အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
၂၉၁
“ကျွန်မ ဘယ်လိုကူညီပေးရမလဲ”
ယို့ချင်းယီက မေးလိုက်သည်။
“ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပေးလို့ရမလား။ ဒီနေ့အတွင်း ပြန်ဆပ်မှာပါ”
“ရှင် ဘယ်လောက်လိုချင်လို့လဲ ငွေတပြား တစ်ထောင်ဆိုရင် လောက်ပါ့မလား”
လုံယီက ချေးသည်ဟူသော စကားလုံးကို သုံးနှုန်းခဲ့သော်လည်း ယို့ချင်းယီကမူ ဂရုမစိုက်ပေ။
သူမ၏ အသက်ကို ကယ်တင်ခဲ့သော ကျေးဇူးကို ပြန်ဆပ်နိုင်မည်ဆိုလျှင် လုံယီကို ထိုငွေများ အလကားပေးရန်ပင် သူမ ဝန်လေးမည်မဟုတ်ပေ။
“လောက်ပါတယ် ကျေးဇူးပဲ”
လုံယီက ပြုံး၍ ဖြေလိုက်သည်။
“ဒါကို လက်ဆောင်အဖြစ်ပဲ သဘောထားလိုက်ပါ။ ပြန်ဆပ်ဖို့ မလိုပါဘူး”
ယို့ချင်းယီက အေးဆေးစွာ ပြောသော်လည်း လုံယီက ခေါင်းခါပြလိုက်သည်။
“အဲ့ဒီလိုတော့ မလုပ်ပါနဲ့။ ကျွန်တော် ချေးတယ်လို့ ပြောရင် ချေးတာပါပဲ”
ယို့ချင်းယီထံမှ ချေးယူလာသော ငွေတစ်ထောင်ဖြင့် လုံယီသည် တပည့်တောင်ထိပ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် မွေးရာပါ ဝိညာဉ်အလောင်းနှစ်ခုမှာ စက်ဝိုင်းအတွင်း၌ ငါးပေခန့်အကွာတွင် အချင်းချင်း ရင်ဆိုင်ရပ်နေကြပြီ ဖြစ်သည်။
တစ်ခုမှာ ရိုးရှင်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားတစ်ခုမှာမူ တန်ဖိုးကြီးသော အဖြူရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ထိုနေရာကို တာဝန်ယူထားသော တပည့်ကြီးက ရှင်းပြနေသည်။
“အနက်ရောင်ဝတ်ထားတာက ချန်အာရှင်းရဲ့ ဝိညာဉ်အလောင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်က မြေအောက်ကနေ တူးဖော်ထားတာပါ။ အဖြူရောင်ဝတ်ထားတာကတော့ ဖုန်းတာပေါင်ရဲ့ ဝိညာဉ်အလောင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၉ နှစ်က တူးဖော်ထားတာ ဖြစ်ပါတယ်။
နှစ်ယောက်လုံးက တာအိုသစ္စာဆိုထားကြတာမို့ ဘယ်သူကမှ လိမ်ညာလှည့်ဖျားခွင့် မရှိပါဘူး။ ပုံမှန်စည်းကမ်းအတိုင်းပါပဲ... ချန်အာရှင်းရဲ့ ဝိညာဉ်အလောင်း နိုင်မယ်လို့ လောင်းချင်ရင် ဘယ်ဘက်က လင်ဗန်းထဲကို ငွေထည့်ပါ။ ဖုန်းတာပေါင်ရဲ့ ဝိညာဉ်အလောင်း နိုင်မယ်လို့ လောင်းချင်ရင်တော့ ညာဘက်က လင်ဗန်းထဲကို ငွေထည့်ပါ။
ရလဒ်ထွက်လာတဲ့အခါမှာ ဂိုဏ်းပေါင်းစုံမဟာမိတ်က ၁၀ ရာခိုင်နှုန်း ဖြတ်တောက်မှာဖြစ်ပြီး၊ ကျန်ရှိတဲ့ငွေတွေကိုတော့ အစောပိုင်းက လောင်းကြေးအချိုးအစားအတိုင်း ခွဲဝေပေးသွားမှာပါ။ အများကြီးလောင်းတဲ့သူက အများကြီးရမှာဖြစ်ပြီး နည်းနည်းလောင်းတဲ့သူကတော့ နည်းနည်းပဲ ရပါလိမ့်မယ်”
တပည့်ကြီး၏ မိတ်ဆက်မှုအပြီးတွင် လူအုပ်ကြီးမှာ တစ်ခဏမျှ ငြိမ်သက်သွားကြသည်။ အားလုံးက ထိုဝိညာဉ်အလောင်းနှစ်ခုကို တစ်ခုခု ထူးခြားမှုရှိမလားဟူသော အကြည့်များဖြင့် အရှေ့အနောက်၊ တောင်မြောက် စူးစမ်းလေ့လာနေကြတော့သည်။
လူအုပ်ကြီး၏ ဆွေးနွေးငြင်းခုံသံများမှာ လုံယီ၏ နားထဲသို့ အဆက်မပြတ် စီးဝင်နေဆဲပင်။
"ချန်အာရှင်းက ဂိုဏ်းထဲမှာ ၁၁ နှစ်တောင် ရှိနေပြီကွ။ သူ့ရဲ့ ဝိညာဉ်အလောင်းကို ပြုစုပျိုးထောင်တဲ့အချိန်က ပိုကြာသလို အသားကျမှုကလည်း ပိုကောင်းမှာပဲ။ ဒါကြောင့် သူက ပိုသန်မာဖို့များတယ်"
"အဲ့ဒါတော့ မဟုတ်သေးပါဘူး။ ဖုန်းတာပေါင်က ပါရမီပိုပါသလို သူ့မိသားစုနောက်ခံကလည်း အတော်အတင့် ချမ်းသာတာ။ ငါ့အထင်တော့ သူနိုင်ဖို့ အခွင့်အရေး ပိုများတယ်"
"ငါ့အမြင်ကတော့ ဒီအလောင်းနှစ်ခုရဲ့ ရုပ်သွင်နဲ့ အငွေ့အသက်ကို ကြည့်ပြီး ဆုံးဖြတ်လို့ရမယ် ထင်တယ်။ ဖုန်းတာပေါင်ရဲ့ ဝိညာဉ်အလောင်း အရောင်က အနည်းငယ် ညိုနေပြီ။ ဒါက သံအလောင်းအဆင့်ရောက်ဖို့ မဝေးတော့ဘူးဆိုတာ ထင်ရှားနေတာပဲ..."
မကြာမီမှာပင် လူအများစုမှာ ဆုံးဖြတ်ချက်ချလိုက်ကြပြီး သစ်သားလင်ဗန်းများပေါ်သို့ ငွေများ သွားရောက်တင်ကြတော့သည်။ လုံယီ လေ့လာမိသလောက် ချန်အာရှင်း နိုင်မည်ဟု လောင်းသူ နည်းပါးပြီး ဖုန်းတာပေါင်ဘက်တွင်မူ လူအများအပြား ရှိနေသည်။
ထို့ကြောင့် သူသည် အေးအေးလူလူပင် ရှေ့သို့ တိုးသွားလိုက်သည်။ ယို့ချင်းယီထံမှ ချေးယူထားသော ငွေတစ်ထောင်လုံးကို ချန်အာရှင်း အနိုင်ရမည့်ဘက်ရှိ လင်ဗန်းထဲသို့ ပုံအောထည့်လိုက်တော့သည်။
"ဝိုး... အဲ့ဒါ ရှစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက် ရှိမှာပဲ"
တစ်စုံတစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဒီညီငယ်က အတော်လေး ချမ်းသာတာပဲ။ အခုအထိတော့ သူ့လောင်းကြေးက အများဆုံးပဲ။ သူသာ နိုင်သွားရင်တော့ အမြတ်အစွန်း အများဆုံးရမယ့်သူ ဖြစ်လာမှာပဲ"
လုံယီ လောင်းကြေးထပ်ပြီးနောက် အားလုံး၏ အကြည့်များမှာ ကွင်းလယ်ရှိ ဝိညာဉ်အလောင်းနှစ်ခုဆီသို့ ရောက်ရှိသွားကြပြီး ၎င်းတို့မှာလည်း စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ စက်ဝိုင်းအပြင်ဘက်တွင် ပိုင်ရှင်များဖြစ်သော ချန်အာရှင်းနှင့် ဖုန်းတာပေါင်တို့မှာ သူတို့၏ ဝိညာဉ်အလောင်းများနှင့် ဆက်သွယ်နိုင်ရန် အပြင်းအထန် အာရုံစိုက်နေကြသည်။
ဝိညာဉ်အလောင်းများမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားနိုင်စွမ်း အတော်အတင့် ရှိကြသော်လည်း အဆုံးအဖြတ်ပေးရမည့် အချိန်မျိုးတွင် ပိုင်ရှင်၏ လမ်းညွှန်မှုက အနိုင်အရှုံးကို စကားပြောသွားတတ်သည်။
ဘုန်း... ဘုန်း... ဘုန်း
ဒေါင်... ဒေါင်... ဒေါင်
ဒိုင်း... ဒိုင်း... ဒိုင်း
ဝိညာဉ်အလောင်းနှစ်ခုမှာ မည်သည့်လက်နက်မျှ မပါဘဲ လက်ဗလာဖြင့်သာ တိုက်ခိုက်နေကြသည်။ သူတို့၏ နယ်ပယ်မှာ သံအလောင်းအဆင့်နှင့် နီးကပ်နေပြီဖြစ်ရာ ခန္ဓာကိုယ်များမှာ အံ့အားသင့်ဖွယ် မာကျောလှပြီး တစ်ခုနှင့်တစ်ခု ထိခိုက်မိတိုင်း သတ္တုချင်း ရိုက်ခတ်သည့် စူးရှသော အသံများ ထွက်ပေါ်နေသည်။
လုံယီသည် ဘေးဘက်တွင် ရပ်လျက် ဝိညာဉ်အလောင်းနှစ်ခု၏ အပြန်အလှန် တိုက်ခိုက်မှုများကို သေသေချာချာ စောင့်ကြည့်နေတော့သည်။
မြက်အလောင်း၊ ဝိညာဉ်အလောင်း၊ သံအလောင်း၊ ကြေးနီအလောင်း၊ ငွေအလောင်းတို့မှာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းရှိ မွေးရာပါ ဝိညာဉ်အလောင်းများ၏ နယ်ပယ်အဆင့်အတန်း ခွဲခြားမှုများ ဖြစ်ကြသည်။
သူတို့နှစ်ဦးစလုံးမှာ ဝိညာဉ်အလောင်းအဆင့်တွင် ရှိနေကြပြီး သံအလောင်းအဆင့်သို့ ရောက်ရန် နီးစပ်နေပြီဖြစ်ရာ အရှိန်နှုန်းမှာလည်း မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသည်။ လှုပ်ရှားမှုတိုင်းတွင် အရိပ်အယောင်မျှသာ ကျန်ရစ်ခဲ့ပြီး သူတို့၏ အရှိန်မှာ သာမန် ပြည့်စုံခြင်းအဆင့်ရှိ ကိုယ်ခံပညာရှင်တစ်ဦးထက်ပင် သာလွန်နေသည်။
သူတို့၏ တိုက်ခိုက်ရေးကွက်များမှာမူ ရိုးရှင်းလှသည်။ အများအားဖြင့် တိုက်ရိုက်လက်သီး၊ ဝိုက်လက်သီး၊ ခုန်ပျံခြင်းနှင့် တိုက်ရိုက်ကန်ချက်များသာ ဖြစ်ပြီး ကွဲပြားမှု သိပ်မရှိဘဲ အရှိန်နှင့် ခွန်အားအပေါ်တွင်သာ အပြည့်အဝ အားကိုးထားကြသည်။
သို့သော် ခဏမျှ စောင့်ကြည့်ပြီးနောက် လုံယီ သတိထားမိသည်မှာ တိုက်ခိုက်မှုတစ်ခုချင်းစီအပြီးတွင် ဝိညာဉ်အလောင်းများ၏ လှုပ်ရှားမှုမှာ အနည်းငယ် ဟန်ချက်ပျက်သွားတတ်ခြင်းပင်။ ဤဟန်ချက်ပျက်မှုမှာ ကိုယ်ခံပညာအကျော်အမော်အဆင့်အောက်ရှိသူများအတွက် ရိပ်မိရန် ခဲယဉ်းသော်လည်း ထိုအဆင့်နှင့် အထက်ရှိသူများမှာမူ သေသေချာချာ အာရုံစိုက်ကြည့်ပါက သတိပြုမိနိုင်သည်။ ၎င်းမှာ အချိန်အတော်ကြာ လည်ပတ်နေပြီးနောက် အနည်းငယ် ထစ်ငေါ့သွားသော စက်ပစ္စည်းတစ်ခုကဲ့သို့ပင်။
အကယ်၍ ဤဝိညာဉ်အလောင်းနှစ်ခုသည် သာမန် ကိုယ်ခံပညာအကျော်အမော်တစ်ဦးနှင့် ရင်ဆိုင်ရပါက အသာစီးရရန် ခဲယဉ်းပေလိမ့်မည်။ သို့သော် ဝိညာဉ်အလောင်းများမှာ လူသားမဟုတ်သဖြင့် သာမန်လူများကဲ့သို့ အားနည်းချက်များ မရှိကြပေ။ ထို့ကြောင့် ကိုယ်ခံပညာအကျော်အမော်တစ်ဦးအနေဖြင့်လည်း ၎င်းတို့ကို လုံးဝအမြစ်ပြတ်သတ်ရန် မလွယ်ကူလှပေ။
သံအလောင်းအဆင့်သို့ ရောက်ရှိသွားပါက သူတို့သည် ဓားမတိုး၊ လှံမတိုး၊ ကျည်ဆံမဖောက်နိုင်တော့ဘဲ အလွန်ကြီးမားသော ခွန်အားကို ပိုင်ဆိုင်လာမည်ဖြစ်ရာ ကိုယ်ခံပညာအကျော်အမော်တစ်ဦးအတွက် တိုက်ခိုက်ရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။ သံအလောင်းတစ်ဦးအနေဖြင့် ကိုယ်ခံပညာအကျော်အမော်၏ အားနည်းချက်ကို ချက်ချင်းမရှာဖွေနိုင်လျှင်ပင် အခွင့်အရေး တစ်ကြိမ်တစ်ခါမျှ ရရှိလိုက်ရုံဖြင့် ကိုယ်ခံပညာရှင်အတွက်တော့ ကြောက်မက်ဖွယ် ဘေးဒုက္ခတစ်ခု ဖြစ်သွားနိုင်သည်။
“လူသားကိုယ်ခံပညာရှင်တွေက သံအလောင်းလိုမျိုး ဆန်းကြယ်တဲ့ သတ္တဝါတွေနဲ့ ယှဉ်ရင် အရမ်းကို ထိခိုက်လွယ်လွန်းတာပဲ” ဟု လုံယီက တွေးလိုက်မိသည်။
ကွင်းအတွင်း၌ မွေးရာပါ ဝိညာဉ်အလောင်းနှစ်ခု၏ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲပင်။
ဗုန်း... ဗုန်း... ဗုန်း
ဖုန်းတာပေါင်၏ ဝိညာဉ်အလောင်းမှာ သံအလောင်းအဆင့်နှင့် ပိုမိုနီးကပ်နေပြီး ထိန်းချုပ်မှုအဆင့်လည်း ပိုမြင့်ပုံရသဖြင့် ချန်အာရှင်း၏ ဝိညာဉ်အလောင်းကို တစ်လှမ်းချင်း နောက်ဆုတ်သွားအောင် တိုက်ခိုက်နေပြီး စက်ဝိုင်းအပြင်ဘက်သို့ ရောက်ရှိရန် လက်မအနည်းငယ်သာ လိုတော့သည်။
အဆုံးအဖြတ်ပေးရမည့် ထိုအချိန်၌ပင် လုံယီ၏ အလောင်းထိန်းချုပ်ခြင်းအတတ်နှင့် ထိန်းချုပ်ခြင်း ပါရမီတို့က ဟန်ချက်ညီစွာ အလုပ်လုပ်သွားခဲ့သည်။ ထို့ကြောင့် ဖုန်းတာပေါင်၏ ဝိညာဉ်အလောင်းမှာ ရုတ်တရက် လမ်းကြောင်းလွဲမှားသော လက်သီးချက်တစ်ချက်ကို ထိုးလိုက်မိပြီး ကြီးမားသော ဟာကွက်တစ်ခု ပေါ်ထွက်သွားတော့သည်။
ချန်အာရှင်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး သူ၏ ဝိညာဉ်အလောင်းကို တန်ပြန်တိုက်စစ်ဆင်ရန် အသည်းအသန် လမ်းညွှန်လိုက်တော့သည်။
၎င်းသည် ပြိုင်ဘက် ဝိညာဉ်အလောင်း၏ ဘေးဘက်သို့ လျင်မြန်စွာ လှည့်ထွက်လိုက်ပြီး ရင်ဘတ်တည့်တည့်ကို အားပါပြင်းထန်သော ကန်ချက်တစ်ချက် ကျွေးလိုက်သည်။
ဘုန်း
ဖုန်းတာပေါင်၏ ဝိညာဉ်အလောင်းမှာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဟန်ချက်ညီညီ ပြန်ကျလာသော်လည်း ၎င်းသည် စက်ဝိုင်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“တောက်... မင်းက ငါ့ကို ပြကွက်ပြနေတာလား”
“ဒါ ပူးပေါင်းကြံစည်မှုပဲ ဒါ လိမ်လည်မှုပဲ... စောက်ကျိုးနည်း ငါ့ငွေတွေ ပြန်ပေးစမ်း”
“ဟားဟားဟား... ငါတော့ အကြီးအကျယ် နိုင်ပြီဟေ့ တုန်ရင်နေတဲ့ လက်တစ်ဖက်က ဒီလို အကျိုးကျေးဇူး ပေးလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး”
ချန်အာရှင်း၏ ဝိညာဉ်အလောင်းက မထင်မှတ်ဘဲ နောက်ဆုံးမိနစ်တွင် အနိုင်ရရှိသွားခြင်းကြောင့် ကွင်းတစ်ခုလုံး ဆဲဆိုသံများဖြင့် ပွက်လောရိုက်သွားတော့သည်။ လူအများစုမှာ ဖုန်းတာပေါင် နိုင်မည်ဟု လောင်းထားကြခြင်းဖြစ်ရာ ရလဒ်ထွက်လာသောအခါ ထိုလူများမှာ ဝတ်စရာအင်္ကျီပင် မရှိတော့လောက်အောင် ရှုံးနိမ့်သွားကြရသည်။
“ငါတို့ကို သက်သက်မဲ့ အကွက်ဆင်ပြီး လိမ်တာပဲ။ ဖုန်းတာပေါင်... မင်းကို ကျိန်စာတိုက်မယ်။ ခွေးသား မင်း သားသမီးမထွန်းကားပါစေနဲ့”
ရှုံးနိမ့်သွားသော လောင်းကစားသမားများမှာ ဖုန်းတာပေါင်ကို စတင်ဆဲဆိုနေကြပြီ ဖြစ်သည်။ ဖုန်းတာပေါင်မှာလည်း ရှုံးနိမ့်မှုကြောင့် စိတ်ပျက်နေသည့်အပြင် ဒေါသထွက်နေသော လူအုပ်ကြီးကို ကြောက်ရွံ့သဖြင့် အလျင်အမြန်ပင် လှည့်ထွက်သွားတော့သည်။
“ချန်အာရှင်း နိုင်ပါတယ်။ သူ့ဘက်က လောင်းထားတဲ့သူတွေ အနိုင်ရငွေ လာထုတ်ကြပါ။ အများကြီးလောင်းတဲ့သူက အများကြီးရမယ်။ နည်းနည်းလောင်းတဲ့သူကတော့ နည်းနည်းပဲ ရမှာပါ”
နက်ပြာရောင် ဝတ်စုံဝတ် တပည့်ကြီးက ပြုံးလျက် ကြေညာလိုက်သည်။
ဒိုင်လုပ်သူအနေဖြင့် မည်သူရှုံးရှုံး၊ မည်သူနိုင်နိုင် သူကတော့ ကော်မရှင်ခကိုသာ ယူခြင်းဖြစ်ရာ အမြဲတမ်း အမြတ်ဘက်တွင်သာ ရှိနေသည်။ သူ၏နောက်ကွယ်မှ လူငယ်မှာ ငွေတုံးများနှင့် ရွှေပြားများ ပြည့်နှက်နေသော အနက်ရောင် သစ်သားလင်ဗန်းကို ကိုင်ဆောင်ကာ အနိုင်ရငွေများ ဝေငှရန် ရှေ့သို့ တိုးလာသည်။
လုံယီနှင့် အခြားအနိုင်ရသူများမှာ တန်းစီလိုက်ကြပြီး တစ်ဦးချင်းစီ သူတို့၏ အရင်းနှင့် အမြတ်ငွေများကို လာရောက်ထုတ်ယူကြသည်။ တပည့်ကြီးမှာ အရင်းငွေစာရင်းများကို မှတ်တမ်းတင်ထားသော အပြာရောင်စာအုပ်ငယ်ကို ကိုင်ဆောင်ကာ အမည်များကို စတင်ခေါ်ဆိုတော့သည်။
“လုံယီ... အရင်း ငွေတစ်ထောင် အမြတ် ကိုးရာ”
တပည့်ကြီးမှာ တွက်ချက်မှုစွမ်းရည် အလွန်မြင့်မားပုံပင်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် လုံယီ၏ အနိုင်ရငွေကို သူ တွက်ချက်ပေးလိုက်သည်။
“ဝမ်ဟန်... အရင်း ငါးရာ၊ အမြတ် လေးရာ့ငါးဆယ်”
လုံယီသည် ငွေများကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး နောက်တစ်ပွဲအတွက် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက်တွင်လည်း သူသည် နောက်ထပ် နှစ်ပွဲကို အလွယ်တကူ ထပ်မံအနိုင်ရခဲ့ပြီး တစ်ပွဲလျှင် အမြတ်ငွေ လေး၊ ငါးရာခန့်စီ ရရှိခဲ့သည်။
ထို့နောက်တွင်မူ သူသည် ပြတ်ပြတ်သားသားပင် ပြန်လည်နုတ်ထွက်လိုက်တော့သည်။
ပုံမှန်နဲ့ အဆက်မပြတ်ပဲ ဖြစ်ရမယ်၊ ပုံမှန်နဲ့ အဆက်မပြတ်ပဲ...
လုံယီက သူကိုယ်သူ အမြဲသတိပေးနေတော့သည်။
အခန်း။ ၂၉၂
ယနေ့တွင် သူသည် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ရာ ၎င်းမှာ တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုကို ရရှိသွားနိုင်ခြေ ရှိနေသည်။ လူတစ်ယောက်သည် အလွန်အမင်း လောဘမကြီးသင့်ပေ။ နောင်တွင်လည်း အခွင့်အရေးများစွာ ရှိလာဦးမည်သာ။
အလောင်းလောင်းကစားခြင်းမှာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းတွင် အလွန်ရေပန်းစားသော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် နောင်တွင် သူသည် ငွေကြေးပြတ်လပ်မှုအတွက် စိုးရိမ်စရာ လိုတော့မည်မဟုတ်ဘူးဟု ထင်ရသည်။
“ညီအစ်ကိုလုံကတော့ အမြဲတမ်း အနိုင်ရဖို့ နည်းလမ်းရှိပုံပဲ”
ထိုအချိန်တွင် လုံယီ၏ နောက်ကွယ်မှ တည်ငြိမ်သော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။
ချဉ်းကပ်လာသူမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် မျက်လုံးအိမ်သေးကာ အသားဖြူသူတစ်ဦးဖြစ်ပြီး တည်ငြိမ်အေးဆေးကာ ပညာရှိဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမှာ အခြားသူမဟုတ်ဘဲ လုံယီနှင့်အတူ ဂိုဏ်းထဲသို့ ရောက်ရှိလာသော တပည့်သစ်များထဲတွင် ဝိညာဉ်အမြစ်ပါရမီ တတိယအဆင့်ရှိသည့် ရုံရွှယ်ကျန့်ပင်။ သူသည် ယို့ချင်းယီနှင့် ဝမ်ဝမ်ပိုင်တို့၏ နောက်တွင်သာ ရှိသူဖြစ်သည်။
ရုံရွှယ်ကျန့်၏ မျက်လုံးများထဲတွင် စဉ်းစားဆင်ခြင်ဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူက ဆက်ပြောသည်။
“ကျွန်တော် သတိထားမိတာကတော့ ညီအစ်ကိုလုံ လောင်းကြေးထပ်တဲ့အခါမှာ အလွန်ခိုင်မာတဲ့ အမူအရာရှိနေပြီး အနိုင်ရမယ်ဆိုတာကို လုံးဝယုံကြည်ချက်ရှိနေသလိုပဲ။ ပြီးတော့ တစ်ခါစီတိုင်းမှာလည်း အများကြီးပုံအောလောင်းပြီး အားနည်းတဲ့ဘက်က အားသာတဲ့ဘက်ကို အနိုင်ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါက ကံကောင်းတာသက်သက် မဟုတ်ဘူးဆိုရင် ညီအစ်ကိုလုံရဲ့ အကဲဖြတ်နိုင်စွမ်းက သာမန်လူတွေထက် အများကြီး သာလွန်နေလို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘယ်ဝိညာဉ်အလောင်းက နိုင်မလဲဆိုတာ လုံးဝခွဲခြားလို့မရဘူး။ ညီအစ်ကိုလုံ ကျွန်တော့်ကို နည်းနည်းလောက် သင်ပေးလို့ ရမလား”
ဒီကောင်လေးက တော်တော်လေး အကဲခတ်တာ ထက်မြက်တာပဲ။
ရုံရွှယ်ကျန့်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသောအခါ လုံယီ လန့်သွားသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ မပြောင်းလဲဘဲ တည်ငြိမ်နေဆဲပင်။
အနိုင်အရှုံးကို ခွဲခြားနိုင်သည့် နည်းလမ်းရှိသည်ဟု သူ လုံးဝ ဝန်ခံ၍မဖြစ်ပေ။ ထို့ကြောင့် သူက ရယ်မောလျက် “ညီအစ်ကိုရုံ... ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ။ ကျွန်တော်က ပျော်ရုံသဘောပဲ ကစားတာပါ။ ကံကိုပဲ ယုံကြည်ပြီး လောင်းတာပါဗျာ” ဟု ပြန်ပြောလိုက်သည်။
ရုံရွှယ်ကျန့်သည်လည်း ဤအဖြေကို ရရှိမည်ဟု မျှော်လင့်ထားပုံရသဖြင့် အံ့ဩခြင်းမရှိဘဲ ခေါင်းညိတ်ပြကာ “ကျွန်တော်ကပဲ မဆင်မခြင် မေးမိသွားတာပါ” ဟု ပြောလိုက်တော့သည်။
"ညီအစ်ကိုတွေ သားအဖတွေကြားမှာတောင် ဒီလိုမျိုး ငွေရှာတဲ့ နည်းလမ်းကောင်းတွေကို လက်ဆင့်ကမ်းဖို့ ဆိုတာ မလွယ်လှဘူး။ ကျွန်တော့်လို သူစိမ်းတစ်ယောက်ကိုဆိုရင်တော့ ပိုတောင် ဝေးသေးတာပေါ့"
"ညီအစ်ကိုရုံကတော့ တကယ်ကို နောက်ပြောင်တတ်တာပဲ"
လုံယီက ရယ်မောရင်း အကြောင်းအရာကို လွှဲပြောင်းရန် ကြိုးစားလိုက်သည်။
"ဒါနဲ့... ဒီစီနီယာအစ်ကိုက ဘာလို့ ဒီလောင်းကစားဝိုင်းကို ဦးစီးနေရတာလဲဆိုတာ ညီအစ်ကို သိသလား လူတိုင်းကလည်း သူ့ကို ယုံကြည်နေကြတာပဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းမြင့်လို့လား"
လုံယီသည် နက်ပြာရောင် ဝတ်စုံဝတ် တပည့်ကြီးကို ရည်ညွှန်း၍ မေးမြန်းခြင်း ဖြစ်သည်။ သူ၏ အငွေ့အသက်ကို ကြည့်ခြင်းအားဖြင့် ယခင်က သူ့ကို လိုက်လံတိုက်ခိုက်ခဲ့သော အမျိုးသမီးကျင့်ကြံသူထက်ပင် ပိုမိုအစွမ်းထက်ပုံရပြီး ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေသည်မှာ သေချာလှသည်။
"ဒါက ကျင့်ကြံမှုအဆင့်နဲ့ ဘာမှမဆိုင်ပါဘူး။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းထဲမှာ ချီသန့်စင်
ခြင်း နောက်ဆုံးအဆင့်ရှိတဲ့သူတွေ အများကြီး ရှိပါတယ်"
ရုံရွှယ်ကျန့်က ခေါင်းခါရင်း ပြောသည်။
"သူ ဒီဝိုင်းကို ဦးစီးနိုင်တာက သူဟာ မြူပြာမဟာမိတ်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလို့ပဲ"
"မြူပြာမဟာမိတ်ဟုတ်လား"
လုံယီသည် ဤအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ အံ့ဩတကြီး မေးမြန်းလိုက်သည်။
"မြူပြာမဟာမိတ်ဆိုတာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း တပည့်တွေကြားမှာ အင်အားအကြီးဆုံး အဖွဲ့အစည်း နှစ်ခုထဲက တစ်ခုပေါ့။ နောက်တစ်ခုကတော့ ပင်လယ်လေးသွယ်
အသင်းလို့ ခေါ်တယ်..."
ရုံရွှယ်ကျန့်သည် လုံယီ၏ အစောပိုင်းက ငြင်းဆိုမှုကို စိတ်ထဲမထားဘဲ ဗဟုသုတအသစ်များကို သေသေချာချာ ရှင်းပြပေးတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ရာ၊ ရှစ်ရာခန့်က ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင် ဆယ်စုနှစ်ပေါင်းများစွာ တစ်န့်နေသော တပည့်အချို့ ရှိခဲ့သည်။ သူတို့သည် အခြေခံတည်ဆောက်
ခြင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် နည်းပါးနေသော်လည်း မဟာတာအိုလမ်းစဉ်ကို လက်မလွှတ်လိုကြသဖြင့် မြူပြာမဟာမိတ်ဟူသော အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။
သူတို့သည် အခြေခံတည်ဆောက်ခြင်းအတွက် လိုအပ်သော ရတနာများကို အတူတကွ ရှာဖွေရန် သဘောတူညီခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် အခွင့်အရေးအရှိဆုံးသူတစ်ဦးကို ရတနာများ ပုံအောပေးခဲ့ကြပြီး ထိုသူက အောင်မြင်သွားပါက နောင်တွင် သူတို့၏ မျိုးဆက်များကို ပြန်လည်စောင့်ရှောက်ပေးရန်သာ မျှော်လင့်ခဲ့ကြသည်။
သူငယ်ချင်းများစွာ၏ ရတနာများဖြင့် ထောက်ပံ့ပေးမှုကို ထိုသူက အလဟဿ မဖြစ်စေခဲ့ပေ။ သူသည် အောင်မြင်စွာဖြင့် အခြေခံတည်ဆောက်နိုင်ခဲ့ပြီး အလောင်းထိန်းချုပ်ခြင်းဂိုဏ်းအတွင်း ရာစုနှစ်ပေါင်းများစွာ ပြောစမှတ်တွင်ခဲ့သော ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။
သူတို့ တည်ထောင်ခဲ့သော မြူပြာမဟာမိတ်အဖွဲ့သည် ထိုအချိန်မှစ၍ ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ မျိုးဆက်တစ်ခုပြီးတစ်ခု ပြုပြင်မွမ်းမံလာခဲ့ရာမှ နောက်ဆုံးတွင် ဂိုဏ်းအတွင်း တပည့်များအကြား အကြီးမားဆုံးသော အင်အားစုကြီး ဖြစ်လာခဲ့သည်။
ရှေးဦးလူကြီးများ၏ ရည်မှန်းချက်ကို ဆက်ခံရင်း မြူပြာမဟာမိတ်၏ ဆောင်ပုဒ်မှာ "ညီညွတ်စွာ ကြိုးပမ်းကြစို့၊ အထွတ်အထိပ်သို့ အတူတကွ တက်လှမ်းကြစို့" ဟူ၍ပင်။
ဤမဟာမိတ်အဖွဲ့သို့ ဝင်ရောက်နိုင်ရန် စည်းကမ်းချက်များမှာ အလွန်တင်းကျပ်လှသည်။
“သူတို့ဂိုဏ်းရဲ့ တပည့်ဖြစ်ချင်ရင်တော့ အချက် သုံးချက်ထဲက တစ်ခုခုနဲ့ ကိုက်ညီရမယ်။ ထူးချွန်တဲ့ ဝိညာဉ်အမြစ်ပါရမီ ရှိရမယ် ဒါမှမဟုတ် အင်အားကြီးတဲ့ မိသားစုက ဆင်းသက်လာသူ ဖြစ်ရမယ်။ အဲဒီလိုမှမဟုတ်ရင်လည်း အနာဂတ်မှာ အခြေခံတည်ဆောက်ခြင်းအတွက် အလားအလာ အကောင်းဆုံး တပည့်စစ်စစ် ဖြစ်မှသာ လက်ခံမှာ”
မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့ပြီးနောက်တွင်မူ မြူပြာမဟာမိတ်ကို ဂိုဏ်းအတွင်းရှိ မိသားစုမျိုးနွယ်စုများက အပိုင်စီးထားသကဲ့သို့ ဖြစ်လာခဲ့သဖြင့် သာမန်တပည့်များအတွက် ဝင်ရောက်ရန် ခဲယဉ်းသွားခဲ့ရသည်။
ဤသို့သော အခြေအနေမျိုးတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အလောင်းထိန်းချုပ်
ခြင်းဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ဦးဖြစ်သူ ကျိုးတာဟိုင်သည် မြူပြာမဟာမိတ်ကို တုံ့ပြန်
ရန်အတွက် ပင်လယ်လေးသွယ်အသင်းဟူသော တပည့်အင်အားစုသစ်ကို တည်ထောင်ခဲ့သည်။
ပင်လယ်လေးသွယ်ဆိုသည်မှာ “လောကသားအားလုံး ညီအစ်ကိုရင်းချာများဖြစ်သည်” ဟူသော ဆိုရိုးစကားမှ ဆင်းသက်လာခြင်းပင်။ ၎င်း၏ သတ်မှတ်ချက်များမှာ မြူပြာမဟာမိတ်ထက် လျှော့ပေါ့ထားပြီး သာမန်အရပ်သားတပည့်များအတွက် ဖွင့်လှစ်ပေးထားသော်လည်း မည်သူမဆို ဝင်ခွင့်ရသည်မျိုးမဟုတ်ဘဲ အချို့သော အရည်အချင်းသတ်မှတ်ချက်များတော့ ရှိနေဆဲပင်။
“သူတို့ထဲကို ဝင်ရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ”
လုံယီက မေးလိုက်သည်။
“သတင်းအချက်အလက်တွေ မျှဝေတာနဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးတာမျိုးပေါ့”
ရုံရွှယ်ကျန့်က အေးဆေးစွာ ဖြေသည်။
အကယ်၍ မြူပြာမဟာမိတ်သို့မဟုတ် ပင်လယ်လေးသွယ်အသင်းသို့ ဝင်ရောက်ခဲ့ပါက အဖွဲ့ဝင်များစွာထံမှ တာဝန်ပေးချက်သတင်းများ၊ ကျင့်ကြံခြင်းဆိုင်ရာ အမြင်သစ်များနှင့် ကောင်းကင်နှင့် မြေကမ္ဘာမှ ဆင်းသက်လာသော ရတနာများ တည်ရှိရာနေရာများကို အခမဲ့ ရရှိနိုင်သည်။
ထို့အပြင် ဂိုဏ်း၏ အကျိုးပြုမှတ်ဖြင့်သာ လဲလှယ်နိုင်သော ရှားပါးအရင်းအမြစ်အချို့ကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ အထူးသဖြင့် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်ရှိ တပည့်များအတွက် ပိုအကျိုးရှိသည်။
ထိုအဆင့်ရှိသူများသည် ဂိုဏ်းပြင်ပသို့ ထွက်ခွာခွင့်မရှိသလို တာဝန်များကိုလည်း လက်ခံဆောင်ရွက်ပိုင်ခွင့် မရှိကြသေးပေ။ သူတို့သည် အများအားဖြင့် သုံးလတစ်ကြိမ် အရည်အချင်းစစ်ဆေးမှုမှ ရရှိသော ဆုလာဘ်များဖြင့်သာ အကျိုးပြုမှတ်များကို စုဆောင်းရလေ့ရှိသည်။ အကယ်၍ ဤအင်အားကြီးအဖွဲ့အစည်းနှစ်ခုထဲမှ တစ်ခုခုသို့ ဝင်ရောက်နိုင်ပါက သူတို့သည် ရတနာများကို ငွေဖြင့် ဝယ်ယူနိုင်ခြင်း သို့မဟုတ် အချင်းချင်း အရင်းအမြစ်များ ဖလှယ်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။
ရုံရွှယ်ကျန့်၏ ရှင်းပြချက်ကို ကြားရသောအခါ လုံယီ၏ မျက်လုံးများ ဝင်းလက်သွားသည်။
သူသည် ရတနာများစွာကို ရှာဖွေရန် နည်းလမ်းတစ်ခု လိုအပ်နေခြင်းပင်။ ဥပမာအားဖြင့် သူ၏ အရေပြားသန့်စင်ခြင်းအတတ်ကို အဆင့်မြှင့်တင်ရန် မျှော့ကော်လိုအပ်သလို ထူးကဲယင်
ကျင့်စဉ်နှင့် အခြားသော ပါရမီရပ်များအတွက် ရေခဲဝိညာဉ်နှင့် နတ်သိကြားပိုးချည်ကဲ့သို့သော ရတနာများစွာ လိုအပ်သည်။
အကယ်၍ သူသည် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိမှ တာဝန်များထမ်းဆောင်ပြီး အကျိုးပြုမှတ်များ စုဆောင်းမည်ဆိုလျှင် အချိန်အတော် နောက်ကျသွားပေလိမ့်မည်။
“ပင်လယ်လေးသွယ်အသင်းကို ဝင်ဖို့အတွက် ဘာတွေ လိုအပ်လဲ”
လုံယီက မေးလိုက်သည်။
မြူပြာမဟာမိတ်မှာ ဂိုဏ်းအတွင်းရှိ မိသားစုမျိုးနွယ်စုများကသာ ထိန်းချုပ်ထားသဖြင့် လုံယီအတွက် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သတ်မှတ်ချက် အနည်းငယ် လျှော့ပေါ့ထားသော ပင်လယ်လေးသွယ်အသင်းကိုသာ သူ ရွေးချယ်ရပေတော့မည်။
“အဖွဲ့ဝင်တစ်ယောက်ရဲ့ မိတ်ဆက်ပေးမှု လိုအပ်သလို တခြားသူတွေ အသိအမှတ်ပြုလောက်တဲ့ ပါရမီတစ်ခုခုလည်း ရှိရမယ်”
“ကျွန်တော်က ပင်လယ်လေးသွယ်အသင်းက ဘယ်သူ့ကိုမှ မသိဘူးဗျ”
လုံယီက ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင်... ကျွန်တော်ကိုယ်တိုင်က အဲ့ဒီအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ”
ရုံရွှယ်ကျန့်က အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။
“ဒါဆို သတင်းကောင်းပဲပေါ့ ညီအစ်ကိုရုံ... ကျွန်တော့်ကို အဖွဲ့ထဲဝင်ဖို့ ထောက်ခံပေးလို့ ရမလားဗျာ”
လုံယီက မျက်နှာပြောင်တိုက်ကာ မေးမြန်းလိုက်သည်။ သူသည် အစောပိုင်းက ရုံရွှယ်ကျန့်၏ မေးခွန်းများကို မည်သို့ ရှောင်လွှဲခဲ့သည်ကို လုံးဝ မေ့လျော့သွားပုံပင်။
“အဲ့ဒါကတော့ သိပ်မခက်ပါဘူး”
ရုံရွှယ်ကျန့်၏ မျက်နှာတွင် တွေဝေသွားသော အရိပ်အယောင်တစ်ခု ပေါ်လာပြီးမှ “ဒါပေမဲ့ ညီအစ်ကိုလုံရဲ့ ထူးခြားတဲ့ ကျွမ်းကျင်မှုက ဘာလဲဗျ ဒီကိစ္စတွေကို တာဝန်ယူရတဲ့သူကို ကျွန်တော်က သေချာ မိတ်ဆက်ပေးရမှာမို့လို့ပါ”
“ဒါဆို ညီအစ်ကိုရုံရဲ့ ကျွမ်းကျင်မှုကရော ဘာလဲ”
“အသင်းရဲ့ ခန်းမမှူးကတော့ ကျွန်တော့်မှာ အာရုံသိမြင်မှုအသင့်အတင့် ရှိတယ်လို့ ပြောဖူးတယ်ဗျ”
“ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုက တိုက်ခိုက်ခြင်းပဲ”
လုံယီက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော့်ရဲ့ မသေမျိုးကျင့်ကြံခြင်းက ချီသန့်စင်ခြင်း ပထမအဆင့်ကို မရောက်သေးပေမဲ့ကျွန်တော့်ရဲ့ ကိုယ်ခံပညာကျင့်စဉ်ကတော့ အတော်လေး နက်ရှိုင်းပါတယ်။ အလယ်အလတ်
အဆင့် ကျင့်ကြံသူတွေမှ ပြုပြင်နိုင်တဲ့ သံအလောင်းတွေကိုတောင် ကျွန်တော် ရင်ဆိုင်နိုင်တယ်ဗျ”
လုံယီက ပြောလိုက်သော်လည်း ရုံရွှယ်ကျန့်ကတော့ စိတ်ထဲတွင် သိပ်မသေချာလှပေ။ ထိုစကားမှာ အားကိုးထိုက်သည့်ပုံစံမျိုး ပေါက်မနေဘူးဟု သူ ခံစားလိုက်ရသည်။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာ အင်အားကြီးသော မသေမျိုးဂိုဏ်းတစ်ခု ဖြစ်သဖြင့် ကိုယ်ခံပညာ မည်မျှပင် ကောင်းပါစေဦးတော့ တစ်ဖက်လူက တန်ဖိုးထားလိမ့်မည် မဟုတ်ပေ။ ၎င်းကို လမ်းမှားသို့ ရောက်နေသည်ဟုပင် အထင်သေးခံရနိုင်သည်။
သို့သော် လုံယီ၏ ရိုးသားလှသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူသည် ငြင်းပယ်ရန် စိတ်မသန်တော့ဘဲ နောက်ဆုံးတွင် သဘောတူလိုက်တော့သည်။
“ကောင်းပါပြီ... ကျွန်တော် အဲ့ဒီလူနဲ့ တွေ့တဲ့အခါ ညီအစ်ကိုလုံရဲ့ အခြေအနေကို ပြောပြပေးပါ့မယ်”
“တကယ့်ကို ကျေးဇူးတင်ပါတယ် ညီအစ်ကိုရုံ”
လုံယီက ပြုံး၍ ပြောလိုက်သည်။
သူတို့ စကားပြောပြီးနောက် အသီးသီး သူတို့၏ လိုဏ်ဂူများသို့ ပြန်ခဲ့ကြသည်။ လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်ရှုပြီး နောက်ထပ် အဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို အရေးကြီးသည့်အလိုက် စီစဉ်နေတော့သည်။
အဝါရောင်အစွန်းရောက် အသက်ရှူကျင့်စဉ်မှာ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လက်ရှိတွင် အရေပြားသန့်စင်ခြင်းအတတ်နှင့် ထူးကဲယင်ကျင့်စဉ်တို့သာ တိုးတက်ရန် လိုအပ်တော့သည်။
ထူးကဲယင်ကျင့်စဉ်တိုးတက်ရန် လိုအပ်သည့် နဂါးကတိုးကို ပထမဦးစားပေးအဖြစ် သတ်မှတ်လိုက်သည်။ အရေပြားသန့်စင်ခြင်းအတတ်အတွက် လိုအပ်သည့် မျှော့ကော်ကိုမူ ဒုတိယဦးစားပေးအဖြစ် ထားရှိလိုက်သည်။
ပါရမီရပ်များအတွက်မူ လက်ရှိတွင် ရုတ်တရက် ဖြစ်ပေါ်လာတတ်သော သဘောရှိသဖြင့် ဦးစားပေးအဆင့် သတ်မှတ်ရန် ခဲယဉ်းလှသည်။ ရရှိနိုင်သော မည်သည့်ရတနာကိုမဆို အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုသွားမည်သာ။
“ငါ့အနေနဲ့ ပင်လယ်လေးသွယ်အသင်းကို အမြန်ဆုံးဝင်ပြီး လိုအပ်တဲ့ ရတနာတွေကို ရှာဖွေနိုင်ဖို့ နည်းလမ်းတစ်ခု လိုတယ်” ဟု လုံယီ တွေးလိုက်မိသည်။