အခန်း (၈၂၇-၈၂၈)
Vol. 83 Ch. 827-828
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၇ + ၈၂၈)
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ခရီးတစ်လျှောက် သူတို့သည် ဆန်းကြယ်သော ပိရမစ်အချို့ကို ဖြတ်သန်းသွားခဲ့ကြ၏။ ထိုအရာများမှာ မာယာလူမျိုးစု၏ ပိရမစ်များပင် ဖြစ်ပေသည်။
ဘုရင်မ မိုဟန်က ရုတ်တရက် မေးလိုက်၏။ "အရှင်တုပိုင်၊ မာယာပြက္ခဒိန်အရဆိုရင် ၂၀၁၂ ခုနှစ်က ကမ္ဘာပျက်မယ့်နှစ်လို့ ကြားဖူးတယ်နော်။"
တုပိုင် ပြန်မေးလိုက်သည်။ "ဒါကို ဖန်းချန်က မင်းကို ပြောပြတာလား။"
ဘုရင်မ မိုဟန်က အတည်ပြု၏။ "ဟုတ်တယ်။ ဒီဟောကိန်းက တိကျမယ်လို့ ရှင်ထင်လား။"
တုပိုင် ဖြေလိုက်၏။ "မတိကျပါဘူး။ ကမ္ဘာပျက်ကိန်းက လုံးဝ မရောက်လာတာမျိုး ဖြစ်နိုင်သလို နှစ်ပေါင်းရာချီ စောပြီးတော့လည်း ရောက်လာနိုင်တယ်။"
တောက်၊ တောက်၊ တောက်။
တုပိုင်၏ စိတ်ထဲရှိ ကမ္ဘာ့ကပ်ဘေးအတွက် နောက်ပြန်ရေတွက်နေသော အချိန်များမှာ နာရီ၊ မိနစ်နှင့် စက္ကန့်များအထိ ပြောင်းလဲသွားလေ၏။
ခုနစ်ဆယ့်တစ် နာရီ၊ ငါးဆယ့်ကိုး မိနစ်၊ ငါးဆယ့်ကိုး စက္ကန့်။
ဘုရင်မ မိုဟန်၏ ဦးဆောင်လမ်းပြမှုအောက်တွင် တုပိုင်၏ ခွန်ပန်ငှက် တစ်ထောင်ခန့်သည် တောင်အမေရိကတိုက်ကြီး၏ အတွင်းပိုင်းဆီသို့ ဆက်လက် ထိုးဖောက်ဝင်ရောက်သွားကြ၏။
သူတို့ ဆက်တိုက် ပျံသန်းနေကြသည်။
တစ်ရက် ကုန်လွန်သွား၏။
နှစ်ရက် ကုန်လွန်သွား၏။
လေးဆယ့်ရှစ် နာရီတိတိ ပျံသန်းပြီးပြီ ဖြစ်သည်။ အနားယူချိန်များကို ဖယ်လိုက်ပါက ခွန်ပန်ငှက် တစ်ထောင်နီးပါးမှာ ကီလိုမီတာ နှစ်သောင်းခန့်အထိ ပျံသန်းပြီး ဖြစ်၏။ ထိုအကွာအဝေးမှာ တွက်ကြည့်မည်ဆိုလျှင် တောင်အမေရိကတိုက်ကြီးကို အကြိမ်များစွာ ဖြတ်သန်းသွားနိုင်သည့် အကွာအဝေးပင် ဖြစ်ပေသည်။
ဘုရင်မ မိုဟန်က တောင်းပန်စကား ဆို၏။ "တောင်းပန်ပါတယ်။ ကျွန်မတို့ ပစ်မှတ်ထားတဲ့နေရာနဲ့ အရမ်းကို နီးကပ်နေပါပြီ။ ဒါပေမဲ့ ဒီက ဟင်းလင်းပြင်နယ်ပယ်က လိမ်ကောက်ရှုပ်ထွေးနေတော့ အကွာအဝေးက အများကြီး ပိုဝေးသွားသလို ဖြစ်နေတယ်။"
ထိုအချက်ကို တုပိုင် နားလည်ပေသည်။ မူလက နေရာနှစ်ခုကြားရှိ အကွာအဝေးမှာ မျဉ်းဖြောင့်တစ်ကြောင်းတည်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့သည် တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်၍ သွားနေကြရခြင်း ဖြစ်၏။
ကမ္ဘာပျက်မည့် ကပ်ဘေးနှင့် အချိန်ပို၍ နီးကပ်လာလေ၊ ဤဒေသရှိ ဟင်းလင်းပြင်နယ်ပယ်မှာ ပို၍ လိမ်ကောက်ရှုပ်ထွေးလာလေပင် ဖြစ်တော့သည်။
**--**--**--**--**--**--**--**
ကမ္ဘာ့ကပ်ဘေးအတွက် နောက်ပြန်ရေတွက်ခြင်း နှစ်ဆယ့်တစ် နာရီ အလို။
နောက်ပြန်ရေတွက်ခြင်း ဆယ် နာရီ အလို။
နောက်ပြန်ရေတွက်ခြင်း သုံး နာရီ အလို။
နောက်ပြန်ရေတွက်ခြင်း တစ် နာရီ အလို။
နောက်ပြန်ရေတွက်ခြင်း ငါးဆယ့်ကိုး မိနစ်နှင့် ငါးဆယ့်ကိုး စက္ကန့် အလို။
**--**--**--**--**--**--**--**
နောက်ဆုံးတွင်တော့ ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိလာကြပြီဖြစ်သည်။ တုပိုင် ဤနေရာဒေသကို မည်သို့ တင်စားဖော်ပြရမည်ကိုပင် မသိနိုင်အောင် ဖြစ်နေမိ၏။
တစ္ဆေတိုက်ကြီးတစ်ခုနှင့်ပင် တူနေသည်။ ဤနေရာ၌ နှင်းများ အဆက်မပြတ် ကျဆင်းနေပြီး ကောင်းကင်ယံထက်တွင်လည်း နှင်းပွင့်များ ဝဲပျံနေသည်။ သက်ရှိဆို၍ အရိပ်အယောင်မျှ မရှိသလို အပင်ဆို၍လည်း တစ်ပင်မျှ မရှိချေ။
အဆုံးအစမဲ့သော နှင်းများသာ ရှိနေ၏။ ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များမှာလည်း အပြာရောင်ပင် ဖြစ်နေ၏။ အလွန်တရာ လှပပြီး ဆွေးမြေ့ဖွယ် ကောင်းလှပေသည်။ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလားပင်။
ကောင်းကင်ယံတွင် လနှင့် နေတို့သည် တစ်ပြိုင်တည်း ပေါ်ထွက်နေကြပြီး နေမင်းကြီးမှာ အဖြူရောင်ဖြစ်နေသော်လည်း လမင်းမှာမူ အနီရောင် ဖြစ်နေသည်။
တုပိုင်နှင့် အခြားသူများသည် ဤအပြာရောင် နှင်းပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။
သခင်လေး ဖန်းချန်ကမူ ဤနေရာ၌ မရှိနေပေ။
သို့သော် တုပိုင် နင်တောက်ရွှမ်၊ အိန်ဂျယ်နှင့် လီဝမ်ဝမ်တို့ကို တွေ့လိုက်ရသည်။
လီဝမ်ဝမ်၏ တစ်ကိုယ်လုံးတွင် မီးတောက်များ ဖုံးလွှမ်းနေပြီး သူမ၏ မျက်လုံးများမှာ လူသားတစ်ဦး၏ မျက်လုံးများနှင့် လုံးဝ မတူတော့ပေ။ သူမ၏ ခန္ဓာကိုယ်မှလည်း အလွန်တရာ အစွမ်းထက်လှသော စွမ်းအင်အရှိန်အဝါများ ပေါက်ကွဲထွက်နေလျက်ရှိသည်။ သူမ၏ ပတ်လည် မီတာဆယ်ဂဏန်းအတွင်း၌ မည်သည့် အပြာရောင်နှင်းပွင့်မှ ရှိမနေချေ။
တုပိုင် ထပ်တွေ့လိုက်ရသည်က မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ ငါးရာပင် ဖြစ်သည်။ ဟုတ်ပေသည်။ လူငါးရာတိတိ ဖြစ်ပြီး တုပိုင်၏ အင်အားထက် ငါးဆတိတိ ပိုများနေ၏။
ထို့အပြင် ကမ္ဘာ့နံပါတ်တစ် သိုင်းပညာရှင် နင်တောက်ရွှမ်လည်း ပါဝင်နေသေးသည်။
တုပိုင် မြေပြင်သို့ ဆင်းသက်လိုက်ပြီး နင်တောက်ရွှမ်အား မေးလိုက်သည်။ "ဖန်းချန် ဘယ်မှာလဲ။"
နင်တောက်ရွှမ်က ပြန်ဖြေ၏။ "မကြာခင် ရောက်လာလိမ့်မယ်။"
ထို့နောက် တုပိုင် တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေလိုက်သည်။
လူတိုင်းက တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြ၏။
ကမ္ဘာပျက်မည့်အချိန် နောက်ပြန်ရေတွက်ခြင်း ငါးဆယ့်ခုနစ် မိနစ် အလို။
ငါးဆယ့်ငါး မိနစ်။ သုံးဆယ့်ကိုး မိနစ်။
ရုတ်တရက် ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာသည် အလင်းနှင့် အရိပ်တို့၏ အက်ကွဲကြောင်း ဖြစ်သလို ဟင်းလင်းပြင်နယ်ပယ်၏ အက်ကွဲကြောင်းတစ်ခုလည်း ဖြစ်ပေ၏။
သခင်လေး ဖန်းချန် ပေါ်လာပြီဖြစ်သည်။
ဤနေရာတွင်လည်း ကမ္ဘာကြီး၏ အက်ကွဲကြောင်း ရှိနေပြီး လုံးဝ အသစ်စက်စက် အက်ကွဲကြောင်းတစ်ခုပင် ဖြစ်သည်။
တုပိုင်၏ မျက်စိရှေ့မှောက်တွင်ပင် တိုက်ရိုက် ဖြစ်တည်လာခြင်း ဖြစ်၏။
သခင်လေး ဖန်းချန်က တုပိုင်အနားသို့ လျှောက်လာပြီး မေးလိုက်သည်။ "အရှေ့ဘက် တော်ဝင်မြို့တော် ကျသွားပြီလား။"
တုပိုင် ခေါင်းညိတ်လိုက်၏။ "ကျသွားပြီ။"
သခင်လေး ဖန်းချန်က တောင်းပန်စကား ဆို၏။ "တောင်းပန်ပါတယ်။ ငါက ကိစ္စတစ်ခုကြောင့် အလျင်စလို ထွက်လာရလို့ အရှေ့ဘက် တော်ဝင်မြို့တော်မှာ မင်းနဲ့အတူ တိုက်ပွဲမဝင်ပေးနိုင်တဲ့အတွက် မင်းကို စိတ်ပျက်သွားစေမိပြီ။"
တုပိုင် အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။ "ရပါတယ်။ ဇာတ်သိမ်းခန်းက ကျန်နေသေးတာပဲလေ။ ပြီးတော့ ကမ္ဘာပျက်မယ့် တိုက်ပွဲဆိုတာက သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ပွဲပဲ။"
သခင်လေး ဖန်းချန် အနည်းငယ် ပြုံးလိုက်၏။ "ကမ္ဘာပျက်မယ့် တိုက်ပွဲ။ ဒီအခေါ်အဝေါ်လေးက နားထောင်လို့ တော်တော်ကောင်းတာပဲ။"
ထို့နောက် သူ သရဖူတစ်ခုကို ထုတ်ယူလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။ "ဒီသရဖူကို မင်း ရင်းနှီးနေလောက်မယ် ထင်တယ်နော်။"
တုပိုင် သေချာပေါက် ရင်းနှီး၏။
သူ ဧရာမ အရိုးနဂါးကြီး၏ ဝိညာဉ်ကို ရှာဖွေရန် သွားရောက်စဉ်က ငရဲတံခါးအနောက်ဘက်ရှိ မြေအောက်ကမ္ဘာမှ မီတာတစ်သောင်းခန့် မြင့်မားသော တောင်တန်းပေါ်တွင် မီတာတစ်ရာခန့် မြင့်မားသည့် အနက်ရောင် ပလ္လင်တစ်ခုကို တွေ့ရှိခဲ့ပြီး အနက်ရောင် သရဖူတစ်ခုကိုလည်း တွေ့ရှိခဲ့၏။
ထိုသရဖူသည် အဆုံးအစမဲ့သော သွေးဆောင်ဖြားယောင်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ခေါင်းပေါ်တွင် ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် အသိစိတ်များအားလုံး ချက်ချင်း ပျောက်ဆုံးသွားကာ ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။
ထိုစဉ်က တုပိုင် ထိုအနက်ရောင်သရဖူကို ဆောင်းမိရန် လက်တစ်လုံးအလိုသာ လိုခဲ့သည်။
ထိုအချိန်က ဧရာမ အရိုးနဂါးကြီး၏ ဝိညာဉ်ကို ဘုရင့်လှံတံထိပ်ရှိ ကျောက်မျက်ရတနာထဲတွင် ချိတ်ပိတ်ထားရာ တုပိုင်က ထိုကျောက်မျက်ရတနာကို ရိုက်ခွဲလိုက်ပြီး အရိုးနဂါး၏ ဝိညာဉ်ကို လွတ်မြောက်စေခဲ့ချင်းဖြစ်လေ၏။
တုပိုင် ထွက်ခွာသွားချိန်တွင် မြေအောက်ကမ္ဘာနဂါးက မီးတောက်များ မှုတ်ထုတ်ကာ ထိုအနက်ရောင် သရဖူကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့်ပင် လက်ရှိအချိန်၌ သခင်လေး ဖန်းချန်၏ လက်ထဲရှိ အနက်ရောင် သရဖူမှာ ပုံပျက်ပန်းပျက် ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
သခင်လေး ဖန်းချန်က အတိတ်ကို ပြန်ပြောင်းပြောပြ၏။ "တုပိုင်၊ တကယ်တော့ ငါတို့က ခေတ်သစ်ကမ္ဘာမြေမှာကတည်းက အစောကြီး သိခဲ့ကြတာပါ။ ဒါပေမဲ့ ငါဘယ်သူလဲဆိုတာကို မင်းဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူးလေ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက မင်းက သိပ်ကို မောက်မာလွန်းလို့ မင်းရဲ့ မျက်လုံးထဲမှာ ငါ့လိုလူမျိုး ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ဘူးလေ။"
သခင်လေး ဖန်းချန်က ဟသက်ပြင်းချလိုက်သည်။ "အိုး၊ အဲဒီအချိန်တုန်းက မင်းက ကြယ်တစ်ပွင့်လို သိပ်ကို တောက်ပလွန်းခဲ့တာ။ ကျောင်းမှာ မိန်းကလေး ဘယ်နှစ်ယောက်လောက်က မင်းကို သဘောကျနေခဲ့လဲ ဆိုတာတောင် မသိနိုင်ဘူး။ နေ့တိုင်း ရည်းစားစာတွေ အများကြီး ရခဲ့တယ်မလား။ ငါကတော့ လုံးဝ ရုပ်ဆိုးတဲ့ ဘဲကလေး တစ်ကောင်ပါပဲ။ ငါ အရူးအမူး စွဲလမ်းရတဲ့ မိန်းကလေးကတောင် ငါ့ကို တစ်ချက်လေး လှည့်မကြည့်ခဲ့ဘူး။ သူ့ရဲ့ မျက်လုံးထဲမှာ အမြဲတမ်း မင်းပဲ ရှိနေခဲ့သလိုပဲ။ ငါက မင်းကို မော့ကြည့်ဖို့တောင် အရည်အချင်း မပြည့်မီခဲ့ပါဘူး။"
တုပိုင်ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထသွားရ၏။
သူ၏ မှတ်ဉာဏ်များထဲတွင် ပြန်လည်စဉ်းစားကြည့်သော်လည်း ခေတ်သစ်ကမ္ဘာမြေ၌ ဖန်းချန်ဆိုသူကို တကယ်ပင် မတွေ့ရှိခဲ့ရချေ။
သခင်လေး ဖန်းချန်က ဆက်ပြော၏။ "ဒီလို သိုင်းလောကနဲ့ ဖန်တစီ ရောယှက်နေတဲ့ ကမ္ဘာကို ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါက အရမ်းချမ်းသာပြီး ရုပ်ချောတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ပြီးတော့ မင်းက တကယ်ကြီး မိန်းမစိုးတစ်ယောက်အဖြစ် ကူးပြောင်းလာခဲ့တယ်ပေါ့။ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။"
သခင်လေး ဖန်းချန်က စကားဖြတ်လိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ။ တုပိုင်၊ မင်း ကြိုးစားပြီး မှတ်မိအောင် လုပ်မနေပါနဲ့တော့။ ငါဘယ်သူလဲဆိုတာကို မင်း သေချာပေါက် မှတ်မိနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက မင်းရဲ့ မျက်လုံးထဲမှာ ဒီလိုလူမျိုးမှ မရှိခဲ့တာပဲ။"
ထို့နောက် သခင်လေး ဖန်းချန် ပုံပျက်ပန်းပျက် ဖြစ်နေသော အနက်ရောင် သရဖူကို သူ၏ ခေါင်းပေါ်တွင် ဆောင်းလိုက်၏။
"ဝုန်းးး"
ကမ္ဘာမြေကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါသွားရသည်။ အပြာရောင် နှင်းပွင့်များ အားလုံးသည်လည်း အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားကြတော့၏။
သခင်လေး ဖန်းချန် မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်လုံးများမှာ လုံးဝကို ဗလာနယ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သူက ခပ်ပေါ့ပေါ့ပင် ဆိုလိုက်၏။ "ဒါက မိစ္ဆာဘုရင်ရဲ့ သရဖူပဲ။ ဒါက တင်စားချက်တစ်ခု မဟုတ်ဘူး။ တကယ့် အစစ်အမှန် မိစ္ဆာဘုရင်ရဲ့ သရဖူပဲ။"
သခင်လေး ဖန်းချန်က မေးလိုက်၏။ "ဒါနဲ့ တုပိုင်၊ ဝိညာဉ်မိစ္ဆာမတွေအကြောင်း မင်းသိလား။ ဝိညာဉ်မိစ္ဆာမ လေးကောင်က ဒီကမ္ဘာထဲကို ခိုးဝင်လာခဲ့တယ်။ သူတို့က ဘယ်သူတွေလဲဆိုတာ မင်းသိလား။"
တုပိုင်၏ မျက်ဝန်းများမှာ ရုတ်တရက် ကျုံ့ဝင်သွားရလေသည်။
သခင်လေး ဖန်းချန် ရေရွတ်လိုက်၏။ "ကမ္ဘာပျက်မယ့် တိုက်ပွဲ... ကမ္ဘာပျက်မယ့် တိုက်ပွဲတဲ့လား။"
သခင်လေး ဖန်းချန် လှောင်ပြောင်လိုက်သည်။ "ငါတို့ဘက်က မဟာဆရာသခင် ငါးရာနဲ့ မင်းဘက်က တစ်ရာတို့ အသေအကြေ တိုက်ခိုက်ကြရမယ်လို့ မင်း ထင်နေတယ်မလား။ မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ အဲဒါတွေ အားလုံးက ကလေးကလား တိုက်ခိုက်ရေး ကစားကွက်တွေချည်းပဲ။ သေချာတာပေါ့... ကမ္ဘာ့နံပါတ်တစ် ဆရာသခင် နင်တောက်ရွှမ်ကိုလည်း ထည့်ပေါင်းရမှာပေါ့။ အရှင် နင်တောက်ရွှမ်။"
နင်တောက်ရွှမ် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
သခင်လေး ဖန်းချန် ကျေးဇူးတင်စကား ဆို၏။ "ကမ္ဘာ့နံပါတ်တစ် ဆရာသခင် နင်တောက်ရွှမ်... ငါ့ဘက်မှာ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တုပိုင်နဲ့ ငါက တာဝန်ပေးအပ်ခံရတဲ့ ကောင်းကင်သခင်နှစ်ယောက်။ မင်းက ငါ့ကို ရွေးချယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို ကမ္ဘာ့နံပါတ်တစ် ဆရာသခင်လည်းဖြစ်သော နင်တောက်ရွှမ်မှာ အကဲခတ်ရခက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။
နောက်တစ်စက္ကန့်မှာပင် သခင်လေး ဖန်းချန်၏ လက်သည် နင်တောက်ရွှမ်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားတော့၏။
ရုတ်တရက် မိစ္ဆာတစ်ကောင်၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ "ဝေါင်းးးး"
သူ၏ လက်ထဲမှ အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နင်တောက်ရွှမ်သည် အရှင်လတ်လတ် အလောင်းကောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရတော့၏။
ကမ္ဘာ့နံပါတ်တစ် ဆရာသခင်၊ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် နင်တောက်ရွှမ် လုံးဝ သေဆုံးသွားပြီဖြစ်သည်။
သခင်လေး ဖန်းချန်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ အနက်ရောင် အလင်းတန်းများနှင့် အရိပ်များသည် ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။ "ဝိညာဉ်မိစ္ဆာမ လေးကောင် ထွက်လာစမ်း... သူ့ကို ဝါးမျိုလိုက်ကြ။"
**--**--**--**--**--**--**--**
ခေတ်သစ်ကမ္ဘာမြေ မြို့တော်၏ ခရိုင်တစ်ခုအတွင်း၌ အိမ်ထဲရှိ တုရှောင်ဆိုသည့် ကလေးမလေးထံမှ ကြည်လင်သော ရယ်မောသံလေး ထွက်ပေါ်လာ၏။ "ဟီး... ဟီး..."
သူမ ဤသို့ ပြုံးရယ်ခြင်းမှာ အလွန်တရာ ရှားပါးလှပေသည်။ အချိန်အများစုတွင် သူမသည် စကားမပြောဘဲ ထောင့်တစ်နေရာ၌ တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေတတ်၏။ သို့သော် ယနေ့တွင်တော့ သူမ၏ ဖခင်ဖြစ်သူ ပြန်ရောက်လာသောကြောင့် ကလေးမလေးမှာ သိပ်ကို ပျော်ရွှင်နေပေသည်။
တုရှောင်လေး ရေချိုးဇလုံထဲရှိ ဆပ်ပြာပူဖောင်းများကြားတွင် ထိုင်နေရင်း မိခင်ဖြစ်သူ၏ ကလိထိုးမှုကြောင့် ထိုသို့ ရယ်မောနေခြင်း ဖြစ်၏။ "မေမေက သိပ်တော်တာပဲ... မေမေက သိပ်တော်တာပဲ... ဟီးဟီးဟီး..."
သူမ၏ မိခင်မှာ အမှန်တကယ်ပင် စွမ်းဆောင်နိုင်လွန်းလှပြီး ဖခင်ဖြစ်သူကို ကိုယ်တိုင် ပြန်လည် ခေါ်ဆောင်လာပေးနိုင်သည်။
ရန်ယဲ့ရှောင် အမှန်တကယ်ပင် အလွန် ခေါင်းမာပြတ်သားသူ ဖြစ်၏။ သူမသည် အထပ် ခြောက်ဆယ် မြင့်သော အဆောက်အအုံ၏ ခေါင်မိုးပေါ်မှနေ၍ ရွှီမင်အား ခြိမ်းခြောက်သည်။ အကယ်၍ တုပိုင်အား သူမထံ ပြန်မပေးပါက ခုန်ချသေခံမည်ဟု ဆိုခြင်း ဖြစ်၏။
သူမသည် အချစ်နှင့်ပတ်သက်လာလျှင် အလွန်တရာ စွဲလမ်းကြီးသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ယခင်ကလည်း တုပိုင် ဖောက်ပြန်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် တစ်ကြိမ် ကြိုးစားဖူး၏။
ယခုအခါတွင်လည်း တုပိုင်၏မိခင် ရွှီမင်မှာ ဒေါသထွက်ရသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ တုပိုင် ရှိနေသည့်နေရာကို ပြောပြလိုက်ရတော့သည်။
ထို့ကြောင့် ရန်ယဲ့ရှောင် အလုပ်မှ ခွင့်ရက်အနည်းငယ် ယူကာ တုရှောင်လေးအား သူငယ်တန်းမှ ဆရာမကျန်းထံ အပ်နှံပြီး တုပိုင်အား သွားရောက်ခေါ်ဆောင်ရန် မိုင်ထောင်ချီ ခရီးနှင်တော့၏။
တုပိုင်အား တွေ့ရှိလိုက်ရချိန်တွင် ရန်ယဲ့ရှောင်မှာ ချက်ချင်းပင် ငိုကြွေးမိတော့သည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်သည် သူနာပြုဂေဟာတွင် နေထိုင်ရခြင်း လုံးဝ မဟုတ်ဘဲ တစ်စုံတစ်ယောက်က ကန်ထရိုက်ယူကာ ကျေးလက်ဒေသရှိ မိသားစုတစ်စုထံသို့ ထပ်ဆင့် အပ်နှံထားသောကြောင့်ပင် ဖြစ်၏။ တုပိုင် ဖောင်ဒေးရှင်းမှ ပေးသော ပြုစုစရိတ်မှာ တစ်လလျှင် ယွမ် တစ်သောင်းငါးထောင် ဖြစ်သော်လည်း ကျေးလက်မိသားစုထံသို့ ထပ်ဆင့် အပ်နှံလိုက်ချိန်တွင်တော့ ယွမ် တစ်ထောင်ငါးရာ သာ ဖြစ်သွားသည်။
ရက်အနည်းငယ်အတွင်းမှာပင် တုပိုင်သည် လူရုပ်ပင် မပေါက်တော့ချေ။
ဝက်ခြံကဲ့သို့ သစ်သားတဲလေးထဲတွင် နေထိုင်ရပြီး သူ၏ တစ်ကိုယ်လုံးတွင် ကျင်ငယ်၊ ကျင်ကြီးများ ပေကျံနေကာ မည်သူကမျှ ဂရုမစိုက်ကြပေ။ သူ၏ ခန္ဓာကိုယ်အနှံ့တွင်လည်း အနာများ ပြည့်နှက်နေ၏။ အဆိုးရွားဆုံးမှာ သူ၏ အစာပြွန်သည် ပြင်းထန်စွာ အပူလောင်ထားပြီး ရောင်ရမ်းနေခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်အား ပြုစုစောင့်ရှောက်ရသော မိသားစုသည် နေ့စဉ် ဆန်ပြုတ် အေးသွားသည်အထိပင် မစောင့်နိုင်ကြသောကြောင့် ဖြစ်၏။ ပူလောင်နေသော ဆန်ပြုတ်များကို သူ၏ ပါးစပ်ထဲသို့ အတင်းအကျပ် လောင်းထည့်ကြသည်။
သူမ ချစ်ရသော အမျိုးသားသည် ရက်အနည်းငယ်အတွင်း ဤမျှ ရက်စက်စွာ နှိပ်စက်ခံထားရသည်ကို မြင်လိုက်ရသောအခါ အမြဲတမ်း ပြေပြစ်ယဉ်ကျေးစွာ နေထိုင်တတ်သော ရန်ယဲ့ရှောင်တစ်ယောက် ဒေါသအလွန်ထွက်သွားပြီး ဓားမတစ်လက်ကို ဆွဲယူကာ ထိုလယ်သမားမိသားစု၏ ပရိဘောဂများကို တစ်စစီ ခုတ်ထစ် ဖျက်ဆီးပစ်လိုက်တော့သည်။
ထို့နောက် သူမသည် ကိုယ်ပိုင်ငွေကုန်ကြေးကျခံကာ တုပိုင်အား ပြန်လည်ခေါ်ဆောင်လာပြီး ဆေးရုံတွင် လဝက်ကျော်ခန့် တက်ရောက် ကုသစေ၏။ တုပိုင်၏ ခန္ဓာကိုယ် အခြေအနေ တည်ငြိမ်သွားပြီးနောက်မှသာ သူ့ကို အိမ်သို့ ပြန်ခေါ်လာခြင်း ဖြစ်ပေသည်။
ရွှီမင် မိဘမဲ့ဂေဟာမှ ဒါရိုက်တာ၊ ရှေ့နေတို့နှင့် ပူးပေါင်းကာ တုပိုင်၏ အိမ်ခြံမြေနှင့် ကားကို ရောင်းချပြီး ဖောင်ဒေးရှင်းတစ်ခုကို ဖွဲ့စည်းသည်။ သို့သော် ထိုရန်ပုံငွေကို ရှေ့နေက ထိန်းသိမ်းထားပြီး မိဘမဲ့ဂေဟာ ဒါရိုက်တာ တစ်ဦးတည်းကသာ သုံးစွဲပိုင်ခွင့် ရှိ၏။ ရန်ယဲ့ရှောင်မှာမူ ထိုထဲမှ ငွေကြေးများကို ထုတ်ယူသုံးစွဲခွင့် လုံးဝ မရှိချေ။
ထို့ကြောင့် တုပိုင် ဆေးရုံတက်ရသည့် လဝက်စာ ကုန်ကျစရိတ် ယွမ် သုံးသောင်း အား ရန်ယဲ့ရှောင် သူမ၏ စုဆောင်းငွေများထဲမှ ထုတ်ယူသုံးစွဲရပြီး ခရက်ဒစ်ကတ်ကိုပါ စတင် အကြွေးဖြင့် သုံးနေရပြီ ဖြစ်၏။
သို့တိုင်အောင် တုပိုင်အား အိမ်သို့ ပြန်လည်ခေါ်ဆောင်လာနိုင်ချိန်တွင်တော့ တုရှောင်လေးမှာ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ရယ်မောနေဆဲပင် ဖြစ်သည်။
ဆေးရုံတွင် ပိုးမွှားများ များပြားသည်ဟု ရန်ယဲ့ရှောင် ခံစားရသဖြင့် ကလေးမလေးကို ရေချိုးပေးနေခြင်း ဖြစ်၏။
ကလေးမလေးသည် လက်လှမ်းကာ သူမ မိခင်၏ မျက်နှာကို ထိတွေ့လိုက်သည်။ "မေမေ... နာနေလားဟင်။"
ရန်ယဲ့ရှောင်၏ ပါးနှစ်ဖက်စလုံးမှာ နီရဲရောင်ရမ်းကာ ပွန်းပဲ့နေ၏။ ထိုဒဏ်ရာများမှာ တုပိုင်၏ မိခင် ရွှီမင်၏ ရိုက်နှက်မှုကို ခံထားရခြင်းကြောင့်ပင် ဖြစ်သည်။
ရန်ယဲ့ရှောင် အဆောက်အအုံပေါ်မှ ခုန်ချမည်ဟု ခြိမ်းခြောက်ကာ ရွှီမင်အား တုပိုင်ကို ပြန်ပေးရန် အတင်းအကျပ် တောင်းဆိုစဉ်က သူမသည် ပါးအကြိမ်အနည်းငယ် ရိုက်ခံရ၏။
နောက်ပိုင်းတွင် တုပိုင်အား သွားရောက်ခေါ်ဆောင်ချိန်၌ သူမ ချစ်ရသူမှာ ကျင်ငယ်၊ ကျင်ကြီးများ ပေကျံနေပြီး တစ်ကိုယ်လုံးတွင် အနာများ ပြည့်နှက်ကာ သေလုမြောပါး ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ရန်ယဲ့ရှောင်မှာ အလွန်အမင်း ရင်ကွဲနာကျည်း ဖြစ်ရပေသည်။ တုပိုင်အား ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သူမသည် ရွှီမင်ထံသို့ ချက်ချင်း ပြေးသွားကာ မေးခွန်းထုတ်တော့၏။ တုပိုင်ကို သွယ်ဝိုက်သောနည်းဖြင့် သတ်ပစ်ဖို့ အစီအစဉ် ရှိနေတာလားဟု သူမက မေးမြန်းခြင်း ဖြစ်သည်။
ရွှီမင်အတွက်တော့ တုပိုင်၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဂရုမစိုက်သည်မှာ သေချာလှပေ၏။ သူမသည် တုပိုင်အား ဝန်ထုပ်ဝန်ပိုးဖြစ်နေသော အမှိုက်ထုတ်ကြီးတစ်ထုတ်အလား လွှင့်ပစ်လိုက်ခြင်းသာ ဖြစ်ပြီး လက်ခံရရှိသူက တုပိုင်အား မည်သို့ပင် ဆက်ဆံပါစေ သူမအတွက် အရေးမကြီးချေ။
တကယ့်လက်တွေ့တွင်တော့ တုပိုင် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဖောင်ဒေးရှင်း၏ ငွေကြေးတစ်စိတ်တစ်ပိုင်းသည် တုပိုင် အလုပ်လုပ်ဖူးသော မိဘမဲ့ဂေဟာသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာမူ အကျိုးတော်ဆောင် ရှေ့နေထံသို့ ရောက်ရှိသွားမည်ပင် ဖြစ်သည်။
ဒေါသအလျောက် ရန်ယဲ့ရှောင် ရွှီမင်အား လူမဆန်ကြောင်း စွပ်စွဲပြောဆို၏။
ဩဇာအာဏာကြီးမားလှသော ရွှီမင် သမီးဖြစ်သူက ဤသို့ စွပ်စွဲလာသောအခါ သေချာပေါက် ဒေါသထွက်သွား၏။ သူမသည် ရန်ယဲ့ရှောင်အား အရူးအမူး ပါးရိုက်ပြီး နှာခေါင်းသွေးထွက်သည်အထိ ရိုက်နှက်တော့သည်။
ထိုသို့ ဖြတ်တောက်ခြင်းမှာ ဥပဒေအရပါ အကျိုးသက်ရောက်မှု ရှိသွားသည်။ ဥပဒေပါရဂူတစ်ဦးဖြစ်သော ရွှီမင်သည် သားအမိဆက်ဆံရေးကို ဖြတ်တောက်မည့် သဘောတူညီချက်စာချုပ်တစ်ခုကို အချိန်တိုအတွင်း ရေးဆွဲပြီးနောက် သူမကိုယ်တိုင် လက်မှတ်ရေးထိုးကာ ရန်ယဲ့ရှောင်အားလည်း လက်မှတ်ရေးထိုးစေသည်။
ရန်ယဲ့ရှောင်က သမီးဖြစ်သူ၏ နှာခေါင်းထိပ်လေးကို ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ "မနာပါဘူး... သမီးလေး ရှိနေသရွေ့ မေမေ မနာပါဘူး။"
ကလေးမလေး တုရှောင်က ဖြည့်စွက်ပြောဆို၏။ "ဖေဖေလည်း ရှိသေးတယ်လေ။"
ရန်ယဲ့ရှောင်၏ မျက်ဝန်းများ နီရဲသွား၏။ ရွှီမင် သူမနှင့် ပတ်သက်မှုကို လုံးဝ ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ ယခုမှစ၍ သူမဘဝတွင် တုပိုင်နှင့် သမီးလေးသာ အမှန်တကယ် ကျန်ရှိတော့သည်။
ရန်ယဲ့ရှောင်က ညင်သာစွာ နှစ်သိမ့်လိုက်၏။ "ဟုတ်တာပေါ့... ဖေဖေလည်း ရှိသေးတာပဲ။ မေမေတို့ မိသားစုသုံးယောက် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် အတူတူ ရှိနေကြမှာပါ။"
သူမ တုရှောင်အား ရေချိုးပေးပြီးနောက် နံနက်စာ ပြင်ဆင်လိုက်သည်။
ထို့နောက် ရန်ယဲ့ရှောင် ထုံးစံအတိုင်း တုပိုင်အတွက် လူကြီးသုံး ဒိုင်ဘာကို လဲလှယ်ပေးကာ သူ၏ တင်ပါးများကို ဆေးကြောပေးလိုက်၏။ ထို့အပြင် ဒိုင်ဘာ၏ အစွန်းများနှင့် ပွတ်တိုက်မိခြင်းမှ ကင်းဝေးစေရန် ပေါင်ခြံအတွင်းပိုင်းရှိ အနုနယ်ဆုံး အစိတ်အပိုင်းများကို ကလေးသုံး အစိုဓာတ်ထိန်းဆီများ လိမ်းကျံပေးလိုက်သေးသည်။
ဆက်လက်၍ သွေးစီးဆင်းမှုကောင်းမွန်ရန် သူ၏ ခြေလက်များကို နှိပ်နယ်ပေးလိုက်၏။ နောက်ဆုံးတွင် ဈေးကြီးလှသော အရည်ဖျော် အစားအစာများကို သူ၏ အစာအိမ်ထဲသို့ ရောက်ရှိသွားစေရန် နောက်ထပ် ဆယ်မိနစ်ခန့် အချိန်ယူကာ ဖြည်းညှင်းစွာ တိုက်ကျွေးလိုက်သည်။
ထိုအရာများ အားလုံး ပြီးဆုံးသွားပြီးနောက်မှသာ ရန်ယဲ့ရှောင် သမီးဖြစ်သူအား သူငယ်တန်းသို့ ပို့ဆောင်ပေးလိုက်တော့သည်။
ကလေးမလေး တုရှောင်က ရှားရှားပါးပါးပင် နောက်ပြောင်သည့် လေသံလေးဖြင့် နှုတ်ဆက်လိုက်၏။ "ဖေဖေ... သမီး ကျောင်းသွားတော့မယ်။ အိမ်မှာ လိမ္မာအောင် နေခဲ့နော်။"
ထို့နောက် ရန်ယဲ့ရှောင် တုပိုင်၏ နှာခေါင်းကို အနမ်းတစ်ပွင့် ပေးလိုက်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၇ + ၈၂၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team