"ယိ" လမ်းစဉ်
Vol. 6 Ch. 554
ဝူဖိန်က ပြုံးလိုက်ရင်း…
“သေခြင်းရှင်ခြင်းဆိုတာ ကံတရားအတိုင်းပဲ၊ ဧကရာဇ်တစ်ပါး ဖြစ်ပြီဆိုမှတော့ အသက်လည်း ဘယ်ရှည်နိုင်တော့ မှာလဲ၊ ရာဇပုလ္လင်ကိုလည်း အုပ်စိုးနိုင်ပြီး အသက်လည်း ရှည်မယ် ဆိုရင်တော့ ဒါကို အောင်မြင်တယ်လို့ ဆိုလို့ရမယ်၊ တကယ်တော့ လောကမှာ ကောင်းတဲ့ အရာတွေဟာလည်း ဆိုးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်သလို ဆိုးတဲ့အရာ တွေကလည်း ကောင်းဖို့ ဖြစ်လာတာမျိုးတွေ ရှိတယ်လေ”
ဖုန်းက မျက်တောင် တစ်ချက် ခတ်လိုက်ရင်း…
“ဆရာဝူဖိန်… ဒါဆိုရင် ကျုပ်က အသက်တိုမလား ရှည်မလား ဟောပေးပါဦး”
“အဲဒီကိစ္စကတော့ ကျုပ်ဟောပေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ သေခြင်းရှင်ခြင်း စာအုပ်ထဲမှာ သွားကြည့်မှပဲ ရှင်းရှင်းလင်းလင်း သိရမှာပဲ”
ဝူဖိန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။
ဖုန်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း….
“နောက်တော့ သေခြင်းရှင်ခြင်း စာအုပ်ကို ကြည့်ခွင့်ရမှာပါ”
သေခြင်းရှင်ခြင်း စာအုပ်သည် ဖုန်း၏ဘဝတွင် ရှက်စရာတစ်ခု ဖြစ်ခဲ့လေသည်။
သူသည် အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသတွင် အကြီးမြတ်ဆုံး လူသားတစ်ယောက် ဖြစ်ခဲ့သည့်တိုင် သေခြင်းရှင်ခြင်း စာအုပ်ထဲတွင် သူ၏အမည်က ရှိနေဆဲ ဖြစ်လေသည်။ သူသည် လျှို့ဝှက်ကျင့်စဉ် များစွာကို ကျင့်ကြံခဲ့ပြီး ဝိညာဉ်စွမ်းအား ဆေးများစွာကို စားသုံးခဲ့သည့်တိုင် သေခြင်းတရားသည် လည်မှာဆွဲထားသည့်ဓားကဲ့ သို့သူ့နောက်သို့ တကောက်ကောက် လိုက်လို့နေဆဲပင်။
ဝူဖိန်က ပြုံးလိုက်ရင်း…
“မင်းက ဖုန်းဟိုမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ၊ တုန်းယီရဲ့ အတော်ဆုံး လေးသည်တော် တစ်ယောက် ဆိုရင်လည်း မမှားဘူး၊ ဒါကြောင့် အသက်တော့တိုမယ် မထင်ပါဘူး၊ ကျုပ်အမြင် ပြောရရင် မင်းသာ သတိထားပြီး ဂရုတစိုက် နေမယ်ဆိုရင် ထီးနန်းတောင် ရနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ ဘယ်အရာကမှ မင်းရဲ့ကံကြမ္မာကို မတားဆီးနိုင်ဘူး"
ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း….
“ကျုပ်ဘုရင်ဖြစ်တဲ့ တစ်နေ့ ရောက်ခဲ့ရင် ကျုပ်ကိုလာရှာပါ၊ ဆရာလိုချင်တဲ့ ဆုကိုပေးမယ်…”
ဝူဖိန်က ပြုံးလိုက်ရင်း…
“ကဲ… တခြားကိစ္စ မရှိတော့ဘူးဆိုရင် ဒီလောက်ပဲ ဟောပါရစေ၊ ကျုပ် ဆေးဖော်စရာ ရှိသေးလို့…”
ဖုန်းက…
“ဆယ့်နှစ်ရာသီပင်လေး နည်းနည်းလောက်များ ပေးလိုက်လို့ မရဘူးလား”
“မင်းက စိုက်ချင်လို့လား၊ စိုက်ချင်တယ် ဆိုရင်တော့ မျိုးစေ့နည်းနည်း ရှိတယ်၊ အကုန်သာ ယူသွားလိုက်တော့”
ဝူဖိန်က အဝတ်ထုပ်လေး တစ်ထုပ်ကို ဖုန်းဆီသို့ ကမ်းပေး လိုက်လေသည်။ အထုပ်လေးထဲမှ အလင်းရောင် မှိန်ပျပျလေး ထွက်ပေါ်နေလေသည်။
ဖုန်းသည် အထုပ်လေးကို ကိုင်လိုက်မိသည်နှင့် ကြီးမားသည့် ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရပြီး ဆယ့်နှစ်ရာသီပင်၏ မွှေးပျံ့သည့် ရနံ့ကိုလည်း ရရှိလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဆရာဝူဖိန်၊ ဆရာ့ကို မနှောင့်ယှက်တော့ပါဘူး၊ ခွင့်ပြုပါဦးနော်…”
ပြောပြီးသည်နှင့် ဖုန်းသည် ထွက်ခွာ သွားလေတော့သည်။
ထိုအခါမှ ဝူဖိန်၏တပည့်လေးက ဝူဖိန်ကို မေးလိုက်လေသည်။
“ဆရာ… အဲဒီလူက ဘယ်လိုလူလဲမသိဘူး၊ ဆရာ့ကို ဉာဏ်ပူဇော်က မပေးတဲ့အပြင် ဆယ့်နှစ်ရာသီပင်တောင် ပြန်တောင်း သွားလိုက်သေးတယ်၊ အစကသာ ဒီလိုလူမှန်းသာသိရင် ဆရာပြန်ရောက်တဲ့ သတင်းကို သွားပြီး အကြောင်းမကြားပါဘူး”
ဝူဖိန်က ကြောက်မက်ဖွယ်ရာ တစ်ချက်ပြုံးလိုက်ရင်း….
“ကျုပ်ကိုများ လွယ်လွယ်နဲ့ အမြတ်ထုတ်လို့ရမယ် ထင်နေသလား…”
တပည့်လေးသည် ဆရာဖြစ်သူ၏ အပြုံးကို မြင်လိုက်ရသည့်အခါ တွန့်ခနဲပင် ဖြစ်သွားရလေသည်။ ဆရာဖြစ်သူထံမှ အမြတ်ထုတ်ရန် ကြိုးစားသည့် ဖုန်းဆိုသည့်လူသည် တစ်စုံတစ်ခု ပြန်လည် ပေးဆပ်ရပေတော့မည်။
ဝူကျုန်းမျိုးနွယ်စုမှ လူငယ်လေး ကုကျူသည် ဆန်းလျန် သင်ပေးလိုက်သည့် ကျင့်စဉ်နှစ်ခုကို ခပ်မြန်မြန်ပင် သင်ယူ တတ်မြောက် သွားခဲ့လေသည်။ သူသည် နတ်ဘုရားတစ်ပါး မဟုတ်သည့်တိုင် သူရရှိထားသည့် တန်ခိုးစွမ်းအား နှစ်ခုကို ကောင်းကောင်း အသုံးချနိုင်ခဲ့လေသည်။
“ရွှေရောင် ထိတွေ့ကျင့်စဉ်” ကြောင့် ကုကျူသည် သာမန် ပစ္စည်းများကိုပင် မကြည့်ရဲ သလောက် ရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင် ထိတွေ့ တန်ခိုးစွမ်းအားကို အသုံးပြုလိုက်ပါက ပစ္စည်းအတော်များများကို ရွှေအဖြစ် ပြောင်းလဲ ပစ်နိုင်သောကြောင့် ဖြစ်လေသည်။
"ဒြပ်စင်ငါးမျိုး လွှတ်ခြင်းကျင့်စဉ်” ကတော့ လျှင်မြန်စွာ ထွက်ပြေးနိုင်သည့် တန်ခိုးစွမ်းအားကို ရလေသည်။ ထို့ကြောင့် သူက ရွှေရောင် ထိတွေ့ တန်ခိုးစွမ်းအားနှင့် ဒြပ်စင်ငါးမျိုး လွှတ်ခြင်း တန်ခိုးစွမ်းအားကို ပေါင်းစပ် အသုံးပြုပြီး အပူအပင် ကင်းကင်းဖြင့် ဘဝတွင်နေထိုင်သွားနိုင်လေသည်။
ထိုတန်ခိုးစွမ်းအား နှစ်ခုကို အသုံးပြုပြီး ကုကျူသည် ကြွယ်ဝချမ်းသာသူ တစ်ယောက် ဖြစ်လာခဲ့လေသည်။ ဝူကျုန်းမျိုးနယ်စုတွင် သူသည် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။ သူ့အမိန့်ကို နာခံကြသည့် နောက်လိုက်နောက်ပါ များစွာလည်း ရှိလာပြီ ဖြစ်လေ၏။
ကုကျူသည် နတ်ဘုရားများကို ကိုးကွယ်သူ တစ်ယောက် မဟုတ်သည့်အတွက် ကုကျူ၏ တန်ခိုးစွမ်းအားများသည် နတ်ဘုရားတစ်ပါးထံမှ ရရှိသည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။ သို့သော် ကုကျူသည် တစ်ခါတစ်ရံတွင် နတ်ဘုရား ကျောင်းတော်သို့ တစ်ယောက်တည်းသွားကာ ဝတ်ပြုလေ့ ရှိလေသည်။
ကုကျူသည် သူ၏မျိုးနွယ်စုတွင် ဂုဏ်သရေ တိုးတက် လာခဲ့လေသည်။ သို့သော် သူသည် နတ်ဘုရား ဆရာရှေ့တွင် မည်မျှပင် ဝတ်ပြုပါစေ သူရရှိထားသည့် တန်ခိုးစွမ်းအားသည် နှစ်ခုထက် ပိုမည်မဟုတ်ကြောင်း ရိပ်မိထားလေသည်။
ထို့ပြင် သူက သြဇာအာဏာကို အထွတ်ထိပ်အဆင့် ရောက်သည်အထိ လိုချင်သူ ဖြစ်လေသည်။ သြဇာအာဏာရှိလျှင် ကိစ္စရပ် အတော်များများကို ပြုလုပ်နိုင်လေသည်။ ထိုအခါ သူလိုချင်သည့် အရာမှန်သမျှကို ရှာဖွေနိုင်မည် ဖြစ်လေသည်။
ထို့ပြင် သူပေးသမျှ အမိန့်ကို နာခံပြီး သူ့ကို မြှောက်ပင့်နေကြသည့် နောက်လိုက် နောက်ပါများလည်း များစွာ ရှိလေသည်။
သူက ထိုသူများ၏ မြှောက်ပင့်ခြင်းများကို သဘောကျလျက် ရှိပြီး ထိုအရာမှာ သြဇာအာဏာ၏ အရာသာပင် ဖြစ်လေသည်။ သြဇာအာဏာသည် “ရလေလိုလေ အိုတစ္ဆေ”၊ “သောက်လေသောက်လေ ငတ်မပြေ” ဆိုသကဲ့သို့ပင်။
သြာဇာအာဏာ ကြီးမားမှုနှင့် ကြွယ်ဝချမ်းသာခြင်းသည် လောကတွင် အရေးကြီးဆုံးသော အရာများ မဟုတ်ပါ။ သို့သော် ထိုအရာနှစ်ခုရှိလျှင် ပြဿနာ အတော်များများ ကိုတော့ ဖြေရှင်းရ လွယ်ကူစေလေသည်။
ကုကျူသည် သြဇာအာဏာကို မက်မောပါသည်။ သို့သော် သူ့ရင်ထဲမှ စစ်မှန်သည့် ဆန္ဒကတော့ ကျင့်စဉ် ကျင့်ကြံခြင်းပင် ဖြစ်လေသည်။
ထို့ပြင် အောင်မြင်မှု ရရှိရန်အတွက် ဆိုလျှင် ဝူကျုန်းမျိုးနွယ်စုသည် အလွန်သေးငယ် လွန်းသည်။
ထို့ကြောင့် ကုကျူသည် သူ၏ လက်အောက်ငယ်သားများ အံ့သြထိတ်လန့် သွားစေသည့် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။ သူက ဝူကျုန်းမျိုးနွယ်စုမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ဝူကျုန်းမျိုးနွယ်စုထက် အခြားသော နေရာတစ်ခုတွင် အောင်မြင်မှုများ ပိုပြီးရရှိနိုင်မည် ဖြစ်လေသည်။
အရှေ့တိုင်း စစ်သည်တော်များ နေထိုင်ရာဒေသနှင့် တုန်းယီဒေသတွင် များစွာသော မှော်ပညာနှင့် တာအိုကျင့်စဉ်များ ရှိလေသည်။ ဆန်းလျန် သင်ပေးလိုက်သည့် ကျင့်စဉ်နှစ်ခုတွင် အခြေခံတာအိုကျင့်စဉ်လမ်းအဓိပ္ပါယ်များ ပါဝင်သည့်အတွက် ကုကျူအနေဖြင့် အခြားသော ကျင့်စဉ်များ ကျင့်ကြံလျှင်လည်း ပိုမိုနားလည်လွယ်လာ ရလေသည်။
နှင်းများထူထပ်စွာမကျဆင်းခင်မှာပင်….
ကုကျူသည် ယုံကြည်စိတ်ချရသည့် လက်အောက်ငယ်သား အယောက် (၃၀)ကိုခေါ်ကာ ဝူကျုန်းမျိုးနွယ်စုကို စွန့်ခွာ သွားလေတော့သည်။
သို့သော်... သူလုပ်သမျှ အလုပ်တိုင်းကို ဆန်းလျန် သိမြင်နေသည်ဆိုသည့် အချက်ကိုတော့ ကုကျူ သိရှိခဲ့ခြင်းမရှိပါချေ။
ချင်းရွှမ်ဂူထဲတွင်တော့ ကုကျူလုပ်သမျှ အလုပ်တိုင်းကို ဆန်းလျန်နှင့် ကျားနက်ကြီးက ကြည့်နေကြလေသည်။
ကုကျူ ထွက်ခွာသွားသည်ကို ကျားနက်ကြီး တွေ့မြင်သည့် အခါတွင်တော့....
"ဆရာ... သူ့ကို စိတ်နှလုံးစစ်ဆေးတာ ကျရှုံးပြီမဟုတ်လား..."
ဆန်းလျန်က …
"အင်း… သူ့ရဲ့ခံယူချက်က ချင်းရွှမ်နတ်တံခါးရဲ့ စံနှုန်းနဲ့တော့ မကိုက်ညီဘူး၊ ဒါပေမဲ့ ဒီလူငယ်ဟာ တစ်နေ့မှာ ကျိန်းသေအောင်မြင် လိမ့်မယ်”
"ဘာဖြစ်လို့လဲ…"
ကျားနက်ကြီးက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဆန်းလျန်က….
"ကျုပ်က သူ့ရဲ့စိတ်နှလုံးကို စမ်းသပ်တယ် ဆိုပေမယ့် "ယိ" လမ်းစဉ်ကိုလည်း သုတေသန လုပ်နေတာ၊ အဲဒါက လျန်စန်းနဲ့ ထိုက်ရွှီးနည်းဗျူဟာကို အခြေခံပြီး ရရှိထားတဲ့ လမ်းစဉ်တစ်ခုပဲ”
ဆန်းလျန်က ကုကျူကို မထင်မှတ်ဘဲ တွေ့ရှိခဲ့သည့် အချိန်တွင် “ယိ” လမ်းစဉ်ကို စမ်းသပ်ပြီး ကုကျူ၏ကံကြမ္မာကို သိရှိရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
ကံကြမ္မာဆိုသည်က ဆန်းကြယ်လွန်းပြီး ကံဆိုးကံကောင်းလည်း ကွဲပြားနေသေးသည်။
ကိုယ်ပြုသည့် အလုပ်သည် ကံသာဖြစ်ပြီး ကံဆိုးကံကောင်း ရောပြွန်းနေခြင်းကို ဘဝခရီးလမ်းဟု ခေါ်လေသည်။
ဆန်းလျန်သည် အဖြစ်အပျက်များကို ကြိုတင်ခန့်မှန်း တွက်စနိုင်သော်လည်း လူတစ်ယောက်၏ ဘဝခရီးလမ်း တစ်ခုလုံးတွင် ဖြစ်ပျက်မည့် ကံတရားများကိုတော့ ကြိုတင် သိရှိနိုင်သူ တစ်ယောက် မဟုတ်ခဲ့ပါ။
မည်သို့ပင်ဖြစ်စေ ဆန်းလျန်သည် “ယိ” လမ်းစဉ်ကို အလွန်စိတ်ဝင်စား နေမိလေသည်။
လောကတွင် အရာအားလုံးက ပြောင်းလဲနေလေသည်။ သို့သော် ထိုပြောင်းလဲမှုသည် ပုံစံတကျ ရှိလေ၏။
“ယိ” လမ်းစဉ်….