နေမင်းဖြိုခွင်းမြား
Vol. 6 Ch. 556
တောင်ပေါ်မှ မက်မွန်ပင်များမှာ ဆန်းလျန်က တန်ခိုးဖြင့် ဖန်ဆင်းထားခြင်း ဖြစ်လေသည်။
မက်မွန်ပင်များသည် တောင်ကို ကာကွယ်ပေးထားသည့် အရံအတား ဖြစ်လေသည်။ ထို့ကြောင့် ဝူကျုန်းမျိုးနွယ်စုဝင် များသည် တောင်ပေါ်သို့ သွားရောက်ကြသည့်တိုင် ကုကျူကဲ့သို့ ဆန်းလျန် နေထိုင်သည့် ချင်းရွှမ်ဂူနားအထိ ရောက်အောင် မသွားနိုင်ကြတော့ပေ။
အခွင့်အရေး တစ်ခုဆိုသည်က လက်လွှတ်ခဲ့ရပြီ ဆိုလျှင် ပြန်ရရင် ခက်ခဲလေသည်။
ဆန်းလျန် ပြုလုပ်ထားသည့် အရံအတားသည် သူ့ကိုသတ်ရန် ရောက်လာမည့်သူကို တားဆီးရန် အတွက် ပြုလုပ်ထားခြင်း မဟုတ်ပါ။ တောင်ပေါ်သို့ တက်လာသူများကို ခြေရာခံရန်သာ ပြုလုပ်ထားခြင်း ဖြစ်လေသည်။
ဆန်းလျန် နေထိုင်သည့်တောင်သည် သိပ်မမြင့်ပါ။
သို့သော် ဆန်းလျန်နေထိုင်သည့် အတွက် ထိုတောင်က အလွန် နာမည်ကျော်ကြား ခဲ့လေသည်။ စမ်းချောင်းများက လည်း နက်ရှိုင်းခြင်းမရှိသည့်တိုင် ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝလေသည်။ ထို့ကြောင့် တောင်ပေါ်သို့ လူများလာရောက် လည်ပတ်ကြသည့်အခါ ညစ်နွမ်းပြီး ဆူညံလှသည့် အတွက် ဆန်းလျန်က အရံအတား ပြုလုပ်ထားခြင်း ဖြစ်လေသည်။
ဝူကျုန်းမျိုးနွယ်စုဝင်များက သိပ်ပြီး စဉ်းစားတတ်သူများ မဟုတ်ပါ။ တောင်တစ်ခုလုံး မက်မွန်ပင်များနှင့် ပြည့်နေသည်ကို တွေ့မြင်ရသည့်အခါ ထိုတောင်ကို ခပ်လွယ်လွယ်ပင် မက်မွန်တောင်ဟု အမည်ပေး လိုက်ကြလေသည်။
မက်မွန်ပင်များ နောက်ထပ်နှစ်ပေါင်း တစ်ထောင်ထိ ရှင်သန်နေဦးမည် ဆိုလျှင် တောင်၏ အမည်လည်း ပြောင်းလဲလိမ့် မည်မဟုတ်ပေ။
နောင်နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာသည့်အခါ လူများသည် မက်မွန်ပန်းများနှင့် ဆန်းလျန်၏ အကြောင်းကို ဒဏ္ဍာရီသဖွယ် ပြန်ပြောင်း ပြောဆိုကြပေလိမ်မ့ည်။ ဆန်းလျန်၏ အကြောင်းသည် လှပသည့် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာ ပေလိမ့်မည်။ ထိုတောင်သည် ဆန်းလျန်၏ ကျင့်စဉ်ကျင့်ကြံရာ နေရာတစ်ခုဖြစ်ပြီး ထိုနေရာတွင် ဆန်းလျန်သည် ရှန်ဝါဒကို တည်ထောင် သွားခဲ့လေသည်။
ဝူကျုန်းမျိုးနွယ်စုသည် အချိန်အနည်းငယ် ကြာသွားသည်နှင့် မက်မွန်တောင်၏ ထူးဆန်းမှုကို သိပ်ပြီး စိတ်မဝင်စားကြ တော့ပေ။
ထိုအချိန်မှာပင်….
မျှော်လင့်မထားသည့် လူတစ်ယောက်သည် အရှေ့ဘက်ဆီမှ မက်မွန်တောင် ရှိရာအရပ်သို့ ရောက်ရှိ လာလေသည်။
ထိုသူမှာ “ဖုန်း” ပင် ဖြစ်လေသည်။
သူက ဝူဖိန်ထံတွင် ဗေဒင်သွားမေးပြီးသည့်နောက် ဖုန်းဟိုမျိုးနွယ်စု ရှိရာသို့ပြန်ကာ ဆယ့်နှစ်ရာသီပင် များကို စိုက်ပျိုး ခဲ့သေးသည်။ ထို့နောက် တံခါးပိတ် ကျင့်စဉ်များကိုလည်း ကျင့်ကြံ ခဲ့သေးသည်။ ထို့ကြောင့် သူ၏စိတ်တွင်သမာဓိ တရားကိန်းအောင်း နေလေသည်။ သူသည် လောကပထမ လေးသည်တော် တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ့စိတ်တွင် သမာဓိတည်ရန်မှာ အလွန် အရေးကြီးလေသည်။
သူပစ်မှတ် ထားခဲ့သမျှသော လူများထဲတွင် ဆန်းလျန်သည် အကျော်ကြားဆုံး လူတစ်ယောက် ဖြစ်သည်။
သူက သေသေချာချာစဉ်းစားပြီးမှ ဆန်းလျန်ရှိရာသို့လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တာ့ရှားဧကရာဇ်နှင့် ယွမ်ယန်တို့၏ စစ်ပွဲသည် စတင်တော့မည် ဖြစ်လေသည်။
ယွမ်ယန်က တာ့ရှားဧကရာဇ်ကို အနိုင်ရခဲ့လျှင်ကိစ္စမရှိပါ။
သို့သော် ယွမ်ယန်က တာ့ရှားဧကရာဇ်ကို ရှုံးနိမ့်ခဲ့သည့် အချိန်တွင် ဖုန်းက တာ့ရှားပြည်၏ တိုင်းပြည်အကြံပေး အမတ်မင်းကို လုပ်ကြံသတ်ဖြတ်လိုက်နိုင်လျှင် ဖုန်း၏ဂုဏ်သတင်းသည် မည်သူမှ ယှဉ်၍မရနိုင်အောင် ကျော်ကြား သွားမည်ဖြစ်လေသည်။ သူ့ကို အရှေ့တိုင်း စစ်သည်တော်များနှင့် တုန်းယီဒေသ တစ်ခုလုံးက အားကိုးအားထားပြု လာကြပေလိမ့်မည်။
ထိုကံကြမ္မာသည် သူ့ကို လေးသည်တော်များတွင် ထိပ်ဆုံးအဆင့်ဖြစ်သည့် "ဟိုယိ" အဆင့်ထိတိုင် တက်လှမ်း စေနိုင်လိမ့်မည် ဖြစ်လေသည်။
အကယ်၍ ဖုန်းသည် ဟိုယိအဆင့် လေးသည်တော်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် တာ့ရှားဧကရာဇ်ကို မသတ်နိုင်သည့်တိုင် တာ့ရှားပြည် တစ်ပြည်လုံးကိုတော့ ခြိမ်းခြောက်ရန် လုံလောက်လေသည်။
ထိအချက်များမှာ ဖြစ်နိုင်ချေများကို ကြိုတွေးထားသည့် ဖုန်း၏အတွေးများသာ ဖြစ်လေသည်။
ဆန်းလျန်သည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းပါစေ ဖုန်းအတွက်တော့ အတားအဆီး တစ်ခုမျှသာဖြစ်လေ သည်။ တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်းသည် သူ့လက်တွင် သေရတော့မည် ဖြစ်သည်။
ဖုန်းသည် ဆန်းလျန်ကို သတ်ရန်အတွက် နေမင်းဖြိုခွင်းမြားကို အသုံးပြုရန် ရည်ရွယ် ထားလေသည်။ ဒဏ္ဍာရီထဲမှ အကြီးမြတ်ဆုံးလေးသည်တော် ဟိုယိသည် နေမင်းဖြိုခွင်းမြားကို အသုံးပြုကာ နေကိုးစင်းကို ပစ်ခွင်းခဲ့ဖူးလေသည်။
ယခုတော့ ဖုန်း၏လက်ထဲတွင် ထိုမြားကို ကိုင်ဆောင် ထားလေသည်။
အရှေ့လေပြည်တိုက်ခတ်လာပြီး မက်မွန်ပွင့်လေးတွေက ကြွေကျ သွားကြလေသည်။ ဖုန်းသည် အဝေးဆီမှပျံ့လွင့် လာသည့် သင်းပျံ့သည့် မက်မွန်ပန်း ရနံ့လေးများကို ရှူရိုက် လိုက်မိသည်။ ဆန်းလျန်ကို သတိပေးသလို ဖြစ်သွားမည် စိုးသည့်အတွက် ဆန်းလျန် တည်ရှိရာနေရာကို ဝိညာဉ်စွမ်းအား အသုံးပြုကာ အာရုံမခံရဲပေ။
သို့သော် သူက ပတ်ဝန်းကျင်တစ်ခုလုံးကို အာရုံခံပြီး ဆန်းလျန် တည်နေရာကို ရှာဖွေလိုက်လေသည်။
မက်မွန်ပင်တောကြီးတစ်ခုသည် သူ၏မြင်ကွင်းအတွင်းသို့ ဝင်ရောက် လာလေသည်။ တောင်တစ်ခုလုံး၏ မြင်ကွင်းက သူ၏အမြင်ထဲတွင် ရှင်းလင်းစွာ ထင်လာလေသည်။
သူ့နားထဲတွင် ရေစီးဆင်းသံများ ကြားနေရလေသည်။ ထိုနေရာသည် တောင်ပေါ် စမ်းချောင်းလေး၏ အောက်ခြေပိုင်း ဖြစ်လေသည်။ ရေသံကို နားထောင်ရသည်မှာ ကြည်လင် အေးမြနေဟန်ပင်။ အေးခဲနေသော ဆီးနှင်း အကြွင်းအကျန် များသည် စမ်းချောင်းအတွင်းတွင် စီးဆင်း နေပုံရလေ၏။
ကျဆင်းနေသည့် မက်မွန်ပွင့်ကြွေများသည် ရေထဲသို့ ကျဆင်း သွားလေသည်။ မက်မွန်တောထဲတွင် မည်သူမှ ရှိမနေပါ။ လောကကြီးနှင့် သီးခြား ဖြစ်တည်နေသည့် နေရာတစ်ခု အလား ခံစားရလေသည်။
လေတိုက်ခတ်သံ၊ ရေစီးဆင်းသံ၊ မက်မွန်ပန်းကြွေများနှင့် ပျံ့လွင့်နေသည့် ဗျပ်စောင်းသံစဉ် တစ်ခုသာ ရှိလေသည်။
ထိုဗျပ်စောင်းသံစဉ်သည် သာမန်ဂီတသံစဉ် မဟုတ်ဘဲ နတ်ဘုရား ဂီတသံစဉ် တစ်ခု ဖြစ်လေသည်။
ထိုဂီတသံကို ကြားလိုက်ရသည်နှင့် ဖုန်းသည် မြောက်ပိုင်းရှိ "ပေမင်" ဒေသကို သတိရသွားမိလေသည်။ ပေမင်ဒေသမှ ယိုတုပင်လယ်သည် အသူရာချောက်ဖြင့် ဆက်စပ်မှု မရှိပေ။ သို့သော် ထိုပင်လယ်သည် မည်သည့် နေရာက မြစ်ဖျားခံလာသည်ကို သူလည်း မသိရှိခဲ့ပေ။
ထိုဒေသသည် အလွန်တိတ်ဆိတ်ငြိမ်သက်သည့် ဒေသဖြစ်သည့်အတွက် "မင်" ဟု အမည်တွင်လေသည်။ မြောက်ပိုင်းဒေသတွင် တည်ရှိသည့် အတွက် ထိုနေရာကို "ပေမင်" ဟု ခေါ်လေသည်။ "ပေ" ဆိုသည်မှာ မြောက်အရပ်ဟု အဓိပ္ပာယ်ရလေသည်။
ပေမင်ဒေသသည် အလွန်ကျယ်ပြန့်သည့် အတွက် ဖုန်းသည် နေရာအနှံ့သို့ သွားလာနိုင်ခဲ့ခြင်း မရှိပါ။ သို့သော် သူက ထိုဒေသတွင် ခွန်ဟုခေါ်သည့် မိစ္ဆာသတ္တဝါကြီး တစ်ကောင်ကို တွေ့ခဲ့ရလေသည်။
ခွန်သတ္တဝါကြီး၏ ခန္ဓာကိုယ်အရှည်မှာ မိုင်ထောင်နှင့်ချီပြီး ရှည်လျားလေသည်။ ပင်လယ် မျက်နှာပြင်ထက်တွင် ငြိမ်သက်နေသည့်အခါ ထိုသတ္တဝါကြီးကို ကျွန်းကြီးတစ်ကျွန်း အလား ထင်မှတ်ရလေ၏။ သို့သော်… ခွန်သတ္တဝါ၏ အသံသည် တုန်လှုပ် ချောက်ချားဖွယ်မရှိပါ။ သူ၏အသံသည် ဂီတသံစဉ်နှင့် ဆင်တူလေသည်။ သူ၏အသံသည် တာအိုကျင့်စဉ်လမ်းကို ပြသပေးသည့် နရီစည်းချက်အလား ထင်မှတ်ရလေသည်။
ဖုန်းသည် ခွန်သတ္တဝါကြီး၏အသံကို တစ်လခန့် နားထောင် ခဲ့ဖူးလေသည်။ ထိုဂီတသံသည် ဖုန်းကို တုန်းယီဒေသတွင် အတော်ဆုံး လေးသည်တော် တစ်ယောက် ဖြစ်လာစေခဲ့သည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်လေသည်။ သူသည် ထိုဂီတသံစဉ်ကို နားထောင်ခဲ့သည့် အတွက် လူသားများနှင့် နတ်ဘုရားများကြားရှိ မညီညွတ်သည့် အပြန်အလှန် ဆက်စပ်မှုကို နားလည်ခဲ့ရလေသည်။
ယခု….
မက်မွန်တောင်မှ ထွက်ပေါ်နေသည့် ဗျပ်စောင်းသံသည် ထိုခွန်သတ္တဝါကြီး၏ ဂီတသံနှင့် ဆင်တူ လွန်းလှလေသည်။ ထို့ကြောင့် ဖုန်းသည် များစွာ အံ့သြ သွားရလေတော့သည်။ ထို့ကြောင့် သူသည် ဆန်းလျန်ကို လုပ်ကြံသတ်ဖြတ်ရန် လာလင့်ကစား ဆန်းလျန် အပေါ်တွင် အမြင်ပြောင်းလဲ သွားလေသည်။
ဖုန်း၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပြေးလွှားနေရင်း သူသည် ဂီတသံစဉ် ထွက်ပေါ်လာရာ နေရာသို့ မှန်းဆပြီး တောင်ပေါ်သို့ တက်လာခဲ့လေသည်။
မက်မွန်တောင်သည် မြင့်မားသည့် တောင်တစ်တောင် မဟုတ်ပါ။
သို့သော် … အရှေ့ဆီတွင် ပါးလွှာသည့် မြူခိုးလွှာလေးများ ကာရံထားသည်ကို ဖုန်း တွေ့မြင် လိုက်ရလေသည်။ ထိုသို့သော မြူခိုးလွှာပါးလေးများကို တောင်မြင့်ကြီးများတွင်သာ တွေ့မြင် ရတတ်လေသည်။ ဗျပ်စောင်းသံစဉ်သည် ထိုမြူခိုးလွှာပါးလေးများ အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ဖုန်းသည် သာမန် လူတစ်ယောက် မဟုတ်ပါ။ သူ၏စူးရှသည့် အမြင်အာရုံသည် မြူခိုးလွှာပါးလေးကို ထိုးဖောက်ကြည့် လိုက်လေသည်။
တစ်ချိန်တည်းမှာပင်…
သူသည် နေမင်းဖြိုခွင်းမြားတံကို လေးညို့တွင် တပ်ဆင်ကာ ပစ်မှတ်ကို ချိန်ရွယ် လိုက်လေသည်။
ထို့နောက်…
သူ၏ မြင်ကွင်းထဲသို့ ဆန်းလျန် ဝင်ရောက်လာသည်နှင့် သူသည် နေမင်းဖြိုခွင်းမြားကို လေးညို့မှ ပစ်လွှတ် လိုက်လေတော့သည်။
ဖုန်း၏ မျက်ဝန်းထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းမှာ….
ဗျပ်စောင်းကို တီးခတ်နေသည့် လူငယ်လေးတစ်ယောက်၏ ပုံသဏ္ဌာန် ဖြစ်လေသည်။ လူငယ်သည် ချင်းရွှမ်ဂူဟု ရေးသားထားသည့် ဂူတစ်ခုကို မျက်နှာချင်းဆိုင်ပြီး ချောက်ကမ်းပါးကြီး ထက်တွင် ထိုင်နေလေသည်။
သူ၏ဘေးနားတွင် ကျားနက်ကြီး တစ်ကောင်ရှိနေပြီး ဂီတသံစဉ်ကို နားထောင်ရင်း တိတ်ဆိတ်စွာ မှေးစက် နေလေသည်။
ဖုန်း၏မြင်ကွင်းထဲသို့ ထိုပုံရိပ်များ ဝင်ရောက်လာသည်နှင့် စကားသံတစ်သံကိုလည်း ကြားလိုက်ရလေသည်။
“ကျုပ် ခင်ဗျားကိုစောင့်နေတာ ကြာပြီ…”
ထိုစကားသံကြောင့် ဖုန်းမှာ များစွာ အံ့သြထိတ်လန့် သွားရလေသည်။
ထိုသူသည် သူရောက်ရှိလာသည်ကို သိရှိနေလိမ့်မည်ဟု ဖုန်း မျှော်လင့်မထားခဲ့မိပေ။ ထိုအသံက သူ၏ သမာဓိ စွမ်းအားမြင့်မားသည့် စိတ်ဝိညာဉ်ကို ရုတ်တရက် ရပ်တန့် သွားစေသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုအချိန်မှာပင်…
ဖုန်းသည် တစ်ချက်မျှပင် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ နေမင်းဖြိုခွင်းမြားကို ဆန်းလျန်ထံသို့ ပစ်လွှတ် လိုက်လေတော့သည်။
***