← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃) ဂိမ်းကစားကြစို့(ဃ)

ဖုန်းပုကြွယ်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။သူသည် ထိုနေရာသို့ ချက်ချင်း အလျင်စလိုပြေးဝင်သွားခြင်းမရှိဘဲ တံခါးမှတဆင့် တိုးဝင်လာသော အလင်းရောင်ကို အားပြု၍ မျောက်လှောင်အိမ်ဆီသို့ လျှောက်သွားလိုက်သည်။သူသည် လှောင်အိမ်တံခါးကို ဖွင့်၍ သတိလစ်နေသော မျောက်လေးကို ထုတ်ယူလိုက်သည်။

ပစ္စည်းအမည် - သတိလစ်နေသော အမြီးတိုမျောက်

ပစ္စည်းအမျိုးအစား - ဇာတ်ကွက်ဆိုင်ရာ ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းကို ချိုးဖျက်နိုင်ခြင်း - ချိုးဖျက်နိုင်

မှတ်ချက် - မျိုးသုန်းမည့်စာရင်းတွင် ရှိနေသော သတ္တိကောင်းပြီး ချစ်စရာကောင်းသည့်မျောက်လေး။

“ဇာတ်လမ်းအိုင်တမ်လား ဒါပေမယ့် သူ့ကို ဇာတ်လမ်းအပြင်ဘက် ယူသွားလို့ရတာလား၊ အမ်”

ဖုန်းပုကြွယ်သည် မျောက်လေးကို သူ့ကျောပိုးအိတ်ထဲသို့ ထည့်ဖို့ကြိုးစားရင်း တတွက်တွက်ရေရွက်လိုက်သည်။သူ အောင်မြင်စွာ ထည့်လိုက်နိုင်သည်။ထို့နောက် အခန်းထဲမှ ထွက်သွားသည်။

တံခါးအပြင်ဘက် ကော်ရစ်ဒါတွင် ကောင်းမွန်စွာလင်းနေသော မီးအလင်းရောင်တစ်ခုရှိနေသည်။ နံရံများသည် သတ္တုနံရံများဖြစ်ပြီး အမိုးမှာလည်း ငါးမီတာခန့် မြင့်နေဆဲဖြစ်သည်။ပြတင်းပေါက်များ ရှိပုံမရဘဲ နံရံတစ်ဖက်တစ်ချက်စီတွင် တံခါးအနည်းသာရှိသည်။သို့သော် တံခါးများကို တဖက်မှနေ၍ ကြီးမားသော ပစ္စည်းများဖြင့် ပိတ်ဆို့ထားလေသည်။ဆိုလိုသည်က ဖုန်းပုကြွယ်သည် ပင်မကော်ရစ်ဒါတလျှောက်သာ ဆက်သွားနိုင်မည် ဖြစ်သည်။ရံဖန်ရံခါတွင် ဖုန်းပုကြွယ်အား မည်သည့်နေရာသို့ သွားရန် ပြောပြနေသည့် အနီရောင်မြှားသင်္ကေတများ ရှိနေတတ်သည်။ အချိန်အနည်းငယ် လမ်းလျှောက်ပြီးသောအခါ ကော်ရစ်ဒါတွင် မည်သည့်အသုံးဝင်သည့်အရာများ ရှိမနေကြောင်း သတိပြုမိသွားသဖြင့် သူသည် အရှိန်တင်လိုက်ပြီး မြှားသင်္ကေတများနောက်လိုက်၍ ကော်ရစ်ဒါတလျှောက် ပြေးလွှားတော့သည်။ကော်ရစ်ဒါအဆုံးသို့ ရောက်ရန် ရှစ်မိနစ်မျှ ပြေးလွှားလိုက်ရသည်။ သူ့ရှေ့တွင် အနီရောင်ဆေးခြယ်ထားသော သံမဏိတံခါးကြီးတစ်ချပ် ရှိနေလေသည်။

တံခါးကြီးတွင် လက်ကိုင်မပါဘဲ ထို့အစား တံခါးအလယ်တွင် ကြီးမားလုံခြုံဟန်ရှိသည့် ကားစတီယာရင်ကဲ့သို့ သံမဏိလက်ကိုင်ဘီးကြီးတစ်ခု ရှိနေသည်။ဖုန်းပုကြွယ်က ဘီးကြီးကို ဆုပ်ကိုင်၍ လှည့်ရန်ကြိုးစားလိုက်၏။ လော့ခ်ချထားခြင်းသည် အလွန်တင်းကျပ်နေသဖြင့် ဘီးကြီးကို လှည့်နိုင်ရန် သူ့စွမ်းအင်များကို ဖောချင်းသောချင်း သုံးရန်လိုအပ်ပေသည်။

ဘီးကြီးကို တစ်ဝက်ခန့်လှည့်ပြီးသောအခါ တံခါးက စတင်လှုပ်ရှားလာတော့သည်။တံခါးအဟကြားမှ အေးစိမ့်နေသော လေတစ်ချက်တိုးဝှေ့လာသဖြင့် ဖုန်းပုကြွယ်သည် မကောင်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။တံခါးပွင့်သွားသောအခါ သံမဏိတံခါးကြီးသည် အလွန်ထူကြောင်း သူသတိပြုမိလိုက်သည်။အခန်းသည် ချိတ်ပိတ်ထားသော အေးခဲသိုလှောင်ခန်းတစ်ခန်းဖြစ်ကြောင်း သိသာလှသည်။

အခန်းအတွင်းပိုင်းသည် လုံးလုံးလျားလျား ဆောင်းတွင်းရောက်နေသကဲ့သို့ဖြစ်ပြီး ကြမ်းပြင်၌ ဖြူဖွေးသောနှင်းများ ဖုံးလွှမ်းနေကာ နံရံများတွင် ရေခဲမှုန်များ ရှိနေလေသည်။သူ ခေါင်းမော့ကြည့်လိုက်သည်။မီးချောင်းများထက် မျက်နှာကျက်ထောင့် သုံးခုတွင် တစ်မီတာခန့်ရှည်သော ဒေါင်လိုက်ပြွန်တစ်ခုစီ ရှိနေကြောင်း သူသတိထားမိသည်။ တံခါးပွင့်သွားသည်နှင့် ပြွန်များမှ ဆီးနှင်းများ စဆင်ကျဆင်းလာလေသည်။ ကံကောင်းသည်က ပြွန်ဝများသည် ကြီးမားသော်ငြား နှင်းမှုန်များသာ ကျဆင်းနေခြင်းဖြစ်ပြီး ဖုန်းပုကြွယ်၏ မြင်နိုင်စွမ်းကို ဖုံးလွှမ်းရန်မလုံလောက်ပေ။

ဖုန်းပုကြွယ်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး သူ့လက်ဖဝါးထဲသို့ လေမှုတ်လိုက်သည်။ သူ့လက်များကို ပွတ်သပ်၍ အခန်းထဲသို့ လျှောက်သွားလိုက်သည်။သူဝင်လိုက်သည်နှင့် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသည်။ အခန်းကြမ်းပြင်သည် တံခါးအောက်ခြေနှင့် တံခါးအပြင်ဘက်ကော်ရစ်ဒါထက် များစွာပိုနိမ့်နေခြင်းဖြစ်သည်။ထို့ကြောင့် သူအစောပိုင်းက မြင်ခဲ့ရသော နှင်းထုသည် သူထင်ထားသည်ထက် ပိုထူနေပေသည်။သူ အခန်းထဲသို့ ခြေလှမ်းလိုက်ရာ သူ့ခြေထောက်များက နှင်းထုထဲသို့နစ်မြှုပ်သွားပြီး ခြေသလုံးအထိ နစ်ဝင်သွားသည်။အေးစက်မှုက ရုတ်တရက်ဆန်လှသဖြင့် ဖုန်းပုကြွယ်သည် အကြိမ်အနည်းငယ်ခုန်၍ သူ့ခြေထောက်များထဲ သွေးစီးဆင်းစေရန် လုပ်ဆောင်လိုက်သည်။ကျစ် …ဒါက အလုပ်မဖြစ်ဘူး။နှင်းထုသည် အလွန်ပျော့ပျောင်းနေသောကြောင့် နစ်ဝင်နေခြင်းကို ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းသည် အပေါ်ယံသက်ရောက်မှုကို ကျယ်ပြန့်လာလေရန် ဒူးထောက်ချလိုက်ခြင်းပင်ဖြစ်သည်။(ဧရိယာကြီးလေ ခုခံမှုများလေဖြစ်တာကြောင့် အလွယ်တကူမြှုပ်မသွားနိုင်တော့ပါဘူး)

သူ တံခါးကို မပိတ်ခဲပေ။သူသည် ဒူးထောက်အနေအထားဖြင့် တစ်ဖက်နံရံဆီသို့ တွားသွားလိုက်သည်။တစ်ဖက်နံရံတွင် တံခါးတစ်ချပ်ရှိသော်ငြား လှည့်ဖွင့်ရန် ဘီးမရှိပေ။ထို့အစား အီလက်ထရောနစ်လော့ခ်တစ်ခုရှိနေခြင်းဖြစ်သည်။ လော့ခ်ပေါ်တွင် ရိုက်ထည့်ရန် နေရာလွတ်လေးခုရှိပြီး လော့ခ်ဘေးတွင် ဖြုတ်တပ်၍ရသော သံပြားတစ်ခုရှိသည်။သံပြားသည် အလျားအနံ ၁၀စင်တီမီတာခန့်ရှိပြီး ၎င်းအပေါ်တွင် လက်ကိုင်သေးသေးလေးတစ်ခု ရှိနေလေသည်။ဖုန်းပုကြွယ် သံပြားကို ဆွဲဖွင့်လိုက်သည်နှင့် သူ့နောက်ရှိတံခါးက သူ့ဘာသာပိတ်သွားတော့သည်။

သံပြားနောက်တွင် နေရာလွတ်အသေးလေးတစ်ခု ရှိနေသည်။ အတွင်းထဲတွင် တိတ်ခွေတစ်ခုရှိနေသောကြောင့် ဖုန်းပုကြွယ် ဆက်လုပ်ရန်လိုအပ်သည့်အရာက သိသာထင်ရှားလှသည်။

ဖုန်းပုကြွယ်က တိတ်ခွေနှင့်ဝေါ့ခ်မန်းကို ထုတ်ယူလိုက်သည်။ယခုလေးတွင် ရှာတွေ့လာသောတိတ်ခွေကို ဝေါ့ခ်မန်းထဲတွင်ထည့်၍ ခလုပ်ကိုနှိပ်လိုက်သည်။

“မယ်ရီခရစ်စမတ်ပါ အက်ရှ် ၊ ဒီအချိန်က မိသားစုနဲ့ အတူတူရှိမယ့်အချိန်ပါပဲ။ပြီးတော့ ဒီအချိန်မှာ ခရစ်စမတ်ဝိညာဉ်ဆိုတာ ကိုယ်ကျိုးမငဲ့တဲ့အနစ်နာခံမှုနဲ့ ကောင်းချီးတွေကို ကိုယ်စားပြုတယ်…”

ဖုန်းပုကြွယ်သည် အသံမှတ်တမ်းကို နားထောင်နေရင်း အခန်းကို ထပ်မံလေ့လာလိုက်သည်။သို့သော် ဤတစ်ကြိမ်တွင် ပိုအနီးကပ်ကြည့်ရသည်ဖြစ်၍ နံရံတစ်ခုတွင် ကပ်ထားသော သတင်းစာတစ်စောင်ကို သူသတိထားမိလိုက်သည်။ထိုနံရံသည် အခြားနံရံများကဲ့သို့ အေးခဲနေပုံ မရသောကြောင့် အနီးကပ်သွားကြည့်ရန် ထိုက်တန်ပေသည်။အခန်းထဲတွင် လူလုပ်နှင်းများ အပြည့်ဖြစ်နေသော်ငြား အခန်းအပူချိန်က အရမ်းနိမ့်မနေသောကြောင့် စာရွက်ပေါ်ရှိ စာသားများကို ဖတ်ရှုရနေသေးသည်။ပိုမိုထင်ရှားသော ဆောင်းပါးခေါင်းစဉ်များထဲမှ တစ်ခုမှာ ‘သူတို့လည်း ငါတို့နဲ့ မကွာခြားဘူး’။

ဆောင်းပါးခေါင်းစဉ်နှင့် တွဲလျက်ရှိနေသောပုံသည် ဆီပုံးတစ်ခုနားဝန်းရံ၍ အနွေးဓာတ်ရှာနေကြသော အိမ်ခြေရာမဲ့ လူတစ်စုပုံဖြစ်သည်။နောက်ခံသည် နှင်းများဖြင့် ဖြူဖွေးနေပြီး မြေပြင်သည်လည်း အတူတူပင်။ မှန်ပေသည် ဆောင်းပါးပိုင်ရှင်မှာ အတ်ရှ်ဖြစ်သည်။

“မင်းဟာ မင်းကိုယ်မင်း ကင်မရာရှေ့မှာ ပြသဖို့ ပရဟိတပွဲတွေမှာ ရှိနေတတ်ပေမယ့် အရင်က မင်းဟာ ပရဟိတအဖွဲ့အစည်းတစ်ခုကို တစ်ခါမှ မလှူခဲ့ဖူးဘူးဆိုတာ မင်းရောငါရော သိပါတယ်။မင်းဟာ အိမ်ခြေရာမဲ့တွေကို မနှိမ့်ချဖို့ တခြားလူတွေကိုပြောခဲ့တယ်။ ဒါပေမယ့် မင်းဟာ မင်းထက်ကံမကောင်းအကြောင်းမလှတဲ့ ဒီလူတွေကို တစ်ခါမှ လေးစားမှုမပြခဲ့ဘူး။မင်းရဲ့ မာနကြီးတာတွေ ၊ လူမျိုးရေးဘက်လိုက်တာတွေကြောင့် လူတွေက မင်းကိုစိတ်မဝင်စားကြတော့ဘူး။မင်းဟာ တစ်ချိန်က မင်းရဲ့ဆောင်းပါးတွေကနေ လူကြီးသူမတွေကို ငါတို့ဂရုစိုက်သင့်ကြောင်း ၊ နားလည်ပေးသင့်ကြောင်း ပြောခဲ့သူပါပဲ။ဒါပေမယ့် မင်းဟာ နှစ်တိုင်းတော့ အလုပ်ကို အကြောင်းပြပြီး Thanksgaving နေ့မှာတောင် မင်းမိဘတွေကို သွားမတွေ့ခဲ့ဘူး။

“အက်ရှ် ၊ မင်းဟာ တစ်ခါမက ကိုယ့်ကိုယ်ကို ကိုယ့်ကျင့်တရားမြင့်မားတဲ့နေရာမှာရပ်ပြီး တခြားလူတွေကို ဝေဖန်လာခဲ့တာပဲ။ဒါပေမယ့် မင်းရဲ့အပြုအမူတွေအရ မင်းဟာ မင်းဝေဖန်ခဲ့တဲ့လူတွေထက် ဘာမှ မကွာခြားဘူးဆိုတာ ပြသနေတယ်။

“အခု အဲ့ဒီအကူညီမဲ့နေတဲ့ ဝိညာဉ်တွေအတွက် အမှန်တကယ်ဘယ်လိုခံစားရလဲဆိုတဲ့ အတွေ့အကြုံကို မင်းကိုပေးမယ်။ဒီနှင်းဖုံးနေတဲ့အခန်းထဲမှာ တံခါးဖွင့်နိုင်မယ့် စကားဝှက်ပါတဲ့ စာရွက်ပိုင်းတစ်ခုရှိတယ်။မင်းလုပ်ဖို့လိုတာအားလုံးလုပ်ပြီး မင်းလက်နှစ်ဖက်နဲ့ နှင်းထဲမှာ အဲ့ဒီစာရွက်ပိုင်းကို ရှာဖွေပါ။

“လူတွေဟာ ဒီလိုပဲ မျှော်လင့်ချက်အပိုင်းအစသေးသေးလေးတစ်ခုကို ရှာရင်းနဲ့ပဲ အေးစက်တဲ့လမ်းပေါ်မှာ သေဆုံးခဲ့ကြရတယ်။မင်းမှာ အချိန်ကန့်သတ်ချက်မရှိပါဘူး ဒါပေမယ့် မင်းတစ်ခုခုရှာတွေ့နိုင်ခဲ့ရင်တော့ မနက်မိုးသောက်တဲ့အထိ ရှင်သန်နိုင်လိမ့်မယ်…”

ဖုန်းပုကြွယ်သည် အသံသွင်းထားသော စကားလုံးများ ဆုံးသွားသည့်အခါ တုန်တုန်ရင်ရင် ဖြစ်နေချေပြီ။ ဂိမ်းက ပေးထားသော အဝတ်အစားသည် ပတ်ဝန်းကျင်အပူချိန် ၂၀ ဒီဂရီဝန်းကျင်တွင်သာ ခံသာအောင် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ အပူချိန် သိသိသာသာ မြင့်တက်လာခြင်း သို့မဟုတ် ကျဆင်းသွားခြင်းရှိပါက ကစားသမား၏ ခန္ဓာကိုယ်တွင် ယင်း၏ သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။ ဤအခန်းသည် ရေခဲဂူတစ်ခုနှင့်မခြားဘဲ အပူချိန်မှာ သုညဒီဂရီအောက် ရောက်နေသကဲ့သို့ရှိပြီး မျက်နှာကျက်ရှိ ပြွန်များမှလည်း နှင်းများကို ဆက်တိုက် ကျဆင်းစေကာ နှင်းထုကို တဖြည်းဖြည်း ပိုထူလာစေသည်။

သူသည် လက်ချောင်းများ မတောင့်တင်းသွားစေရန် လက်ဖဝါးထဲသို့ လေမှုတ်ထုတ်နေရသည်။ အသံမှတ်တမ်းကို သူ့ခေါင်းထဲတွင် အမြန်ပြန်စဉ်းစားကြည့်ရာ နောက်ဆုံးစာကြောင်းက အတော်လေး နေရာလွဲနေသည်ကို သတိထားမိလိုက်သည်။

"လမ်းပေါ်မှာ အေးခဲသေဆုံးသွားတဲ့ လူတွေလိုပဲ... မိုးမလင်းခင်အထိ ရှင်သန်နိုင်မယ့် အရာတစ်ခုကို ရှာဖွေပါ..."

သူ၏ ခန့်မှန်းချက်အရ ယင်းမှာ အရိပ်အမြွက်တစ်ခု ဖြစ်ရမည်။ နားလည်ရ ခက်သော်လည်း အရိပ်အမြွက်ဖြစ်နေသည်မှာတော့ အမှန်ပင်။

ဖုန်းပုကြွယ် ပြန်မတ်တတ်ရပ်လိုက်သည်။ ဒူးအောက်ပိုင်း နေရာများသည် လုံးဝအေးခဲနေပြီဖြစ်ကာ ခြေထောက်နှစ်ဖက်လုံး နှင်းထဲတွင် နစ်မြှုပ်နေသော်လည်း အအေးဒဏ်ကြောင့် နာကျင်မှု အာရုံခံစားမှုများ ထုံထိုင်းသွားပြီဖြစ်သဖြင့် သူသိပ်ဂရုမစိုက်တော့ပေ။ သူသည် ဒယိမ်းဒယိုင်ဖြင့် သတင်းစာဆီသို့ လျှောက်သွားကာ သဲလွန်စတချို့ရလိုရငြား ဆောင်းပါးနှင့် ဓာတ်ပုံကို အသေအချာ လေ့လာလိုက်သည်။

ယခုအချိန်သည် သဲလွန်စရှာဖွေရန် အကောင်းဆုံးဖြစ်ကြောင်း ဖုန်းပုကြွယ်သိသည်။ အခြားနည်းလမ်း မရှိတော့မှသာ သူအင်အားသုံး၍ ဖြေရှင်းလိမ့်မည်။ အကယ်၍ သူသာ နှင်းများထဲသို့ လက်ထည့်၍ စမ်းတဝါးဝါးဖြင့် စတင်ယက်ထုတ်နေမည်ဆိုပါက ငါးမိနစ်မပြည့်မီပင် သူ့လက်ချောင်းများ အအေးကိုက်ကာ ခန္ဓာကိုယ်အပူချိန်လည်း ပိုမိုကျဆင်းသွားလိမ့်မည်ဖြစ်သည်။ ထိုအခါ တုံ့ပြန်မှုများ နှေးကွေးလာပြီး ပဟေဠိကို ဖြေရှင်းရန်မှာ ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

“အိမ်ခြေရာမဲ့တွေ မိုးမလင်းခင်အထိ ရှင်သန်အောင် ကူညီပေးနိုင်မယ့် အရာတစ်ခု...”

ဖုန်းပုကြွယ်သည် အာရုံစူးစိုက်နိုင်ရန် ထိုစကားစုကို ရေရွတ်လိုက်သည်။

“လူအများစုက ဆီပုံးနားမှာဝိုင်းပြီး အနွေးဓာတ်ရအောင် အမှိုက်တွေကို မီးရှို့ကြတာလား၊ မဟုတ်ဘူး... အဲဒါ မဟုတ်ဘူး...”

ရုတ်တရက်ဆိုသလို သူ့စိတ်ထဲတွင် နေကာမျက်မှန် တပ်ထားသော ဦးလေးကြီးတစ်ယောက်၏ ပုံရိပ်က ဖျတ်ခနဲပေါ်လာသည်။

“ဒါပဲ ဖြစ်ရမယ်... အိမ်ခြေရာမဲ့တစ်ယောက်အတွက် အရေးကြီးဆုံး အရာသုံးခုက စက္ကူသေတ္တာ၊ ခွေးတစ်ကောင်နဲ့ ရေဒီယိုပဲတစ်လုံးပဲ”

ထို့နောက် သူ စတင်လှုပ်ရှားတော့သည်။

သတင်းစာကို နံရံ၏ထောင့်လေးခုတွင် ကော်တိပ်ဖြင့် ကပ်ထားခြင်းဖြစ်သည်။ ဖုန်းပုကြွယ်သည် သတင်းစာ၏ အလယ်ဗဟိုအစိတ်အပိုင်းကို မပျက်စီးစေရန် ဂရုတစိုက်ဖြင့် နံရံမှ ခွာယူလိုက်သည်။

“ခွေးတစ်ကောင်ဖြစ်ဖို့တော့ မဖြစ်နိုင်ဘူး၊ နှင်းနဲ့ လုပ်မှပဲရမယ်၊ ရေဒီယိုကတော့... ဒီဝေါ့ခ်မန်းကိုပဲ သုံးရမှာပေါ့ ၊ ဒါဆို ကျန်တာက စက္ကူသေတ္တာပဲ...”

သတင်းစာက နံရံပေါ်မှ ကွာကျလာပြီ ဖြစ်သည်။ ထောင့်လေးခုက ကျန်ရစ်ခဲ့သော်လည်း သူလုပ်လိုသောအရာအတွက် အနှောင့်အယှက် မဖြစ်ပေ။ ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း စာရွက်က အသစ်အတိုင်း ဖြစ်နေသဖြင့် ခေါက်ရာများက သိသာထင်ရှားနေလေသည်။ ပုံမှန်အားဖြင့် လူတစ်ယောက်သည် စာရွက်ကို နှစ်ကြိမ်ထက်ပိုမခေါက်သော်လည်း ဤစာရွက်တွင်မူ အကြိမ်ကြိမ် ခေါက်ထားသော အမှတ်အသားများ ရှိနေသည်။ ယင်းက ဤစာရွက်ကို တစ်စုံတစ်ခုသော ပုံသဏ္ဌာန်အဖြစ် ခေါက်ထားခဲ့ဖူးကြောင်း သက်သေပြနေသည်။

ဖုန်းပုကြွယ်သည် ခေါက်ရာများအတိုင်း လိုက်၍ မူလပုံစံအတိုင်း ပြန်လည် ပြုလုပ်လိုက်သည်။ သူ့လက်များက အေးခဲမသွားသေးသော်လည်း အအေးဒဏ်၏ သက်ရောက်မှုကိုတော့ ခံစားနေရပြီဖြစ်သည်။ အမှန်တကယ်ပင် သူ့မီနူးရှိ အသက်သွေးဘေးက အထူးအခြေအနေကွက်လပ်တွင် ‘အေးခဲနေခြင်း’ ဟု ဖော်ပြနေပြီ ဖြစ်သည်။

စာရွက်၏ အစွန်းပိုင်းများ မရှိတော့သော်လည်း ခေါက်ရာများအတိုင်း ခေါက်လိုက်သည့်အခါ ဖုန်းပုကြွယ်သည် မူလပုံစံဖြစ်သော စက္ကူသေတ္တာ သေးသေးလေးတစ်ခုကို အောင်မြင်စွာ ရရှိလိုက်သည်။

ဖုန်းပုကြွယ်က ယင်းကို လက်ပေါ်တင်၍ သေချာလေ့လာလိုက်သည်။ သူ တစ်ပတ်လှည့်ကြည့်လိုက်ရာ အနားသတ်များ ဆုံရာတွင် စာလုံးများနှင့် နံပါတ်များ စီတန်းနေသည်ကို တွေ့လိုက်ရသည်။

သတင်းစာပေါ်ရှိ စာလုံးပုံစံများသည် တစ်ပြေးညီတည်းမဟုတ်ဘဲ ခေါင်းစဉ်၊ စာကိုယ်နှင့် ပုံစာများတွင် ဖောင့်အရွယ်အစား ကွဲပြားလေ့ရှိသည်။ ဖုန်းပုကြွယ် သတိပြုမိသည်မှာ ထိုဆက်နေသော စာလုံးများနှင့် နံပါတ်များသည် ဖောင့်နှင့်အရွယ်အစား တူညီနေပြီး အားလုံးမှာ အင်္ဂလိပ်စာလုံး အကြီးများ ဖြစ်နေခြင်းဖြစ်သည်။ စာရွက်ကို ဖြန့်ထားစဉ်က အကွာအဝေး တစ်ခုစီရှိနေသော်လည်း သေတ္တာအဖြစ် ခေါက်လိုက်သောအခါ ၎င်းတို့က ပေါင်းစပ်သွားပြီး စကားဝှက်တစ်ခု ဖြစ်လာတော့သည်။

“FM 27.3 MHZ...”

ဖုန်းပုကြွယ်က ဖတ်လိုက်သည်။

“ဒါက ရေဒီယိုကြိမ်နှုန်းပဲ...”

သူက ဝေါ့ခ်မန်းကို ရေဒီယိုမုဒ်သို့ ပြောင်းလိုက်သည်။ ချန်နယ်လိုင်းအများစုသည် ဆူညံသံများသာ ထွက်နေပြီး FM 27.3 လိုင်းတွင်လည်း ထူးမခြားနားပင်။ သို့သော် သူက ထိုလိုင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် အသံကို ချဲ့လိုက်ပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း စက္ကန့် ၄၀ ခန့် ဆူညံသံများ ကြားနေရပြီးနောက် အသံဩဩကြီးတစ်ခုက ပြောလိုက်သည်။

“၉ ၅ ၂ ၇”

ထို့နောက်တွင် ဆူညံသံများက ပြန်လည် ဖုံးလွှမ်းသွားပြန်သည်။

ဖုန်းပုကြွယ်သည် တံခါးဆီသို့ အပြေးသွားကာ စကားဝှက်ကို ရိုက်ထည့်ရင်း ညည်းတွားလိုက်သည်။

“ဒီနံပါတ်တွေက ဘာများ ထူးခြားလို့လဲကွာ”

စကားဝှက် မှန်သွားသဖြင့် တံခါးပွင့်သွားသည်။ ဖုန်းပုကြွယ်သည် အခန်းထဲမှ လိမ့်ထွက်မိမတတ်ပင်။ အပြင်ဘက် ကော်ရစ်ဒါသို့ သူရောက်သွားသောအခါ ကြမ်းပြင်ပေါ်တွင် ဟိုလိမ့်ဒီလိမ့် လုပ်လိုက်သည်။ ထို့နောက် မတ်တတ်ထရပ်၍ ထိုင်ထ အကြိမ် ၂၀ ခန့် လုပ်လိုက်သည်။ ထိုသို့ လုပ်နေစဉ်အတွင်း သူ့အခြေအနေကို ကြည့်လိုက်ရာ အသက်သွေးမှာ ၆၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားသော်လည်း အနည်းဆုံးတော့ အေးခဲနေသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့ချေသည်။

မည်သို့ပင်ဖြစ်စေ ယင်းမှာ နှင်းများထဲတွင် ဆောင့်ကြောင့်ထိုင်၍ စမ်းတဝါးဝါး ရှာဖွေနေရခြင်းထက် များစွာသာလွန်ပေသည်။ ထိုသို့သာ လုပ်ခဲ့ပါက သူ ပိုထိခိုက်သွားမည်မှာ အမှန်ပင်။ ဖုန်းပုကြွယ်သည် ဂိမ်းကစားရာတွင် ကံကောင်းလေ့မရှိသူဖြစ်ရာ ကောက်ရိုးပုံထဲတွင် အပ်ရှာသကဲ့သို့ အလုပ်မျိုးတွင် သူသာ နှင်းစတစ်မကျန် အကုန်မမွှေမချင်း ထိုစာရွက်ကို တွေ့လိမ့်မည်မဟုတ်ကြောင်း သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိသည်။

ဒုတိယဂိမ်းကို ဖြေရှင်းပြီးနောက် သူသည် ဝေါ့ခ်မန်းကို ချက်ချင်း မပိတ်ဘဲ ထိုကြိမ်နှုန်း၏ လျှို့ဝှက်ချက်ကို မကြာခင် သိရှိသွားသည်။ FM 27.3 လှိုင်းတွင် တစ်မိနစ်တိုင်း ထိုဂဏန်းလေးလုံးကို ထပ်ခါတလဲလဲ ထုတ်လွှင့်နေခြင်းပင်။

သူ့ခန္ဓာကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်လာပြီးနောက် ဖုန်းပုကြွယ်က ရှေ့သို့ ဆက်လျှောက်လာသည်။ အက်ရှ်သည် လွတ်မြောက်ပြီးနောက် မိနစ်ပိုင်းအတွင်း ဆေးရုံသို့သွား၍ ကုသမှု မခံယူပါက သေဆုံးမည်ဟူသော ဂိမ်းဇာတ်ကြောင်းကို သူမမေ့သေးပေ။ ကနဦးအသံမှတ်တမ်းတွင် သူသည် အဆိပ်ကြောင့် မသေဆုံးမီ ထွက်ပေါက်ရှာရန် မိနစ်လေးဆယ်သာ အချိန်ရှိသည်ဟု ဆိုထားသည်။ သို့သော် ‘အေးခဲခြင်း’ အခြေအနေနှင့်မတူဘဲ သူ၏အခြေအနေပြဘားတွင် ‘အဆိပ်သင့်ခြင်း’ အခြေအနေဟု ဖော်ပြမထားပေ။ ထို့ကြောင့် သူ့အသက်သွေး ကျဆင်းသွားရခြင်းသည် အအေးဒဏ်ကြောင့်လား သို့မဟုတ် အဆိပ်ကြောင့်လားဟု ဖုန်းပုကြွယ်မပြောတတ်ပေ။ မည်သို့ပင်ဖြစ်စေ အဆိပ်သည် အပြင်ပန်းတွင် သိသာသောသက်ရောက်မှု မရှိဘဲ ဇာတ်ကွက်ဆိုင်ရာ အချက်တစ်ခုသာ ဖြစ်ဟန်တူသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ဖုန်းပုကြွယ်သည် မိနစ်လေးဆယ်အတွင်း ဇာတ်လမ်းကို အပြီးသတ်ရမည်ဖြစ်ပြီး မပြီးမြောက်ပါက ဂိမ်းအိုဗာ ဖြစ်သွားမည်ဖြစ်သည်။

ယခုတွင် မိနစ်နှစ်ဆယ် အချိန်ကုန်ဆုံးသွားပြီ ဖြစ်သည်။ ဖုန်းပုကြွယ်သည် ဒုတိယအဆင့်ကို ဖြေရှင်းရန် အချိန်အများကြီး မယူခဲ့သော်လည်း ပထမအဆင့်ဖြေရှင်းချိန် ငါးမိနစ်နှင့် လမ်းလျှောက်ချိန်များကို ပေါင်းလိုက်ပါက တတိယအဆင့်သို့ ရောက်ချိန်တွင် အချိန် ၁၅ မိနစ်ခန့်သာ ကျန်တော့မည် ဖြစ်သည်။ ဒုတိယအဆင့်တွင် နှင်းများကို ယက်ထုတ်၍ ရှာဖွေရမည့်သူများအတွက် အချိန်ကို စနစ်က တွက်ချက်ထားမည်ဖြစ်ရာ ထိုသို့သာလုပ်ခဲ့ပါက အချိန်ပိုကုန်သွားမည်မှာ သေချာသည်။ ထို့ကြောင့် အချိန်အပိုင်းအခြားအရ နောက်ထပ်အဆင့်သည် နောက်ဆုံးအဆင့် ဖြစ်ရပေမည်။ ယင်းကို ပြီးမြောက်ပါက ဖုန်းပုကြွယ်သည် ဤဇာတ်လမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်တော့မည် ဖြစ်သည်။

အခန်း (၁၄) ဂိမ်းကစားကြစို့(င)

ဖုန်းပုကြွယ်သည် နောက်အခန်းသို့ သွားရာလမ်းတွင် ဝမ်းသာဖွယ်အချက်တစ်ခုကို သတိပြုမိလိုက်သည်။ ၎င်းမှာ သူ၏ လက်မှုပညာကျွမ်းကျင်မှု ပွင့်သွားပြီး Level F သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ဝေါ့ခ်မန်းကို စမ်းသပ်ကြည့်ခြင်းကြောင့်လော သို့မဟုတ် စက္ကူခေါက်လိုက်ခြင်းကြောင့်လော မသေချာသော်လည်း ရလဒ်မှာ အကောင်းဘက်တွင် ရှိနေသည်။ အကယ်၍ ဇာတ်လမ်း၏ ဆုလာဘ်သည် လက်မှုပညာ သို့မဟုတ် အထွေထွေစွမ်းရည်နှင့် သက်ဆိုင်သော ကျွမ်းကျင်မှုတစ်ခုခုသာ ဖြစ်ခဲ့ပါက သူသည် ချက်ချင်းသင်ယူနိုင်မည် ဖြစ်သည်။

မိနစ်အနည်းငယ် ကြာသောအခါ သူသည် အနီရောင်အမှတ်အသား ပြထားသည့် နောက်တံခါးတစ်ခုထံသို့ ရောက်ရှိသွားသည်။ ယခုတစ်ကြိမ်တွင်မူ တံခါးကို တွန်းလိုက်ရုံဖြင့် အလွယ်တကူ ပွင့်သွား၏။ အခန်းက သိပ်မကျယ်လှပေ။ နံရံဘေးတွင် တီဗီနှစ်လုံးရှိနေပြီး အခန်းအလယ်ရှိ စားပွဲပေါ်တွင်မူ သော့တစ်ချောင်း တင်ထားသည်။ အခန်း၏ ညာဘက်ထောင့်၌ မြေပြင်မှ တစ်မီတာခန့် မြင့်တက်နေသော ပိုက်လုံးတစ်ခု ရှိနေသည်။ ဖုန်းပုကြွယ် သွားကြည့်လိုက်သောအခါ ပိုက်လုံး၏အချင်းက တင်းနစ်ဘောလုံးတစ်လုံး ဝင်နိုင်လောက်အောင် ကျယ်ဝန်းသည်ကို တွေ့ရသည်။

သူ မည်သည့်အရာကိုမျှ မထိတွေ့ရသေးမီ တံခါးက အလိုအလျောက် ပိတ်သွားလေသည်။ တစ်ချိန်တည်းမှာပင် တီဗီနှစ်လုံးအနက် တစ်လုံးလင်းလာပြီး မျက်နှာပြင်ပေါ်တွင် အဖြူရောင်အရုပ်တစ်ရုပ် ပေါ်လာသည်။

“ဟိုင်း... အက်ရှ်၊ မင်းကတော့ ဒီဂိမ်းပြီးခါနီးပြီလို့ ထင်နေမှာပေါ့။ မင်း ဒီနေရာကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်တော့မယ်လို့လည်း တွေးနေလောက်တယ်။ ဒါပေမဲ့ မင်းကိုယ်မင်း ပြန်မေးကြည့်စမ်းပါ... မင်းမှာ တကယ်ပဲ အဲဒီလို အခွင့်အရေး ရှိရဲ့လား။ ခဏလောက် ကြင်နာပြလိုက်တာနဲ့ ခဏတာနာကျင်မှု ခံစားလိုက်ရတာက မင်းတစ်သက်လုံး ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပေးဆပ်ဖို့ လုံလောက်ပါ့မလား။”

“မင်းဟာ တကယ့် လွတ်မြောက်ခြင်းဆီ မရောက်သေးဘူးဆိုတာ ငါတို့နှစ်ယောက်လုံး သိပါတယ်”

ဖုန်းပုကြွယ် ဘာမှ ပြန်မပြောပေ။ သူသည် ထိုစကားလုံးများက အနည်းငယ် ထူးဆန်းနေသည်ဟု တွေးမိသည်။ ‘ခဏတာကြင်နာမှုနှင့် ခဏတာနာကျင်မှု’ ဆိုသည်မှာ သူအရင်အခန်းနှစ်ခန်း၌ လုပ်ဆောင်ခဲ့သော ရွေးချယ်မှုများကို ရည်ညွှန်းခြင်း ဖြစ်ပေမည်။ သို့ဆိုလျှင် ဤဗီဒီယိုကို လွန်ခဲ့သည့် မိနစ်ပိုင်းကမှ ရိုက်ကူးထားခြင်း ဖြစ်ရမည် သို့မဟုတ်… ဤသည်မှာ ဗီဒီယို မဟုတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်နိုင်သည်။

ဒုတိယ တီဗီသည်လည်း လင်းလက်လာသည်။ ဖုန်းပုကြွယ်သည် မယုံနိုင်ဖွယ်ရာ တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ဒုတိယမျက်နှာပြင်ပေါ်တွင် ဝမ်တန်ကျိ ပေါ်လာခြင်းဖြစ်သည်။ တီဗီထဲတွင် ဝမ်တန်ကျိသည် ကော်ရစ်ဒါတစ်ခုအတိုင်း လျှောက်လာနေပြီး ဒဏ်ရာရထားသည့်ပုံ ပေါက်နေလေသည်။သူသည် သွေးများ ပေကျံနေပြီး လမ်းလျှောက်ပုံမှာလည်း အလွန် ထူးဆန်းနေသည်။

“မင်းဘဝမှာ မင်းကို ညီအစ်ကိုလို့ ခေါ်တဲ့သူတွေ၊ သူငယ်ချင်းလို့ ခေါ်တဲ့သူတွေ အများကြီး တွေ့ခဲ့မှာပါ။ ဒါပေမဲ့ သူတို့ သေဆုံးသွားရင်တောင် မင်းဂရုစိုက်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ဒါပေမဲ့... အက်ရှ်၊ မင်းမှာ သူငယ်ချင်းအစစ်တစ်ယောက် ရှိနေသေးတယ်ဆိုတာ ငါ သိတယ်”

အရုပ်က ဆိုသည်။

“ဂျွန်ကလည်း ဂိမ်းတစ်ခု ကစားနေတယ်လေ ၊ ဒါပေမဲ့ သူ့ကို စောင့်ကြိုနေတာက သေမင်းဆိုတဲ့ အဆုံးသတ်ပဲ။ သူ့ကို လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော အရာက... ပြီးတော့ မင်းကို ဒီအခန်းထဲက ထွက်သွားနိုင်အောင် ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော အရာက… စားပွဲပေါ်က သော့ပဲ။”

“မင်း ဒီသော့ကို သုံးပြီး နောက်ဆုံးတံခါးကို ဖွင့်နိုင်တယ်၊ ဒါမှမဟုတ် နံရံဘေးက ပိုက်လုံးထဲကို ထည့်ပြီး ဂျွန်ဆီ ပို့ပေးနိုင်တယ်။ သော့က တစ်ချောင်းတည်းပဲ ရှိတယ်။ တကယ်လို့ ခေါင်းမာတဲ့ အက်ရှ်က သေခြင်းတရားကို ရွေးချယ်မယ်ဆိုရင်တော့ ကြင်နာတတ်တဲ့ ဂျွန်က အသက်ရှင်နိုင်မှာပါ။”

“ရှင်မလား သေမလား... မင်းကိုယ်တိုင် ရွေးချယ်လိုက်ပါ။”

ဖုန်းပုကြွယ်သည် စခရင်မျက်နှာပြင်ကို မိနစ်အနည်းငယ်ကြာ စိုက်ကြည့်နေမိသည်။ သူသည် ဒုတိယတီဗီထဲက ဝမ်တန်ကျိ ဘာဖြစ်နေသည်ကို အသေအချာ လေ့လာနေခြင်း ဖြစ်သည်။ ဤသည်မှာ စနစ်က ဖန်တီးထားသော ပုံရိပ်ယောင်လော သို့မဟုတ် သူသည် သူ၏ တစ်ကိုယ်တော်ဇာတ်လမ်းထဲ၌ ဝမ်တန်ကျိကို အမှန်တကယ် မြင်တွေ့နေရခြင်းလော။ အကယ်၍ နောက်ဆုံးအချက်သာ မှန်ကန်ခဲ့ပါက ဤစနစ်သည် အလွန်အစွမ်းထက်လှသည်။ မတူညီသော ကစားသမားနှစ်ဦး၏ ဇာတ်လမ်းများကို တစ်နေရာတည်း၊ တစ်ချိန်တည်း၌ ထပ်တူကျအောင် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။

သူ့ဘာသာ တွေးလိုက်သည်။

‘ကြည့်ရတာ ဒီဇာတ်လမ်းပြီးမှ ရှောင်တန်ဆီက အဖြေတောင်းရမယ် ထင်တယ်၊ အခုတော့ အတည်ပြုဖို့ နည်းလမ်းမရှိဘူး၊ ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်မယ်’

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် ထိုဇာတ်လမ်း၏ ပြောင်မြောက်မှုကို အထင်ကြီးမိသွားသည်။ ဇာတ်ကောင်ဆက်တင်အရ အက်ရှ်သည် လူကောင်းတစ်ယောက် မဟုတ်ပေ။ ရှေ့အခန်းနှစ်ခုသည် သူ့အား များစွာမပြောင်းလဲနိုင်ခဲ့ချေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် အစပျိုးပေးရုံသာဖြစ်သည်။ ဇာတ်လမ်းအရှိန်အရ ဤနောက်ဆုံး ရွေးချယ်မှုသည်သာ အဓိကသော့ချက် ဖြစ်သည်။ အကယ်၍ အက်ရှ်သည် ဂျွန်ကို စတေး၍ သူ့ရှင်သန်ရေးကို ရွေးချယ်ခဲ့ပါက သူ့ဘဝတစ်ခုလုံးသည် အပြစ်ရှိစိတ်များဖြင့် ညှဉ်းပန်းခံနေရပေလိမ့်မည်။ သူ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ဟန်ဆောင်မှုများက သူ့ကို စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မည် ဖြစ်သည်။ နောက်ဆုံးတွင် အက်ရှ်သည် အစွန်းတစ်ဖက်သို့ ရောက်ရှိသွားပြီး စိတ်ရူးပေါက်နေသော ပရဟိတသမား၊ အမှန်တကယ် အလှူရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းကသာ သူ့ကိုယ်သူဖြေသိမ့်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ယင်းကို ‘လွတ်မြောက်ခြင်း’ဟု ခေါ်ဆိုရမည် ဖြစ်သည်။ ကစားသမားသည် ဤစမ်းသပ်မှုအပြီးတွင် ဘဝကို လေးစားခြင်းနှင့်တန်ဖိုးထားတတ်ခြင်း တန်ဖိုးတို့ကို သိရှိသွားလိမ့်မည်။

အခြားရွေးချယ်မှုတစ်ခုအတွက် အက်ရှ်သည် သူ့ကိုယ်သူ သေစေလိုက်ပြီး သူ၏ အကောင်းဆုံးသူငယ်ချင်း ဂျွန်ကို ရှင်သန်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ယင်းသည်လည်း ‘ကိုယ်ကျိုးစွန့်ခြင်း’ ဟုခေါ်သော လွတ်မြောက်ခြင်းအမျိုးအစားတစ်ခု ဖြစ်ပေသည်။

ဖုန်းပုကြွယ်သည် ပုခုံးတွန့်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားကာ သော့ကို ကောက်ယူလိုက်သည်။ ပိတ်ထားသော တံခါးကို ကြည့်ရင်း သူရေရွက်လိုက်သည်။

“ကြည့်ရတာ ငါ ဒီဇာတ်လမ်းမှာ ရှုံးတော့မယ် ထင်တယ်...”

သူသည် ပိုက်လုံးဆီသို့ လျှောက်သွားကာ သိပ်စဉ်းစားမနေတော့ဘဲ သော့ကို ထည့်လိုက်သည်။

ထို့နောက် ဒုတိယတီဗီက ပိတ်သွားပြီး ပထမတီဗီထဲက အရုပ်က ပြန်ပြောလာသည်။

“အထင်ကြီးစရာ ရွေးချယ်မှုပါပဲ အက်ရှ်။ မစိုးရိမ်ပါနဲ့၊ သေခြင်းတရားဆိုတာ ဝိညာဉ်တစ်ခုကူးပြောင်းသွားရုံ သက်သက်ပါပဲ”

၎င်းက ဗီဒီယိုမှတ်တမ်း မဟုတ်သည်မှာ သေချာသွားပြီ ဖြစ်သည်။

“ဒီတံခါးက...”

ဖုန်းပုကြွယ်က တံခါးကို လက်ညှိုးထိုးပြရင်း လှည့်ပြောလိုက်သည်။

“အဲဒါက သေမင်းဆီကို သွားတဲ့ လမ်းပဲ မဟုတ်လား။”

အရုပ်၏လည်ပင်းသည် အနည်းငယ် စောင်းသွားသော်လည်း ဘာမှ ပြန်မပြောပေ။

“မင်း သုံးသွားတဲ့ စကားလုံးတွေက အရမ်းစိတ်ဝင်စားစရာပဲ... ပြီးတော့ အရမ်းသတိထားပြီး သုံးထားတာပဲ ၊ ငါတောင် လှည့်စားခံလိုက်ရတော့မလို့ ၊သူ့ကို ‘လွတ်မြောက်အောင် ကူညီပေးနိုင်မယ့်အရာ’ က ငါ့ကို ‘ဒီအခန်းကနေ ထွက်သွားနိုင်အောင် ကူညီပေးမယ့်အရာ’ ပဲ”

သူက ခြောက်ကပ်ကပ် ရယ်လိုက်သည်။

“တကယ်လို့ ငါသော့ကိုယူပြီး တံခါးကို သွားဖွင့်ခဲ့ရင် ငါသေသွားမှာမဟုတ်လား”

အရုပ်သည် ခပ်ဆိတ်ဆိတ်ပင် နေနေသည်။

“မင်းက ငါ့ကို သော့သုံးပြီး ‘နောက်ဆုံးတံခါးကို ဖွင့်နိုင်တယ်’ လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ တံခါးဖွင့်ပြီးရင် အသက်ရှင်မယ်လို့ မပြောခဲ့ဘူး၊ ‘ဒီအခန်းကနေ ထွက်သွားနိုင်မယ်’ လို့ပဲ ပြောခဲ့တာ ၊ အဓိက သဲလွန်စက... ‘တကယ်လို့ ခေါင်းမာတဲ့ အက်ရှ်က သေခြင်းတရားကို ရွေးချယ်ခဲ့ရင် ကြင်နာတတ်တဲ့ ဂျွန်က အသက်ရှင်မယ်’ ဆိုတာပဲ”

သူက ပုခုံးတွန့်ပြလိုက်ပြန်သည်။

“ဒီစကားကို ငါစက္ကန့်နည်းနည်းလောက် စဉ်းစားကြည့်တော့ အဲဒါက ထင်သလောက် ရှေ့နောက်မညီတာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်၊ အခုအချိန်မှာ ဂျွန်က သော့ကို ရသွားပြီဆိုတော့ သူ အသက်ရှင်နိုင်ပြီလေ ၊ တစ်ချိန်တည်းမှာပဲ ‘ခေါင်းမာတဲ့’ အက်ရှ်ကလည်း သေဆုံးသွားလောက်ပြီ”

“ဘာဖြစ်လို့လဲဆိုတော့ ဒီမှာရပ်နေတဲ့ အက်ရှ်က မင်းကို ‘အထင်ကြီးအောင် လုပ်နိုင်တဲ့’ သူ၊ ‘ဝိညာဉ် ကူးပြောင်းသွားတဲ့’ သူ ဖြစ်နေလို့ပဲ၊ ငါ ပြောတာ မှားသလား”

အရုပ်သည် နောက်ဆုံး၌ စကားပြောလာသည်။

“အရမ်းတော်တယ်၊ မင်းက ဂိမ်း၏ စည်းမျဉ်းတွေကို ဖြတ်မြင်နိုင်ခဲ့တာပဲ ၊ ဒါပေမဲ့ ဒါက ဒီစမ်းသပ်မှုရဲ့ ရလဒ်အပေါ် ငါ့ကို သံသယ ဖြစ်စေတယ်”

“မင်းက တကယ်ပဲ စနစ်က ဖန်တီးထားတဲ့ ဒေတာအစုအဝေး သက်သက်ပဲလား”

ဖုန်းပုကြွယ်သည် တီဗီဆီသို့ လျှောက်သွားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်းအတွက်ကတော့ ငါ့ရဲ့ ရွေးချယ်မှုက ပုံသေတွက်ချက်ထားတဲ့ ရလဒ်တစ်ခု မဟုတ်လား၊ ငါ့ရဲ့ နောက်ဆုံးရွေးချယ်မှုက စိတ်ရင်းနဲ့ ကြင်နာမှုသက်သက်ပဲဖြစ်ဖြစ်၊ တွက်ချက်ပြီး လုပ်တာပဲဖြစ်ဖြစ် မင်းအတွက် အရေးကြီးလို့လား”

သူသည် တီဗီရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အရုပ်၏အသံနေအသံထားအတိုင်း လေသံကို နှိမ့်ပြောလိုက်သည်။

“ဒီဂိမ်းရဲ့ နောက်ဆုံး ရွေးချယ်မှုက တကယ်တော့ ရှင်ခြင်းနဲ့ သေခြင်းကြားမှာ မဟုတ်ဘူး၊ အဲဒါက လူတစ်ယောက်ရဲ့ ဗီဇ ၊ အသိစိတ်နဲ့ ကျင့်ဝတ်အသိစိတ်တွေကြားက ရွေးချယ်မှုပဲ”

“တကယ်လို့ ငါက ငါ့ကိုယ်ငါ ‘အက်ရှ်’ ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ထားခဲ့ရင် ဒါဟာ ဗီဇစိတ်ရဲ့ ရွေးချယ်မှု ဖြစ်မယ်၊ ယုတ်ညံ့တဲ့ သတင်းထောက်ဟာ အသက်ရှင်ဖို့အတွက် သူငယ်ချင်းကို စတေးဖို့ ဝန်လေးမှာ မဟုတ်ဘူး၊ သော့ကိုယူပြီး တံခါးဖွင့်မယ်၊ ပြီးရင် သေဆုံးသွားမယ်”

“တကယ်လို့ ငါဟာ ‘ကစားသမား’ တစ်ယောက်အမြင်နဲ့ ဒီပြဿနာကို တွေးမယ်ဆိုရင် ဒါဟာ အသိစိတ်ရဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်၊ သည်းထိတ်ရင်ဖို သုခဘုံ ဂိမ်းကစားသမားတွေအတွက် ဒါက ဇာတ်လမ်းသက်သက်ပဲ၊ ရွေးချယ်မှုက ရိုးရှင်းတယ် - ဇာတ်လမ်းကို ရှင်းလင်းမလား ဒါမှမဟုတ် ဂိမ်းရှုံးတာကို လက်ခံမလား၊ ဒါကြောင့် ငါသော့ကိုယူပြီး တံခါးဖွင့်ဦးမှာပဲ၊ ရလဒ်ကတော့ သေဆုံးခြင်းပဲ ဖြစ်လိမ့်မယ်”

“ဇာတ်ကောင်ရဲ့ နေရာမှာ ဝင်ရောက်ခံစားနိုင်သလို ‘ငါက အက်ရှ်ဆိုတဲ့ သတင်းထောက်နေရာမှာ သရုပ်ဆောင်နေတဲ့ ကစားသမားပဲ’ ဆိုတာကိုပါ သိတဲ့သူမျိုးပဲ ကျင့်ဝတ်အသိစိတ်အပေါ် အခြေခံပြီး ဆုံးဖြတ်နိုင်တယ်၊ အဲဒီလိုနည်းနဲ့ မင်းရဲ့ပဟေဠိကို ငါမဖြေရှင်းနိုင်ခဲ့ရင်တောင်မှ သော့ကို ပိုက်ထဲ ထည့်လိုက်ဖို့ ငါရွေးချယ်မှာပဲ၊ ဘာလို့လဲဆိုတော့ အဲဒါက ဒီဇာတ်လမ်းရဲ့ အပြည့်စုံဆုံး ပုံဖော်မှု ဖြစ်နေလို့ပဲ”

“ပြီးတော့ မင်းလည်း ငါ့ကို ဒီလို ကျေနပ်စရာအဆုံးသတ်မျိုးနဲ့ ဆုချမှာ မဟုတ်လား”

ထိုအချိန်၌ တီဗီ ပိတ်သွားသည်။ စနစ်က အရုပ်ကို ဆက်စကားမပြောနိုင်အောင် အတင်းအကျပ် လုပ်ဆောင်လိုက်သကဲ့သို့ ရှိသည်။ ထို့နောက် ဖုန်းပုကြွယ်၏နားထဲတွင် ရိုးအီနေသော စနစ်၏အသံ ပေါ်လာတော့သည်။

“သင်သည် ဇာတ်လမ်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ နောက် စက္ကန့် ၆၀ အတွင်း အလိုအလျောက် ပြန်လည်ပို့ဆောင်ပေးပါမည်”

All Chapters