← Chapters

အခန်းပို

Vol. 83 Ch. Extra

အခန်းပို

Vol. 83 Ch. Extra

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (အပို)

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကောင်းကင်ယံကြီးတစ်ခုလုံး တုန်ခါသွားရသည်။ မြေအောက်ကမ္ဘာတစ်ခုလုံးသည် ပြင်းအား ရစ်ချ်တာစကေး ၉ ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည့်အလား အပြင်းအထန် တုန်ခါသွားတော့၏။ မြေပြင်များ အက်ကွဲပြိုကျသွားကာ ဧရာမ ချောက်ကမ်းပါးကြီးများ ပွင့်ဟလာလေသည်။

သခင်လေးဖန်းချန်က မေးခွန်းထုတ်လိုက်သည်။ "တုပိုင်... ဒီနေရာက ဘာလို့ ကမ္ဘာမြေရဲ့ အဆုံးစွန်ဆုံးနေရာ ဖြစ်နေရတာလဲဆိုတာ မင်းသိလား။ ဒီနေရာမှာ ဘာလို့ အဆုံးမဲ့ စွမ်းအားတွေ ကိန်းဝပ်နေရတာလဲဆိုတာ မင်းသိလား။ တစ်လောကလုံးနဲ့ ရန်သူဖြစ်ရမယ်ဆိုရင်တောင် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ အရင်းအနှီးပြုပြီး ဒီနေရာကို ငါ ဘာလို့ အရယူခဲ့ရတာလဲ မင်းသိလား။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ မိစ္ဆာဘုရင်ကြီးရဲ့ ခန္ဓာကိုယ် ရှိနေလို့ပဲ"

မိစ္ဆာဘုရင်ကြီး၏ခန္ဓာကိုယ်... ထိုစဉ်က ဧရာမနဂါးကြီးနှင့် မိစ္ဆာဘုရင်တို့သည် အတူတကွ ပျက်စီးသေဆုံးခဲ့ကြခြင်း ဖြစ်၏။ နဂါးကြီးက မိစ္ဆာဘုရင်၏ ခေါင်းကို ဖြတ်ချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကြီးမှာ တောင်အမေရိကတိုက်ရှိ ဤဒေသပေါ်သို့ ထိုးကျလာခဲ့ပြီး ဟင်းလင်းပြင်စွမ်းအင်များ ဖရိုဖရဲဖြစ်နေသော မြေအောက်ကမ္ဘာတစ်ခုအဖြစ် ဖြစ်တည်သွားစေခဲ့သည်။ ယင်းမှာ ကောင်းကင်မှ အပြာရောင်နှင်းပွင့်များ ကျဆင်းနေသည့် မြေအောက်ကမ္ဘာတစ်ခုပင် ဖြစ်ပေသည်။

သူ၏ ဦးခေါင်းမှာမူ ကမ္ဘာမြေ၏ အက်ကွဲကြောင်းထဲသို့ ကျဆင်းသွားခဲ့ပြီး ငရဲကမ္ဘာတစ်ခုအဖြစ် ဖြစ်တည်သွားခဲ့၏။ ထိုငရဲကမ္ဘာသည် သာမန်ငရဲပြည်မဟုတ်ဘဲ မိစ္ဆာဘုရင် တစ်ပါးတည်းအတွက်သာ သီးသန့်ဖြစ်တည်နေသော ငရဲကမ္ဘာဖြစ်ကာ ဧရာမနဂါးကြီး၏ ဝိညာဉ်ကိုပင် ထိုနေရာ၌ အကျဉ်းချထားနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုငရဲကမ္ဘာသည် မိစ္ဆာဘုရင် စံမြန်းရာ အိမ်တော် ဖြစ်နေသောကြောင့်ပင်။

ဝိညာဉ်မိစ္ဆာမ လေးကောင်သည် ဂါထာမန္တန်များကို အသည်းအသန် ရွတ်ဆိုနေကြကာ စွမ်းအင်များကို အရူးအမူး ထုတ်လွှတ်နေကြ၏။ တစ်ချိန်တည်းတွင် မိစ္ဆာဘုရင်၏ ခေါင်းကြီးမှာ တစ်စတစ်စ ပိုမို မြင့်တက်လာသည်။

သခင်လေးဖန်းချန်က ဘုရင့်တောင်ဝှေးကို ကိုင်ဆောင်ထားပြီး သူ၏ခေါင်းထက်၌ကား လိမ်ယှက်နေသော အနက်ရောင်သရဖူကို ဆောင်းထားလေသည်။

"ကျွန်တော်မျိုး၏ အရှင်သခင်... ကျွန်တော်မျိုး၏ အရှင်မင်းမြတ်... ကျွန်တော်မျိုး၏ မိစ္ဆာဘုရင်... ဤကမ္ဘာလောကသို့ ကြွမြန်းလာခဲ့ပါ"

"အရှင့်ရဲ့ ကျေးကျွန်၊ အရှင့်ရဲ့ သားတော် ဖန်းချန်က အရှင့်အတွက် အရာအားလုံးကို ပြင်ဆင်ပေးခဲ့ပါပြီ"

"အရှင် ဒီကမ္ဘာကြီးကို အုပ်စိုးနိုင်ပါပြီ။ ဒီလောကတစ်ခုလုံးကို အပြည့်အဝ စိုးမိုးနိုင်ပါပြီ"

"ဘီလီယံနဲ့ချီတဲ့ လူသားတွေအားလုံး အရှင့်ရဲ့ ကျေးကျွန်တွေ ဖြစ်လာကြပါတော့မယ်"

"ပြီးတော့ ကျွန်တော် ဖန်းချန်ကလည်း အရှင့်ရဲ့ သစ္စာအရှိဆုံး ကျေးကျွန်နဲ့ သားတော် ဖြစ်လာပါတော့မယ်"

ဖန်းချန် အဘယ်ကြောင့် သူ့ကိုယ်သူ သခင်လေးဟု ခေါ်ဝေါ်နေခဲ့သနည်း။ ယခုတော့ အားလုံး ရှင်းလင်းသွားပြီ ဖြစ်၏။ သူက မိစ္ဆာဘုရင်ကို သူ၏ဖခင်အဖြစ် မှတ်ယူထားသောကြောင့်ပင်။ မိစ္ဆာဘုရင်သည် လောကတစ်ခုလုံး၏ အရှင်သခင်ဖြစ်ပြီး သူသည်တော့ သခင်လေး ဖြစ်လာမည်။

သခင်လေးဖန်းချန် ကောင်းကင်ကြီး တုန်လှုပ်သွားမတတ် လက်နှစ်ဖက်ကို ဆန့်တန်းလျက် ဟိန်းဟောက်လိုက်လေသည်။ "အားးးးး"

အလွန်တရာ အစွမ်းထက်လှသော အနက်ရောင် စွမ်းအင်အရှိန်အဝါကြီးသည် ကောင်းကင်ယံသို့ အရူးအမူး ထိုးတက်သွားတော့၏။ ကောင်းကင်ကြီး ကမောက်ကမဖြစ်ကာ ကမ္ဘာမြေကြီး မှောက်ခုံပြောင်းပြန် ဖြစ်သွားတော့၏။ ကောင်းကင်ကြီး တုန်ခါသွားပြီး မြေအောက်ကမ္ဘာတစ်ခုလုံး ပြိုကျကာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရတော့သည်။

ဧရာမ မိစ္ဆာခန္ဓာကိုယ်ကြီး မတ်တတ်ရပ်လာလေသည်။ မီတာ ၈၀၀ ခန့် မြင့်မားသော ထိုမိစ္ဆာခန္ဓာကိုယ်ကြီးမှာ တောင်တန်းကြီးတစ်ခုအလား ထည်ဝါလှပေသည်။ ဝိညာဉ်မိစ္ဆာမ လေးကောင်သည် မိစ္ဆာဘုရင်၏ ခေါင်းကြီးကို အစွမ်းထက်သော စွမ်းအင်များဖြင့် ပင့်မကာ မိစ္ဆာခန္ဓာကိုယ်ကြီး၏ လည်ပင်းပေါ်သို့ ဆက်စပ်ပေးလိုက်ကြလေ၏။

ထိုဖြစ်စဉ် တစ်ခုလုံးတွင် နဂါးနှင့် တုပိုင်တို့ ဝင်ရောက်တားဆီးခြင်း မပြုခဲ့ပေ။ သို့သော် ကောင်းကင်ကြီးကို အရူးအမူး ဆုတ်ဖြဲကာ နေရောင်ခြည်များ ပိုမို ကျရောက်လာစေရန်သာ ပြုလုပ်နေခဲ့ကြ၏။

မိစ္ဆာဘုရင်ကြီး အပြည့်အဝ ပေါင်းစပ်သွားပြီ ဖြစ်လေသည်။ ဦးခေါင်းနှင့် ခန္ဓာကိုယ် ပေါင်းစပ်သွားပြီးနောက် မိစ္ဆာဘုရင်ကြီးသည် ဧရာမ တောင်တန်းကြီးတစ်ခုကဲ့သို့ မီတာတစ်ထောင်ခန့်အထိ မြင့်မားသွားတော့၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခြောက်ရာကတည်းက တည်ရှိခဲ့သော မိစ္ဆာဘုရင်ကြီးပင် ဖြစ်ပေသည်။

မိစ္ဆာဘုရင်ကြီးက ညင်သာစွာ သက်ပြင်းချလိုက်၏။ "ဟူးးး"

မီတာတစ်ထောင်ခန့် မြင့်မားသော ဧရာမ မိစ္ဆာဘုရင်ကြီးက သူ၏ မျက်လုံးများကို ဖွင့်လိုက်လေသည်။ ထိုမျက်လုံးအစုံမှာ အဆုံးအစမဲ့သော ဟင်းလင်းပြင်ကြီးနှင့်အလားသဏ္ဌာန် တူလှပေ၏။

သူက စကားတစ်ခွန်းမျှ မဟသလို မည်သည့်စွမ်းအင်ကိုမျှလည်း ထုတ်လွှတ်ခြင်း မရှိချေ။ သို့သော်လည်း သူ၏ ရှိတည်နေမှုသက်သက်ကပင် ဂြိုဟ်တစ်ခုလုံးနှင့် လောကတစ်ခုလုံးကို တုန်ခါသွားစေလေသည်။ သူ၏ရှေ့မှောက်တွင် မည်မျှပင် အစွမ်းထက်သော သိုင်းပညာရှင်ဖြစ်စေကာမူ ပုရွက်ဆိတ်တစ်ကောင်ပမာ သေးသိမ်သွားတော့၏။

စစ်မှန်သော ဘုရင်ကြီးတစ်ပါးက လောကတစ်ခုလုံးကို လွှမ်းမိုးထားလိုက်ပြီ ဖြစ်သည်။

သခင်လေးဖန်းချန်က ဒူးထောက်ချလိုက်သည်။ "ကျေးကျွန် ဖန်းချန်... မွေးစားသား ဖန်းချန်က လောကသခင်၊ ကမ္ဘာမြေသခင်၊ အရှင်မင်းမြတ် မိစ္ဆာဘုရင်ကို အရိုအသေပေးပါတယ်"

သူ၏အရပ်မှာ ကမ္ဘာ့မိစ္ဆာဘုရင်ကြီး၏ ခြေဖဝါးလောက်ပင် မမြင့်မားချေ။

မိစ္ဆာဘုရင်က နှစ်သိမ့်လိုက်၏။ "ငါ့သားတော်... မင်း ပင်ပန်းသွားခဲ့ပြီ"

သခင်လေးဖန်းချန်က အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်လိုက်သည်။ "ဒါက သားတော်အတွက် အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ"

ထို့နောက် သခင်လေးဖန်းချန် မတ်တတ်ရပ်လိုက်ပြီး တုပိုင်ကို လှောင်ပြောင်ရယ်မောလိုက်၏။ "တုပိုင်... မင်းက အရှေ့ဘက်မြို့တော်နဲ့ အရှေ့ဘက် ပြည်ထောင်စု အင်ပါယာကို ဖျက်ဆီးပစ်နိုင်ခဲ့လို့ အရမ်းကို ဂုဏ်ယူနေမှာပေါ့"

"ဒါပေမဲ့ အရှေ့ဘက် ပြည်ထောင်စု အင်ပါယာဆိုတာ ငါ့အတွက်တော့ ကစားစရာတစ်ခုသက်သက်ပဲ။ မင်း ကစားနေတာက ငြီးငွေ့စရာကောင်းတဲ့ ကစားပွဲလေး တစ်ခုလောက်ပါပဲ။ အခုတော့ မင်းက ပုရွက်ဆိတ် တစ်ကောင်သာသာပဲ ရှိတော့တာ။ ငါကတော့ ကြီးမြတ်တဲ့ မိစ္ဆာဘုရင်ကြီးရဲ့ သားတော်... ဒီလောကတစ်ခုလုံးရဲ့ သခင်လေး ဖြစ်သွားပြီ။ ငါ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ် တစ်ကောင်အဖြစ်တောင် နေခွင့်ရှိမှာ မဟုတ်တော့ဘူး"

သခင်လေးဖန်းချန် ရယ်မောလိုက်၏။ "ပျက်စီးခြင်း စစ်ပွဲ... ဟုတ်လား။ ပျက်စီးခြင်း စစ်ပွဲတဲ့... မင်းလို လူပြက်ကောင်မျိုးက ပျက်စီးခြင်း စစ်ပွဲအကြောင်း ပြောဖို့ ထိုက်တန်လို့လား။ ငါ့ရဲ့ လက်သန်းလေးတစ်ချောင်းကိုတောင် ရင်ဆိုင်နိုင်စွမ်း မရှိတဲ့ကောင်ကများ..."

ထို့နောက် သခင်လေးဖန်းချန် မိစ္ဆာဘုရင်အား လျှောက်တင်လိုက်သည်။ "လောကသခင် မိစ္ဆာဘုရင်... ဒီလူပြက်ကောင် တုပိုင်က ဘာမှ အသုံးမကျပါဘူး။ သူ့ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ကျွန်တော်မျိုး ဖျက်ဆီးပစ်လိုက်ပါ့မယ်"

မိစ္ဆာဘုရင် ခွင့်ပြုလိုက်၏။ "ခွင့်ပြုတယ်"

သခင်လေးဖန်းချန် တုပိုင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး တကယ်ပင် လက်သန်းလေး တစ်ချောင်းတည်းကိုသာ ဆန့်ထုတ်လိုက်လေသည်။

သခင်လေးဖန်းချန် ဆက်ပြော၏။ "နင်တောက်ရွှမ်ကို သတ်တုန်းက ငါ လက်တစ်ချောင်း သုံးခဲ့ရပေမဲ့... မင်းကို သတ်ဖို့ကတော့ လက်တစ်ဝက်တောင် မလိုပါဘူးကွာ။ ဒီအနက်ရောင် သရဖူကို ဆောင်းလိုက်ပြီးတဲ့နောက် ငါ ဘယ်လောက်တောင် အစွမ်းထက်လာလဲ မင်းသိလား။ အရှင်မင်းမြတ် မိစ္ဆာဘုရင် ရှင်သန်နိုးထလာပြီးတဲ့နောက် ငါ့ရဲ့ စွမ်းအားတွေက ဆယ်ဆလောက် ပိုများလာတယ်ဆိုတာကိုရော မင်းသိလား"

"သနားစရာကောင်းတဲ့ တုပိုင်... ဒီကမ္ဘာပေါ်မှာ မင်းက ငါ့ကို မော့ကြည့်ခွင့်တောင် ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး"

"ပုရွက်ဆိတ်လေး တုပိုင်... ငါ မင်းကို အသေဖိချေပစ်မယ်။ ငါ့ရဲ့ စွမ်းအားက မင်းထက် အဆတစ်ရာ၊ အဆတစ်ထောင်မက ပိုများတယ်ကွ"

မှန်ပေသည်။ သူ၏ စွမ်းအားများသည် တုပိုင်ထက် အဆထောင်ပေါင်းများစွာ ပိုမို ကြီးမားနေသည်မှာ အမှန်ပင် ဖြစ်၏။

သခင်လေးဖန်းချန် တုပိုင်ဆီသို့ လျှောက်သွားလေရာ ပိုမို နီးကပ်လာလေလေ သူ၏ ခန္ဓာကိုယ်ကြီးကလည်း တစ်စတစ်စ ပိုမို ကြီးမားလာလေလေ ဖြစ်ပေသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကြီးမှာ မီတာ တစ်ရာခန့် မြင့်မားသွားတော့၏။ တုပိုင်၏ ခန္ဓာကိုယ်လေးမှာ သူ၏ ခြေဖဝါးအမြင့်လောက်ပင် မရှိတော့ချေ။ သခင်လေးဖန်းချန်၏ လက်သန်းလေးမှာပင် မီတာအနည်းငယ်ခန့် ရှည်လျားနေပြီး တုပိုင်၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးမားနေလေသည်။

ထို့နောက် သူ၏ လက်သန်းလေးက တုပိုင်အား အရှင်လတ်လတ် ဖိချေချလိုက်တော့၏။

သို့သော် နောက်တစ်စက္ကန့်တွင်တော့ တုပိုင် ဓားဆွဲထုတ်လိုက်၏။

"ရွှီးးးးးးးးးးးးးးးးးးးးးးးးးးး"

ရုတ်တရက် ဓားအလင်းတန်းတစ်ခုက ဖြတ်ပိုင်းသွား၏။

သခင်လေးဖန်းချန်၏ ဧရာမ ခန္ဓာကိုယ်ကြီး ရုတ်တရက် တုန်ရီသွားလေသည်။ သူ ငုံ့ကြည့်လိုက်ရာ ရင်ဘတ်ပေါ်၌ သေးငယ်သော အက်ကွဲကြောင်းလေး တစ်ခုကိုသာ မြင်တွေ့လိုက်ရ၏။ သို့သော် အချိန်အနည်းငယ် ကြာပြီးနောက်တွင်တော့ သွေးများ ပန်းထွက်လာတော့သည်။

သခင်လေးဖန်းချန်၏ ရင်ဘတ်အထက်ပိုင်း ခန္ဓာကိုယ်ကြီးမှာ တိုက်ရိုက် ပြတ်တောက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ​တော့သည်။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (အပို) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters