← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅) အနားယူချိန်

"ဇာတ်လမ်း ပြီးဆုံးသွားပါပြီ။ ဆုလာဘ်များကို တွက်ချက်နေပါသည်။

ရရှိသော EXP - ၄၅၀၊ ဂိမ်းဒင်္ဂါး - ၄,၅၀၀

ရရှိသော ကိရိယာပစ္စည်း - သတိလစ်နေသော အမြီးတိုမျောက်

ရရှိသော ပစ္စည်း/လက်နက် - မရှိ

ပြီးမြောက်သော/လက်ခံထားသော မစ်ရှင် - ၀/၀

အထူး /လျှို့ဝှက်မစ်ရှင် ပြီးမြောက်မှု - ၀၊ ကမ္ဘာ့အမြင်ချိုးဖျက်မှု - မရှိ

ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%၊ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%

“သင်၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ - အကြောက်တရားကင်းမဲ့သူ ၊ အပိုဆုလာဘ်ကို နောက်ပိုင်းရွေးချယ်နိုင်ပါသည်”

“တွက်ချက်မှု ပြီးဆုံးပါပြီ ၊ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ”

ရရှိသော ကျွမ်းကျင်မှုအမှတ် - ၁၀၀

ကောင်းမွန်သည့် ကြောက်ရွံ့မှုအဆင့်မှ ရရှိသော အပိုဆုလာဘ် - EXP ၁၀၀၊ ဂိမ်းဒင်္ဂါး ၁,၀၀၀။

ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ကျွမ်းကျင်မှုကတ် x၁

"တွက်ချက်မှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ"

ဖုန်းပုကြွယ်သည် သူ၏အဆင့်သတ်မှတ်ချက် ရလဒ်ကို ကြည့်နေစဉ် ဟူသော စနစ်၏ အသံ ထွက်ပေါ်လာ၏။

"သင်သည် အဆင့် (၅) သို့ ရောက်ရှိသွားပြီး သင်၏ သွေးပမာဏမှာ ၅၀၀/၅၀၀ ထိ တိုးသွားပါပြီ"

သူ၏ EXP မှာ ယခုတွင် ၁၅၀/၅၀၀ ဖြစ်နေပြီ ဖြစ်သည်။ EXP ရရှိမှုအပိုင်းတွင် တစ်ကိုယ်တော်မုဒ်နှင့် အဖွဲ့လိုက်မုဒ်တို့သည် သိပ်မကွာခြားပေ။ ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့ အဖွဲ့လိုက်လေ့ကျင့်ရေးမုဒ်တွင် ကစားစဉ်ခဲ့ဏည်က သူတို့သည် အဆင့် ၁ နှင့် ၂ အသီးသီး ဖြစ်နေခဲ့ကြသည်။ အကယ်၍ သူတို့သည် ခက်ခဲသောဘော့စ်ကို မသတ်ဖြတ်ခဲ့ဘဲ မဖြစ်နိုင်သည့်နည်းလမ်းဖြင့် ဇာတ်လမ်းကို ပြီးမြောက်ခဲ့ပါက ရရှိမည့် EXP မှာ ၅၀၀ အစား ၃၀၀ ဝန်းကျင်လောက်သာ ရှိပေလိမ့်မည်။ ယခု သူပြီးမြောက်ခဲ့သော ဇာတ်လမ်းသည် သူ၏ အဆင့် ၄ အပေါ် အခြေခံထားခြင်း ဖြစ်သည်။ EXP ရရှိမှု အချိုးအစားအရ ကြည့်ပါက သူတစ်ကိုယ်တော် လေ့ကျင့်ရေးမုဒ်ကို စမ်းသပ်ခဲ့လျှင်ပင် EXP ၄၀၀ ဝန်းကျင်ခန့် ရနိုင်ပေသည်။

သို့သော်လည်း ယင်းက မုဒ်နှစ်ခုကြားရှိ ဆုလာဘ်ရရှိမှု ကွာခြားချက်ကို ပြသနေခြင်း ဖြစ်သည်။ EXP နှင့်ယှဉ်ပါက ယခုဖုန်းပုကြွယ်သည် ကျွမ်းကျင်မှုအမှတ်များနှင့် အပို EXP၊ ဂိမ်းဒင်္ဂါးများကိုပါ ရရှိခဲ့ခြင်း ဖြစ်၏။ ထို့ပြင် လေ့ကျင့်ရေးမုဒ်တွင် မရနိုင်သော ကြောက်ရွံ့မှုအဆင့်မှရသည့် အပိုဆုလာဘ်လည်း ရှိပါသေးသည်။

သို့သော် သူ့အဆင့်သတ်မှတ်ချက် ပြန်လည်သုံးသပ်ချက်တွင် ဖုန်းပုကြွယ်ကို ဇဝေဇဝါဖြစ်စေသည့် အချက်တစ်ခု ရှိနေသေးသည်။ ယခင်ဇာတ်လမ်းအတွင်းက သူသည် တစ်ခါသုံးဆေးထိုးအပ်ကို ယူလာခဲ့သော်လည်း အဆင့်သတ်မှတ်ချက်တွင် 'ရရှိသောကိရိယာပစ္စည်း' နေရာ၌ 'မရှိ' ဟုသာ ပြခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခါတွင်မူ 'သတိလစ်နေသော အမြီးတိုမျောက်' မှာ စာရင်းထဲ၌ ပါလာခဲ့၏။ ၎င်းကို ဂိမ်းလမ်းညွှန်ထဲ၌ ဖော်ပြထားခြင်းမရှိကြောင်း သူသေချာပေါက်ယုံကြည်နေသည်။ ယင်းကလည်း လုံးဝ သာမန်သာဖြစ်သည်။ ဂိမ်းလမ်းညွှန်ဟူသည် အများဆုံး ကြော်ငြာသဘောမျိုးသာဖြစ်ပြီး အသေးစိတ်အချက်အလက်တိုင်းကို ဖော်ပြထားလေ့မရှိသောကြောင့်ပင် ဖြစ်သည်။

ထိုမပြေလည်သေးသော ပဟေဠိသည် ဖုန်းပုကြွယ်အတွက်မူ လည်ပင်း ငါးရိုးတစ်ချောင်း စူးနေသကဲ့သို့ ခံစားရစေသည်။ တခြားသူများအတွက် လျစ်လျူရှုထားနိုင်သော ထိုအကြောင်းအရာမျိုးမှာ သူ့အတွက်မူ အနှောင့်အယှက်အဖြစ်ဆုံးအရာပင် ဖြစ်သည်။ သူသည် ဖိုရမ်များတွင် သွားမေးရန်လည်း ပျင်းနေ၏။ အဘယ်ကြောင့်ဆိုသော် ဖိုရမ်များသည် စနစ်နှင့်ပတ်သက်သော ဤမေးခွန်းမျိုးကို မှန်ကန်သည့် အဖြေပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် လော့ဂ်အင်‌နေရာထဲမှတစ်ဆင့် ဖောက်သည်ဝန်ဆောင်မှုကို ဆက်သွယ်လိုက်၏။ အဖြေပေးသူသည်လည်း ခဏမျှ ကြောင်သွားပြီး အတော်ကြာအောင် လိုက်ရှာပြီးမှ အဖြေပြန်ပေးလာသည်။

"ဆေးဝါး၊ ပတ်တီး၊ ပါဝင်ပစ္စည်းများနှင့် စက်ပစ္စည်းအစိတ်အပိုင်းများကဲ့သို့ 'သုံးစွဲပစ္စည်း' အဖြစ် သတ်မှတ်ထားသော အိုင်တမ်များနှင့် 'သာမန်' သို့မဟုတ် အဆင့်နိမ့်အရည်အသွေးရှိသော အိုင်တမ်များကို ဇာတ်လမ်းထဲမှ ယူဆောင်လာပါက အဆင့်သတ်မှတ်ချက် ပြန်လည်သုံးသပ်ချက်တွင် စာရင်းပြမည် မဟုတ်ပါ"

ဖုန်းပုကြွယ်သည် သူလိုအပ်သော အဖြေကို ရသွားပြီ ဖြစ်သည်။ အဖွဲ့လိုက်မုဒ်တွင် ထိုကဲ့သို့သော သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အရာများ အများအပြား ရှိနေပေလိမ့်မည်။ အကယ်၍ တစ်ယောက်ယောက်သည် အားယားနေပြီး နောက်ဆုံး စက္ကန့် ၆၀ ရောက်ခါနီးတွင် ကျောက်ခဲများ၊ မြက်များ၊ အုတ်ခဲများ၊ သစ်လုံးများကဲ့သို့ အသုံးမဝင်သော အမှိုက်များကို မြင်သမျှ လိုက်ကောက်လာခဲ့ပါက အဆင့်သတ်မှတ်ချက်စာရင်းတွင် ထိုကဲ့သို့သော အလကားအိုင်တမ်များဖြင့်သာ ပြည့်နေပေလိမ့်မည်။ ၎င်းကို ကာကွယ်ရန်အတွက် ထိုစနစ်ကို ထည့်သွင်းထားခြင်း ဖြစ်သည်။

ယင်းကို နားလည်သွားပြီးနောက် ဖုန်းပုကြွယ်သည် သူ့ကျောပိုးအိတ်ထဲမှ မျောက်ကို ထုတ်ကြည့်လိုက်၏။ သို့သော် အံ့သြစရာကောင်းသည်မှာ သူထိုသို့ လုပ်လိုက်သည့်အခါ မျောက်က ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် တာရော့ကတ်အရွယ်အစားခန့်ရှိသော ကတ်တစ်ခု ပေါ်လာကာ စနစ်၏အသိပေးချက် ပေါ်လာခြင်း ဖြစ်သည်။

"ဇာတ်လမ်းကို ရှင်းလင်းပြီးပါက ကစားသမားများသည် 'ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားနိုင်သည့် ဇာတ်ကွက်ဆိုင်ရာ ပစ္စည်းများ' ကို ရရှိနိုင်ပါသည်။ ထိုပစ္စည်းအမျိုးအစားများကို ပုံမှန်အားဖြင့် ဇာတ်ကွက်ဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်နေသည့်ပစ္စည်းများအဖြစ် သတ်မှတ်ထားသော်လည်း ကစားသမားများက မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းဖြင့် မစ်ရှင်ကို ပြီးမြောက်နိုင်ခဲ့သည့်အတွက်ကြောင့် ထိုပစ္စည်းများကို သိမ်းဆည်းခွင့် ရခြင်းဖြစ်ပါသည်။ ဤသို့သော ဇာတ်ကွက်ဆိုင်ရာ ပစ္စည်းများကို လော့ဂ်အင်နေရာထဲသို့ ယူဆောင်လာပါက ၎င်းတို့သည် 'ပဟေဠိကတ်' အဖြစ် ပြောင်းလဲသွားပြီး ကတ်စနစ်ထဲသို့ ထည့်သွင်းသွားမည် ဖြစ်ပါသည် (လက်ရှိတွင် မပြုနိုင်သေးပါ)"

ထိုစနစ်မက်ဆေ့ကို ဖတ်ပြီးနောက် သူသည် သူ့လက်ထဲရှိ ပဟေဠိကတ်ကို ကြည့်လိုက်သည်။ ကတ်သည် စက္ကူသားကဲ့သို့ ဖြစ်သော်လည်း ကွေးညတ်၍ မရပေ။ ကတ်၏ အစွန်းများမှ အဖြူရောင် အလင်းဖျော့ဖျော့ ထွက်နေပြီး နှစ်ဖက်လုံး၏ပုံက အတူတူပင် ဖြစ်သည်။ သူ့ကတ်ပေါ်တွင် ပါသောပုံသည် တရုတ်မင်ပန်းချီစတိုင်ဖြင့် ဆွဲထားသည့် မျောက်ပုံလေး ဖြစ်၏။

"ပဟေဠိကတ် - မျောက်"

၎င်းမှာ ထိုပစ္စည်း၏ တစ်ခုတည်းသော ဂုဏ်သတ္တိပင် ဖြစ်သည်။ နာမည်သာရှိပြီး တခြား ဘာမှမရှိပေ။ ဖုန်းပုကြွယ်သည် သူ့သူငယ်ချင်းစာရင်းထဲရှိ ဝမ်တန်ကျိ၏အခြေအနေကို လှမ်းကြည့်လိုက်ရာ ထိုကလေးမှာ ဂိမ်းထဲရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် ဆုလာဘ်သွားယူမည့်အစား ဖောက်သည်ဝန်ဆောင်မှုကို နောက်တစ်ကြိမ် ထပ်ဆက်သွယ်လိုက်သည်။

ကတ်စနစ်အကြောင်း ရှင်းပြရမည့် အချိန်ရောက်ပေပြီ...။

၎င်းမတိုင်မီ တရားဝင်ဝဘ်ဆိုဒ်တွင် ဖော်ပြထားသော အိုင်တမ်အရည်အသွေး ခွဲခြားမှုအကြောင်းကို အရင်ရှင်းလင်းချက်ပေးရမည် ဖြစ်သည်။

အမှိုက် - ထိုအိုင်တမ်မျိုးသည် လဲလှယ်ရေးဌာနတွင်ပင် ရောင်းချရန် ခက်ခဲပါလိမ့်မည်။

ညံ့ဖျင်း - ဟောင်းနွမ်းပြီး အားနည်းချက်များ ရှိနေသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းပါသည်။

သာမန် - ထိုအသုံးအဆောင်ကိရိယာတွင် အရာအားလုံး ပုံမှန်ဖြစ်သည်။၎င်းကို ယုတ္တိရှိရှိ အသုံးပြုပါက သင့်အတွက် အကျိုးရှိစေပါလိမ့်မည်။

ထူးကဲ - စိတ်ချရပြီး ယုံကြည်ရသည့် အသုံးအဆောင်ကိရိယာတစ်ခုဖြစ်ကာ ကောင်းမွန်သော လက်တွဲဖော်တစ်ယောက်နှင့် မခြားပေ။ (ထူးကဲအဆင့်ရှိသော အိုင်တမ်များတွင် အနည်းဆုံး ဓာတ်သဘာဝတစ်ခု သို့မဟုတ် အထူးစွမ်းရည်တစ်ခု ပါဝင်ပါလိမ့်မည်။)

ပြည့်စုံ - အပြစ်ပြောစရာမရှိသော အသုံးအဆောင်ကိရိယာဖြစ်ပြီး ရှားပါးကာ အစွမ်းထက်သည်။ (ပြီးပြည့်စုံသောပစ္စည်းများတွင် သေချာပေါက် အထူးစွမ်းရည်တစ်ခု ပါဝင်မည်ဖြစ်သော်လည်း ဓာတ်သဘာဝမှာမူ ပါချင်မှ ပါပေလိမ့်မည်။)

ဒဏ္ဍာရီ - ဒဏ္ဍာရီများထဲကကဲ့သို့ နတ်ဘုရားအဆင့်ရှိသော အိုင်တမ်ဖြစ်သည်။ ကစားသမား၏ စွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မည်။

ထိုကဲ့သို့ ခွဲခြားသတ်မှတ်မှုအရ ဂိမ်း၏ နောက်ပိုင်းကာလများတွင် ထူးကဲအဆင့်ရှိသော အိုင်တမ်များသည် နေရာတိုင်းတွင် ရှိနေမည်ဖြစ်ပြီး ကစားသမားတိုင်း ပိုင်ဆိုင်နိုင်ရန် ကြိုးစားကြမည့်အရာများ ဖြစ်လာပေလိမ့်မည်။

သည်းထိတ်ရင်ဖို သုခဘုံတွင် အသုံးအဆောင်ကိရိယာများ ရရှိပုံကို ရှင်းပြပြီးဖြစ်၏။ ၎င်းကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ်ရလျှင် 'စူးစမ်းရှာဖွေခြင်း' ဖြစ်သည်။ သို့သော်လည်း အချို့ကစားသမားများသည် ထူးကဲအဆင့်ရှိသော အိုင်တမ်များကို မည်သို့ရယူရမည်ကို အမှန်တကယ် နားမလည်ဘဲ နောက်ကျကျန်နေခဲ့ပါက သူတို့ မည်သို့လုပ်သင့်သနည်း။

ဤကတ်စနစ်ကား ဂိမ်းကုမ္ပဏီမှ ပေးထားသော အဖြေပင် ဖြစ်တော့၏။ ၎င်းသည် ဂိမ်း၏ နောက်ပိုင်းကာလများတွင် ကစားသမားများ အသုံးအဆောင်ကိရိယာများ ရရှိရန်အတွက် ပေးထားသော တခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်သည်။ ကစားသမားသည် ကတ်တစ်စုံလုံးကို စုမိသွားပါက ၎င်းကို အသုံးအဆောင်ကိရိယာတစ်ခုနှင့် လဲလှယ်နိုင်ပေမည်။ ရရှိလာမည့်အိုင်တမ်သည် ထူးကဲအဆင့်ဖြစ်ရန် အာမခံထားပြီး ပြည့်စုံအဆင့်ကို ရရှိရန်လည်း အခွင့်အလမ်း ရှိပေသည်။

ထို့ပြင် 'တစ်စုံ' ဟူသော သဘောတရားမှာ အဘယ်နည်း။ အဖြေကား... လုံးဝကို ကျပန်းပင် ဖြစ်သည်။

ယခု ဖုန်းပုကြွယ်ရထားသော 'ပဟေဠိကတ် - မျောက်' ကို နမူနာကြည့်ပါ။ အကယ်၍ သင့်တွင် ပဟေဠိကတ် - ဘုန်းကြီး၊ မြင်းဖြူ၊ ဝက်နှင့် လူသားစားဘီလူး ဟူသော ကတ်များ ရှိနေပါက သင်သည် ကတ်တစ်စုံ ပြီးမြောက်အောင် စုဆောင်းနိုင်ပြီ ဖြစ်သည်။ အလားတူပင် သင့်တွင် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနှင့် ဝက် ဟူသည့် ကတ်များ ရှိနေပါကလည်း သင်သည် နောက်ထပ်ကတ်တစ်စုံကို ပြီးမြောက်သွားခြင်း ဖြစ်သည်။ စနစ်က 'တစ်စုံ' အဖြစ် လက်ခံနိုင်သရွေ့ ၎င်းမှာ တစ်စုံပင် ဖြစ်တော့၏။

တစ်နည်းအားဖြင့် ပဟေဠိကတ်တစ်ကတ်သည် အုပ်စုအမျိုးမျိုးတွင် ပါဝင်နိုင်ပြီး ကတ်တစ်ကတ်၏ ဖြစ်တည်မှုမှာ လုံးဝကျပန်းဖြစ်သည်။ ဖုန်းပုကြွယ် ရရှိခဲ့သော မျောက်ပုံစံ ပစ္စည်းသည် 'ပဟေဠိကတ် - မျောက်' ဖြစ်မလာဘဲ 'ပဟေဠိကတ် - ချင်ပန်ဇီ' ၊ 'ပဟေဠိကတ် - ကင်းကောင်' ၊ 'ပဟေဠိကတ် - မျောက်လက်ဖဝါး' စသဖြင့် ဖြစ်သွားနိုင်သည်။

ထိုသို့ စီစဉ်ထားမှုသည် ဇာတ်ကွက်ဆိုင်ရာပစ္စည်းတိုင်းကို အသုံးဝင်နိုင်သော ပဟေဠိကတ်များ ဖြစ်လာစေပေသည်။ ဂိမ်း၏နောက်ပိုင်း အဆင့်များတွင် ကစားသမားများသည် ဇာတ်ကွက်အများစုကို အင်အားသုံး၍ ကျော်ဖြတ်နိုင်လောက်အောင် အစွမ်းထက်လာခဲ့ပါက ဇာတ်ကွက်ဆိုင်ရာ ပစ္စည်းများသည် သူတို့၏ နည်းဗျူဟာများကို ပြောင်းလဲရန် အကြောင်းပြချက် ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် အသုံးအဆောင်ကိရိယာမရှိသော ကစားသမားများအနေဖြင့် တစ်ကိုယ်တော် ရှင်သန်ရေးမုဒ်ထဲသို့ ဝင်၍ ပင်မဇာတ်လမ်းကို ပြီးမြောက်အောင်လုပ်၍ ပေါ်လာသော ဘေးထွက်တာဝန်များအားလုံးကို ကျော်ပစ်ကာ ဇာတ်ကွက်ဆိုင်ရာ ပစ္စည်းများအားလုံးကို သိမ်းထားပါက ဇာတ်လမ်းမှ ထွက်လာသည့်အခါတွင် ပဟေဠိကတ်တစ်စုံ ပြီးမြောက်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

မှန်ပေသည် ကစားသမားများသည် မိမိတို့လိုချင်သော ဇာတ်ကွက်ဆိုင်ရာပစ္စည်းများကို ရပြီးသည်နှင့် မိမိကိုယ်ကို သတ်သေပစ်ခြင်းမျိုးကိုမူ တားမြစ်ထား၏။ ပဟေဠိကတ် ရရန်အတွက် အနိမ့်ဆုံး လိုအပ်ချက်သည် ဇာတ်လမ်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ရန်ပင် ဖြစ်သည်။ မည်သည့်အခြေအနေမျိုးနှင့်မဆို သေဆုံးသွားခဲ့ပါက ဝတ်ဆင်ထားသော ပစ္စည်းကိရိယာများအားလုံးကို ပြန်သိမ်းသွားမည် ဖြစ်သကဲ့သို့ ဇာတ်လမ်းထဲမှ ရခဲ့သော ဇာတ်ကွက်ဆိုင်ရာ ပစ္စည်းများကိုလည်း ဇာတ်လမ်းထဲတွင်သာ ထားခဲ့မည် ဖြစ်သည်။ ၎င်းသည် အဖွဲ့လိုက်မုဒ်တွင် ကစားသမားတစ်ယောက် သေဆုံးသွားသောကြောင့် ဇာတ်လမ်း ရပ်တန့်သွားခြင်းမျိုး မဖြစ်အောင် ကာကွယ်ထားခြင်း ဖြစ်၏။

ယင်းသည် ရှင်းပြချက်အားလုံးနီးပါးပင် ဖြစ်သည်။

ဖုန်းပုကြွယ်သည် မေးခွန်းများ ပြီးသွားသောအခါ ဖောက်သည်ဝန်ဆောင်မှုနှင့် ဖုန်းချလိုက်၏။ ထို့နောက် သူသည် မီနူးကို အသုံးပြု၍ ပဟေဠိကတ်ကို ဒေတာအဖြစ် ပြောင်းလဲလိုက်ပြီး သူ့လော့ဂ်အင်နေရာထဲတွင် သိမ်းဆည်းလိုက်သည်။ သူသည် ဇာတ်လမ်းမှ ရရှိမည့် ဆုလာဘ်ကို လက်ခံရန် ပြင်ဆင်လိုက်သည်။

သူ့အနေဖြင့် ကောင်းမွန်သော ကြောက်ရွံ့မှုအဆင့်မှ ရလာမည့် ဆုလာဘ်အပေါ် မျှော်လင့်ချက် သိပ်မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းကိုယ်တိုင်မှာ ထိုမျှ ကြောက်စရာမကောင်းသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကျွမ်းကျင်မှုကတ် ဆုလာဘ်မှာမူ သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေဆဲ ဖြစ်သည်။

ကျွမ်းကျင်မှုကတ်သည် သူအသုံးပြုနိုင်မည့် အရာတစ်ခု ဖြစ်လိမ့်မည်ဟု သူယုံကြည်ထားသည်။ ၎င်းမှာ အထွေထွေကျွမ်းကျင်မှုများထဲမှ လက်မှုပညာအပိုင်းမှ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ကြောက်ရွံ့မှုအဆင့်မှရသော အပိုဆုလာဘ်အတွက်မူ... သူသည် တခြားအသုံးအဆောင်ကိရိယာတစ်ခုကိုသာ ရွေးချယ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းပြီးသွားပြီးနောက်တွင်ပင် သူသည် မည်သည့်လက်နက်၊ ကာကွယ်ရေးပစ္စည်းမျှ မရှိဘဲ အခုအခံမဲ့နေသေးသောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ဓာတ်လှေကားထဲမှ ထွက်လာပြီး သတ္တုအခန်းကျယ်ကြီးထဲသို့ ဝင်လာခဲ့သည်။ ယခင်တစ်ခါကဲ့သို့ပင် အခေါင်းပေါက် ဖန်ပြွန်နှစ်ခု ရှိနေလေ၏။(စာစဉ်(၁) မှာတုန်းက မှန်တိုင်လို့ရေးထားလို့ မှန်တိုင်လို့ သုံးခဲ့ပါတယ်)

ပထမဆုံးအနေဖြင့် သူသည် ဇာတ်လမ်းဆုလာဘ်ဆီသို့ သွားလိုက်သည်။ ပုံရိပ်ယောင်မီနူးမှတစ်ဆင့် သူသည် ကျပန်းစနစ်ဖြင့်ပေးသော ကျွမ်းကျင်မှုကတ်ကို ရယူလိုက်၏။ ဖန်ပြွန်ထဲ ကတ်ပေါ်လာသောအခါ ဖုန်းပုကြွယ်သည် အတော်လေး မျှော်လင့်ချက်ကင်းမဲ့နေသကဲ့သို့ ခံစားနေရသော်လည်း ကတ်၏ရှင်းလင်းချက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် သူ၏ ဟိန်းဟောက်သံကြီးက အခန်းထဲ၌ ထပ်မံပဲ့တင်ထပ်သွားတော့သည်။

"အေး... ငါ -ိုးပဲကွာ"

အခန်း (၁၆) အနားယူချိန်(ခ)

ပစ္စည်းအမည် - အလျင်အမြန် ပြင်ဆင်ခြင်း

ကျွမ်းကျင်မှုကတ်၏ အင်္ဂါရပ် - တက်ကြွကျွမ်းကျင်မှု၊ အမြဲတမ်းအသုံးပြုနိုင်။

ကျွမ်းကျင်မှုအမျိုးအစား - လက်မှုပညာ

အာနိသင် - အမှိုက် သို့မဟုတ် ညံ့ဖျင်း အရည်အသွေးရှိသော စက်ပစ္စည်းထုတ်ကုန်တစ်ခုကို သုံးမိနစ်ကြာအောင် သာမန်အရည်အသွေးသို့ မြှင့်တင်ပေးနိုင်သည်။

သုံးစွဲသည့်ပမာဏ - သက်လုံအမှတ် ၁၀၀

သင်ယူရန်လိုအပ်ချက် - လက်မှုပညာကျွမ်းကျင်မှု အဆင့် (F)

မှတ်ချက် - လူသိများကြသည့်အတိုင်း 'ပန်းသီးပုတ်' ကုမ္ပဏီ၏ တည်ထောင်သူ၊ နယ်ပယ်သစ်ကို စတင်ဖော်ထုတ်သူ၊ ဂေါ်ဘလင်တီထွင်သူနှင့် လုပ်ငန်းရှင်ကြီး မစ္စတာ စမစ်ဂျက်ကေးသည် ငယ်စဉ်က စက်ပြင်သမားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူ၏ ဂူဗိမာန် ကျောက်တိုင်ပေါ်တွင် နောင်လာနောက်သားများအတွက် သူချန်ထားခဲ့သည့် အကြံပြုချက်မှာ 'အရာဝတ္ထုတစ်ခုကို အပြီးအပိုင် ပြင်ဆင်ဖို့ ကြိုးစားတာက လူနုံတွေရဲ့ အလုပ်ပဲ' ဟူ၍ ဖြစ်သည်။ ဤသင်ခန်းစာကို လူတိုင်းသိစေရန်အတွက် သူ၏ ဂူဗိမာန်ပေါ်တွင် ကုမ္ပဏီတံဆိပ်ဖြစ်သော တစ်ကိုက်စာ အကိုက်ခံထားရသည့် ပန်းသီးပုံကိုပင် ထွင်းထုထားခဲ့သေးသည်။

ဖုန်းပုကြွယ်၏ ဂိမ်းကံသည် အမြဲလိုလိုဆိုးရွားနေတတ်သဖြင့် ယခုကဲ့သို့ ကျွမ်းကျင်မှုကတ်တစ်ခု ပေါက်လာခြင်းမှာ ပုံမှန်မဟုတ်သော ထူးခြားမှုတစ်ခုပင် ဖြစ်၏။ ကစားသမားများ အဆင့်နိမ့်နေချိန်တွင် သင်ယူရန်လိုအပ်ချက်နှင့် အသုံးပြုမှုပမာဏ နည်းပါးသော်လည်း 'ပေါက်ကွဲလက်သီး' ကဲ့သို့သော ကျွမ်းကျင်မှုမျိုးသည် ကစားသမားများအတွက် များစွာ အထောက်အကူ ဖြစ်စေသည်။ သို့သော် ဤ 'အလျင်အမြန် ပြင်ဆင်ခြင်း' မှာမူ... ကစားသမားသည် အဆင့် ၂၀ သို့ ရောက်ရှိသွားပြီး ကျွမ်းကျင်မှုဘား မပြည့်သေးလျှင်ပင် တပ်ဆင်ရန် တွန့်ဆုတ်နေမိမည့် အမျိုးအစားဖြစ်၏။

၎င်း၏အာနိသင်သည် မရှိသလောက်ပင်ဖြစ်ပြီး အသုံးပြုရသည့် ပမာဏမှာလည်း အချိုးမကျအောင် များပြားလွန်းလှသည်။ ပိုဆိုးသည်မှာ ထိုအာနိသင်သည် စက်ပစ္စည်းများအတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ အကယ်၍ ဤကျွမ်းကျင်မှုကို မည်သည့် အသုံးအဆောင်ကိရိယာတွင်မဆို သုံးနိုင်ပါက တန်ဖိုးရှိပေလိမ့်မည်။ ဥပမာအားဖြင့် ကစားသမားသည် အရည်အသွေးညံ့ဖျင်းပြီး သံချေးတက်နေသော ပိုက်လုံးတစ်ခုကို ကောက်ရခဲ့လျှင် သက်လုံအမှတ် လုံလုံလောက်လောက်ရှိပါက ၎င်းကို သာမန်အရည်အသွေးသို့ ပြောင်းလဲပြီး တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်နိုင်ပေသည်။

သို့သော် လက်တွေ့မှာ ရက်စက်လှ၏။ ဤကျွမ်းကျင်မှုသည် စက်ပစ္စည်းများအတွက်သာ ဖြစ်သည်။ ဖုန်းပုကြွယ်သည် ဤကျွမ်းကျင်မှု အသုံးဝင်မည့် အခြေအနေများကို စဉ်းစားကြည့်လိုက်သည်... ဥပမာ ပျက်နေသော လျှပ်စစ်လွှတစ်ခုကို သူကောက်ရခဲ့လျှင် ဖြစ်သည်။ ထိုသို့ဆိုလျှင် သက်လုံအမှတ် ၁၀၀ကို သုံးစွဲ၍ သုံးမိနစ်ကြာအလုပ်လုပ်စေခြင်းသည် ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်ပေလိမ့်မည်။

သီအိုရီအရဆိုလျှင် ဤကျွမ်းကျင်မှုသည် ပျက်နေသော ယာဉ်တစ်စီးကို ပြင်ဆင်နိုင်ပေမည်။ ဖုန်းပုကြွယ်သည် သူ၏အကောင်းဆုံး အခြေအနေတွင် ပျက်နေသော ကားတစ်စီးကို တွေ့ရှိခဲ့ပါက အချိန်ကို တိတိကျကျတွက်ချက်၍ ကျွမ်းကျင်မှုကို တစ်ကြိမ်နှင့်တစ်ကြိမ် နီးကပ်စွာ အသက်သွင်းနိုင်ခဲ့လျှင် ထိုကားမှာ ၁၅ မိနစ်ခန့် ပုံမှန်မောင်းနှင်နိုင်ပေလိမ့်မည်။

သို့သော် ယင်းက အကောင်းဆုံး ဖြစ်နိုင်ခြေသာ ဖြစ်၏။ ဤကျွမ်းကျင်မှုသည် ယာဉ်များပေါ်တွင် အလုပ်လုပ်၊ မလုပ်က မသေချာသေးပေ။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းထဲတွင် ကားကဲ့သို့သော အရာဝတ္ထုကြီးများကို ကစားသမားများက ၎င်းတို့၏ဂုဏ်သတ္တိများကို စစ်ဆေးမရသဖြင့် အိုင်တမ်အဖြစ် မသတ်မှတ်သောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤကတ်ကို ဂိမ်းဖွင့်လှစ်သည်အထိ သိမ်းထားလျှင်ပင် လဲလှယ်ရေးဌာန၌ ငွေများများစားစား ရမည်မဟုတ်သဖြင့် ဖုန်းပုကြွယ်သည် ထိုကျွမ်းကျင်မှုကို သင်ယူရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် ထိုကျွမ်းကျင်မှုမှာ သူ၏ကျွမ်းကျင်မှုဘားတွင် ပေါ်လာတော့သည်။ ထို့နောက် သူသည် ဒုတိယမြောက် ဖန်ပြွန်ဆီသို့ လျှောက်သွားလိုက်ရာ စနစ်၏ အသိပေးချက် ရောက်ရှိလာ၏။

"ကျေးဇူးပြု၍ သင်ရဲ့အပိုဆုလာဘ်ကို ရွေးချယ်ပါ။ (၁) - သင့်အဆင့်နှင့် ကိုက်ညီသော ကျပန်း အသုံးအဆောင်ကိရိယာ တစ်ခု။ (၂) - ဂိမ်းဒင်္ဂါး ၅၀၀၀။ (၃) - EXP ၂၀၀။"

ဖုန်းပုကြွယ်သည် တွန့်ဆုတ်မနေဘဲ အသုံးအဆောင်ကိရိယာကိုသာ ရွေးချယ်လိုက်သည်။ ပထမ သူ၏ လက်ရှိအခြေအနေတွင် ကျန်ရွေးချယ်စရာနှစ်ခုကို သူအသုံးမလိုသေးခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အသုံးမဝင်သော ကျွမ်းကျင်မှုကတ်အပြင် စနစ်အနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် တစ်စုံတစ်ခုကို ပေးလိမ့်မည်ဟု သူ မယုံကြည်သောကြောင့် ဖြစ်သည်။ သူသည် နောက်ထပ်ကျောက်ခဲတစ်လုံးကိုတော့ ထပ်ပေါက်တော့မည် မဟုတ်ပေ။

အဖြူရောင် အလင်းတန်းများ စုဆုံသွားပြီး ဖန်ပြွန်ထဲတွင် အိုင်တမ်တစ်ခု ပေါ်လာလေ၏။ ပုံစံမပေါ်လာခင်မှာပင် ဖုန်းပုကြွယ်သည် ယခုတစ်ကြိမ်တွင်တော့ အဆင်ပြေမည်ကို သိလိုက်ရသည်။ ပုံသဏ္ဌာန်အရ ၎င်းသည် သေချာပေါက် လက်နက်တစ်ခု ဖြစ်၏။

ပစ္စည်းအမည် - မာရီယို၏ ဂွ

ပစ္စည်းအမျိုးအစား - လက်နက်

အရည်အသွေး - ထူးကဲ

တိုက်ခိုက်ရေးစွမ်းအား - အလယ်အလတ်

ဓာတ်သဘာဝ - မီး

အထူးစွမ်းရည် - ဤလက်နက်ဖြင့် လူသားပုံစံ ဇာတ်ကောင်များ၏ ဦးခေါင်းကို ပစ်မှတ်ထားပါက ပြင်းထန်သောဒဏ်ရာ ရရှိရန် အခွင့်အလမ်း မြင့်မားသည်။

မှတ်ချက် - ဤဂွ၏ ပိုင်ရှင်မှာ အလွန်လူကြိုက်များသူ ဖြစ်သည်။ သူသည် မိမိကိုယ်မိမိ ပိုက်ပြင်သမားဟု ခေါ်ဆိုသော်လည်း တစ်ခါမှ ပိုက်မပြင်ပေ။ သူလုပ်သမျှသည် ပိုက်များထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်ခြင်းနှင့် နေရာအနှံ့ ခုန်ပေါက်နေခြင်းသာ ဖြစ်သည်။ သူသည် မကောင်းဆိုးဝါးများကို တိုက်ခိုက်ခြင်း၊ တိုင်းပြည်ကို ကယ်တင်ခြင်း၊ မင်းသမီးကို ရှာဖွေခြင်း စသည်တို့ဖြင့် အလုပ်ရှုပ်နေတတ်သည်။ တစ်ခါတစ်ရံတွင် ဖား၊ ရက်ကွန်း သို့မဟုတ် စက္ကူအရုပ်အဖြစ်ပင် ဟန်ဆောင်တတ်သေးသည်။ တစ်ခါတစ်ရံတွင် မီးလုံးများပစ်ခြင်း သို့မဟုတ် တူများဖြင့် ပစ်ပေါက်ခြင်းတို့ကို ပြုလုပ်တတ်၏။ သို့သော် သူသည် ပိုက်ပြင်သမားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော ဤကိရိယာကိုမူ ဘယ်သောအခါမှ အသုံးမပြုခဲ့ပေ။ ထို့ကြောင့် ဤဂွသည် အစွန့်ပစ်ခံရမှုအပေါ် ဒေါသထွက်နေပြီး ထိုဒေါသများက မီးအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဂွတစ်ချောင်းသည်ပင် တိုက်ပွဲတွင် အသုံးဝင်နိုင်ကြောင်းကို ၎င်းက သက်သေပြချင်နေသည်။

"ဒီထက် ပိုထူးဆန်းလို့ မရတော့ဘူးလို့ ထင်နေတုန်း..."

အိုင်တမ်၏ဂုဏ်သတ္တိများကို ဖတ်ပြီးနောက် ဖုန်းပုကြွယ်က ညည်းတွားလိုက်သော်လည်း သူသည် အမှန်တကယ်တွင် အတော်လေး ပျော်ရွှင်နေမိသည်။ လက်နက်၏ ထူးဆန်းသော မှတ်ချက်ကို ဖယ်ထားလျှင်ပင် ပစ္စည်းကိုယ်တိုင်သည် အတော်လေးကောင်းမွန်သော ဂုဏ်သတ္တိများ ရှိနေသောကြောင့် ဖြစ်၏။

ဓာတ်လှေကားဆီသို့ ပြန်လျှောက်သွားစဉ် ဝမ်တန်ကျိ၏ ဆက်သွယ်မှု တောင်းဆိုချက်က ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်လာ၏။ ဖုန်းပုကြွယ်က လက်ခံလိုက်ပြီးနောက် မကြာမီ အဖွဲ့လိုက်ကစားရန် တောင်းဆိုချက်ပါ ရောက်ရှိလာသည်။

"ကောင်းပြီ... မင်း အဆင့် ၅ ရောက်ပြီလား"

"အိုး... ဒါပေါ့ ရခဲ့တဲ့ EXP က အဆင့် ၅ ရောက်ဖို့ အတိအကျပဲကွ"

ဝမ်တန်ကျိက ဖြေ၏။

"အစ်ကိုကြွယ်ကော ဘယ်လိုလဲ"

သူငယ်ချင်းစာရင်းတွင် ဂိမ်းအမည် နှင့် လက်ရှိအခြေအနေကိုသာ ကြည့်နိုင်ပြီး အဆင့်ကို ပြသမထားပေ။ ဝမ်တန်ကျိ ထိုသို့မေးလိုက်သောအခါ သူသည် အဖွဲ့လိုက်တောင်းဆိုချက်ကို လက်ခံလိုက်ပြီဖြစ်သဖြင့် အဖွဲ့ဝင်များ၏အခြေအနေမှာ ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး ဖုန်းပုကြွယ်သည်‌ သူ့အသင်းဖော်၏ အဆင့်အချက်အလက်ကို မြင်တွေ့လိုက်ရ၏။

"မင်းလည်း အဆင့် ၅ ရောက်မယ်ဆိုတာ ငါ သိပြီးသားပါ ၊ အစ်ကိုကြွယ် အသုံးအဆောင်ကိရိယာ အသစ်တွေရော ရသေးလား"

ဝမ်တန်ကျိက မေး၏။

"ငါကတော့ ဇာတ်လမ်းထဲမှာ နောက်ဆုံးကျန်တဲ့ 'ပေါက်ကွဲလက်သီး' ကို သုံးလိုက်ရတယ်၊ အရင်က ရှိပြီးသား သစ်သီးလှီးဓားအပြင် တခြားကာကွယ်ရေးပစ္စည်းတချို့လည်း ကောက်ရခဲ့တယ်"

"ခဏ... အဲဒါမတိုင်ခင် ငါမင်းကို တစ်ခုမေးရဦးမယ်... မင်းရဲ့ ဇာတ်လမ်းထဲမှာ အဆုံးသတ်ခါနီးတုန်းက သော့တစ်ချောင်း လိုအပ်တာမျိုး ဒါမှမဟုတ် သုံးခဲ့ရတာမျိုး ရှိလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ဟင်… ဟုတ်တယ်၊ သော့တစ်ချောင်း သုံးခဲ့ရတယ်"

ဝမ်တန်ကျိက ဖြေသည်။

"ဘယ်လို သိတာလဲ"

"အဲဒီသော့ကို မင်း ဘယ်လိုရခဲ့တာလဲ"

ဝမ်တန်ကျိသည် ထိုမေးခွန်းကို ကြားသောအခါ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း လျင်မြန်စွာ ပြန်ဖြေ၏။

"ဇာတ်လမ်း အဆုံးသတ်ခါနီးမှာ ထွက်ပေါက်တံခါး ဘေးနားမှာပဲ တင်ထားတဲ့ သော့တစ်ချောင်းကို တွေ့လိုက်တာ၊ အခုထိ ဘာဖြစ်သွားမှန်း ငါလည်း မသိသေးဘူး၊ အဲဒီအချိန်တုန်းက ငါသေခါနီးဖြစ်နေပြီ၊ သွေးရော သက်လုံရော ကုန်သလောက် ဖြစ်နေပြီး တစ်ခုခုကလည်း ငါ့နောက်ကို လိုက်နေတာ၊ တံခါးဖွင့်နိုင်မယ့် သော့ကို တွေ့လိုက်ရတာက အံ့သြစရာပဲ၊ တံခါးဖွင့်လိုက်တာနဲ့ ဇာတ်လမ်းက ပြီးသွားတော့တာပဲ။

"အမ်… အစ်ကိုကြွယ် ၊ ဘာလို့လဲဆိုတာ မင်းသိလို့လား၊ မင်းဇာတ်လမ်းထဲမှာလည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့လို့လား"

"အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"

ဖုန်းပုကြွယ်က ပြန်ပြော၏။

"ငါ့ဇာတ်လမ်းက အရမ်းခက်တယ်၊ မင်းရဲ့ အခြေအနေကတော့... သော့ကို ကောက်ပြီး သော့ခလောက်ကို ဖွင့်ရတာကိုပဲ စနစ်က မင်းရဲ့ ဉာဏ်ရည်နဲ့ဆို ပဟေဠိဖြေရှင်းတာလို့ သတ်မှတ်ပေးလိုက်တာ ဖြစ်မှာပေါ့"

"အဲဒီလို အခြေအနေမျိုးက ချင်ပန်ဇီတွေအတွက်ပဲဗျ"

ဝမ်တန်ကျိက ညည်းတွားလိုက်သည်။

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။ သူသည် အကြောင်းအရာ ပြောင်းလဲရန်အတွက် ထိုပြက်လုံးကို ပြောလိုက်ခြင်း ဖြစ်သည်။

"ကဲ... မင်း အဆင်သင့် ဖြစ်ပြီလား၊ အဖွဲ့လိုက် ရှင်သန်ရေးမုဒ်မစခင် မင်း ဘာလုပ်ချင်သေးလဲ"

"အဆင်သင့်ပဲ၊ လူရှာလိုက်တော့ "

ဝမ်တန်ကျိက ပြန်ပြောလိုက်၏။

ဖုန်းပုကြွယ်သည် အဖွဲ့လိုက်မီနူးကိုရှာရန် ထိတွေ့မျက်နှာပြင်ကို ထိန်းချုပ်လိုက်သည်။ သူတို့နှစ်ဦးလုံး အဆင့် ၅ သို့ ရောက်ရှိသွားပြီးနောက် သူတို့ဝင်ရောက်နိုင်သော မုဒ်များက ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခု မီနူးတွင် တစ်ကိုယ်တော် ရှင်သန်ရေးမုဒ် (သာမန်) နှင့် အဖွဲ့လိုက် ရှင်သန်‌ရေးမှုမုဒ် (သာမန်) တို့ ပေါ်နေလေသည်။ လေ့ကျင့်ရေးမုဒ်များနှင့် တစ်ကိုယ်တော် ရှင်သန်ရေးမုဒ် (လွယ်ကူ) တို့မှာ မီးခိုးရောင် ပြောင်းသွားပြီ ဖြစ်သည်။

"ဖုန်းပုကြွယ်၊ အဆင့် ၅။

"ဝမ်တန်ကျိ၊ အဆင့် ၅။

"ကျေးဇူးပြု၍ သင့်အဖွဲ့ ဝင်ရောက်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပါ။

"သင်သည် အဖွဲ့လိုက် ရှင်သန်ရေးမုဒ် (သာမန်) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပါ။

"အတည်ပြုနေပါသည်။ အဖွဲ့ဝင် အရေအတွက်ကို ကျပန်းသတ်မှတ်လိုက်သည် - လူငါးယောက်ပါဝင်သော အဖွဲ့။

"သင့်အဖွဲ့သည် အဖွဲ့လိုက်တန်းစီစောင့်ဆိုင်းမှုထဲသို့ ဝင်ရောက်သွားပါပြီ။ လောလောဆယ် အဆင်သင့်ဖြစ်နေသော တခြားကစားသမားများ သို့မဟုတ် အဖွဲ့များကို ရှာဖွေနေပါသည်။

"ရှာဖွေမှု ပြီးဆုံးပါပြီ။ အဖွဲ့ပြည့်သွားပါပြီ။

"အာရုံကြော ဆက်သွယ်မှုကို ချိန်ညှိနေပါသည်။ ဇာတ်လမ်း ဖန်တီးနေပါသည်။

"ခဏ စောင့်ပါ။ ဒေါင်းလုဒ် ဆွဲနေပါသည်။"

All Chapters