← Chapters

ဆယ့်နှစ်ရာသီပင်

Vol. 6 Ch. 553

ဆယ့်နှစ်ရာသီပင်

Vol. 6 Ch. 553

ဝူဖိန်သည် မှော်ဆရာ  တစ်ယောက်သာ မဟုတ်ပါ။ သူက အဆင့်မြင့် သမားတော် တစ်ယောက်လည်း ဖြစ်လေသည်။ တုန်းယီဒေသတွင် သူကယ်တင်ခဲ့သည့် အသက်ပေါင်း မနည်းလှပေ။ ထို့ကြောင့် သူ့ကို မသိသည့်သူ မရှိပေ။

သို့သော် ဖုန်းကတော့ ဝူဖိန်ကို ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်လေသည်။

ဝူဖိန်၏တပည့်လေးက ဝူဖိန်နေထိုင်သည့်နေရာသို့ ဖုန်းကို လမ်းပြခေါ်ဆောင် လာလေသည်။

သစ်ပင်များကို ရေလောင်းနေသည့် အဘိုးအို တစ်ယောက်ကို ဖုန်း တွေ့မြင်လိုက်ရသည်။

အဘိုးအို ရေလောင်းနေသည့် အပင်များမှာ မြက်ပင်များနှင့် ဆင်တူလေသည်။ သို့သော် ထိုမြက်ပင်များမှ ထွက်နေ သည့်မွှေးရနံ့သည် စိတ်ကို ရွှင်လန်း စေလေသည်။ သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုမြက်ပင်များသည် တစ်ခက်နှင့်တစ်ခက် အလွန်နီးကပ်နေကြပြီး အမြစ်တစ်ခုမှ မြက်ပင်ဆယ့်နှစ်ခက် ဖြာထွက်နေသည်ကို တွေ့ရလေသည်။ ဒေါနပန်းနှင့် အနည်းငယ် ဆင်တူသယောင် ရှိသော်လည်း ထိုမြက်ပင်များက ထွားကျိုင်းပြီး ရိုးတန် ဖြောင့်ဖြောင့်နှင့် ဖြစ်လေသည်။ မက်ပင်မှ အပွင့်လေးများသည် ခရမ်းရောင်လည်းရှိသလို အနီရောင်လေးများလည်း ရှိလေသည်။

ထိုမြက်များမှာ ဆယ့်နှစ်ရာသီပင်များ ဖြစ်ကြောင်း ဖုန်း ကောင်းကောင်းသိလေသည်။

ဆယ့်နှစ်ရာသီပင်များသည် တာရှည်မခံပေ။ တစ်ခဏအတွင်းမှာပင် ညှိုးနွမ်း သွားကြစမြဲပင်။ သို့သော် ဝူဖိန်၏ စိုက်ခင်းတွင်တော့ မြက်ပင်များသည် မညှိုးနွမ်းဘဲ လန်းဆန်း နေကြလေသည်။ ဝူဖိန်သည် ဆယ့်နှစ်ရာသီပင်များ ညှိုးနွမ်းမသွားစေရန် မှော်ပညာ အစီအရင်တစ်ခုကို အသုံးပြုထားဟန် တူလေသည်။ သို့သော် ဝူဖိန်မည်သို့သော ပညာကို အသုံးပြုထားသည်ကို ဖုန်းသိရှိခြင်း မရှိပေ။

ဖုန်းသည် မှော်ပညာများကို စိတ်ဝင်စားသူ တစ်ယောက် မဟုတ်ပေ။ သူက လေးအတတ်ကိုသာ စိတ်ဝင်စားသူ ဖြစ်လေသည်။

ဝူဖိန်သည် ဖုန်းကိုတွေ့လိုက်သည်နှင့်လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်လေသည်။

မှော်ဆရာ အဘိုးအိုသည် အနက်ရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ပိုက်ကွန်သဖွယ် ရှုပ်ထွေးသည့် ဦးထုပ် တစ်လုံးကို ဆောင်းထားလေသည်။ သူ၏ပါးပြင်က သွေးရောင်လွှမ်းနေပြီး သူ၏မျက်ဝန်းများက တောက်ပကြည်လင် လွန်းလှလေသည်။

ဖုန်းက ရင်ပတ်ထက်တွင် လက်တစ်ဖက်ကို ဖိကပ်လိုက်ပြီး လေးစားသမှုဖြင့် ဝူဖိန်ကို ဂါရဝ ပြုလိုက်သည်။

“ဆရာဝူဖိန်ကို နှုတ်ဆက်ပါတယ်…”

အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသတွင် အသက်ကြီးသူများကို ဆရာဟုခေါ်သည့် ဓလေ့ ရှိကြလေသည်။ ထို့ကြောင့် ဖုန်းက ဝူဖိန်ကို ဆရာဟု ခေါ်လိုက်ခြင်း ဖြစ်လေသည်။ ဝူဖိန်သည် ဖုန်းထက် အသက်ကြီးရုံ သာမက ဖုန်းက ဝူဖိန်ဆီမှ အကူအညီ တောင်းမည့်သူ ဖြစ်သည့်အတွက် ရိုသေသမှုဖြင့် ခေါ်လိုက်ခြင်း ဖြစ်လေ၏။

ဝူဖိန်က…

“ဘာကိစ္စရောက်လာတာလဲ၊ ဆေးကုဖို့လား၊ ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်ယောက်များ နေမကောင်း ဖြစ်လို့ လား”

“ဆေးကုသဖို့ လာတာမဟုတ်ပါဘူး ဆရာဝူဖိန်၊ ကျုပ်အတွက် ဆရာက ဗေဒင်များ တွက်ပေးနိုင်မလားလို့ပါ”

ဖုန်းကပြောလိုက်လေသည်။

ဝူဖိန်က လေသံတိုးတိုးဖြင့်…

“ကျုပ်ဗေဒင်မတွက်တာ တော်တော်တောင် ကြာနေပြီ၊ ဒါကြောင့် မှားပြီး တွက်ချက်မိမှာ စိုးရိမ်မိပါတယ်”

ဖုန်းက….

“စိတ်မပူပါနဲ့၊ ကျုပ်က စိတ်သက်သာလို သက်သာညား လာခဲ့တာပါ၊ ဆရာ့ကိုလည်း ယုံပြီးသားပါ”

ထိုစကားကြောင့် ဝူဖိန်လည်း ငြင်းရန် မတတ်သာတော့ပေ။

“ဒီလိုဆိုမှတော့ တွက်ကြည့်ပေးမယ်လေ၊ တိုက်တိုက်ဆိုင်ဆိုင် ခုတလော မိုးမြေ သဘာဝတရားနဲ့ ပတ်သက်တဲ့ ကိစ္စအချို့ကို ကျုပ်လေ့လာနေခဲ့တာ၊ မင်းသာအလျင်မလိုရင် အဲဒီ ပညာအကြောင်းတောင် အတူတူဆွေးနွေးလို့ ရသေးတယ်”

ဝူဖိန်သည် လူတို့၏အသက်ကို ကယ်တင်နေသည့် သမားတော်တစ်ယောက် ဖြစ်သော်လည်း ပွင့်လင်းပြီး သူ၏ကျင့်စဉ်များနှင့် ပတ်သက်ပြီး အခြားသူများကို ဝေမျှပေးလိုစိတ် ရှိခြင်းက အံ့သြစရာ ဖြစ်လေသည်။

ဖုန်းက ပြတ်သားသည့် လေသံဖြင့်…

“ကျုပ်တော့ ဆရာဝူဖိန်ကို ဒုက္ခပေးမိပြီ…”

ဝူဖိန်သည် ဖုန်းကို အိမ်အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

ဖုန်းကိုခေါ်လာသည့် ဝူဖိန်၏ တပည့်လေးက ဆရာဖြစ်သူ လက်ဆေးရန် အတွက် ရေဇလုံတစ်လုံး ယူလာလေသည်။ ထိုရေကို မြင်တွေ့လိုက်သည့် အခါ ဖုန်းသည် အလွန်အမင်း အံ့သြ သွားရလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုရေသည် ယန်ချွမ်ရေစင် ဖြစ်နေသောကြောင့်ပင်။

ယင်စွမ်းအားမြင့်မားသည့် အသူရာ ချောက်ကဲ့သို့သော နေရာမျိုးတွင် ယန်စွမ်းအား မြင့်မားသည့် ယန်ချွမ်ရေစင်သည် အလွန်ရှားပါးပြီး သန့်ရှင်းသည့် ရေအရင်းအမြစ်ပင် ဖြစ်လေသည်။ လူတစ်ယောက်သည် ယန်ချွမ်ရေစင်ကိုသာ အချိန်ကြာမြင့်စွာ သောက်သုံးပါက ခန္ဓာကိုယ်တွင်းမှ ယင်နှင့်ယန်ကို ထိန်းညှိပေးပြီး အသက်ကို ရှည်စေမည် ဖြစ်လေသည်။

ဝူဖိန်က လက်ကိုဆေးကြော သန့်စင်ပြီးသည်နှင့် ဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင် လိုက်လေသည်။

ဝူဖိန်က ကွေ့ပတ် မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“တုန်းယီမှာ ဗေဒင်ပညာဟာ အရင်ကနဲ့ မတူတော့ဘဲ အရမ်းကို လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုး တိုးတက်လာတယ်၊ မှော်ဆရာ အတော်များများဟာ ကြေးနီဒင်္ဂါးတွေ၊ ကျောက်တုံးတွေကို အသုံးပြုပြီး ဗေဒင် ဟောလာကြတယ်၊ တကယ်လည်း ထိရောက်မှု ရှိကြပါတယ်၊ ဒါပေမဲ့ ကျုပ်က ရှေးဟောင်း စာပေတွေကို လေ့လာပြီးတော့ ဟောနည်း တစ်မျိုးနဲ့ ဗေဒင်ဟောမှာ ဖြစ်တယ်၊ အဲဒါကတော့ ကျုပ်စိုက်ပျိုးထားတဲ့ ဆယ့်နှစ်ရာသီပင်လေးတွေနဲ့ တွက်ချက် ဟောကြားပေးမှာပဲ”

ဖုန်းက အံ့သြစွာဖြင့်…

“အဲဒီ ဆယ့်နှစ်ရာသီပင်တွေကို ဗေဒင်ဟောတဲ့ နေရာမှာ အသုံးပြုမယ်လို့ ထင်မထားမိဘူး၊ ဒီလိုအကြောင်းအရာမျိုး ကျုပ်ဘဝမှာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ”

ဖုန်း၏ စကားကြောင့် ဝူဖိန်သည် ကျေနပ်သွားလေသည်။

“ကျုပ်လည်း ဒီနည်းလမ်းကို ရှာဖွေတွေ့ရှိတော့ တကယ်ပဲ အံ့သြခဲ့ရပါတယ်၊ ဒါပေမဲ့ ရှေးခေတ် အချိန်တုန်းက ဆယ့်နှစ်ရာသီပန်းတွေကို ဗေဒင်ဟောတဲ့ နေရာမှာ တကယ်ပဲ အသုံးပြုခဲ့ကြတယ်၊ တုန်းယီမှာ ဆယ့်နှစ်ရာသီပင် တွေပေါပါတယ်၊ ဒါပေမဲ့ အသုံးဝင်တဲ့ အချက်ကိုတော့ ဘယ်သူမှ သိပ်မသိကြဘူး၊ လူတွေက ဆယ့်နှစ်ရာသီပင် ကိုရနံ့မွှေးပြီး ဆေးဖက်ဝင်တယ်လို့ပဲ သိထားကြတာလေ”

“ဆရာဝူဖိန်သာမဖော်ထုတ်နိုင်ခဲ့ရင် ဒီလို အဖိုးတန်ပညာဟာ ကွယ်ပျောက်နေမှာပါပဲ”

ဖုန်းက ဝူဖိန်ကို အနည်းငယ် မြှောက်ပြော လိုက်လေသည်။

ထို့ပြင် ဝူဖိန် ဗေဒင်ဟောတိုင်း မှန်နေသည်မှာ ဆယ့်နှစ်ရာသီပင်ကြောင့် ဖြစ်နိုင်သည် ဟုလည်း စဉ်းစား လိုက်မိလေသည်။ ထိုသို့ စဉ်းစားမိသည့်အခါ သူက အဘိုးကြီးဆီမှ ဆယ့်နှစ်ရာသီပင် အချို့တောင်းယူပြီး သူ၏ မျိုးနွယ်စုရှိရာ ဒေသတွင် စိုက်ပျိုးရန် စိတ်ကူး ရမိလေသည်။

ဝူဖိန်က ပြုံးလိုက်ရင်း…

“တကယ်တော့ ဆယ့်နှစ်ရာသီပင် တစ်မျိုးတည်းနဲ့တော့ အလုပ်မဖြစ်ပါဘူး၊ ဗေဒင်ပညာနဲ့ ပေါင်းစပ် သိမြင်ဖို့လည်း လိုသေးတယ်၊ ကျုပ် မင်းကို ဗေဒင်တစ်ကြိမ် ဟောပေးမယ်၊ မင်းရဲ့ ကျင့်ကြံမှုက နက်ရှိုင်းတဲ့ အခါကျတော့ ကျုပ်ရဲ့ ဗေဒင်ပညာမှာ အားနည်းချက် ရှိရင်လည်း ကူပြီးရှာဖွေပေးပါ”

ဖုန်းက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

“ကျုပ်ကြိုးစားပါ့မယ်…”

ဝူဖိန်၏ တပည့်လေးသည် ဆယ့်နှစ်ရာသီပင်များကို ယူဆောင် လာလေသည်။ ဖုန်းက စူးရှသည့် အမြင်အာရုံဖြင့် ကြည့်လိုက်ရာ ဆယ့်နှစ်ရာသီပင် အပင်ငါးဆယ် တိတိ ဖြစ်သည်ကို သိရှိလိုက်လေသည်။ ထိုအရေအတွက်သည် ပြီးပြည့်စုံသည့် အရေအတွက်ဟု သတ်မှတ် နိုင်လေသည်။

ထို့ကြောင့် ဖုန်းသည် ဝူဖိန်၏ ဗေဒင်ပညာကို သံသယတစ်ချက်ပင် မဝင်ဘဲ ယုံကြည် ခဲ့လေသည်။

ဝူဖိန်သည် ဗေဒင်ဟောသည့် ပညာကို အသုံးပြုပြီး ဆယ့်နှစ်ရာသီပင် အတိုအရှည်များကို ခွဲခြားလိုက်ပြီး ရှုတ်ထွေး သည့်ပုံဖော်မှု တစ်ခုကို ပြုလုပ်လိုက်လေသည်။

ပြီးမှ သူက အတန်ကြာစဉ်းစားနေပြီး….

“မင်းမေးတဲ့ကိစ္စက အကောင်းအဆိုး ဒွန်တွဲနေတယ်၊ အဆိုးထဲမှာ အကောင်းရှိသလို၊ အကောင်းထဲမှာလည်း အဆိုး ရှိနေတယ်၊ ဘယ်လို ဟောပေးရမယ်မှန်းတောင် မသိတော့ဘူး”

ဖုန်းက…

“ဆရာ.. စိတ်မရှိပါနဲ့၊ ဒီထက်ရှင်းအောင် ထပ်ဟောပေးလို့ မရဘူးလား”

ဝူဖိန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…

“မင်းရဲ့ မွေးဇာတာက မြင့်မြတ်တယ်၊ ဒါကြောင့် ကျုပ်ရဲ့ ခန့်မှန်းနိုင်စွမ်းကို ကျော်လွန်နေတယ်၊ ဒါပေမဲ့ ကျုပ်မင်းကို စကားတစ်ခွန်းတော့ ပြောလိုက်မယ် 'သေခြင်းရှင်ခြင်းကို ကံကြမ္မာက ကြိုတင် သတ်မှတ်ထားပြီးသား' ပဲ၊ အိမ်း…. ကောင်းကင်မှာ နဂါးက ပျံသန်းနေတယ်"

ဖုန်းက…

“အဲဒီစကားကို တာ့ရှားပြည်က ကွမ်းလုန်ကျီဆီက ကြားဖူးပြီးသားပါ၊ သေခြင်းရှင်ခြင်းကို ကံကြမ္မာက ကြိုတင် သတ်မှတ်ထားပြီးသား၊ ဆင်းရဲချမ်းသာ ဆိုတာက မိုးနတ်မင်းရဲ့ အလိုတော်အတိုင်းပဲ၊ ဒါပေမဲ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ နဂါးဆိုတာက ဘာအဓိပ္ပာယ်လဲ”

ဝူဖိန်က ပြုံးလိုက်ရင်း…

“နဂါးတစ်ကောင်က ကောင်းကင်မှာ ဘာလုပ်မလဲ၊ ခုန်နေမှာတော့ မဟုတ်ဘူး၊ ပျံသန်းနေမှာပဲ မဟုတ်ဘူးလား၊ ပျံသန်းနေတဲ့ နဂါးဟာ မိုးနဲ့မြေမှာ လွတ်လပ်စွာ လှည့်လည် သွားလာနိုင်တယ်လို့ အဆိုရှိတယ်၊ ဒီတော့ လူမှုရေးပိုင်းကို ဟောရမယ်ဆိုရင်… အထွတ်ထိပ် အဆင့်မှာရှိတယ်၊ တိုင်းပြည် ထူထောင်မယ့် သူကို ဟောမယ်ဆိုရင်တော့ ဧကရာဇ် ဖြစ်ကိန်း မြင်တယ်"

ဝူဖိန်၏ ဟောကိန်းကြောင့် ဖုန်း၏ရင်ထဲတွင် စိတ်လှုပ်ရှား သွားရလေသည်။ ဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ သူ အမြဲတမ်း မျှော်လင့်ထားသည့် ကိစ္စ ဖြစ်လေသည်။ သို့သော် ဟောကိန်းကို မယုံကြည်နိုင်သဖြင့် သူက ထပ်မံ မေးမြန်းလိုက်သည်။

“ဆရာပြောပုံအရဆိုရင် … အခုကိစ္စက ကောင်းတဲ့ကိစ္စပေါ့၊ ဘယ်လိုလုပ် အဆိုးထဲက အကောင်း၊ အကောင်းထဲက အဆိုးဖြစ်ရမှာလဲ”

***

ဆန်းလျန်က “ယိ” လမ်းစဉ်ကို အသုံးပြုပြီး လူတစ်ယောက်၏ ကံဆိုးကံကောင်းနှင့် ထိုသူသည် နောင်အနာဂတ်တွင် မည်သို့ဖြစ်ပျက်မည့် အရာများကို ခန့်မှန်းနိုင်မည်ဟု ယူဆ ခဲ့လေသည်။ ထို့ပြင် အနာဂတ်ကို သိရှိနိုင်ခြင်းအားဖြင့် ကံဆိုးကံကောင်း အကျိုး သက်ရောက်မှုများကိုလည်း တားဆီးနိုင်မည် ဖြစ်လေသည်။

သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ဖန်ဆင်းရှင်ကို ထိခိုက်မည်တော့ မဟုတ်ပေ။

***

All Chapters