← Chapters

အခန်း (၈၂၅-၈၂၆)

Vol. 83 Ch. 825-826

အခန်း (၈၂၅-၈၂၆)

Vol. 83 Ch. 825-826

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၅ + ၈၂၆)

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုထိပ်တန်းကျွမ်းကျင်သူများသည် ဓားများကို ဆွဲထုတ်ကာ အရူးအမူး ခုတ်ပိုင်းလိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ရွှမ်းချီများက ပြင်းထန်သော တုန်ခါမှုလှိုင်းများအဖြစ် ပေါက်ကွဲထွက်လာလေ၏။

ထို့နောက် အံ့မခန်းဖွယ် မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ စက္ကန့်အနည်းငယ်ခြားတိုင်း တုပိုင်တို့ဘက်မှ ထောင်ပေါင်းများစွာသော အမြောက်ဆံများသည် ကြယ်ပျံမိုးရွာကျသည့်အလား ပစ်လွှတ်နေလျက်ရှိသည်။

ဖန်းချန်တို့ဘက်တွင်မူ ထိပ်တန်းကျွမ်းကျင်သူ ရာပေါင်းများစွာ ရှိနေပြီး ဓားရိပ်များ ယှက်နွှယ်သွားကာ သူတို့၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာသော တုန်ခါမှုလှိုင်းများက ပြင်းထန်သည့် စွမ်းအင်အကာအကွယ်တစ်ခုကို ဖြစ်တည်လာစေသည်။

အမြောက်ဆံများအားလုံးသည် ထိုစွမ်းအင်အကာအကွယ် နယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လွင့်စဉ်ထွက်သွားကြလေ၏။

အချိန်တိုအတွင်းမှာပင် ထောင်ပေါင်းများစွာသော အမြောက်ဆံများသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် အရပ်လေးမျက်နှာသို့ လွင့်စဉ်သွားကြပြီး ထိမှန်သမျှ အရာအားလုံးကို တစ်စစီ ကြေမွသွားစေတော့ရာ ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခုလုံးမှာလည်း ချက်ချင်းပင် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားရလေ၏။

ထိုကျောက်သလင်း မှော်အမြောက်မှ ပစ်ခတ်လိုက်သော အမြောက်ဆံများမှာ မြန်ဆန်လွန်းလှပြီး စွမ်းအင်များကလည်း အလွန်ပင် ပြင်းထန်လှပေရာ ဘုရင်မ မိုဟန်၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် ထိုအမြောက်ဆံများကို ရွှမ်းချီတုန်ခါမှုလှိုင်းများဖြင့် ဖယ်ရှားပစ်ရန် ခက်ခဲလှပေ၏။

သို့သော် ယခုအခါ ဤထိပ်တန်းကျွမ်းကျင်သူ ရာပေါင်းများစွာမှာ အင်မတန် အစွမ်းထက်လှပြီး သူတို့၏ ရွှမ်းချီများ ကုန်စင်သွားသည်အထိ ပူးပေါင်းကာကွယ်ခဲ့ကြရာ တုပိုင်၏ ကျောက်သလင်း မှော်အမြောက်ကို အမှန်တကယ်ပင် တားဆီးနိုင်စွမ်းရှိနေကြသည်။

သို့တိုင် ဤအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန်ပင် ကြီးမားလှရာ သခင်လေး ဖန်းချန်ဘက်ရှိ ထိပ်တန်းကျွမ်းကျင်သူ ရာပေါင်းများစွာ၏ ခန္ဓာကိုယ်အတွင်းမှ ရွှမ်းချီများမှာ လျင်မြန်စွာ ကုန်ခမ်းလာနေပြီဖြစ်၏။

"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"

တစ်ချိန်တည်းတွင် တုပိုင်၏ ကျောက်သလင်း မှော်အမြောက်များက ဆက်လက်၍ အရူးအမူး ပစ်ခတ်နေလေ၏။

ကျွန်းသခင်ပြောင်လင်းနှင့် ကျီချန်ချိုတို့ ဦးဆောင်သော ထိပ်တန်းကျွမ်းကျင်သူ တစ်ရာ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှမ်းချီများမှာ လျော့နည်းသည်ထက် လျော့နည်းလာနေသည်။

ပေမင်ဓားဂိုဏ်း၏ အကြီးအကဲချုပ်က သတိပေးလိုက်၏။ "ကျွန်းသခင်ပြောင်လင်း.. ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူး။ အခုမဟုတ်ရင်တောင် နောက်ပိုင်းကျရင် ငါတို့ရဲ့ အတွင်းအားတွေ အကုန် ကုန်ခမ်းသွားလိမ့်မယ်။ ငါတို့ဘက်က အရင်စတိုက်ပြီး ခေါင်းဆောင်ဖြစ်သူကို ဖမ်းမှရမယ်။"

ခေါင်းဆောင်ကို ဖမ်းမည်ဆိုသည်မှာ တုပိုင်ကို ဖမ်းဆီးခြင်းပင် ဖြစ်၏။

ကျွန်းသခင်ပြောင်လင်း အကြံပြုလိုက်သည်။ "တုပိုင်ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ပါတယ်။ ငါတို့လူ တစ်ဝက်လောက်နဲ့ သွားတိုက်ပြီး သူ့ကို ဖမ်းကြတာပေါ့။"

"ကောင်းပြီ။"

ရုတ်တရက် ပေမင်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ကျီချန်ချိုသည် ထိပ်တန်းကျွမ်းကျင်သူ ငါးဆယ်ကို ဦးဆောင်ကာ တုပိုင်ကို ပစ်မှတ်ထား၍ ရှေ့သို့ ပြေးဝင်သွားလေတော့၏။

တစ်ချိန်တည်းမှာပင် ကျွန်းသခင်ပြောင်လင်းသည် ကျန်ရှိနေသော ထိပ်တန်းကျွမ်းကျင်သူ တစ်ဝက်ကို ဦးဆောင်ကာ တုပိုင်၏ ကျောက်သလင်း မှော်အမြောက်များကို တားဆီးရန် ဓားဖြင့် တိုက်ရိုက် ဝင်ရောက် ခုတ်ပိုင်းလိုက်သည်။

"တုပိုင်.. မင်းနဲ့ငါ့ကြားက ရန်ငြိုးက ပင်လယ်လောက်ကို နက်ရှိုင်းတယ်။ ဒါကြောင့် ဒီနေ့ ငါ အပြတ်ရှင်းမယ်။" ကျီချန်ချိုက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး သူ၏ လက်ထဲရှိ ဓားကြီးအတွင်းသို့ စွမ်းအင်အားလုံးကို စုစည်းကာ တုပိုင်ဆီသို့ ဦးတည်လိုက်လေ၏။

ရန်ငြိုးက ပင်လယ်လောက် နက်ရှိုင်းသည်ဆိုသည်မှာ နင်တောက်ရွှမ်ရှေ့၌ ပါးရိုက်ခံခဲ့ရသည်ကို ဆိုလိုခြင်းနေဖြစ်ပေ၏။

တုပိုင်၏ ဘေးပတ်လည်ရှိ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာသည် နတ်မိမယ် ပန်းကြဲချလိုက်သည့်အလား ရုတ်တရက် လူစုခွဲလိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးမှ ထိပ်တန်းကျွမ်းကျင်သူများသည် အတူတကွ ပြင်းထန်စွာ တိုက်ခိုက်ကြလေတော့သည်။

တုပိုင်သည်တော့ မရှောင်တိမ်းသည့်အပြင် ကျီယင်ယင်နှင့် မီးနတ်ဘုရားဂိုဏ်းမှ ထိပ်တန်းဆရာသခင်များကလည်း သူ၏အနား၌ ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် ကျီချန်ချိုမှာ အံ့အားသင့်သွားရလေ၏။

"သေစမ်း... သေစမ်း... သေလိုက်စမ်း..." ကျီချန်ချို ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

သူသည် ရွှမ်းချီများ အားလုံးနီးပါးကို ထုတ်ယူကာ တုပိုင်ဆီသို့ ခုတ်ပိုင်းချလိုက်၏။

တစ်ချိန်တည်းတွင်ပင် တုပိုင်သည်လည်း ဓားဖြင့် ကာကွယ်လိုက်လေသည်။

"ထန်းးး"

မျှော်လင့်ထားသလို ကျယ်လောင်သော စွမ်းအင်ပေါက်ကွဲမှု အသံကြီး ထွက်ပေါ်မလာဘဲ သာမန်သံမဏိချင်း ရိုက်ခတ်သံတစ်ခုသာ ထွက်ပေါ်လာလေ၏။

အင်္ဂါဂြိုဟ်နှင့် ကမ္ဘာမြေကြီး ဝင်တိုက်မိသကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါမျိုးလည်း ပေါ်ပေါက်မလာခဲ့ချေ။

မူလက ကျီချန်ချို မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိနေခဲ့ပြီး ဓားတစ်ချက်တည်းနှင့်ပင် တုပိုင်အား ပြာကျကာ တစ်စစီ ကြေမွသွားစေရန် လုံလောက်ပြီဟု ထင်မှတ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် အထွတ်အထိပ် မဟာဆရာသခင်တစ်ဦး ဖြစ်သည့်အပြင် သူ၏ ကျင့်ကြံမှုမှာလည်း လီရူဟိုင်၏ အစွမ်းအထက်ဆုံး အချိန်နှင့် များစွာ ကွာခြားမှု မရှိသောကြောင့်ပင် ဖြစ်လေသည်။

သို့သော် တုပိုင်မှာမူ အမွေးတစ်မျှင်ပင် မထိခိုက်ဘဲ ဘေးကင်းလုံခြုံစွာ ရှိနေလေသည်။

ထို့အပြင် ကျီချန်ချို ခုတ်ပိုင်းလိုက်သော ဓားအရှိန်အဝါများမှာ ရွှံ့ဗွက်ပင်လယ်ထဲ ကျဆင်းသွားသည့်အလား သဲသဲကွဲကွဲပင် မရှိတော့ဘဲ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ကျီချန်ချိုမှာ အကြီးအကျယ် တုန်လှုပ်သွားရလေတော့၏။

'ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

တုပိုင် လှောင်ပြုံးပြုံးလျက် မေးခွန်းထုတ်လိုက်၏။ "ငါ့လက်ထဲမှာ နဂါးသတ်ဓား ရှိနေတယ်ဆိုတာ မင်းမသိဘူးလား။"

ကျီချန်ချိုက အေးစက်စွာ တုံ့ပြန်လိုက်၏။ "မင်းရဲ့ နုံအတဲ့ ကျင့်ကြံခြင်းအဆင့်လေးနဲ့ ငါ့ကို နာကျင်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။ ဓားတစ်ချက်တည်းကို ပြောမနေနဲ့ ၊ ဓားဆယ်ချက်ဆိုရင်တောင် ဘာဖြစ်သေးလဲ။"

တုပိုင် စိန်ခေါ်လိုက်သည်။ "ဒါဆိုရင်လည်း မြည်းစမ်းကြည့်လိုက်လေ။"

ထို့နောက် သူသည် ခန္ဓာကိုယ်အတွင်းရှိ ခွန်အားအားလုံးကို စုစည်းကာ ကျီချန်ချိုထံသို့ အားကုန် ခုတ်ပိုင်းချလိုက်လေတော့၏။

"လာစမ်း.. မင်းလို ပုရွက်ဆိတ်ကောင်ဆီမှာ ဘယ်လို စွမ်းအားမျိုး ရှိနေမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။" ကျီချန်ချို အော်ဟစ်လိုက်ပြီး ခုခံရန် သူ၏ ဓားကြီးကို အကြမ်းပတမ်း မြှောက်တင်လိုက်၏။

"ဝုန်းးးးးးး"

ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ဟည်းသွားစေမည့် အသံကျယ်ကြီး ထွက်ပေါ်လာလေသည်။ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာမြေကြီး ဝင်တိုက်မိသကဲ့သို့ပင် ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ပေမင်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ကျီချန်ချို၏ ခန္ဓာကိုယ်မှာ လေထဲမှ ကောက်ရိုးတစ်မျှင်အလား လွင့်စင်ထွက်သွားပြီး သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ ကျီချန်ချိုမှာ အလွန်အမင်း တုန်လှုပ်သွားရ၏။ တုပိုင်၏ ဓားချက်က ဤမျှ အံ့မခန်း အစွမ်းထက်နေလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ဖြစ်သွားရသည်။

တုပိုင်သည် မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ အတွင်းအား အမွေအနှစ်များကို လက်ခံရရှိထားပြီးဖြစ်ကြောင်း သူ မသိခဲ့သည်မှာ အသေအချာပင်။

အမွေအနှစ် လွှဲပြောင်းမှု မပြီးဆုံးခင်မှာပင် ဂရစ်ဆစ် ကွယ်လွန်သွားခဲ့သော်ငြား ရရှိလိုက်သည့် အတွင်းအားများက တုပိုင်အား အလွန်အမင်း သန်မာလာစေခဲ့၏။

ထို့အပြင် တုပိုင်၏ နဂါးသတ်ဓားသည် ရန်သူ၏ တိုက်ခိုက်မှုစွမ်းအင်များကို ဝါးမျိုနိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။ ထို့အတွက်ကြောင့် တုပိုင်၏ ဓားချက်မှာ အလွန်အမင်း အစွမ်းထက်လှသည်။

ရလာဒ်အနေဖြင့် ကျီချန်ချိုမှာ တုပိုင်၏ ဓားကို မခုခံနိုင်တော့ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိသွားရခြင်း ဖြစ်သည်။

ဆက်လက်၍ တုပိုင်၏ လက်ထဲရှိ နဂါးသတ်ဓားက ဆက်တိုက်ဆိုသလို ခုတ်ပိုင်းလာပြန်ရာ ပြင်းထန်စွာ ဒဏ်ရာရထားသော ကျီချန်ချိုမှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရပြီး အခက်အခဲကြီးစွာဖြင့် ခုခံကာကွယ်နေရတော့သည်။

ဓားကွက်ငါးကွက် အပြီး၌ ရုတ်တရက် ထက်မြက်လှသော ဓားတစ်လက်က ကျီချန်ချို၏ နှလုံးသားကို ဖောက်ထွင်း ဝင်ရောက်သွားလေသည်။

မည်သို့မျှ မကာကွယ်နိုင်တော့ဘဲ ကျီချန်ချိုသည် သူ၏ ရင်ဘတ်မှ ဖောက်ထွက်လာကာ သွေးများ ယိုကျနေသော ဓားသွားကို ငုံ့ကြည့်လိုက်မိ၏။

သူ့ကို မည်သူ လုပ်ကြံလိုက်သနည်းဆိုသည်ကို ကြည့်ရန် အနောက်သို့ လှည့်မကြည့်နိုင်တော့ချေ။ သို့သော် ထိုသူမှာ သူ၏ နှမဖြစ်သူ ကျီယင်ယင်ပင် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်မိသည်။

မူလက ကျီချန်ချိုသည် တုပိုင်အား တိုက်ခိုက်ရန် ထိပ်တန်းကျွမ်းကျင်သူ ငါးဆယ်ကိုသာ ခေါ်ဆောင်လာခဲ့သော်လည်း တုပိုင်၌မူ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ရာကျော် ရှိနေပေရာ အင်အားချင်း လုံးဝ အရေးနိမ့်နေသည့် အခြေအနေတွင် ရှိနေခဲ့ပြီး ဖြစ်၏။

ယခုလို ခေါင်းဆောင်ဖြစ်သူ ကျီချန်ချို သေဆုံးသွားသောအခါ အခြေအနေတစ်ခုလုံးမှာ ရုတ်ခြည်း ပြိုလဲသွားရတော့သည်။

ရန်သူဘက်မှ ထိပ်တန်းကျွမ်းကျင်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲ လဲကျသွားကြရသည်။

အချိန်တိုလေးအတွင်းမှာပင် ကျီချန်ချို ဦးဆောင်လာသော ထိပ်တန်းကျွမ်းကျင်သူ ငါးဆယ်စလုံး ပြောင်သလင်းခါအောင် အသတ်ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် သခင်လေး ဖန်းချန်၏ ဘေးပတ်လည်ရှိ ထိပ်တန်းကျွမ်းကျင်သူ ငါးဆယ်ခန့်မှာလည်း ကောက်ရိုးတစ်မျှင် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

တုပိုင်၏ ကျောက်သလင်း မှော်အမြောက် ထောင်ချီ၏ တိုက်ခိုက်မှုများကို အသည်းအသန် ခုခံကာကွယ်ရလွန်းသဖြင့် ထိုသူများမှာ ရွှမ်းချီများ လုံးဝ ကုန်ခမ်းကာ မောပန်းနွမ်းနယ်နေကြပြီဖြစ်လေ၏။

ကျီယင်ယင်သည် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ရာကျော်ကို ဦးဆောင်ကာ အခင်းအကျင်း ပြောင်းလဲလိုက်ပြီး ထိုလူငါးဆယ်ကို ဝိုင်းရံလိုက်ကြ၏။

ထိုအခါမှ ကျောက်သလင်း မှော်အမြောက်များ ပစ်ခတ်မှု ရပ်တန့်သွားသည်။

"သတ်..."

မဟာဆရာသခင် တစ်ရာကျော်က ချက်ချင်းဆိုသလိုပင် ဖန်းချန်၏ ဘေးပတ်လည်ရှိ ထိပ်တန်းကျွမ်းကျင်သူ ငါးဆယ်ကို စတင် သုတ်သင်လိုက်ကြတော့သည်။

"ရွှစ်... ရွှစ်... ရွှစ်..."

ဤအဆင့်ထိပ်တန်းကျွမ်းကျင်သူများ၏ တိုက်ပွဲ၌ မည်သည့် လှပသော သိုင်းကွက်မှ မရှိတော့ချေ။ ကြယ်တာရာနှစ်လုံး လျှပ်တစ်ပြက် ဝင်တိုက်မိသကဲ့သို့ စွမ်းအားချင်း အကြမ်းပတမ်း ဝင်တိုက်နေကြခြင်းသာ ဖြစ်၏။

ဖန်းချန်ဘက်မှ ထိပ်တန်းကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားလေ၏။

ကျောက်သလင်း မှော်အမြောက်များကို ခုခံထားရသဖြင့် သူတို့မှာ အင်အားကုန်ခမ်းနေကြပြီဖြစ်ရာ အင်အားပြည့်ဝနေသော တုပိုင်ဘက်မှ မဟာဆရာသခင်များ၏ တိုက်ခိုက်မှုကို မည်သို့မျှ မခုခံနိုင်ကြတော့ချေ။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကြာပြီးနောက်တွင်တော့ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်၏။

သခင်လေး ဖန်းချန်မှာ အထပ်ထပ် ဝိုင်းရံခံထားရလေ၏။ သူ တုပိုင်အား ပြုံးပြရင်း ဆိုလိုက်သည်။ "နောက်ဆုံးတော့ မင်း နိုင်သွားပြီပေါ့။"

တုပိုင် နှုတ်ဆိတ်နေ၏။

သခင်လေး ဖန်းချန် ဆက်ပြောသည်။ "လူတွေက သေခါနီးရင် စကားကောင်းတွေ ပြောတတ်ကြတယ်။ ငါ မင်းကို ပြောစရာ တစ်ခုရှိတယ်။"

တုပိုင် ဖြတ်ပြောလိုက်သည်။ "မလိုဘူး။"

ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်းတက်သွားပြီး ဓားဖြင့် တိုက်ရိုက် ထိုးချလိုက်လေရာ ဓားသွားက သခင်လေး ဖန်းချန်၏ ရင်ဘတ်ကို လွယ်ကူစွာ ဖောက်ထွင်းသွား၏။

ထိုအခါ ထိုသူ၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီး မူလရုပ်သွင် ပေါ်ထွက်လာလေသည်။

ထိုသူသည် သခင်လေး ဖန်းချန် အစစ် လုံးဝ မဟုတ်ဘဲ ကိုယ်ပွားတစ်ယောက်သာ ဖြစ်နေ၏။

"တုပိုင်.. မင်းက နိုင်သွားပြီလို့ ထင်နေတာလား။" ဖန်းချန်၏ ကိုယ်ပွား လှောင်ပြုံးပြုံးလျက် မေးခွန်းထုတ်လာ၏။ "ဒီ အရှေ့ဘက် ပြည်ထောင်စု ဆိုတာက သခင်လေးအတွက် ကစားစရာ အရုပ်တစ်ခုသက်သက်ပဲ။ သူက ဒီတော်ဝင်မြို့တော်ကနေ ထွက်သွားခဲ့တာ ကြာပြီ။ သူက မင်းနဲ့တောင် ကစားဖို့ စိတ်မဝင်စားတော့ဘူး။ သူလိုချင်တာက ဒီကမ္ဘာတစ်ခုလုံး၊ ဒီဟင်းလင်းပြင်နယ်ပယ် တစ်ခုလုံးကိုပဲ။"

"တုပိုင်.. မင်းက အထွတ်အထိပ်ကို ရောက်နေပြီလို့ ထင်နေတာလား။ ဟားဟားဟား... မင်းက အမြဲတမ်း ပုရွက်ဆိတ်တစ်ကောင်ပဲ။ သခင်လေးရဲ့ ရှေ့မှာ မင်းက အမြဲတမ်း ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေဦးမှာပဲ။"

"မကြာခင်.. မကြာခင်မှာ ဒီကမ္ဘာတစ်ခုလုံးနဲ့ ဟင်းလင်းပြင်နယ်ပယ် တစ်ခုလုံးက သခင်လေးရဲ့ ပိုင်ဆိုင်မှု ဖြစ်လာတော့မယ်။ ပုရွက်ဆိတ်တစ်ကောင်ကို ချေမွပစ်သလိုပဲ မင်းကို လက်ချောင်းတစ်ချောင်းတည်းနဲ့ လွယ်လွယ်လေး သတ်ပြစ်မာ...။"

"တောက်... တောက်... တောက်... တောက်..." ထိုလူက နာရီသံကို အတုခိုး၍ ပြောလိုက်သည်။ "ဒါ ဘာသံလဲဆိုတာ မင်းသိလား။"

တုပိုင် ပြန်ဖြေလိုက်သည်။ "ကမ္ဘာကြီး ပျက်သုဉ်းမယ့် အသံ၊ နိဂုံးချုပ်ချိန်ကို ရေတွက်နေတဲ့ အသံပဲ။"

သခင်လေး၏ ကိုယ်ပွား ဆိုလိုက်၏။ "အဲဒီတော့... မင်းသိနေပြီပဲ။ မင်းလည်း တခြား ပုရွက်ဆိတ်တွေလိုပဲ သေဖို့သာ စောင့်နေလိုက်တော့.. သေဖို့သာ စောင့်နေလိုက်။ သခင်လေးရဲ့ ရည်မှန်းချက်က ကြယ်တာရာ ပင်လယ်ပြင်ကြီးနဲ့ ဟင်းလင်းပြင်နယ်ပယ် တစ်ခုလုံးပဲ။"

တုပိုင် ရုတ်တရက် ဓားဖြင့် ခုတ်ချလိုက်ရာ ရုတ်တရက် ထိုသခင်လေး ကိုယ်ပွား၏ ခေါင်းမှာ ပြတ်ကျသွားလေတော့သည်။

ကျီယင်ယင် ရှေ့သို့ တက်လာပြီး မှတ်ချက်ပြုလိုက်၏။ "ရှင်က ဒီရလဒ်ကို သိပ်အံ့သြပုံ မရဘူးနော်။"

တုပိုင် ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်၏။ "ဖန်းချန်က တောင်အမေရိကမှာ ရှိနေတယ်။ အဲဒီနေရာက ကမ္ဘာပေါ်က အကြီးမားဆုံး လျှို့ဝှက်နယ်မြေ၊ ကမ္ဘာပေါ်က အစွမ်းအထက်ဆုံး စွမ်းအားတွေ ရှိတဲ့ နေရာပဲ။"

အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ဖန်းကျိုး၊ ဧကရာဇ်ယုံနင်းနှင့် ဖန်းအုပ်စုမှ အရာရှိ ရာပေါင်းများစွာတို့သည် မြေပြင်ပေါ်၌ ညီညာစွာ ဒူးထောက်နေကြ၏။

ဖန်းကျိုးမှာ ရုတ်တရက် ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်နေပြီး ဧကရာဇ်ယုံနင်းမှာမူ အသက်ချမ်းသာပေးရန် အသနားခံကာ မြေကြီးနှင့် ခေါင်းတိုက်နေလေသည်။

"ရင်ခွင်ပိုက်မင်းသား.. ရင်ခွင်ပိုက်မင်းသား... ကျွန်တော့်ကို အတင်းအကျပ် လုပ်ခိုင်းလို့ပါ.. ကျွန်တော်က ဧကရာဇ် လုံးဝ မဖြစ်ချင်ခဲ့ပါဘူး။" ဧကရာဇ်ယုံနင်း နင်ချုံး ခေါင်းတိုက်ကာ ငိုယိုလိုက်သည်။ "ကျွန်တော်က ယန်မင်းသားပါ၊ ပထမဧကရာဇ်က ကျွန်တော့်ကို အချစ်ဆုံးပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့.. ကျွန်တော့်ကို မသတ်ပါနဲ့..."

ထိုစဉ် လှပသော ကိုယ်လုံးကိုယ်ပေါက် ရှိသော်ငြား အကျည်းတန်လှသော မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြေးထွက်လာ၏။

"ဖန်းချင်းယီလား။" တုပိုင် မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ငါပဲ။" ဖန်းချင်းယီ အတည်ပြုလိုက်၏။ "ဒီခွေးကောင်ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ခွင့်ပေးပါလား။"

တုပိုင် ခေါင်းညိတ်ပြလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဖန်းချင်းယီ ရှေ့သို့ တစ်လှမ်းတက်လာပြီး ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ ရုပ်သေးဧကရာဇ် ယုံနင်း၏ လည်ပင်းကို အေးစက်စွာ လှီးဖြတ်လိုက်ရာ သွေးများ ပန်းထွက်သွားတော့သည်။

ရုပ်သေးဧကရာဇ် ယုံနင်း ခေါ် နင်ချုံးမှာ တဆတ်ဆတ် တုန်ယင်သွားပြီးနောက် အသက်ထွက်သွားလေတော့၏။

တုပိုင် အေးစက်စွာ မေးလိုက်သည်။ "ဖန်းကျိုး.. ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။"

အမတ်ချုပ်ကြီး ဖန်းကျိုးမှာတော့ တစ်ကိုယ်လုံး တုန်ရီကာ ညည်းတွားလိုက်မိ၏။ "အိပ်မက်တစ်ခုလိုပဲ.. အရာအားလုံးက လက်တွေ့နဲ့ လုံးဝကို မတူဘူး။"

ထို့နောက် သူ မေးခွန်းထုတ်လေသည်။ "သခင်လေးရော ဘယ်မှာလဲ။ သူက ဒီလောက် လွယ်လွယ်နဲ့ ရှုံးမှာ မဟုတ်ဘူး၊ ဒီလောက် လွယ်လွယ်နဲ့လည်း သေမှာ မဟုတ်ဘူး။"

"သေချာတာပေါ့၊ သူက တောင်အမေရိကမှာရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတယ်။" တုပိုင် ပြန်ဖြေလိုက်သည်။ "သူက ဒီကမ္ဘာတစ်ခုလုံးနဲ့ ဟင်းလင်းပြင်နယ်ပယ် တစ်ခုလုံးကို အုပ်စိုးတော့မှာလေ။"

ဖန်းကျိုးက ခါးသီးစွာ ရယ်မောရင်း ဆိုလိုက်၏။ "အရှေ့ဘက် ပြည်ထောင်စုဆိုတာ သူ့အတွက်တော့ ကစားပွဲတစ်ခုလို ဖြစ်နေပေမယ့် ငါတို့ကတော့ ရှိသမျှ အကုန် ပုံအောခဲ့ရတယ်.. ဟားဟားဟား။"

"နင်တောက်ရွှမ်ရော၊ ဘုရင်မ မိုဟန်ရော ဘာလို့ မရှိနေတာလဲ၊ မဟာဆရာသခင် ရာပေါင်းများစွာကရော ဘာလို့ မရှိနေတာလဲဆိုတာ ငါ တွေးနေခဲ့တာ။" ဖန်းကျိုး သက်ပြင်းချလိုက်သည်။ "အိပ်မက်ကနေ နိုးထသင့်ပြီပဲ။ ရင်ခွင်ပိုက်မင်းသား.. ခင်ဗျား သဘောအတိုင်းသာ စီစဉ်ပါတော့။"

တုပိုင် လက်ဝှေ့ယမ်းပြလိုက်ရာ လူရာပေါင်းများစွာ ရှေ့သို့ တက်လာပြီး ဖန်းအုပ်စုမှ အရာရှိတိုင်းကို ကြိုးများဖြင့် တုပ်နှောင်ကာ အရှင်လတ်လတ် ကြိုးစင်တင် ကွပ်မျက်လိုက်ကြလေတော့သည်။

ထိုဖြစ်စဉ်တစ်ခုလုံးကို ဖန်းချင်းယီတစ်ယောက် ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေခဲ့၏။

ဖန်းအရာရှိ ရာပေါင်းများစွာကို ကြိုးပေးကွပ်မျက်ပြီးနောက် တုပိုင် မေးလိုက်သည်။ "မင်းမှာ ဘာအစီအစဉ် ရှိသေးလဲ။"

"ကိုယ့်ကိုယ်ကိုယ် သတ်သေမှာပေါ့။" ဖန်းချင်းယီ ပြန်ဖြေလိုက်၏။

တုပိုင် ပြန်မေးလိုက်သည်။ "ဘာလို့ ဆက်အသက်ရှင်ပြီး မစောင့်ကြည့်ရတာလဲ။"

ဖန်းချင်းယီ ရှင်းပြလိုက်၏။ "ငါ့မှာ အသက်ရှင်ချင်တဲ့ စိတ်ဆန္ဒ လုံးဝ မရှိတော့ဘူး။ အကယ်လို့ ဒီအချိန်မှာ ငါက လှပချောမောနေသေးတယ်ဆိုရင် မင်းနဲ့ အတူအိပ်ဖို့ တောင်းဆိုပြီး အသက်ရှင်ချင်တဲ့ စိတ်ဆန္ဒလေး တစ်စွန်းတစ်စလောက် ရှာကောင်း ရှာတွေ့နိုင်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ ပထမဆုံး စေ့စပ်ထားသူလေ။ အခုတော့... ငါက သရဲတစ်ကောင်လို ရုပ်ဆိုးအကျည်းတန်နေပြီ။"

တုပိုင် ရှင်းပြလိုက်သည်။ "ကမ္ဘာကြီးရဲ့ ကပ်ဘေးက မကြာခင် ရောက်လာတော့မယ်။ သုံးဆယ့်တစ်ရက်ပဲ လိုတော့တယ်။ ဖန်းချန်သာ အောင်မြင်သွားရင် ကမ္ဘာကြီး ပျက်သုဉ်းသွားလိမ့်မယ်။ ကမ္ဘာပျက်မယ့် မြင်ကွင်းက ဘယ်လိုပုံစံလဲဆိုတာ မင်း မျက်စိနဲ့ကိုယ်တိုင် မမြင်ကြည့်ချင်ဘူးလား။"

ဖန်းချင်းယီမှာ သူမ၏ နားကိုပင် မယုံနိုင်စွာဖြင့် တုန်ယင်သွားလေရာ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး ဆုံးဖြတ်လိုက်သည်။ "ငါ ကိုယ့်ကိုယ်ကိုယ် မသတ်သေတော့ဘူး။ ကမ္ဘာကြီးရဲ့ ကပ်ဘေးကျရောက်မယ့်နေ့က သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ။ မင်းပဲ နိုင်နိုင်၊ ဖန်းချန်ပဲ နိုင်နိုင်.. သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းမှာ အသေအချာပဲ။"

တုပိုင် ခေါင်းညိတ်ပြလိုက်ပြီး ထောက်ခံလိုက်သည်။ "ဟုတ်တယ်၊ သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်။"

ထို့နောက် တုပိုင် လှည့်ထွက်သွားလေရာ ဖန်းချင်းယီ အနောက်မှနေ၍ လှမ်းအော်လိုက်သည်။ "တုပိုင်.. မင်း နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။"

တုပိုင် ခေါင်းညိတ်ပြကာ ဆက်လက် ထွက်ခွာသွားလေသည်။

ရုတ်တရက် ခဏအကြာတွင် ဖန်းချင်းယီ ထပ်မံအော်ပြောလိုက်ပြန်၏။ "တုပိုင်.. ကျွန်မက အပျိုစင် ဖြစ်နေတုန်းပဲနော်။ မသွားခင် ကျွန်မနဲ့ တစ်ခါလောက် အိပ်ပေးပါလား။"

တုပိုင် ခပ်တည်တည်ဖြင့် ငြင်းဆန်လိုက်၏။ "မရဘူး။ မင်း ရုပ်အရမ်းဆိုးတော့ ငါ စိတ်မပါလောက်ဘူး"

**--**--**--**--**--**--**--**

စစ်သင်္ဘော ကျောင်းလုံကြီးသည် ဒေါင်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး တောင်အမေရိကဆီသို့ ရွက်လွှင့်သွားလေ၏။

အရှေ့ဘက် ပြည်ထောင်စု၏ တော်ဝင်မြို့တော်မှ တောင်အမေရိကသို့ ကီလိုမီတာ နှစ်သောင်းခန့် ကွာဝေးပေရာ စစ်သင်္ဘော ကျောင်းလုံအနေဖြင့် ရက်နှစ်ဆယ် အပြည့် ရွက်လွှင့်ရမည် ဖြစ်သည်။

လက်ရှိတစ်ကြိမ်တွင် တုပိုင် ခွန်ပန်ငှက် ၉၉၃ ကောင်၊ သွေးမိစ္ဆာစစ်သည် တစ်ထောင်နှင့် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ရာကျော်ကိုသာ ခေါ်ဆောင်လာခဲ့သည်။

တစ်ချိန်တည်းတွင်.သူ၏ စိတ်ထဲတွင် နာရီသံတစ်ခုက တောက်... တောက်... ဟု အဆက်မပြတ် မြည်ဟည်းကာ အချိန်ရေတွက်နေလျက်ရှိသည်။ ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ဘဲ အိပ်မက်စနစ်က သူ့အတွက် အချိန်ရေတွက်ပေးနေခြင်းပင် ဖြစ်လေ၏။

ကမ္ဘာ့ကပ်ဘေး ကျရောက်ရန် ၂၅ ရက် အလို။

နောက်ပြန် ရေတွက်ခြင်း ၂၁ ရက် အလို။

၁၅ ရက် အလို။

**--**--**--**--**--**--**--**

လမ်းတစ်လျှောက်ရှိ ဆိပ်ကမ်းများ အားလုံးနီးပါးမှာ အရှေ့ဘက် ပြည်ထောင်စု၏ နယ်မြေများ ဖြစ်သော်ငြား တုပိုင်၏ စစ်သင်္ဘော ကျောင်းလုံက ထောက်ပံ့ရေးပစ္စည်းများ အားလုံးကို အဆင်ပြေချောမွေ့စွာ လက်ခံရရှိခဲ့လေသည်။

သခင်လေး ဖန်းချန်၏ လက်အောက်ခံ ဆိပ်ကမ်းတိုင်းက ထောက်ပံ့ရေးပစ္စည်းများ အားလုံးကို အချိန်တိုင်း အဆင်သင့် ပြင်ဆင်ထားပေးရာ တုပိုင်၏ စစ်သင်္ဘော ကျောင်းလုံ ဆိုက်ကပ်လာသည်နှင့် တစ်ပြိုင်နက် ပစ္စည်းများအားလုံးကို ချက်ချင်း ဝိုင်းဝန်း တင်ဆောင်ပေးကြသည်။

ထိုအပြုအမူများက သခင်လေး ဖန်းချန်သည် တုပိုင်ကို တောင်အမေရိကရှိ ကမ္ဘာ့အကြီးမားဆုံး လျှို့ဝှက်နယ်မြေဆီသို့ လာရန် စောင့်မျှော်နေရုံသာမက မြန်မြန်လာရန်ပင် ဖိတ်ခေါ်နေသည့်အလား ရှိလေ၏။

နောက်ပြန် ရေတွက်ခြင်း ၁၃ ရက် အလို။

နောက်ပြန် ရေတွက်ခြင်း ၉ ရက် အလို။

နောက်ပြန် ရေတွက်ခြင်း ၅ ရက် အလို။

နောက်ပြန် ရေတွက်ခြင်း ၃ ရက် အလို။

ရက်နှစ်ဆယ်ကြာ ရွက်လွှင့်ပြီးနောက်တွင် တုပိုင်၏ စစ်သင်္ဘော ကျောင်းလုံ နောက်ဆုံး၌ တောင်အမေရိကသို့ ရောက်ရှိလာပြီဖြစ်၏။

ဤနေရာမှာ သခင်လေး ဖန်းချန်၏ ကိုလိုနီ ဆိပ်ကမ်းတစ်ခု ဖြစ်နေဆဲပင်ဖြစ်၏။ တုပိုင်အား ကြိုဆိုရန် လူတစ်ယောက် စောင့်ဆိုင်းနေသည်။

အခြားသူမဟုတ်လေဘဲ ဦးနှောက်ထဲ ရေဝင်နေသည့်.ဘုရင်မ မိုဟန်ပင် ဖြစ်၏။

လက်ရှိအချိန်၌ သူမသည်.အသိစိတ် ကင်းမဲ့နေပြီး သူမ၏ မျက်နှာမှာလည်း အေးစက်နေလျက်ရှိသည်။

သူမ အလွန်တရာ အစွမ်းထက်လာပြီဖြစ်ကြောင်း တုပိုင် အာရုံခံမိလိုက်၏။

မည်မျှတိုင်အောင် အစွမ်းထက်နေသနည်းဆိုသော် ပေမင်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ကျီချန်ချိုထက် များစွာ သာလွန်နေပြီး ယခင်က လီရူဟိုင်ထက်ပင် အဆပေါင်းများစွာ သာလွန်နေလျက်ရှိသည်။

ထို့ပြင် သူမ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်ရာ သူမ၌ ကိုယ်ရောင်ဖျောက်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

ထို့အပြင် သူမသည် ယခင်ထက် ပို၍ပင် လှပလာကာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ ကျီယင်ယင်နှင့် အိန်ဂျယ်တို့၏ အလှအပနှင့် တန်းတူအဆင့်သို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်၏။

လက်ရှိအချိန်၌ သူမသည် နက်နဲကာ အစွမ်းထက်သော စွမ်းအင်များ စီးဆင်းနေသည့် ရွှေရောင် ဂါဝန်တစ်စုံကို ဝတ်ဆင်ထားရာ သူမ၏ ကောက်ကြောင်းအလှကို ပိုမို ပေါ်လွင်သွားစေကာ အထူးပင် ဆွဲဆောင်မှုရှိနေတော့၏။

"အရှင် တုပိုင်.. လမ်းမမှားအောင်လို့ လာကြိုဖို့ သခင်လေးက ကျွန်မကို လွှတ်လိုက်တာပါ။" ဘုရင်မ မိုဟန်က အေးစက်စွာ ရှင်းပြလိုက်သည်။

"သွားကြတာပေါ့။" တုပိုင် ပြန်ဖြေလိုက်၏။

ထို့နောက် တုပိုင်နှင့် အခြားသူများ ခွန်ပန်ငှက်များပေါ်သို့ တက်စီးလိုက်ကြသည်။

"ကျွန်မလည်း ရှင်နဲ့အတူ စီးလို့ရမလား။" ဘုရင်မ မိုဟန် ခွင့်တောင်းလိုက်၏။

"ရပါတယ်။" တုပိုင် ခွင့်ပြုလိုက်သည်။

နောက်တစ်စက္ကန့်မှာပင် သူမ တုပိုင်၏ ခွန်ပန်ငှက် ကျောပြင်ပေါ်သို့ ရောက်ရှိလာလေ၏။ သူမ၏ လှုပ်ရှားမှုက နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ အလွန် မြန်ဆန်လွန်းလှရာ ခွန်ပန်ငှက်ပင် ထိတ်လန့်သွားပြီး တုန်ယင်သွားရလေ၏။

"ကျွန်မ လမ်းပြပေးရမလား။" ဘုရင်မ မိုဟန် မေးလိုက်ပြီးနောက် သူမ၏ စိတ်စွမ်းအင်ကို တိုက်ရိုက် ထုတ်လွှတ်ကာ ခွန်ပန်ငှက်ကို ထိန်းချုပ်လိုက်ပြီး တောင်အမေရိက တိုက်ကြီး၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ပျံသန်းသွားလိုက်တော့သည်။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၅ + ၈၂၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters