အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
49 01
အပိုင်း(၄၉)
{သောက်ကျိုးနည်း ဒါက ဘာလဲ။ သစ်ပင်လား}
{သစ်ပင်ထဲက ဒီကောင်လေးက ဆင်လား။ ဒါပေမယ့် ဒီသစ်ပင်က ဘာဖြစ်တာလဲ။ ဒီလောကမှာ ဒီလိုမျိုး သစ်ပင်မျိုး ရှိသေးလို့လား။ နောက်ပြီး တိရိစ္ဆာန်တွေကို စားတာလား}
{ဘုရားရေ တင်ဆက်သူ မြန်မြန်လေး ဆင်လေးကို ကယ်ပါ။ ကြည့်ပါဦး နွယ်ပင်တွေက ဆင်လေးရဲ့ အရေပြားကို ထိုးဖောက်တော့မယ်}
{အမိန့်ကို အလျင်စလို မပေးနဲ့။ ဒီသစ်ပင်က တအားမြင့်တာကို မမြင်ဘူးလား။ ရှစ်မီတာ၊ ကိုးမီတာလောက် ရှိတယ်။ တင်ဆက်သူက အပေါ်ကို တက်သွားရင် သေမှာပေါ့}
{သဘာဝက မှော်စွမ်းအင် ရှိတာ မှန်နေတာပဲ။ သစ်ပင်ကတောင်မှ တိရိစ္ဆာန်အသားစားတယ်}
{မြေပြင်ပေါ်က အရိုးတွေက ဒီသစ်ပင်စားထားလို ကျန်တဲ့ အကြွင်းအကျန်တွေလား။ ကြောက်စရကောင်းလိုက်တာ}
_ _ _
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ လူတိုင်းက ကင်မရာထဲရှိ ရှစ်မီတာ၊ ကိုးမီတာခန့် မြင့်သော သစ်ပင်ကြီးကို ကြည့်ပြီး မျက်လုံးပြူးနေကြသည်။ ထိုသစ်ပင်ကြီးက ရေပုံးနီးပါး ထူသည်။ ထိုကဲ့သို့သော အပင်မျိုးကို မမြင်ကြပါချေ။
သိထားရမည်မှာ လက်ရှိခေတ်တွင် တိရိစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသော်လည်း အပင်များ ရှိသေးသည်။ အပင်မျိုးစိတ်တိုင်းကို ပြန်လည် ရှာတွေ့ပြီးသား ဖြစ်သည်။
သို့သော် ပထမဦးဆုံးအကြိမ် တိရိစ္ဆာန်သား စားနိုင်သည့် အပင်မျိုးကို တွေ့ရခြင်း ဖြစ်သည်။
“ဒါကို တျန်ဆိုင်းပရက်စ်(တစ်နှစ်ပတ်လုံး စိမ်းလန်းပြီး မာသော ထင်ရှူးပင်မျိုး) သစ်ပင်လို့ ခေါ်တယ်။ ဒါကို မြွေသစ်ပင်လို့လည်း သိကြတယ်”
ဆုပိုင်က ကိုယ့်ကို ငုံ့ကိုင်းလိုက်ပြီး မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ လေသံတိုးတိုးဖြင့် ပြောပြသည်။
“ဒီလောကမှာလည်း ဒီလို သစ်ပင်မျိုး အနည်းငယ်လောက် ရှိကောင်းရှိလောက်မှာပါ။ ဒါပေမယ့် ပုံမှန်အားဖြင့် ဘယ်သူကမှ မမြင်ဖူးဘူးဆိုတာကလည်း ပုံမှန်ဖြစ်နေတုန်းပဲ။ ဒီတင်ဆက်သူကိုယ်တိုင်ကလည်း ဒီလို အပင်မျိုးကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒဏ္ဍာရီထဲကဆိုရင် ဒီလိုသစ်ပင်က မျိုးတုန်းပျောက်ကွယ်သွားသင့်တာ ကြာပြီ။ မမျှော်လင့်ထားပဲ_ _ _”
သူက တျန်ဆိုင်းပရက်စ် သစ်ပင်ကို ကြည့်သည်။ ထိုအချိန်တွင် ထိုသစ်ပင်က ဆင်ပေါက်လေးကို ညစ်ထားသည်။
ဆုပိုင်က လက်ထဲမှ ဓားမြှောင်ကို ခပ်တင်းတင်း ကိုင်ပြီး တစ်လှမ်းချင်း လျှောက်သွားသည်။
မူလကမူ အာရှဆင် ကယ်ဆယ်ရေး တာဝန်မှ အဓိက ကိုင်တွယ်ရမည့် သူများက ဆင်စွယ် အမဲလိုက်သူများဟု ထင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်လာခဲ့သည်။ မမျှော်လင့်ထားစွာပင် ယခုလို ဖြစ်နေသည်။
ထိုဆင်ပေါက်လေးကို လူသားစား သစ်ပင်ထံမှ ပြန်လုရန် အလွန်ခက်သည်။
ဆင်ပေါက်လေး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ထိုနွယ်ပင်များကို ကြည့်ပြီး ဆုပိုင်က တံတွေးကို ခပ်ကြမ်းကြမ်း မြိုချသည်။
မည်သို့ပင်ဆိုစေ ဒီတာဝန်ကို ဒီအတိုင်း စွန့်ပစ်၍ မရချေ။
တျန်ဆိုင်းပရက်စ် သစ်ပင်၏ နွယ်ပင်ကဲ့သို့ လက်တံများက ချုပ်နှောင်မိသွားသည်နှင့် လွတ်မြောက်ရန် အလွန့်အလွန့် ခက်ခဲသွားပြီ ဖြစ်သည်။ ထိုဆင်ပေါက်လေးက ရုန်းကန်နိုင်သေးသည်မှာ သူ၏ အရေပြားက အလွန့်အလွန် မာသောကြောင့် ဖြစ်သည်။ ဆုပိုင်သာဆိုလျှင် ထိုနွယ်ပင်များက သူ့ကို တစ်ချက် ဆွဲဆုတ်လိုက်သည်နှင့် အသား အပိုင်းအစများနှင့် သွေးများက ပန်းထွက်လာမည် ဖြစ်သည်။ သို့ရာတွင် စနစ်၏ တာဝန်ကလည်း သူ့ကို ထိုဆင်ကို ကယ်ခိုင်းနေသည်။
“ဒီသစ်ပင်ရဲ့ အာရုံကို ပြောင်းရမယ်”
ဆုပိုင်က ငြီးငြူလိုက်သည်။
တျန်ဆိုင်းပရက်စ် သစ်ပင်က မမြင်နိုင်သလို မကြားနိုင်ချေ။ သူ၏ပျံသန်းနေသော နွယ်ပင်များကိုသာ သုံးပြီး အနီးအနားရှိ သတ္တဝါများကို အာရုံခံနိုင်ခြင်း ဖြစ်သည်။ ဒါကလည်း ဆုပိုင်၏ တစ်ခုတည်းသော အားသာချက် အခွင့်အရေး ဖြစ်သည်။
ဆင်ပေါက်လေးက အာရုံဆွဲဆောင်ထားသည့် အချိန်တွင် သူက ထိုနွယ်ပင် လက်တံတိုင်းကို ခပ်မြန်မြန် ခုတ်ဖြတ်လိုက်ပြီး ဆင်ပေါက်လေးကို တျန်ဆိုင်းပရက်စ် သစ်ပင်၏ တိုက်ခိုက်နိုင်သည့် ဝန်းကျင် အတောအတွင်းမှ ခေါ်သွားရမည် ဖြစ်သည်။ ထိုနည်းလမ်းဖြင့်သာ လွတ်မြောက်နိုင်မည် ဖြစ်သည်။
“ကောင်ငယ်လေး မင်း ငါပြောတာကို ကြားရလား”
ဆုပိုင်က မြေပြင်တွင် တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ထိုဆင်ပေါက်လေး ရှိရာဘက်သို့ လက်ကို ရုန်းကန်ပြရင်း ခပ်တိုးတိုး ပြောလိုက်သည်။ ရုန်းကန်နေသော ဆင်ပေါက်လေးက ကြောင်သွားသည်။ ထို့နောက် မျက်လုံးကြီးများကို ဖွင့်လာပြီး ရှေ့မှလူသားကို ကြည့်သည်။
“ဝူး”
သူက နာကျင်သော မျက်နှာထားမျိုးနှင့် ရှည်လျားသော ငိုသံကို ပြုသည်။
“ရှူး”
49 02
ဆုပိုင်က လက်ညိုးကို ပါးစပ်နား ကပ်ပြလိုက်သည်။ ထိုကောင်လေးကလည်း ရုန်းကန်မှုကို ရပ်တန့်လိုက်သည်။
ယခုအခါ အာရှဆင်များကို မည်သည့်အတွက်ကြောင့် ကယ်ဆယ်ခိုင်းကြောင်း ဆုပိုင်က နားလည်သွားပြီ ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့၏ ဉာဏ်ရည်က မြင့်မားနေလိမ့်မည် မဟုတ်ပေ။
“ငါ့နောက်ကလိုက်ခဲ့ မြန်မြန်ပြေးရမယ်”
ဆုပိုင်က တျန်ဆိုင်းပရက်စ် သစ်ပင်အနားသို့ ထိတ်လန့်တကြား ကပ်လာပြီး နွယ်ပင်များကို ဂရုတစိုက် ရှောင်သည်။ သို့ရာတွင် _ _ _
ဆင်ပေါက်လေး၏ ခန္ဓာကိုယ်ကို နွယ်ပင်ပေါင်းများစွာက ရစ်ပတ်ထားလေရာ ဓားမြှောင်ငယ်လေး တစ်ချောင်းဖြင့် ချက်ချင်း ခုတ်ဖြတ်ရန် မဖြစ်နိုင်ချေ။ ထိုအကြောင်းအရာကို တွေးမိသောအခါ ဆုပိုင်က တိတ်ဆိတ်သွားသည်။
သူကသာ တိုက်ခိုက်လိုက်လျှင် ထိုနွယ်ပင်များက ချက်ချင်းရောက်လာပြီး သူ့ကို တွေ့သွားမည် ဖြစ်သည်။
ထိုအခါ မရေမတွက်နိုင်သော နွယ်ပင်များ ရောက်လာရခြင်းက ကောင်းကင်ပေါ်သို့ ခုန်တက်ခြင်းထက်ပင် ခက်ခဲလိမ့်မည်။ ဒါက လူ့အသွေးအသားကို ဆာလောင်တတ်သည်။
ထိုအခိုက် နူးညံ့သော ဆင်နှာမောင်းလေးက ထိုးထွက်လာပြီး ဆုပိုင်၏ပါးလေးကို အသာပွတ်သပ်လာသည်။
ဆင်ပေါက်လေး၏ မျက်ဝန်းထောင့်နားက မျက်ရည်တစ်စက်က စီးကျသည်။
“အား”
ဆုပိုင်က သက်ပြင်းချသည်။ မည်သည့် သတ္တဝါတွင်မဆို ရှင်သန်လိုစိတ်က ရှိသည်။ ထိုဆင်ပေါက်လေးကလည်း ချို့ယွင်းချက် မရှိချေ။
ဆုပိုင်ကလည်း အသက်ပြင်းပြင်း ရှူပြီး ဆင်ပေါက်လေး၏ နှာမောင်းကို အသာကိုင်ကာ ညင်သာစွာ ပုတ်ပေးလိုက်သည်။
ခရက်
သူက ဓားမြှောင်ကို ခပ်ကြမ်းကြမ်း ခုတ်ချလိုက်ပြီး နွယ်ထားသည့် သစ်ကိုင်းနှစ်ကိုင်းကို ခုတ်ဖြတ်လိုက်သည်။
ကျစ်
အတွင်းမှ အစိမ်းရောင် သွေးကဲ့သို့ အရည်များက ပန်းထွက်လာသည်။ ဆုပိုင် မရပ်တန့်ရဲပဲ ခပ်မြန်မြန် ရှောင်သည်။
သူက ဓားမြှောင်ကို ပြန်ခုတ်ချသည်။ ထို့နောက် ခေါင်းထက်မှ အကိုင်းပေါင်းများစွာကို ခုတ်ဖြတ်လိုက်သည်။
ပလုံ
အသန်မာဆုံး ကိုင်းအချို့ကို ခုတ်ချရပြီးနောက် အရှေ့မှ ဆင်ပေါက်လေးက ရုတ်တရက် ပြုတ်ကျသွားသည်။
ဝူး
သူက နှာမောင်းကို ထောင်ပြီး အော်သည်။
ဆင်ပေါက်လေးက ခန္ဓာကိုယ်တွင် ပြည့်နှက်နေသော သွေးများနှင့်အတူ ရှေ့ဘက်သို့ ပြေးလာသည်။
“ကျစ်လာ ကျစ်လာ ကျစ်လာ”
သေးငယ်သော နွယ်ပင်လေးများက သစ်ကိုင်းများအလား ဆင်သက်လာသည်။
“ကောင်းပြီ”
ဆုပိုင်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ဆင်ပေါက်လေး၏ ခြေထောက်နားတွင် ကိုင်းအနည်းငယ်သာ ကျန်သည်။ ထိုကိုင်းများကို ဖြတ်လိုက်သည်နှင့် လုံခြုံသွားလိမ့်မည်။
သို့သော် _ _ _ ထိုအချိန်တွင် တျန်ဆိုင်းပရက်စ် သစ်ပင်ကလည်း သားကောင် ပျောက်သွားပြီးနောက် တစ်ပင်လုံးရှိ သစ်ကိုင်းများက ရူးသွပ်စွာ ထိုးဆင်းလာသည်။ ထိုအရာက သန်မာသော ကြာပွတ်များကဲ့သို့ ဆုပိုင်သို့ ရောက်လာသည်။ ထိုသို့ဖြင့် လေတိုးသံများက ကျယ်လောင်စွာ ထွက်ပေါ် လာသည်။
ဘန်း
နွယ်ပင်ပေါင်းများစွာ တိုက်ရိုက်ဆင်းသက်လာကြောင်း မြင်သောအခါ ဆုပိုင်က အောက်သို့ လှဲချလိုက်ပြီး ကပ်သီးလေး ရှောင်လိုက်ရသည်။
“ဖက်ခ် မကောင်းတော့ဘူး”
သူက အောက်သို့ ထိုးဆင်းလိုက်သည့် အချိန်တွင် သစ်ပင်အမြစ်ထဲမှ ထိုးထွက်လာသည့် အင်အားကြီးမားသော ကိုင်းကြီးများနှင့် ထိုးမိသွားသည်။ ထိုအရာများက သူ့ထံ ခပ်ကြမ်းကြမ်း တိုးဝှေ့ကာ လာနေသည်။
သွားပြီ။
ထိုအချိန်တွင် မြေပြင်မှ ကုန်းထရန် နောက်ကျသွားပြီ ဖြစ်သည်။
49 03
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အားလုံးက အသက်အောင့်ထားမိကြသည်။
သွားပြီ။
လူတိုင်းကလည်း ဆုပိုင်၏ အခြေအနေကို ကြည့်သည်။ သိသာစွာပင် နောက်ကျသွားလေပြီ။ မြောက်မြားလှစွာသော နွယ်ပင်ပေါင်းများစွာက သူထံ ထိုးဆင်းလာသည်။
ဝူး
ထိုသို့ အရေးကြီးဆုံးအချိန်တွင် ရုတ်တရက် နူးညံ့သော ဆင်နှာမောင်းလေးက ဆုပိုင်၏ ခါးကို ရစ်ပတ်လိုက်ပြီး နောက်ဘက်သို့ ခပ်ကြမ်းကြမ်း ဆွဲခေါ်လိုက်သည်။
ဘန်း ဘန်း ဘန်း
ထိုသို့ဖြင့် သစ်ကိုင်းပေါင်းများစွာက မြေပြင်ထဲသို့ ထိုးစိုက်သွားသည်။ ဆုပိုင်ကလည်း နဖူးမှ ချွေးစေးပေါင်းများစွာကို သုတ်လိုက်သည်။ သူ၏မျက်နှာက ဖြူဖျော့နေသည်။
တော်တော်လေးကို ခြောက်ခြားဖို့ ကောင်းတာပဲ။ သူ သေခါနီးဖြစ်သွားတယ်။
“ဂျွတ် ဂျွတ် ဂျွတ်”
ဆုပိုင်က ဆင်လေး၏ ခြေထောက်နားမှ နွယ်ပင်များကို ခပ်ကြမ်းကြမ်း ခုတ်ဖြတ်သည်။ ထို့နောက် ဆင်ပေါက်လေး၏ ဖင်ကို အသာပုတ်လိုက်ပြီး အဝေးရှိ မြစ်ထံသို့ ခပ်မြန်မြန် ပြေးသည်။
အချိန်အတန်ကြာပြီးနောက်
“ဟား ဟား”
ဆုပိုင်က ရယ်သည်။ ထို့နောက် ရေဘေးနားတွင် ရပ်နေသော ဆင်ပေါက်လေးကို ကြည့်သည်။ ထိုအကောင်လေးက သူ၏နှာမောင်းဖြင့် ရေများကို ဆက်တိုက် စုပ်ယူပြီး လေထဲသို့ ပန်းထုတ်နေသည်။
သူ၏ကိုယ်ပေါ်တွင်လည်း အသေးစား ဒဏ်ရာပေါင်းများစွာ ရှိသည်။ သို့တိုင်အောင် _ _ _
ဆင်များ၏ အရေခွံ့ကလည်း ထူသည်။ အသားကလည်း ထူသည်။ ထို့ကြောင့် ဒဏ်ရာများက သိပ်မကြာခင် ပျောက်သွားပေလိမ့်မည်။
“ဆင်ပေါက်လေးနဲ့ တွေ့ရမယ်လို့ မထင်ထားဘူး”
ဆုပိုင်က ပေါင်တစ်ဝက်ခန့် နက်သော ရေထဲသို့ ဆင်းလျှောက်သွားလိုက်သည်။ မြစ်ရေကြောင်း တောက်လျောက်လိုက်ရင်း ထိုဆင်ပေါက်လေးကို ကူညီကာ သူ၏ကိုယ်ပေါ်မှ အညစ်အကြေးများကို ဆေးပေးလိုက်သည်။
“ဝူး”
ရုတ်တရက် သိပ်မဝေးသော နေရာမှ ဆင်အော်သံက ထွက်လာသည်။ အရှေ့မှ ဆင်ပေါက်လေးက ရုတ်တရက် ခေါင်းကို မော့ပြီး ဆုပိုင်၏ဘေးမှ ပျော်ရွှင်စွာ ခုန်ထွက်သွားသည်။
ဆုပိုင်ကလည်း မော့ကြည့်လိုက်သည်။ ထိုအခါ အဝေးရှိ တောထဲမှ ဆင်ဆယ်ကောင်ထက် မနည်း တဖြည်းဖြည်းချင်း ထွက်လာကြောင်း တွေ့လိုက်ရသည်။ ခေါင်းဆောင်လာသော ဆင်မက သူ့တို့ဆီ ပြေးလာသော ဆင်ပေါက်လေးကို ကြည့်သည်။
ဆင်က နှာမောင်းကို မြှောက်ကာ စိုးရိမ်တကြီး အော်လေသည်။
++++
50 01
အပိုင်း(၅၀)
ဝူး ဝူး
ဆင်ပေါက်လေးက မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပြီး မြစ်နားတွင် ရပ်နေသော ဆုပိုင်ကို ပြန်လှည်ကြည့်သည်။ ရုတ်တရက် ခေါင်းကိုမော့ကာ မိခင်ဖြစ်သူကို ဟီသည်။
ထို့နောက်_ _ _
ဆုပိုင်က အလွန်ဝေးသော နေရာတွင် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ အပြန်အလှန် ဆက်သွယ်နေသည့် စကားကို ရှင်းရှင်းလင်းလင်း မကြားရချေ။ သို့သော် ဆင်တစ်အုပ်က သူ့ကို ကြည့်လာကြောင်း တွေ့လိုက်ရသည်။
ဆုပိုင်က မြစ်ထဲမှ တဖြည်းဖြည်းချင်း လျှောက်တက်လာသည်။ ထို့နောက် ဆင်အုပ်ထံ လျှောက်သွားလိုက်သည်။
ဆင်ပေါက်လေး၏ တည်ရှိမှုနှင့်အတူ ဆင်တစ်အုပ်လုံးက သူ့ကို ရန်မလိုကြပါချေ။
ထည့်ပြောရန်ပင် မလိုလောက်အောင် သူ့က တိရိစ္ဆာန်ရုံမှ ဒါရိုက်တာ တစ်ယောက် ဖြစ်သည့်အလျောက် ဆုပိုင်ကလည်း တိရိစ္ဆာန်များကို ခြိမ်းခြောက်လိုသည့် အရှိန်အဝါများ လွှတ်ထားခြင်း မရှိချေ။
အချို့သော တိရိစ္ဆာန်များက အရှိန်အဝါကို အထိမခံ ဖြစ်သည်။ ဆင်များကလည်း အပါအဝင် ဖြစ်သည်။ ရက်စက်သော စိတ်ဆန္ဒ မရှိသည့် လူတစ်ယောက်ဆိုလျှင် မည်သည့် တိရိစ္ဆာန်ကမျှ သူတို့ကို ရန်ပြုကြလိမ့်မည် မဟုတ်ချေ။
ဝူး
ဆုပိုင်က ဆင်အုပ်နားသို့ လျှောက်သွားလိုက်သည်။ ဆင်မက သူ၏နှာမောင်းကို သုံးပြီး သူ၏နဖူးကို အသာတို့ထိလာကာ ရင်းနှီးသော လက္ခဏာကို ပြသည်။
“ဟား ဟား တွေ့ရတာ ဝမ်းသာပါတယ်”
ဆုပိုင်က ပြုံးရယ်သည်။ အားလုံးကို နှုတ်ဆက်လိုက်သည်။
သို့ရာတွင် စကားပြောဆိုပြီးနောက် ဆင်များကလည်း အရှေ့မှ လူပြောသော စကားများကို နားလည်နိုင်သဖြင့် အံ့ဩသွားကြသည်။
“မင်းက ဘယ်သူလဲ။ ငါတို့က ဒီနေရာက ထွက်သွားတော့မှာ”
သူမက ဘေးဘက်ရှိ တောတွင်းကို ပြန်ကြည့်ပြီး စိုးရိမ်တကြီး ပြောသည်။
“ဒိုင်း”
ရုတ်တရက် တောထဲမှ သေနတ်ပစ်သံ ထွက်လာသည်။ ထို့နောက် ငှက်တစ်အုပ်က ပြန်တက်သွားသည်။
“ဟစ် ဟစ် ဟစ်”
ဆင်မက ဆုပိုင်ကို သူမ၏နှာမောင်းဖြင့် တိုက်ရိုက် ရစ်ပတ်လိုက်ပြီး ကျောပေါ်သို့ ပစ်တင်သည်။ ထို့နောက် မြစ်တစ်ဖက်ခြမ်းသို့ ခပ်မြန်မြန် ပြေးသည်။
“ကျုးကျော်သူတွေလား”
ဆုပိုင်က အော်သည်။ သူက ကျောပိုးအိတ်ထဲမှ ဒူးလေးနှင့် မြှားများကို ခပ်မြန်မြန် ထုတ်ပြီး နောက်ဘက်ရှိ တောထဲသို့ အေးစက်စွာ ချိန်ထားလိုက်သည်။
ဆင်များက ထိတ်လန့်တကြား ဖြစ်နေပြီး အဝေးဆုံးနေရာတွင် ရှိနေသည့် မြက်ခင်ပြင်ဒေသသို့ လေးလံသော ခြေလှမ်းများနှင့် ထွက်ပြေးနေကြောင်း မြင်ရသည်။
ခခခခ နောက်ပြီး သူ ယခုလေးတင် ကယ်တင်ထားသည့် ဆင်ပေါက်လေးကလည်း မိခင်ဖြစ်သူ ဆင်မနောက်သို့ ကို့ရိုကားယား ခြေတိုလေးများဖြင့် လိုက်လာသည်။
အရှေ့ဆုံး ဆင်ထီးက အဆုံးပိုင်းတွင် နေခဲ့သည်။ သူက မကြာခဏဆိုသလို အနောက်ဘက်သို့ ကြည့်နေသည်။ သူက ဆင်အုပ်၏ ခေါင်းဆောင် ဖြစ်လောက်သည်။
သို့ရာတွင် ဆုပိုင်က ဆင်မ၏ကျောပေါ်တွင် ထိုင်ပြီး သူမနှင့်အတူ ပြေးလွှားနေပြီးနောက် နောက်ဘက်မှ မည်သည့် သေနတ်ပစ်သံကိုမှ မကြားရတော့သလို ကျုးကျော်သူများ လိုက်လာသည့် အခြေအနေကိုလည်း မမြင်ရချေ။ ဆင်များက နောက်ဆုံးတွင် အရှိန်လျော့လိုက်ကြသည်။
“သူက ဒီဆင်တွေနောက်ကို လိုက်ဖမ်းတာ မဟုတ်လောက်ဘူး”
ဆုပိုင်က ဆင်မပေါ်တွင် ထိုင်နေရင်း သူမ၏နှာမောင်းကို အသာပွတ်သပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
ယခုလေးတွင် ကပ်ဘေးမှ လွတ်မြောက်လာသည့် ဆင်များက အများကြီး စိတ်အေးသွားကြသည်။ သိပ်မကြာခင် သူတို့က မြက်ခင်းပြင်တွင် ရှိသော အပေါ်ယံ မြေဆီလွှာများကို လိမ့်ကာ ယူလျက် စတင်ကာ စားသောက်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မိတ်ဆွေများကလည်း ထိုအခါမှသာ စိတ်အေးသွားကြသည်။
{ကျုးကျော်သူတွေက မုန်းဖို့ကောင်းလွန်းတယ်။ ဒီလူတွေက သေဒဏ်ပေးခံရသင့်တာ}
{ကံကောင်းစွာနဲ့ သူတို့က ဆင်တွေနောက်ကို လိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဆင်အုပ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့က ဒီလောက်ကြီးတာ။ ဒီလောက်ထိ ယဉ်ပါးမယ်လို့ မထင်ထားဘူး}
{လူသားတွေသာ မရှိရင် တိရိစ္ဆာန်တွေက ပိုကောင်းတဲ့ ဘဝမှာ ရှင်သန်နိုင်လောက်တယ်}
50 02
{ဒီဆင်လေးကလည်း တော်တော်လေး ရယ်ရတယ်နော်။ သူက တင်ဆက်သူနားကိုပဲ တောက်လျောက်ကပ်နေတာကို ကြည့်ပါဦး။ တင်ဆက်သူကို သူ့အဖေလို့များ ထင်နေတာလား}
{အပေါ်က တစ်ယောက် ဘာတွေ ပေါက်ကရ ပြောနေတာလဲ။ တင်ဆက်သူရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပါဦး။ ဆင်မက ဘယ်လိုများ တင်ဆက်သူကို ချစ်မှာလဲ။ ဒီခွေးခေါင်းက သူ့အသက် ကယ်ခဲ့လို့ပဲ}
_ _ _
ဆင်အသိုက်က အန္တရာယ်မရှိတော့ကြောင်း မြင်သောအခါ လူတိုင်းကလည်း ပေါက်ကရ ဆွေးနွေးနေကြသည်။
“ဟား ဟား “
ဆုပိုင်က ဆင်မကြီး၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ဆင်ပေါက်လေးနားသို့ သွားကာ နှာမောင်းလေးကို ပွတ်သပ်ပေးသည်။ ထို့နောက် သူက နောက်ဘက်သို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။
ယခုအချိန်အထိ စနစ်က တာဝန်ပြီးမြောက်ကြောင်း ပြောမလာသေးပေ။ ထို့ကြောင့် အန္တရာယ် ရှိနေနိုင်သေးသည်။ ဒါက ကျူးကျော်သူ တစ်အုပ် ဖြစ်နိုင်သည်။
ဆင်များတွင် သဘာဝရန်သူ နည်းသည်။ ဆုပိုင်ကလည်း မည်သူ့ကိုမှ မတွေးမိချေ။ သဘာဝကပ်ဘေး မရှိလျှင် ဆင်များက အပူပိုင်း မိုးသစ်တောအတွင်း ကောင်းကောင်း ရှင်သန်နေထိုင်နိုင်သည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် မြစ်ရှိသည်။ ရေမပြတ်လပ်သမျှ၊ မြက်များ ရှိနေသမျှ အစာများ ပြတ်တောက်သွားမည် မဟုတ်ချေ။
ဝူး
အဝေးရှိ တောင်ကုန်းဘေးဘက်ခြမ်းမှ ခပ်တိုးတိုး အော်သံက ထွက်လာသည်။ ထိုအသံကို ကြားသောအခါ ဆင်တိုင်းက ကြောင်သွားသည်။
ဘုန်း
ထိုတောင်ကုန်းဘေးမှ တဆင့် သွေးသံရဲရဲနှင့် ဆင်ပေါက်လေး တစ်ကောင်က ခက်ခက်ခဲခဲ ကုန်းတက်လာသည်။ ထို့နောက် သူတို့ဆီ ပြေးလာသည်။ သို့ရာတွင် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းကနဲ မြည်သံနှင့်အတူ လဲကျသွားသည်။
“နောက်ထပ် ဆင်အုပ်လား”
ဆုပိုင်က အလျင်အမြန် ပြေးသွားသည်။
ဆင်ပေါက်လေး၏ ပုံပန်းသွင်ပြင်အရ တိုက်ခိုက်ခံရခြင်း ဖြစ်လောက်သည်။ သို့သော် ဒီလိုနေရာမျိုးတွင် နောက်နှစ်အုပ် ရှိနေမည်ဟု မထင်ထားမိချေ။ သူက ခပ်မြန်မြန် ပြေးသွားပြီး ဂရုတစိုက် ကြည့်လိုက်သည်။
ထိုအခါ ဆုပိုင်၏ ဒေါသများက ငယ်ထိပ်သို့ ဆောင့်တက်သွားသည်။ သူ၏ရှေ့ရှိ ဆင်ပေါက်လေး၏ ကိုယ်တွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပြင်းထန်သည့် ဒဏ်ရာများ ပြည့်နေသည်။ ကြောင်မြှီးသစ်ရွက်ဖြင့် ကျစ်ထားသကဲ့သို့ ထင်ရသည့် နားရွက်များက အလယ်တွင် ကွဲထွက်ပြီး သွေးများက လည်တိုင် တောက်လျောက် စီးကျနေသည်။ ခြောက်ခြားဖွယ်ကောင်းဆုံး အရာကမူ_ _ _
ထိုဆင်ပေါက်လေး၏ ဝမ်းဗိုက်တွင် မြောက်မြားလှသော ကျည်ဆံအပေါက်ရာများ ရှိနေသည်။
ဒါက ပြောင်းတိုသေနတ်မှ ပစ်သော ကျည်ဆံ ပုံသဏ္ဌာန်မျိုး ဖြစ်သည်။ ဆင်၏ကိုယ်အတွင်းတွင် နက်ရှိုင်းစွာ စိုက်ဝင်နေလောက်သည်။
ဘယ်လောက်တောင် ရူးလိုက်တဲ့ လူအုပ်လဲ။
ထိုဆင်ပေါက်လေးက အများဆုံးမှ တစ်နှစ်ပင် မရှိလောက်သေးချေ။ သို့သော် သူက သေရတော့မည် ဖြစ်သည်။
“ဝူး”
“နာတယ် နာတယ် မား _ _ _နာတယ်”
ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့် ဆင်ပေါက်လေးက မြေပြင်တွင် လဲနေသည်။ သူ၏ပါးစပ်ထဲမှ သွေးများ ဆက်တိုက်စီးထွက်လာ၏။ သူ၏အသံက ကြောက်လန့်မှု အပြည့်နှင့် ဖြစ်သည်။
“လိမ္မာတယ် သိပ်မကြာခင် နာကျင်တော့မှာ မဟုတ်ပါဘူး”
ဆုပိုင်က ဒူးထောက်လိုက်ပြီး ထိုဆင်ပေါက်လေး၏ နှာမောင်းကို အသာထွေးပွေ့လျက် လက်မောင်းအတွင်း ထည့်ထားလိုက်သည်။
“နာတယ်”
ပလုံ
ထိုဆင်ပေါက်လေး၏ မျက်လုံးများက တဖြည်းဖြည်းချင်း အရောင်အဝါ ပျောက်ဆုံးလာသည်။ ဆင်နှာမောင်းကလည်း ဆုပိုင်၏ လက်မောင်းအတွင်းမှ ချောထွက်သွားပြီး မြက်ခင်းပြင်ပေါ်သို့ ကျသွားသည်။ ခြောက်သွေ့သော မြေဆီလွှာအတွင်းသို့ ဝုန်းကနဲ ပြုတ်ကျသွားသည်။
ကျွတ်
50 03
ဆုပိုင်က အံကို တင်းတင်းကြိတ်သည်။ သူက မျက်ရည်မကျအောင် ထိန်းသည်။ ထို့နောက် ဆင်ပေါက်လေး၏ မျက်ခုံးကို အသာပွတ်သပ်လိုက်ပြီး မျက်လုံးကို မှိတ်သည်။
သေသွားပြီ။
အသက်တစ်နှစ်တောင် မရှိသေးတဲ့ အာရှဆင်တစ်ကောင်က ဒီလိုနဲ့ သေသွားပြီ။
ထိုအကောင်လေးက အရွယ်ပင် မရောက်သေးချေ။ အပင်များ၏ အရသာကိုလည်း မမြည်းစမ်းရသေးချေ။ အာရှဆင်တိုင်း၏ သက်တမ်းက အနည်းဆုံး အနှစ်၆၀ ဖြစ်သည်။
ဒါက တစ်နှစ်ပဲ ရှိသေးတာ။
သူက တစ်နှစ်ပင် မကြာသေးသောအချိန်တွင် ဒီလောကမှ ထွက်သွားရလေပြီ။
ဝူး
ဘေးဘက်မှ ဆင်အုပ်ကလည်း သေသွားသော ဆင်လေးကို ကြည့်ပြီး ခေါင်းကိုမော့ကာ ဟီကြသည်။
ထိုသို့ဖြင့် သူတို့၏ အသံထဲမှ နာကျင်သော ခံစားချက်များကို သိနိုင်သည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ဆင်လေးကို ကျော်ကာ လျှောက်သွားသည်။ သူ၏ခြေလှမ်းတိုင်းက အလွန်လေးလံနေသည်။ ထိုဆင်လေးက တောင်ကုန်းဘေးမှ လာခြင်း ဖြစ်သည်။ တစ်ခြားစကားဖြင့် ဆိုရသော် သိပ်မဝေးသော နေရာတွင် ဆင်အုပ်ရှိသည်။ ထိုကောင်ငယ်လေး၏ မိခင်ကပင် ရှိနိုင်သည်။
တစ်နှစ်ပင် မရှိသော ဆင်ပေါက်လေးသာဆိုလျှင် ထိုအဖွဲ့က သူ့ကို တစ်ကောင်တည်းသာ လွှတ်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် ထိုဆင်ပေါက်လေးတစ်ကောင်တည်းက လူသားတစ်ယောက်၏ တိုက်ခိုက်ခံရမှုကို ခံရရန်လည်း မဖြစ်သင့်ချေ။ ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။
ဒါဆို ဆင်တစ်အုပ်လုံး တိုက်ခိုက်ခံရတာပဲ။
ဆုပိုင်က တွေးပင် မတွေးရဲသလို ကြည့်ပင် မကြည့်ရဲတော့ချေ။
သူ၏အရှေ့မှ ဆင်အုပ်၏အလောင်းကို မြင်ရလျှင် သူ ယူကျုံးမရ ဖြစ်လောက်သည်။
သူ ဘာလုပ်ရမလဲ။
ကလစ် ကလစ် ကလစ်
မြက်ခင်းပင်ပေါ်သို့ တောင်တက်ဖိနပ် နင်းလိုက်သည့် အချိန်တိုင်း ခပ်တိုးတိုး အသံများ ထွက်လာသည်။ ဆုပိုင် လှမ်းသည့် ခြေလှမ်းတစ်လှမ်းတိုင်းက အလွန်လေးလံနေသည်။ ခြေလှမ်းဆယ်လှမ်းကျော်သာ လှမ်းရသေးသည်။ သူက အလွန့်အလွန် ဝေးသော နေရာသို့ လျှောက်လာရသလို ခံစားနေရသည်။ ထို့နောက် တောင်ကုန်းဘေးဘက်ခြမ်းသို့ ရောက်သွားသည်။
ပလုံ
သိပ်မဝေးသော နေရာမြေပြင်တွင် ပုံနေသည့် ဆယ်လောင်းမကသော ဆင်အလောင်းများကို မြင်လိုက်ရသည့်အခါ ဆုပိုင်က မြေပြင်ပေါ်သို့ စိတ်ဓာတ်ကျစွာ လဲကျသွားသည်။
သေသွားပြီ တစ်အုပ်လုံး သေသွားပြီ။
သွေးလွှမ်းသော မြင်ကွင်းတွင် ထိုဆင်တိုင်း၏ အစွယ်တိုင်းက ရက်စက်စွာ အဆွဲဖြတ်ထုတ်ထားရသည်။ အချို့ဆင်များ၏ ခေါင်းများကပင် အခုတ်ဖြုတ်ခံထားရသည်။
မဟုတ်သေးဘူး။ ဒီလူတွေ တန်ကြေးပေးဆပ်ရမယ်။
ဆုပိုင်က သူ၏အရှေ့မှ မြင်ကွင်းကို အေးစက်စွာ ကြည့်သည်။ ထို့နောက် အံကိုကြိတ်ပြီး ကျောပိုးအိတ်ထဲမှ ဒူးလေးထုတ်ကာ ဆင်အလောင်းများ ရှိရာသို့ ခပ်မြန်မြန် ပြေးသွားသည်။
+++++
51 01
အပိုင်း(၅၁)
သူ၏အရှေ့မှ ဝမ်းနည်းဖွယ်ကောင်းသော ဆင်မ၏ သေဆုံးခြင်းကို မြင်ရသောအခါ ဆုပိုင်က အရှေ့တွင် အချိန်အတန်ကြာအောင် ဆွံ့အစွာ ရပ်နေမိသည်။
ထိုဆင်မ၏ ဗိုက်က ခပ်မြင့်မြင့် ဖောင်းနေသည်။ သိသာစွာပင် သူမက ကိုယ်ဝန်ရှိနေသည်။
ထို့နောက်_ _ _
သူမက သေသွားသောအခါ ဆင်မ၏ကိုယ်က ကွေးနေသည်။ သူမက ဗိုက်ကို ကာကွယ်ချင်ပုံရသည်။ သို့ရာတွင် အရာအားလုံးက အလဟသ ဖြစ်လေသည်။
ဆင်စွယ်တစ်ခုလုံးက ထက်ရှသော လွှစက်ဖြင့် အဖြတ်ခံထားရသည်။ ဆင်စွယ်က အထုတ်ခံထားရ၏။ ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းက ဆုပိုင်၏ တစ်ကိုယ်လုံးကို ထိန်းချုပ်ရန် ခက်ခဲလောက်အောင်ပင် တုန်ယင်လာစေသည်။
မြေပြင်တွင်လည်း အမျိုးမျိုးသော အရွယ်အစားခန့် ရှိသည့် ကျည်ဆံအခွံ့များကလည်း ပြန့်ကျဲနေသည်။ သွေးအိုင်များကလည်း စီးနေပြီ ဖြစ်သည်။
ကင်မရာက ဆင်တစ်ကောင်ချင်းစီတိုင်း၏ ဝမ်းနည်းဖွယ် သေဆုံးခြင်းကို အနီးကပ် ရိုက်ပြနေသည်။ ဆင်တိုင်း၏ မျက်ဝန်းထောင့်နားက စိုစွတ်နေသည်။
သူတို့ကလည်း မသေခင် ကျုးကျော်သူ အရှေ့တွင် တောင်းပန်ခဲ့လောက်သည်။ သို့ရာတွင် အကျိုးအမြတ်၏ အရှေ့တွင် ထိုလူများက လူသားဆန်စိတ် ပျောက်ဆုံးသွားသည်။ သူတို့က လူသားပင် မဟုတ်လောက်တော့ချေ။ ထို့သို့ဖြင့် ကင်မရာက ဆင်အလောင်းတိုင်းကို ရိုက်ပြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ လူတိုင်းက တိတ်ဆိတ်သွားသည်။
လူတိုင်း၏ ကီးဘုတ်ပေါ်ရှိ လက်က သို့မဟုတ် ဖုန်းပေါ်ရှိ လက်များက တန့်သွားကြသည်။
အားလုံးက ယခုလေးတင် ပျော်ရွှင်စွာ လွတ်မြောက်နိုင်ခဲ့သော ဆင်များကြောင့် အောင်ပွဲခံနေကြသည်။ သို့သော် မမျှော်လင့်ထားစွာပင် မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။
{ဖက်ခ် ငါ ဒေါသထွက်လိုက်တာ။ ငါ ချက်ချင်းပြေးပြီး ဒီကျုးကျော်သူတွေကို သတ်ဖို့ မစောင့်နိုင်တော့ဘူး}
{သားရဲတစ်အုပ်ပဲ။ သဘာဝကပ်ဘေးတွေ မရှိရင်တောင်မှ တိရိစ္ဆာန်တွေက အနည်းနှင့်အများ မျိုးတုန်းပျောက်ကွယ်သွားဦးမှာ။ ဘာလို့လဲဆိုတော့ ဒီလို လူမှု့အသိုင်းအဝိုင်းက အမှိုက်ကောင်တွေ ရှိနေလို့လေ}
{သဘာဝက မျှတတယ်။ ဒါပေမယ့် ဒီအမှိုက်ကောင်တွေကြောင့် သဘာဝက လူသားတွေကို အပြစ်ပေးတာ။ နှစ်သောင်းကျော် ကြာအောင် ဘာတိရိစ္ဆာန်မှ မရှိတော့ဘူး။ ဒီလူတွေ ဘယ်လိုတွေးမလဲလို့ သိချင်မိတယ်}
{ငါကတော့ ဆက်သည်းမခံနိုင်တော့ဘူး။ တင်ဆက်သူ မိုက်ရူးရဲဆန်လို့ မရဘူးနော်။ ကျူးကျော်သူတွေက လူသားတွေမဟုတ်တော့ သူတို့က သားရဲတွေ }
{အား ဒေါသထွက်လိုက်တာ။ ဆင်စွယ်အတွက်နဲ့ သူတို့က ဆင်တွေအများကြီးကို သတ်သွားတယ်။ ဒါက ဘာလို့ ဒီလောက်ထိ ရက်စက်ကြတာလဲ }
…
တိတ်ဆိတ်နေပြီးနောက် တိုက်ရိုက်ထုတ်လွှင်မှု အခန်းတစ်ခုလုံးကလည်း ပေါက်ကွဲသွားသည်။ လူတိုင်းကလည်း အရှေ့မှမြင်ကွင်းကို ကြည့်ပြီး သူတို့၏ နှလုံးသားအတွင်း ဒေါသမီးတောက်က တောက်လောင်သွားကြသည်။
တိရိစ္ဆာန်များက လူသားများကို ယဉ်ပါးစွာ ဆက်ဆံသည်။ လူသားများက အတိတ်ကာလက တိရိစ္ဆာန်များကို ထိုသို့ ပြုမူဆက်ဆံခဲ့သည်။ အကျိုးအမြတ် အနည်းငယ်တည်းနှင့် လူတစ်အုပ်က ရက်စက်စွာ ဆုံးဖြတ်ချက် ပြတ်သားပြီး ဆင်ပေါက်လေးများ အပါအဝင် ကိုယ်ဝန်ရှိနေသော ဆင်မများကိုပင် မချန်ခဲ့ကြချေ။
တရုတ်နိုင်ငံ တိရိစ္ဆာန်ကာကွယ်စောက်ရှောက်ရေး အဖွဲ့အစည်း _ _ _
ရုံးခန်းထဲရှိ လူတိုင်းက ဖန်သားပြင်ရှိ မြင်သက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေကြသည်။ ရှန်းကွမ်းရုန်က စားပွဲကို ဖြောင်းကနဲ ရိုက်ချသည်။
သူမက စားပွဲပေါ်ရှိ ရေနွေးကြမ်းခွက်ကိုပင် မှောက်ကျသွားစေသေးသည်။
“ဒါက _ _ _”
“ဒီရှိုးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဆုပိုင်က ဖွင့်လှစ်ထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း မဟုတ်လား”
“ဟုတ်တယ် ဟုတ်တယ်”
ရှန်းကွမ်းရုန်၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေသည်။ သူမက ခါးသီးစွာ ပြုံးရယ်ရင်း လူတိုင်းကို ပြောသည်။
51 02
“ဒီရှိုးက တအားကောင်းတယ်။ တိရိစ္ဆာန်တွေက ဆက်တိုက်ကယ်လာခံရတယ်။ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ဒါမှမဟုတ် ရာစုနှစ် အနည်းငယ် ကြာသွားရင် တိရိစ္ဆာန်တွေ အားလုံး ပြန်ပေါ်လာလိမ့်မယ်။ အဲ့ဒီနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတွေ ပြန်ပေါ်မလာဘူးလို့ ငါတို့က အာမခံနိုင်မှာလား”
“အကျိုးအမြတ် ဆိုတဲ့အတွက် သူတို့က တိရိစ္ဆာန်တွေကို ထပ်ပြီး သတ်ကြဦးမှာ မဟုတ်လား”
“အပြစ်ပေးမှုက ဘယ်လောက်ပဲ တင်းကြပ် တင်းကြပ် အကျိုးအမြတ် ရှိတာနဲ့ ဒီငွေနောက်လိုက်တဲ့ အကောင်တွေက ရင်းနှီးရဲတယ်”
ဘန်း
သူမက စားပွဲကို ခပ်ကြမ်းကြမ်း ထုရိုက်ပြန်သည်။ ရှန်းကွမ်းရုံ၏ တောက်ပသည့် မျက်ဝန်းများက လူတိုင်းကို ခြုံကြည့်ကာ အေးစက်စွာ ပြောသည်။
“တိရိစ္ဆာန် ကာကွယ်စောက်ရှောက်ရေး ဥပဒေကို ပြန်လည် တင်သွင်းတာက လုံလောက်အောင် မတင်းကြပ်သေးဘူး။ အတိတ်ကလို ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ထပ်ဖြစ်စေတာမျိုး ဖြစ်ခွင့်ပြုလို့ မရဘူး။ တိရိစ္ဆာန်ကို လူသားတွေရဲ့ ပစ်မှတ်ဖြစ်ဖို့ ခွင့်မပြုနိုင်ဘူး”
“နောက်ပြီး တိရိစ္ဆာန် ကာကွယ်စောက်ရှောက်ရေး အဖွဲ့အစည်းတွေရဲ့ နာမည်အောက်မှာ ဒီပရိုဂရမ်ကို ကြေငြာပေးရမယ်”
“အားလုံးကလည်း ဒီလိုလူတွေကို ဘာအကန့်အသတ်မှ မရှိပဲ ကွပ်မျက်ခံရမယ်”
“အားလုံးပဲ ငါတို့ရဲ့ အရှေ့မှာ အောင်မြင်တဲ့ အနာဂတ်က ရှိနေပြီးသား။ ဒါပေမယ့် အချိန်ဘယ်လောက် ကြာသွားခဲ့ပြီလဲ။ အခုက လှုပ်ရှားဖို့ အချိန်ကျပြီ။ လူသားတွေက အစပိုင်းကတည်းက မင်းတို့ ကယ်ဆယ်ထားပြီးသာ တိရိစ္ဆာန်တွေကို အာရုံစိုက်ပြီး ကာကွယ်စောက်ရှောက်ထားသင့်တယ်။ ဒါပေမယ့် တိရိစ္ဆာန်အနည်းငယ်ကို ကာကွယ်စောက်ရှောက် ပေးနိုင်ခဲ့ရင်တောင်မှ နောက်ပိုင်း ပမာဏ အရမ်းများလာခဲ့ရင် ဘယ်လိုတွေ ဖြစ်သွားနိုင်မလဲ”
“သူတို့က တူညီတဲ့လမ်းကို ဆက်လျှောက်မှာလား ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ”
“ဒီလို အခြေအနေကို အများမြင်လိုက်တာက တအား ကောင်းတယ်။ ဒီလိုဆိုရင် လူတိုင်းကလည်း တိရိစ္ဆာန်တွေကို ရက်စက်တဲ့ လူတွေက အနှေးနဲ့အမြန် သဘာဝရဲ့ အပြစ်ပေးတာကို ခံရမယ်ဆိုတာကို နားလည်သွားကြလိမ့်မယ်”
“ငါတို့ နှစ်တစ်သောင်းကျော်အောင် တိရိစ္ဆာန်တွေ မရှိပဲ နေလာခဲ့ရတာ။ ဒါက သက်ရှိ ဥပမာပဲ။ ဒါက သွေးလွှမ်းတဲ့ သင်ခန်းစာလဲ ဟုတ်တယ်”
…
ဆုပိုင်က မြေပြင်မှ ခြေရာလက်ရာများကို ကြည့်ပြီး တောက်လျောက်လိုက်သွားသည်။ ထို့နောက် ဘီးရာများကို တွေ့ရသည်။ ထိုဘီးများက သိပ်မဝေးသော နေရာရှိ စိုက်ခင်းမြေထံ ဦးတည်နေခြင်း ဖြစ်သည်။
မြက်ခင်းပြင်ပေါ်တွင် လှဲနေသည့် ဆုပိုင်က ခေါင်းကို မော့ကာ ကုန်တင်ကားထဲမှ ထွက်လာသော လူအချို့ကို ကြည့်သည်။
အားလုံးပေါင်း ငါးယောက် ဖြစ်သည်။ သူတို့၏ ပုခုံးပေါ်တွင်လည်း ခပ်ထူထူ ပုံးကြီးများကို သယ်လျက် အတွင်းသို့ ရွှေ့နေသည်။
ထိုလူများက ဆင်များကို အမဲလိုက်ပြီး ဆင်စွယ်ခိုးသော အဖွဲ့အစည်းမှ လူများ ဖြစ်လောက်သည်။ မည်သို့ပင်ဆိုစေ ဆုပိုင်ကလည်း ထိုယာတဲအိမ်အတွင်း မည်သို့သော တိရိစ္ဆာန်မျိုးများကို မွေးထားကြောင်း မသိနိုင်သေးချေ။
“ဟား ဟား ဟား ဒီတစ်ကြိမ် အကျိုးအမြတ်ကတော့ တအားကောင်းတယ်”
၁.၅မီတာခန့် မြင့်သည့် ဆင်စွယ်ကို သယ်လာသည့် ပါးတုံးဆိုသည့် လူက လူတိုင်းကို ရယ်ကာ ကြည့်သည်။
“ဒါကို ရောင်းလိုက်ရင် ငါတို့ ပိုက်ဆံအများကြီး ရမှာပဲ”
“အဲ့ဒီအနောက်ပိုင်းက လူတွေက ဆင်စွယ်ကို တအားကြိုက်ကြတာ”
“သူဌေး တအားတော်တာပဲ။ ဒီတစ်ကြိမ် ဆင်သိုက်ကိုတောင် တွေ့လိုက်တယ်”
အသားမဲသော လူငယ်တစ်ယောက်က ရယ်လျက်ပြောသည်။
“ဒါပေမယ့် နှမြောစရာပဲ။ အဲ့ဒီ ဆင်ပေါက်ကလေးကို လွတ်သွားတယ်။ မဟုတ်ရင် အလောင်းတစ်လောင်းလုံးကို ရောင်းလို့ရမှာ။ ဒီလိုဆိုရင် ပိုပြီးတော့တောင် ပိုက်ဆံရဦးမယ်”
ဖြန်း
ပါးတုံက ဆင်စွယ်ကို ပစ်ချရင်း ထိုကောင်လေးကို ဖြတ်ရိုက်သည်။
“ကောင်းပြီ မူတင်း ဒါက မင်းရဲ့ကလေးလည်း မဟုတ်ဘူးလေ။ ငါ မင်းကို ဘယ်နှစ်ကြိမ် ပြောရမလဲ။ အရမ်းကာကြီး လျှောက်မပစ်နဲ့လို့ မပြောထားဘူးလား။ ဒါပေမယ့် ဒီအကောင်ကို တိရိစ္ဆာန်ရုံကို သွားရောင်းမယ် ဆိုရင်တောင်မှ ပိုက်ဆံအများကြီး မရနိုင်ပါဘူး”
ပါးတုံးက နှုတ်ခမ်းတစ်ချက် သပ်ရင်း ပြောသည်။
“ဒီလူဖြူတွေက ဂျေးတအားများတာ။ သူတို့က အာဖရိကဆင်တွေကို ပိုပြီး သဘောကျကြတယ်။ အာရှဆင်တွေက ဈေးသိပ်မမြင့်ပါဘူး”
“ဟုတ်ကဲ့ ခေါင်းဆောင်”
မူတင်းက နဖူးကိုပွတ်ပြီး ဆင်စွယ်များ အားလုံးကို ကားထဲမှ ဆွဲထုတ်သည်။
51 03
“ဆင်စွယ်တွေကို သန့်ရှင်းရေး လုပ်လိုက်။ ပြီးရင် ဓာတ်ပုံရိုက်ပြီး သူတို့ဆီ ပို့ပေးလိုက်တော့။ သူတို့ ဘယ်အချိန် ပစ္စည်း လာယူမလဲလို့ စောင့်ကြည့်ရဦးမယ်။ ဒီတစ်ကြိမ် အရည်အသွေးက တော်တော်လေး ကောင်းတယ်။ ဒါပေမယ့် ဈေးကတော့ ပိုမြင့်မှ ရလိမ့်မယ်”
ပါးတုံးက မြေပြင်ပေါ်ရှိ ဆင်စွယ်ကိုကြည့်ပြီး လူတိုင်းကို ပြောသည်။
“ရောင်းပြီးလို့ ပိုက်ဆံရတဲ့အခါ အားလုံးလည်း ဝေစုရမှာပါ။ အဲဒီနောက် နောက်ထပ်တစ်ကြိမ် ညှိနှိုင်းကြတာပေါ့။ ငါစောင့်ကြည့်ထားတဲ့ အခြေအနေ အတိုင်းဆိုရင် မြက်ခင်းပြင်ပေါ်မှာ နောက်ထပ် ဆင်တစ်အုပ်ရှိလိမ့်မယ်။ ဒါပေမယ့် အသေးစားအုပ်ပဲ ဖြစ်လိမ့်မယ်။ ဒီတစ်ကြိမ် အရောင်းအဝယ်ကသာ အောင်မြင်သွားရင် အားလုံးအေးအေးဆေးဆေး လူစုခွဲပြီး ဒီဆင်သိုက်ကို သွားရှာလို့ ရတယ်”
ထိုတစ်အုပ်က ပုံးအသီးသီးကိုကိုင်ပြီး ဆင်စွယ်များပေါ်တွင်ရှိသော သွေးများကို ဆေးကြောနေကြသည်။
ဆုပိုင်ကလည်း ထိုလူများ၏ လည်ပင်းတွင် ဆွဲထားသည့် ဆင်စွယ်များဖြင့် လုပ်ထားပုံရသည့် ဗုဒ္ဓရုပ်ပွားတော် အသေးစား အဆောင်လေးကို မြင်လိုက်ရသည်။
“ဟူး”
“အားလုံးပေါင်း ငါးယောက်ပဲ”
ဆုပိုင်က ငြီးငြူပြီး ထိုကုန်တင်ကားဆီသို့ ခိုးကြောင်ခိုးဝှက် တွားသွားလိုက်သည်။ ကံကောင်းသည်မှာ ထိုလူများအားလုံး၏ လက်နက်များက ကားထဲတွင် ဖြစ်သည်။ သူတို့က အောက်သို့ သယ်မချခဲ့ချေ။ ပို၍ ဆိုးသည်မှာ ဆုပိုင်က အချိန်အတန်ကြာ စောင့်ကြည့်နေသည်။ ထို့ကြောင့် ခေါင်းဆောင်မှလွဲပြီး မည်သူ့ထံတွင်မှ လက်နက်မရှိချေ။
ခေါင်းဆောင်ကို အမြန်ဆုံး ကယ်တင်လိုက်ပြီး ဒီကားကို ဝင်စီးရမယ်။
ထို့နောက် အောင်မြင်သွားပေလိမ့်မည်။
လူတိုင်းက ဆင်စွယ်ကို သန့်ရှင်းနေပြီး အိမ်ထဲသို့ ဂရုတစိုက် သယ်သွားသည့် မြင်ကွင်းကို စောင့်ကြည့်နေလိုက်သည်။
ထိုခြံဝင်းတစ်ခုလုံးတွင် မည်သူမှမရှိတော့မှသာ ဆုပိုင်က ဓားမြှောင်ကို ထုတ်ပြီး ကုန်တင်ကား၏ တာယာများကို ခုတ်ဖြတ်လိုက်သည်။
သူက အောက်သို့ ငုံ့ကိုင်းလိုက်ပြီး ပစ္စည်းသယ်သော အခန်းတံခါး ရှိရာသို့ တဖြည်းဖြည်းချင်း လျှောက်သွားသည်။ ထိုအခိုက် လူတိုင်းက စားသောက်နေကြပြီ ဖြစ်သည်။ ဆုပိုင်က တံခါးဘေးနားတွင် အသာတကြည် ဝပ်ရင်း အမောတကြီး အသက်ရှူနေရသည်။
ကျွီ
ရုတ်တရက် သစ်သားတံခါးက ပွင့်သွားပြီး ပန်းကန်ပြားတွေ သယ်ထားသည့် လူငယ်လေးတစ်ယောက်က ထွက်လာသည်။