← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) ဂိမ်းကစားကြစို့(ခ)

“မင်းက မင်းရဲ့အလုပ်ကို ချစ်မြတ်နိုးတယ်၊ အဲဒီအလုပ်က မင်းကို တာဝန်သိစိတ် အပြည့်အဝ ပေးတယ်။ မင်းဟာ လူတွေရဲ့ နှလုံးသားထဲက အသိတရားတွေကို နိုးထစေဖို့ မင်းရဲ့ကင်မရာကို သုံးပြီး သွေးထွက်သံယိုအမှန်တရားတွေများစွာကို မှတ်တမ်းတင်ခဲ့တယ်၊ ဒါပေမဲ့ မင်း တကယ်ပဲ ဂရုစိုက်ရဲ့လား။ မင်းဟာ တရားမျှတမှုဆိုတဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ပုန်းနေတဲ့ ဟန်ဆောင်သမားလား၊ ဒါမှမဟုတ် တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်အစစ်တစ်ယောက်လား။

“အခုအချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်တစ်မျိုး စီးဆင်းနေပြီး မင်းအသက်ကို တဖြည်းဖြည်း ဝါးမြိုနေပြီ။ မင်း သတိရလာတာနဲ့ မင်းရဲ့ဇီဝကမ္မဖြစ်စဉ်က အဲဒီအဆိပ်ရဲ့ ပျံ့နှံ့နှုန်းကို နှစ်ဆ မြန်ဆန်စေလိမ့်မယ်။ ဒီနေရာကနေ ထွက်သွားဖို့ တစ်ခုတည်းသော ထွက်ပေါက်ကို ရှာဖို့ မင်းမှာ မိနစ် လေးဆယ်လောက်ပဲ အချိန်ရှိတော့တယ်။ ကင်မရာနောက်ကွယ်မှာ ပုန်းနေတဲ့ လူတစ်ယောက်ရဲ့ အသိတရားက သူ့ကို ချစ်ရတဲ့မိသားစုဆီ ပြန်ရောက်အောင် ကူညီပေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့။

“ရှင်မလား သေမလား... မင်းကိုယ်တိုင် ရွေးချယ်လိုက်ပါ။”

အသံသွင်းထားသော စကားလုံးများ တစ်ဝက်ခန့် ရောက်သောအခါ ဖုန်းပုကြွယ်သည် မတ်တတ်ရပ်နေပြီဖြစ်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်။ သူသည် ပုံမှန်ဝတ်နေကျ အနက်ရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ထားဆဲ ဖြစ်သည်။ ဤဇာတ်လမ်းကို အခြေခံထားသည့် ရုပ်ရှင်၏ဇာတ်ကွက်အရ သူသည် သူ့အိတ်ကပ်များကိုပါ စစ်ဆေးလိုက်သော်လည်း ဗလာဖြစ်နေသည်။ သူ့အိတ်ထဲတွင်လည်း အပြောင်းအလဲမရှိဘဲ ပလတ်စတစ်ဆေးထိုးအပ် တစ်ခုသာ ရှိနေသည်။

“မင်းအမေကို ရွေးချယ်လိုက်”

အသံသွင်းထားသောစကားများ ဆုံးသွားသောအခါ ဖုန်းပုကြွယ်က ကျိန်ဆဲလိုက်သည်။ သူသည် တစ်ကိုယ်တော်မုဒ်ထဲတွင် ဖြစ်သောကြောင့် စနစ်က သူ့ကို ဆဲဆိုမှုအတွက် သတိပေးခြင်း မရှိပေ။ ထို့နောက် သူသည် ဝေါ့ခ်မန်း၏ ဂုဏ်သတ္တိများကို မီနူးမှတစ်ဆင့် စစ်ဆေးလိုက်သည်။

ပစ္စည်းအမည် - ကက်ဆက်တိပ်ခွေပါသော ဝေါ့ခ်မန်း

ပစ္စည်းအမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း

အရည်အသွေး - ညံ့ဖျင်း

လုပ်ဆောင်ချက် - တိပ်ခွေများ ဖွင့်ရန်

ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - တိပ်ခွေထဲက အကြောင်းအရာကို ယုံကြည်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။

ယင်းသည် တစ်ကြိမ်သုံး ဇာတ်ကွက်ဆိုင်ရာအိုင်တမ်တစ်ခု ဖြစ်ပုံရသည်။ ဖုန်းပုကြွယ်သည် အသံသွင်းထားသော စကားလုံးတိုင်းကို မှတ်မိနေသော်လည်း ပိုသေချာစေရန်အတွက် အချိန် တစ်မိနစ်၊ နှစ်မိနစ်ခန့် ဖြုန်းလိုက်ရသည်ကို ဂရုမစိုက်ဘဲ နောက်တစ်ကြိမ် ထပ်နားထောင်လိုက်သည်။ ဒုတိယအကြိမ် နားထောင်ပြီးနောက် ဝေါ့ခ်မန်းကို သူ့ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ ထိုဇာတ်လမ်းတွင် တိပ်ခွေတစ်ခွေထက်မက ရှိနိုင်သည်ဟု ယူဆသဖြင့် ဝေါ့ခ်မန်းကို ယူသွားခြင်းက ပိုကောင်းမည်ဟု သူတွေးလိုက်ခြင်းဖြစ်သည်။

သူရှိနေသော နေရာမှာ အတော်လေးကျယ်ဝန်းသည်။ ခေါင်မိုးသည် ကြမ်းပြင်မှ ၁၂ မီတာ သို့မဟုတ် ထို့ထက်ပိုမြင့်ပြီး ခေါင်မိုးနားတွင် ကြီးမားသောလေစုပ်ပန်ကာကြီးများ အများအပြား ရှိသည်။ နေရောင်ခြည်သည် ၎င်းတို့ကြားမှ ဖြတ်သန်းဝင်ရောက်လာသည်ကို မြင်ရသော်လည်း နံရံများတွင်မူ သူတွယ်တက်နိုင်စရာ ဘာမှမရှိပေ။ ခေါင်မိုးမှာ အခုံးပုံသဏ္ဌာန် ဖြစ်ပြီး ကြမ်းပြင်နှင့် အပြိုင် တန်းထားသော ထုတ်တန်းများစွာ ရှိနေသည်။ ထိုတန်းများမှ ချိတ်ဆွဲထားသော မီးအိမ်များက ထိုနေရာကို အလင်းပေးထားသည်။ နံရံများသည် ခိုင်ခံ့ပုံရပြီး မျက်နှာပြင်ကို သတ္တုပြားများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းနောက်ကွယ်တွင် အုတ်နံရံဖြစ်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်သည် နံရံကို အင်အားသုံးဖြိုချရန် အစီအစဉ်မရှိပေ။

စနစ်သည် နှစ်မိနစ်အတွင်း ထွက်ပြေးနိုင်မည့် ဇာတ်လမ်းမျိုးကို ဖန်တီးပေးလိမ့်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ဖုန်းပုကြွယ်တွင် ပေါက်ကွဲလက်သီးနှစ်ကြိမ်စာ ကျန်ရှိနေသေးပြီး သူ၏တိုက်ခိုက်ရေး ကျွမ်းကျင်မှုမှာ F အဆင့်သို့ ရောက်နေသည် ဆိုပါစို့၊ စနစ်က ထိုကျွမ်းကျင်မှုဖြင့် ဖုန်းပုကြွယ်ချက်ချင်း ထွက်မပြေးနိုင်စေရန် ဇာတ်လမ်းကိုပြောင်းလဲပစ်မည် သို့မဟုတ် နံရံကို နှစ်ဆပိုထူသွားစေမည် ဖြစ်သည်။ လက်သီးတစ်ချက်စီ၏ အောင်မြင်မှုနူန်းသည် ၂၀ ရာခိုင်နှုန်းသာ ရှိပြီး နံရံ၏အထူကို သူ မသိသော်လည်း အောင်မြင်သွားနိုင်သည့် ဖြစ်နိုင်ခြေကတော့ ရှိနေဆဲဖြစ်သည်။

စနစ်က ဇာတ်လမ်းကို ဖန်တီးနေချိန်တွင် ထိုဖြစ်နိုင်ခြေကို သဘာဝကျစွာပင် ဖျက်ပစ်ခဲ့သည်။ ဆိုလိုသည်မှာ ဝမ်တန်ကျိသည် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။ ဇာတ်ကောင်၏ မူလအခြေအနေဖြင့် ဇာတ်လမ်းကို ပြီးမြောက်နိုင်မည့် အခွင့်အလမ်း ရှိနေသရွေ့ ထိုအခွင့်အလမ်းသည် မည်မျှပင်သေးငယ်ပါစေ စနစ်က ထိုသို့ဖြစ်ခွင့်ပြုမည် မဟုတ်ပေ။

ဖုန်းပုကြွယ် ရှေ့သို့ လျှောက်သွားလိုက်သည်။ ဂိုဒေါင်ထဲတွင် သေတ္တာများစွာရှိပြီး အမြင့်ဆုံးမှာ သုံးထပ်အထိ ဆင့်ထားသည်။ သို့သော်လည်း ခေါင်မိုးနှင့်မူ အတော်လေး ကွာဝေးနေသေးသည်။ သေတ္တာများသည် ဖုန်းပုကြွယ် ဖြတ်သန်းသွားနိုင်မည့် လမ်းတစ်ခုကဲ့သို့ စီထားခြင်း ဖြစ်သည်။

“ဟင်... ငါတော့ ဒါနဲ့ ပတ်သက်ပြီး ခံစားချက်သိပ်မကောင်းဘူး”

ဖုန်းပုကြွယ် မကြောက်သော်လည်း ဤဇာတ်လမ်းမှ သူရရှိမည့် ဆုလာဘ်အပေါ်တွင်တော့ မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေ။ သာမန်လူတစ်ယောက်အတွက်ပင် ‘လွှ’ (Saw) ရုပ်ရှင်ထဲကကဲ့သို့ ဇာတ်လမ်းမျိုးက သိပ်ကြောက်စရာမကောင်းလှဟု သူတွေးမိသည်။ ရုပ်ရှင်ထဲတွင် ကြောက်ရွံ့မှုကို ဖြစ်စေသည့် အကြီးမားဆုံးအချက်မှာ အချိန် ဖြစ်သည်။ သို့သော် ဂိမ်းထဲတွင်မူ ခြိမ်းခြောက်မှုကို မျက်မြင်တွေ့နေရပြီး သေခြင်းတရားနီးကပ်လာသည်နှင့်အမျှ ကြောက်ရွံ့မှုက တိုးလာတတ်သည်။ လူတွေရဲ့ ကြောက်ရွံ့မှုတန်ဖိုးကို ရုတ်တရက် ထိုးတက်သွားစေမည့် အဖြစ်အပျက်လေးတွေတော့ အနည်းငယ် ရှိနိုင်ပေသည်။

ရုပ်ရှင်ထဲတွင် ရှင်သန်လိုသူများမှာ မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီးမှ ထွက်ပြေးရခြင်း ဖြစ်သည်။ အချိန်၏ဖိအားနှင့် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတို့ ပေါင်းစပ်သွားသောအခါ လူများကို ကျရှုံးသွားစေသည်။ သို့သော် သည်းထိတ်ရင်ဖို သုခဘုံ၏ ကစားသမားများတွင်မူ နာကျင်မှုကန့်သတ်ချက် ရှိသည်။ ထိုနာကျင်မှုသည် ကစားသမား၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းတွင် တစ်ပြိုင်နက် ဖြစ်ပေါ်လာလျှင်ပင် အံကြိတ်ပြီး အောင့်ခံနိုင်သောအရာ ဖြစ်သည်။

ထို့ပြင်... ထိုရုပ်ရှင်များကို ကြည့်ဖူးသူတိုင်း သိကြသည်မှာ လူသတ်သမား၏ နောက်ဆုံးပန်းတိုင်မှာ သတ်ဖြတ်ရန် မဟုတ်ဘဲ လူများကို ‘ကယ်တင်ရန်’ ဖြစ်သည်။ သူသည် ဘဝကို တန်ဖိုးမထားသူများကို နာကျင်မှုပေးခြင်းဖြင့် ၎င်းတို့၏ဘဝကို ပြန်လည်သုံးသပ်စေရန်နှင့် အသက်၏အရေးကြီးပုံကို သိရှိစေရန် ကယ်တင်ခြင်း ဖြစ်သည်။ ကစားသမားများအနေဖြင့် ‘ဂိမ်းစည်းမျဉ်းများ’ ကို လိုက်နာပြီး မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်ဝံ့သည့်သတ္တိရှိသရွေ့ ရှင်သန်နိုင်မည့်နည်းလမ်း ရှိနေမည်သာ ဖြစ်သည်။

ထိုအချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် ဖုန်းပုကြွယ်သည် ဤဇာတ်လမ်း၏ ၈၀ ရာခိုင်နှုန်းသည် ပဟေဠိဖြေရှင်းခြင်းဖြစ်မည်ဟု အခြေခံအားဖြင့် အတည်ပြုလိုက်သည်။

စနစ်သည် ဖြေရှင်းမရသော ဇာတ်လမ်းမျိုးကို ဖန်တီးမည်မဟုတ်ပေ။ အနည်းဆုံးတော့ သာမန်ခက်ခဲမှုအတွက် ထိုသို့ မဟုတ်နိုင်ပေ။ ဇာတ်လမ်း၏ ခက်ခဲမှုသည် ကစားသမား၏ ဇာတ်ကောင် စွမ်းရည်အပေါ် အခြေခံ၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး အဖွဲ့လိုက်မုဒ်တွင်သာ အခြေအနေများ ပြောင်းလဲသွားနိုင်သည်။

ဖုန်းပုကြွယ်ကဲ့သို့ အသက်သွေးမှလွဲ၍ အဆင့် ၁ ဇာတ်ကောင်နှင့် မခြားနားသူအတွက်မူ စနစ်သည် ဤကဲ့သို့ ဇာတ်လမ်းမျိုးကိုသာ ဖန်တီးပေးနိုင်ပေလိမ့်မည်။ သူ၏ လက်ရှိအခြေအနေအရ တိုက်ခိုက်ရေးဇာတ်လမ်းသည် မဖြစ်နိုင်ပေ။ အကယ်၍ စနစ်က အဆင့် ၄ ဇာတ်ကောင်အတွက် ဘော့စ်တစ်ကောင်ကို ဖန်တီးပေးခဲ့ပါက သူတစ်ယောက်တည်းနှင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဇာတ်လမ်းကို ပြီးမြောက်ရန် နည်းလမ်းက ရှင်းပါသည် - ပဟေဠိကို ဖြေရှင်းခြင်း သို့မဟုတ် ရုပ်ရှင်ထဲက ဇာတ်ကောင်များကဲ့သို့ သူ့အသက်သွေးကို ပေးဆပ်ပြီး ရှေ့ဆက်တိုးခြင်း ဖြစ်စေ အသက်သွေးအားလုံး ကုန်ဆုံးသွားပါက သေဆုံးသွားမည် ဖြစ်သည်။

ဖုန်းပုကြွယ်သည် သေတ္တာများဖြင့် ပြုလုပ်ထားသော လမ်းကြောင်းအတိုင်း လိုက်သွားရာ အခန်း၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။ နံရံပေါ်တွင် သေတ္တာပုံကြီး၏ နောက်၌ ဝှက်ထားသော တံခါးတစ်ခုကို ညွှန်ပြနေသည့် ဆေးသုတ်ထားသောမြှားပုံစံတစ်ခုကို တွေ့လိုက်ရသည်။ သေတ္တာများကြားတွင် လူတစ်ယောက် တိုးဝင်သွားနိုင်လောက်သည့် အပေါက်တစ်ခု ရှိနေလေသည်။

ဖုန်းပုကြွယ်သည် သူ၏ သက်လုံ နှင့် အသက်သွေးတို့ကို ကြည့်လိုက်သည်။ ၎င်းတို့သည် အပြည့်နီးပါး ရှိနေလေသည်။ အသက်သွေးသည် ‘အဆိပ်’ ကြောင့် စတင်လျော့နည်းလာရမည် ဖြစ်သော်လည်း အနည်းဆုံးတော့ သက်လုံအတွက် သူစိုးရိမ်စရာ မလိုပေ။ သူသည် အသက်ရှူနူန်းကို ထိန်းညှိလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ထိုတံခါးနောက်ကွယ်တွင် နောက်ထပ်ဂိမ်းတစ်ခု ရှိနေမည်ကို သူသိသည်၊ အာရုံစိုက်ရမည့် အချိန်ရောက်ပြီဖြစ်သည်။

သူ အပေါက်ထဲသို့ တိုးဝင်၍ တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် ‘ကလစ်’ ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရသည်။ တံခါးနောက်မှ တစ်ခုခုကို နိူးဆွလိုက်ချေပြီ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အခန်းသစ်ထဲတွင် မီးအလင်းရောင်များ လင်းလက်လာသည်။ ဖုန်းပုကြွယ် အခန်းထဲသို့ ဝင်လိုက်သည်နှင့် တံခါးက သူ့အလိုလို ပြန်ပိတ်သွား၏။ ယင်းသည် ထောင်ချောက်၏ အစိတ်အပိုင်းလား သို့မဟုတ် စနစ်ကြောင့်လားမှာ မသေချာပေ။

အခန်းအလယ်တွင် အလွန်သေးငယ်သော သစ်သားကုလားထိုင်တစ်လုံး ရှိနေသည်။ ကုလားထိုင်ပေါ်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော အရုပ်တစ်ရုပ် ထိုင်နေပြီး ၎င်းလက်ထဲတွင် စက္ကူတစ်ရွက် ကိုင်ထားသည်။ ထိုအရုပ်သည် ကလေးတစ်ယောက် အရွယ်အစားခန့်ရှိပြီး ရှည်လျားသော မျက်နှာပုံစံ ရှိသည်။ ၎င်း၏ဆံပင်ပုံစံမှာ ထူးဆန်းလှပြီး ဖြူဖွေးသည့် မျက်နှာ၊ မည်းနက်နေသော မျက်ကွင်းနှင့် သွေးနီရောင်မျက်ဆံများ ရှိသည်။ ပါးနှစ်ဖက်တွင် အနီရောင် အဝိုင်းပုံများ ဆွဲထားပြီး နှုတ်ခမ်းများမှာ သွေးများ စီးကျနေသကဲ့သို့ နီရဲနေလေသည်။ သန်းခေါင်ယံအချိန်တွင် ထိုကဲ့သို့သော မျက်နှာမျိုးနှင့်တိုးမိပါက အတော်လေး ကြောင်စရာ ကောင်းသော်လည်း လက်ရှိအချိန်တွင်မူ ထိုအရုပ်က မလှုပ်လာသရွေ့တော့ လက်ခံနိုင်စရာ ရှိပါသေးသည်။

“ဟယ်လို အက်ရှ်။ မင်းဒီကို ရောက်လာပြီဆိုတော့ မင်းဟာ သေခြင်းတရားကို ထိုင်စောင့်မနေဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါဆို စည်းမျဉ်းတွေကို နားထောင်လိုက်ပါ။”

အရုပ်၏ ဝမ်းဗိုက်ထဲတွင် ဝှက်ထားသော တိပ်ခွေက စတင်ပွင့်လာသည်။

“အလုပ်လုပ်နေတဲ့ စက်တစ်လုံးကို မင်းတွေ့ပြီးလောက်ပြီ ထင်တယ်...”

ဖုန်းပုကြွယ်၏ အကြည့်များသည် အဝတ်လျှော်စက်အရွယ်အစားခန့်ရှိသော စက်တစ်ခုဆီသို့ ရောက်သွားသည်။ ထိုစက်၏အပေါ်ဘက်တွင် ပန်းကန်ပြားတစ်ချပ် အရွယ်အစားခန့်ရှိသော စက်ဝိုင်းပုံ ပါးစပ်တစ်ခုရှိသည်။ ၎င်းသည် လူတစ်ယောက်၏ ဦးခေါင်းကို ထိုးထည့်နိုင်လောက်အောင် ကျယ်သည်။ ထိုအပေါက်ထဲမှ စက်ယန္တရားများ လည်ပတ်နေသံကို ကြားနေရသည်။ ဖုန်းပုကြွယ်သည် အနီးကပ်စူးစမ်းရန် လျှောက်သွားလိုက်သည်။ စက်ပါးစပ်နှင့် မီတာဝက်ခန့်အကွာတွင် ဂီယာတန်း နှစ်တန်းရှိပြီး ၎င်းတို့ကို တစ်ခုနှင့်တစ်ခု အနီးကပ်ထားထားကာ ၎င်းတို့ကြားတွင် သေးငယ်သောအဟတစ်ခု ရှိနေသည်။ ထိုဂီယာတန်းများသည် ရေတံခွန်နှစ်ခုကဲ့သို့ တူညီသည့် လားရာတစ်ခုတည်းသို့သာ လည်ပတ်နေကြသည်။ ၎င်ေသည် အရှိန်မမြန်သော်လည်း ကြိတ်ခြေနိုင်စွမ်းက ပြင်းထန်လှသည်။ စက်၏ စွမ်းဆောင်ရည်အရ သစ်သား သို့မဟုတ် သံထည်များကို ဝါးမြိုပစ်ရန် လုံးဝဖြစ်နိုင်ပေသည်။

စက်ပါးစပ် အပေါ်တွင် အချိန်မှတ်နာရီတစ်ခု ရှိသည်။ အချိန်ကို ငါးမိနစ်သတ်မှတ်ထားပြီး စတင် လည်ပတ်နေပြီ ဖြစ်သည်။ အချိန်မှတ်နာရီဘေးတွင် အလေးချိန်တိုင်းစက်တစ်ခုရှိပြီး အလေးချိန်သည် ကီလိုဂရမ်ဖြင့်ဖြစ်ကာ လက်တံမှာ သုညကို ညွှန်ပြနေသည်။

“ဒီစက်က အရာဝတ္ထုတွေကို ကြိတ်ချေပြီးတော့ နောက်တစ်ခန်းကို သွားမယ့်တံခါးကို ဖွင့်ပေးနိုင်တယ်။ မင်း လုပ်ရမှာက လုံလောက်တဲ့ အလေးချိန်ရအောင် ပစ္စည်းတွေထည့်ပေးဖို့ပဲ။ မင်း ဂရမ် ၁၅,၀၀၀ ထက် ပိုထည့်ပြီးရင် တံခါးပွင့်သွားလိမ့်မယ်။ တကယ်လို့ မင်းမီးဖြတ်လိုက်ရင် ဒါမှမဟုတ် အချိန်မှတ်နာရီ ကုန်သွားတဲ့အထိ စောင့်နေမယ်ဆိုရင် စက်က ရပ်သွားလိမ့်မယ်...”

ဖုန်းပုကြွယ်သည် စက်ထဲသို့ ပစ်ထည့်နိုင်မည့်ပစ္စည်းများကို ပတ်ဝန်းကျင်တွင် စတင် ရှာဖွေလိုက်သည်။ သစ်သားကုလားထိုင်နှင့် အရုပ်အပြင် တခြားတစ်ခုခု ရှိရဦးမည် ဖြစ်သည်။

“ဒီအခန်းထဲမှာ ကြမ်းပြင်နဲ့ဂဟေဆော်ထားတဲ့ သံလှောင်အိမ်တစ်ခု ရှိတယ်၊ အဲဒီထဲမှာ မေ့ဆေးအပြင်းစား ထိုးခံထားရတဲ့ မျောက်တစ်ကောင် ရှိတယ်။ သူ့ရဲ့ အလေးချိန်က ၁၀,၀၀၀ ဂရမ်လောက် ရှိတယ်။ မှန်ပါတယ်၊ မင်း လုပ်နိုင်တဲ့အရာကတော့ ဒီအရုပ်နဲ့ ကုလားထိုင်ကို ပစ်ထည့်လိုက်ဖို့ပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီနှစ်ခုပေါင်းရဲ့ အလေးချိန်က ၇,၅၀၀ ဂရမ်ပဲ ရှိတယ်လေ...”

ဖုန်းပုကြွယ်သည် အရုပ်ကိုင်ထားသော သတင်းစာကို ဆွဲယူလိုက်သည်။ ဆောင်းပါး၏ ခေါင်းစဉ်မှာ “သူတို့က မင်းရဲ့ ညစာ မဟုတ်ဘူး”။ ဆောင်းပါးတွင် တွဲလျက်ဖော်ပြထားသော ပုံသည် သံလှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရပြီး အကူအညီမဲ့နေသော တိရစ္ဆာန်လေးများတွင်သာ ရှိတတ်သည့် အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကင်မရာကိုကြည့်၍ တောင်းပန်နေသည့် မျောက်ငယ်လေးတစ်ကောင်၏ ဓာတ်ပုံဖြစ်သည်။ ဆောင်းပါးရှင်၏ အမည်သည် အခြားသူမဟုတ်ဘဲ အက်ရှ်ကိုယ်တိုင်ပင်။

“မင်းဟာ တရားမဝင်မုဆိုးတွေကို ပြစ်တင်ရှုံ့ချပြီး တောရိုင်းတိရစ္ဆာန်တွေကနေ လုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူတဲ့သူတွေကိုလည်း နှလုံးသားမရှိတဲ့ လူသတ်သမားတွေအဖြစ် ကဲ့ရဲ့ခဲ့တယ်၊ ဒါပေမဲ့ မင်းသတင်းယူဖို့ သွားခဲ့တဲ့ ခရီးစဉ်များစွာမှာ မင်းကိုယ်တိုင်လည်း ဒီလို အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေကနေ လုပ်ထားတဲ့ အစားအစာတွေကို စားသုံးခဲ့ဖူးတယ်။ တကယ်တော့ မင်းဇနီးရဲ့ ဗီရိုထဲမှာလည်း တောရိုင်းတိရစ္ဆာန်သားမွေးနဲ့ လုပ်ထားတဲ့ ကုတ်အင်္ကျီ တစ်ထည်ထက်မက ရှိနေတယ်။ ဒီတိရစ္ဆာန်တွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ မင်းမျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ မင်း ဘာလုပ်ခဲ့သလဲ။

“အခုတော့ တကယ့်လူသတ်သမားတစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားရသလဲဆိုတာ မင်းကို ကိုယ်တိုင် ခံစားစေချင်တယ်။ မင်းအသက်အတွက် ဒီသတ္တဝါရဲ့ အသက်ကို လဲလှယ်မှာလား။ မင်းကိုယ်တိုင် ရွေးချယ်လိုက်ပါ အက်ရှ်။”

အသံသွင်းထားသော စကားများက ထိုနေရာတွင် ရပ်တန့်သွား၏။ ဖုန်းပုကြွယ်ကား သတင်းစာကို ဆက်လက် ဖတ်ရှုနေဆဲ ဖြစ်သည်။ သူ့အကျင့်ဟောင်းက ပြန်ပေါ်လာခြင်းပင်။ သူသည် စနစ်က ဖန်တီးထားသော ဤသတင်းစာအတုကို အဆုံးအထိ ဖတ်ချင်နေခြင်းဖြစ်သည်...။

အခန်း (၁၂) ဂိမ်းကစားကြစို့(ဂ)

“ဟမ်…ဒါက တိရိစ္ဆာန်တွေကို ချစ်တတ်တဲ့ မိန်းကလေးဂိမ်မာတွေကိုပဲ အလုပ်ဖြစ်လိမ့်မယ်ကွ”

ဖုန်းပုကြွယ်က သတင်းစာပေါ်မှ သူ့အကြည့်ကို လှောင်အိမ်ထဲမှ မျောက်လေးဆီသို့ ရွေ့လိုက်သည်။

“လိုအပ်မယ်ဆိုရင် အပြင်လောကမှာတောင် ငါတွေဝေမှာ မဟုတ်ဘူး ၊ ဂိမ်းထဲတော့ မပြောနဲ့တော့…”

သူသည် သတင်းစာအား စိတ်ဝင်စားစရာမရှိတော့သလို ပြန်ချလိုက်သည်။

“ဒါပေမယ့်…အသံမှတ်တမ်းက ငါ့ကို ဒီလိုမျိုး ဖိအားပေးလာတယ်ဆိုတော့ ဒါက အရိပ်အမြွက်တစ်မျိုးပဲ ဖြစ်ရမယ်”

သူ စက်အနီးသို့ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ အနီးကပ်စစ်ဆေးလိုက်သည်။ ထိုပုံစံအတိုင်း စက်ကို တစ်ပတ်ပတ်ကာ စက်ပုံးကို လက်သီးဖြင့်ထိုး၍ ခြေထောက်နှင့် ခပ်ပြင်းပြင်းနှစ်ချက်ဆင့်ကန်လိုက်သည်။စက်ပုံးခွံသည် ပုံမှန်သံပြားမဟုတ်ဘဲ ခိုင်ခံ့သော သံမဏိပြားကြီး ဖြစ်နေလေသည်။ထောင့်များကို လုံခြုံစွာ ဂဟေဆော်ထားပြီး သူ့လက်ချည်းသက်သက်ဖြင့် ဖျက်ဆီးရန်မဖြစ်နိုင်ချေ။စက်ကို ရွေ့ရန်မှာလည်း တစ်ယောက်တည်းဖြစ်၍ လွန်စွာခက်ခဲလှသည်။

စက်မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသော အက်ကြောင်းများမရှိဘဲ နှစ်မီတာပတ်လည်သည် လုံခြုံစွာရှိနေခြင်းဖြစ်သည်။သုံးမိနစ်အတွင်း ထိုစက်ကို ဖွင့်နိုင်သည့်အပေါက်တစ်ခုရှာရန်မှာ ပေါ်လာရန်မဖြစ်နိုင်ချေ။ထို့ကြောင့် ဖုန်းပုကြွယ်သည် သံလှောင်အိမ်ဆီသို့ ပြန်သွားလိုက်သည်။အသံမှတ်တမ်းအရ လှောင်အိမ်သည် ကြမ်းပြင်နှင့်ဂဟေဆော်ထားခြင်းဖြစ်ပြီး အနည်းငယ်မျှ ရွေ့လိမ့်မည် မဟုတ်ချေ။သူ အခန်းပတ်ပတ်လည်ကို လျှောက်ကြည့်လိုက်သော်လည်း လေးဘက်လေးတန်နံရံများမှလွဲ၍ ဗလာကျင်းနေလေသည်။သူသည် အခန်းအလယ်သို့ ပြန်လာလိုက်ပြီး အရုပ်ကို ဆွဲယူကာ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ့အရွယ်အစားကြောင့် သူသည် ထိုင်နေသည်ဟု ပြောရမည့်အစား ကျုံ့ကျုံ့လေးဖြစ်နေလေသည်။

“မျောက်ကို မသတ်ပဲ ဒီအခန်းထဲက လွတ်မြောက်ဖို့ လိုတယ်ဆိုရင်…ဒီကုလားထိုင်နဲ့ အရုပ်တို့ရဲ့ ၇၅၀၀ ဂရမ်အပြင် နောက်ထပ် ၇၅၀၀ဂရမ်လောက် ရှာဖို့လိုတယ်”

သူက သူ့ညာဘက် တံတောင်ဆစ်ကို ဒူးပေါ်ထောက်လိုက်ပြီး ခေါင်းကို ဘေးသို့အနည်းငယ်စောင်းလိုက်သည်။ သူ့လက်ညိုးနှင့် လက်ခလယ်တို့က သူ့နဖူးကို စည်းချက်ကျကျ ခေါက်နေလေသည်။

“အများဆုံး ဝေါ့ခ်မန်းက ဂရမ်၁၀၀၀ ဝန်းကျင်လောက်ပဲ ရှိမယ် ၊ ဆေးထိုးအပ်က ပိုတောင်နည်းဦးမယ် ၊ စနစ်ရဲ့ ကန့်သတ်ချက်အရ ငါ့အဝတ်အစားတွေကို ချွတ်ပစ်ဖို့ကလည်း မဖြစ်နိုင်ဘူး၊ အိုး… ငါကျောက်ခဲကို မေ့နေတာပဲ ၊ ကျောက်ခဲအလေးချိန်က အနည်းဆုံး ဂရမ်၂၀၀၀ လောက်ရှိလိမ့်မယ်”

သူ ပြုံးရင်းပြောလိုက်သည်။

“ဒါဆိုရင် …ဒီအခန်းလွတ်ကြီးထဲမှာ ရွေ့လို့ရတာ တစ်ခုပဲ ရှိတော့တယ်…”

သူခေါင်းမော့လိုက်ပြီး သူ့အပေါ်ရှိ မီးပေးစနစ်ကို ကြည့်လိုက်သည်။

ယင်းသည် တွဲချိတ်ထားသော မီးချောင်းတစ်ချောင်းဖြစ်သည်။ ပလတ်စတစ်အဖုံး အုပ်ထားသော မီးချောင်းသည် တစ်မီတာရှည်သည်။မီးချောင်းကို မျက်နှာကျက်မှ တွဲလောင်းကျနေသော ကေဘယ်လ်ကြိုးနှစ်ချောင်းဖြင့် ချိတ်ဆက်ထားပြီး လျှပ်စစ်ဝိုင်ယာကြိုးများက ကေဘယ်လ်နှစ်ချောင်းတွင် ရစ်ပတ်နေကြသည်။ဤအခန်းမျက်နှာကျက်သည် အရင်အခန်းထက် များစွာပိုနိမ့်သော်လည်း လေးမီတာဝန်းကျင်ခန့် မြင့်နေသေးသည်။မီးချောင်းကို မျက်နှာကျက်တွင် ကပ်ထားခြင်းမဟုတ်သော်လည်း ဖုန်းပုကြွယ်အတွက် လက်လှမ်းမှီရန်က မြင့်နေဆဲပင်။

ကုလားထိုင်သေးသေးလေးပေါ်တွင် သူခြေဖျားထောက်၍ မတ်တပ်ရပ်လိုက်သည်။သူသည် အပေါ်သို့ အစွမ်းကုန်ဆန့်သော်ငြား သူ့ပန်းတိုင်သို့ ရောက်ရန် လက်တစ်ဖျားမျှလိုနေသေးသည်။ အကွာအဝေးသည် လူကြီးတစ်ယောက်လက်လှမ်းမှီရုံမျှသာ ဖြစ်သည်။ကုလားထိုင်သည် အလွန်သေးငယ်သောကြောင့် ခြေနှစ်ချောင်းဖြင့်ရပ်နေရုံမျှပင် အလွန်ခက်ခဲနေပြီဖြစ်ရာ ကုလားထိုင်ပေါ်မှ ခုန်၍ မီးချောင်းကို လှမ်းဆွဲရန်မှာ မဖြစ်နိုင်သော အခြေအနေပင်။

အချိန်များ ကုန်ဆုံးသွားပြီး ဖုန်းပုကြွယ်တွင် ၇၃ စက္ကန့်သာ ကျန်တော့သည်။သူသည် အချိန်မှတ်နာရီကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ရယ်မောလိုက်သည်။သူ့ကိုယ်သူ မှတ်ချက်ချလိုက်သည်။

“အခြေအနေတွေကို ပိုခက်ခဲအောင် ဘယ်သူတွေးနေတာလဲကွ၊ ဟား…ဒါက ငါ အတိအကျရှာနေတဲ့ အရာပဲကွ”

အနည်းငယ်သုံးသပ်ပြီးနောက် ဖုန်းပုကြွယ်၏အာရုံက အရုပ်ဆီသို့ ပြန်ရွေ့သွား၏။သူ့တွင် အကြံတစ်ခု ရသွားပုံပေါ်သည်။သူသည် အရုပ်ကိုပြေးကောက်လိုက်ပြီး အရုပ်၏အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။သူက ကုလားထိုင်ဆီသို့ ပြန်ပြေးလာပြီးနောက် သူ့ဘယ်ဘက်လက်ဖြင့် အဝတ်၏အင်္ကျီလက်တစ်ဖက်ကို အပေါ်သို့ ပစ်တင်လိုက်သည်။

အဝတ်သည် ကလေးအဝတ်သာဖြစ်သော်လည်း မီးချောင်းကို လှမ်းချိတ်နိုင်သည်အထိတော့ ရှည်နေသေးသည်။ဖုန်းပုကြွယ်သည် သူ့ညာဘက်လက်ကို မြောက်၍ မီးချောင်းတစ်ဖက်မှ ကျော်ကျလာသော အင်္ကျီလက်ကို ဆွဲလိုက်လေသည်။အဝတ်သည် ယခုတွင် မီးချောင်း၏ အစွန်းတစ်ဖက်တွင် ပွတ်သပ်သွားပြီဖြစ်သည်။ဖုန်းပုကြွယ်က လက်နှစ်ဖက်ဖြင့် ဆောင့်ဆွဲလိုက်ရာ ကေဘယ်လ်ကြိုးတစ်ချောင်း ပြတ်တောက်သွား၏။မီးချောင်းသည် ကျန်ရှိနေသော ကေဘယ်လ်ကြိုးဖြင့် ချိတ်ဆက်နေသေးသည် ဖြစ်ရာ ဒေါင်လိုက်စောင်းကျလာတော့သည်။ မီးချောင်းသည် ခြောက်သွေ့နေသော ဝက်အူချောင်းကဲ့သို့ လေထဲတွင် တွဲလောင်းကျနေလေသည်။

ယခုတွင် ဖုန်းပုကြွယ်သည် မီးချောင်းကို သူ့လက်များဖြင့် ဆွဲကိုင်နိုင်သွားပြီဖြစ်သည်။မီးချောင်းက ပလတ်စတစ်အဖုံးထဲတွင် ရှိနေသောကြောင့် ထိခိုက်ဒဏ်ရာရမည်ကို သူစိုးရိမ်စရာမလိုပေ။ သို့သော်ငြား မီးချောင်းသည် လျှပ်စစ်ချိတ်ဆက်မှု ပြတ်တောက်သွားသောကြောင့် အခန်းမှာ အမှောင်ထုထဲသို့ နစ်မြှုပ်သွားခဲ့သည်။ကံကောင်းသည်က တွဲလောင်းကျနေသော မီးချောင်းကို ဖမ်းဆွဲရန်မှာ သိပ်မခက်ခဲသောကြောင့်ပင်။သူ မီးချောင်းကို တင်းတင်းဆုပ်ကိုင်၍ အားကုန်ဆွဲလိုက်ရာ အခြားကေဘယ်လ်ကြိုးလည်း ပြတ်တောက်သွားတော့သည်။မီးချောင်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။

အစောပိုင်းကတည်းက ဖုန်းပုကြွယ်သည် သူ့စိတ်ထဲတွင် အချိန်ကို တွက်ချက်နေခဲ့ပြီးသားဖြစ်သည်။ ၃၅စက္ကန့် ဝန်းကျင်လောက်တော့ ကျန်ဦးမည်ဖြစ်သည်။စက်က အမှောင်ထဲတွင် ကျယ်လောင်စွာ လည်ပတ်နေဆဲဖြစ်သည်။သူသည် အသံလာရာဆီသို့ အလျင်စလို ပြေးမသွားဘဲ ကုလားထိုင်ပေါ်မှ တစ်လှမ်းချင်းဆင်းလိုက်သည်။ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသော အရုပ်ကို သူ့ခြေထောက်ဖြင့်စမ်း၍ ရှာဖွေလိုက်သည်။ထို အိုင်တမ်နှစ်ခု၏ နေရာများကို မှတ်သားပြီးနောက် ခြေလှမ်းများကို ရေတွက်၍ စက်ကြီးဆီသို့ သူရောက်သွားသည်။

ကျန်ရှိသည်များကတော့ ရှိးရှင်းပါသည်။အသံလားရာအတိုင်း သူသည် စက်ပါးစပ်ကြီး၏ တည်နေရာကို အလွယ်တကူရှာတွေ့လိုက်သည်။ ဖုန်းပုကြွယ်သည် စက်ပါးစပ်ထဲသို့ မီးချောင်းကို ကျွေးလိုက်ပြီးနောက် နောက်ဆုတ်သွားသည်။ဂီယာများ၏ ကြိတ်ချေမှုကြောင့် ကြိတ်ချေနေစဉ်အတွင်း ဖန်ကွဲစများ လွင့်စင်လာသော်လည်း ဖုန်းပုကြွယ်သည် ပြင်ဆင်ထားပြီးသားဖြစ်သဖြင့် ဒဏ်ရာမရခဲ့ချေ။

စက်ပါးစပ်အတွင်း မီးချောင်းသုံးပုံတစ်ပုံ ပျောက်ကွယ်သွားချိန်တွင် လက်ဖြင့်ဆုပ်ကိုင်ထားခြင်းကို လွတ်ပေးလိုက်သည်။သူ နောက်လှည့်လိုက်ပြီး သူ့လာခဲ့သော ဦးတည်ချက်ထံ ပြန်သွားလိုက်သည်။သူသည် ခြေလှမ်းများကို ပြန်လည်ရေတွက်ရင်း အမှောင်ထဲတွင် လျင်မြန်စွာလှုပ်ရှားလျက်ရှိသည်။သူသည် သူလိုအပ်သော စ္စည်းများကို မ‌တော်တဆ ကန်ထုတ်မိမည်စိုးသောကြောင့် ခြေလှမ်းများကို သူလှမ်းခဲ့သည့်အတိုင်းအတာအတိုင်း ဂရုတစိုက် လှမ်းနေရသည်။သူ့တွင် အမှောင်ထဲ စမ်းတဝါးဝါးရှာဖွေရမည့် အချိန်မရှိပါပေ။

ကျေးဇူးတင်ရမည်က ထိုကဲ့သို့ မတော်တဆများ မဖြစ်ခဲ့ခြင်းပင်။သူသည် ဆယ်စက္ကန့်မပြည့်မီ အချိန်အတွင်း အရုပ်ဆီရောက်သွားသည်။အချိန်ကား တရွေ့ရွေ့ ပြေးလွှားနေသည်။ဖုန်းပုကြွယ်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် အရုပ်ကိုဆွဲ၍ ကျန်လက်တစ်ဖက်ဖြင့် သစ်သားကုလားထိုင်ကို ဆွဲကိုင်လိုက်သည်။သူ နောက်လှည့်ပြီး စက်ဆီ ပြေးတော့သည်။ယခုအချိန်တွင် သူသည် သူလှမ်းခဲ့သောခြေလှမ်းများကို ဂရုစိုက်စရာ မလိုတော့သဖြင့် ခြေလှမ်းကျဲကျဲဖြင့် စက္ကန့်အနည်းငယ်အတွင်း စက်ကြီးဆီသို့ ပြန်ရောက်သွားလေသည်။ ပစ္စည်းများကို စက်ပါးစပ်ထဲ ပစ်ချလိုက်သည်။

သစ်သားကုလားထိုင်က စက်ပါးစပ်ထက် ပိုကြီးမားသော်ငြား ဖုန်းပုကြွယ်သည် အစကတည်းက ယင်းကို သတိပြုမိပြီး၍ မှတ်သားထားပြီးသားဖြစ်သည်။ထိုအချက်ကိုသာ မှတ်မထားခဲ့ပါက သူပျာယာခတ်သွားမည်ဖြစ်သည်။သို့သော် ဖုန်းပုကြွယ်သည် ထိုကဲ့သို့အမှားမျိုး လုပ်မည့်သူမဟုတ်ချေ။သူ ကုလားထိုင်ကို နင်း၍ ကွေးချလိုက်သည်။ထို့နောက် ကုလားထိုင်သည် စက်ပါးစပ်ထဲ ဝင်နိုင်သည်အထိ သေးငယ်ပုံပျက်သွားလေသည်။

သူ့စိတ်ထဲတွင် အချိန်သည် ငါးစက္ကန့်ခန့်သာ ကျန်တော့သည်။သုံးစက္ကန့်ခန့် ကြာပြီးနောက် စက်ကြီးက ရပ်တန့်သွားတော့သည်။အမှောင်ထုများ ဖုံးလွှမ်းနေခြင်းကြောင့် ဖုန်းပုကြွယ်သည် အချိန်မှတ်နာရီ သို့မဟုတ် အလေးချိန်ကို မမြင်ရပါပေ။စက်ကြီးရပ်သွားရခြင်းမှာ ၁၅၀၀၀ဂရမ်ကို ရသွားခြင်းကြောင့်လော သို့မဟုတ် သူကျရှုံးသွားခြင်းကြောင့်လော သူမသိချေ။

နောက်စက္ကန့်အနည်းငယ်သည် ရှည်လျားပြီး ကြမ်းတမ်းလှသည်။မည်သည့်အရာမှ ဖြစ်ပျက်မလာသောကြောင့် ဖုန်းပုကြွယ်က တဖြည်းဖြည်း စိတ်လေးလာတော့သည်။မီးချောင်းက လုံလုံလောက်လောက် မလေးလို့လား။လက်တွေ့တွင် ထိုချိတ်ဆွဲရသော မီးချောင်းမျိုးသည် ပလတ်စတစ်အဖုံးပါလျှင်ပင် ၇၅၀၀ဂရမ်ထက် ပိုမလေးနိုင်ပေ။သို့သော် အစောပိုင်း မီးချောင်းကို သူကိုင်ခဲ့စဉ်က မီးချောင်းသည် ၇၅၀၀ဂရမ်ထက် ပိုလေးကြောင်း သူခံစားခဲ့ရသည်။ဒါက ဂိမ်းအပြင်အဆင်လို့ သူတွေးမိတာကြောင့်လား ဒါမှမဟုတ် သူမှားတွက်ခဲ့တာလား။မျောက်ကို သတ်တာကပဲ ဒီအခန်းထဲက ထွက်လို့ရမယ့်နည်းလား။

သံသယများနှင့် မေးခွန်းပေါင်းများစွာသည် နောက်ထပ် ‘ကလစ်’ဟူသော အသံနှင့်အတူ ပျောက်ကွယ်သွားလေသည်။တစ်ဖက်ခန်းတံခါးက ပွင့်သွားချေပြီ။တကယ်တမ်းတွင် စက်ပိုင်းဆိုင်များ စတင်နိုင်ရန် ဆယ်စက္ကန့်ခန့်အချိန်ရသော်လည်း ဖုန်းပုကြွယ်အတွက်မူ ထိုအခြေအနေထဲရောက်ရှိနေသောကြောင့် ရှည်ကြာလှသလို ခံစားနေရခြင်းဖြစ်သည်။

ပွင့်လာသော တံခါးမှတဆင့် အလင်းတန်းတစ်ခု တိုးဝင်လာ၏။ဂိမ်းသည် ပြီးဆုံးမည့်လက္ခဏာမရှိသေးချေ။

All Chapters