ကြာပန်းပုံသဏ္ဌာန်မီးအိမ်
Vol. 6 Ch. 555
"ယိ" လမ်းစဉ်မှာ ဆန်းလျန်တီထွင်ထားသည့် ကျင့်စဉ်များထဲမှ တစ်ခု ဖြစ်လေသည်။ ကံကြမ္မာကိုစမ်းသပ်ကြည့်ရန် တီထွင်ထားသည့် ဆန်းလျန်၏ ပထမဆုံးခြေလှမ်းလည်း ဖြစ်လေသည်။
တာအိုဝါဒ၊ ဗုဒ္ဓဘာသာ၊ နတ်မိစ္ဆာ သို့မဟုတ် ကျောင်းတော်ပေါင်း များစွာမှ အယူအဆ အတွေးအခေါ်များ မည်သို့ ပင်ကွဲပြားပါစေ ကျင့်စဉ်လမ်း၏ နောက်ဆုံး အန္တိမအဆင့်သည် သြဇာအာဏာကို ရှာဖွေခြင်း မဟုတ်ပေ။ နတ်ဘုရား များသည် သြဇာလွှမ်းမိုးမှုကို ရွေးချယ်လျှင် အချည်းအနှီးသာ ဖြစ်ရပေမည်။
အာကာသထဲတွင် နတ်ဘုရား တစ်ပါးထက် သြဇာအာဏာ မြင့်မားသည့် ကြယ်စင်ပေါင်းများစွာ ထွန်းလင်းလျက် ရှိလေသည်။ ထိုကြယ်စင်များသည် လောက တစ်ခုချင်းစီတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် သြဇာလွှမ်းမိုးမှု ရှိလေသည်။ နတ်ဘုရားတစ်ပါးတွင် ထိုကဲ့သို့သော သြဇာလွှမ်းမိုးမှု ရှိနိုင်မည်မဟုတ်ပေ။
သို့သော် တန်ခိုးစွမ်းအားမြင့်မားသည့် စစ်မှန်သည့် နတ်ဘုရား တစ်ပါးကိုတော့ မည်သည့် ကြယ်စင်ကမှ ဆန့်ကျင်နိုင် မည်မဟုတ်ပေ။
ထိုအယူအဆကိုနားလည်သည့်ဆန်းလျန်သည် တာ့ရှား ဧကရာဇ်ထက် သာလွန်လေသည်။
အဘယ်ကြောင့်ဆိုသော တာ့ရှားဧကရာဇ်သည် သြဇာအာဏာ မရှိလျှင် အောင်မြင်သူ မဖြစ်နိုင်ဟု မှတ်ယူထားသူ ဖြစ်လေသည်။ သို့သော် တာ့ရှားဧကရာဇ်သည် အစွမ်းကုန် ကြိုးစားမည် ဆိုပါက ဗုဒ္ဓနှင့် တာအိုဆရာသခင်ကြီး၏ ခြေရာကို အမီလိုက်နိုင်မည့်သူ တစ်ယောက် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ သူ့ဘဝတွင် လုပ်သင့် လုပ်ထိုက်သည်များကို ပြုလုပ်သွားနိုင်မည် ဆိုလျှင် အောင်မြင်မှု မရရှိလျှင်ပင် နောင်တရမည့် သူတစ်ယောက် မဟုတ်ပေ။
လူဆိုသည်မှာ ကိုယ်ယုံကြည်ရာ အတွေးအခေါ်အယူအဆများဖြင့် ရပ်တည်သူများ ဖြစ်ကြလေရာ မည်သူ့ကိုမှ ဝေဖန်ရန် မသင့်တော်ပေ။
ထို့ကြောင့် လောကတွင် အနိုင်အရှုံးကို တွက်ချက်နိုင်ရန်မှာ ခက်ခဲလှသည်။
ကုကျူ၏ စိတ်နေစိတ်ထားနှင့် ခံယူချက်သည် ချင်းရွှမ်နတ်တံခါး၏ စံနှုန်းဖြင့် မကိုက်ညီသည့်တိုင် ဆန်းလျန်ကတော့ ကုကျူကို ဝေဖန်ပြစ်တင်မည် မဟုတ်ပေ။
ချင်းရွှမ် နတ်တံခါး၏ စံနှုန်းဖြင့် မကိုက်ညီပါ ကုကျူသည် မည်သည့် နေရာတွင်မှ မအောင်မြင်နိုင်ဟု ဆိုလိုခြင်း မဟုတ် ပေ။
ဆန်းလျန်ခန့်မှန်းချက်အရဆိုလျှင် ကုကျူသည် အသက်ရှည်ပြီး ကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။ အောင်မြင်မှုများလည်း ရရှိနိုင်မည်ဖြစ်သည့် အတွက် ကျင့်စဉ် အသစ်များကိုလည်း ထပ်မံကျင့်ကြံနိုင် မည်ဖြစ်လေသည်။ နောက်ဆုံးတွင် လူမျိုးစုတစ်ခုကိုပင် တည်ထောင် နိုင်ပေလိမ့်မည်။ သို့သော် ကုကျူသည် သေခြင်းရှင်ခြင်းကိုတော့ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကံကြမ္မာပေးသည့်အချိန်တွင် သေခြင်းတရားကိုတော့ ရင်ဆိုင်ရပေလိမ့်မည်။
လုကျိုးယွမ်၏ အခြေအနေကို နားလည်နိုင်ခဲ့သည့် အတွက်လည်း ဆန်းလျန်သည် ယခုကဲ့သို့ လေ့လာ တွေ့ရှိချက်ကို သုတေသန ပြုနိုင်ခဲ့ခြင်း ဖြစ်လေသည်။ လုကျိုးယွမ်သည် ကြယ်စင်များနှင့် ပေါင်းစပ်ပြီး ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်နိုင်ကာ လူအများစု၏ ကံကြမ္မာကို ခန့်မှန်း နိုင်ခဲ့လေသည်။ ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ ထူးခြားပြီး ထိုက်ယီထျန်းရှန်း အဆင့် နတ်ဘုရားများပင် ပြုလုပ်နိုင်မည်လား မသေချာပေ။
သို့သော်… လုကျိုးယွမ်၏ အဆင့်သည် ထိုက်ယီထျန်းရှန်း အဆင့်ထက် မကျော်လွန်သေးသည့်တိုင် သူ၏ကျင့်စဉ် လမ်းက အနည်းငယ် ကွဲပြားခြားနား လေသည်။
ထို့ကြောင့် နတ်ဘုရားတစ်ပါး မဖြစ်မီတွင် တာအို ကျင့်စဉ်လမ်းတွင် အဆင့်ကိုးဆင့် ခွဲခြားထားခြင်း ဖြစ်လေသည်။ သို့သော် နတ်ဘုရားတစ်ပါး ဖြစ်သွားပြီ ဆိုလျှင်တော့ အဆင့်ခွဲခြားမှု မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရား တစ်ပါးဖြစ်သွားပြီ ဆိုသည်နှင့် မိုးကောင်းကင် နတ်ဘုရားအဆင့် တက်ရောက်ရန်နှင့် ထိုက်ယီထျန်းရှန်း အဆင့် တက်ရောက်ရန်မှာ သိပ်ပြီး မလိုအပ်တော့ပါ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတစ်ပါး ဖြစ်သွားပြီဆိုသည်နှင့် နောက်ဆုံးတွင် မိုးကောင်းကင် နတ်ဘုရားအဆင့်နှင့် ထိုက်ယီထျန်းရှန်း အဆင့်သို့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရောက်ရှိ သွားမည်ပဲ ဖြစ်လေသည်။
ဘိုးဘေးများလည်း ထိုလမ်းစဉ်အတိုင်းပင် လိုက်ခဲ့ကြသည် မဟုတ်ပါလား။ ထို့နောက် ဘိုးဘေးများက တပည့်များ လိုက်လျှောက်နိုင်ရန် အတွက် ကျင့်စဉ်များကို ချန်ထားပေးခဲ့ကြသည်။ ချန်ထားခဲ့သည့် ကျင့်စဉ်များသည် အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ တဖြည်းဖြည်း ပုံသေကားချပ်ကဲ့သို့ ဖြစ်ခဲ့လေသည်။
မည်သည့် ကျင့်ကြံသူမဆို လမ်းသစ်မထွင်ဘဲ လမ်းဟောင်း အတိုင်းသာ လိုက်ကြလေသည်။ လမ်းသစ်ထွင်ပါက ယခင်လမ်းကြောင်းထက် ပိုပြီးခက်ခဲမည်ဟု အားလုံးက ယူဆကြလေသည်။
ဗုဒ္ဓဘာသာ၏ အမြင့်ဆုံးဆင့်မှာ ဗုဒ္ဓဘုရား ဖြစ်ပြီး တာအို ကျင့်စဉ်လမ်း၏ အမြင့်ဆုံး အဆင့်မှာ တာအိုဆရာသခင်ကြီး ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်လျှင်တော့ မည်သူမျှ ထိခိုက်အောင် လုပ်နိုင်ကြတော့မည် မဟုတ်ပေ။ သို့သော် နတ်မိစ္ဆာများနှင့် အခြားသော သူတော်စင်များ လျှောက်လှမ်းသည့် ကျင့်စဉ်လမ်းများတွင်တော့ ဗုဒ္ဓ သို့မဟုတ် တာအို ဆရာသခင်ကြီးကဲ့သို့ မီးမောင်းထိုးပြနိုင်သည့် သိသာထင်ရှားသည့် ပုဂ္ဂိုလ်များ မရှိပါ။
တာအိုဝါဒနှင့် ဗုဒ္ဓဘာသာနှစ်ခုလုံးသည် စစ်မှန်သည့် ကျင့်စဉ်လမ်း ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုအချက်ကြောင့် ပင်ဖြစ်လေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်လဆိုသော အချိန်က ကုန်ဆုံးသွားခဲ့လေသည်။
ချင်းရွှမ်ဂူကို ဖုံးလွှမ်းနေသည့် နှင်းများသည် တဖြည်ဖြည်း အရည်ပျော်ကျလာခဲ့လေပြီ။ ဆန်းလျန်သည် ကျင့်စဉ် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး တောင်တစ်ခွင် လှည့်လည်ကြည့်ရှု နေလေသည်။ တောင်ပေါ်သို့ တက်လာကြသည့် ဝူကျုန်းမျိုးနွယ်စုဝင်များသည် ဆန်းလျန်ကို တွေ့မြင်နိုင်ကြလေသည်။
လူအများစုက နတ်ဘုရားများကို ရိုသေလေးစားသည့်တိုင် နတ်ဘုရားများနှင့် အဆက်အသွယ် မပြုလုပ်နိုင်ကြပေ။
သို့သော် ...
သို့သော် အားလျန်နှင့် သူ၏ သမီးလေးကတော့ ချွင်းချက်ဖြစ်လေသည်။
ဆန်းလျန်က အားလျန်၏သမီးလေးကို ချစ်ခင်သည့်အတွက် ဖူဟောင်ဟုပင် အမည် ပေးထားလေသည်။ အားလျန်ကလည်း ထိုနာမည်လေးကို သဘောကျလေသည်။
ထိုနေ့က…
နေဝင်ရီတရောအချိန်…
ဆီးနှင်းများက တဖွဲဖွဲ ကျဆင်းနေလေသည်။ အေးစက်သည် လေအေးကလည်း တိုက်ခတ် နေလေသည်။ အားလျန် သည် နတ်ဘုရား ကျောင်းတော်ထဲတွင် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။
ဆန်းလျန်ကို အမှတ်မထင် တွေ့လိုက်ရသည့် အတွက် အားလျန်မှာ ထူးဆန်းနေလေသည်။
သူမက…
“နတ်ဘုရားဆရာ… ဘာလို့များရောက်လာရတာလဲ”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ကျုပ်ကိုလုပ်ကြံမယ့် လူတစ်ယောက် ရှိနေတယ်၊ ဒါပေမဲ့ သူမအောင်မြင်နိုင်ပါဘူး၊ ဒါပေမဲ့ ဒီလူက မင်းနဲ့ မင်းရဲ့ သမီးလေးကို ဒုက္ခပေးနိုင်တယ်၊ မင်းတို့နှစ်ယောက်က ကျုပ်ကို အရမ်းယုံကြည် ကိုးကွယ်တယ်၊ ကျုပ်ကလည်း အကြင်နာတရားမရှိတဲ့ လူတစ်ယောက် မဟုတ်လေတော့ လျစ်လျူရှု မနေနိုင်ဘူး၊ ဒါကြောင့် မင်းကို ဒါလေးလာပေးတာ”
ဆန်းလျန်၏ စကားကိုကြားသည့် အခါတွင်တော့ အားလျန်၏ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက် လာလေသည်။
နတ်ဘုရားတစ်ပါးကို မည်သို့သော လူကများ လုပ်ကြံမှာပါလိမ့်…။
ရုတ်တရက်…
ဆန်းလျန်၏လက်ထဲတွင် ကြာပန်းပုံသဏ္ဌာန် မီးအိမ်လေး တစ်ခုပေါ်လာပြီး ထိုမီးအိမ်လေးသည် အားလျန်ဆီသို့ ပျံသန်းသွားလေသည်။
ထို့နောက် ဆန်းလျန်၏အသံသည် သူမ၏နားနားတွင် ကြားလိုက်ရလေသည်။
“ဒီမီးအိမ်က ဝိညာဉ်စွမ်းအားပြည့်ဝတယ်၊ မင်းနဲ့မင်းရဲ့ သမီးလေးကို အန္တရယ်ကနေ ကာကွယ် ပေးလိမ့်မယ်၊ ဒီမီးအိမ်ကိုအသုံးပြုဖို့ ဘာဂါထာမန္တန်မှ မလိုဘူး၊ ယုံကြည်ခြင်းပဲလိုတယ်”
ရုတ်တရက်…
အားလျန်သည် သတိဝင်လာပြီး သူမသည် နတ်ဘုရား ကျောင်းတော်ထဲတွင် အိပ်ပျော်နေခြင်း ဖြစ်သည်ကို သိလိုက်ရလေသည်။ သူမ၏ သမီးလေးက သူမ၏ဆံပင်များကို လာဆွဲသည့်အတွက် အိပ်ပျော်နေရာမှ နိုးလာခဲ့ခြင်း ဖြစ်လေသည်။
သူမဆီသို့ ဆန်းလျန်ရောက်လာသည်မှာ အိပ်မက်မျှသာ ဖြစ်လေသည်။
သို့သော်… အိပ်မက် မဟုတ်သည်ကိုလည်း ချက်ချင်း သဘောပေါက် သွားရသည်။ အဘယ်ကြောင့် ဆိုသော် သူမ၏ ရှေ့တွင် ကြာပန်းပုံသဏ္ဌာန် မီးအိမ်လေးကို မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်လေသည်။ မီးအိမ်လေးသည် မီးစာမရှိ၊ ဆီမရှိပါ။ ထို့ကြောင့် မီးလည်း ထွန်းလင်းနေခြင်း မရှိပေ။ သို့သော် မီးအိမ်လေးဆီမှ အနွေးဓာတ်ကို ခံစားနေရလေ သည်။
နတ်ဘုရားဆရာသည် သူမထံသို့ တကယ်ပင် ရောက်ရှိလို့လာခဲ့သည်ပဲ။
ဖူဟောင်လေးက ကြာပန်းမီးအိမ်လေးကို မြင်တွေ့သွားသည့် အခါတွင်တော့ လှမ်းဆွဲ လိုက်လေသည်။ အားလျန်က သမီးငယ်ကို တားဆီးလိုက်ရင်း….
“သမီးလေး … ဒီမီးအိမ်က သမီးရဲ့အသက်ကို ကယ်မယ့်မီးအိမ်၊ မဆော့ရဘူးနော်…”
အားလျန်က မီးအိမ်လေးကို ကိုင်ကြည့်ပြီး လေ့လာကြည့်သည့်တိုင် မည်သို့ အသုံးပြုရမည်ကို သိရှိခြင်းမရှိပေ။ ဆန်းလျန်ကတော့ သူမကို ယုံကြည်ခြင်း ရှိရန်သာ သတိပေးခဲ့လေသည်။
အမှန်တော့ ထိုမီးအိမ်လေးသည် လူသားများ၏ ဆုတေင်းခြင်းမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားကို အသုံးပြုကာ ပြုလုပ်ထားသည့် မီးအိမ်လေး ဖြစ်လေသည်။ ထို့ကြောင့် ရှန်ဝါဒမှ ဆင်းသက်လာသည့် မီးအိမ်လေးဟု ပြော၍ရလေ သည်။ ထိုမီးအိမ်လေးကို အသုံးပြုရန် အတွက် ရှန်ဝါဒ၏ လမ်းစဉ်အတိုင်း ယုံကြည်ခြင်းနှင့် ကိုးကွယ် ဝတ်ပြုခြင်းသာ လိုအပ်လေသည်။
ဆန်းလျန်က အားလျန်ကို ပေးရန်အတွက် မှော်ဝင် ပစ္စည်းများစွာကို စဉ်းစားမိသည့်တိုင် ကြာပန်းမီးအိမ်လေးကတော့ အသင့်တော်ဆုံး ဖြစ်သည်ဟု ထင်မြင်ခဲ့မိလေသည်။
ထို့ကြောင့် သူက အားလျန် အကာအကွယ် ရရှိရန်အတွက် ကြာပန်းမီးအိမ်လေး လာရောက် ပေးအပ်ခဲ့ခြင်းပင်။
နောက်တစ်နေ့တွင်တော့…
ဝူကျုန်းမျိုးနွယ်စုများနှင့် အားလျန်သည် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ ခဲ့ရလေသည်။
နှင်းများ အားလုံး အရည်ပျော်ကျသွားပြီ ဖြစ်သည့်တိုင် နတ်ဘုရား ချင်းရွှမ်နေထိုင်သည့် တောင်သည် အဖြူရောင်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်ကို အံ့သြမှင်တက်စရာကောင်းစွာ တွေ့ရှိ လိုက်ရသောကြောင့်ပင်။
အဖြူရောင်များ အဘယ့်ကြောင့် ဖုံးလွှမ်း နေရပါသနည်း…။
နတ်ဘုရားတောင်ပေါ်တွင် မက်မွန်ပန်း အဖြူရောင်များသည် ညတွင်းချင်းပင် တောင်တစ်ခွင်လုံး ဖုံးအုပ်သည်အထိ ပွင့်လန်းလာသောကြောင့် ဖြစ်လေသည်။
“ဆောင်းတွင်းကာလ တောထဲမှာ ပွင့်လန်းနေတဲ့ မက်မွန်ပန်းတွေ…
ကြုံတောင့်ကြုံခဲ ပွင့်နေကြတဲ့ မက်မွန်ပွင့်တွေနဲ့ ချယ်ရီပွင့်တွေဟာ မတူညီပါဘူး…
ရုတ်တရက် ညကိုဖြတ်သန်းလာတဲ့ လေပြည်လေးနဲ့
မွှေးရနံ့လေးတွေမျောပါလာတော့….
နွေဦးက ဖြည်းညင်းစွာ ဝင်ရောက်လာပါရောလား…"
ဆန်းလျန်သည် ရှုခင်းကို ကြည်နူးစွာကြည့်ရင်း ကဗျာလေးကို ရွတ်နေမိလေသည်။
ထိုကဗျာလေးမှာ ဆန်းအိမ်တော်မှ ထွက်ခွာမလာခင် ဆန်းရော့ရှီကို သူပြောပြခဲ့သည့် ကဗျာလေး ဖြစ်လေသည်။
ထိုအချိန်တုန်းကတော့….
သူသည် သာမန်လူသား တစ်ယောက်မျှသာ ဖြစ်လေသည်။ ယခုတော့ သူသည် နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီ။
သို့သော်…
အတိတ်ကိုမည်မျှပင် ဖြတ်ကျော်ခဲ့ပါစေ သူသည် ဆန်းလျန်သာ ဖြစ်လေသည်။
***