အခန်း (၈၂၁-၈၂၂)
Vol. 83 Ch. 821-822
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၁ + ၈၂၂)
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင် ခပ်လှမ်းလှမ်းမှနေ၍ သခင်လေး ဖန်းချန်အား လှမ်းကြည့်လိုက်၏။ ဖန်းချန်သည် အမြင့်မီတာ တစ်ထောင်ရှိ နန်းတော်လသာဆောင်ပေါ်၌ မတ်တတ်ရပ်နေပြီး သူ၏ဘေးတွင် လှပသော အမျိုးသမီးတစ်ဦး ရှိနေပုံရသည်။ ထို့ပြင် တာ့နင်အင်ပါယာ အစိုးရအဖွဲ့၏ အမတ်ချုပ်ကြီး ဖန်းကျိုး ၊ နန်းတက်ကာစ ဧကရာဇ်ယုံနင်နှင့် ဖန်းမိသားစုမှ အမတ်များစွာတို့သည်လည်း အမြင့်မီတာ ငါးရာရှိ နန်းဆောင်တစ်ခုအတွင်း ရှိနေကြသည်ကို မြင်လိုက်ရ၏။
မြို့တော်ကြီး၏ မြို့ရိုး အပြင်အဆင်နှင့် အတွင်းပိုင်းတစ်ခုလုံးသည် အလွန် ခိုင်မာတောင့်တင်းသော ခံစစ်စခန်းများအဖြစ် ပြောင်းလဲသွားပြီဖြစ်၏။ နေရာအနှံ့အပြား၌ ပုန်းခိုကျင်းများ ထူထပ်စွာရှိနေပြီး လျှို့ဝှက်ခံတပ်များကိုလည်း နေရာတိုင်းတွင် တွေ့မြင်နိုင်နေသည်။
အလျား မိုင်ရှစ်ဆယ် ၊ အကျယ် မီတာဆယ်ကျော်ရှိသော မြို့ရိုးထက်၌ ခွန်လွန်ကျွန်စစ်သည် သိန်းချီနှင့် ရိုင်ဖယ်သေနတ်သစ် ကိုင်ဆောင်ထားသော တပ်သား သိန်းချီတို့ တပ်စွဲထားလျက်ရှိနေ၏။ ကာကွယ်ရေး ခံစစ်ကြောင်း တစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု အချိတ်အဆက် မိနေလျက်ရှိသည်။
ထို့ပြင် မြို့ရိုးပေါ်ရှိ အပေါက်မည်းကြီးများအတွင်း၌ သာမန်အမြောက် ထောင်ချီနှင့် ကျောက်သလင်း မှော်အမြောက်များကိုပါ သိပ်သည်းစွာ တပ်ဆင်ထားသေးသည်။
အကြောက်မက်ဖွယ် အကောင်းဆုံးမှာ မြို့တော်အတွင်းရှိ ဧရာမ မှော်အမြောက်ကြီးများပင် ဖြစ်၏။ ထိုမှော်အမြောက်ကြီးများသည် မိုင်ပေါင်းများစွာ အဝေးသို့ ပစ်ခတ်နိုင်စွမ်းရှိပြီး ထွက်ပေါ်လာမည့် ကျင်ရာနှင့်ချီ အလေးချိန်ရှိသော အမြောက်ဆံများက လူရာပေါင်းများစွာကို ချက်ချင်း သေပွဲဝင်စေနိုင်သည်။ ထိုခံစစ်ကြောင်းကို ကျော်ဖြတ်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့သည့်အလား ထင်မှတ်ရ၏။
ဧရာမ အရိုးနဂါးကြီးသာ မရှိလျှင် ထိုခံစစ်ကြောင်းကို ဖြိုခွင်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ တပ်သား နှစ်သိန်းခွဲ စစ်တပ် မပြောနှင့် ၊ တပ်သား တစ်သန်း ၊ နှစ်သန်းပါသည့် စစ်တပ်ကြီးပင်လျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခံစစ်ကြောင်းကို ဖြိုခွင်းနိုင်မည် မဟုတ်ချေ။
စစ်တပ်များအနေဖြင့် အနီးသို့ပင် ကပ်နိုင်မည် မဟုတ်ဘဲ ဧရာမ မှော်အမြောက်ကြီး၏ ပစ်ကွင်းအတွင်း ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မည်သည့်စစ်တပ်မဆို အမြစ်ပြတ် ချေမှုန်းခံရမည်သာ ဖြစ်၏။
လက်ရှိအချိန်၌ တုပိုင်၏ စစ်တပ်ကြီးမှာ မြို့တော်နှင့် မိုင်သုံးဆယ်ခန့်အကွာတွင် တပ်စွဲထားလျက်ရှိသည်။ တုပိုင် ခမ်းနားထည်ဝါလှသော မြို့တော်ကြီးကို လေပေါ်မှနေ၍ ငေးကြည့်လိုက်ပြီး သူ၏ အနောက်ဘက်ရှိ နတ်မိမယ်ကို ပြောလိုက်သည်။ "ဒီမြို့တော်ကြီးက အရမ်းကို ခိုင်မာတောင့်တင်းလွန်းတယ်။ တပ်သား နှစ်သန်းလောက်နဲ့တောင် တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ရှေ့မှာတော့ ဒါတွေက ဘာမှမဟုတ်ပါဘူး"
ဖန်းချန်၏ ခံစစ်ကြောင်းမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လှသော်လည်း တုပိုင်၏ ရှေ့မှောက်၌မူ ဘာမှမဟုတ်ပေ။ အကြောင်းမူကား လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုစွမ်းအား ကင်းမဲ့နေသောကြောင့်ပင် ဖြစ်သည်။
ဖန်းချန်၏ ဝိညာဉ်မိစ္ဆာ သွေးကျောက်သလင်းများမှာ အကန့်အသတ်ရှိသဖြင့် လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက် ရာပေါင်းများစွာကို ထုတ်လုပ်နိုင်သော်လည်း ယင်းတို့အားလုံးကို ရေတပ်၌သာ တပ်ဆင်ထားသည်။ ထို့ကြောင့် မြို့တော်အတွင်း၌ တစ်လက်မျှပင် မရှိသလောက် ဖြစ်နေ၏။
ရုတ်တရက် တုပိုင် လက်ကို ဝှေ့ယမ်းပြလိုက်ရာ ထောင်ချီသော ခွန်ပန်လေတပ်သားများသည် အနောက်ဘက်မှ ပျံသန်းလာကြပြီး လေဟင်းပြင်ထက်၌ သေသပ်ကျနစွာ တန်းစီလိုက်ကြသည်။
ခွန်ပန်ငှက်များထက်၌ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ရာကျော်နှင့် သွေးမိစ္ဆာစစ်သည် တစ်ထောင်နီးပါး စီးနင်းလိုက်ပါလာကြသည်။ ထိုသူများအားလုံးသည် ကျောပြင်ထက်၌ ကျောက်သလင်း မှော်အမြောက်များကို သယ်ဆောင်ထားကြလေ၏။
ထို့အပြင် အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်ကြီးထံမှ သိမ်းဆည်းရမိသော အဆင့်မြင့် ပေါက်ကွဲစေတတ်သည့် ကျောက်သလင်းအမြောက် ရာပေါင်းများစွာလည်း ပါဝင်သေးသည်။
တုပိုင် ပြတ်သားစွာ အော်ဟစ် အမိန့်ပေးလိုက်၏။ "အရှေ့ဘက် မြို့တော်ကို လေကြောင်းကနေ တိုက်ခိုက်ကြစမ်း"
ရုတ်ခြည်းပင် ထောင်နှင့်ချီသော ခွန်ပန်လေတပ်သားများသည် ဧရာမ ခမ်းနားထည်ဝါလှသော အရှေ့ဘက် မြို့တော်ဆီသို့ ပျံသန်းသွားကြတော့၏။ ဤသည်မှာ တိုက်လေယာဉ် ထောင်ပေါင်းများစွာက မြို့တစ်မြို့အား လေကြောင်းမှ တိုက်ခိုက်နေသည့်အလား ပုံပေါ်နေသည်။
ထိုမြင်ကွင်းမှာ ကောင်းကင်ကြီးကိုပင် ဖုံးသွားစေလောက်အောင် ကြီးကျယ်ခမ်းနားလှပေသည်။ ကမ္ဘာ့သမိုင်းတွင် ပထမဆုံးသော လေကြောင်းတိုက်ခိုက်မှုကြီး စတင်ပြီဖြစ်လေ၏။
သခင်လေး ဖန်းချန် ၊ ဧကရာဇ်ယုံနင် ၊ အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ဖန်းကျိုး ၊ ကျွန်းသခင်ပြောင်လင်းနှင့် မဟာအကြီးအကဲ ကျီချန်ချိုတို့ အားလုံးသည် ထိုအံ့မခန်း မြင်ကွင်းကြီးကို မော့ကြည့်လိုက်ကြ၏။
**--**--**--**--**--**--**--**
တုပိုင် ညွှန်ကြားလိုက်၏။ "ပစ်မှတ်တစ်ခုချင်းစီကို ချိန်ရွယ်ထားကြ"
"ပထမ ဦးစားပေးပစ်မှတ်က ရန်သူရဲ့ ဧရာမ မှော်အမြောက်ကြီးတွေပဲ"
"ဒုတိယ ဦးစားပေးပစ်မှတ်က ရန်သူရဲ့ ဧရာမ အမြောက်ကြီးတွေ"
"တတိယ ဦးစားပေးပစ်မှတ်က ရန်သူရဲ့ ကျောက်သလင်း အမြောက်တွေပဲ"
"စတုတ္ထ ဦးစားပေးပစ်မှတ်က ရန်သူရဲ့ သာမန်အမြောက်တွေပဲ"
ချက်ချင်းပင် ခွန်ပန်ငှက်များထက်ရှိ သွေးမိစ္ဆာစစ်သည် တစ်ထောင်နီးပါးနှင့် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများသည် ကျောက်သလင်း အလင်းတန်း ချိန်ရွယ်မှု ကိရိယာများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ကြသည်။ ထိုခွန်ပန်ငှက်ကြီးများမှာ လေဟင်းပြင်ထက်၌ လုံးဝ မလှုပ်မယှက် ရပ်တန့်နေကြ၏။ ဤနေရာတွင် သူတို့သည် တိုက်လေယာဉ်များထက်ပင် ပို၍ သာလွန်ကောင်းမွန်နေ၏။
"ချိန်ရွယ်လို့ ပြီးပါပြီ"
"ချိန်ရွယ်လို့ ပြီးပါပြီ"
"ချိန်ရွယ်လို့ ပြီးပါပြီ"
ဤမျှဝေးကွာသော အကွာအဝေးမှ ချိန်ရွယ်ရန်မှာ အလွန်တရာ အစွမ်းထက်သော စိတ်စွမ်းအင်ကို လိုအပ်သည်။ ထို့ပြင် ကျောက်သလင်း မှော်အမြောက်တိုင်းမှာ ကီလိုဂရမ် တစ်ထောင်နီးပါးခန့် အလေးချိန်ရှိသဖြင့် သာမန်သိုင်းပညာရှင်များ မခံနိုင်သော်ငြား တုပိုင်လက်အောက်ရှိ သွေးမိစ္ဆာစစ်သည်များမှာမူ လွယ်ကူစွာ သယ်ဆောင်နိုင်ကြ၏။
တုပိုင် ခက်ထန်စွာ အော်ဟစ်လိုက်သည်။ "ပစ်"
ထောင်ချီသော သွေးမိစ္ဆာစစ်သည်များက ကျောက်သလင်း ခလုတ်ကို အားကုန် နှိပ်ချလိုက်ကြ၏။ လေဟင်းလင်းပြင်ထက်ရှိ ထောင်ချီသော ကျောက်သလင်း မှော်အမြောက်များ ရုတ်တရက် ပစ်ခတ်လိုက်ကြ၏။ အလွန်တရာ လှပခမ်းနားလှသော မြင်ကွင်းကြီးတစ်ခု ပေါ်ထွက်လာ၏။ ကောင်းကင်ယံထက်၌ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော အပြာရောင် လျှပ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားသည်ဟု ထင်မှတ်ရပေသည်။
"ရွှစ်... ရွှစ်... ရွှစ်..."
ထို့နောက် အမြောက်ဆံ ထောင်ပေါင်းများစွာသည် အသံထက် ငါးဆ ၊ ခြောက်ဆခန့် မြန်ဆန်သော အရှိန်ဖြင့် ရုတ်ခြည်း ပစ်လွှတ်ခံလိုက်ရရာ နေ့လယ်ခင်းအချိန်၌ပင် တောက်လောင်နေသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ယ
ကြယ်ပျံမိုးများ ထောင်ချီ ရွာကျလာသည့်အလား အရှေ့ဘက် ပြည်ထောင်စု မြို့တော်၏ ခံစစ်စခန်းများဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့၏။ စက္ကန့်ပိုင်းမျှပင် မကြာလိုက်ဘဲ ပို၍ပင် ခမ်းနားလှသော မြင်ကွင်းကြီးတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။
"ဝုန်းးးးး ဝုန်းးးးး ဝုန်းးးးး ဝုန်းးးးး ဝုန်းးးးး"
မြေပြင်အနှံ့၌ မရေမတွက်နိုင်သော မီးလုံးကြီးများ ပေါက်ကွဲသွားရာ ကမ္ဘာမြေကြီးကိုပင် တုန်ဟည်းသွားလောက်အောင် ပြင်းထန်သော ပေါက်ကွဲမှုကြီးများက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာ၏။ အမှန်တကယ် ပေါက်ကွဲသည်မှာ လက်ပစ်ဗုံး အမြောက်ဆံ ရာဂဏန်းခန့်သာ ဖြစ်ပေသည်။ ကျန်ရှိနေသည်များမှာ ပေါက်ကွဲမည်မဟုတ်သော အခဲပုံစံ အမြောက်ဆံများ ဖြစ်သော်ငြား ယင်းတို့၏ စွမ်းအားမှာမူ အလွန်တရာ အံ့မခန်း ဖြစ်နေဆဲပင်။
အရှေ့ဘက် မြို့တော်အတွင်းရှိ ဧရာမ မှော်အမြောက်ကြီးများနှင့် ဧရာမ အမြောက်ကြီးများမှာ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရကာ ပုံပန်းသဏ္ဍာန် ပျက်ယွင်းသွားပြီး အလွန် ထူထဲလှသော ပြောင်းဝကြီးများမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။ သာမန် ကျောက်သလင်း မှော်အမြောက်များမှာမူ ကောင်းကင်ပေါ်သို့ လွင့်စင်သွားသည်အထိ လုံးဝ ဖောက်ခွဲခံလိုက်ရ၏။
ရန်သူ၏ မရေမတွက်နိုင်သော အမြောက်များကို မြို့ရိုးအတွင်းပိုင်းရှိ ဗုန်းခိုကျင်းများထဲတွင် ဖုံးကွယ်ထားကြသော်လည်း အချည်းနှီးသာ ဖြစ်ရသည်။ သာမန် ကျောက်တုံး ဗုန်းခိုကျင်းများအနေဖြင့် အသံထက် ငါးဆ ၊ ခြောက်ဆခန့် မြန်ဆန်သော အမြောက်ဆံများကို မည်သို့ တားဆီးနိုင်မည်နည်း။ အမြောက်ဆံများမှာ ချက်ချင်းပင် ထိုးဖောက် ဝင်ရောက်သွားတော့၏။
"ဝုန်းးးးးဝုန်းးးးးဝုန်းးးးးဝုန်းးးးးဝုန်းးးးး"
အရှေ့ဘက် ပြည်ထောင်စု မြို့တော်၏ အတွင်းမြို့တော် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ သခင်လေး ဖန်းချန်၏ ဧရာမ မှော်အမြောက်ကြီး အလက် နှစ်ဆယ်စလုံးမှာ တုပိုင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ဧရာမ အမြောက်ကြီး ဒါဇင်ပေါင်းများစွာသည်လည်း အားလုံး ချေမှုန်းခံလိုက်ရသည်။ ကျန်ရှိနေသေးသော အမြောက် တစ်ထောင်ကျော်အနက် သုံးပုံတစ်ပုံခန့်မှာလည်း ဖျက်စီးခံလိုက်ရ၏။
ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချို အော်ဟစ်လိုက်၏။ "ပြန်တိုက်ကြ။ ပြန်တိုက်ကြစမ်း။ လေထဲကို အမြောက်တွေအကုန် ပစ်လေ"
သို့သော် စစ်သေနာပတိချုပ် ဖန်းထျန်ပို၏ ရင်တွင်း၌မူ အဆုံးမဲ့သော ခါးသီးမှုများသာ ပြည့်နှက်နေရတော့သည်။ သာမန် ကျောက်သလင်း အမြောက်များကို ကောင်းကင်သို့ ပစ်ခတ်နိုင်သည်မှာ မှန်သော်ငြား လမ်းကြောင်းမှာ လုံးဝ ပြောင်းလဲသွားပြီး ချိန်ရွယ်ရန် မဖြစ်နိုင်သည့်အပြင် ထိရောက်သော ပစ်ကွင်းအကွာအဝေးမှာလည်း အလွန် နိမ့်ကျသွားမည်သာ ဖြစ်၏။
ဖန်းထျန်ပိုက ဆက်လက်ပြီး ဟိန်းဟောက်လိုက်သည်။ "လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက်တွေ ဘယ်တော့ ရောက်လာမှာလဲ"
မူလက မြို့တော်အတွင်း၌ လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက်များ လုံးဝ မရှိချေ။ ဤရက်ပိုင်းအတွင်း အရှေ့ဘက် ပြည်ထောင်စု၏ မှော်ဆရာအဖွဲ့က အချိန်လုကာ အလျင်စလို ထုတ်လုပ်ရခြင်းဖြစ်ပြီး ဝိညာဉ်မိစ္ဆာ သွေးကျောက်သလင်းများ မရှိသောကြောင့် အခြားသော မှော်အမြောက်များထံမှ ဖြုတ်ယူ၍ အစားထိုး အသုံးပြုရခြင်း ဖြစ်သည်။
"လာပါပြီ..."
လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက် ကိုးလက်ကို တွန်းထုတ်လာကြရာ ယင်းတို့မှာ ယခုလေးတင်မှ ပြီးစီးသွားသဖြင့် ဓာတ်ခွဲခန်းထဲမှ ချက်ချင်း ယူဆောင်လာကြခြင်း ဖြစ်သည်။
မှော်ဆရာခေါင်းဆောင်က အော်ဟစ်လိုက်၏။ "တုပိုင်ရဲ့ ခွန်ပန်လေတပ်ကို ချိန်ထားကြ။ အကုန်လုံးကို သတ်။ အကုန်လုံးကို သတ်ပစ်လိုက်စမ်း..."
သို့သော်... နောက်ကျသွားပြီဖြစ်လေ၏။ သူတို့၏ လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက်များကို တည်ဆောက်သည်မှာ နောက်ကျလွန်းနေသည့်အပြင် ချိန်ရွယ်မှုမှာလည်း အလွန် နှေးကွေးလွန်းလှသည်။ အပြင်သို့ ထုတ်လာသည့် အချိန်မှာပင် တုပိုင်၏ ခွန်ပန်လေတပ်က ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဖြစ်၏။
ချက်ချင်းဆိုသလိုပင် လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက်ကို ကိုင်တွယ်နေသော အရှေ့ဘက် ပြည်ထောင်စုမှ မှော်ဆရာများသည် ရင်းနှီးနေပြီးသားဖြစ်သည့် လေဆာ အနီစက်လေးများကို တွေ့လိုက်ရပြီး သူတို့ ပစ်မှတ်ထား ချိန်ရွယ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ကြရ၏။
"ရွှစ်... ရွှစ်... ရွှစ်..."
ရင်းနှီးနေပြီးဖြစ်သော အသံလှိုင်း ပေါက်ကွဲသံများ မြည်ဟည်းလာသည်။ နောက်တစ်စက္ကန့်အကြာတွင် ဓာတ်ခွဲခန်းထဲမှ ယခုလေးတင် ထုတ်ယူလာသော လေကြောင်းရန်ကာကွယ်ရေး အမြန်ပစ် မှော်အမြောက် ကိုးလက်စလုံးမှာ လုံးဝ ဖောက်ခွဲခံလိုက်ရတော့သည်။
"ဝုန်းးးးးဝုန်းးးးးဝုန်းးးးးဝုန်းးးးး"
တုပိုင်သည်တော် ဆက်တိုက်ဆိုသလို အမိန့်ပေးနေလျက်ရှိ၏။
"ပစ်"
"ပစ်"
"ပစ်"
ခွန်ပန်ငှက်များထက်ရှိ ထောင်ချီသော သွေးမိစ္ဆာစစ်သည်များက ကျောက်သလင်း မှော်အမြောက်များကို သယ်ဆောင်လျက် မြေပြင်ဆီသို့ အရူးအမူး ပစ်ခတ်နေကြ၏။
"ရွှစ်... ရွှစ်... ရွှစ်..."
မရေမတွက်နိုင်သော ကြယ်ပျံမိုးများက တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်လွှတ်ခံရကာ မြေပြင်ပေါ်သို့ ဆက်တိုက် ရိုက်ခတ်နေတော့သည်။ မမျှတသော စစ်ပွဲဆိုသည်မှာ အဘယ်နည်းဆိုသော် ဤသည်ပင် ဖြစ်၏။
ဧရာမ အရိုးနဂါးကြီး မရှိတော့သည့်တိုင် တုပိုင် ဤမျှ ခမ်းနားလှသော တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနိုင်ဆဲပင်။
အရှေ့ဘက် မြို့တော်၏ အစွမ်းထက်လှသော ခံစစ်စခန်းများမှာ အရူးအမူး ဖျက်ဆီးခံနေရပြီး တုပိုင်၏ လေတပ်ကို ရင်ဆိုင်ရန် သူတို့၌ ပြန်လည်ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိတော့ချေ။ ဤသည်မှာ လုံးဝ ခမ်းနားထည်ဝါလှသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပင် ဖြစ်၏။ အရှေ့ဘက် ပြည်ထောင်စု၏ သေမင်းတမန် ခေါင်းလောင်းသံကြီး တရားဝင် ထွက်ပေါ်လာပြီဖြစ်၏။
အရှေ့ဘက် ပြည်ထောင်စု၏ စစ်သေနာပတိချုပ် ဖန်းထျန်ပိုက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ "ငါတို့ မရှုံးသေးဘူး... တုပိုင်ရဲ့ ခွန်ပန်လေတပ်က အမြောက်ဆံတွေ တစ်ချိန်ချိန်တော့ ကုန်သွားမှာပဲ။ ကောင်းကင်ပေါ်က ငှက်တွေက မြို့ကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ငါတို့ဆီမှာ ပြိုင်ဘက်ကင်း ခွန်လွန်ကျွန်စစ်သည် တပ်မတော်ကြီး ရှိသေးတယ်။ ပြီးတော့ ရိုင်ဖယ်သေနတ်သစ် တပ်မတော်လည်း ရှိသေးတယ်ကွ"
"တည်တည်ငြိမ်ငြိမ်ထားကြ ၊ တည်တည်ငြိမ်ငြိမ်ထား ၊ ငါတို့ မရှုံးစေရဘူး"
"ရွှစ်... ရွှစ်... ရွှစ်..."
ကောင်းကင်ယံထက်၌ တုပိုင်၏ ခွန်ပန်လေတပ်က ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်သည်။ ရဲရဲတောက် ပူပြင်းနေသော အမြောက်ဆံ ထောင်ပေါင်းများစွာဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် ပစ်ခတ်နေ၏။ အမှန်တကယ် ပေါက်ကွဲစေတတ်သော လက်ပစ်ဗုံး အမြောက်ဆံများမှာ စောစောကပင် ကုန်ခမ်းသွားပြီဖြစ်ရာ ယခုအခါ ပေါက်ကွဲမည်မဟုတ်သော အခဲပုံစံ အမြောက်ဆံများသာ ကျန်ရှိတော့ခြင်းကတော့ နှမြောစရာပင်။
သို့တိုင်အောင် အရှေ့ဘက် ပြည်ထောင်စု၏ ခံစစ်စခန်းများမှာ လုံးဝ ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။ ပုန်းခိုကျင်းများ အားလုံး ထိုးဖောက်ခံလိုက်ရပြီး အမြောက်များအားလုံးလည်း ချေမှုန်းခံလိုက်ရ၏။ အထူးသဖြင့် ဧရာမ မှော်အမြောက်ကြီးများနှင့် ဧရာမ အမြောက်ကြီးများဆိုလျှင် အကြိမ်မည်မျှပင် ဖျက်ဆီးခံလိုက်ရမှန်း မသိနိုင်တော့ချေ။ ထိုမျှမကသေးဘဲ အရှေ့ဘက် ပြည်ထောင်စု မြို့တော်၏ မိုင်ရှစ်ဆယ်ရှည်လျားသော မြို့ရိုးကြီး၌လည်း ဧရာမ အပေါက်ကြီး ဒါဇင်ပေါင်းများစွာဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတော့သည်။
သို့သော် တုပိုင်၏ လေကြောင်းတိုက်ခိုက်မှု၌ သယ်ဆောင်လာသော အမြောက်ဆံများမှာ အကန့်အသတ်ရှိသည်ဆိုသည့် ဖန်းထျန်ပို၏ စကားမှာ မှန်ကန်နေပေသည်။
နာရီဝက်ခန့်ကြာအောင် အရူးအမူး လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများ ပြုလုပ်ပြီးနောက်တွင်တော့ နောက်ဆုံး၌ အားလုံး ပြီးဆုံးသွားကာ နောက်ထပ် အဆင့်ဖြစ်သော ကုန်းကြောင်းစစ်ပွဲ စတင်ရတော့မည် ဖြစ်၏။
နန်းတော်ထဲတွင် အစိုးရအဖွဲ့ အမတ်ချုပ်ကြီးက ဧကရာဇ်ယုံနင်နှင့် ဖန်းမိသားစုမှ အမတ်များအား အားကုန်သုံးကာ အားပေးစကား ဆိုနေသည်။ "ငါတို့ဆီမှာ ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲ ရှိနေသေးတယ်။ ပြီးတော့ ရိုင်ဖယ်သေနတ်သစ် တပ်သား တစ်သိန်းခွဲလည်း ရှိသေးတယ်"
မည်သို့ပင်ဆိုစေ သူတို့၏ အသက်အိုးအိမ်စည်းစိမ်များမှာ အရှေ့ဘက် ပြည်ထောင်စုအပေါ်၌ မှီခိုနေရပြီး မိသားစု မျိုးဆက်ပေါင်းများစွာ၏ ကြီးပွားချမ်းသာမှုများကလည်း ဤအပေါ်၌သာ မူတည်နေ၏။ ယခုအခါ ဖန်းကျိုးနှင့် အခြားသူများ သူတို့၏ အမြစ်များမှာ တာ့နင်အင်ပါယာ၌ ရှိနေကြောင်းကို သိမြင်လာကြသည်။
အရှေ့ဘက် ပြည်ထောင်စု၏ နန်းတွင်း၌ သူတို့အတွက် နေရာမရှိတော့သည့်အလား ထင်မှတ်ရပေသည်။ သူတို့၏ အကြီးမားဆုံးသော တန်ဖိုးမှာ တာ့နင်အင်ပါယာသို့ ပြန်သွားကာ အရှေ့ဘက် ပြည်ထောင်စုအတွက် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာသော ကုန်ပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးရန်သာ ဖြစ်၏။ သို့မှသာ သခင်လေးအနေဖြင့် တစ်ကမ္ဘာလုံးမှ ဓနဥစ္စာများကို စုဆောင်းနိုင်မည်ဖြစ်ပြီး အရှေ့ဘက် ပြည်ထောင်စုထံမှ စက်မှုထုတ်ကုန်များကို ငွေအမြောက်အမြားပေး၍ ဝယ်ယူနိုင်မည် ဖြစ်သည်။
ဤနည်းအားဖြင့် တာ့နင်အင်ပါယာသည် အရှေ့ဘက် ပြည်ထောင်စု၏ အကြီးမားဆုံးသော ကုန်ကြမ်းထုတ်လုပ်ရာနှင့် ကုန်စည်သွင်းရာ နေရာကြီး ဖြစ်လာပေမည်။ တုပိုင်ကို မချေမှုန်းနိုင်သရွေ့ ဧကရာဇ်ယုံနင်နှင့် ဖန်းကျိုးတို့မှာ တာ့နင်အင်ပါယာသို့ ပြန်နိုင်မည် မဟုတ်ချေ။
ဖန်းမိသားစုမှ အမတ်များသည်လည်း အရူးအမူး ဆင်ခြေပေးကာ အချင်းချင်း အားပေးနှစ်သိမ့်နေကြတော့သည်။ "စောင့်သာကြည့်နေလိုက်။ တုပိုင်ရဲ့ စစ်တပ်တော့ ဒုက္ခလှလှတွေ့နေပြီ။ အရိုးနဂါးကြီးကလည်း သူ့ကို စွန့်ပစ်သွားပြီ။ အခုလည်း ခွန်ပန်လေတပ်က အမြောက်ဆံတွေ ကုန်သွားပြီ။"
"တုပိုင်ရဲ့ စစ်တပ်က အရှေ့ဘက် ပြည်ထောင်စုရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ငါတို့ နိုင်နိုင်သေးတယ်။"
"အရှင်မင်းကြီး... ကျွန်တော်တို့ တုပိုင်ကို သေချာပေါက် ချေမှုန်းပြီး တာ့နင်အင်ပါယာကို ပြန်သွားနိုင်မှာပါ။"
"ဝုန်းးးးးဝုန်းးးးးဝုန်းးးးးဝုန်းးးးးဝုန်းးးးး"
နောက်ဆုံးတွင်တော့ တုပိုင်၏ တပ်သား နှစ်သိန်းခွဲပါ စစ်တပ်ကြီး ရောက်ရှိလာပြီဖြစ်၏။ အရှေ့ဘက် ပြည်ထောင်စု မြို့တော်အတွင်းရှိ အမြောက်များအားလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သူတို့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့ချေ။
"ဝုန်းးးးးဝုန်းးးးးဝုန်းးးးးဝုန်းးးးး"
တပ်သား နှစ်သိန်းခွဲပါ စစ်တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာသည် သေသပ်ကျနသော ခြေလှမ်းများဖြင့် မြို့တော်ဆီသို့ ဆက်လက် ချီတက်လာကြသည်။
မိုင်သုံးဆယ် ခရီးကို ချီတက်ရန် ကိုးနာရီ ကြာမြင့်ရာ စစ်သည်များ မြို့တော်အနီးသို့ ချဉ်းကပ်လာချိန်၌ မှောင်မိုက်နေပြီဖြစ်၏။ တုပိုင်၏ အမိန့်နှင့်အတူ စစ်တပ်ကြီးသည် ထိုနေရာ၌ပင် တပ်စွဲကာ ပုန်းခိုကျင်းများ တူးဖော်ပြီး ခံစစ်စခန်းများ တည်ဆောက်လိုက်ကြ၏။ မနက်ဖြန် အရုဏ်တက်ချိန်တွင်မူ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရတော့မည် ဖြစ်သည်။
ညနေခင်းအချိန်၌ တုပိုင် အရှေ့ဘက် မြို့တော်အား လေကြောင်းမှ တိုက်ခိုက်ရန် ခွန်ပန်လေတပ်ကို နောက်တစ်ကြိမ် စေလွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ် ရည်ရွယ်ချက်မှာ ရန်သူကို ဖျက်ဆီးပစ်ရန် မဟုတ်ဘဲ အနားမရစေရန် အနှောင့်အယှက်ပေးရုံသာ ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစောအချိန်တွင် တုပိုင်၏ စစ်တပ်ကြီး စုရုံးရောက်ရှိလာသည်။
"ငါ၏တပ်မတော်... မြို့ကို ဝိုင်းစမ်း။"
ချက်ချင်းပင် တုပိုင်၏ တပ်သား နှစ်သိန်းခွဲပါ စစ်တပ်ကြီးသည် ခမ်းနားထည်ဝါစွာဖြင့် အရှေ့ဘက် မြို့တော်ဆီသို့ သေသပ်ကျနစွာ ခြေလှမ်းချီတက်လာကြတော့သည်။
မီတာ နှစ်ထောင်...
မီတာ တစ်ထောင့်ငါးရာ...
ကျွန်းသခင်ပြောင်လင်းက မှတ်ချက်ပြုသည်။ "စစ်ပွဲက ငါတို့ရဲ့ နယ်မြေထဲကို ဝင်လာပြီ"
ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချိုလည်း ခေါင်းညိတ်ကာ ဆိုလာ၏။ "ဟုတ်တယ်။ ဒါ ငါတို့ရဲ့ နယ်မြေပဲ"
ကျွန်းသခင်ပြောင်လင်းနှင့် ကျီချန်ချိုတို့မှာ စစ်မြေပြင် တပ်မှူးများ မဟုတ်ကြချေ။ သူတို့သည် အစွမ်းထက်သော သိုင်းပညာရှင် စစ်တပ်ကြီးကို ဦးဆောင်ကာ တုပိုင်၏ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများထံမှ တိုက်ခိုက်လာမည့်အရေးကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြခြင်း ဖြစ်၏။
တုပိုင်၏ စစ်တပ်ကြီး ဤမျှ အင်တိုက်အားတိုက် ချီတက်လာသည်ကို မြင်သောအခါ စစ်ရေးစစ်ရာကို သိပ်နားမလည်လှသော အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ဖန်းကျိုးပင်လျှင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာရသည်။
"အရူး တုပိုင်တော့ သေပြီပဲ။ ငါတို့ဆီမှာ မီတာ ငါးရာ ၊ ခြောက်ရာလောက်ကနေ ရန်သူကို အသေသတ်နိုင်တဲ့ ရိုင်ဖယ်သေနတ်သစ် တစ်သိန်းခွဲတောင် ရှိတယ်။"
"ငါတို့ဆီမှာ ပြိုင်ဘက်ကင်း ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲလည်း ရှိသေးတယ်လေ။"
"စစ်မြေပြင် အခြေအနေက ပြောင်းလဲတော့မယ်။ နောက်တစ်ဆင့်အနေနဲ့ တုပိုင်ရဲ့ စစ်တပ်ကြီး အပြတ်အသတ် ချေမှုန်းခံရတော့မှာပဲ။"
တစ်နည်းအားဖြင့် ဆိုရသော် ဤအချက်မှာ မှားယွင်းနိုင်စရာ မရှိချေ။ အရှေ့ဘက် ပြည်ထောင်စုသည် အလင်းတန်း သံဓားကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ထားပြီးဖြစ်ကာ ရိုင်ဖယ်သေနတ်သစ်လည်း ရှိနေပေသည်။ အမြောက်များ မရှိလျှင်ပင် တုပိုင်၏ စစ်တပ်ကြီးကို ချေမှုန်းရန် လုံလောက်သင့်ပေသည်။
ဖန်းထျန်ပို ခက်ထန်စွာ ဟိန်းဟောက်လိုက်၏။ "ရိုင်ဖယ်တပ်သားတွေ... အသင့်ပြင်ထားကြ။"
ချက်ချင်းပင် အရှေ့ဘက် ပြည်ထောင်စု၏ ရိုင်ဖယ်တပ်သားသစ် တစ်သိန်းခွဲတို့သည် သူတို့၏ သေနတ်များကို မြှောက်ကာ စတင် ချိန်ရွယ်လိုက်ကြသည်။ ဤရိုင်ဖယ်သေနတ်သစ် အမျိုးအစားမှာ ကျည်ဆန်လဲလှယ်ရန် အလွန် အဆင်ပြေလှပြီး တစ်မိနစ်လျှင် ဆယ်ကြိမ်ခန့် ပစ်ခတ်နိုင်၏။ စစ်မြေပြင်တွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ရာ ရန်သူများကို သေချာပေါက် ချေမှုန်းနိုင်မည် ဖြစ်သည်။
တုပိုင်၏ စစ်တပ်ကြီးမှာ ဆက်လက် ချီတက်လာနေဆဲပင်။
မြို့ရိုးနှင့် တစ်ကီလိုမီတာ အကွာအဝေး...
မီတာ ရှစ်ရာ အကွာအဝေး...
တုပိုင်၏ စစ်တပ်ကြီး မီတာ ငါးရာအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရိုင်ဖယ်တပ်မတော်သစ်က ချက်ချင်း ပစ်ခတ်မည်ဟု ဖန်းထျန်ပို ဆုံးဖြတ်ထားသည်။ ရိုင်ဖယ်သစ်မှာ တစ်ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဆိုသော်ငြား အဆိုပါ အကွာအဝေး၌ ကျည်ဆန်၏ အရှိန်အဟုန် ကုန်ခမ်းသွားမည်ဖြစ်ရာ အမှန်တကယ် ထိရောက်သော ပစ်ကွင်းအကွာအဝေးမှာ မီတာ ငါးရာခန့်သာ ဖြစ်ပေသည်။
သို့သော် မြို့ရိုးနှင့် မီတာ ရှစ်ရာခန့် အကွာသို့ ရောက်ရှိချိန်၌ တုပိုင် လက်ကို မြှောက်ကာ အော်ဟစ်လိုက်၏။ "ရပ်။"
ချက်ချင်းပင် သူ၏ အနောက်ဘက်ရှိ စစ်တပ်ကြီးတစ်ခုလုံး ရပ်တန့်သွားကြသည်။
တုပိုင် ဟစ်အော်လိုက်သည်။ "အသင့်ပြင်။"
ရုတ်ခြည်းပင် အရာရှိ ရာပေါင်းများစွာက တစ်ပြိုင်နက်တည်း လက်များကို မြှောက်လိုက်ကြ၏။
တုပိုင်၏ စစ်တပ်ကြီးတွင်လည်း သေနတ် အလက်ရေ တစ်သိန်း အပြည့်အဝ တပ်ဆင်ထားလေသည်။
ပြီးနောက် တုပိုင်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။ "သေနတ်ကို မြှောက်ထား"
တုပိုင်၏ တပ်သား တစ်သိန်းပါ စစ်တပ်ကြီးသည် သူတို့၏ လက်ထဲရှိ သေနတ်များကို မြှောက်လိုက်ကြသည်။ ယင်းတို့မှာ ရိုင်ဖယ်သေနတ်သစ်များ မဟုတ်ဘဲ ပြီးသည့် စစ်ပွဲအတွင်း အရှေ့ဘက် ပြည်ထောင်စု တပ်မတော်ထံမှ သိမ်းဆည်းရမိသော အနောက်မှ ကျည်ထည့်ရသည့် မီးကျောက် ရိုင်ဖယ်သေနတ်များပင် ဖြစ်၏။ တိတိကျကျ ဆိုရလျှင် ယင်းတို့မှာ ပြောင်းချောသေနတ် အမျိုးအစားထဲတွင် ပါဝင်နေသေးသည့် ခေတ်ဟောင်းသေနတ်များသာ ဖြစ်ပေသည်။
အရှေ့ဘက် မြို့တော်အတွင်း၌မူ ဖန်းထျန်ပိုဖြစ်စေ ၊ ဖန်းကျိုးဖြစ်စေ တုပိုင်၏ စစ်တပ်က သေနတ်မြှောက်လိုက်သည်ကို မြင်သောအခါ အံ့ဩသွားကြသော်လည်း ရင်တွင်း၌မူ လှောင်ပြောင်ရယ်မောလိုက်ကြ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၂၁ + ၈၂၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team