အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇) ပထမဆုံး အဖွဲ့လိုက်ဇာတ်လမ်း
သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုထဲ နစ်မြှုပ်သွားပြီး ဂိမ်းမီနူးက ယာယီ ပျောက်ကွယ်သွားသည်။ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ထိုအမှောင်ထုထဲတွင် သူသည် မတ်တပ်ရပ်နေရာမှ ထိုင်လျက်အနေအထားသို့ ပြောင်းလဲသွားကြောင်း ဖုန်းပုကြွယ် ခံစားလိုက်ရ၏။ မာကျောသောနောက်မှီပါသည့် ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရသည်။
"သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်"
ဤတစ်ကြိမ် ကျပန်းထွက်ပေါ်လာသော အသံမှာ လူငယ်တစ်ယောက်ကဲ့သို့ အလွန်ပုံမှန်ဖြစ်သော်လည်း လေသံမှာမူ ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။
"ဒေါင်းလုဒ် ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် အဖွဲ့လိုက်ရှင်သန်ရေးမုဒ် (သာမန်) ကို ကစားနေခြင်း ဖြစ်ပါသည်။ ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားပြီး ဘေးထွက်တာဝန် သို့မဟုတ် လျှို့ဝှက်တာဝန်များနှင့် အထူးကမ္ဘာတည်ဆောက်ပုံများကို ဖော်ထုတ်နိုင်ရန် အခွင့်အလမ်း ရှိပါသည်။
"ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ် - အဆင့်သတ်မှတ်ချက် ပြန်လည်သုံးသပ်ချိန်တွင် အပို EXP ၈၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပါသည်။
"ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါတော့မည်။ ပြီးနောက် ဂိမ်းကို ချက်ချင်း စတင်ပါမည်"
မိတ်ဆက် CG ဗီဒီယိုမှာ ဖုန်းပုကြွယ်၏ မျက်စိရှေ့တွင် ပေါ်လာ၏။ သူသည် 3D မျက်မှန် တပ်ထားရသကဲ့သို့ ခံစားရပြီး တစ်ချိန်တည်းတွင် စနစ်၏အသံကလည်း နားထဲသို့ ဝင်ရောက်လာသည်။
"ဒါက စည်ကားလှတဲ့ ခေတ်မီမြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ တခြားခေတ်မီမြို့ကြီးတွေလိုပဲ မိုးမျှော်တိုက်ကြီးတွေ၊ ဆိုးရွားလှသော ယာဉ်ကြောပိတ်ဆို့မှုတွေ၊ လူဦးရေထူထပ်မှုနဲ့ စံချိန်မမီသော လေထုအရည်အသွေးတွေနဲ့ ပြည့်နှက်နေပါတယ်။"
အသံထွက်ပေါ်နေစဉ် ဖန်သားပြင်ပေါ်၌ ဇာတ်လမ်းနှင့်ကိုက်ညီသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသော်လည်း လက်ရှိတွင် ပုံမှန် မြို့လမ်းမမြင်ကွင်းများသာ ရှိသေးသည်။
"တစ်ညမှာ နေဝင်သွားပြီးနောက်တော့ နေမင်းကြီးဟာ ဘယ်တော့မှ ပြန်ထွက်မလာတော့တဲ့အချိန်အထိ အရာအားလုံး ပုံမှန်ဖြစ်နေခဲ့တယ်။ လွင့်မျောနေတဲ့ တိမ်မည်းတွေက တိတ်ဆိတ်နေတဲ့ မြို့ကြီးပေါ်ကို တကိုယ်တည်း အလင်းပေးဖို့ ကြိုးစားနေတဲ့ လမင်းကြီးကို ဖုံးလွှမ်းသွားခဲ့တယ်။"
ပုံရိပ်များသည် စတင်မှေးမှိန်သွားပြီး အမှောင်အတိကျသွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မီးရောင်အချို့ လင်းလာရာ ဖုန်းပုကြွယ်သည် လရောင်အောက်မှ မြို့ကြီးတစ်မြို့ကို ကြည့်နေရသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။ မြို့ထဲ၌ မီးအလင်းရောင်အချို့ ရှိနေသေးသော်လည်း ခေတ်မီမြို့ကြီးတစ်မြို့ တွင် ရှိသင့်သည့် အလင်းရောင်မျိုးတော့ သေချာပေါက် မဟုတ်ပေ။ အဝေးမှ ကြည့်လျှင် မြို့လမ်းမများပေါ်၌ လှုပ်ရှားမှုမရှိသော ယာဉ်အများအပြားဖြင့် ပြည့်နှက်နေသော်လည်း လမ်းမပေါ် လူဖြစ်စေ၊ လှုပ်ရှားနေသည့် အရာဝတ္ထုဖြစ်စေ တစ်ခုမှ ရှိမနေပေ။
"သင် မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အခါ သင်ဟာ သင်အမြဲစီးနေကျ နောက်ဆုံး မြေအောက်ရထားထဲမှာ ရောက်နေတာကို တွေ့လိုက်ရတယ်။ မကြာခင်မှာပဲ သင်နှင့် သင့်ပတ်ဝန်းကျင်က လူစိမ်းတွေဟာ... ဒီမြို့ကြီးထဲက တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သူတွေ ဖြစ်ကြောင်း သင်သိရှိသွားခဲ့ရတယ်"
ထိုကြိုတင်ပြောစကားများ နားထဲသို့ ရောက်ရှိလာချိန်တွင် ဖုန်းပုကြွယ်သည် အလင်းရောင်တစ်ချက် ဖျတ်ခနဲ လင်းလက်သွားသောကြောင့် မျက်စိကျိန်းသွားပြီး အာရုံခံစားမှုများ ပြန်လည်ရရှိလာ၏။ ဂိမ်းမီနူးကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ရာ ဂိမ်းစတင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် အမှန်တကယ်ပင် ရွေ့လျားနေသော မြေအောက်ရထားတစ်ခုထဲ ထိုင်နေခြင်း ဖြစ်သည်။ ပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်းများသည် တရိပ်ရိပ်ဖြင့် ဖြတ်ပြေးသွားကြသည်။ သူခေါင်းမော့ကြည့်လိုက်ရာ ရှောင်တန်သည် သူနှင့်မနီးမဝေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မိတ်ဆက်တွင် ပြောထားသည့်အတိုင်း ရထားတွဲထဲ၌ တခြားခရီးသည် သုံးဦးလည်း ရှိနေသေးသည်။
ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိ၏ ဘယ်ဘက် ဘေးတန်းထိုင်ခုံများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေလေ၏။ သူတို့သည် အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိပုံရပြီး ကျောင်းသားစုံတွဲ ဖြစ်ပုံရသည်။ လူငယ်၏ မျက်နှာသည် အလွန်ဖြူဝင်းချောမွတ်နေပြီး ဆံပင်မှာလည်း ရှည်လျား၏။ အမှန်အတိုင်း ပြောရလျှင်... ထိုကဲ့သို့သော ရုပ်ရည်မျိုးနှင့်ဆိုပါက သူသည် သူ့ဘေးနားရှိ မိန်းကလေးနှင့် သိပ်မခြားနားလှပေ။ သူတို့သည် အရပ်အမောင်း အတူတူပင်ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ပိန်ပိန်ပါးပါး ဖြစ်သည်။ သူတို့နှစ်ဦးမှာ အတော်လေး လိုက်ဖက်ညီပြီး သူတို့၏ ဂိမ်းအမည်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် သေချာပေါက် စုံတွဲဖြစ်ကြောင်း သိနိုင်သည်။ အမျိုးသား၏ အမည်သည် 'မင်းအကြောင်းတွေးမိရင် ငါအထီးကျန်ဆုံး' ဖြစ်ပြီး အမျိုးသမီး၏ အမည်မှာ 'မင်းကိုလွမ်းမိရင် ငါဝမ်းအနည်းဆုံး' ဖြစ်သည်။
အဖွဲ့လိုက် ရှင်သန်ရေးမုဒ်တွင် ယခုအချိန်သည် ဂိမ်းကို အစစ်အမှန်မစတင်မီ နောက်ဆုံးပြင်ဆင်မှု အချိန်အပိုင်းအခြား ဖြစ်သည်။ ၎င်းသည် အဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်အတွက် စနစ်က ဖန်တီးပေးထားခြင်းလည်း ဖြစ်သည်။ ဤပတ်ဝန်းကျင်တွင် ကစားသမားများ၏ ဂိမ်းအမည်များက သူတို့၏ ဦးခေါင်းပေါ် ပေါ်နေမည်ဖြစ်သည်။ ဤနေရာမှ ထွက်ခွာသွားပြီးနောက် အမည်များပျောက်ကွယ်သွားမည် ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အမည်ကို ပြန်မှတ်မိရန် လိုအပ်ပါက အဖွဲ့တက်ဘ်(Team tab) တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
အဖွဲ့တက်ဘ်ရှိ အချက်အလက်သည် ကန့်သတ်ချက် ရှိ၏။ ပထမအချက်အနေဖြင့် ကစားသမားများသည် တက်ဘ်ထဲ၌ သူတို့အသင်းဖော်များ၏ ရုပ်ရည်သွင်ပြင်ကို မြင်ရမည်မဟုတ်ဘဲ အမည်နှင့် အဆင့်တို့သာ ပါခြင်းဖြစ်သည်။ ဒုတိယအချက်မှာ အခြေအနေပြဘားတွင် 'အသက်ရှင်ဆဲ' သို့မဟုတ် 'သေဆုံး' ဟူသော ရွေးချယ်စရာနှစ်ခုသာ ပြသမည် ဖြစ်သည်။ သူတို့၏ လက်ရှိ သွေးပမာဏနှင့် အထူးအခြေအနေများကိုမူ ဖုံးကွယ်ထားသည်။
ရထားတွဲထဲတွင် လူငါးယောက် ရှိပြီး တစ်ယောက်ကိုတစ်ယောက် မိတ်မဆက်ရသေးပေ။ ဝမ်တန်ကျိနှင့် ဖုန်းပုကြွယ်တို့၏ မျက်နှာချင်းဆိုင်တွင် လူတစ်ယောက် ထိုင်နေ၏။ သူသည် ထိုင်လျက်ရှိနေသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ထိုလူသည် အရပ် ၁၉၀ စင်တီမီတာကျော် ရှိပြီး ကိုယ်အလေးချိန်မှာလည်း ကီလိုတစ်ရာဝန်းကျင် ရှိပေလိမ့်မည်။ သူ့ရုပ်ရည်အရ ထိုအစ်ကိုကြီးသည် အသက် ၃၀ မပြည့်သေးပုံရသည်။ သူသည် ခံစားချက်မရှိသည့်ပုံစံရှိပြီး ခိုင်မာသော မေးရိုး၊ ကျယ်ပြန့်သော ပခုံးနှင့် V ပုံသဏ္ဌာန် ခန္ဓာကိုယ် ရှိသည်။ လက်ရှည်တီရှပ် ဝတ်ထားသော်လည်း သူ၏ လက်မောင်းမှ တောင့်တင်းသော ကြွက်သားများကို မြင်တွေ့နိုင်ပေသည်။
ဂိမ်းသည် ကစားသမားများအား ၎င်းတို့၏ ရုပ်ရည်သွင်ပြင်ကို ပြင်ဆင်ခွင့်ပေးထားသော်လည်း ကန့်သတ်ချက်တစ်ခုတော့ ရှိသည်။ မျက်နှာကိုပြုပြင်ရန်က လွယ်ကူသော်လည်း ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြုပြင်ရာတွင် ရှစ်ဆယ်ရာခိုင်နှုန်းသာ ကန့်သတ်ထား၏။ သို့မဟုတ်ပါက စနစ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် အပြင်လောကတွင် အရပ် ၂၀၀ စင်တီမီတာ ရှိသူတစ်ဦးအတွက် ဂိမ်းထဲ၌ ၁၅၅ စင်တီမီတာရှိသော ခန္ဓာကိုယ်ကို အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကစားသမားတစ်ဦးသည် အပြင်လောကတွင် အရပ် ၁၈၀ စင်တီမီတာ ရှိပါက အမြင့်ဆုံး ကန့်သတ်ချက်မှာ ၁၉၄.၄ စင်တီမီတာ ဖြစ်ပြီး အနိမ့်ဆုံးမှာ ၁၆၅.၆ စင်တီမီတာ ဖြစ်၏။ ကိုယ်အလေးချိန် ကီလိုခြောက်ဆယ် ရှိသူများသည် ၄.၈ ကီလိုဂရမ်ခန့် အတိုးအလျှော့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်အချိုးအစား ပြုပြင်ခြင်းသည် အလွန်ဝေဝါးသောသဘောတရား ဖြစ်၏။ ဥပမာအားဖြင့် လူတစ်ဦးသည် ဘီယာဗိုက်ကို ပြားသွားအောင် လုပ်နိုင်သော်လည်း ၎င်းကို စစ်တုရင်ကွက်ဗိုက်သား (six-pack) အဖြစ်သို့ ပြောင်းလဲ၍ မရပေ။ ထို့ကြောင့် မျက်နှာများကို ဖယ်ထားလျှင် ထိုလူကြီးသည် အပြင်လောကတွင်လည်း... သေချာပေါက် လူကောင်ကြီးကြီး ဖြစ်ပေလိမ့်မည်။ ထို့ပြင် သူသည် သူ၏ရုပ်ရည်သွင်ပြင်ကို လုံးဝ ပြုပြင်မထားခြင်းလည်း ဖြစ်နိုင်၏။
ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့နှင့် မျက်လုံးချင်း ဆုံမိသွားပြီးနောက် ထိုလူကြီးက အရင် စကားစလိုက်သည်။
"ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ..."
သူသည် သူ့ရင်ဘတ်ကို ပုတ်ပြလိုက်၏။
"ငါက လုံအောင်းမင်ပါ၊ အဆင့် ၁၀ ရောက်ခါစပဲ ရှိပါသေးတယ်"
"ကျွန်တော် ထင်သားပဲ... တွေ့ရတာ ဝမ်းသာပါတယ်"
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
"အစ်ကိုကြီး၊ အစ်ကို့နာမည် ရှေ့ကအပိုင်းကလည်း ဂိမ်းနာမည်ထဲက တစ်စိတ်တစ်ပိုင်းပဲလား"
ဝမ်တန်ကျိက စပ်စုသည့်လေသံဖြင့် မေးလာသည်။
"စနစ်က အဲဒီလောက် ရှည်တဲ့ဂိမ်းနာမည်ကို ပေးသုံးလို့လား"
"အိုး... အဲဒါလား ၊ ဒါက ငါ့ရဲ့ ဂုဏ်ပုဒ်လေ၊ မင်းတို့ ဒါကို အဆင့် ၁၀ ကျော်ရင် ရမှာပါ၊ စနစ်က ပေးထားတာပေါ့"
လုံအောင်းမင်က ဖြေလိုက်သည်။ သူ့ခေါင်းပေါ်ရှိ အမည်သည် 'ရဲဝံ့စွာတိုက်ခိုက်သူ - လုံအောင်းမင်' ဖြစ်သည်။
ဖုန်းပုကြွယ်သည် ထိုသတ်မှတ်ချက်အကြောင်းကို ဖတ်ဖူးပြီးသား ဖြစ်သောကြောင့် "ကျွန်တော် ထင်သားပဲ" ဟု ပြောခဲ့ခြင်း ဖြစ်၏။
"အစ်ကို့ကို ကြည့်ရတာ အရမ်းအထင်ကြီးစရာ ကောင်းတာပဲဗျာ..."
ဝမ်တန်ကျိသည် မျက်လုံးများ တောက်ပလျက် သက်ပြင်းချလိုက်သည်။
"ကြည့်ရရုံပဲလား"
ဖုန်းပုကြွယ်က တည်ငြိမ်သော လေသံဖြင့် ပြော၏။
"သူက တကယ်ကို အထင်ကြီးစရာ ကောင်းတာကွ"
"ဟားဟားဟား၊ မင်းတို့ မြှောက်ပင့်နေတာပါ၊ ငါက ဂိမ်းကို ခဏပဲ ကစားရသေးတာပါကွာ"
လုံအောင်းမင်က ရယ်မောလိုက်သည်။ ဖုန်းပုကြွယ် ပြောလိုက်သော စကားကို သူအကြိုက်တွေ့နေသည်မှာ ထင်ရှားနေသည်။
"အစ်ကိုလုံ၊ အစ်ကိုက အရမ်းနှိမ့်ချလွန်းတာပဲ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ အစ်ကိုက တကယ်ကို အစွမ်းထက်တဲ့သူ တစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်"
ဖုန်းပုကြွယ်က ထိုလူကို အစ်ကိုလုံဟု တိုက်ရိုက် ခေါ်လိုက်၏။ သူသည် ထိုလူအပေါ် အမှန်တကယ် လေးစားအားကျနေသကဲ့သို့ အသံထွက်နေလေသည်။ သူ့ကို မြင်လိုက်ရခြင်းသည် ဂိမ်းထဲတွင် ဧကရာဇ်တစ်ပါး ပေါ်လာသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားရသည်။
ထို့နောက် ဖုန်းပုကြွယ်က ခေါင်းလှည့်၍ ထိုစုံတွဲကို နှုတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
"အိုး... ဟိုင်းပါ"
ထိုနှစ်ယောက်သည် တခြားလူသုံးယောက်ကို ဂရုမစိုက်သကဲ့သို့ သာမန်ကာလျှံကာသာ ပြန်ဖြေလိုက်၏။ နောက်ထပ် မိနစ်အနည်းငယ်အတွင်း ဖုန်းပုကြွယ်သည် လုံအောင်းမင်နှင့် ဂိမ်းအတွေ့အကြုံများအကြောင်းကို ပြောဆိုနေကြပြီး ဝမ်တန်ကျိကလည်း ကြားကနေ ဝင်ဝင်ပြော၏။ ဤသည်မှာ ဘီတာစမ်းသပ်မှု၏ ပထမဆုံးနေ့ဖြစ်ပြီး လူတိုင်းသည် လူသစ်များသာ ဖြစ်နေသေးသဖြင့် မျှဝေစရာ အချက်အလက်များစွာ ရှိနေကြသည်။
လုံအောင်းမင်ကို လုံအောင်းမင်ဟု မခေါ်သင့်ဘဲ 'အလွန်စိတ်ရင်းမှန်သူ' ဟု ခေါ်သင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ပင်ရိုးသားသောကြောင့် ဖြစ်သည်။ သူသည် တခြားသူများအပေါ် စိတ်ရင်းမှန်ပြီး ပွင့်လင်းလှသည်။ သူ၏ အသံတွင်ပင် ရိုးသားမှုကို ကြားနိုင်ပြီး သူ၏အပြုအမူများတွင်လည်း မြင်နိုင်ကာ ပတ်ဝန်းကျင်သို့ပင် လွှမ်းမိုးနေလေသည်။ သူပေးခဲ့သော အကြံပြုချက်များသည် စိတ်ရင်းအမှန်များဖြစ်ပြီး ဝမ်တန်ကျိနှင့် ဖုန်းပုကြွယ်တို့က သူ့ထက် အဆင့်နိမ့်နေသော်လည်း သူက ဂုဏ်ဆာပြနေခြင်း မရှိပေ။
အခြားတစ်ဖက်တွင်မူ စုံတွဲက သူတို့ဘာသာသူတို့သာ နေနေကြသည်။ သူတို့သည် တိုးတိုး တိုးတိုးဖြင့် ချစ်ကြည်နူးနေကြပြီး သူတို့၏ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မြောနေကြလေသည်။ ဂိမ်းက အရမ်းရိုမန်တစ်ဆန်တာတွေကို ခွင့်မပြုဘူးမဟုတ်လား။ ဂိမ်းသည် နှောင့်ယှက်စော်ကားမှုကို ခွင့်မပြုခြင်း ဖြစ်သော်လည်း နှစ်ဦးနှစ်ဖက်သဘောတူပါက စနစ်က ခွင့်ပြုထား၏။ သေချာသည်မှာ သူတို့သည် လိင်ကိစ္စလိုမျိုးတော့ မလုပ်ကြဘဲ အများဆုံးခိုးနမ်းခြင်းလောက်သာ လုပ်ကြသည်။ ဤလူ့အဖွဲ့အစည်းတွင် ဂိမ်းသည် သူတို့အား ထိုထက်ပို၍ လုပ်ဆောင်ခွင့်ကို သေချာပေါက် ပိတ်ထားပေလိမ့်မည်။
မကြာမီ မြေအောက်ရထားသည် ဖြည်းညင်းစွာ အရှိန်လျော့သွားပြီး လုံးဝရပ်တန့်သွား၏။ မြေအောက်ရထားဘူတာရှိ မီးများမှာ လင်းနေဆဲ ဖြစ်သော်လည်း ရထား၏ရွေ့လျားသံမှအပ တခြား ဘာအသံမျှ မရှိပေ။ ဘူတာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးချက်ပင် မရှိပေ။ တံခါးများ ပွင့်လာသည်နှင့် ရထားအတွင်းရှိ မီးများ မှိတ်သွားတော့သည်။
မစ္စ 'ဝမ်းအနည်းဆုံး' သည် တုန်လှုပ်သွားပြီး အသံတိုးတိုးလေးဖြင့် အော်လိုက်၏။ မစ္စတာ 'အထီးကျန်ဆုံး' မှာ လန့်သွားသော်လည်း သူက မအော်ပေ။ သူ့ခန္ဓာကိုယ်က ခဏမျှ တောင့်တင်းသွားရုံသာ ဖြစ်သည်။
"အား"
ထိုအော်သံသည် ရှောင်တန်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ အော်ပြီးနောက် ဖုန်းပုကြွယ်က သက်ပြင်းချလိုက်၏။
"စနစ်သာ မရှိဘူးဆိုရင် ငါ ဒီဂွနဲ့ မင်းလည်ချောင်းထဲကို တကယ်ကြီးထိုးထည့်မိမှာပဲ"
သူက ခေါင်းခါရင်း ရထားပေါ်မှ ဆင်းလိုက်သည်။
ရထားအတွင်းရှိ မီးများ မှိတ်သွားသော်လည်း ပလက်ဖောင်းမှ မီးများကြောင့် သိပ်တော့ မမှောင်လှပေ။ ဝမ်တန်ကျိသည် သူ၏ မိန်းကလေးဆန်သော အော်သံကြောင့် အရှက်ကြီး ရှက်နေလေသည်။ လူငယ်စုံတွဲက သူ့အား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်ကြပြီး လုံအောင်းမင်မှာမူ ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရသည်။ ဝမ်တန်ကျိသည် နှုတ်ခမ်းများ တုန်ရီလျက် ဖုန်းပုကြွယ်နောက်မှလိုက်၍ ရထားတွဲအတွင်းမှ ထွက်လိုက်သည်။
ဆယ်စက္ကန့်ကြာပြီးနောက် သူတို့ငါးဦးလုံး ပလက်ဖောင်းပေါ်တွင် ရပ်နေကြသည်။ ဖုန်းပုကြွယ်က ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောသည်။
"ငါ ရထားမောင်းတဲ့ အခန်းကို သွားကြည့်လိုက်မယ်၊ ရထားမောင်းတဲ့သူကို တွေ့နိုင်မလားလို့"
"မင်းတစ်ယောက်တည်း မသွားသင့်ဘူး ထင်တယ်နော်၊ အားလုံး အတူတူ သွားကြမလား"
လုံအောင်းမင်က အကြံပြုသည်။
"အိုက်ယား... ရထားမောင်းတဲ့သူကို ဘာလို့ ရှာရမှာလဲ ၊ ဒါက အရမ်းအလုပ်ရှုပ်ပြီး အချိန်ဖြုန်းတာပဲ၊ ကျုပ်တို့ဆီမှာ အဆင့် ၁၀ ကစားသမားတစ်ယောက် ရှိနေတာပဲမဟုတ်လား၊ သူ လမ်းပြတဲ့အတိုင်း မြေပြင်ကိုပဲ တိုက်ရိုက်တက်သွားလိုက်ကြရအောင်၊ လမ်းမှာတွေ့တဲ့ အရာအားလုံးကို သတ်သွားရုံပဲလေ၊ ကျုပ်တို့သေချာပေါက် အဆုံးထိ ဖောက်ထွက်နိုင်မှာပါ"
မစ္စတာ 'အထီးကျန်ဆုံး' က ပြောလိုက်သည်။
အဖွဲ့တက်ဘ်မှတစ်ဆင့် 'အထီးကျန်ဆုံး' နှင့် 'ဝမ်းအနည်းဆုံး' တို့သည် အဆင့် ၇ နှင့် ၆ အသီးသီး ရှိကြောင်း ဖုန်းပုကြွယ် သတိထားမိ၏။ မည်သို့ပင်ဆိုစေ သူတို့၏ အဆင့်များသည် သူနှင့် ရှောင်တန်တို့ထက် မြင့်မားနေသဖြင့် အဖွဲ့လိုက်ဆုံးဖြတ်ချက်များတွင် သူတို့က ပိုမိုပြောပိုင်ခွင့် ရှိနေ၏။
"ကောင်းပါပြီလေ"
ဖုန်းပုကြွယ်က အလွယ်တကူပင် သဘောတူလိုက်ပြီးနောက် လုံအောင်းမင်ကို လှည့်မေးလိုက်သည်။
"အစ်ကိုလုံ ဘယ်လို ထင်လဲ"
"ပြဿနာ မရှိဘူး၊ ငါ့နောက်ကနေ နီးနီးကပ်ကပ် လိုက်ခဲ့ကြ ၊ တိုက်ပွဲဖြစ်လာရင်လည်း အတတ်နိုင်ဆုံး ကူညီကြပေါ့"
လုံအောင်းမင်က အလွယ်တကူ ကတိပေးလိုက်၏။ထို့နောက် သူက စက်လှေကားပေါ်သို့ လျှောက်သွားလိုက်သည်။
"ငါ့နောက်က လိုက်ခဲ့"
သူသည် သူ့ကျောပိုးအိတ်ထဲမှ ဒိုင်းတစ်ခုကို ထုတ်ယူကာ သူ၏ညာဘက် လက်မောင်းတွင် တပ်ဆင်လိုက်သည်။
"အစ်ကိုကြွယ်၊ ဘာဖြစ်လို့လဲ"
ဝမ်တန်ကျိက ဖုန်းပုကြွယ်ကို တိုးတိုးလေး မေးလိုက်သည်။ သူသည် ထိုလူနှင့် ရင်းနှီးပြီးသား ဖြစ်သည်။အစ်ကိုကြွယ်သည် တခြားသူတစ်ယောက်၏ ဆန့်ကျင်ဘက် အငြင်းစကားတစ်ခွန်းကြောင့် သူ၏ဆုံးဖြတ်ချက်ကို လွယ်လွယ်နှင့် ပြောင်းလဲမည့်သူ မဟုတ်ပေ။ ထို့အပြင် မစ္စတာ 'အထီးကျန်ဆုံး' ၏ အကြံပြုချက်သည် မိုက်မဲရုံသာမက အန္တရာယ်လည်း အလွန်များလှ၏။
"ဘာမှမဟုတ်ပါဘူးကွာ၊ ငါလည်း ရထားမောင်းတဲ့သူကိုတွေ့ဖို့ အခွင့်အလမ်း နည်းတယ်လို့ ထင်ပါတယ်၊ သေချာအောင် ထပ်စစ်ဆေးချင်ရုံတင်ပါ"
ဖုန်းပုကြွယ်က တိုးတိုးလေး ပြန်ဖြေ၏။
"ဒါပေမဲ့ ကန့်ကွက်သူ ရှိနေမှတော့... ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ ပဋိပက္ခ စတင်ဖို့ မလိုပါဘူး"
နောက်ဆုံးတွင် သူတို့သည် စက်လှေကားအဆုံးသို့ ရောက်ရှိသွားသော်လည်း မြေအောက်၌သာ ရှိနေဆဲ ဖြစ်သည်။ မြေပြင်ပေါ်သို့ ရောက်ရန်အတွက် နောက်ထပ် အထပ်တစ်ထပ် ထပ်တက်ရန် လိုအပ်ပေသည်။
စက်လှေကားမှ ထွက်လာပြီးနောက် လမ်းညွှန်ဆိုင်းဘုတ်တစ်ခုက သူတို့ကို ကြိုဆိုလိုက်သည်။ ၎င်းက ထွက်ပေါက်အမျိုးမျိုးနှင့် ထင်ရှားသောနေရာများကို ညွှန်ပြနေသော်လည်း ၎င်းမှာ သူတို့အတွက် အရေးမကြီးပေ။ သူတို့သည် အနီးဆုံးထွက်ပေါက်ကို ရှာဖွေရန်နှင့် လက်ရှိ မြို့ကြီး၏ အခြေအနေကို စစ်ဆေးရန်သာ လိုအပ်သည်။
ထိုအချိန်တွင် စနစ်၏ အသံက အဖွဲ့ဝင်များ၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။
"ပင်မတာဝန်(စူးစမ်းရှာဖွေမှု)ကို စတင်လိုက်ပါပြီ"
အခန်း (၁၈) ပထမဆုံး အဖွဲ့လိုက်ဇာတ်လမ်း(ခ)
စနစ်၏ အသိပေးချက်အသံ ထွက်ပေါ်လာပြီးနောက် ဖုန်းပုကြွယ်သည် ဂိမ်းမီနူးကို ပြန်လည် စစ်ဆေးလိုက်သည်။ တာဝန်ဘားက ပွင့်သွားပြီဖြစ်ကြောင်း သူသတိထားမိလိုက်သည်။ ဤသည်မှာ သူ ပထမဦးဆုံးအကြိမ် တရားဝင်ပင်မတာဝန်ကို လက်ခံရရှိခြင်းလည်း ဖြစ်၏။ ယခင်ကစားခဲ့သော လေ့ကျင့်ရေးမုဒ်နှင့် ရှင်သန်ရေးမုဒ် ဇာတ်လမ်းများသည် အခြေခံအားဖြင့် အလုံပိတ် အဆောက်အအုံများအတွင်းသာဖြစ်ပြီး ဇာတ်လမ်းစကေးမှာ အလွန်သေးငယ်လှသည်။ ဇာတ်ကွက်များ ခွဲထွက်ရန်နှင့် ဖြန့်ကျက်ရန် နေရာသိပ်မရှိခဲ့ပေ။ ထို့ကြောင့် စနစ်အနေဖြင့် ဘေးထွက်မစ်ရှင်များဖန်တီးရန် အချိန်မဖြုန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် အဖွဲ့လိုက် ရှင်သန်ရေးမုဒ်တွင်မူ လွတ်လပ်မှုအတိုင်းအတာမြင့်မားသော မြေပုံကျယ်ကြီးပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကစားသမားများကို အန္တိမပန်းတိုင်ဆီသို့ လမ်းညွှန်ပေးရန်အတွက် စနစ်က ပင်မတာဝန်တစ်ခုကို ဖန်တီးပေးရခြင်း ဖြစ်သည်၊ သို့မဟုတ်ပါက ကစားသမားများသည် ဘာလုပ်ရမှန်း သိကြမည်မဟုတ်ပေ။
တာဝန်ဘားကို ဖွင့်ကြည့်လိုက်သောအခါ ဂိမ်းမီနူးကို ဖုံးအုပ်လျက် မျက်နှာပြင်အသစ်တစ်ခု ပေါ်လာ၏။ ထိုမျက်နှာပြင်တွင် တာဝန်အကြောင်းကို အသေးစိတ် ရှင်းပြထားသည်။ ဤပင်မတာဝန်၏ ရှင်းလင်းချက်က ရိုးရှင်း၏။
"မြို့ထဲ၌ မိစ္ဆာတံခါးကို ရှာဖွေပါ"
"ဆိုတော့ ဒါက စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမျိုးပေါ့"
ဖုန်းပုကြွယ်သည် တာဝန်အသေးစိတ်ကို တစ်ချက်ကြည့်ပြီးနောက် မီနူးကို ပြန်ပိတ်လိုက်သည်။
"ဒါပေမဲ့ မြို့ကြီးက ဒီလောက်အကျယ်ကြီးပဲလေ၊ ကောက်ရိုးပုံထဲ အပ်ရှာရသလို ဖြစ်နေမှာပေါ့"
ဝမ်တန်ကျိက သက်ပြင်းချလိုက်သည်။
"တာဝန်က ပေးထားတဲ့ အရိပ်အမြွက်က 'တံခါး' မဟုတ်ဘဲ 'မိစ္ဆာ' ဆိုတဲ့ အသုံးအနှုန်း ဖြစ်ရမယ်"
ဖုန်းပုကြွယ်က အလိုအလျောက် လက်မှတ်ရောင်းစက်တစ်ခုဆီသို့ လျှောက်သွားရင်း ပြောလိုက်၏။ စက်ပေါ်တွင် ရိုက်နှိပ်ထားသော မြေအောက်ရထားလမ်း မြေပုံကိုလေ့လာရင်း သူက ဆက်ပြောသည်။
"ဒီမြို့ရဲ့ မြေအောက်ရထားလမ်းက စုစုပေါင်း ၁၂ လမ်း ရှိတယ်၊ သူတို့ကို အရောင်အမျိုးမျိုးနဲ့ မှတ်သားထားပေမဲ့..."
သူ့လက်ချောင်းသည် မြေပုံပေါ်တွင် ရှုပ်ထွေးယှက်တင်လျက်ရှိသော လမ်းကြောင်းများပေါ် လိုက်ကြည့်နေပြီး နောက်ဆုံးတွင် နေရာတစ်ခု၌ ရပ်တန့်သွား၏။
"လမ်းကြောင်းပေါင်းစုံ ဖြတ်နေတဲ့ ဒီမြေပုံပေါ်မှာ ဒီနေရာလေးက..."
သူသည် လက်နှစ်ဖက်ကို ဖြန့်ပြီး ထိုနေရာ၏ပတ်ဝန်းကျင်မှ တခြားအစိတ်အပိုင်းများကို ဖုံးကွယ်လိုက်သည်။
"ဒီနေရာမှာ မျဉ်းဖြောင့်ငါးကြောင်းက တစ်ခုနဲ့တစ်ခု ဖြတ်သွားပြီး ဂျီဩမေတြီ ပုံသဏ္ဌာန်တစ်ခု ဖြစ်နေတယ်၊ ကြယ်ငါးထောင့် ပေါ့"
"အစ်ကို... အဲဒါက နည်းနည်းတော့ လွန်မနေဘူးလား"
မစ္စတာ 'အထီးကျန်ဆုံး' က ပြော၏။
"ခင်ဗျား သေသေချာချာ ကြည့်မယ်ဆိုရင် အဲဒီလို ရှုပ်ထွေးနေတဲ့ လမ်းကြောင်းတွေကြားမှာ တခြား ပုံသဏ္ဌာန်တွေ အများကြီး ရှာတွေ့နိုင်တာပဲလေ"
"ငါ့လက်ချောင်း ရပ်သွားတဲ့ အချိန်ကတည်းက ငါ့ရဲ့ ရှာဖွေမှုက ပြီးဆုံးသွားပြီလို့ အဓိပ္ပာယ်ရတယ်"
ဖုန်းပုကြွယ်က ပြန်ဖြေပြီးနောက် လှည့်၍ ရှင်းပြ၏။
"ငါတို့ ဒီအထပ်ကို မရောက်ခင်တုန်းက မြေအောက်ရထားထဲမှာဖြစ်ဖြစ် ပလက်ဖောင်းပေါ်မှာဖြစ်ဖြစ် ငါတို့ မြင်ရတာက ဒီဘူတာရဲ့ အမည်နဲ့ အဆောက်အအုံ ပုံစံပဲ ရှိတာ၊ ဒီလို မြို့တစ်မြို့လုံးစာ မြေအောက်ရထားလမ်း မြေပုံအပြည့်အစုံကိုတော့ အောက်ထပ်တွေမှာ ရှာမတွေ့နိုင်ဘူး"
"စနစ်အသံထွက်မလာခင်တုန်းက ငါတို့ ဘယ်သားရဲနဲ့မှ မတိုးခဲ့ဘူး၊ အချိန်လည်း အများကြီး မဖြုန်းခဲ့ဘူး၊ တကယ်တော့ ငါတို့ ဘာမှထူးထူးခြားခြား မလုပ်ရသေးဘူး၊ ဒါပေမဲ့ ငါတို့ မစ်ရှင်ကို စတင်နိုင်ခဲ့တာက အကြောင်းရင်း တစ်ခုခု ရှိရမယ် ၊ တကယ်လို့ ဒီမစ်ရှင်ကို စတင်ဖို့အတွက် အခြေအနေတစ်ရပ် မလိုအပ်ဘူးဆိုရင် ငါတို့ရထားပေါ်မှာ ရှိနေကတည်းက မစ်ရှင်ကို ရခဲ့မှာပေါ့၊ စနစ်က ဘာလို့ ငါတို့ ဒီအထပ်ကို ရောက်တဲ့အထိစောင့်ပြီးမှ မစ်ရှင်ကို ပေးတာလဲ။
"ဒါကြောင့်... တစ်ခုတည်းသော ဖြစ်နိုင်ခြေက ဒီအထပ်မှာ အောက်ထပ်တွေမှာမရှိတဲ့ တစ်ခုခု ရှိနေလို့ပဲ၊ အဲဒီအရာကပေးတဲ့ အချက်အလက်က ငါတို့ကို တာဝန်မှာဖော်ပြထားတဲ့ မိစ္ဆာတံခါးဆီ ရောက်အောင် လမ်းညွှန်ပေးနိုင်လိမ့်မယ်"
သူ ခဏရပ်လိုက်ပြီး နောက်လှည့်၍ လက်မှတ်ရောင်းစက်ပေါ်ရှိ မြေအောက်ရထားလမ်း မြေပုံကို ဘယ်ဘက်လက်ဝါးဖြင့် ပုတ်လိုက်သည်။
"မြေအောက်ရထားလမ်းက ၁၂ လမ်း ရှိတယ်၊ မြေပြင်ပေါ်မှာတော့ လမ်းတွေ ထောင်ချီပြီး ရှိလိမ့်မယ်၊ တကယ်လို့ ဒီမြေအောက်ရထားလမ်းမြေပုံက အဓိပ္ပာယ်မရှိဘူးဆိုရင် မြို့လမ်းမမြေပုံဆိုတာက ပိုတောင် အဓိပ္ပာယ်မရှိဦးမယ်၊ ငါတို့အနေနဲ့ 'မိစ္ဆာတံခါး' ဆီကို သေချာညွှန်ပြပေးမယ့် ခရီးသွားမြေပုံမျိုး ရှာမတွေ့နိုင်သရွေ့ပေါ့"
သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။
"နိဂုံးချုပ်ရရင်တော့ တကယ်လို့ ဘယ်သူမှ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို ဆန့်ကျင်မယ့် အငြင်းစကား မရှိဘူး ဒါမှမဟုတ် ယုတ္တိနဲ့ အထောက်အထားပေါ်အခြေခံတဲ့ တခြားအကြံပြုချက် မရှိဘူးဆိုရင်... ကျေးဇူးပြုပြီး ငါမြေပုံပေါ်မှာ မှတ်သားထားတဲ့ နေရာဆီကို လိုက်ခဲ့ကြပါ၊ ငါမှားသွားတယ်ဆိုရင်တော့ ငါတို့ အကြံဉာဏ်သစ်တွေ ထပ်ထုတ်ပြီး ပြန်ဆွေးနွေးကြတာပေါ့၊ ဒါပေမဲ့ ငါမှန်ခဲ့ရင်တော့ ငါက ကျွမ်းကျင်မှုအမှတ်တွေ ရမယ်၊ ငါတို့အားလုံးလည်း တာဝန်ကို ပြီးမြောက်နိုင်မယ်၊ ဒါက အားလုံးအတွက် အကျိုးရှိမယ့် အခြေအနေပဲ"
ဖုန်းပုကြွယ်သည် သူ၏အဆိုပြုချက်ကို တစ်ဆက်တည်း ပြောချလိုက်သည်။ ဝမ်တန်ကျိမှအပ ကျန်လူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူသည် ငယ်စဉ်ကတည်းက သူငယ်ချင်းဖြစ်သူ၏ အလုပ်လုပ်ပုံကို ကျင့်သားရနေပြီးသား ဖြစ်သည်။
ဖုန်းပုကြွယ်၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းသည် သူ၏ စာဖတ်ဝါသနာမှ ရရှိလာသော ဘေးထွက်ရလဒ်တစ်ခု ဖြစ်သည်။ သူသည် အလွန်ထက်မြက်သူ ဖြစ်၏။ သူ အသက် ၁၆ နှစ်အရွယ်က ကျောင်းတွင် စစ်ဆေးသော IQ စစ်ဆေးမှုတွင် ၁၃၈မှတ် ရရှိခဲ့သည်။ သူ၏ ဦးနှောက်ဘယ်ဘက်နှင့် ညာဘက်ခြမ်း နှစ်ခုစလုံးက ၆၉ မှတ်စီရရှိခဲ့ရာ သူသည် မျှတသော အတွေးအခေါ်ရှင် တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ IQ ၁၄၀ ကျော်သော 'စူပါ ဉာဏ်ကြီးရှင်' များနှင့် ယှဉ်လျှင် သူ့ကို သာမန်လူတန်းစားဟု သတ်မှတ်နိုင်သော်လည်း သူ၏ အကဲခတ်နိုင်စွမ်း၊ မှတ်ဉာဏ်၊ ယုတ္တိဗေဒနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမှာမူ အခြားလူများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
စုံထောက် ကိုနန် (Conan) နှင့် မစ္စတာ ရှားလော့ဟုမ်း (Sherlock Holmes) တို့ ပြောခဲ့သကဲ့သို့ပင် စုံထောက်ကောင်းတစ်ဦးသည် နက်နဲသော ဗဟုသုတနှင့် အတွေ့အကြုံများ ရှိရန်လိုအပ်ရုံသာမက မှန်ကန်သော ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်လည်း ရှိရန် လိုအပ်သည်။ စာအုပ်များထဲတွင် ရှားလော့ဟုမ်းသည် သူ၏ 'ယုတ္တိအခြေပြု ခွဲခြမ်းစိတ်ဖြာခြင်း' စွမ်းရည်ကို အမြဲ မြှင့်တင်လေ့ရှိပြီး ဖုန်းပုကြွယ်မှာ သူ၏အမာခံပရိသတ် ဖြစ်သည်။ သူ၏ စာဖတ်ဝါသနာသည် အမှန်တကယ်တွင် ဟုမ်း၏ တခြားသီအိုရီတစ်ခုကြောင့် လွှမ်းမိုးခံထားရခြင်း ဖြစ်သည်။ ၎င်းမှာ ဗဟုသုတကို ကုန်ပစ္စည်းအဖြစ်သတ်မှတ်ပြီး မိမိ၏ဦးနှောက်ကို စာကြည့်တိုက်အဖြစ် သတ်မှတ်ရန် ဖြစ်သည်။ အရေးမကြီးသော အရာများကို ဖယ်ရှားပစ်ရမည်။ အသင့်အတင့် အရေးကြီးသော အရာများကို အိမ်မိုးထပ်ရှိ ပစ္စည်းသိုလှောင်ခန်းတွင် ထားရှိရမည်ဖြစ်ပြီး အရေးကြီးသော အရာများကိုမူ အနီးအနားတွင် ထားရှိရမည် ဖြစ်သည်။
ဤသည်မှာ စံပြမှတ်ဉာဏ် အလေ့အထနှင့် အတွေးအခေါ်ပုံစံတစ်ခု ဖြစ်ပုံရသော်လည်း လေ့ကျင့်မှုအချို့မှတစ်ဆင့် လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ ဖုန်းပုကြွယ်မှာ ၎င်းအတွက် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ လောကတွင် စာအုပ်ထဲ၌ ရိုးရှင်းသည်ဟုထင်ရသော အရာများစွာ ရှိ၏။ ဥပမာ - နေ့စဉ် အိမ်၌ ဗိုက်ကြွက်သားလေ့ကျင့်ခန်း လုပ်ရုံဖြင့် ကြွက်သားများ ထွက်လာခြင်း၊ နေ့စဉ်ဝေါဟာရများ ကျက်မှတ်ရုံဖြင့် ဘာသာစကားအသစ် တစ်ခုကို တတ်မြောက်လာခြင်း၊ နေ့စဉ် စာလုံးရေအမြောက်အမြား ရေးသားရုံဖြင့် အရောင်းရဆုံး ဝဘ်ဝတ္ထုရေးဆရာ တစ်ဦး ဖြစ်လာခြင်း... စသည်တို့ ဖြစ်သည်။ အကယ်၍ လူသားများ မိမိကိုယ်မိမိ ဖျောင်းဖျနားချရန် အသုံးပြုသော အတွေးအခေါ်များကို အဆင့်သတ်မှတ်မည်ဆိုလျှင် ဤအချက်များသည် ထိပ်ဆုံး၌ ရှိနေပေလိမ့်မည်။
လူတစ်ဦးသည် မိမိကိုယ်ကို ထိန်းကျောင်းမှုအပေါ် အခြေခံရသော ဤကဲ့သို့သော လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ရသည့်အခါ လမ်းတစ်ဝက်၌ ရပ်တန့်သွားရန် အခွင့်အလမ်း အလွန်မြင့်မား၏။ သို့သော်လည်း အဆုံးထိ အောင်မြင်အောင်လုပ်ဆောင်နိုင်သည့် ထူးခြားသော လူအနည်းငယ်တော့ ရှိစမြဲဖြစ်ပြီး ဖုန်းပုကြွယ်သည် ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။ နောက်ဆုံးတွင် သူသည် စာဖတ်ခြင်းနှင့် စုံထောက်အလုပ်ကို သူ၏အလေ့အထနှင့် ဝါသနာအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
"အဲ... ညီလေးဖုန်း ပြောတာလည်း ဟုတ်တာပဲကွ ၊ မြို့ထဲမှာ အစီအစဉ်မရှိဘဲ လျှောက်သွားနေတာထက်စာရင် သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အတိုင်း လိုက်တာက ပိုကောင်းလိမ့်မယ်"
လုံအောင်းမင်၏ စကားဒုတိယပိုင်းသည် မစ္စတာ 'အထီးကျန်ဆုံး' ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
"အာ... အိုး၊ အို... အိုကေလေ"
မစ္စတာ 'အထီးကျန်ဆုံး' က နောက်ဆုံးတွင် သတိပြန်ဝင်လာ၏။ လက်တွေ့တွင် သူသည် ဖုန်းပုကြွယ် ဘာအကြောင်းပြောနေသည်ကို သေသေချာချာ နားမလည်သော်လည်း သူ့စိတ်ထဲ စွဲထင်သွားသည့် အချက်တစ်ခုတော့ ရှိသည်။
"ငါ သိပ်နားမလည်ပေမဲ့လည်း ဒီလူ ကြည့်ရတာရော ပြောပုံဆိုပုံရောက ယုံကြည်ရမယ့်ပုံပဲ"
ငါးဦးသား ချက်ချင်း ထွက်ခွာခဲ့ကြသည်။ လုံအောင်းမင်က ရှေ့ဆုံးတွင်မှ ရပ်နေပြီး ဖုန်းပုကြွယ်က သူ့နောက်မှလိုက်ကာ မြေပြင်ပေါ်သို့ ပြန်တက်ရန် မည်သည့်ထွက်ပေါက်ကို အသုံးပြုရမည်ကို ပြောပြပြီးနောက် ဦးတည်ရာလမ်းကြောင်းကို ညွှန်ပြပေး၏။
ကျယ်ဝန်းသော ကော်ရစ်ဒါတစ်ခုကို ဖြတ်ကျော်လာပြီးနောက် ဖုန်းပုကြွယ်သည် ဂိမ်းထဲမှ အီစတာဥ(လျှို့ဝှက်ချက်) တစ်လုံးကဲ့သို့ အရာတစ်ခုကို သတိထားမိလိုက်သည်။ လမ်းဘေးတွင် ကပ်ထားသော ကြော်ငြာစာရွက်များထဲတွင် 'သည်းထိတ်ရင်ဖို သုခဘုံ' ဂိမ်းကို ကြော်ငြာထားသော စာရွက်တစ်ရွက် ပါဝင်နေခြင်း ဖြစ်သည်။
လမ်းအဆုံးသို့ ရောက်သောအခါ အဖွဲ့သည် ညာဘက်သို့ လှည့်လိုက်ကြသည်။ ထို့နောက် အပေါ်သို့ တက်သွားသော လမ်းစောင်းလေး၏ အဆုံးတွင် ထွက်ပေါက်တစ်ခုကို တွေ့လိုက်ရ၏။ လမ်းစောင်း၏ အလယ်တွင် စက်လှေကားတစ်ခု ရှိသော်လည်း ၎င်းမှာ ရပ်တန့်နေပြီ ဖြစ်သည်။ ၎င်း၏ ဘေးနှစ်ဖက်တွင် လမ်းလျှောက်သူများအတွက် လှေကားထစ်များ ရှိနေသည်။ သူတို့သည် လှေကားထစ်များအတိုင်း တက်သွားပြီး မြေပြင်ပေါ်သို့ ဦးတည်လိုက်ကြသည်။ လရောင်သည် မှိန်ဖျော့နေပြီး မြို့ထဲတွင် မီးရောင် အနည်းငယ်သာ ရှိတော့သည်။ လမ်းမပေါ်၌ ကားအများအပြား စွန့်ပစ်ခံထားရသော်လည်း တစ်စီးမျှ မောင်းနှင်၍ မရပေ။ နီယွန်ဆိုင်းဘုတ်များမှ မီးများနှင့် အဆောက်အအုံများမှ မီးများမှာ မှိတ်နေပြီဖြစ်ပြီး လမ်းဘေးဓာတ်တိုင်များမှ မီးများသာ လင်းနေဆဲ ဖြစ်၏။
ရွေ့လျားနေသော ယာဉ်များ မရှိသော်လည်း လေထုထဲတွင် အနံ့အသက်ဆိုးများ ပြည့်နှက်နေ၏။ သူတို့၏ အမြင်အာရုံကို ဝေဝါးစေပြီး အဝေးရှိအရာဝတ္ထုများကို မြင်နိုင်ရန် ခက်ခဲစေသော မြူနှင်းများလည်း ရှိနေလေသည်။
မြေအောက်ရထား ဘူတာထဲ၌ ရှိနေစဉ်က အနည်းဆုံးတော့ သူတို့၏ ပတ်ပတ်လည်တွင် အမိုးနှင့် နံရံများ ရှိနေသေးသည်။ ထို့ပြင် သူတို့ မြေအောက်ထဲ ရှိနေခြင်းက လုံခြုံမှုရှိသည်ဟူသော ခံစားချက်ကို ပေးစွမ်းသည်။ သို့သော်လည်း မြေပြင်ဟင်းလင်းကြီးပေါ်သို့ သူတို့ပြန်ရောက်လာသည်နှင့် သူတို့ပတ်ဝန်းကျင်ရှိ ထူးဆန်းသော လေထု... ထိုခြောက်ခြားဖွယ် တိတ်ဆိတ်နေသည့် မြို့တော်ကြီးက သူတို့အား အသက်ရှူကျပ်မတတ် ဖိအားပေးနေတော့သည်။
လူငါးယောက်အနက် လေးယောက်၏ ကြောက်ရွံ့မှုအမှတ်များက စတင်၍ အတက်အကျ ဖြစ်လာကြသည်။ ၎င်းတို့မှာ ငါးရာခိုင်နှုန်းမှ ဆယ့်ငါးရာခိုင်နှုန်းအတွင်း ရွေ့လျားနေပြီး သူတို့၏ခန္ဓာကိုယ်တွင် ကြောက်ရွံ့ခြင်း၏ အမျိုးမျိုးသော လက္ခဏာများ ပေါ်ပေါက်လာတော့သည်။
"ငါတို့ ဒီလမ်းအတိုင်း ဆက်လျှောက်သွားပြီး လမ်းလေးလမ်းဆုံတဲ့နေရာ ရောက်ရင် ဘယ်ဘက်ကို ချိုးရမယ်၊ ခဏလောက် ထပ်လျှောက်သွားရင် ငါတို့ သွားရမယ့်နေရာကို ရောက်ပြီ"
ဖုန်းပုကြွယ်၏ အသံသည် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို လုံးဝမခံရသကဲ့သို့ ပုံမှန်အတိုင်း ထွက်ပေါ်လာ၏။ သူသည် မြင်တွေ့နေရသော လမ်းညွှန်ဆိုင်းဘုတ်များကို အမြန်လေ့လာ၍ စိတ်ထဲတွင် သွားရမည့်လမ်းကြောင်းကို ပုံဖော်လိုက်သည်။
လုံအောင်းမင်သည် သူ၏ ဒိုင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်လျက် ခေါင်းညိတ်ပြလိုက်၏။ သူက အဖွဲ့ကို ရှေ့မှ ဦးဆောင်၍ လျှောက်သွားလိုက်သည်။ ဘယ်သူမှ စကားမပြောကြပေ။သူတို့သည် လမ်းဘေး ဓာတ်တိုင်မီးများလင်းနေသည့် လမ်းဘေးပလက်ဖောင်းနားသို့ ကပ်လျက် သတိကြီးစွာဖြင့် လျှောက်လှမ်းနေကြသည်။
မှောင်ရိပ်ထဲမှ သားရဲတစ်ကောင်၏ အသက်ရှူသံကဲ့သို့သော အသံများ၊ တိုးတိုးတိတ်တိတ် ရေရွတ်သံများနှင့် ဖမ်းဆုပ်ရန်ခက်ခဲသော ရယ်မောသံများ ထွက်ပေါ်နေလေသည်။ အသံများကို သူတို့ ကြားနေရသော်လည်း မည်သည့်နေရာမှ လာသည်ကိုမူ မပြောနိုင်ကြပေ။
လုံအောင်းမင်သည် ဆယ်မီတာခန့် လျှောက်ပြီးတိုင်း တစ်ချက်တစ်ချက် ပြန်လှည့်ကြည့်သည်။ သူ ပိုပြီး လေ့လာလေလေ ပိုပြီးထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။
"ဒါနဲ့စကားမစပ်... ညီလေးဖုန်း... မင်းက အပြင်လောကမှာ အန္တရာယ်များတဲ့ အလုပ်တစ်ခုခု လုပ်နေတာဖြစ်မယ် ဟုတ်တယ်မလား"
လုံအောင်းက မေး၏။ သူသည် အဆင့် ၁၀ ထိ ရောက်အောင် ကစားခဲ့စဉ်အတွင်း ဖုန်းပုကြွယ်ကဲ့သို့သော ကစားသမားမျိုးနှင့် တစ်ခါမှ မဆုံခဲ့ဖူးပေ။ ကြောက်ရွံ့ခြင်းဆိုသည်မှာ ဖုံးကွယ်ရန် ခက်ခဲသော အရာဖြစ်သော်လည်း ဖုန်းပုကြွယ်မှာမူ ကြောက်ရွံ့သည့် အရိပ်အယောင် တစ်စိုးတစ်စိမှ မရှိပေ။ သူမျက်လုံးထဲတွင်ပင် မတွေ့ရပေ။ ထို့ကြောင့် သူသည် မကြောက်သယောင် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် မကြောက်ခြင်းသာ ဖြစ်ပေသည်။ စောစောက သူ၏ ထက်မြက်သော ခွဲခြမ်းစိတ်ဖြာမှုကို အခြေခံ၍ လုံအောင်းမင်သည် ဖုန်းပုကြွယ်မှာ အပြင်လောကတွင် အထူးစစ်ဆင်ရေး အရာရှိတစ်ဦးဖြစ်နေမလားဟုပင် သံသယဝင်မိသည်။
"ကျွန်တော်က အနုပညာရှင် တစ်ယောက်ပါဗျာ"
ဖုန်းပုကြွယ်က အမှန်အတိုင်း ပြောနေသကဲ့သို့ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။ ဝမ်တန်ကျိမှာမူ သူ၏လိမ်ညာမှုများကို ဖော်ထုတ်ရန် ပျင်းရိနေပြီ ဖြစ်သည်။ သူ သိသလောက်ဆိုလျှင် ဖုန်းပုကြွယ်သည် သူ့အလုပ်အကြောင်း မေးလျှင် အဖြေနှစ်ခုသာ ပေးလေ့ရှိ၏။ အနုပညာရှင် သို့မဟုတ် စာရေးဆရာကြီး ဟူ၍ ဖြစ်သည်။ နှစ်ခုစလုံးသည် အမှန်တရားနှင့် ဝေးကွာလှ၏။
လုံအောင်းမင်သည် ထိုအဖြေကို မမျှော်လင့်ထားသဖြင့် မည်သို့ ပြန်ပြောရမှန်း မသိဖြစ်သွားသော်လည်း မစ္စတာ 'အထီးကျန်ဆုံး' က ကြားဖြတ်ပြောလိုက်သည်။
"ဘယ်လိုလူမျိုးက ကိုယ့်ကိုယ်ကို အနုပညာရှင်လို့ ခေါ်တာလဲ"
"ဒါဆိုရင် စကားလုံးကို ပြန်ပြင်ပြောပါရစေ"
ဖုန်းပုကြွယ်က ပြော၏။
"ကျွန်တော်က အနုပညာနယ်ပယ်မှာ အလုပ်လုပ်နေပြီး အလှအပကိုခံစားနိုင်တဲ့ အမြင်အာရုံထူးကဲသူ တစ်ယောက်ဖြစ်သလို အံ့သြဖွယ်ကောင်းတဲ့ အနုပညာလက်ရာတွေကို ဖန်တီးနိုင်စွမ်းရှိတဲ့သူ တစ်ယောက်ပါ"
"အဲဒါက 'အနုပညာရှင်' ဆိုတဲ့ စကားလုံးကိုပဲ ရှင်းပြနေတာ မဟုတ်လား"
"အင်းလေ... ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်လို့ ခေါ်တာထက်စာရင် အဲဒါက ပိုပြီး နှိမ့်ချရာ မရောက်ဘူးလား"
"ဘာလား… ခင်ဗျားပြောတဲ့ပုံက ပိုပြီးဘဝင်မြင့်တဲ့ပုံ ပေါက်နေတာပါ ဟုတ်ပြီလား"
မစ္စ 'ဝမ်းအနည်းဆုံး' က တခိခိ ရယ်လိုက်သည်၏။ မစ္စတာ 'အထီးကျန်ဆုံး' က နှုတ်ခမ်းစူလျက် သူမကို ညည်းတွားပြလိုက်သည်။
"သူက ဒီလိုကြီး လုပ်မနေရင် ငါကရော ဒီစကားတွေ ပြောပါ့မလား"
ထိုအချိန်တွင် ဖုန်းပုကြွယ်သည် ရုတ်တရက် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး သူ့ကျောပိုးအိတ်ထဲမှ 'မာရီယို၏ ဂွ' ကို ထုတ်ယူလိုက်သည်။
"အင်း... ငါတို့ လေထုလေးကို ခဏလောက် ပြေလျှော့စေလိုက်တာနဲ့ အလုပ်ရှုပ်မယ့် အရာတွေ ရောက်လာပြီပဲ"
လုံအောင်းမင်သည် ဖုန်းပုကြွယ်နှင့် တစ်ချိန်တည်းမှာပင် မှောင်ရိပ်ထဲ လှုပ်ရှားနေသော အရိပ်နှစ်ခုကို မြင်လိုက်ရသည်။ သူသည် ထိုအရာများ၏ ပုံသဏ္ဌာန်ကိုသာ မြင်လိုက်ရပြီး ၎င်းတို့က မည်သည့်အရာများဖြစ်ကြောင်းကို မသိသော်လည်း ထိုအရာများသည် ရန်လိုသောမကောင်းဆိုးဝါးများဖြစ်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေသည်။
"အရွယ်အစားနဲ့ ပုံသဏ္ဌာန်အရဆိုရင် သူတို့က ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ကလေးတွေနဲ့ တူတယ်၊ သူတို့ရဲ့ လက်မောင်းတွေက တံစဉ်အသေးစားလေးတွေ ဖြစ်ပြီး အရမ်းမြန်တယ် ၊ အရေအတွက်ကတော့... တစ်ကောင်ထက်ပိုလိမ့်မယ်"
ဖုန်းပုကြွယ်သည် ထိုအရာများကို အေးအေးဆေးဆေး ဖော်ပြလိုက်ပြီး သူ၏ဂွကို ကိုင်ဆောင်လျက် အမှောင်ထုဆီသို့ ဦးတည်လိုက်သည်။ ထိုအချိန်တွင် သူသည် ထိုစကားများကို ပြောလိုက်ချိန်၌ သူ၏ ထောက်လှမ်းရေးကျွမ်းကျင်မှုက အသက်ဝင်သွားကြောင်း မသိရှိခဲ့ပေ။