာ နှစ်ရာပင် မဝေးတော့သည့် မြေပြင်ထက်၌ လဲကျသွားရလေသည်။ သူတို့၏ အလောင်းများက မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနေလျက်ရှိသည်။
အဆုံးတွင်တော့ အသေခံ ပြေးဝင်တိုက်ခိုက်မှုက သူတို့၏ စစ်တပ်ကြီးတစ်ခုလုံးကို လုံးဝနီးပါး ချေမှုန်းပစ်လိုက်လေတော့သည်။ ဤကဲ့သို့ ကြေကွဲဖွယ်ကောင်းကာ ခမ်းနားလှသော နည်းလမ်းဖြင့် ခွန်လွန်ကျွန်စစ်သည် တပ်မတော်ကြီးသည် သူတို့၏ ကိုယ်ပိုင် ဂုဏ်ကျက်သရေကို မရရှိလိုက်ခင်မှာပင် သမိုင်းစာမျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့၏။
အရှေ့ဘက် ပြည်ထောင်စု၏ ရိုင်ဖယ်သေနတ်သစ် တပ်မတော်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ပြီး ခွန်လွန်ကျွန်စစ်သည် တပ်မတော်မှာလည်း လုံးဝ ချေမှုန်းခံလိုက်ရပြီဖြစ်သည်။
တပ်သား နှစ်သိန်းကျော် ကျန်ရှိနေသေးသော်ငြား အဓိက တပ်မတော်ကြီး နှစ်ခုကို ဆုံးရှုံးလိုက်ရပြီးနောက်တွင်မူ ထိုကျန်ရှိနေသော တပ်သားများမှာ ခုခံနိုင်စွမ်း ကင်းမဲ့နေပြီုဖြစ်၏။ တုပိုင်၏ ခွန်ပန်လေတပ်မှ အကာအကွယ်ပေးထားမှုအောက်တွင် တုပိုင်၏ စစ်တပ်ကြီးက မြို့တော်အတွင်းသို့ ပြေးဝင်သွားကြတော့သည်။
သွေးမိစ္ဆာ မြင်းတပ်က နောက်ထပ်တစ်ကြိမ် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသလိုက်ပြီး ကုန်းမြေစစ်ပွဲများတွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်းကို ထပ်မံ သက်သေပြလိုက်ပြန်၏။ သွေးမိစ္ဆာ မြင်းတပ်သား လေးထောင်သည် အရှေ့ဘက် မြို့တော်အတွင်း၌ အရူးအမူး သတ်ဖြတ်နေကြလေသည်။
မြို့ရိုးကြီး ပြိုကျသွားပြီဖြစ်သည်။ အရှေ့ဘက် မြို့တော်၏ ခံစစ်မျဉ်းများ တစ်ခုပြီးတစ်ခု ကျဆုံးသွားပြီဖြစ်လေ၏။
အဆုံးတွင် တုပိုင်သည် ခွန်ပန်လေတပ် ထောင်ချီနှင့် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ရာကျော်ကို ဦးဆောင်ကာ အရှေ့ဘက် ပြည်ထောင်စု၏ နန်းတော်ကြီးဆီသို့ တိုက်ရိုက် ချီတက်သွားလာ၏။
**--**--**--**--**--**--**--**
ခမ်းနားထည်ဝါလှသော နန်းတော်ကြီးကို ကြည့်ပါက သခင်လေး ဖန်းချန်သည် အမှန်တကယ်ပင် ကောင်းစွာ ခံစားစံစားတတ်သူ ဖြစ်ကြောင်း သိနိုင်သည်။
နန်းဆောင်များမှာ အခြားကမ္ဘာတစ်ခု၏ မှော်ဆန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ခမ်းနားထည်ဝါကာ လှပရုံသာမက အလွန်လည်း သက်တောင့်သက်သာ ရှိလှပေသည်။
တောင်စောင်းပေါ်တွင် တည်ဆောက်ထားသော နန်းတော်ကြီးမှာ တစ်ခုအပေါ်တစ်ခု အလွှာလိုက် တည်ဆောက်ထားပြီး နောက်ဆုံးတွင် မီတာ တစ်ထောင် အမြင့်အထိ ရောက်ရှိသွားသည်။ သခင်လေး ဖန်းချန်အနေဖြင့် ဤနန်းတော်ကြီးကို တည်ဆောက်ရန် ရွှေ၊ ငွေမည်မျှနှင့် လူအင်အားမည်မျှ အသုံးပြုခဲ့ရသည်ကိုတော့ အမှန်တကယ်ပင် မှန်းဆ၍မရနိုင်တော့ချေ။
သခင်လေး ဖန်းချန်မှာ နန်းတော်ကြီး၏ အမြင့်ဆုံးနေရာ၌ ရှိနေ၏။
ခေါင်းဆောင်ဖြစ်သူကို တိုက်ရိုက် တိုက်ခိုက်ပြီး ဖန်းချန်ကို ခေါင်းဖြတ်ရန် တုပိုင် ဆုံးဖြတ်လိုက်သည်။ သူ့၌ ခွန်ပန်လေတပ် ရှိနေသောကြောင့် အလွှာတစ်လွှာချင်းစီကို သတ်ဖြတ်ကျော်ဖြတ်သွားရန် မလိုအပ်တော့ချေ။
ထောင်ချီသော ခွန်ပန်လေတပ်သားများက နန်းတော်၏ အပေါ်ဆုံးထပ်ကို ဝိုင်းရံထားလိုက်ကြသည်။ အပေါ်ဆုံးထပ်ရှိ နန်းဆောင်အတွင်း၌ အလွန်တရာ အစွမ်းထက်သော စွမ်းအင်များ ပြည့်နှက်နေကြောင်းကို တုပိုင် ရှင်းလင်းစွာ အာရုံခံမိနေ၏။ မြို့တော်အတွင်းရှိ ထိပ်တန်း ကျွမ်းကျင်သူများ အားလုံးသည် ထိုအထဲ၌ ရှိနေကြပြီး သခင်လေး ဖန်းချန်အား ကာကွယ်ပေးနေကြခြင်း ဖြစ်သည်။ လူတစ်ရာခန့် ရှိလေ၏ယ
တုပိုင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။ "သခင်လေး ဖန်းချန်... အပြင်ထွက်ပြီး သေပွဲဝင်လိုက်စမ်း၊ မင်းရဲ့ နိဂုံးချုပ်ချိန် ရောက်လာပြီ။"
အထဲ၌ တိတ်ဆိတ်လျက် ရှိနေ၏။ အချိန်အတော်ကြာပြီးနောက်တွင် အသံတစ်သံ ထွက်ပေါ်လာလေသည်။
"မင်းမှာ သတ္တိရှိရင် အထဲကို ဝင်လာခဲ့လေ။" သခင်လေး ဖန်းချန်က ပေါ့ပေါ့ပါးပါး ဆိုလာ၏။
"ငါက အထဲကို ဝင်လာရမယ် ဟုတ်လား" တုပိုင်က လှောင်ပြောင်လိုက်သည်။ "ငါ ဝင်လာခဲ့မယ်။ ဒါပေမဲ့ မဝင်ခင်လေးမှာ ကျောက်သလင်း မှော်အမြောက်တွေနဲ့ နေရာတစ်ခုလုံးကို အရင် ရှင်းလင်းပေးရမှာပေါ့။"
ထို့နောက် တုပိုင်က အမိန့်ပေးလိုက်၏။ "ကျောက်သလင်း မှော်အမြောက်တွေ အကုန် ချိန်ထား၊ ပစ်စမ်း။"
"ရွှစ်... ရွှစ်... ရွှစ်... ရွှစ်..."
အပြာရောင် အလင်းတန်းများက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာ၏။ အသံထက် ငါးဆ၊ ခြောက်ဆခန့် မြန်ဆန်သော အမြောက်ဆံ ထောင်ပေါင်းများစွာသည် အပေါ်ဆုံးထပ်ရှိ နန်းဆောင်ဆီသို့ ဦးတည်သွားကြပြီး အရူးအမူး ပစ်ခတ်ဖျက်ဆီးနေလိုက်၏။
"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"
ချက်ချင်းဆိုသလိုပင် ခမ်းနားထည်ဝါလှသော အပေါ်ဆုံးထပ်ရှိ နန်းဆောင်ကြီးမှာ ပျက်စီးသွားပြီး တစစီဖြစ်သွားတော့၏။
တုပိုင်သည် အတွင်းပိုင်းမှ အခြေအနေကို လှမ်းမြင်လိုက်ရ၏။ ထိပ်တန်း ကျွမ်းကျင်သူ ရာပေါင်းများစွာက ဖန်းချန်အား အလယ်တွင်ထား၍ ဝိုင်းရံကာကွယ်ထားကြပေသည်။ သို့သော် နင်တောက်ရွှမ်နှင့် မိုဟန်အပါအဝင် အခြားသူများကိုမူ မတွေ့ရချေ။ ဖန်းချန်အား ဦးဆောင်ကာကွယ်နေသူများမှာ ကျွန်းသခင်ပြောင်လင်းနှင့် ကျီချန်ချိုတို့ပင် ဖြစ်ကြ၏။
"နေရာပြောင်း။"
ရုတ်တရက် တုပိုင်၏ ခွန်ပန်လေတပ် ထောင်ချီတို့သည် လေဟင်းပြင်ထက်၌ ကြီးမားသော စက်ဝိုင်းပုံ အစီအရင်တစ်ခု ဖန်တီးလိုက်ကြပြီး ဖန်းချန်နှင့် ထိပ်တန်း ကျွမ်းကျင်သူ တစ်ရာကို ဝိုင်းရံထားလိုက်ကြလေသည်။
"ဟားးး ဟားးး ဟားးး" တုပိုင်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ရဲ့ အတွင်းအားတွေက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ ရွှမ်းချီ အတွင်းအားကို အားကိုးပြီး ငါ့ရဲ့ အမြောက် ဘယ်နှစ်ချက်လောက်ကို တားဆီးနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ မင်းတို့ရဲ့ ရွှမ်းချီတွေ ကုန်ခမ်းသွားတဲ့ အချိန်က မင်းတို့ အသတ်ခံရမယ့် အချိန်ပဲ။"
"ပစ်။"
"ပစ်။"
"ပစ်။"
တုပိုင်၏ ကျောက်သလင်း မှော်အမြောက် ထောင်ချီက ရန်သူ ထိပ်တန်း ကျွမ်းကျင်သူ တစ်ရာဆီသို့ ပြင်းထန်စွာ ပစ်ခတ်လိုက်ကြလေသည်။
"ရွှစ်... ရွှစ်... ရွှစ်..."
ရဲရဲတောက်နေသော အမြောက်ဆံ ထောင်ပေါင်းများစွာသည် ကြယ်ပျံမိုးများအလား လျှပ်တစ်ပြက် အရှိန်ဖြင့် ထိုထိပ်တန်း ကျွမ်းကျင်သူ တစ်ရာဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၃ + ၈၂၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team