အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အခန်း ၁၃၆ ပြန်လည်စီစဉ်ခြင်းနှင့် အဆင့်မြှင့်တင်မှုစတင်ခြင်း
“ကြက်ခြံနဲ့နွားခြံတွေကို ငါတို့နေတဲ့နေရာနဲ့ နည်းနည်းဝေးဝေးထားဖို့ လိုနေသေးတယ်။ ဒါမှလူတွေက ဒီတိရစ္ဆာန်တွေရဲ့ အနှောင့်အယှက်ကနေ ကင်းဝေးလိမ့်မယ်။”
ယွမ်နွန်က ပြောလိုက်သည်။
“လယ်ကွင်းကို ကြက်ခြံ၊နွားခြံနဲ့အတူထားဖို့ အကြံပြုပါတယ်။ ဒါဆို စီမံခန့်ခွဲရတာလည်း ပိုပြီးလွယ်ကူသွားလိမ့်မယ်။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“ဒါဆို ကြက်ခြံနဲ့နွားခြံကို အနောက်မြောက်ထောင့်မှာ ဂိုဒေါင်နဲ့ကပ်ထားလိုက်မယ်။”
“တခြားသူတွေမှာရော တောင်းဆိုချက်တွေ ရှိသေးလား။”
ရှောင်းယီက မြေပုံပေါ်တွင် အဆိုပါနေရာများကို အမှတ်အသားပြုပြီးနောက် မေးမြန်းလိုက်သည်။ အားလုံးက ခေါင်းခါလိုက်ကြပြီး အခြားအမြင်မရှိကြောင်း ဖြေကြားလိုက်ကြသည်။
ထိုအခါ ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြန်ကြည့်ကာ သူမှတ်ထားသောနေရာကိုညွှန်ပြပြီး ပြောလိုက်၏။
“ကျုပ်မှတ်ထားတဲ့နေရာတွေထဲက သစ်ပင်နဲ့ကျောက်တွေအားလုံးကို အရင်းအမြစ်အဖြစ် တူးဖော်ရမယ်။”
လူတိုင်း ရှောင်းယီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“ရှောင်းယီ မင်း တကယ် လုပ်မှာလား။”
အန်းယွဲ့က မေးလိုက်၏။
“ပင်လယ်သတ္တဝါတွေကို ကိုင်တွယ်ဖို့အတွက် အစ်ကိုကျန်းကလွဲပြီး ကျန်တဲ့သူတွေအားလုံး တူးဖော်မှုမှာပါဝင်ရမယ်။ မနက်ခင်းမှာ ဒီနေရာကိုရှင်းလင်းဖို့ ကြိုးစားကြပါ။”
ရှောင်းယီက ထပ်မံ၍ အတည်ပြုလိုက်သည်။
“ဟင်”
လူတိုင်း ထိတ်လန့်သွားကြ၏။
“ကျုပ်ပြောတဲ့အတိုင်းသာ လုပ်ကြပါ။ ဒါက ခင်ဗျားတို့ကျွန်းကိုရောက်လာတုန်းက ကြေညာထားတဲ့အတိုင်းပဲ။ ကျုပ်ရဲ့ဆုံးဖြတ်ချက်က အဆုံးအဖြတ်ပေးတဲ့အမိန့်ပဲ။ နားလည်ပြီလား။”
ရှောင်းယီက ထပ်မံ၍ အလေးအနက် ပြောလိုက်သည်။
“နားလည်ပါပြီ”
လူတိုင်းက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြ၏။
“ဒါဆို စလုပ်ကြစို့။ ဦးလေးယွမ်က လွှစက်ကို သုံးပြီး ကျန်တဲ့သူတွေက ပုဆိန်သုံးကြပါ။ စလုပ်ကြမယ်။”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်းသည် တိုက်ခန်းအပြင်ဘက်သို့ ထွက်သွားကြပြီး တံခါးဖွင့်လိုက်သည်နှင့် အားလုံး အံ့ဩထိတ်လန့်သွားခဲ့ကြလေသည်။
အအေးဓာတ်ကြောင့် လူတိုင်းသည် ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အမှန်တကယ် အေးမနေသော်လည်း အပြင်ဘက်ရှိ ဆီးနှင်းများမှာ တစ်မီတာနီးပါးနက်နေပြီဖြစ်၏။
ထို့အပြင် ကောင်းကင်မှ ငှက်မွှေးကဲ့သို့ဆီးနှင်းပွင့်များက ဆက်လက်ကျနေဆဲပင်။
“ဒါက အရမ်းကြီးလွန်းမနေဘူးလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ သူ၏သွားများကို ဖိကြိတ်ပြီး ပြောလိုက်သည်။
“လမ်းဖောက်လိုက်ပါ ဒီနေ့ ကျုပ်သတ်မှတ်ထားတဲ့နေရာကို အပြီးပြင်ဆင်ရမယ်။”
လူတိုင်းခေါင်းညိတ်ကာ ဆီးနှင်းထဲတွင် လမ်းကြောင်းဖောက်ရန် ဘေးမှ သစ်သားပြားများနှင့် အခြားကိရိယာများကို ရှာဖွေလိုက်ကြသည်။
ကံကောင်းထောင်မစွာဖြင့် ဆီးနှင်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အတားအဆီးအဖြစ် မမှတ်ယူထားသောကြောင့် သူတို့သည် တစ်နေကုန် ဆီးနှင်းများကို လှည်းကျင်းနေရန် မလိုအပ်ပေ။
လမ်းကြောင်းဖောက်ပြီးနောက် ရှောင်းယီသည် အခြားသူများကို အနီးရှိသစ်တောသို့ခေါ်ဆောင်သွားကာ သစ်ပင်တစ်ပင်ကိုလှဲပစ်ပြီး ကျောက်တုံးတစ်ခုကို တူးဖော်လိုက်သည်။
သို့သော် ကျင်းယွင်ထျန်းကို ဝမ်ချိုင်မှခေါ်ယူသွားခဲ့ပြီး ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုမှာ စတင်နှင့်ပြီးဖြစ်သည်။
ရှောင်းယီတို့သည် မနက်ခင်းတွင် ခြောက်နာရီကြာအောင် အလုပ်လုပ်ခဲ့ကြ၏။ ဆုဝမ်က မနက်စာအတွက် ပြောင်းဖူးနှင့် ကြက်ဥများကိုသာ ချက်ပြုတ်ပေးခဲ့ပြီး လူတိုင်း ယူဆောင်သွားခဲ့ကြသည်။
လွှစက်၊ လျှပ်စစ်ထယ်သွားများဖြင့် သစ်ပင်ခုတ်ခြင်းနှင့် ကျောက်တူးခြင်းတို့သည် အလွန်ထိရောက်မှုရှိပြီး မနက်ခင်းခြောက်နာရီအတွင်း အလုပ်များစွာကို လုပ်ဆောင်နိုင်ခဲ့လေသည်။
ရှောင်းယီက ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလိုက်သည်။
“ကောင်းပြီ အားလုံးနီးပါးပြီးသွားပြီဆိုတော့ ပြန်ကြရအောင်။ အန်းရန်နဲ့ ဆုဝမ် မင်းတို့နေ့လည်စာသွားချက်ပြုတ်လို့ရပြီ။ ပိုပြီးအာဟာရ ကြွယ်ဝအောင်ချက်လိုက်ပါ။”
“ကောင်းပြီ”
အန်းရန်နှင့် ဆုဝမ်တို့က တုံ့ပြန်လိုက်ကြသည်။
ယွမ်နွန်သည် ဖန်လုံအိမ်နှင့် ဖန်လုံအိမ်အတွင်းရှိ သီးနှံများကိုကြည့်ရှုရန် ထွက်သွားခဲ့ပြီး အန်းယွဲ့သည်မူ မနေ့ကဖမ်းမိသော ပင်လယ်ငါးများကို စုဆောင်းရန် ထွက်သွားခဲ့လေသည်။
“ဟေ့ ဒီနေ့ရိတ်သိမ်းမှုက နည်းနည်း နည်းနေသလိုပဲ။”
အန်းယွဲ့က ပြောလိုက်သည်။ မနေ့ညက ပင်လယ်ငါး လေးငါးထောင်ခန့်သာ ရိတ်သိမ်းနိုင်ခဲ့၏။
ရှောင်းယီ၏ကျွန်းသည် မနေ့က ဆယ်ဆကျော် ချဲ့ထွင်ခဲ့ပြီး ယခင်အချိုးအစားအရ ပင်လယ်ငါးများသည် ငါးသောင်းကျော်ရိတ်သိမ်းနိုင်သင့်သော်လည်း မနေ့ကငါးထောင်ကျော်သာရှိခဲ့သည်။
“အရမ်းအေးနေလို့ဖြစ်နိုင်တယ်။”
အန်းယွဲ့က ထိုသို့တွေးလိုက်ပြီး ထိုပင်လယ်ငါးများကို ဘေးဖယ်ထားလိုက်သည်။
ဤပင်လယ်ငါးများတွင် အဆင့်မြင့်ပင်လယ်ငါးများရှိ၊မရှိ ရှောင်းယီ အတည်ပြုပေးရန် လိုအပ်ပေသည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ပြန်သွားကာ မြေပုံပေါ်တွင် ရှင်းလင်းမထားသေးသော နေရာအနည်းငယ်ရှိနေသေးသလားဆိုသည်ကို ကြည့်ရှုလိုက်၏။ အဓိကအားဖြင့် ချုံနွယ်များနှင့် ကျောက်တုံးများဖြစ်သည်။
ထိုအရာများသည် ထူထဲသောဆီးနှင်းများအောက်တွင် နစ်မြုပ်နေပြီး လုံးဝမမြင်နိုင်ပေ။
သို့သော် ရှောင်းယီသည် ထိုနေရာများတွင် အဆောက်အဦများထားရန် ကြိုးစားလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အတားအဆီးများရှိကြောင်း သတိပေးကာ မထားနိုင်ကြောင်း အကြံပြုခဲ့သည်။
နောက်ဆုံးအချက်အနည်းငယ်ကို အတည်ပြုပြီးနောက် နေ့လည်စာလည်း ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
ရှောင်းယီက အပြင်သို့ထွက်လာပြီး ကျန်းယွင်ထျန်းကို မြင်လိုက်ရသောအခါ မေးလိုက်၏။
“မနက်ခင်းမှာ ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုအကြိမ်ရေဘယ်လောက်ရှိလဲ။”
“ကံကောင်းတယ်။ တစ်မနက်ကို ၁၈ ကြိမ်ပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“၁၈ ကြိမ်လား။ နည်းလွန်း မနေဘူးလား။”
ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားပြီး ဆက်မေးလိုက်၏။
“အဆင့်ရော တိုးလာသေးလား။”
“မတိုးဘူး။ အမြင့်ဆုံးက B အဆင့်ပဲ။ ကိုယ်ကျပ်ဝတ်စုံရှိနေတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဖမ်းလို့တော့ မရခဲ့ဘူး။”
ကျန်းယွင်ထျန်းက နှမြောတသဖြစ်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ မဖမ်းနိုင်လည်း ရပါတယ်။ ငါတို့မှာ B အဆင့်အသားတွေ ကင်းမဲ့မနေဘူး။”
“ဟုတ်တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
နေ့လည်စာအတွက် ဆုဝမ်နှင့် အခြားသူများသည် အိုးကြီးတစ်လုံးဖြင့် ထမင်းချက်ပြီး ဟင်းသီးဟင်းရွက်နှင့် အသားမျိုးစုံကို စားပွဲပြည့်အောင် ပြင်ဆင်ခဲ့ကြသည်။
လူတိုင်းသည် မနက်ခင်းတစ်ခုလုံး သစ်ပင်နှင့် ကျောက်တုံးများ ခုတ်ထွင်ရှင်းလင်းခဲ့ပြီး သစ်သားနှင့်ကျောက်များ အများအပြားရရှိခဲ့သော်လည်း ဗိုက်များမှာ ဗလာဖြစ်နေပြီဖြစ်၏။
ထို့နောက် လူတိုင်းသည် အစားကြူးသူများအဖြစ် ပြောင်းလဲသွားခဲ့ပြီး စားပွဲပေါ်ရှိအစားအစာများသည် မိုးတိမ်ကဲ့သို့ပျောက်ကွယ်သွားခဲ့ကြတော့သည်။
စားသောက်ပြီးနောက် ရှောင်းယီသည် လွှစက်နှင့် လျှပ်စစ်ထယ်သွားများကို ယူကာ အပြင်သို့ ထွက်သွားခဲ့လေသည်။
“နောက်တစ်ခုအနေနဲ့ ခင်ဗျားတို့ လုပ်နေတဲ့အလုပ်ကို တစ်ခေါက်လောက် သွားကြည့်လိုက်ကြပါ။ ကျုပ်တို့နေတဲ့ရာနေရာပြောင်းသွားရင် အံ့အားသင့်မသွားပါနဲ့။ အပြောင်းအလဲပြီးတဲ့အထိ စောင့်ကြပါ။”
ရှောင်းယီက သူထွက်မသွားခင် လှုံ့ဆော်သွားသည်။ လူတိုင်းက ခေါင်းငြိမ့်လိုက်ကြ၏။
အန်းရန်နှင့် ဆုဝမ်တို့သည် စားပွဲခုံများကို သန့်ရှင်းရေးလုပ်လိုက်ကြပြီးနောက် ယခင်က မပြီးဆုံးသေးသော ငါးများကို ဆက်လက်ကိုင်တွယ်လိုက်ကြသည်။
ယွမ်နွန်သည် ဖန်လုံအိမ်အတွင်းရှိ ဟင်းသီးဟင်းရွက်များကို ကယ်တင်နိုင်ခြင်း ရှိ၊မရှိ ကြည့်ရှုရန် ထွက်သွားခဲ့ပြီး အန်းယွဲ့ကမူ ပစ္စည်းများကိုစုစည်းရန် တာဝန်ယူလိုက်သည်။
ရှောင်းယီသည် မနက်ခင်းက ကျန်ရှိနေသေးသော ချုံနွယ်နှင့် ကျောက်တုံးများကို မြန်မြန်ရှင်းလင်းလိုက်ပြီး တိုက်ခန်းသို့ပြန်သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် လုပ်ဆောင်မှုကို စတင်လိုက်တော့သည်။
ပထမဦးစွာ သူသည် စနစ်သိုလှောင်ခန်းမှ အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်ယူလိုက်၏။
“သင့်တွင် အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်ရှိကြောင်း ရှာဖွေတွေ့ရှိပါသည်။ မည်သည့်အဆောက်အဦးအား အဆင့်မြှင့်တင်မည်ကို ရွေးချယ်ပါ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက် တက်လာခဲ့သည်။
မနက်ခင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိခဲ့စဉ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထိုကဲ့သို့အကြံပြုချက်မျိုး မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲမှ ဆုလာဘ်များကို မထုတ်ယူခဲ့သောကြောင့်ပင်။
တစ်နည်းအားဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် စနစ်သိုလှောင်ခန်းအတွင်းရှိအရာများကို မထောက်လှမ်းနိုင်ပေ။
စနစ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် အပြည့်အဝ သဟဇာတဖြစ်နိုင်ပြီး အခြေခံအားဖြင့် စနစ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထက် ပိုမိုအဆင့်မြင့်ကြောင်း ဆုံးဖြတ်နိုင်ပေသည်။
ထိုအကြောင်း စဉ်းစားမိသောအခါ ရှောင်းယီက စနစ်ရရှိခဲ့သည်ကို ကျေးဇူးတင်မိသွားခဲ့၏။ မဟုတ်ပါက သူသည် အခြားသူများကဲ့သို့ တဲထဲတွင် တုန်တုန်ရီရီဖြင့် နေနေရနိုင်သည်။
“တိုက်ခန်းကို အဆင့်မြှင့်မယ်။”
ရှောင်းယီ ဆုံးဖြတ်လိုက်သည်။
“သင်သည် အဆင့်မြှင့်တင်ခြင်းကတ်ကို တိုက်ရိုက်အသုံးပြုထားသောကြောင့် ဤအကြိမ်တွင် အဆောက်အဦးပုံစံများကို ပြန်လည်ပြင်ဆင်နိုင်ပါသည်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထပ်မံအသိပေးလာ၏။
ရှောင်းယီသည် ယခင်ဆုံးဖြတ်ထားသည့်အတိုင်း လက်ရှိ လယ်ကွင်း၊ ကြက်ခြံနှင့်နွားခြံတို့ကို အနောက်မြောက်ထောင့်တွင် ထားရှိပြီး အသေးစားဂိုဒေါင်နှင့် သစ်သားအလုပ်ရုံနှစ်ခုကို အရှေ့တောင်ထောင့်တွင် ထားရှိလိုက်သည်။
“အခုအဆင့်မြှင့်မယ်။”
ရှောင်းယီက ဆုံးဖြတ်လိုက်သည်။
“အဆင့်မြှင့်တင်မှုလမ်းကြောင်းကိုရွေးချယ်ပါ- ကျေးလက်လယ်တောဗီလာ၊ ...”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မိတ်ဆက်ပင်ကို နားမထောင်တော့ဘဲ စနစ်၏အကြံပြုချက်အတိုင်း ကျေးလက်ဗီလာပုံစံကိုသာ ရွေးချယ်လိုက်သည်။
“အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။ မူလပစ္စည်းများကို တစ်စိတ်တစ်ပိုင်းထိန်းသိမ်းထားပြီး ထပ်နေသောပစ္စည်းများနှင့် လိုအပ်သောပစ္စည်းများ၏တစ်ဝက်ကို ပြန်လည်ရရှိပါသည်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးလာခဲ့သည်။ ထို့နောက် ရှောင်းယီ၏ကျွန်းမှာ စတင်ပြောင်းလဲလာခဲ့တော့လေသည်။
ဂရင်းဟောက်စ်ထဲတွင်ရှိနေသော ယွမ်နွန်သည် ဖန်လုံအိမ်တစ်ခုလုံး ရွေ့လျားသွားသည်ဟု ခံစားလိုက်ရသော်လည်း ထိုခံစားချက်မှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။
ရိုးရှင်းသောသစ်သားတဲအောက်၌ မီးဖိုနားတွင် ရေချိုငါးများအား ကိုင်တွယ်နေသော အန်းရန်နှင့် ဆုဝမ်သည်လည်း ရုတ်တရက် သစ်သားတဲနှင့် တိုက်ခန်းတစ်ခုလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
သို့သော် နောက်တစ်ခဏတွင် အိမ်တစ်လုံးက သူတို့အပေါ်ဘက်မှနေ၍ အုပ်မိုးထုပ်ပိုးပေးလိုက်တော့လေသည်။
အခန်း ၁၃၇ - ချိန်ညှိမှု ပြီးဆုံးခြင်း၊ မင်းကအရှုံးသမားပဲ
သစ်သားတဲအောက်မှ မီးဖိုသည် ကျေးလက်ဗီလာထဲတွင် အဖြူရောင် ကြွေပြားများဖြင့် ဖုံးအုပ်ထားသော ကြီးမားသည့် အိုးကြီးတစ်လုံးနှင့် ထင်းမီးဖိုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ထို့အပြင် ဤအိမ်တွင် ထင်းမီးဖိုသာမက ခေတ်မီ မီးဖိုဆောင်သုံးပစ္စည်းများ အပြည့်အစုံပါရှိသည်။ ဤအရာသည် မီးဖိုနှစ်မျိုးကို ပေါင်းစပ်ထားသည့် ပုံစံပင်။
ဤသည်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အစိတ်အပိုင်းအမြောက်အမြားကို ပြန်လည်ထားရှိထားသည်ဟူသည့် အဓိပ္ပာယ်ဖြစ်နိုင်ပေသည်။
“ဘာတွေဖြစ်နေတာလဲ။”
ဆုဝမ်သည် သူမရှေ့တွင်မြင်နေရသည့် သန့်ရှင်းပြီး ကျယ်ဝန်းသော မီးဖိုခန်းကို ကြည့်ရှုရင်း အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“ဒါက ရှောင်းယီပြောခဲ့တဲ့ အပြောင်းအလဲဆိုတဲ့အရာ ဖြစ်နိုင်တယ်။”
အန်းရန်က အံ့ဩထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
“နောက်မှ ရှောင်းယီကို မေးကြည့်မယ်။”
အပြင်ဘက်တွင် ပစ္စည်းသေတ္တာကို ဆွဲနေသော အန်ယွဲ့မှာမူ ယခင်က တိုက်ခန်းတည်ရှိရာနေရာတွင် ခြံဝင်းပါသည့် အိမ်တစ်လုံး ရုတ်တရက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
“ဒီလိုကြီးမားတဲ့ ခြံဝင်းအတွက် ရှောင်းယီက ဘယ်လို ထုတ်လုပ်မှုပုံစံမျိုး ရခဲ့တာလဲ။ ပြီးတော့ အသုံးပြုတဲ့ အရင်းအမြစ်တွေကလည်း အရမ်းများမှာပဲ။”
အန်ယွဲ့က တွေးလိုက်မိ၏။
အကယ်၍ အန်ယွဲ့သာ သိုလှောင်ရုံကို သွားရောက်စစ်ဆေးနိုင်ပါက သိုလှောင်ထားသော အရင်းအမြစ်များ လုံးဝလျော့မသွားကြောင်း သိရှိရမည်ဖြစ်သည်။
အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် သူ၏အခန်းထဲရှိ ပြောင်းလဲမှုများကို လုံးဝမကြည့်ဘဲ သံမဏိအဆောက်အဦအလုပ်ရုံကို စနစ်သိုလှောင်ခန်းမှ တိုက်ရိုက်ထုတ်ယူလိုက်တော့သည်။
“သင့်တွင် သံမဏိအဆောက်အဦးအလုပ်ရုံ ရရှိထာစကြောင်း တွေ့ရှိပါသည်။ ထားရှိမည့် နေရာကို ရွေးချယ်ပါ။”
ယခင်ညှိနှိုင်းထားသည့်အတိုင်း သံမဏိအဆောက်အဦးအလုပ်ရုံကို အနောက်တောင်ထောင့်တွင် ထားရှိလိုက်သည်။
“ဘုန်း”
အမြင့် ၉ မီတာ၊ အကျယ် ၁၆၀၀ စတုရန်းမီတာရှိသော ကြီးမားသည့် သံမဏိအဆောက်အဦးကြီးတစ်ခု အနောက်တောင်ထောင့်၌ ထွက်ပေါ်လာခဲ့၏။
ဤအလုပ်ရုံသည် အနည်းငယ်မူမမှန်သော ပုံစံရှိပြီး အရှေ့တောင်ထောင့်ဘက်သို့ ထိုးထွက်နေသည်။
ခြံစည်းရိုးကို ပိုမိုညီညာစေရန်အတွက် သံမဏိအဆောက်အဦးအလုပ်ရုံ၏ ပုံစံကို ခြံစည်းရိုးအတွင်းရှိနေရာကို အပြည့်အဝအသုံးချနိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။
အခုအချိန်ထိ အံ့အားသင့်နေဆဲဖြစ်သော အန်ယွဲ့မှာ ရုတ်တရက် မြင်ကွင်းမှာ မှောင်မိုက်သွားပြီး သူ၏ခေါင်းပေါ်မှ ကျနေသော ဆီးနှင်းများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သူသည် စိတ်ထဲ၌ မေးခွန်းများစွာဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ ကြီးမားသော အလုံပိတ်သံမဏိအဆောက်အဦးအတွင်း၌ ရောက်နေသည်ကို တွေ့လိုက်ရပြီး မျက်နှာတစ်ခုလုံး အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဒီလောက်ကြီးတာကြီးကျ...”
အန်ယွဲ့က ကူကယ်ရာမဲ့စွာ ပြောလိုက်မိ၏။ ထို့နောက် အလုပ်ရုံ၏ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ အဆောက်အဦး၏ တံခါးကို အရှေ့တောင်ထောင့်သို့ ထိုးထွက်ထားသော နေရာတွင် ထားရှိထားပေသည်။
ဖန်လုံအိမ်၏ လှုပ်ရှားမှုကို သတိပြုမိခဲ့သော ယွမ်နွန်သည်လည်း ဖန်လုံအိမ်ထဲမှ ထွက်လာပြီး အနီးရှိ ကြက်ခြံနှင့် နွားခြံ အနီးအနားတွင်ရှိသည့် ကြီးမားသော သံမဏိအဆောက်အဦးတို့ကို မြင်တွေ့လိုက်ရပြီး စိတ်ထဲ၌ တုန်လှုပ်သွားခဲ့သည်။
“တကယ်ပဲ ပြန်လည်စီစဉ်နိုင်တာလား။ ရှောင်းယီက ဘယ်လိုလုပ်ခဲ့တာလဲ။”
ယွမ်နွန်က စိတ်ထဲမှ မေးခွန်းထုတ်လိုက်မိသည်။
အသစ်ပေါ်လာသော အဆောက်အဦးများသည် မည်မျှပင် မြင့်မားပြီး ခေတ်မီနေပါစေ ပစ္စည်းသေတ္တာမှ ထုတ်ယူရရှိရန်မှာ မလွယ်ကူပေ။ သို့သော် ရှိပြီးသား အဆောက်အဦးများကို ရွေ့လျားရန်မှာ ပို၍ပင်ခက်ခဲသေးသည်။
သံမဏိအဆောက်အဦးအလုပ်ရုံကို နေရာချရှိပြီးနောက် ရှောင်းယီသည် တံတိုင်းကို ထပ်မံထုတ်ယူလိုက်၏။
“သင့်တွင် တံတိုင်း ရရှိထားကြောင်း တွေ့ရှိရပါသည်။ ထားရှိမည့် နေရာကို ရွေးချယ်ပါ။”
ရှောင်းယီသည် ချက်ချင်းပင် သူရှင်းထားသည့် နေရာအားလုံးကို တံတိုင်းဖြင့် ဝန်းရံလိုက်တော့သည်။
ထို့နောက် မြေပြင်မှ လေးမီတာအမြင့်ရှိသော မြို့ရိုးတစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။
ယွမ်နွန်သည် အနောက်ဘက်မှ ဆူညံသံကို ကြားလိုက်ရပြီး လှည့်ကြည့်ရာ ရုတ်တရက်ပေါ်လာသော တံတိုင်းကို တွေ့မြင်လိုက်ရပြီး မျက်လုံးများ ပြာဝေသွားခဲ့သည်။
“ငါတို့ တစ်ခုခု လိုအပ်လာတာနဲ့ ရှောင်းယီ အကုန်လုပ်ပေးနိုင်တာပဲ။
ယွမ်နွန်က ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်မိ၏။ ထို့နောက် ယခင်က တိုက်ခန်းရှိရာသို့ လျှောက်သွားလိုက်သည်။
တံတိုင်းကို နေရာချရှိပြီးနောက် ရှောင်ယီးသည် မွေးမြူရေးခြံကို ထပ်မံထုတ်ယူလိုက်သည်။
“သင့်တွင် မွေးမြူရေးခြံ ရရှိထားကြောင်း တွေ့ရှိရပါသည်။ ထားရှိမည့် နေရာကို ရွေးချယ်ပါ။”
ထိုအချိန်တွင် စနစ်မှ အကြံပြုလာခဲ့သည်။
[ကျေးလက်အိမ်ထဲမှာ ထားနိုင်တယ်။]
“စနစ်က ကောင်းနေတုန်းပဲ။”
ရှောင်းယီက ချီးကျူးလိုက်၏။ သို့သော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဤကဲ့သို့ အကြံပြုချက်မျိုး မပေးခဲ့ပေ။
သူသည် မွေးမြူရေးခြံနှစ်ခုကို ခြံဝင်း၏ အနောက်တောင်ထောင့်တွင် ထားရှိလိုက်တော့သည်။
မြေပုံပေါ်ရှိ ပြသမှုကို ကြည့်ရှုရင်း ရှောင်းယီသည် ခြံဝင်းအတွင်း၌ ပန်းခြံတစ်ခုရှိကြောင်း တွေ့ရှိလိုက်ရပြီး “ပန်းခြံက ဘယ်လောက်ကြီးလဲ” ဟု မေးလိုက်သည်။
“စတုရန်းမီတာ ၅၀ ဖြစ်ပြီး မြေဆီလွှာ ၂၅ ခု ဖြည့်တင်းနိုင်သည်။”
စနစ်က ပြန်ဖြေလာ၏။
ယခင်က ရှောင်းယီတွင် ၄ စတုရန်းမီတာ ရှိသော ပန်းခြံတစ်ခုရှိခဲ့သော်လည်း ဤကျေးလက်ဗီလာရှိ ပန်းခြံမှာမူ စတုရန်းမီတာ ၅၀ အထိ ကြီးမားနိုင်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ဖန်လုံအိမ်ကို ခြံဝင်းအတွင်းသို့ ရွေ့လိုက်သည်။
ထိုအချိန်တွင် ယွမ်နွန်သည် လယ်ကွင်းထဲမှ ထွက်သွားပြီးဖြစ်သည်။ သို့မဟုတ်ပါက ဤမြင်ကွင်းကို မြင်ရပါက ရှောင်းယီ၏ အသုံးအဖြုန်းကြီးမှုကို ထပ်မံအော်ဟစ်မိပေလိမ့်မည်။
ဖန်လုံအိမ်အတွင်းရှိ သီးနှံများမှာ ရင့်မှည့်ရန် အချိန်နီးကပ်နေပြီဖြစ်သည်။ အကယ်၍ ဖန်လုံအိမ်ကို ဤအချိန်တွင် ဖယ်ရှားလိုက်ပါက နှင်းများ ထူထပ်စွာကျလာသည့်အခါ အေးခဲသွားနိုင်ပြီး ဤအရာမှာ အလွန်အဖြုန်းအတီးကြီးခြင်းသာဖြစ်သည်။
ထိုအရာအားလုံးကို ပြင်ဆင်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် “အိုကေ” ခလုပ်ကို နှိပ်လိုက်တော့၏။ ထို့နောက် အဆောက်အဦးအားလုံး ချထားသည့်နေရာ၌ အမြစ်တွယ်သွားတော့သည်။
ထို့နောက်မှသာ ရှောင်းယီသည် သူ၏အခန်းကို ကြည့်ရှုရန် အချိန်ရှိလာခဲ့သည်။
အခန်း၏ စုစုပေါင်းနေရာသည် ပိုမိုကျယ်ဝန်းလာပြီး အိပ်ရာမှာ သစ်သားအိပ်ရာအဖြစ် ပြောင်းလဲသွားခဲ့သည်။ အိပ်ရာဘေးတွင် ဖုန်းတစ်လုံးပါသည့် အိပ်ရာဘေးစားပွဲတစ်လုံးလည်း ပါရှိသည်။
အိပ်ရာ၏ မျက်နှာချင်းဆိုင်တည့်တည့်တွင် တီဗီတစ်လုံးရှိပြီး တီဗီဘေးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသည်။
“အမ် သီးသန့်အိမ်သာလည်း ရှိတယ်ဟ။”
ရှောင်းယီသည် နောက်ဆုံးတွင် တံခါးနား၌ သီးသန့်အိမ်သာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုအိမ်သာမှာ ပို၍ အဆင်ပြေပြီး ကိုယ်ရေးကိုယ်တာလုံခြုံမှာအတွက်လည်း အာမခံပေးနိုင်ပေသည်။
တံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ထွက်လာသောအခါ ဧည့်ခန်းတွင် ရှေးဟောင်းအိမ်အဆင်တန်ဆာ အပြည့်အစုံဖြင့် ပြည့်နှက်နေပြီး ၇ လက်မ စမတ်တီဗီတစ်လုံးကို နံရံထဲ၌ စိုက်ထူထားသည်။
အရှေ့ဘက်တွင် အခြားအခန်းတစ်ခု ရှိပြီး အတွင်းပိုင်း တည်ဆောက်ပုံမှာ သူ၏အိမ်နှင့် အတူတူပင်ဖြစ်ကာ သီးသန့်ရေချိုးခန်းလည်း ပါရှိသည်။
ရှောင်းယီသည် နောက်လှည့်ပြီး ဧည့်ခန်းတံခါးကို ဖွင့်လိုက်၏။ ထိုနေရာ၌ ယွမ်နွန်၊ အန်းရန်၊ အန်ယွဲ့နှင့် ဆုဝမ်တို့သည် ခြံဝင်းအတွင်း၌ ရပ်နေကြပြီး ပတ်ဝန်းကျင်ရှိ အိမ်များကို အံ့အားသင့်စွာ ကြည့်နေကြလေသည်။
ခြံဝင်းအလယ်တွင် ယခင်က ရွေ့ပြောင်းထားသော ဖန်လုံအိမ်ရှိပြီး ပန်းခြံကို အပြည့်အဝ ဖုံးအုပ်ထားသည်။
ဖန်လုံအိမ်ပတ်လည်တွင် နှစ်မီတာနီးပါးကျယ်သော လျှောက်လမ်းတစ်ခုရှိပေသည်။
အရှေ့ဘက်တွင် အခန်းနှစ်ခု၊ အနောက်ဘက်တွင် မီးဖိုခန်းနှင့် မွေးမြူရေးခြံများ ရှိသည်။
အပြင်ဘက်သို့ ထွက်လိုက်သောအခါ ကျေးလက်ဗီလာဝင်ပေါက်ဘေးတွင် အခန်းတစ်ခု ရှိပေသည်။
ရှောင်းယီက သူတို့ကို ပြုံးပြပြီး ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ အခန်းတွေကို လိုက်ကြည့်ရအောင်။”
ရှောင်းယီသည် သူပြောသည့်အတိုင်း တံခါးကို ဖွင့်ပြီး အခန်းတစ်ခုအတွင်းသို့ ဝင်သွားခဲ့၏။ အတွင်းပိုင်း တည်ဆောက်ပုံမှာ သူ၏အိမ်နှင့် အတူတူပင်ဖြစ်သည်။
နောက်ဆုံးတွင် ခြံဝင်းဝင်ပေါက်ရှိ အခန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအခန်းသည် အနည်းငယ် သေးငယ်သော်လည်း အဆင်ပြေစွာ ပြင်ဆင်ထား၏။
အိပ်ရာနှစ်လုံး၊ အိပ်ရာဘေးစားပွဲ၊ တီဗီ၊ အဝတ်ဘီရို၊ ဖုန်းနှင့် အိမ်သာစသည့် အရာအားလုံး ပါဝင်သည်။
“ရှောင်းယီ နင် ကျေးလက်ဟိုတယ်တစ်ခု တည်ဆောက်လိုက်တာလား။”
ဆုဝမ်က မေးခွန်းထုတ်လိုက်၏။ ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါကို ကျေးလက်ဗီလာလို့ မှတ်ထားလို့ရတယ်။”
ယွမ်နွန်က ခြံဝင်းအလယ်ရှိ ဖန်လုံအိမ်ကို ညွှန်ပြပြီး မေးလိုက်၏။
“ဒါက ဖန်လုံအိမ်အသစ်လား။”
သူသည် ဤအရာကို အလွန်ရင်းနှီးနေပြီး ယခင်က ဖန်လုံအိမ်နှင့် အလွန်ဆင်တူနေသည်ကို တွေ့ရှိလိုက်ရလေသည်။
“မဟုတ်ဘူး။ အရင်က ဖန်လုံအိမ်ပဲ။ ဆောင်းရာသီမှာ လယ်ကွင်းထဲ အဝေးကြီးသွားစရာမလိုဘဲ ခြံဝင်းထဲမှာ စိုက်ပျိုးနိုင်အောင် ရွေ့ထားတာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဖြုန်းတီးလွန်းတယ်။ အရမ်းဖြုန်းတီးတာပဲ။ ဖန်လုံအိမ်ထဲက သီးနှံတွေက ရင့်မှည့်တော့မယ်ကွ။”
ယွမ်နွန်က ထိုသို့ပြောပြီး အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
“သွားပြီး ကူညီလိုက်ကြရအောင်။ ပြီးရင် ငါတို့ရဲ့ အသစ်ပြန်စီစဉ်ထားတဲ့ နေရာတွေကို လိုက်ကြည့်တာပေါ့။”
ရှောင်းယီက ပခုံးတွန့်ပြီး ပြောလိုက်သည်။
ထို့နောက် ရှောင်းယီက ဦးဆောင်ပြီး ခြံဝင်းမှ ထွက်လာခဲ့သည်။ အနောက်တောင်ထောင့်ရှိ သံမဏိအဆောက်အဦး၏ တစ်စိတ်တစ်ပိုင်းမှာ ဆန့်ထွက်နေပြီး ကြီးမားသော အလုပ်ရုံတံခါးမှာ တစ်ဝက်ဖုံးနေ၏။ အရှေ့တောင်ထောင့်တွင် ယခင်က သစ်သားအလုပ်ရုံနှစ်ခု၊ ရေခဲသိုလှောင်နိုင်သော အသေးစား သိုလှောင်ရုံနှင့် ယခင်က အိမ်သုံးလုံး (သစ်သားနှစ်လုံး၊ ကျောက်တစ်လုံး) တို့ ရှိသည်။
သူတို့သည် သံမဏိအဆောက်အဦးနှင့် သစ်သားအလုပ်ရုံကြားတွင် တံတိုင်းတစ်ခုရှိပြီး နံရံပေါ်တွင် ကြီးမားသော အီလက်ထရွန်းနစ်တံခါးတစ်ခု ရှိသည်ကို တွေ့လိုက်ကြရသည်။
အခန်း ၁၃၈ - ကြက်၊ ဝက်နှင့် နွားများကို ခြံထဲသို့ခေါ်လာခြင်းနှင့် အမေးအဖြေ
“ဒါတွေအားလုံးကို အခုမှဆောက်တာလား။”
ဆုဝမ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး အနောက်မြောက်ထောင့်ကို အလျင်အမြန်သွားကြည့်လိုက်သည်။
ထိုနေရာသို့ ရောက်သောအခါ ယွမ်နွန်သည် အရင်ဖန်လုံအိမ်ထဲက ပလပ်စတစ်ဖန်လုံအိမ်ကို လယ်ကွင်းထဲသို့ ရွှေ့နေခဲ့လေသည်။
ရှောင်းယီ ကအလျင်အမြန်သွား ကူညီပြီး ရှင်းပြလိုက်၏။
“ဒီတစ်ခါ အပြင်အဆင်ကို ပြန်ညှိဖို့ အခွင့်အရေးက တစ်ခါပဲရတယ်။ ဒီလိုမှမဟုတ်ရင် နောက်တစ်ခါညှိဖို့က ဘယ်လောက်ကြာမလဲမသိဘူး။”
“ငါနားလည်တယ်။ ဒါပေမယ့် ငါပြောတာက ဟင်းသီးဟင်းရွက်တွေကို အများကြီးဖြုန်းတီးပစ်လိုက်တာပဲ။”
ယွမ်နွန်က ပြန်ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက အင်တင်တင်ဖြင့် ပြောလိုက်၏။
“ကျုပ် ညှိဖို့လုပ်နေတုန်း ခြံဝင်းထဲမှာ စတုရန်းမီတာ ၅၀ ရှိတဲ့ ပန်းခြံတစ်ခုရှိနေတာကိုလည်း တွေ့လိုက်ရတယ်လေ။”
“အင်း မြေဆီလွှာပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ။”
ယွမ်နွန်က မေးလိုက်သည်။
“ကျုပ်လက်ထဲမှာ S အဆင့်မြေဆီလွှာ ၄ ခုရှိတယ်။ နောက်ထပ်လည်း စုဆောင်းရမယ်။ ပန်းခြံထဲမှာ S အဆင့်မြေဆီလွှာတွေအားလုံးကို ထည့်ထားဖို့ စီစဉ်ထားတယ်။”
ယွမ်နွန်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ အားလုံးခြံဝင်းထဲမှာရှိနေပြီဆိုတော့ အဆင့်မြင့်မြေဆီလွှာတချို့လည်း ထပ်ထည့်သင့်တယ်။ ဒီလိုမှမဟုတ်ရင် နေရာဖြုန်းတီးလိုက်တာပဲ။”
ယွမ်နွန်က တုန့်ပြန်လိုက်၏။
အန်ယွဲ့နှင့် သူတို့သုံးယောက်က ဖန်လုံအိမ်ပတ်လည်တွင် အတူတူဝိုင်ကူလိုက်ကြပြီး ဖန်လုံအိမ်ပေါ်၌ မြက်ခြောက်များထပ်ထည့်ကာ အပူချိန်အရမ်းမနိမ့်သွားရန် မျှော်လင့်နေကြသည်။
“အခုအပူချိန်က ဘယ်လောက်ထိနိမ့်နေပြီးလဲ မသိဘူး။”
ယွမ်နွန်က ကျဆင်းနေသောနှင်းများကိုကြည့်ရင်း ပြောလိုက်သည်။
ရှောင်းယီက အပြင်ကို ကြည့်လိုက်သောအခါ စနစ်က အသိပေးလာခဲ့သည်။
“ယခုအပူချိန်က အနှုတ် ၁၂ ဒီဂရီဆယ်လ်စီးယပ်စ်။ ကျွန်း၏အုတ်မြစ်ကျောက်ကို ပင်လယ်ရေက တိုက်စားနေပြီး တိုက်စားမှုအခြေအနေက ၆၂.၅%။”
“အနှုတ် ၁၂ ဒီဂရီဆယ်လ်စီးယပ်စ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သိပ်မနိမ့်သေးဘူးပဲ။”
ယွမ်နွန်က ပြောလိုက်သည်။
“ငါအရင်ကအရှေ့မြောက်ဘက်မှာနေခဲ့ဖူးတယ်။ ဆောင်းတွင်းမှာ အနှုတ် ၃၀ ဒီဂရီဆိုတာ အရမ်းအဖြစ်များတယ်။ အနှုတ် ၅၈ ဒီဂရီအထိမှတ်တမ်းတင်ထားတာတောင်ရှိတယ်။”
“ဟုတ်တယ်။ ဒါပေမယ့် အခုဒီမှာ အဝတ်အစားတွေက အရင်လောက် မကြွယ်ဝတော့ဘူး။ လူတိုင်းမှာအဝတ်အစားတစ်စုံနဲ့ အနွေးထည်တစ်ထည်ပဲရှိတယ်။ အခြားဘာမှမရှိဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“အင်း အမှန်ပဲ။ လူတွေ အေးခဲပြီး သေဆုံးကြမယ်ထင်တယ်။”
ယွမ်နွန်က သက်ပြင်းချရင်း ပြောလိုက်၏။ လူတိုင်း ခေါင်းငြိမ့်မိလိုက်ကြသည်။
မကြာခင်မှာပင် သူတို့ဖန်လုံအိမ်ထဲက မြေပြင်ကို မြက်ခြောက်များဖြင့် ထူထပ်စွာ ဖုံးအုပ်လိုက်ကြသည်။
“ဒီကြက်တွေ၊ နွားတွေ၊ ဝက်တွေကိုပြန်ခေါ်သွားကြမယ်။”
ရှောင်းယီက ပြောလိုက်၏။
“ဟင်”
ယွမ်နွန်က ရှောင်းယီကို သံသယနှင့် ကြည့်လိုက်သည်။ ခြံဝင်းရှိနေသော်လည်း ဤတိရစ္ဆာန်များကို ခြံဝင်းထဲ၌ မထားနိုင်ပေ။
“ခြံဝင်းထဲမှာအခန်းနှစ်ခန်းရှိသေးတယ်။ ခင်ဗျားတို့ကို မပြရသေးဘူး။ တစ်ခုကကြက်၊ဘဲ မွေးမြူရေးခန်း၊ နောက်တစ်ခုကတိရစ္ဆာန်မွေးမြူရေးခန်းပဲ။ နှစ်ခုလုံးက S အဆင့်ဖြစ်ပြီး အဲ့ဒီမှာက ကြက်ခြံ၊ နွားခြံနဲ့ ဝက်ခြံတွေထက် ပိုကောင်းတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
ယွမ်နွန်၏မျက်လုံးများ တောက်ပသွားပြီးနောက် မျက်မှောင်ကျုံ့သွား၏။
“ဒီလိုဆိုရင် လူတွေအိပ်ရေးဝမှာ မဟုတ်ဘူး။”
ရှောင်းယီက ယွမ်နွန်၏ဆိုလိုရင်းကို သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဦးလေးယွမ်။ S အဆင့်မွေးမြူရေးခန်းရဲ့ လုပ်ဆောင်ချက်တစ်ခုက ဒီတိရစ္ဆာန်တွေက လူတွေကို မနှောင့်ယှက်အောင် လုပ်ပေးထားတာပဲ။”
“ဒါဆိုဘာကိုစောင့်နေမှာလဲ။ အန်ယွဲ့ ငါးဖမ်းပိုက်ကွန်ယူလာခဲ့တော့။”
ယွမ်နွန်က ပြောလိုက်၏။
“ကောင်းပြီ”
အန်ယွဲ့က အရင်သစ်သားစက်ရုံဆီသို့ ပြေးသွားလိုက်တော့သည်။
ရှောင်းယီက နွားလေးကောင်ကို ခြံထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
နွားလေးကောင်ကို တိရစ္ဆာန်မွေးမြူရေးခန်းထဲသို့ ပို့လိုက်တဲ့အခါ နွားများက အလွန်စိတ်လှုပ်ရှားသွားပြီး ပျော်ရွှင်စွာဖြင့် အော်နေကြသည်။
ရှောင်းယီ ထိုနေရာတွင် အကြာကြီးမနေဘဲ ပြန်ထွက်လာခဲ့၏။ ယွမ်နွန်နှင့် အခြားသူများက ဝက်ရိုင်း ၈ ကောင်အား မကိုင်တွယ်နိုင်မည်ကို သူ စိုးရိမ်နေမိသည်။
သို့သော် ရှောင်းယီဝက်ခြံဆီမရောက်ခင်မှာပင် သူတို့အုပ်စု ပြန်လာနေသည်ကို တွေ့လိုက်ရလေသည်။
အန်းရန်နှင့် ဆုဝမ်က ငါးဖမ်းပိုက်ကွန်ကို သယ်နေကြပြီး ပိုက်ကွန်ထဲတွင် ကြက်များနှင့် ပြည့်နှက်နေ၏။
ယွမ်နွန်က ငါးဖမ်းပိုက်ကွန်ကိုဆွဲရင်း ရှေ့ကသွားနေပြီး အန်ယွဲ့က သံလှံကိုကိုင်ပြီး နောက်ကလိုက်နေသည်။ ဝက်ရိုင်း ၈ ကောင်သည် သူတို့၏နွေးထွေးသည့်ဝက်ခြံကနေ မထွက်ချင်ကြသော်လည်း သံလှံ၏ခြိမ်းခြောက်မှုအောက်တွင် တည်ငြိမ်စွာလိုက်လာခဲ့ကြရလေသည်။
“ဦးလေး...ဦးလေးရဲ့ယဉ်ပါးအောင် ဆုံးမမှုတွေက အတော်အကျိုးရှိခဲ့ပုံပဲ။”
ရှောင်းယီ ဆွံ့အသွားခဲ့သည်။
“သူတို့တွေက နာနာရိုက်ပေးရင် မှတ်သွားတတ်တယ်လေ။”
အန်ယွဲ့က ပြုံးရင်း ပြန်ဖြေလိုက်သည်။
သူတို့သည် ကြက်၊ နွား၊ ဝက်များ အားလုံးကို ခြံဝင်းထဲက မွေးမြူရေးခန်းထဲသို့ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။
မလိုက်ချင်ဘဲ လိုက်လာခဲ့ရသော ဝက်ရိုင်းများသည် မွေးမြူရေးခန်းထဲရောက်သည့်နှင့် ပျော်ရွှင်သွားငြပြီး တဝန်းဝန်းဖြင့် အော်ဟစ်နေကြတော့လေသည်။
ဤနေရာတွင် အပူချိန်ညီမျှပြီး အရင်က သူတို့နေခဲ့သောဝက်ခြံထက် ပိုမိုနွေးထွေးပေသည်။
မွေးမြူရေးခန်းထဲတွင် မတူညီသော ကြက် သို့မဟုတ် တိရစ္ဆာန်များကို အလိုအလျောက်ခွဲထားပြီး တစ်ခုနှင့်တစ်ခု မထိခိုက်စေပေ။
ယွမ်နွန်ကလည်း မွေးမြူရေးခန်းများ၏ လုပ်ဆောင်ချက်များကို နီးနီးကပ်ကပ်လေ့လာကာ ပြောလိုက်သည်။
“ငါ ဒီလိုမျိုး အဆင့်မြင့်မွေးမြူရေးခန်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။”
“ဒီကမ္ဘာမှာ မမြင်ဖူးတဲ့အရာတွေ အများကြီးရှိတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ လူတိုင်း ခေါင်းငြိမ့်လိုက်ကြသည်။
ထိုအချိန်တွင် တံတိုင်းပေါ်ရှိ အီလက်ထရောနစ်တံခါးက သတိပေးသံမြည်လာ၏။
“ဒီဒီဒီ... လူတစ်ယောက်က တံတိုင်းထဲ ဝင်ချင်တယ်လို့ ပြောနေပါတယ်။”
ရှောင်းယီ ပြုံးပြီးပြောလိုက်သည်။
“အစ်ကိုကျန်း ပြန်လာပြီထင်တယ်။ အားလုံးသွားပြီးလက်ဗွေနဲ့ မျက်နှာကို အသိအမှတ်ပြုတဲ့စနစ် ထည့်ကြရအောင်။”
ထို့နောက် ရှောင်းယီနှင့် အခြားလူများက တောင်ဘက်မြို့ရိုးပေါ်က အီလက်ထရောနစ်တံခါးဆီသို့ အမြန်သွားပြီး တံခါးဖွင့်လိုက်ကြ၏။
တံခါးအပြင်ဘက်တွင် စိတ်ရှုပ်ထွေးနေသော ကျန်းယွင်ထျန်းနှင့် စိတ်လှုပ်ရှားနေသော ဝမ်ချိုင်တို့ ရှိနေကြလေသည်။
“မင်းပြောတာ တကယ်ပါလားကွ။”
ကျန်းယွင်ထျန်းက ရှောင်းယီကိုမြင်သည်နှင့် ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အမှန်ပဲ လူတိုင်းပဲ မှတ်တမ်းတင်ထားကြရအောင်။”
ထို့နောက် အီလက်ထရောနစ်တံခါးဘေးက ထိန်းချုပ်မှုစခရင်ပေါ်တွင် သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာနှင့် လက်ဗွေများကို ထည့်သွင်းလိုက်ကြ၏။
“ကျုပ်တို့ တံတိုင်းရဲ့လေးဘက်လေးတန်မှာ အီလက်ထရောနစ်တံခါးတစ်ခုစီရှိပြီး တံတိုင်းပေါ်မှာလျှပ်စစ်ဓာတ်အားလိုင်းတွေရှိတယ်။ တံတိုင်းပေါ်ကတက်ပြီး အတွင်းအပြင်သွားလာတာမျိုး မလုပ်ရဘူး။”
ရှောင်းယီက သူ့မျက်နှာနှင့် လက်ဗွေကို မှတ်ထားရင်း ပြောလိုက်သည်။
လက်ဗွေနှင့် မျက်နှာကို မှတ်ထားပြီးသောအခါ ကျန်းယွင်ထျန်းသည် မြို့ရိုးအတွင်းဘက်ရှိ အပြောင်းအလဲများကို တွေ့လိုက်ရ၏။
အနည်းဆုံး သူ့ရှေ့တွင် ရှိနေသော ဧရာမသံမဏိအဆောက်အဦးက အလွန်အံ့ဩစရာကောင်းလှပေသည်။
“အံ့ဩနေတာလား။”
ယွမ်နွန်က ပြုံးကာ ပြောလိုက်၏။
“နောက်တစ်ခုကျရင် မင်း ပိုတောင်အံ့ဩသွားဦးမယ်။”
“အားလုံး ရောက်နေပြီဆိုတော့ အရင်ပြန်သွားပြီး အတူတူရှင်းပြလိုက်ကြတာပေါ့။”
ရှောင်းယီက ဦးဆောင်ပြီး ကျေးလက်ဗီလာဆီသို့ ပြန်သွားလိုက်လေသည်။
ကျန်းယွင်ထျန်းသည်လည်း စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာနှင့် လိုက်ပါသွားခဲ့သည်။ ယခင်က လယ်ကွင်းနှင့် နွားခြံများ ပျောက်ကွယ်သွားပြီး ကျေးလက်ဗဗီလာလေးတစ်ခုနှင့် အစားထိုးသွားခဲ့သည်။
ဧည့်ခန်းထဲရောက်သောအခါ ရှောင်းယီက ပြောလိုက်သည်။
“အားလုံးပဲ ထိုင်ကြပါဦး။”
လူတိုင်းက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေကြ၏။ ယခုအိမ်က ယခင်တိုက်ခန်းနှင့် လုံးဝမတူတော့ပေ။
“ရိုးရိုးရှင်းရှင်းပြောရရင် ကျုပ်နေအိမ်ကို အဆင့်မြှင့်တင်နိုင်တဲ့ ကဒ်တစ်ခုရခဲ့တယ်။ အဆင့်မြှင့်ပြီးတဲ့နောက် အပြင်အဆင် ချိန်ညှိဖို့ အခွင့်အရေးတစ်ခုလည်း ရခဲ့တယ်။ အဲ့ဒါကြောင့် မနက်စောစောက ကျုပ်တို့ဆွေးနွေးထားတဲ့အတိုင်း ချိန်ညှိလိုက်တာပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“နောက်ထပ်မေးစရာရှိသေးလား။”
“ရှိတယ်။ အပြင်ဘက် တံတိုင်းကလည်း အဆင့်မြှင့်ထားတဲ့ထုတ်ကုန်လား။”
ကျန်းယွင်ထျန်းက ပထမဦးဆုံး မေးလိုက်၏။
“မဟုတ်ဘူး။ အဲ့ဒါက အဆင့်မြှင့်တင်ခြင်းကဒ်နဲ့အတူတူရခဲ့တဲ့ S အဆင့်တံတိုင်းပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။ S အဆင့်တံတိုင်း ဖြစ်နေတာကိုး။”
အန်ယွဲ့က မနေနိုင်တော့ဘဲပြောလိုက်ပြီး ဆက်မေးလိုက်၏။
“ဧရာမသံမဏိအဆောက်အဦးကြီးကရော တစ်ခါတည်းရခဲ့တာပဲလား။”
“ဟုတ်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သိပ်ကောင်းတယ်။ အရင်ကအပြင်မှာပုံထားတဲ့ပစ္စည်းတွေအတွက် နေရာတစ်ခုရသွားပြီ။”
အန်ယွဲ့က ပြောလိုက်၏။
“နောက်ထပ် မေးစရာရှိသေးလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။